Chapter – 46
“ညာလက်ရုံးချူးအာ”
မူဇီဟိ၏ စိတ်ထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နေလေသည်။ သူတစ်ခုခု ပြောချင်နေသော်လည်း ဘာမှ မပြောနိုင်တော့ချေ။ မည်သည့် စကားတစ်ခွန်းမျှ မဟနိုင်တော့ပဲ တွေတွေကြီးသာ ငေးနေလျက် ရှိသည်။
မျက်စိတမှိတ်အတွင်းမှာပင် သူ့ရင်ထဲမှ ဒေါသမီးများသည် ချက်ချင်းဆိုသလို ငြိမ်းပျောက်သွားပြီး ထိတ်လန့်မှုများသာ ကြီးစိုးကုန်တာ ဖြစ်ပါတယ်။
သူ့ကိုယ်တွင် ချွေးများ စိုရွှဲလျက်ရှိနေပြီး အ၀တ်အစားများမှာပင် အကွက်အကွက်များ ဖြစ်နေလျက် ရှိသည်။ ထိုကဲ့သို့ ချွေးများစွာ မည်ကဲ့သို့ ထွက်လာသလဲ ဆိုတာကို သူ့ကိုယ်သူပင် သတိမထားမိခဲ့ပါချေ။
ထိုအချိန် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိလေသည်။ မုန်တိုင်းအိမ်တော်မှ မူမျိုးနွယ်ကို ဆန့်ကျင်လိုက်မည် ဆိုပါက မည်ကဲ့သို့ ဖြစ်သွားမည်နည်း ဆိုတာကိုပါပဲ။
တကယ်တော့ ထိုကဲ့သို့ လုပ်ရန် မုန်တိုင်းအိမ်တော်ပင် မလိုလောက်ချေ။ မူမျိုးနွယ်အား ဖျက်ဆီး ချင်သည့် ဆန္ဒကိုသာ ထုတ်ဖော် ပြောဆိုလိုက်မည် ဆိုပါက သူတို့ကို ကူညီမည့် လူများစွာ ရှိနေမှာ အသေအချာပါပင်။ မျိုးနွယ်စုကြီး ၈ စုသည် မော်တယ်ကမ္ဘာ၏ အဓိက အင်အားစုကြီးများ ဖြစ်သော်လည်း သိုင်းလောကအတွက်မူ စာဖွဲ့လောက်သည့် အနေအထား မဟုတ်ချေ။ ထို့ကြောင့် အလွယ်တကူ ဖျက်ဆီးနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။
မူဇီဟိ၏ သားဖြစ်သူမှ ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး –
“မိန်းကလေး ချူးအာ . . . ကျေးဇူးပြုပြီးတော့ . . .”
ချူးအာမှ ခနဲ့တဲ့တဲ့ လေသံဖြင့် –
“ကျွန်မကို ချူးအာလို့ ခေါ်ရမယ်လို့ ရှင့်ကို ဘယ်သူက ခွင့်ပြုထားလို့လဲ . . .”
သူမ၏ အနောက်မှ အမည်းရောင်ဝတ် လူနှစ်ဦးမှာလည်း သူတို့၏ လက်များအား ဓားရိုးအပေါ်တွင် တင်ထားပြီးဖြစ်သည်။ သူတို့၏ မျက်လုံးများတွင် သတ်ချင်ဖြတ်ချင်သော အငွေ့အသက်များ ဖုံးလွှမ်းလျက် ရှိလေသည်။ သူတို့အနေဖြင့် ချူးအာအမိန့်ပေးလိုက်သည်နှင့် ချက်ချင်းပင် ပြေးကာ မူမျိုးနွယ်ဝင် ၂ ယောက်အား ခုတ်ပိုင်းဖြတ်မည်မှာ အသေအချာပါပင်။
မူဇီဟိ၏ သားလည်း တုန်လှုပ်သော မျက်နှာထားဖြင့် –
“ဟုတ်ပါတယ်။ ငါနားလည်ပါတယ် . . . ငါမင်းရဲ့ နာမည်ကို ထုတ်မခေါ်သင့်ဘူး။ ဒါပေမဲ့ ဒီရက်တွေထဲမှာ ငါ့ရဲ့အဖေက အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။ ငါ့အဖေလည်း ပင်ပန်းနေပါပြီ။ အဲဒါကြောင့် သူနည်းနည်း စိတ်အလိုမကျသလို ဖြစ်သွားခဲ့တာပါ။ အဲလိုအချိန်မှာ ဒေါသကို မထိန်းနိုင်ဘဲ . . .”
ချူးအာမှ ခနဲ့တဲ့တဲ့ လေသံဖြင့်ပင် –
“ဟမ့် . . . အခုတော့ မူမျိုးနွယ်က အားမတန် မာန်လျော့သွားပြီပေါ့လေ . . .”
ထို့နောက် သူမလည်း ဘာမှ ဆက်မပြောတော့ဘဲ ပြန်၍ ထိုင်လိုက်ပါတော့သည်။
မူမျိုးနွယ်မှ သားအဖနှစ်ယောက်မှာမူ မတ်တတ်ရပ်လျက်ပင် ရှိနေပါသေးသည်။ လုံးဝကို တွေဝေ နေပြီး စိတ်ဓာတ်ကျနေကြပုံပါပဲ။ သူတို့နှစ်ယောက်သည် ခေါင်းထဲ မှောင်မိုက်နေသလို ခံစားနေကြရတာ ဖြစ်ပြီး တကိုယ်လုံး တုန်နေလျက် ရှိကြလေသည်။ အချိန်မရွေး ပေါက်ကွဲထွက်သွားတော့မည့် အနေအထားကဲ့သို့ပါပင်။
အမည်းရောင်ဝတ် လူတစ်ဦးမှ မူဇီဟိထံသို့ ခပ်စူးစူး စိုက်ကြည့်၍ –
“ကျုပ်တို့ကတော့ မိန်းကလေး အမိန့်ပေးတာနဲ့ ခုတ်ပြီးသားပဲ . . .”
ထို့နောက် မိန်းကလေး၏ အနောက်သို့ ပြန်သွားရပ် မတ်တတ်ရပ်နေကြပါတော့သည်။
ယခုလေလံပွဲ၏ ဆေးလုံးအများစုအား ချူးအာမှသာ အနိုင်ရရှိမည်ဟု လူတိုင်းခန့်မှန်းမိလိုက်ကြ သည်။
ယခုအခါ ဆေးလုံးများ၏ ပိုင်ရှင် မည်သူဖြစ်သလဲ ဆိုတာကို မည်သူမျှ စိတ်ထဲတွင် မရှိကြတော့ ချေ။ ချူးအာမှ သူမ၏ သရုပ်အစစ်အမှန်ကို ပြောဆိုလိုက်ပြီးသည့် အချိန်မှစပြီး မည်သူမျှ သူမနှင့်အပြိုင် လေလံလိုက်ဆွဲရန် စိတ်ကူးမရှိကြတော့ပေ။ လေလံလိုက်ပြိုင်ဆွဲမိမည် ဆိုပါက မုန်တိုင်းအိမ်တော်ကို ရန်စသလိုဖြစ်ပြီး ကိုယ့်သေတွင်း ကိုယ်တူးသလိုပင် ဖြစ်နေမည် မဟုတ်ပါလား။
အားလုံးလည်း မူမျိုးနွယ်ကို သနားသလိုပင် ဖြစ်နေကြလေ၏။ သူတို့အားလုံး၏ စိတ်ထဲတွင် –
(သူတို့ကတော့ တကယ်ကို ကံဆိုးတာပဲ။ လေလံပွဲအတွက် ဘယ်လိုလူမျိုးတွေကိုများ မူမျိုးနွယ်က လွှတ်လိုက်လဲ မသိပါဘူး။ ကောင်လေးကလည်း လူရှေ့မှာ ခဏခဏ ချော်လဲပြီး အရှက်ခွဲခဲ့တယ်။ အဖိုးကြီးကလည်း ပိုတောင်ဆိုးနေသေးတယ်။ ဘာမှ မစွမ်းဆောင်နိုင်ရုံတင်မကဘူး အမြင်လည်း မရှိရှာ ဘူး . . . အစွမ်းထက်ဆုံး အင်အားစုနဲ့တောင် သူတို့မျိုးနွယ်နဲ့ ရန်သူဖြစ်အောင် လုပ်လိုက်သေး . . .
သူတို့မျိုးနွယ်ဆီကိုသာ ပြန်ရောက်လို့ကတော့ ဟိုကအကြီးအကဲကြီးတွေက သေချာပေါက် အပြစ်ပေးလောက်တယ် . . .)
ကွမ်ဝမ်ရှန်မှ ၁၅ သိန်းဟု သုံးကြိမ်ဆက်တိုက် အော်လိုက်ပြီးနောက်မှာတော့ စားပွဲခုံအား တူဖြင့် ထုချလိုက်ပါတော့သည်။
မူဇီဟိ တကိုယ်လုံး အလွန်အမင်းကို တုန်ရီနေလျက်ရှိသည်။
ယခုကဲ့သို့ ၁၅ သိန်းအထိ ရောက်ရှိသွားအောင် သူတွန်းတင်ခဲ့ရတာဖြစ်ပြီး လေလံခန်းမအတွက် လုပ်ကျွေးပေးလိုက်သလိုပင် ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
မူဇီဟိအဖို့ ပြန်ရလိုက်သည်ကတော့ ယခုလို ဈေးတင်ပေးလိုက်သဖြင့် သခင်ကြီးဘိုင်အား ငွေကုန် ကြေးကျ များသွားစေရုံသာမက ညာလက်ရုံး ချူးအာကိုပင် ဆိုးရွားစွာ စော်ကားမိလိုက်သည့် ရလဒ်သာ ရရှိခဲ့လေသည်။
ကွမ်ဝမ်ရှန်အား မူဇီဟိ စိုက်ကြည့်နေမိသည်။ ယခုအခါမှသာ ကွမ်ဝမ်ရှန်မှ သူ့ကို တားရန် ခေါ်လိုက်ခြင်း ဖြစ်သည်ကို သဘောပေါက်သွားခဲ့ပြီး သူကတော့ သူ့အပေါ် စေတနာ ထားခဲ့သည့် လူတစ်ဦးအပေါ် စော်ကား ပြောဆိုမိလိုက်သည် မဟုတ်ပါလား။
ကွမ်ဝမ်ရှန်အား ရီဝေသော မျက်လုံးများဖြင့် ငေးကြည့်ရင်း –
“နောင်ကြီး ကွမ် . . .”
ကွမ်ဝမ်ရှန်မှ လက်များကို ဝေ့ယမ်း ပြလိုက်ရင်း –
“ကျွန်တော်က လေလံခန်းမရဲ့ တာဝန်ရှိ အစေခံတစ်ယောက်ပါဗျာ။ ဘာမှ ပြောရေးဆိုခွင့် မရှိတဲ့ လူပါ။ မူမျိုးနွယ်က လူတစ်ယောက်ဆီကနေ နောင်ကြီးလို့ ခေါ်တာကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မလဲ။ ခင်ဗျားအနေနဲ့ ကျွန်တော့်ကို ဒီလိုခေါ်ဖို့ မထိုက်တန်ပါဘူး . . .”
မူဇီဟိမှ လေးလေးပင်ပင်ဖြင့်ပင် –
“နောင်ကြီးကွမ် . . . ခင်ဗျား အဲဒီလို မပြောပါနဲ့။ အခု ကျုပ်စိတ်လိုက်မာန်ပါ ပြောဆိုခဲ့မိတာအတွက် ခင်ဗျားကို တောင်းပန်ပါတယ်။ နောင်ကြီးကွမ်အတွက် စကားနဲ့ တောင်းပန်ပေး တာကိုတော့ လက်ခံပေးပါ . . .”
မူဇီဟိလည်း ပရိတ်သတ်အားလုံးရှေ့တွင် အရှက်ကွဲခဲ့ရခြင်းအား ယခုလို နှိမ့်ချ တောင်းပန်ခြင်း မျိုးဖြင့် မျက်နှာကောင်း ရရှိရန် ကြိုးစားလိုက်ပါသည်။ သူ့အတွက် ကောက်ရိုးတစ်မျှင်အဖြစ် ဖမ်းဆုပ်နိုင်လို နိုင်ငြားဆိုသည့် ရည်ရွယ်ချက်မျိုးဖြင့်ပါ။ ကွမ်ဝမ်ရှန်မှသာ သူ့ကို နှစ်သိမ့်စကား ပြောဆိုပေးမည် ဆိုပါက သူ့အနေဖြင့် အနည်းငယ် ဖြေသာနိုင်မည် မဟုတ်ပါလား။
မူဇီဟိ ဆက်ပြောရန် ပြင်နေစဉ်မှာပဲ ချူးအာမှ အေးစက်သော လေသံဖြင့် –
“လေလံပွဲက ဘာလို့ ဆက်ပြီး မလုပ်သေးတာလဲ . . . လင်းပါအိုလေလံခန်းမက နောက်ထပ် ဆက်ပြီး ရှိမနေချင်တော့ဘူးထင်တယ် . . .”
ကွမ်ဝမ်ရှန်လည်း မည်သည့်စကားကိုမျှ မပြောဆိုနိုင်တော့ချေ။
သခင်ကြီးဘိုင်၏ ညာလက်ရုံးမှာ စိတ်ဆိုးမာန်ဆိုးဖြင့် ဒေါသထွက်နေသည် မဟုတ်ပါလား။
ယခုလို အခြေအနေတွင် မည်သူမျှ မူဇီဟိကို လက်တွဲမခေါ်ချင်သည်မှာ အထူးအဆန်းတော့ မဟုတ်ပါချေ။ ထိုကဲ့သို့ သနားကြင်နာမှုမျိုးဖြင့် ကူညီလိုက်မည် ဆိုပါက မုန်တိုင်းအိမ်တော်ကိုလည်း စိန်ခေါ်လိုက်သလို ဖြစ်သွားမှာပင် ဖြစ်၏။ ကိုယ့်အကျိုးစီးပွားကိုယ်ပျက်ခံကာ ယခုလို မိုက်ရူးရဲ လုပ်ရပ်မျိုး မည်သူမျှ လုပ်ကြမည် မဟုတ်ပေ။
မူဇီဟိမှ ပရိတ်သတ်အားလုံးအား ထပ်မံ၍ ဝေ့ကြည့်လိုက်သည့် အခါမှာလည်း အားလုံးသည် မျက်နှာလွှဲလျက် ရှိနေသည်ကို တွေ့လိုက်ရ၏။ သူနှင့် မျက်လုံးချင်းစုံအောင်ပင် မကြည့်ကြချေ။
ထိုကဲ့သို့ ကြည့်လိုက်မိပြီး နောက်တွင်တော့ မူဇီဟိတစ်ယောက် အလွန်ပင် စိတ်အားငယ်သွားလေ၏။
တွေတွေကြီး ငေးမောရပ်နေလျက်ရှိပြီး နှစ်ပေါင်းများစွာ အသက်ကြီးရင့် အိုမင်းသွားသလို သူခံစားလိုက်ရသည်။
သူ့သားလည်း သူ့အနားသို့ တိတ်ဆိတ်စွာ လျှောက်လာပြီးနောက် လေသံတိုးတိုးဖြင့် –
“အဖေ . . .”
မူဇီဟိ လက်များကို ဝေ့ယမ်းပြလိုက်ပြီး ၀မ်းနည်းသည့် လေသံဖြင့် –
“ငါ့ကို ဘာမှ ထပ်မပြောပါနဲ့တော့ ထပ်ပြောဖို့ မလိုအပ်တော့ပါဘူး . . .”
လေးတွဲစွာဖြင့် လေလံခန်းမ အပြင်ဘက်သို့ ထွက်ခွာသွားလေ၏။ သူ့ပုံစံမှာ လူသေအလောင်းကြီး ကဲ့သို့ပင် တောင့်တောင့်ကြီး ဖြစ်နေခြင်းပင် ဖြစ်သည်။
သူ့သားမှာလည်း သူ့နောက်မှ တိတ်ဆိတ်စွာပင် လိုက်သွားလေတော့၏။
မည်သူမျှ သူတို့အား တားဆီးခြင်း မရှိချေ။ နှုတ်ဆက်ခြင်းလည်း မရှိကြချေ။ လေလံခန်းမ၏ ၀န်ထမ်းများမှလည်း ထို့အတူပါပင်။
လူတိုင်းအနေဖြင့် သူတို့သာ ချူးအာကို ဆန့်ကျင်မိလိုက်မည် ဆိုပါက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်မည် ဆိုတာကို သိနေကြလေသည်။
လူတိုင်း သားအဖနှစ်ယောက် လေးကန်သော ခြေလှမ်းများဖြင့် လျှောက်သွားကြတာကို ကြည့်ရင်း သက်ပြင်းသာ ချလိုက်ကြပါတော့သည်။
ချူးအာမှာမူ သူတို့၏ နောက်ကျောအား ကြည့်ရင်း လှောင်ပြုံးပြုံးလိုက်လေ၏။ ထို့နောက်မှာတော့ သူတို့အား ဂရုစိုက်နေခြင်းမျိုး မရှိတော့ပါချေ။
အားလုံးနားလည်မိလိုက်သည့် အချက်မှာ ချူးအာမှသာ လူတစ်ဦးကို သေစေချင်မည် ဆိုပါက ထိုလူအနေဖြင့် ကမ္ဘာဆုံးသည်အထိ ပြေးပါစေ သူမအဖို့ ခက်ခဲစေမည် မဟုတ်ဘူး ဆိုတာကိုပင် ဖြစ်သည်။ မူမျိုးနွယ်လို မျိုးနွယ်စုကြီး အနေဖြင့် ထိုကဲ့သို့ ရှောင်တိမ်းပုန်းအောင်းရန်လည်း မဖြစ်နိုင်ပါချေ။
“ပဉ္စမမြောက် ဆေးလုံး . . .”
ကွမ်ဝမ်ရှန်၏ အသံ ထပ်ပေါ်လာသည့် အခါမှာတော့ အားလုံး၏ အာရုံလည်း လေလံခန်းမ အပေါ်သို့သာ ရောက်ရှိသွားလေသည်။
သို့သော်လည်း ကွမ်ဝမ်ရှန် စကားမဆုံးခင်မှာပင် –
“၁၀ သိန်း . . .”
ချူးအာ၏ ရှင်းလင်းပြတ်သားသောအသံ ထွက်ပေါ်လာပါသည်။ သူမ၏ အသံတွင် မည်သို့သော စိတ်ခံစားချက်မျှ မပါဝင်ဘဲ သာမန်လိုသာ ပြောလိုက်ခြင်းဖြစ်ကြောင်း အားလုံး သဘောပေါက်လိုက်ကြ သည်။
အားလုံး တိတ်ဆိတ်လျက် ရှိနေပြီး မည်သူမျှ ဈေးပြိုင်မပေးဝံ့ကြချေ။
ကွမ်ဝမ်ရှန်မှ သက်ပြင်းအသာအယာ ချလိုက်ရင်း –
“၁၀ သန်းဖြင့် ရောင်းလိုက်ပါပြီ . . .”
ပြောပြောဆိုဆိုဖြင့် တူကို ဒုန်းခနဲ ထုချလိုက်သည်။ အရင်လို သုံးကြိမ်ပင် မပြောတော့ပဲ တစ်ခါတည်းဖြင့် ရောင်းချလိုက်ခြင်းဖြစ်၏။
လူတိုင်းလည်း စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချလိုက်ကြသည်။
“၆ လုံးမြောက် ဆေးလုံး . . .”
“၁၀ သိန်း . . .”
ချူးအာ ထပ်မံ၍ အော်လိုက်ပြန်သည်။
လူအုပ်ကြီးမှာလည်း တိတ်ဆိတ်လျက် အသံမထွက်ရဲကြချေ။
ညာလက်ရုံး ချူးအာမှ လိုချင်နေပြီပင် မဟုတ်ပါလား။
(တောက် . . . မင်းစိတ်ဆိုးနေတယ်ဆိုတာကို ငါတို့သိပါတယ်။ ဒါပေမဲ့ မင်းက ဘယ်အချိန်မှ ရပ်တန့်မှာလဲ . . . ဆေးလုံးတွေ အကုန်လုံးကို အပိုင်သိမ်းချင်နေတာလား . . . မင်းက လျို့ဝှက်ဆန်း ကြယ်ပြီး အစွမ်းထက်တဲ့ မုန်တိုင်းအိမ်တော်က ဖြစ်တာနဲ့ပဲ ငါတို့ကို ဖိနှိပ်ထားချင်နေတာလား . . .)
လူတိုင်း၏ အတွေးပင် ဖြစ်သည်။
ချူးအာလည်း မတ်တတ်ရပ်လိုက်ပြီးနောက် –
“အားလုံးပဲ ကျွန်မကို ခွင့်လွှတ်ကြပါ။ လူနှစ်ယောက်ကြောင့် ကျွန်မ စိတ်ရှုပ်ခဲ့ရပေမဲ့ ရှင်တို့ အားလုံးအပေါ်မှာတော့ ဘာစိတ်မှ မရှိပါဘူး။ ဒါပေမဲ့ ကျွန်မဆရာက ဒီလေလံပွဲမှာ ဆေးလုံး ၃ လုံး ရအောင် ယူခဲ့ဖို့ မှာလိုက်လို့ပါ။ အခု ကျွန်မရဲ့ တာဝန်လည်း ပြီးသွားပါပြီ။ ကျွန်မကို အခုလို ဆေးလုံးတွေ ရရှိအောင် အခွင့်အရေး ပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ရှင်တို့အားလုံး အခု ဆက်လက်ပြီး လေလံဆွဲနိုင်ကြပါပြီ . . .”
ချူးအာ၏ ဖြေရှင်းချက်ကို ကြားလိုက်ရသောအခါ အားလုံးလည်း စိတ်သက်သာရာ ရသွားကြ၏။ တစ်ယောက်ဆိုလျှင် ထ၍ပင် –
“ဘယ်လိုများ ပြောလိုက်တာလဲ မိန်းကလေး ချူးအာ . . . သခင်ကြီးဘိုင်ရဲ့ အမိန့်အရ ဆိုရင်တောင်မှ အခုနေ မင်းလိုချင်တယ်ဆိုရင် ဆေးလုံးတွေ အကုန်လုံးကို လေလံဆွဲလို့ ရတာပဲလေ။ ငါသာတစ်လုံးလောက်များ လေလံဆွဲခွင့် ရခဲ့မယ်ဆိုရင် သခင်ကြီးဘိုင်ကို ငါကိုယ်တိုင် လိုက်ပေးချင်ပါသေးတယ် . . .”
လူတိုင်းလည်း ခေါင်းညိတ်ပြလိုက်ကြသည်။ သို့သော်လည်း သူတို့၏ စိတ်ထဲမှာတော့ ထိုလူအား ကျိန်ဆဲလျက် ရှိကြ၏။ အတော်ကို အရှက်မရှိ ထပြောဝံ့သည် မဟုတ်ပါလား။
တချိန်တည်းမှာလည်း လူတိုင်း၏ စိတ်ထဲတွင် နောင်တရနေမိသည့် အချက်မှာ –
(ငါဒီလိုမျိုး ထပြောလိုက်ရင်ပြီးရော . . . ဒီလိုသာ ငါပြောလိုက်မယ်ဆိုရင် သခင်ကြီးဘိုင်တို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်သွားမှာ။ ဘယ်လိုပဲ အရှက်မရှိဘူးပြောပြော ငါသာ အရှက်မရှိတဲ့လူ ဖြစ်လိုက်ချင်တယ် . . .)
ရဲရှောင်မှာတော့ အံကြိတ်လျက် မခံချိမခံသာ ဖြစ်နေမည် ဆိုတာကို မည်သူမျှ မသိကြချေ။
ချူးအာအနေဖြင့် ယခုဖြစ်ပျက်သွားသည့် ကိစ္စရပ်များအပေါ် အရမ်းကြီး စိတ်ဆိုးဒေါသထွက်ခြင်း မရှိဘူး ဆိုတာကို သူသိနေသည်။ မူမျိုးနွယ်လောက်ကို သူမအနေဖြင့် မျက်လုံးထဲတွင် ထည့်ထားမည် မဟုတ်ပေ။ သို့သော်လည်း သူမဒေါသထွက်သွားရသည်ဟု အကြောင်းရှာလျက် ဆေးလုံး ၂ လုံးအား အလွယ်တကူ ရရှိသွားခဲ့သည် မဟုတ်ပါလား။
သူမအနေဖြင့် ဆေးလုံးများအား အနည်းဆုံးဈေးဖြင့် ၀ယ်ယူသွားနိုင်ခြင်း ဖြစ်လေသည်။ ပရိတ်သတ်များအား အနည်းငယ်မျှ အကျိုးအကြောင်းပြောကာ စိတ်ဖြေလျော့စေခဲ့သော်လည်း ထိုကဲ့သို့ လုပ်လိုက်ခြင်းသည်လည်း အပေါ်ယံသာဆိုတာကို ရဲရှောင်သိနေပါသည်။
ရဲရှောင် စိတ်မကျေမနပ် အဖြစ်စေဆုံးသော အရာမှာ သူ့အနေဖြင့် ဘာမှ မလုပ်လိုက်နိုင်ခြင်း ကြောင့်ပင် ဖြစ်သည်။
သူမသည် ဆေးလုံးများအား သင့်တော်သော ဈေးနှုန်းပေး၍ လေလံဆွဲသွားခြင်းကြောင့် သူလည်း ဘာမှ ပြောခွင့် မရှိလိုက်ပါချေ။ သူ့အနေဖြင့် ၁၀ သိန်းဆိုသည့် ပမာဏကိုပင် နည်းနေသေးသည်ဟု ယူဆမိ၍ပင် ဖြစ်ပါသည်။
သူထိုကဲ့သို့ စစ်စစ်ပေါက်ပေါက် စဉ်းစားမိလေ ထိုမိန်းကလေးအား ပို၍ သတိထားမိလေပင် ဖြစ်လေ၏။ သူ၏ စိတ်တွင်းမှာမူ –
(ဒီကောင်မလေးက အစေခံအဆင့်လောက် ဆိုပေမဲ့ ဒီလောက်ထိတောင် အာဏာရှိနေပါလား။ ဒါနဲ့ သခင်ကြီးဘိုင်ဆိုတာကရော ဘယ်သူပါလိမ့် . . . ဒီမုန်တိုင်းအိမ်တော် ဆိုတာကရော ဘယ်လို နေရာမျိုးလဲမသိဘူး . . . ဒီလောက်ထိတောင် လူတိုင်းကို ကြောက်လန့်တကြား ဖြစ်စေတယ်ပေါ့ . . .)
ထို့နောက်မှာတော့ ၇ လုံးမြောက် ဆေးလုံးအား လေလံစတင်၍ ဆွဲပါတော့သည်။ ဈေးနှုန်းမှာလည်း မြင့်မားသထက် မြင့်မားလာပါသည်။
လူတိုင်းအနေဖြင့် ဆေးလုံး ၆ လုံးအား လက်လွတ်ဆုံးရှုံးလိုက်ရပြီး ဖြစ်သဖြင့် ကျန်ရှိနေသော လေးလုံးကိုသာ မရမက လေလံလိုက်ဆွဲကြတာပင် ဖြစ်လေ၏။ ငွေစ တစ်စမျှ မကျန်ရင်နေပါစေ ဆေးလုံးအား ရအောင် ယူမည်ဆိုသည့် လူများလည်း အများအပြားပါပင်။
၇ လုံးမြောက် ဆေးလုံးမှာ နောက်ဆုံး ၁၄ သိန်းခွဲနှင့် ဈေးတည့်သွားလေသည်။
ရှစ်လုံးမြောက် ဆေးလုံးမှာတော့ ပိုမို၍ပင် ဈေးမြင့်တက်လာခဲ့ပြီး ၁၆ သိန်းထိပင် ရရှိခဲ့လေ၏။
၉ လုံးမြောက် ဆေးလုံး၏ ဈေးမှာ ၁၇ သိန်းခွဲသို့ ရောက်ရှိခဲ့ပြန်သည်။
ရဲရှောင်၏ မကျေမနပ် ဖြစ်မှုများသည် ယခုအခါမှာတော့ ကွယ်ပျောက်သွားပြီဖြစ်ပြီး သူ့ထံသို့ ငွေများစွာ ရောက်ရှိလာမည့်အရေးကို တွေး၍ အကျေနပ်ကြီး ကျေနပ်နေလေ၏။
“နောက်ဆုံးဆေးလုံး . . .”
ကွမ်ဝမ်ရှန် စိတ်လှုပ်ရှားဟန်ဖြင့် ကြေညာလိုက်သည်။
“နောက်ဆုံးဆေးလုံးလေးပါ။ ကြမ်းခင်းဈေးကတော့ အရင်လိုပါပဲ။ စလို့ရပါပြီ . . .”
သူပြော၍ မဆုံးခင်မှာပဲ ပထမဆုံး ဈေးပေးသူ၏ အသံကို ကြားလိုက်ရ၏။
“၁၇ သိန်းခွဲ . . .”
သိပ်မကြာခင်မှာပင် တခြားလူများမှလည်း –
“၁၈ သိန်း . . .”
“၁၈ သိန်းခွဲ . . .”
“သိန်း ၂၀ . . .”
ဈေးနှုန်းမှာ သိန်း ၂၀ အထိကို မြင့်တက်လာခဲ့ပြီဖြစ်၏။ အားလုံးဟာ တခဏမျှ ငြိမ်သက်သွားကြ ပြီး ခပ်တိုးတိုးအသံတစ်ခု ပေါ်လာပြန်သည်။
“၂၂ သိန်းခွဲ . . .”
လွင့်မျောတိမ်တိုက်ဂိုဏ်း၏ ဆေးပညာရှင် ရှီယူမှာ ဂနာမငြိမ် ဖြစ်နေလေသည်။ နောက်ဆုံးမှာ တော့ သူလည်း ရှောင်မိုယန်အား အကူအညီ တောင်းခံလိုသော အကြည့်ဖြင့် ကြည့်လိုက်ပါလေတော့ သည် . . .။