အခန်း (၃၅၂) နတ်ဆိုးဧကရာဇ်၏ ကြောက်လန့်မှု
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ရန်သူတော်ကြီးတစ်ယောက်ကို သေအောင် ကျိန်စာတိုက်နိုင်ခဲ့တာကြောင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် “ဟင်း… မဟာတာအိုဆီ လျှောက်တဲ့လမ်းက အတော်ရှည်ကြာတာပဲ”
‘ဒါ ငါ့အပြစ် မဟုတ်ဘူး၊ အပြင်တင်ချင်ရင် သူ့ကိုပဲ အပြစ်တင်ရမှာ၊ သူသာ ငါ့ကို သတ်ချင်စိတ် မရှိဘူးဆိုရင် ငါက ဘာလို သက်တမ်းအကုန်ခံ အချိန်ကုန်ခံပြီး ကျိန်စာတိုက်ရမှာလဲ’
ဟန်ကျွယ်ဟာ ဘယ်သူကိုမှ ရန်မစပါဘူး။ သူများက ရန်လာစရင်လည်း ငြိမ်ခံနေမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ သူ့ကို သတ်ချင်တဲ့ ရန်သူမှန်သမျှကို နည်းလမ်းကုန်သုံးပြီး ရှင်းပစ်မှာပါ။
ဟန်ကျွယ်ဟာ ခဏအနားယူလိုက်ပြီး နတ်ဆိုးဧကရာဇ်ကို ကျိန်စာ ဆက်တိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်ကျင့်ကြံသူနှစ်ဦးကို တစ်ခါတည်း မသတ်ချင်တဲ့အတွက် နတ်ဆိုးဧကရာဇ်ကိုတော့ ငါးရက်ပဲ ကျိန်စာတိုက်ပါတယ်။
နောက်ပြီး နတ်ဆိုးဧကရာဇ်က မိစ္ဆာဘိုးဘေး မဟုတ်တဲ့အတွက် ခန္ဓာစစ်ပေါ်လာရင်တောင် ကောင်းကင်တာအိုရဲ့ သတ်ဖြတ်ခြင်းကို ခံရမှာ မဟုတ်ပါဘူး။
နတ်ဆိုးရုံးတော်။
နတ်ဆိုးဧကရာဇ်ဟာ ကောင်းကင်တာအိုဗုဒ္ဓရဲ့ အော်ဟစ်သံကို ကြားလိုက်ရတဲ့အခါမှာ ထိတ်လန့် တန်လှုပ်သွားပါတယ်။ အရင်တုန်းက နတ်ဆိုးဧကရာဇ်ဟာ အမှောင်သခင်ကြီးကို မုန်းတီးတဲ့အတွက် အမှောင်သခင်ကြီးအကြောင်း ကြားရင် ဒေါသပဲ ထွက်ပါတယ်။
အဲဒီတုန်းက နတ်ဆိုးဧကရာဇ်ဟာ အမှောင်သခင်ကြီးကို နောက်ကွယ်ကနေပြီးတော့ပဲ ကျိန်စာတိုက်ရဲတဲ့အတွက် အထင်အမြင် သေးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ မတူတော့ပါဘူး။ ကောင်းကင်ဘဝဂ်ကျင့်ကြံသူတစ်ပါးဟာ အမှောင်သခင်ကြီးရဲ့ ကျိန်စာကြောင့် သေဆုံးသွားရပါပြီ။
နတ်ဆိုးဧကရာဇ်ဟာ ကောင်းကင်တာအိုဗုဒ္ဓက မိစ္ဆာဘိုးဘေးဆိုတာကို ဂရုမစိုက်ပါဘူး။ နတ်ဆိုးဧကရာဇ်ရဲ့ အမြင်မှာ အမှောင်သခင်ကြီးက ကောင်းကင်ဘဝဂ်ကျင့်ကြံသူကို သတ်ဖြတ်နိုင်တဲ့ စွမ်းအားရှိတဲ့လူ ဖြစ်သွားပါပြီ။ ကောင်းကင်တာအိုဗုဒ္ဓကို ခန္ဓာစစ်ပေါ်လာအောင် တွန်းအားပေးတာက ကောင်းကင်တာအိုဗုဒ္ဓကို နှိပ်စက်ချင်လို့ပဲလို့ နတ်ဆိုးဧကရာဇ်က ကောက်ချက်ချပါတယ်။
‘တော်တော်လေး ကြောက်ဖို့ကောင်းပြီး တော်တော်လေးလည်း ရက်စက်တာပဲ’
နတ်ဆိုးဧကရာဇ်ဟာ ရှင်သန်ခဲ့တာ ကြာပြီဖြစ်ပေမဲ့ ဒီလောက်ကြမ်းတမ်းရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့လူကို မတွေ့ဖူးသေးပါဘူး။ ရန်သူကို တိုက်ရိုက် သတ်နိုင်ရဲ့သားနဲ့ အမှောင်ထဲကနေ ကျိန်စာတိုက်ပြီး ရန်သူစိတ်ကို ညှဉ်းပန်းနှိပ်စက်တဲ့လူက သာမန်ရန်သူတွေထက် ပိုကြောက်ဖို့ကောင်းတယ် မဟုတ်ပါလား။
ဒီအချိန်မှာပဲ နတ်ဆိုးဧကရာဇ်ဟာ နောင်တ နည်းနည်း ရသွားပြီး အမှောင်သခင်ကြီးကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်စိတ် ပေါက်သွားပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ နတ်ဆိုးဧကရာဇ်ဟာ အမှောင်သခင်ကြီး ဘယ်သူဆိုတာကို မသိသေးပါဘူး။ ရှာဖို့ကျပြန်တော့လည်း သဲလွန်စက မရှိပါဘူး။
နတ်ဆိုးဧကရာဇ်ဟာ ရုတ်တရက်ဆိုသလို ဒီနှစ်ထဲမှာ အမှောင်သခင်ကြီး အယောင်ဆောင်တဲ့ ဇုထူကို တွေးမိသွားပါတယ်။
‘သူများလား… သူက ကောင်းကင်တာအိုဗုဒ္ဓကို သတ်နိုင်တဲ့ စွမ်းအားရှိတယ်…’ နတ်ဆိုးဧကရာဇ်ဟာ တွေးလေလေ စိုးရိမ်ပူပန်လေလေပါပဲ။
ဒီအချိန်မှာပဲ နတ်ဆိုးဧကရာဇ်ဟာ ရင်းနှီးနေပြီဖြစ်တဲ့ ကျိန်စာစွမ်းအားရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပါတယ်။ နတ်ဆိုးဧကရာဇ်ဟာ တုန်လှုပ်ချောက်ချားသွားပါတယ် ‘အမှောင်သခင်ကြီးက ငါ့ကို သေအောင် ကျိန်စာတိုက်ဖို့ ပြင်ဆင်နေတာလား’
ဒီအတွေးကြောင့် နတ်ဆိုးဧကရာဇ်ဟာ နည်းလမ်းကုန်သုံးပြီး ကျိန်စာစွမ်းအားကို ခုခံပါတယ်။ ဒါပေမဲ့ ငါးရက်ကြာတဲ့အခါမှာတော့ ကျိန်စာစွမ်းအားက ပျောက်ကွယ်သွားပါတယ်။ ငါးရက်ပဲ ကျိန်စာတိုက်ခံရတဲ့အတွက် နတ်ဆိုးဧကရာဇ်ဟာ ဒဏ်ရာတောင် မရပါဘူး။
‘ကြည့်ရတာ အမှောင်သခင်ကြီးက ငါ့ကို စနောက်နေတဲ့ပုံပဲ’ အကြောင်းအရင်းတချို့ကြောင့် နတ်ဆိုးဧကရာဇ်ဟာ ကျေနပ်အားရသွားပါတယ် ‘အမှောင်သခင်ကြီးက ငါ့နဲ့ မိတ်ဆွေ ဖြစ်ချင်တာလား’
ဒီအတွေးပေါ်လာတယ်ဆိုရင်ပဲ နတ်ဆိုးဧကရာဇ်ရဲ့ စိတ်ထဲမှာ အမြစ်တွယ်သွားပါတယ် ‘ကောင်းကင်တာအိုဗုဒ္ဓ သေဆုံးရုံပဲ ရှိသေးတယ်၊ အမှောသခင်ကြီးက ငါ့ကို ကျိန်စာတိုက်တာဆိုတော့ ပုံမှန် မဖြစ်နိုင်ဘူး၊ လေးနက်တဲ့ အဓိပ္ပာယ်တစ်ခုခု ရှိရမယ်’
နတ်ဆိုးဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါ ဘာလုပ်သင့်လဲ’
ရန်သူအကုန်လုံးကို ကျိန်စာတိုက်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ထွက်လိုက်ပါတယ်။ ဂူအောင်းကျင်ကြံနေတဲ့ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာလည်း အပြင်ထွက်လာပြီး ဟန်ကျွယ်ရဲ့ တာအိုဟောကြားတာကို လာနားထောင်ပါတယ်။
လူတိုင်းဟာ ဟန်ကျွယ်က အရင်နဲ့ မတူဘူးလို့ ခံစားလိုက်ရပါတယ်။
အထူးသဖြင့် ချူရှီရန်ဟာ ဖော်ပြဖို့ခက်တဲ့ မျက်နှာရှိပြီး စိတ်ထဲမှာလည်း တော်တော်လေး လန့်သွားပါတယ် ‘ဒါ နတ်မင်းအဆင့်လား… မဟုတ်ဘူး၊ ဒီထက် စွမ်းအားပိုကြီးတယ်’
ချူရှီရန်ဟာ ဘဝဟောင်းက မှတ်ဉာဏ် နိုးထလာပြီးနောက် အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်တိုက်ခိုက်တဲ့အခါ သူ ဘဝဟောင်းက လေးစားခဲ့ရတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီး ရှိနေတာကို တွေ့သွားပါတယ်။ ဒါကြောင့် ဒီလိုစွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အစွမ်းကို ပုံတူကူးနိုင်တဲ့ ဟန်ကျွယ်က အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေထက်တော့ မညံလောက်ဘူးလို့ ချူရှီရန် ကောက်ချက် ချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချူရှီရန်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ကောင်းကင်တာအိုဗုဒ္ဓ ပျံလွန်တော်မူသွားတာကို မင်း ဘယ်လိုထင်လဲ”
ဒီတော့မှ ချူရှီရန်ဟာ သတိပြန်ဝင်လာပြီး ဖြေလိုက်ပါတယ် “သူနဲ့တန်တယ်၊ ကောင်းကင်တာအိုဗုဒ္ဓ ဗုဒ္ဓဂိုဏ်းထဲကို မိစ္ဆာနှလုံးသား ဆွဲသွင်းလာတုန်းက သူ တစ်ခုခုမှားနေပြီဆိုတာ ကျွန်တော် ခံစားမိတယ်၊ သူက ဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးလိမ့်မယ်လို့လည်း တွေးမိခဲ့တယ်၊ အခု ကျွန်တော် ထင်တဲ့အတိုင်းပဲ”
တခြားသူတွေဟာ စပ်စုချင်သွားကြပါတယ်။ အရင်တုန်းက ချူရှီရန်ဟာ ဗုဒ္ဓဂိုဏ်းအကြောင်းကို တစ်ခွန်းမှ မဟတဲ့အတွက် တိတ်ဆိတ်ဂိုဏ်း တပည့်တွေကလည်း အလိုက်သိစွာနဲ့ လုံးဝ မမေးခဲ့ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘာမှဆက်မမေးဘဲ တာအိုစဟောကြားပါတယ်။
ချန်ယွီအာဟာ နတ်မိမယ်ရှီရွှမ်ကို အသံလွှင့်ပြီး မေးလိုက်ပါတယ် “ဆရာသခင်… ဂျူနီယာမောင်လေးက ပြောင်းလဲသွားပုံပဲ”
နတ်မိမယ်ရှီရွှမ်က ပြန်ဖြေလိုက်ပါတယ် “သူ့ကျင့်ကြံမှုအဆင့် တိုးတက်သွားရုံတင်ပါ”
အဲဒီနောက် နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာဟာ ဟန်ကျွယ်ကို လေးစားကြည်ညိုစွာ ကြည့်လိုက်ပါတယ်။ သူတို့နှစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားတပည့်တွေကလည်း ဟန်ကျွယ် ခန္ဓာကိုယ်က ဖြာထွက်နေတဲ့ ဖိအားကို ရှင်းရှင်းလင်းလင်းကြီး ခံစားရပါတယ်။
စန့်ရှီနဲ့ ငရဲနက်နတ်ဆိုးသခင်ကတော့ အအံဩဆုံးပါ။ သူတို့နှစ်ယောက်ဟာ ဟန်ကျွယ်က အဆင့်လေးတစ်ခု တက်ရောက်တာ မဟုတ်ဘဲ အဆင့်ကြီးတစ်ဆင့် ထိုးဖောက်လိုက်မှန်း ခံစားမိကြပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ အဆင့်ကြီးတစ်ဆင့် ထိုးဖောက်လိုက်တဲ့အတွက် ဘယ်အဆင့်ကို ရောက်သွားလဲဆိုတာ သူတို့နှစ်ယောက် ဆက်မတွေးရဲတော့ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုကြောင့် လူတိုင်းဟာ အသိဉာဏ်လင်းလက်တဲ့အ အခြေအနေကို ဆိုက်ရောက်သွားပါတယ်။
ဒီတာအိုဟောကြားမှုက ငါးနှစ်ကြာပါတယ်။ လူတိုင်းလိုလို တစ်စုံတစ်ခုကို သိမြင်နားလည်သွားကြပြီး တချို့ကတော့ တစ်ခါတည်း အဆင့်တက်ကုန်ကြပါတယ်။ စန့်ရှီနဲ့ ငရဲနက်နတ်ဆိုးသခင်ဟာလည်း သူတို့ကျင့်ကြံမှုကို တိုးတက်အောင်လုပ်ဖို့ နည်လမ်းရှာတွေ့သွားကြပုံပါပဲ။
နောက်လေးနှစ်မှာတော့ ဟန်ကျွယ်ဟာ သူတို့ကို တစ်ယောက် မေးခွန်းတစ်ခုစီ မေးခွင့်ပြုပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တပည့်တွေကို ကိုယ့်ဘာသာ ဆက်ကျင့်ကြံဖို့ပြောပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲပြန်ကာ ဆက်လက်အားထုတ်ဖို့ ပြင်ဆင်ပါတယ်။
ဝူတောက်ကျန့်လည်း ဟန်ကျွယ်နောက် လိုက်သွားပါတယ်။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရှေ့ လျှောက်သွားပြီး ဂရုတစိုက် မေးလိုက်ပါတယ် “သခင်… သခင်က အရမ်းစွမ်းတာပဲ၊ ဘာလို့ ဒီနေရာမှာ ဆက်ပုန်းနေသေးတာလဲ” အကြောင်းအရင်း တချို့ကြောင့် ဝူတောက်ကျန့်ဟာ ဟန်ကျွယ်က ပြိုင်ဘက်ကင်းနေပြီလို့ ခံစားနေရပါတယ်။ ဝူတောက်ကျန့်ဟာ ဒီလိုမျိုး ခံစားချက်ကို တစ်ခါမှ မခံစားခဲ့ရပါဘူး။
ဟန်ကျွယ်က ဒေါသတကြီး ပြောလိုက်ပါတယ် “ဘာ ပုန်းနေတာလဲ၊ ဒါက ကျင့်ကြံအားထုတ်တာ၊ တာအိုမှာ အဆုံးမရှိဘူး”
“ဘာလဲ… မင်းရဲ့ တာအိုနှလုံးသားက ပြောင်းလဲသွားလို့ အပြင်ထွက်ချင်နေတာလား၊ ရတယ်လေ၊ မင်း အပြင်ထွက်ချင်တယ်ဆိုရင် အင်မော်တယ်ကမ္ဘာကို ငါကိုယ်တိုင် လိုက်ပို့ပေးမယ်”
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်စကားကြောင့် ကြောက်လန့်ပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်သွားပါတယ်။ အဲဒီနောက် ချက်ချင်းပဲ ဒူးထောက်ပြီး တောင်းပန်ပါတယ် “ကျွန်မ အပြင်မထွက်ချင်ပါဘူး… ကျွန်မ မှားပါပြီ”
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန့်… နောက် အဲဒီလို မေးခွန်းမျိုး ဘယ်တော့မှ မမေးနဲ့၊ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ချည်”
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓကို သတ်နိုင်လိုက်လို့ ဘဝမြင့်နေတာပါ။ ဝူတောက်ကျန့်လို့မျိုး တခြားသူတွေကပါ ဝိုင်းပြောမယ်ဆိုရင် ဟန်ကျွယ်ဟာ ဘဝမြင့်လွန်းပြီး ကပ်ဘေးထဲ မဝင်ဘူးလို့ ပြောမရပါဘူး။
‘ဒီကောင်မလေးကို ကောင်းကင်တာအိုက ထိန်းချုပ်ပြီး ငါ အပြင်ထွက်အောင် ဖြားယောင်းနေတာလား… ဘာပဲဖြစ်ဖြစ် ငါ အပြင်ထွက်လို့ မဖြစ်ဘူး၊ လီတောက်ခုံး ဘိုးဘေးရှီတျန်တို့နဲ့ယှဉ်ရင် ငါက ဘာမှမဟုတ်ဘူး’
လီတောက်ခုံးနဲ့ ဘိုးဘေးရှီတျန်ကို တွေးမိလိုက်တာကြောင့် ဟန်ကျွယ်ရဲ့ မာနဟာ တမုဟုတ်ချင်း လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။ ဝူတောက်ကျန့်ကလည်း ဟန်ကျွယ်စကားကြောင့် ကြောက်လန့်သွားပြီး သူ့ဖျာပေါ်ပြန်ကာ ဆက်လက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ရဲ့ ကြောက်လန့်နေတဲ့ မျက်နှာလေးကို မကြည့်ရက်တာကြောင့် အနားခေါ်လိုက်ပါတယ် “ဒီနားလာခဲ့၊ ငါ မင်းကို သင်ပေးစရာရှိတယ်”
ဝူတောက်ကျန့်ဟာ ကျေနပ်အံအားသင့်သွားပြီး ဟန်ကျွယ်ရဲ့ ခုတင်ရှိရာကို ချက်ချင်း ရောက်သွားပါတယ်။ အဲဒီနောက် ဝူတောက်ကျန့်ရဲ့ အကြည့်ဟာ ဟန်ကျွယ်ထိုင်နေတဲ့ ကမ္ဘာဖျက်ကြာနက်ဆီ ရောက်သွားပါတယ်။ ဝူတောက်ကျန့်ဟာ ဘာရတနာလဲ မေးချင်ပေမဲ့ ဟန်ကျွယ်ကို ကြောက်တာကြောင့် မမေးရဲပါဘူး။
“မင်းက ကောင်းကင်ဓားတာအိုကို အကုန်လုံး တတ်မြောက်လုနီး ဖြစ်နေပြီဆိုတော့ နောက်ထပ် ဓားတာအို ဆန်းကြယ်စွမ်းအား အသစ် သင်ပေးမယ်”
“ဒီဆန်းကြယ်စွမ်းအားက ပြိုင်ဘက်ကင်းဓားချီပဲ၊ အရင်တုန်းက မင်း အထင်သေးခဲ့တဲ့ ဆန်းကြယ်စွမ်းအားပဲ” ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ချက်ချင်းပဲ လက်ဝှေ့ယမ်းပြီး ခုခံပြောဆိုပါတယ် “ကျွန်မ အဲဒီလို မပြောခဲ့ပါဘူး၊ ကျွန်မ ပြောခဲ့တာက ဒီနာမည်က သာမန်ပဲလို့”
“မင်းက ငါ့ကို စောဒက တက်နေတာလား”
“မဟုတ်ပါဘူး၊ ကျွန်မ မှားမှန်း သိပါပြီ…”
ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ဝူတောက်ကျန့်ကို ဆန်းကြယ်စွမ်းအား စသင်ပေးပါတယ်။
နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲက နှင်ထုတ်ပြီး အပြင်ဘက်မှာ ဆန်းကြယ်စွမ်းအား လေ့ကျင့်စေပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်လိုက်ပါတယ်။ ဒီနှစ်ထဲ ကောင်းကင်ရုံးတော် ဘာဖြစ်နေလဲဆိုတာက ဟန်ကျွယ် မသိပါဘူး။
မကြာခင်မှာပဲ နတ်အာရုံချင်း ချိတ်ဆက်မိသွားပါတယ်။
“ဟမ်… မင်းက နတ်မင်းအဆင့်ကို တကယ် ထိုးဖောက်သွားတာပဲ” ကောင်းကင်ဧကရာဇ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ နတ်အာရုံက အသွင်ပြောင်းလဲပြီး ဧကရာဇ်အဆင့်ရဲ့ နတ်အာရုံမဟုတ်တော့ဘဲ နတ်မင်းအဆင့် နတ်အာရုံဆိုတာကို ခံစားမိတဲ့အတွက် ဒီလိုပြောလိုက်တာပါ။
ဟန်ကျွယ်က ကသိကအောက် မျက်နှာနဲ့ ပြောလိုက်ပါတယ် “အဟွတ်..အဟွတ်… ကျွန်တော်က ကံကောင်းရုံတင်ပါ”
ကောင်းကင်ဧကရာဇ်က အဓိပ္ပာယ်ရှိရှိ ပြောလိုက်ပါတယ် “ကျွတ်..ကျွတ်… မင်းရဲ့ အရည်အချင်းက တကယ်ကို ထက်မြက်တာပဲ၊ မင်းရဲ့ ရုပ်ခန္ဓာက ပဋိပက္ခရုပ်ခန္ဓာထက် ပိုမြင့်တယ်လို့ ငါ သံသယဝင်လာပြီ”
“မဟုတ်ပါဘူး၊ ကျွန်တော်မှာ တာအိုကို လိုလားတောင့်တတဲ့ နှလုံသားတစ်ခု ရှိရုံတင်ပါ”
“တာအိုကို လိုလားတောင့်တတဲ့ နှလုံးသား… ဖြစ်နိုင်ပါတယ်လေ”
ကောင်းကင်ဧကရာဇ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒီနှစ်ထဲ ကောင်းကင်ရုံးတော်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ၊ အရင်တုန်းက ကျွန်တော် အသံတစ်သံ ကြားလိုက်တယ်၊ အင်မော်တယ်ကမ္ဘာမှာ တစ်ခုခု ဖြစ်သွားတယ်မလား”
ကောင်းကင်ဧကရာဇ်က သာမန်ကာလျှံကာ ပြန်ဖြေပါတယ် “ဗုဒ္ဓတစ်ပါး ပျံလွန်တော်မူရုံတင်ပါ”
‘ရုံတင်…’
ဟန်ကျွယ်ဟာ မပျော်မရွှင် ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က အမှောင်သခင်ကြီး အကြောင်း ချီးမွမ်းစကားပြောတာကို ကြးချင်နေတာပါ။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်က ဇာတ်ညွှန်းအတိုင်း မလုပ်ပါဘူး။
‘ကောင်းကင်ဧကရာဇ်… ငါ သက်တမ်းတွေ ဘယ်လောက်တောင် သုံးခဲ့လဲသိလား၊ မင်းတောင် အဲဒီလောက် သက်တမ်းကို အဆုံးရှုံးခံနိုင်မှာ မဟုတ်ဘူး’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 352
? Views, Released on December 5, 2024