Switch Mode

Chapter – 44

ငါက ဆေးလုံးတွေရဲ့ ပိုင်ရှင်

Chapter – 44
“ငါကဆေးလုံးတွေရဲ့ပိုင်ရှင်ပါ”

ယခုကဲ့သို့ တန်ဖိုးရှိလှသည့် ရတနာလို ဆေးလုံးများ ၁၀ လုံးထိ ရှိနေခြင်းမှာ နည်းသည့် ပမာဏတော့ မဟုတ်ချေ။ အများစု ခန့်မှန်းထားသည့် ပမာဏထက်ပင် ကျော်လွန်နေပါသေးတယ်။
သို့သော်လည်း ထိုဆေးလုံးများအား အသည်းအသန် လိုချင်နေသူများအတွက်မူ နည်းသေးသည်ဟု သတ်မှတ်ကြမည်ဖြစ်သည်။
ထိုဆေးလုံးများအား ရရှိရန်အတွက် လိုချင်နေကြသည့် အင်အားစုပေါင်း ၁၀၀ လောက် ရှိနေလိမ့် မည်မှာ အသေအချာပါပင်။
သို့သော်လည်း ၁၀ လုံးသာလျှင်ရှိသဖြင့် အလုအယက် လေလံဆွဲကြရမှာပဲ ဖြစ်သည်။
တစ်ယောက်ပြီးတစ်ယောက် ဆိုသလိုကို သူတို့၏ ပိုက်ဆံအိတ်များအား ဖွင့်ကြည့်လိုက်ကြ၏။
ရှောင်မိုယန်တစ်ယောက် အနည်းငယ် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းအသာအယာ ချလိုက်မိသည်။ ၁၀ လုံးတောင်ရှိနေသဖြင့် အနည်းဆုံး သူတို့အဖွဲ့မှ ၁ လုံးတော့ ရမည်ဆိုတာကို အသေအချာ သိနေလေသည်။ သို့သော်လည်း ထိုကဲ့သို့ တစ်လုံးလောက် ရရှိစေရန်အတွက်ပင် ခက်ခက် ခဲခဲဖြင့် ငွေပမာဏများစွာ သုံးစွဲရမည်မှာ အသေအချာပင်။
“အခု ကျွန်တော်တို့ ပထမဆုံး အလုံးကို လေလံဆွဲပါတော့မယ် . . .”
ကွမ်ဝမ်ရှန် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်လျက် အားလုံးကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။ ဆက်လက်၍ –
“ကြမ်းခင်းဈေးကတော့ ငွေစ တစ်သိန်းပဲ ဖြစ်ပါတယ်။ တစ်ခါတိုးရင် အနည်းဆုံး ၂ သောင်းခွဲ တိုးလို့ ရပါတယ် . . .”
သူ့စကားသံ အဆုံးမှာတော့ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကြသည်။
ခဏမျှ ကြာသည်အထိ မည်သူမျှ ပြန်မဖြေကြချေ။
ထိုကဲ့သို့ ဖြစ်နေကြခြင်းမှာ ဆေးလုံးများအား မလိုချင်၍တော့ မဟုတ်ပေ၊ လူများ၏ စိတ်ထဲ တွက်ချက်နေကြခြင်းကြောင့်သာ ဖြစ်လေသည်။ သူစနိုး ငါစနိုးဖြင့် စောင့်နေကြသလို ဖြစ်နေကြတာပါ။
နောက်ဆုံးမှာတော့ အပြာရောင်မိုးတိမ်ဂိုဏ်းမှ မန်ဝူဖိန်မှ ကျယ်လောင်သော လေသံဖြင့် –
“ကျုပ်တို့ အပြာရောင်မိုးတိမ်ဂိုဏ်းက ငွေစ ၁ သိန်းခွဲ ပေးပါ့မယ် . . .”
မန်ဝူဖိန်၏ အသံကို ကြားလိုက်ရသောအခါ ကွမ်ဝမ်ရှန် မျက်မှောင်ကြုတ်သွား၏။ ရဲရှောင်သည် လည်း စိတ်ထဲ တမျိုးတမည် ဖြစ်သွားသည်။ လူအများ၏ စိတ်ထဲမှလည်း –
(မင်းဟာမင်း လိုချင်သပ ဆိုလည်း ဒီအတိုင်းပဲ လေလံဆွဲပေါ့ . . . ဘာကိစ္စ ကျုပ်တို့ အပြာရောင် မိုးတိမ်ဂိုဏ်းတွေဘာတွေ လုပ်နေရတာလဲ . . .)
သူ၏ ဆိုလိုရင်းမှာ မည်သို့ ဖြစ်မည်နည်း . . .
အဖြေကတော့ ရှင်းပါသည်။ ဂိုဏ်းနာမည်ကို ထုတ်ဖော်ပြောဆို၍ ခြိမ်းခြောက်လိုက်ခြင်းပင် မဟုတ်ပါလား။
သူထိုကဲ့သို့ ပြောဆိုလိုက်ပြီးတာကို တစ်ယောက်ယောက်ကသာ ဈေးတိုးပေး၍ လေလံလိုက်ဆွဲ မည် ဆိုပါက ထိုလူသည် သေချာပေါက် အပြာရောင်မိုးတိမ်ဂိုဏ်း၏ ရန်သူလို ဖြစ်သွားမည်မှာ အသေအချာပါပင်။
မျှော်လင့်ထားသည့် အတိုင်းပင် မန်ဝူဖိန်စကား ဆုံးသည်နှင့် မည်သူမျှ ထပ်၍ မဟကြတော့ပေ။ အပြာရောင်မိုးတိမ်ဂိုဏ်းနှင့် မည်သူမျှ ပဋိပက္ခဖြစ်ချင်ကြပုံ မပေါ်ပါဘူး။ ရှောင်မိုယန်ပင် စကားတစ်လုံးမှ မပြောတော့ပဲ တိတ်ဆိတ်လျက် ရှိနေလေသည်။
ကွမ်ဝမ်ရှန်မှာ စိတ်ထဲ အတော်လေးကို မကျေမနပ် ဖြစ်နေမိသည်။
သူမျှော်လင့်ထားသလို ဈေးများ မတိုးပေးကြတော့သဖြင့် တော်တော် အရှက်မရှိသည့် ဂိုဏ်းဟု လည်း စိတ်ထဲမှ ကျိန်ဆဲနေမိ၏။
“အပြာရောင်မိုးတိမ်ဂိုဏ်းက ဂိုဏ်းချုပ် မန်ဝူဖိန်မှ ငွေစ ၁ သိန်းခွဲပါတဲ့ခင်ဗျာ။ ထပ်ပေးမဲ့လူ ရှိသေးပါသလား . . .”
ကွမ်ဝမ်ရှန် အားတင်းပြီး မေးလိုက်၏။ စိတ်ထဲမှ မကျေမနပ် ကျိန်ဆဲနေရင်းမှ –
“၁ သိန်းခွဲ တစ်ကြိမ် . . . ၁ သိန်းခွဲ နှစ်ကြိမ် . . .”
“၅ သိန်း . . .”
အထက်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်လာလေ၏။
ရဲရှောင်ပင် ဖြစ်ပါသည်။
ရှောင်ဧကရာဇ်အဖို့ သူ၏ထူးခြားအစွမ်းထက်သော ဆေးလုံးများအား ဈေးနိမ့်နိမ့်ဖြင့် ရောင်းချမည့် အခြေအနေကို ခွင့်မပြုနိုင်ပါချေ။
(မင်းက လူတွေအားလုံးရှေ့မှာ အရှက်မရှိ လုပ်ရဲမှတော့ ငါကလည်း မင်းကို ဒုက္ခပေးဖို့ တွန့်ဆုတ် နေမှာ မဟုတ်ဘူး . . . မင်းက ငါပိုင်တဲ့ ပစ္စည်းကို လေလံဆွဲနေတာကွ။ ဒီလောက်ထိ ပေါပေါလောလော မင်းကို မပေးလိုက်နိုင်ပါဘူး . . .)
မန်ဝူဖိန် မျက်နှာတစ်ချက် ပျက်သွားပြီး အသံလာရာဆီသို့ လှမ်း၍ ကြည့်လိုက်သည်။
ရဲရှောင် အခန်းတံခါးကို အသာဟလိုက်ပြီး ယဉ်ကျေးသော အမူအရာဖြင့် –
“အမှန်တိုင်းပြောရရင် ကျုပ်က ဒီဆေးတွေကို စိတ်မ၀င်စားပါဘူး။ ဒါပေမဲ့ လူတိုင်းက ဒီလိုဆေးကို တောင် ငွေစ ၁ သိန်းခွဲထက် ပိုပြီး တန်ဖိုးမထားကြတာကို တွေ့တော့ စိတ်ထဲ ကလိကလိ ဖြစ်လာတယ်လေ။ ငွေစ ၁ သိန်းခွဲနဲ့ ဒီဆေးကို လိုချင်တယ် ဆိုတာကတော့ စော်ကားလွန်းရာ ရောက်ပါ တယ်။ ရတနာကို တန်ဖိုးချနေသလိုပဲ။ နောက်ပြီး ကျုပ်ပေးတဲ့ ဈေးလောက်က သင့်တော်ပါတယ်။ ခင်ဗျားတို့က တော်ဝင်မိသားစုကပဲဖြစ်ဖြစ်၊ မျိုးနွယ်စုကြီးတွေကပဲ ဖြစ်ဖြစ်၊ သိုင်းပညာဂိုဏ်းကြီးတွေကပဲ ဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး။ ဒီကိုရောက်လာတဲ့လူမှန်သမျှက ဒီက စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရ မယ်လို့ ကျုပ်တော့ ယူဆမိတာပဲ။ ကိုယ့်ရဲ့ အင်အားကို အသုံးချပြီး တဖက်လူတွေကို အနိုင်ကျင့်ခြင်းက ဘယ်လောက်တောင် အထင်သေး စက်ဆုပ်စရာ ကောင်းသလဲ . . . အဲဒါကြောင့် နောင်ကြီး မန် . . . ဒီလို မလုပ်ပါနဲ့လား။ ခင်ဗျား လိုချင်တယ် ဆိုရင်လည်း ထိုက်သင့်တဲ့ တန်ရာတန်ကြေးတော့ ပေးသင့်တာပေါ့၊ ဒီလိုမှ မဟုတ်ရင်တော့ ကျုပ်က ခင်ဗျားကို စိန်ခေါ်ရမှာပဲ . . .”
မန်ဝူဖိန်တစ်ယောက် မျက်မှောင်ကြုတ်လိုက်ရင်း အေးစက်သော လေသံဖြင့် –
“ခင်ဗျားကတော့ သေချင်နေပြီထင်တယ်။ ခင်ဗျားက ဘာကောင်မို့လို့လဲ . . .”
ဆက်လက်၍လည်း –
“ခင်ဗျားလိုလူမျိုးက ကျုပ်လိုချင်တဲ့ ပစ္စည်းကို လုဝံ့တယ်ပေါ့ . . .”
ရဲရှောင် ခေါင်းကို ကုတ်လိုက်ရင်း –
“ကျုပ်က ဘာကောင်မှ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆေးလုံးတွေရဲ့ မူလပိုင်ရှင်လည်း ဖြစ်ချင် ဖြစ်နေမှာပေါ့ . . .”
လူတိုင်း ထိုစကားကို ကြားလိုက်သောအခါ ကြောင်ငေးသွားကြ၏။
“ဆေးလုံးတွေရဲ့ မူလပိုင်ရှင် . . .”
“သူက ပိုင်ရှင်လား . . .”
“တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အကုန်လုံးကို သိမ်းယူနိုင်တာလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ လက်စသတ်တော့ ဒီလိုဆေးတွေတောင် လုပ်နိုင်တဲ့ ပညာရှင်ကြီးကိုး . . .”
အဖြူရောင်ဝတ်မိန်းကလေး ချူးအာ၊ မိုးပြာရောင်ဝတ် မိန်းကလေး၊ သိုင်းပညာဂိုဏ်းမှ လူများ၊ မျိုးနွယ်စုကြီးများမှ လူများအားလုံးသည် ရဲရှောင်ရှိရာသို့ လှမ်းကြည့်လိုက်ကြလေ၏။
ရဲရှောင် မျက်မှောင်ကြုတ်ရင်း မူမျိုးနွယ်ရှိရာသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ၏အကြည့် မှာ အဓိပ္ပါယ်များစွာ ပါဝင်လေ၏။ ထိုအဓိပ္ပါယ်များမှာ –
(ငါက ဒီလိုဆေးလုံးကိုတောင် လုပ်နိုင်တဲ့ ပညာရှင်ကွ . . . မင်းတို့ မူမျိုးနွယ်လောက်ကတော့ ဖျက်ဆီးပစ်လိုက်လို့တောင်ရတယ်)
မန်ဝူဖိန် မျက်စိမျက်နှာပျက်သွားပြီး –
“ခင်ဗျားက ဒီဆေးလုံးတွေပိုင်ရှင် ဖြစ်နေရင်တောင်မှ ဘာလုပ်နိုင်မှာမို့လို့လဲ . . .”
“ဟုတ်ပြီ . . . ကျုပ်လည်း ဒီဆေးလုံးတွေပိုင်ရှင် အများကြီး လုပ်နိုင်မယ်လို့ မထင်ပါဘူး”
ရဲရှောင် အေးအေးလူလူပင် ပြန်ပြောလိုက်သည်။ ဆက်လက်၍ –
“ဒါပေမဲ့ ကျုပ်ရဲ့ ထူးခြားအစွမ်းထက် ဆေးလုံးတွေကို ဒီလိုအလုပ်ခံရတာ တကယ်စိတ်ပျက်မိတယ်။ အဲဒါကြောင့် ဒီဆေးလုံးတွေကို ပြန်ယူလိုက်တော့မယ်လေ။ တခြားလူတွေ အတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ဒီနေ့ကစပြီး ကမ္ဘာမှာ ဒီလိုဆေးလုံးတွေ ထပ်မြင်ရတော့မှာ မဟုတ်တော့ဘူး . . .”
ထို့နောက် သက်ပြင်းတစ်ချက်ကို ချလိုက်ပြန်ရင်း –
“ဒီဆေးလုံးတွေ ပြန်ယူပြီးသွားရင်လည်း ၁၀ လုံးလုံးကို စားလိုက်တာ အေးပါတယ်။ တန်ဖိုးမရှိတဲ့ ဆေးလုံးတွေ မရှိတာပဲကောင်းတယ် . . .”
ထိုအချိန် လူတိုင်းသည် မျက်လုံးပြူ မျက်ဆံပြူးဖြင့် ရဲရှောင်အား ကြည့်နေကြလေ၏။ အသံပင် မထွက်နိုင်ကြတော့ပေ။
ရဲရှောင်အား ဆေးပြုလုပ်ဖန်တီးသူသာမဟုတ် ပြဿနာ ဖန်တီးသူဟုပင် ထင်နေကြပါတော့သည်။
သူစိတ်ကျေနပ်မှုသာ မရပါက အကုန်လုံး ဖျက်ဆီးပစ်မည်မှာ အသေအချာပါပင်။
“ခင်ဗျားတို့ ဆေးလုံးတွေကို တကယ်လိုချင်တယ်ဆိုရင် စည်းမျဉ်းစည်းကမ်း အတိုင်းသာ စနစ်တကျ လေလံဆွဲကြ။ ဘာမှ တွေဝေနေစရာ မလိုဘူး။ ခင်ဗျားတို့ဘက်က သင့်တော်တဲ့ ဈေးတစ်ခု ပေးနိုင်မယ်ဆိုရင်တော့ တစ်လုံးလောက်က သေချာပေါက် ရမှာပဲ . . .”
ရဲရှောင် တည်ကြည်ခန့်ညားသော လေသံဖြင့် ပြောလိုက်သည်။
“နောက်ပြီး အင်အားသုံးပြီး ခြိမ်းခြောက်တာမျိုးတွေလည်း မလုပ်ပါနဲ့။ နောက်ထပ် ဒီလိုလုပ်တာ မြင်ရင် ဒီလေလံပွဲလည်း အဆုံးသတ်ပြီပဲ . . .”
မန်ဝူဖိန် မျက်နှာတစ်ခုလုံး နီရဲနေသည်။
သူ၏နောက်တွင် ရပ်နေကြသည့် လူနှစ်ဦးမှာ ဓားရိုးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ရဲရှောင်အား သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
သို့သော်လည်း သူတို့အနေဖြင့် ရဲရှောင် ဆေးလုံးပိုင်ရှင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို လိုက်သည့်အခါ လောလောဆယ် အနေအထားအရ ရန်ရှာနိုင်မည် မဟုတ်တော့ပါချေ။
တကယ်တော့ လောလောဆယ် မဟုတ်ဘဲ နောက်ပိုင်းတွင်လည်း ယခုလို လူတစ်ယောက်အား ဆန့်ကျင်ရန် မလွယ်လောက်ဘူး ဆိုတာကိုပါ သူတို့စိတ်ထဲမှ သိနေကြလေ၏။
ထူးခြားအစွမ်းထက်သော ဆေးလုံးများကိုပင် လုပ်နိုင်သူ ဖြစ်သည့်အတွက် အလွန်အစွမ်းထက် မည်မှာ အသေအချာပင် မဟုတ်ပါလား။
မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ပေ။
သူတို့ သုံးဦးတည်းပင် မဆိုထားနှင့် အပြာရောင်မိုးတိမ်ဂိုဏ်းကြီး တစ်ခုလုံးပေါင်းလျှင်တောင် မမှီလောက်ဟု တွေးနေမိကြ၏။
ရဲရှောင်သာ ဆေးတစ်လုံးလောက် ပေးမည်ဆိုပါက အပြာရောင်မိုးတိမ်ဂိုဏ်းအား လူတိုင်း ရန်သူအဖြစ် သတ်မှတ်ပြီး ဖျက်ဆီးချင်ကြမည်မှာ အမှန်ပါပင်။
မန်ဝူဖိန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြုံးလိုက်၍ –
“ခင်ဗျားက တကယ်ပဲ စကားပြောပါးနပ်လှတယ်။ ချီးကျူးစရာပါပဲ . . . ဒါပေမဲ့ ခင်ဗျားပြောတဲ့ စကားတွေက ကျုပ်တို့ကို တခြားလူတွေ နားလည်မှုလွဲမှာကို စိုးမိတယ်။ ကျုပ် ၁ သိန်းခွဲ စပေးလိုက်တာ မှန်ပါတယ်။ အဲဒါကလည်း ကြမ်းခင်းဈေးထက် ပိုပေးပြီး ဈေးခေါ်လိုက်တာပါပဲ။ ဆေးလုံးကို စော်ကား တန်ဖိုးမထားချင်စိတ်လည်း မရှိပါဘူး။ ဘယ်သူမဆို ဆန္ဒရှိရင် တိုးပေးလို့ ရတာပဲလေ။ သူတို့ကို ဘယ်သူ မှ တားထားတာမှ မဟုတ်တာ။ ကျုပ်အနေနဲ့ ဘယ်လိုလုပ်ပြီး ဈေးကွက်ကို ဖျက်နိုင်မှာလဲ . . . ဒီက နောင်ကြီးဖန်တောင် ငွေစ ၅ သိန်း ဈေးခေါ်တယ် ဆိုမှတော့ ကျုပ်ကလည်း ၇ သိန်းခွဲပေါ့ဗျာ . . .”
မန်ဝူဖိန် စကားပြောနေရင်း သွေးအန်ချင်သလိုပင် ဖြစ်နေပါသည်။ သူ၏ စိတ်အတွင်းမှာတော့ –
(ငါတနေ့ သေချာပေါက် ကလဲ့စား ချေပြမယ် . . .)
လူတိုင်းလည်း ယခုမှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြလေ၏။ ယခုအကြိမ် နောက်တစ်လှမ်းဆုတ်လိုက်ရခြင်းသည် အပြာရောင်မိုးတိမ်ဂိုဏ်းအတွက် တကယ်ကို ရှက်စရာပါပင်။ သို့သော်လည်း သူတို့သာ ယခုကဲ့သို့ ဖြေလျော့ခြင်း မလုပ်ပါက လက်ဗလာနှင့် ပြန်ရမည် သာမက အနာဂတ်၏ အန္တရာယ်များကိုလည်း ဖိတ်ခေါ်သလို ဖြစ်သွားမည် မဟုတ်ပါလား။
မန်ဝူဖိန် နောက်ဆုတ်သွားခြင်းအား မည်သူမျှ သူ့ကို အထင်မသေးကြပါချေ။ လိမ္မာပါးနပ်မှုအား မသိစိတ်မှပင် လေးစားသလို ဖြစ်နေလေကြ၏။ မန်ဝူဖိန် ရင်ဆိုင်နေရသည့်လူမှာ ဆေးလုံးများ၏ ပိုင်ရှင် ပင် မဟုတ်ပါလား။
“၁၀ သိန်း . . .”
အမြဲစိမ်းတောင်ဂိုဏ်းမှ လီချန်ချင် တည်ငြိမ်စွာ ပြောလိုက်၏။
“၁၀ သိန်းခွဲ . . .”
မန်ဝူဖိန် အနည်းငယ်သာ တိုး၍ ပြောလိုက်ပြန်၏။
ရဲရှောင် ဘာမှ ထပ်မပြောတော့ပါချေ။
ဈေးနှုန်းသည်လည်း ၁၀ သိန်းကျော်သွားပြီဖြစ်ပြီး ဆက်လက်၍ မြင့်တက်နေဆဲပင်။
ယခုအချိန် သူ့စိတ်ထဲတွင် ကျေနပ်မှု မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲနေမိလေ၏။ သူ့လက်ထဲတွင် နဂိုက ၁၅ လုံး ရှိခဲ့တာဖြစ်ပြီး ၅ လုံးအား တစ်လုံးလျှင် တစ်သိန်းဖြင့်သာ ရောင်းချခဲ့ရ သည် မဟုတ်ပါလား။
(ငါတကယ်ကို အသုံးမကျတာပဲ . . . ဒီလောက်ထိ အရှုံးပေါ်မဲ့ ကိစ္စကို ဘယ်လိုလုပ်ပြီး မတွက်ဆ မိခဲ့တာလဲ မသိဘူး . . .)
အနည်းဆုံးတော့ သူ သိန်း ၅၀ လောက် နစ်နာခဲ့ရပြီ မဟုတ်ပါလား။
(သေလိုက်ပါတော့ကွာ . . . ငွေစတွေ အများကြီးရရမှာကို . . .)
ရဲရှောင်စဉ်းစားလေ ယူကြုံးမရ ဖြစ်လေပါပဲ။
“၁၂ သိန်းခွဲ . . .”
“၁၂ သိန်း ၇ သောင်းခွဲ . . .”
မန်ဝူဖိန် အံကြိတ်လျက် အော်လိုက်ပြန်သည်။
“၁၃ သိန်း . . .”
“၁၃ သိန်း ၂ သောင်းခွဲ . . .”
မန်ဝူဖိန် သွေးအန်ချင်သလိုပင် ဖြစ်နေပါပြီ။
သူ့အနေဖြင့် အဆိုပါ ဆေးလုံးများကို အနိုင်ရရှိရေးသည် အလွန်အရေးကြီးနေသည်။ ထိုကဲ့သို့သာ မရရှိဘူး ဆိုပါက ရဲရှောင်အား သူပြောခဲ့သည့် စကားများကြောင့် သိက္ခာကျတော့မည် မဟုတ်ပါလား။
နောက်ဆုံးမှာတော့ ၁၄ သိန်းဖြင့် ပထမဆုံး ဆေးလုံးအား မန်ဝူဖိန် ရရှိသွားလေတော့၏။
မြင့်မားလှသည့် ဈေးနှုန်းကို ကြည့်ရင်း အားလုံးသည် တုန်လှုပ်နေကြလေသည်။
မန်ဝူဖိန်သည် သိက္ခာမကျရေးအတွက် ၀ယ်ယူခဲ့သော်လည်း ငွေစ ၁၄ သိန်းမှာ မြင့်မားလှသည့် ပမာဏပင် ဖြစ်သည်။
ထို့နောက်မှာတော့ ဒုတိယမြောက် ဆေးလုံးအား ရှောင်မိုယန်မှ ၁၂ သိန်းခွဲဖြင့် ရရှိသွားပြန်လေ သည်။
တတိယမြောက်ဆေးအား ဒုတိယမြောက်အလုံး၏ ဈေးနဲ့ပင် လီချန်ချင်မှ ရရှိသွား၏။
ယခုအခါမှာတော့ ထိပ်သီးဂိုဏ်းကြီး ၃ ဂိုဏ်းမှ တစ်လုံးဆီ ပိုင်ဆိုင်သွားကြပြီဖြစ်သဖြင့် ဒီနေ့ လာရကျိုး နပ်သည်ဟု ဆိုနိုင်ပါသည်။
တခြားသော လူများမှာ ယခုအခါ စိတ်သက်သာရာ ရသွားကြပြီ ဖြစ်၏။ ပထမဆုံး လေလံဆွဲသည့် ဆေးလုံးများအား သူတို့ မပိုင်ဆိုင်နိုင်ဘူးဆိုတာ အသေအချာ သိထားခဲ့ကြပြီး ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဂိုဏ်းသုံးဂိုဏ်းအား ဆန့်ကျင်၍ လေလံမဆွဲချင်ကြပေ။
ယခုတိုင်အောင် ဆေးလုံး၏ ဆေးမှာ မြင့်တက်နေဆဲ ဖြစ်သဖြင့် အချို့သော အင်အားစုများမှာ စိတ်ဓာတ်ကျနေကြ၏။
တဖြည်းဖြည်းဖြင့် သူတို့ တတ်နိုင်သည့် ပမာဏထက် ကျော်လွန်သွားကြသဖြင့် စိတ်အားငယ် ဟန်ဖြင့်သာ ကြည့်နေနိုင်ကြပါတော့သည်။
စတုတ္ထမြောက် ဆေးလုံး ပေါ်လာသည့်အခါ လူတိုင်းသည် ဂိုဏ်း ၃ ဂိုဏ်းမှ ပါဝင်တော့မည် မဟုတ်ဘူး ဆိုတာကို သိနေကြသည်။ ထို့ကြောင့် စတင်၍ နည်းနည်းချင်း ဈေးတင်လိုက်ကြ ပါတော့သည်။
“၈ သိန်းခွဲ . . .”
“၈ သိန်း ၇ သောင်းခွဲ . . .”
“ကိုးသိန်း . . .”
“. . .”
ဈေးမှာ အဆက်မပြတ် မြင့်တက်နေသော်လည်း အရင်အလုံးများထက်တော့ ကျဆင်းသွားမည်မှာ သေချာပါသည်။ ပထမဆုံး ၃ လုံးကဲ့သို့ အကြိတ်အနယ် လေလံလုဆွဲစရာ မလိုတော့ပေ။ မူမျိုးနွယ်မှ မူဇီဟိ ၉ သိန်းခွဲထိ ပေးလိုက်သောအခါ မည်သူမျှ အသံထပ်မထွက်လာတော့ချေ။
အားလုံးသည် ဈေးကျနိုးနိုးဖြင့် စောင့်ဆိုင်းနေကြတာဖြစ်ပြီး ဈေးကျလေ မျှော်လင့်ချက် ရှိနိုင်မည် မဟုတ်ပါလား။
ကွမ်ဝမ်ရှန်ကဲ့သို့ အတွေ့အကြုံရှိသည့် ပညာရှင်များကတော့ ယခုအလုံး၏ ဈေးသည် ၁၀ သိန်း မကျော်နိုင်ဘူးဆိုတာကို နဂိုကတည်းက ခန့်မှန်းမိထားကြပြီးသားပါ။
သို့သော် ထိုအချိန်မှာပဲ ကြည်လင်ပြတ်သားသည့် ကောင်မလေးတစ်ဦး၏ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။
“၁၂ သိန်းခွဲ . . .”
အော်သံနှင့်အတူ စတုတ္ထမြောက် ဆေးလုံးကိုလည်း ဒုတိယ တတိယ အလုံးများနှင့် တန်းတူ ဈေးပေးလိုက်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ များစွာ တိုးပေးလိုက်သဖြင့် အများစုမှ ချက်ချင်းပဲ ဆက်လိုက်ရန် စိတ်မကူးကြတော့ပေ။
ပရိတ်သတ်အားလုံးလည်း အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြလေ၏။ ထိုအသံပိုင်ရှင်မှာ ၀တ်စုံဖြူဝတ်မိန်းကလေးပင်ဖြစ်သည်။
လေလံဈေးတိုးပေးသူမှာ မိန်းကလေး ဖြစ်ကြောင်း တွေ့လိုက်ရသောအခါ သူတို့ဟာ ဒေါသထွက်သွားကြ၏။ စိတ်ထဲမှလည်း –
(ခုနတုန်းက ဂိုဏ်းကြီး ၃ ဂိုဏ်းနဲ့ ပြဿနာ မတက်ချင်လို့ ငါတို့လက်ရှောင်ခဲ့တယ်။ မင်းလို မိန်းကလေးက ကိုယ့်ကိုယ်ကိုယ် ဘာထင်နေလို့ ဒီလောက်ထိ စွာနေရတာလဲ . . .)
မူဇီဟိမှာ ဒေါသအိုး ပေါက်ကွဲမတတ်ပင် ဖြစ်နေလေချေပြီ။
(ငါ့ကို နှောင့်ယှက်မဲ့လူက အမြဲတမ်း ရှိနေတာပဲလား . . . ငါက အားလုံးအတွက် လှောင်ပြောင် စရာကြီးများ ဖြစ်နေပြီလား . . . ဒီတစ်ခါတော့ ငါ ထပ်ပြီး အစော်ကားမခံနိုင်တော့ဘူး။ ဒီတစ်ခါသာ ထပ်ပြီး နောက်ဆုတ်လိုက်မယ်ဆိုရင် လူတိုင်းက ငါတို့မျိုးနွယ်ကို ငကြောက်မျိုးနွယ်လို့ သတ်မှတ် ကြတော့မှာ . . .)
မူဇီဟိ အံကြိတ်ရင်း စိတ်ထဲမှ တွေးနေမိပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset