Switch Mode

Chapter – 45

သခင်ကြီးဘိုင်နှင့် မုန်တိုင်းအိမ်တော်

Chapter – 45
“သခင်ကြီးဘိုင်နှင့်မုန်တိုင်းအိမ်တော်”

၁၂ သိန်းခွဲဆိုသည့် ငွေပမာဏသည် လေလံလိုက်ဆွဲနေသူ အတော်များများကို နောက်ဆုတ် သွားစေမည်မှာ အသေအချာပါပင်။ တကယ်ကို ဈေးအဆမတန် မြင့်လိုက်သည် မဟုတ်ပါလား။
မူဇီဟိ၏ မျက်နှာ မည်းမှောင်သွားပြီး ဒေါသတကြီးဖြင့် –
“၁၃ သိန်း . . .”
(ခုနတုန်းက ငါရေခဲကြာပန်းကို လေလံဆွဲတုန်းကလည်း အလုယူခံလိုက်ရတယ်။ အခု ဆေးလုံးကို လည်း လာလုနေပြန်ပြီ။ ငါက အနိုင်ကျင့်စရာ ကောင်းတယ်လို့ ထင်နေကြတာလား . . .)
မူဇီဟိ စိတ်ထဲမှ တွေးနေမိလေ၏။
အဖြူရောင်ဝတ်မိန်းကလေး ချူးအာလည်း ချက်ချင်းဆိုသလိုပင် –
“၁၃ သိန်းခွဲ . . .”
မူဇီဟိ မကျေမချမ်းဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် မျက်လုံးစုံမှိတ်၍ –
“၁၄ သိန်း . . .”
ချူးအာမှာတော့ တည်ငြိမ်စွာဖြင့်ပင် –
“၁၅ သိန်း . . .”
လေလံပွဲရှိ လူအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြလေ၏။
၁၅ သိန်းဆိုသော ပမာဏသည် တကယ်ကို မနည်းလှပေ။ ပထမဆုံး လေလံဆွဲခဲ့သည့် ဆေး ၃ လုံး ထက်ပင် ကျော်လွန်သွားပြီ မဟုတ်ပါလား။
အေးဆေးတည်ငြိမ်စွာ ထိုင်နေသည့် ရဲရှောင်ပင် ဈေးကိုကြားလိုက်သည့်အခါ အံ့သြသလို ဖြစ်သွား မိလေသည်။
အဆိုပါ မိန်းကလေး ထိုမျှလောက်ထိ ကြွယ်ဝလိမ့်မည်ဟု သူမထင်ထားခဲ့မိချေ။
မူမျိုးနွယ်အနေဖြင့် နောက်ထပ်တစ်ကြိမ် ထိုးနှက်ခံရတော့မည့် ပုံစံပါပင်။
ရဲရှောင် ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်သည်။ ယခုလိုအခြေအနေအရ မူဇီဟိလည်း ဒေါသကို လျော့တော့မည် မထင်ချေ။ မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်စွာဖြင့် –
“ဒီမယ် မိန်းကလေး . . . ဒီစိန်ခေါ်မှုက မင်း ငါတို့ မူမျိုးနွယ်ကို သိက္ခာချချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာလား . . .”
သိပ်မကြာသေးခင် အချိန်ကပဲ ဆေးလုံးများ၏ ပိုင်ရှင်ဖြစ်သော ဖန်ဇ်ီလင်၏ စော်ကားမှုကို ခံခဲ့ရ သဖြင့် ယခုအခါတွင်တော့ မူမျိုးနွယ်ခေါင်းဆောင် မူဇီဟိ အနေဖြင့် လက်လျော့ချင်မည့်ပုံစံ မရှိချေ။ တကိုယ်လုံး ဒေါသမီးများ တောက်လောင်နေသလိုကို ခံစားနေရပြီး သူ့မျက်နှာကို နောက်ထပ် ဖြတ်ရိုက် ခံရသလို ခံစားနေရတာ ဖြစ်သည်။
ယခုအခါ သူ၏ ဒေါသမီးများ အားလုံးသည် ချူးအာအပေါ်သို့သာ ဦးတည်၍ ကျချင်နေပြီဖြစ်၏။
“မူမျိုးနွယ်လား . . . ဒီလိုမျိုးနည်းနဲ့ အနိုင်ရဖို့ ကြိုးစားနေတယ်ပေါ့ . . .”
ချူးအာ မထူးဆန်းသလိုပင် တစ်ချက်ကြည့်လိုက်ပြီး နူးညံ့သော လေသံဖြင့် –
“ဒါက လေလံပွဲလေ . . . ကျွန်မတို့ စိတ်ကြိုက် ဈေးတင်ပြီး လုလို့ရနေတာပဲ။ ဈေးအမြင့်ဆုံး ပေးနိုင်တဲ့လူက အနိုင်ရမှာပေါ့။ ဒီလိုလေလံဆွဲတာက သိက္ခာချနေတယ်လို့ ကျွန်မဖြင့် စဉ်းတောင် မစဉ်းစားမိပါဘူး . . .”
မိန်းကလေးမှ ထိုကဲ့သို့ ပြောလိုက်သဖြင့် အားလုံးသည် မိန်းကလေး ထိပ်တိုက်ရင်မဆိုင်ရဲ၍ ယခုလို ပြောသည်ဟု ထင်သွားကြလေ၏။
သို့သော်လည်း ချူးအာလည်း ပြောနေရင်းမှ ချက်ချင်းပင် အမူအယာ ပြောင်းသွားပြီး အေးစက်သော လေသံဖြင့် –
“ဒါပေမဲ့ . . . မူမျိုးနွယ်အနေနဲ့ ကျွန်မက ရည်ရွယ်ချက်ရှိရှိ သိက္ခာချ အရှက်ခွဲနေတယ်လို့ ထင်နေရင်လည်း အဲဒီလို လုပ်နေတယ်လို့ပဲ မှတ်ယူလိုက်ကြပေါ့ . . .”
မိန်းကလေး၏ ဆိုလိုရင်းမှာ မူမျိုးနွယ်အား ဂရုမစိုက်၊ မျက်လုံးထဲပင် မထည့်ဟု ဆိုလိုလိုက်ခြင်း ပင် ဖြစ်နေသည် မဟုတ်ပါလား။
သူမ၏ စကားကြောင့် ပရိတ်သတ်အားလုံးသည်လည်း ချက်ချင်းကို တုန်လှုပ်သွားကြလေသည်။
ဒီမိန်းကလေးက ဘယ်သူပါလိမ့် . . . သူက ကြွားပြီး လျှောက်ပြောနေတာများလား၊ ဒါမှမဟုတ် သူ့ကိုသူ ဂုဏ်တက်အောင် နာမည်ကြီးအောင် လုပ်နေတာများလား။ ဖြစ်နိုင်တာက အစွမ်းထက် အင်အားကြီး ကျောထောက်နောက်ခံ တစ်ခုခု ရှိနေတာများလား စသည့် ဝေဖန်သံမျိုးစုံ တီးတိုး ထွက်ပေါ် လာပါတော့သည်။
ရဲရှောင်မှာမူ အခွင့်အရေးရပြီဟု ယူဆလိုက်ပြီး ချက်ချင်းပင် –
“မိန်းကလေးကို တစ်ခုလောက် သတိထားဖို့ အကြံပေးပါရစေ . . . မူမျိုးနွယ်ဆိုတာ မျိုးနွယ်စုကြီး ၈ ခုထဲက နာမည်ကြီး မျိုးနွယ်တစ်ခုနော်။ မိန်းကလေးအနေနဲ့ ဘာပဲလုပ်လုပ် မလုပ်ခင်မှာ ချင့်ချိန်သင့် တယ်။ တခါတရံမှာ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်ခြင်းက လက်မခံနိုင်စရာ အခြေအနေတော့လည်း မဟုတ်ပါဘူး။ ဒါက မူမျိုးနွယ်မလား . . .”
သူထိုကဲ့သို့ ပြောလိုက်ခြင်းသည် ရည်ရွယ်ချက် ရှိနေပါသည်။
ဒါ့အပြင် သူထိုကဲ့သို့ ပြောလိုက်သဖြင့် မူမျိုးနွယ်အား ဂုဏ်တင်ရာလည်း ရောက်သွားစေသည် မဟုတ်ပါလား။
မူဇီဟိမှာ အစတုန်းက မကျေမနပ် ဖြစ်နေသော်လည်း ရဲရှောင်မှ ထိုကဲ့သို့ ပြောလိုက်သည့် အခိုက်အတန့် ချက်ချင်းပဲ ခေါင်းညိတ်ထောက်ခံလိုက်ပြီး ကျေးဇူးတင်သလို အသိအမှတ် ပြုလိုက်လေ သည်။
ချူးအာမှ ညင်သာသော လေသံဖြင့်ပင် –
“စိတ်မပူပါနဲ့ . . . နောင်ကြီးဖန် ကျွန်မ ဘာလုပ်ရမလဲ ဆိုတာကို ကျွန်မ သိပါတယ် . . .”
ရဲရှောင်မှ စိုးရိမ်ဟန်ဖြင့် ဆက်လက်၍ –
“ဒါပေမဲ့ မိန်းကလေးရဲ့ မင်းက မူမျိုးနွယ်ရဲ့ အကြောင်းကို နည်းနည်းလေးတောင် မသိဘူးလား။ ပြောရမယ်ဆို . . . မူမျိုးနွယ်က အရမ်းအစွမ်းထက်တယ်နော် သူတို့နဲ့ သွားပြီး ရန်ငြိုးဖွဲ့မိလို့ မင်းထိခိုက် မှာကို ငါက စိုးရိမ်မိတာပါ . . .”
သူထိုကဲ့သို့ ပြောလိုက်သည့်အခါ လူတိုင်း သူ့ကို နားမလည်နိုင်ဟန်ဖြင့် လှည့်ကြည့်လိုက်ကြလေ၏။
ချူးအာမှ ပြုံးလိုက်ပြီး –
“စိတ်မပူနဲ့ ကျွန်မရှေ့မှာ မူမျိုးနွယ်ဆိုတာ တကယ်ကိုပဲ မြူမှုန်တစ်မှုန်လောက်တောင် အရေးမပါပါဘူး . . .”
ရဲရှောင်လည်း နှာခေါင်းတစ်ချက် ပွတ်လိုက်ပြီးနောက် သူ့နေရာသူပြန်ထိုင်ကာ ဘာမှ ထပ်ပြော မနေတော့ချေ။ သူ၏ စိတ်ထဲမှာမူ –
(ရပြီ . . . စကားလုံးလေး နည်းနည်းလေးက တိုက်ခိုက်တာလောက်ထိ မဖြစ်စေနိုင်ပေမဲ့ အမုန်း တရားတွေ ပြည့်သွားမှာတော့ အသေအချာပဲ။ မူမျိုးနွယ်က ဒီလူတွေသာ ဘာမှ မဖြစ်ဘူးဆိုရင်တော့ ငါကြိုးစားခဲ့တာ အလကားဖြစ်သွားမယ်လို့ ပြောရမှာပေါ့ . . .
တောက် . . . ဒီမူမျိုးနွယ်က ငါ့ကို လာရှုပ်ချင်တယ် ဆိုမှတော့လည်း ပြဿနာလေးတွေဖြစ်အောင် ဖန်တီးပေးရမှာပေါ့ . . .)
မျှော်မှန်းထားသည့် အတိုင်းပင် ၀တ်စုံဖြူ ကောင်မလေးမှ မီးလောင်ရာ လေပင့်သည့်ဒဏ်ကို ခံသွားရပြီ ခပ်ချေချေလေး ပြန်ပြောလိုက်သည် မဟုတ်ပါလား။ မည်သို့မျှ ညှိနှိုင်းလို့ ရတော့မည့် အခြေအနေ မဟုတ်နိုင်တော့ပေ။
၀တ်စုံဖြူနှင့် မိန်းကလေး၏ စိတ်ထဲမှာတော့ –
(ဟွန်း . . . ဒီလူက မူမျိုးနွယ်နဲ့ ပြဿနာ တက်ထားတာနဲ့ ငါ့ကိုပါ ဆွဲထည့်ချင်နေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ရှင်က ဆေးလုံးတွေရဲ့ ပိုင်ရှင်ဆိုမှတော့ ကျွန်မကလည်း ရှင့်အပေါ် နည်းနည်း လေးစားသမှုနဲ့ ရှင့်အစီအစဉ်အတိုင်း နည်းနည်း လိုက်လုပ်ပေးရမှာပေါ့ . . .)
(နောက်ပြီး . . . ဒီမူဇီဟိဆိုတဲ့ အဖိုးကြီးက င့ါကို လူတွေအများကြီးရှေ့မှာ လာပြီး ဖိပြောနေတယ်။ ငါသေချာပေါက် သင်ခန်းစာပေးမှဖြစ်မယ် . . .)
ကောင်မလေး၏ စကားများကို ကြားသောအခါ မူဇီဟိလည်း ဒေါသကြောင့် တကိုယ်လုံး တုန်တက် လာလေ၏။ ကျယ်လောင်လှသော အသံကြီးဖြင့် ဒေါသတကြီး –
“ခွေးမ . . . မင်းက ငါတို့ မူမျိုးနွယ်ကိုတောင် အထင်သေးဝံ့တယ်ပေါ့ . . . ငါ မူဇီဟိ ကျိန်ဆိုမယ် မင်းကို ငါ . . .”
ကွမ်ဝမ်ရှန်မှာ ကောင်မလေးကို ကောင်းစွာ သိနေ၏။ ထို့ကြောင့် ဒီအတိုင်း ထိုင်မနေနိုင်တော့ဘဲ မူဇီဟိထံ ကြားဝင် ဖြေရှင်းမှ ဖြစ်တော့မည်ဟု တွေးလိုက်မိပြီး –
“နောင်ကြီး မူ . . .”
မူဇီဟိမှာမူ ဒေါသတကြီးဖြင့် –
“ကွမ်ဝမ်ရှန် . . . ခင်ဗျားက ဒီလေလံခန်းမရဲ့ တာဝန်ရှိသူသာ ဖြစ်တယ်။ ခင်ဗျားက ကျုပ်ကို ဘာကြောင့် စော်ကားမော်ကားနဲ့ နောင်ကြီးတွေဘာတွေ လာခေါ်နေရတာလဲ . . . ခင်ဗျားအနေနဲ့ အခုချိန်မှာ ပါးစပ်ပိတ်ထားတာ အကောင်းဆုံးပဲ . . .”
မူဇီဟိမှာ ဒေါသအိုး ပေါက်ကွဲနေပြီ ဖြစ်သဖြင့် ယခုအချိန် လူတိုင်းကို ခွေးရူးတစ်ကောင်ကဲ့သို့ ကိုက်တော့မည်ပဲ ဖြစ်၏။
သူသည် ယခုတလော မြို့ထဲတွင် နေစဉ် လူတိုင်း၏ တံတွေးခွက်ထဲ ပက်လက်မျောခဲ့ရသည်။ မူမျိုးနွယ်မှ အစတုန်းက ကလဲ့စားချေရန်အတွက် ကြိုးစားခဲ့ကြသော်လည်း ထိုအကြံအစည် ပျက်ဆီးခဲ့ရရုံမျှမက သူတို့၏ ကျွမ်းကျင်ပညာရှင် ၈ ယောက်ပင် ဆုံးရှုံးခဲ့ရလေသည်။ နောက်တကြိမ် ကလဲ့စားချေရန် ပြင်ဆင်နေစဉ်မှာပင် လေလံပွဲ စတင်နေပြီ ဖြစ်သဖြင့် ဒေါသများအား မြိုသိပ်ပြီး လေလံပွဲ သို့ လာရောက်ခဲ့ကြတာ ဖြစ်၏။ ဒါပေမဲ့ သူတို့၏ ရင်ထဲမှာတော့ အစာမကြေမှုများစွာ ဖြစ်ပေါ်နေပြီး အရာရာကို အလိုမကျသလို ဖြစ်နေတာပဲ ဖြစ်ပါတော့သည်။
လေလံပွဲ မစတင်မီကပင် စိတ်မကြည်မလင် ဖြစ်နေခဲ့တာ ဖြစ်လေ၏။
လေလံပွဲသို့ ရောက်လာသည့် အခါတွင်လည်း သူ့သားမှာ လူအများရှေ့ ထပ်ခါထပ်ခါ ချော်လဲ ခဲ့ရသဖြင့် သိက္ခာကျခဲ့ရပါသေးသည်။ ထို့နောက် ဆေးလုံးများ၏ ပိုင်ရှင်ဖြစ်သူမှလည်း စော်ကားမော်ကား ဖြင့် ပြောဆိုခဲ့သည့်အပြင် တန်ဖိုးကြီး ဆေးပစ္စည်းများစွာအား ၀ယ်ယူသွားနိုင်ခဲ့သည်။ ဒါ့အပြင် ဂိုဏ်း ၃ ဂိုဏ်း၏ နိုင်ထက်စီးနင်း ဖိနှိပ်သလို ခံစားချက်မျိုးကိုလည်း ခံစားခဲ့ရပြီး ပထမဆုံး ဆေးလုံး ၃ လုံးကိုလည်း လေလံဆွဲဖို့ မ၀ံ့မရဲ ဖြစ်ခဲ့ရပါသည်။
ယခုအခါမှာလည်း ကောင်မလေး တစ်ဦး၏ စော်ကားမှုကို ထပ်မံခံလိုက်ရသဖြင့် မူဇီဟိ၏ ဒေါသများ ပေါက်ကွဲထွက်ကုန်ခြင်းပင် ဖြစ်လေသည်။
စိတ်လွတ်သွားလုနီးပါးပင် ဖြစ်နေပြီး မြေပြင်အား ဒေါသကြောင့် ခြေထောက်ဖြင့် ဆောင့်ချ နေမိလေ၏။
ကွမ်ဝမ်ရှန်လည်း မူဇီဟိ၏ စကားကြောင့် ချက်ချင်းပင် မျက်နှာပျက်ယွင်းသွားသည်။ ပထမတော့ သူဟာ မူမျိုးနွယ်အား စေတနာဖြင့် သတိပေးရန် ဖြစ်သော်လည်း သူ၏ စေတနာအား ခွေးရူးတစ်ကောင် လို ရမ်းသမ်းပြီး စော်ကားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ သူ့ရင်ဝကို ဖနောင့်ဖြင့် စီး၍ ပေါက်လိုက် သလိုကို ခံစားသွားရတာပင် ဖြစ်လေသည်။
ကွမ်ဝမ်ရှန်တစ်ယောက် ပူထူသွားပြီး ယခုစော်ကားမှုအား မည်ကဲ့သို့ တုန့်ပြန်ရမည် ဆိုတာကိုပင် မပြောတတ်အောင် ဖြစ်သွားလေတော့သည်။
ထို့ကြောင့် တိတ်ဆိတ်နေလိုက်ပြီး စိတ်ထဲမှနေ၍ –
(မူဇီဟိ . . . ခင်ဗျား ဒီလုပ်ရပ်အတွက် ကြိမ်းသေ နောင်တရလိမ့်မယ်။ ခင်ဗျား ရန်စနေတဲ့ ကောင်မလေးက ဘယ်သူလဲ ဆိုတာ ခင်ဗျား သေချာလည်း မသိဘူး။ သူ့နောက်ကြောင်းကိုလည်း ခင်ဗျား သိမှာ မဟုတ်ပါဘူး . . .)
မျှော်လင့်ထားသလိုပင် မူဇီဟိ၏ မျက်လုံးများမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်နေပြီး ၀တ်စုံဖြူဝတ် မိန်းကလေးအား လှမ်းကြည့်ကာ –
“ခွေးမ . . . မင်းက ဘယ်သူလဲ . . . မင်းနာမည် ပြောစမ်း . . . ဘယ်ကလာတာလဲ . . . တော်တော် သတ္တိရှိနေတယ်ပေါ့ ဟုတ်လား . . .”
ထပ်မံ၍ “ခွေးမ” ဟူသည့် အသုံးအနှုန်းကို သုံးလိုက်သည့်အခါ မိန်းကလေးလည်း နည်းနည်း တော့ တင်းသွားလေသည်။ စိတ်ထဲမှနေ၍ –
(ဒီလူက ဘာဖြစ်နေတာလဲ . . . ရှင်တို့ အစောပိုင်းတုန်းက ဆေးလုံးကို လေလံဆွဲနေတာကို ကျွန်မလည်း ဘာမှ မနှောင့်ယှက်ခဲ့မိပါဘူး။
ရှင်ဆေးလုံးကို လိုချင်တာနဲ့ပဲ ဘယ်သူမှ လေလံဆွဲခွင့် မရှိတော့ဘူးပေါ့ . . . နောက်ပြီး ဘယ်လို ဖြစ်လို့ ကျွန်မကို ဒီလောက်ထိ ဒေါသတကြီးနဲ့ ဆဲဆိုနေရတာတုန်း . . .
ကျွန်မက မိန်းကလေး ဖြစ်နေတာနဲ့ပဲ အနိုင်ကျင့်လို့ ရမယ်လို့ ထင်နေတယ်ပေါ့ . . .)
မိန်းကလေးမှာ ယဉ်ယဉ်ကျေးကျေး ဖြစ်နေဆဲ ဖြစ်သော်လည်း သူမ၏ ရင်ထဲမှာတော့ ဒေါသမီးများ တဟုန်းဟုန်း လောင်ကျွမ်းနေပြီ ဖြစ်သည်။
“မူဇီဟိ . . . ခုနက စကားလုံးတွေက ရှင်တို့ မူမျိုးနွယ်တစ်ခုလုံး အနေနဲ့ ပြောလိုက်တာပေါ့ . . .”
ချူးအာ ခပ်တင်းတင်း မေးလိုက်သည်။
သူမအကြောင်းကို သိသော လူအများမှာ သက်ပြင်းအသာအယာသာ ချနေကြလေ၏။
(မူမျိုးနွယ်ကတော့ ဒုက္ခရှာနေပြီ . . .)
လူတိုင်း တွေးနေမိကြလေသည်။
မူဇီဟိမှ ရယ်မောလိုက်ပြီး –
“မင်းက ကြောက်နေတာလား ခွေးမ . . . အခုမှ ကြောက်လည်း အပိုပဲ . . .”
“ခွေးမ” ဟူသည့် အသုံးအနှုန်းကိုပင် ထပ်မံ၍ သုံးနှုန်းလိုက်သဖြင့် ချူးအာလည်း အေးစက်လှ သော လေသံဖြင့် –
“တော်လောက်ပြီ . . . ဒီလိုဆိုမှတော့ ရှင်တို့ မူမျိုးနွယ် ဆုသာတောင်းနေပါ။ ကျွန်မ လုံးဝ ခွင့်မလွှတ်တော့ဘူး။ အခုတော့ ဆေးလုံးတွေကို လေလံဆွဲနေတုန်းပဲဆိုတော့ နေနှင့်ဦးပေါ့။ ဒီလေလံမှာ ဈေးအများဆုံး ပေးနိုင်တဲ့လူက အနိုင်ရမယ်။ ရှင်တို့မှာ ငွေစမရှိရင် ဘေးထွက်နေ။ ရှင်တို့လို ဆင်းရဲသား တွေနဲ့ ရန်ဖြစ်နေဖို့ မအားဘူး . . .”
ထို့နောက်မှာတော့ သူမ၏ စူးရှလှသည့် မျက်ဝန်းအစုံဖြင့် ပရိတ်သတ်ကို ဝေ့ကြည့်ရင်း –
“ကျွန်မက မုန်တိုင်းအိမ်တော်ကပဲ။ သခင်ကြီးဘိုင်ရဲ့ တပည့်။ ညာလက်ရုံးပဲ ဆိုပါတော့ . . . မူမျိုးနွယ်က ဘာလုပ်မလဲ ကြည့်ချင်လိုက်တာ . . .”
မူဇီဟီလည်း ကောင်မလေးအား ပိုးဆိုးပက်စက် ပြောဆိုရန် ပြင်နေစဉ် ကောင်မလေး၏ စကားများ ကြားလိုက်ရသည့်အခါ ချက်ချင်းပင် ပြောမည့်စကားလုံးများ ပြန်မြိုကျသွားလေသည်။
ကောင်မလေး စကားကို နားထောင်မိပြီးနောက် ပါးစပ်အဟောင်းသားကို ဖြစ်သွားပြီး ကြောင်ငေး သွားရပါတော့၏။
သူ၏ မျက်နှာမှာလည်း ချက်ချင်းပင် ဖြူဖတ်ဖြူရော်ဖြစ်ကာ သူ့ရင်ထဲမှ ဒေါသများလည်း လွင့်စင် ပျောက်ကွယ်သွားလေသည်။
လေလံခန်းမ တစ်ခုလုံးရှိ ပရိတ်သတ်အားလုံးလည်း တံတွေးမျိုချလိုက်ကြရင်း မူဇီဟိအား သနားစဖွယ် လူတစ်ဦးကဲ့သို့ ကြည့်နေကြလေ၏။
သူတို့၏ စိတ်ထဲမှာတော့ –
(အခုတော့ ခင်ဗျား ရန်စနေတဲ့လူက ဘယ်သူလဲ သိပြီမလား . . .)
ထိုအချိန် မူဇီဟိ၏ စိတ်ထဲတွင်တော့ –
(သေလိုက်ပါတော့ . . . ငါဘာတွေ လုပ်မိပါလိမ့် . . .)
အလွန်စိတ်တွေ ရှုပ်ထွေးနေလေသည်။
မုန်တိုင်းအိမ်တော် . . .
သခင်ကြီးဘိုင်၏ တပည့် . . .
ညာလက်ရုံး . . .
စသည့် စကားလုံးတိုင်းသည် မူဇီဟိအတွက် နှလုံးသားကို အပ်အစင်းပေါင်းများစွာဖြင့် စိုက်ခံနေရ သကဲ့သို့ပင် ခံစားစေလိုက်ရသည်။
မူဇီဟိ ခန်းမတစ်ခုလုံးအား မျက်လုံးဝေ့ကြည့်လိုက်ရင်း အကူအညီရလိုရငြား လိုက်ရှာနေမိ၏။ သို့သော်လည်း မည်သူမျှ သူနှင့် မျက်လုံးချင်း ဆုံအောင် မနေချေ။ ချက်ချင်းပင် မျက်နှာများလွှဲနေ ကြလေသည်။ မည်သူမျှ အရှုပ်ထုပ်ထဲ ၀င်မပါချင်သည့် ပုံစံပါပင်။
သူ့အား အဆိပ်ရှိသော မြွေတစ်ကောင်ကဲ့သို့ ရှောင်ကွင်းနေကြသည်နှင့်ပင် တူနေပါသေးသည်။
မုန်တိုင်းအိမ်တော်သည် မော်တယ်ကမ္ဘာတစ်ခုလုံးအနှံ့ မသိသူ မရှိလောက်ချေ။ ဒဏ္ဍာရီကဲ့သို့ပင် စွမ်းအားအရှိဆုံး အိမ်တော်တစ်ခု ဖြစ်လေသည်။ ထိုအိမ်တော်တွင် ဒဏ္ဍာရီလာ သူရဲကောင်းများကဲ့သို့ အစွမ်းထက်သည့် လူတစ်ဦး ရှိ၏။
နယ်မြေအသီးသီးမှ လူများအားလုံးသည် သူတို့ကို အလွန်လေးစားကြလေသည်။
သူတို့၏ ရှေ့တွင် ဧကရာဇ်များပင်လျှင် မောက်မာဟန်ဖြင့် မနေ၀ံ့ကြချေ။
တကယ်ကို အစွမ်းထက်သည့် အိမ်တော်ပင် ဖြစ်ပါသည်။
ပြောရမည်ဆိုလျှင် ကမ္ဘာတစ်ခုလုံးတွင် အစွမ်းထက်ဆုံး ပညာရှင်ပင် ထိုအိမ်တော်၏ ခေါင်းဆောင်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
ထိုလူမှာ ၀တ်စုံဖြူနှင့်လူဟု ဖော်ပြခဲ့သည့် သခင်ကြီးဘိုင်ပင် ဖြစ်သည်။
ထိုအိမ်တော်၏ ခေါင်းဆောင်မှာလည်း သူပဲ ဖြစ်လေ၏။
သခင်ကြီးဘိုင်အကြောင်း မည်သူမျှ တိတိကျကျ မသိကြသလို အဆိုပါ အိမ်တော် မည်သည့် နေရာတွင် ရှိနေသည် ဆိုတာကိုလည်း မည်သူမျှ မသိကြချေ။ သူတို့၏ နောက်ကြောင်းရာဇ၀င်မှာ အလွန်ကို လျို့ဝှက်ဆန်းကြယ်လှပြီး မိုးအောက်မြေပြင်ရှိ လူသားများအားလုံးမှာတော့ သူတို့ကို အလွန်ပင် ကြောက်ရွံ့ကြလေ၏။
ကောလာဟလများအရ သခင်ကြီးဘိုင်၏ ဘေးတွင် တပည့်နှစ်ယောက် ရှိလေသည်။
တစ်ဦးမှာ ဘယ်လက်ရုံးဖြစ်ပြီး နောက်တစ်ဦးကတော့ ညာလက်ရုံးပင်ဖြစ်၏။ သခင်ကြီးဘိုင်မှာ လက်များကို ဝေ့ယမ်းလိုက်ရုံဖြင့် လေပြင်းများ တိမ်တိုက်များကို ဆင့်ခေါ်နိုင်ပြီး လက်ဆန့်ထုတ်လိုက်ရုံဖြင့် စကြာဝဠာ တစ်ခုလုံးကိုပင် ဆုပ်ကိုင်နိုင်သည်ဟု ယုံတမ်းစကားများပင် ရှိနေပါသေးသည်။
ယခုအခါမှာတော့ မူမျိုးနွယ် ဆန့်ကျင်ရန်စသည့် မိန်းကလေးမှာ ဒဏ္ဍာရီလာ မိန်းကလေး ၂ ဦး ဖြစ်သည့် သခင်ကြီးဘိုင်၏ ညာလက်ရုံးပင် ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset