အခန်း (၃၅၄) ကြိုးကိုင်သူ၊ ရွေးချယ်မှုနှစ်ခု
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ သွားသင့်လား၊ ဖိတ်ခေါ်ပညာရပ်ကို တက်မြောက်တာက ငါ့တပည့်တွေနဲ့ ဝူတောက်ကျန့်ပဲ’
ဟန်ကျွယ်ဟာ အတန်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အနက်ရောင်ဝဲကတော့ဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဝဲကတော့ထဲကို ကမ္ဘာဖျက်ကြာနက်ပေါ်မှာ ထိုင်လျက်သားနဲ့ ဝင်လိုက်ပါတယ်။ ကမ္ဘာဖျက်ကြာနက်သာ မပါဘူးဆိုရင် ဟန်ကျွယ်ဟာ သူလုံခြုံရေးကို စိုးရိမ်ပူပန်နေရမှာပါ။
ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကို ရောက်နေပေမဲ့လည်း သတိကြီးကြီး ထားတုန်းပါပဲ။
မှောင်မိုက်တဲ့ကမ္ဘာတစ်ခုမှာ အသွေး အသား အရိုးတွေ မြေကြီးပေါ် ပြန့်ကျဲနေပါတယ်။ ဒီနေရာမှာ ဖန်းလျန်၊ ဂျိရှင်းရှန်နဲ့ ဟန်မင်တို့ အတူရှိနေကြပါတယ်။ သူတို့သုံးဦးဟာ ရွှေရောင်အစီအရင်တစ်ခုမှာ ပိတ်မိနေတာ ဖြစ်ပြီး အစီအရင် အပြင်ဘက်မှာတော့ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေ ရှိနေကြပါတယ်။
မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေဟာ ရွှေရောင်အစီအရင်ကို ချိုးဖျက်ဖို့အတွက် ထပ်ခါထပ်ခါ တိုက်ခိုက်နေကြပါတယ်။ ကြောက်မက်ဖွယ် ဟိန်းဟောက်သံ ကြုံးဝါးသံ အမျိုးမျိုးဟာ မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားတာကြောင့် နားကန်းလုနီးနီးပါပဲ။
ဂျိရှင်းရှန်က အံကြိတ်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “ကောင်စုတ်လေး… မင်းတကယ်ပဲ မင်းရဲ့ ဆရာဘိုးဘိုးကို ဆင့်ခေါ်နိုင်တာလား၊ မခေါ်နိုင်ဘူးဆိုရင် ငါ တားမြစ်ပညာရပ်ကို သုံးလိုက်မယ်”
ဖန်းလျန်က အံကြိတ်ပြီး ပြန်ပြောပါတယ် “ခင်ဗျား တားမြစ်ပညာရပ်ကို ထပ်သုံးရဲ့ ခင်ဗျားဝိညာဉ်မှာ ကြီးကြီးမားမား ဒဏ်ရာရသွားလိမ့်မယ်၊ ဒီလိုဆိုရင် ခင်ဗျား ဧကရာဇ်အဆင့်ကို ဒီတစ်သက် ရောက်နိုင်တော့မှာ မဟုတ်ဘူး၊ နောက်ပြီး ခင်ဗျား တားမြစ်ပညာရပ်ကို သုံးရင်တောင် ဒီလောက်များတဲ့ နတ်ဆိုးတွေ လက်ကနေ လွတ်နိုင်မှာလား” ဖန်းလျန်ဟာ ပြောပြောဆိုဆို ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်။
သူတို့နှစ်ယောက်နောက်မှာ ရပ်နေတဲ့ ဟန်မင်လည်း မျက်နှာပျက်သွားပါတယ်။
ဒီအချိန်မှာပဲ…။
သူတို့ရဲ့ခေါင်းထက်မှာ အနက်ရောင် ဝဲကတော့တစ်ခု ပေါ်လာပြီး ချက်ချင်းဆိုသလို ခရမ်းရောင်အလင်းတန်းတစ်ခု ဆင်းသက်လာတာကို တွေ့လိုက်ရတာကြောင့် ဖန်းလျန်တို့သုံးဦးလည်း ကျေနပ်အံအားသင့်သွားပါတယ်။
‘တကယ် ရောက်လာတာပဲ’
ခရမ်းရောင် အလင်းတန်းထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်ဟာ ကြာပလ္လင်ပေါ် ထိုင်နေပြီး ဘယ်သူမှ သူ့မျက်နှာရော ကြာပလ္လင်ကိုရော ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါဘူး။
ဂျိရှင်းရှန်က အော်ပြောလိုက်ပါတယ် “အစ်ကိုကွမ်းယွီ… နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ”
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ အော်သံကြောင့် မှင်သက်သွားပါတယ်။ ဟန်ကျွယ်ဟာ ကွမ်းယွီဆိုတဲ့ နာမည်ကို မသုံးတာကြာတဲ့အတွက် မေ့တေ့တေ့တောင် ဖြစ်နေပါပြီ။ အဲဒီနောက် ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်မှာရှိတဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူကို စစ်ဆေးလိုက်တဲ့အခါ ဧကရာဇ်အဆင့်ပဲ ရှိတာကို တွေ့လိုက်ရပါတယ်။
ဧကရာဇ်အဆင့်ပဲ ရှိတာကြောင့် ဟန်ကျွယ်ဟာ နာမည်တောင် ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဒီလူက မိစ္ဆာမျိုးနွယ်စုက လာတာပါ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘာဖြစ်ကြတာလဲ”
ဖန်းလျန်က မျက်နှာပူပူနဲ့ ပြောလိုက်ပါတယ် “ဒီနေရာက နတ်ဆိုး အသူရာချောက်ပဲ၊ နတ်ဆိုးရုံးတော်က လိုက်ဖမ်းလို့ ကျွန်တော်တို့တွေ ဒီနေရာကို မတော်တဆ ဝင်မိသွားတာ၊ တောင်းပန်ပါတယ်… ဆရာဘိုးဘိုးဘိုး၊ ကျွန်တော် ဆရာဘိုးဘိုးကို ပြဿနာ မပေးချင်ပါဘူး၊ ဒါပေမဲ့ ဆရာဘိုးဘိုးရဲ့ ဆွေမျိုးရှိနေတော့…”
ဟန်ကျွယ်ဟာ ဟန်မင်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်မင်ရဲ့ သွေးစည်းရောင်ဝါက သူနဲ့ ရင်းနှီးတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စကို သိပ်ပြီးတော့ စိတ်မဝင်စားပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးမှေးလိုက်ပါတယ်။ ရွှေရောင်အစီအရင်ရဲ့ အပြင်ဘက်မှာရှိနေတဲ့ နတ်ဆိုးအကုန်လုံးဟာ မီးခိုးငွေ့လို့ လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။ ဂျိရှင်းရှန်၊ ဖန်းလျန်နဲ့ ဟန်မင်တို့ဟာ ဒါကိုကြည့်ပြီး ကြက်သေသေသွားကြပါတယ်။
ဟန်မင်က တအံတဩ မေးလိုက်ပါတယ် “သူတို့တွေ နောက်ဆုတ်သွားကြတာလား”
ဖန်းလျန်က ဟန်ကျွယ်ကို လှည့်ကြည့်ပြီး ပြောလိုက်ပါတယ် “မဟုတ်ဘူး… ဆရာဘိုးဘိုးရဲ့ နတ်အာရုံကြောင့် သေကုန်တာ”
ဟန်ကျွယ်က အဓိပ္ပာယ်ရှိရှိ ပြောလိုက်ပါတယ် “မင်းက တော်တော်လေး ဗဟုသုတ ကြွယ်လာတာပဲ၊ ကြည့်ရတာ မင်း အခွင့်အရေးတွေ တော်တော်လေး ရထားပုံပဲ”
ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ဝိညာဉ်က လောကဦးကမ္ဘာဆီ ခရီးနှင်ခဲ့တာကို မမေ့ပါဘူး။ ဖန်းလျန်ရဲ့ဝိညာဉ်က လောကဦးကမ္ဘာမှာ ဘယ်လောက်ကြာအောင် နေခဲ့လဲဆိုတာ ဖန်းလျန်ကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။
ဂျိရှင်းရှန်လည်း အံဩတကြီး ဖြစ်သွားပါတယ် “သူတို့တွေ အကုန်လုံး သေသွားပြီလား၊ ဒါဆို…”
“ဒီနေရာကနေ မြန်မြန် ထွက်သွားကြတော့” ဟန်ကျွယ်ဟာ စိတ်မရှည်နိုင်တော့ဘဲ ဖြတ်ပြောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အနက်ရောင်ဝဲကတော့ဆီ ပြန်သွားဖို့ ပြင်လိုက်ပါတယ်။
“ခဏ… ကျွန်တော်…” ဟန်မင်ဟာ ရုတ်တရက် ရှေ့ကို တက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လေထဲမှာရပ်ပြီး ပြောလိုက်ပါတယ် “ဟုတ်သားပဲ… ငါ မင်းကို မေ့တော့မလို့”
ဟန်ကျွယ် ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ ဟန်မင်ရဲ့ ခန္ဓာကိုယ် သွေးမြူမှုန်ဖြစ်ပြီး မြေကြီးပေါ် ပြန့်ကျဲသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဝိညာဉ်နှစ်ခုက ဟန်ကျွယ်လက်ထဲ ရောက်သွားပါတယ်။
ဖန်းလျန်နဲ့ ဂျိရှင်းရှန်ဟာ ငတုံးတွေ မဟုတ်တဲ့အတွက် ချက်ချင်းပဲ နားလည်လိုက်ပါတယ်။
“ဒီကောင်မှာ ဘယ်လိုလုပ်ပြီး ဝိညာဉ်နှစ်ခု ရှိနေတာလဲ” ဂျိရှင်းရှန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဖန်းလျန်ဟာ ရုတ်တရက် သဘောပေါက်သွားပါတယ် “ကြည့်ရတာ သူက ဆရာဘိုးဘိုးရဲ့ ညီမဟုတ်ဘူး ထင်တယ်”
ဟန်ကျွယ်ဟာ ဝိညာဉ်နှစ်ခုကိုယူပြီး ထွက်ခွာသွားပါတယ် “မှတ်ထားချည်… အခုမှတွေ့တဲ့လူကို ဘယ်တော့မှ မယုံနဲ့”
အဲဒီနောက် ဟန်ကျွယ်ဟာ အနက်ရောင်ဝဲကတော့ကနေ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ အနက်ရောင်ဝဲကတော့ ပျောက်ကွယ်သွားတဲ့အခါ ဖန်းလျန်နဲ့ ဂျိရှင်းရှန်ဟာ နတ်ဆိုး အသူရာချောက်ကနေ ချက်ချင်း ထွက်ခွာတဲ့အတွက် မျက်စိတစ်မှိတ်အတွင်း မိုးကုပ်စက်ဝိုင်းအောက်မှာ ပျောက်ကွယ်သွားပါတယ်။
ထွက်ပြေးရင်းနဲ့ ဂျိရှင်းရှန်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “မင်းဆရာဘိုးဘိုးက အခု ဘယ်အဆင့်ကို ရောက်ပြီလဲ”
ဖန်းလျန်က နားလည်ရခက်တဲ့မျက်နှာနဲ့ ပြန်ဖြေပါတယ် “အနည်းဆုံး နတ်မင်းအဆင့်ပဲ၊ ဆရာဘိုးဘိုးက အင်မော်တယ်ဧကရာဇ်ထက် စွမ်းအားပိုကြီးနေပြီ”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… သူနဲ့ငါက သေမျိုးကမ္ဘာတစ်ခုတည်းက လာတာ၊ နောက်ပြီး သူက တစ်ခါမှ ဘုံပျံတက်တာ မဟုတ်ဘူး”
“ဆရာဘိုးဘိုးမှာ ကျွန်တော်တို့တွေ မသိတဲ့သရုပ်မှန်တစ်ခု ရှိနေတာ ဖြစ်လိမ့်မယ်”
“အို… ဘယ်လို သရုပ်မှန်မျိုးလဲ”
“မသိပါဘူးလို့ ပြောပြီးပြီလေ၊ ခင်ဗျားက ငတုံးလား”
“ကောင်စုတ်လေး… မင်းက ပိုပိုပြီး ရိုင်းလာပါလား၊ မင်းမေ့သွားပြီလား၊ အတိတ်မှာတုန်းက ငါမင်းကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာနော်”
“အခြေအနေတွေ မတူတော့ဘူးလေ၊ အခုအချိန်မှာ ခင်ဗျားက ကျွန်တော့်ကို နိုင်ချင်မှတောင် နိုင်တော့မှာ”
“ရယ်စရာပဲ… ရှောင်တိမ်းတာကလွဲရင် မင်း ဘာလုပ်တက်သေးလို့လဲ”
…..
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ထွက်ခိုင်းပြီး ညာလက်ဖြန့်ကာ ဝိညာဉ်နှစ်ခုကို ထုတ်ယူလိုက်ပါတယ်။ တစ်ခုက ဟန်မင်ဖြစ်ပြီး ကျန်တစ်ခုကတော့ ဘယ်သူမှန်း မသိသေးပါဘူး။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး မသိတဲ့ဝိညာဉ်ရဲ့ သရုပ်မှန်ကို စစ်ဆေးလိုက်ပါတယ်။
[ကျိုးကန်စီ: ဆဋ္ဌမအဆင့် အင်မော်တယ်ဧကရာဇ်။ ရှန်တျန်လူသားမျိုးနွယ်စု။]
ဟန်ကျွယ်ဟာ ကျိုးကန်စီကိုကြည့်ပြီး မေးလိုက်ပါတယ် “မင်း ဘာလို့ သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းချင်ရတာလဲ”
ကျိုးကန်စီဟာ ကြောက်လန့်ပြီး တုန်ယင်စွာ ပြောလိုက်ပါတယ် “ကျွန်တော် ဒဏ်ရာရထားလို့ သူ့ခန္ဓာကိုယ်မှာ ခဏနေတာပါ၊ ဒုက္ခပေးလိုစိတ် လုံးဝမရှိပါဘူး…”
ဟန်မင်ဟာ စိတ်ရှုပ်ထွေးတဲ့ မျက်နှာနဲ့ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် ဟန်မင်ဟာ နည်းနည်းတော့ စိတ်လှုပ်ရှားနေပါတယ်။
ဟန်မင်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ် လက်အောက်မှာ ရှိတုန်းက ဟန်ကျွယ်ကို လုံးဝ မလေးစားခဲ့ပါဘူး။ ဒါပေမဲ့ အပြင်ထွက် လေ့ကျင့်တဲ့အခါ လောကကြီးရဲ့ အန္တရာယ်ကို ရင်ဆိုင်ရပြီး ဟန်ကျွယ်ရဲ့ ကယ်တင်မှုကို ခံရတဲ့အခါမှာတော့ ဟန်ကျွယ်ကို လေးစားစိတ်တွေ တဖွားဖွား ပေါ်လာပါတယ်။
ဒီထက်ပိုပြီး အရေးကြီးတာက ကျိုးကန်စီ ရုပ်ဖျက်ထားတာကို ဟန်ကျွယ်က တန်းမြင်နိုင်တာပါ။
[ဟန်မင်သည် သင့်အား မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟာ အသိပေးချက်ကို ဂရုမစိုက်ဘဲ ကျိုးကန်စီကိုပဲ စိုက်ကြည့်ပါတယ် “မင်းပြောတာကို ငါ ယုံမယ် ထင်နေလား၊ မင်း ဝန်ခံလာအောင်လုပ်ဖို့ ငါ့မှာနည်းလမ်းတွေ အများကြီး ရှိတယ်” ပြောပြောဆိုဆို ဟန်ကျွယ်ဟာ ကျိုးကန်စီရဲ့ဝိညာဉ်ကို ကမ္ဘာဖျက်ကြာနက်ထဲ ပစ်ထည့်လိုက်ပါတယ်။
“အား… ပြောမယ်၊ ကျွန်တော် ပြောပါ့မယ်၊ ကျွန်တော်က လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ တပည့်ပဲ”
ကျိုးကန်စီဟာ လောကမှာ အရက်စက်ဆုံး ကြောက်မက်ဖွယ် အကောင်းဆုံး နှိပ်စက်မှုကို ရင်ဆိုင်ရသလိုမျိုး ကြောက်လန့်တကြား အော်ဟစ်လိုက်ပါတယ်။
ဒီတော့မှာ ဟန်ကျွယ်ဟာ ကျိုးကန်စီကို ကမ္ဘာဖျက်ကြာနက်ထဲကနေ ပြန်ထုတ်လိုက်ပါတယ်။
ဟန်မင်ဟာ ကမ္ဘာဖျက်ကြာနက်ကို စိတ်ဝင်တစား စိုက်ကြည့်လိုက်ပါတယ် ‘ဒီထဲမှာ ဘာရှိနေတာလဲ’
တုန်ယင်နေတဲ့ ကျိုးကန်စီရဲ့ ဝိညာဉ်ဟာ အော်ပြောလိုက်ပါတယ် “လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ခင်ဗျားရဲ့ ညီလေးကို အသုံးပြုပြီး ခင်ဗျားကို ရှာချင်တာ၊ အဲဒါကြောင့် ကျွန်တော်က ဟန်မင်ခန္ဓာကိုယ်ထဲမှာနေပြီး ခင်ဗျားကို ချဉ်းကပ်ဖို့ ကြိုးစားရတာ၊ ကျွန်တော်ကို လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က အတင်းအကြပ် ဖိအားပေးလို့ ဒီလိုလုပ်ရတာပါ”
[ကျိုးကန်စီသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]
ဟန်ကျွယ်ဟာ မျက်စိမှေးလိုက်တဲ့အခါ ကျိုးကန်စီရဲ့ ဝိညာဉ်လည်း လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဆက်မေးဖို့ စိတ်မဝင်စားတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ကွယ်ကလူကို သိသွားပြီမို့လို့ပါ။ ဟန်ကျွယ်ဟာ ဟန်မင်ကို ကြည့်လိုက်ပါတယ်။
ဟန်မင်ဟာ ခေါင်းငုံ့ထားပြီး ဟန်ကျွယ်ကို မကြည့်ရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ စွမ်းအားက သူထင်ထားတာထက် အများကြီးပိုနေလို့ပါပဲ။
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ ဟန်မင်ကို ဘယ်လိုလုပ်သင့်လဲ… သတ်လိုက်ရင် ကောင်းမလား’
‘ဒါပေမဲ့ သူက ငါ့ကို ဒုက္ခပေးလိုစိတ်လည်း မရှိဘူး၊ နောက်ပြီး ဒီဘဝမှာ သွေးချင်းလည်း ဆက်စပ်နေတာဆိုတော့ သူ့ကို သတ်လိုက်ရင် လူမဆန်လွန်းရာ ကျလိမ့်မယ်’
ဟန်ကျွယ်က တည်ငြိမ်တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ငါတို့နှစ်ယောက်က အရမ်းကြီး ရင်းနှီးတာလည်း မဟုတ်ဘူး၊ ဆွေမျိုးသားချင်း ဆိုရအောင်လည်း အခုမှတွေ့ကြတာ၊ ငါက ငယ်ငယ်ကတည်းက စွန့်ပစ်ခံခဲ့ရတာ၊ ဒီထက်ပိုပြောရရင် မင်းအခုထိ အသက်ရှင်နေသေးတာ ငါ့ကြောင့်ပဲ၊ မဟုတ်ရင် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က မင်းကို ဒီအချိန်ထိ ကျွေးမွေးထားမှာ မဟုတ်ဘူး”
“ငါ မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်၊ ပထမက တစ်ခါတည်း ပြန်မွေးဖွားဖို့ပဲ၊ မဟုတ်ရင် မင်းနဲ့ငါရဲ့ ဆက်ဆံရေးက မင်းကို ပိုပြီးတော့ ပြဿနာတက်စေလိမ့်မယ်၊ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က မင်းကို ထပ်ပြီးတော့ ပစ်မှတ်ထားမှာပဲ၊ မင်း မိသားစုကောင်းမှာ ပြန်မွေးဖွားစေရမယ်လို့ ငါ အာမခံတယ်”
“ဒုတိယက ဒီကျွန်းမှာ ကျင့်ကြံအားထုတ်ဖို့ပဲ၊ ဒါပေမဲ့ မင်း ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ထုတ်မပြောရဘူး၊ ကပ်ဘေးပြီးသွားရင် မင်း ထွက်သွားလို့ရတယ်၊ အဲဒီအချိန်ကစပြီး ငါတို့ဆက်ဆံရေးက ပြီးဆုံးသွားပြီ၊ မင်းငါ့ကို ခြိမ်းခြောက်ရင်တော့ ငါက မင်းကို သတ်ပစ်မှာ”
ဒီစကားကို ကြားလိုက်ရတဲ့ ဟန်မင်ဟာ ရုတ်တရက် ခေါင်းမော့ပြီး အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ဒါဆို ငါ ပြန်မွေးဖွားမယ်၊ မင်းနားမှာ ဖော်လန်ဖားလုပ်ပြီး မနေချင်ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 354
? Views, Released on December 5, 2024