Chapter – 43
“အံ့သြစရာဆေးလုံးများ”
“ကျွန်တော့်ရဲ့ ဘ၀တစ်ခုလုံးကို လေလံခန်းမထဲမှာပဲ မြုပ်နှံထားခဲ့တာ ကြာပါပြီ။ လေလံပွဲမှာ သုံးတဲ့ ဒီတူလေးကိုလည်း အကြိမ်ထောင်ပေါင်းများစွာ ထုခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီလိုဆေးလုံးကို လေလံပွဲမှာ မိတ်ဆက်ပေးရတာ ဘ၀မှာ ပထမဆုံးပါပဲ။ အလယ်အလတ်သာ ပြောတယ် အရည်အသွေးကလည်း စံချိန်မှီဗျ . . .”
ကွမ်ဝမ်ရှန်၏ စကားများကို နားထောင်ရင်း လူတိုင်း ပြုံးလိုက်မိကြ၏။ အဘယ်ကြောင့်ဆိုသော် အလယ်အလတ်အဆင့်ဆေးမှ အလွန်အရည်အသွေးကောင်းသည်ဟု အလွန်အကျူးကို ညွှန်းနေခြင်း ကြောင့်ပါ။
ဖေးယွမ်ဆေးလုံးများပင် ဖြစ်ပါတော့သည်။
သာမန်လူတစ်ဦး၏ အမြင်အရ ထိုကဲ့သို့သော ဆေးများသည် အလွန်ကို အံ့သြဖွယ်ရာ ကောင်းမွန် အစွမ်းထက်လှ၏။ တစ်လုံးတည်းဖြင့် နေထိုင်မကောင်းသူများ၊ ဒဏ်ရာရထားသူများကို ပြန်လည် ကောင်းမွန်သွားစေမှာဖြစ်ပြီး ခန္ဓာကိုယ်ကိုပါ ကြံ့ခိုင်သွားစေမှာ ဖြစ်ပါသည်။ သို့သော်လည်း ထိုအဆိုသည် သာမန်လူတစ်ဦးအတွက်သာ မှန်ပေလိမ့်မည်။
ကျင့်ကြံမှုပြုလုပ်ကြသည့် ပညာရှင်များအတွက်မူ ဖေးယွမ်ဆေးသည် အဆင့်အနိမ့်ဆုံး မဟုတ်သော်လည်း ထိုမျှအဆင့်လောက် နီးနီးပင်ဖြစ်၏။ ပြောရမည်ဆိုလျှင် ယခုကဲ့သို့ ကွမ်ဝမ်ရှန်မှ အလယ်အလတ်အဆင့်ဆေးလုံးဟု ပြောလိုက်ခြင်းသည် ဆေးလုံးအား အလွန်အမင်း ချီးကျူးရာ ရောက်နေခြင်း ဖြစ်သည်။
ဖေးယွမ်ဆေးသည် ဂိုဏ်းများအတွင်း ဂိုဏ်းသားသစ်များအား အားအင်ပြည့်ဖြိုး တိုးတက်စေရန်နှင့် ကျင့်ကြံမှုများ၏ အခြေခံအဆင့်အား ကောင်းမွန်ခိုင်မာစေရန်အတွက် အသုံးများကြသည်။ အခြေခံ ကောင်းကောင်း ရှိသွားပြီးသည့်အခါ ထိုကဲ့သို့သော အဆင့်နိမ့်ဆေးများအား မလိုအပ်တော့ချေ။
တိုတိုပြောရလျှင် သာမန်လူများအတွက် တန်ဖိုးရှိသည့်အရာ ဖြစ်သော်လည်း ပညာရှင်များအတွက်မူ အသုံးမ၀င်သည့် အရာပါပင်။
သို့သော်လည်း ထိုကဲ့သို့ အဆင့်နိမ့်ဆေးမှ ဒဏ္ဍာရီလာဆေးတိမ်တိုက်များ ဖြစ်ပေါ်စေသည့် အချက်မှာ အားလုံးစိတ်ဝင်စားနေသည့် အချက်ပင်ဖြစ်သည်။
မည်သူမျှ ထိုကဲ့သို့သော အချင်းအရာကို မမြင်တွေ့ခဲ့ဖူးကြချေ။
“အများအားဖြင့်တော့ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ ကိုယ်တိုင်ပဲ တန်ဖိုးသတ်မှတ် အကဲဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီဒဏ္ဍာရီလာ ရတနာကိုတော့ လွင့်မြောတိမ်တိုက်ဂိုဏ်းရဲ့ အကြီးအကဲ ရှောင်မိုယန်၊ အမြဲစိမ်းတောင်ဂိုဏ်းမှ ဒုဂိုဏ်းချုပ် လီချန်ချင်၊ အပြာရောင်မိုးတိမ်ဂိုဏ်း၏ ဂိုဏ်းချုပ် မန်ဝူဖိန် တို့က အကဲဖြတ် ကြည့်ပေးကြပါလိမ့်မယ်။ ကြွကြပါ လူကြီးမင်းတို့ . . .”
ကွမ်ဝမ်ရှန် ဦးညွတ်လိုက်ရင်း လေးလေးစားစားပင် ပြောလိုက်သည်။
ထိုလူသုံးယောက်မှာ ယခုလေလံပွဲသို့ လာရောက်ကြသည့် ပရိတ်သတ်များအတွင်း အင်အား အကြီးဆုံး လူများဟု ဆိုနိုင်ပါသည်။
ချက်ချင်းဆိုသလို ထိုသူ သုံးယောက်လုံး စင်မြင့်ထက်သို့ သွားရောက်လိုက်ကြလေ၏။
ဒဏ္ဍာရီလာဆေးလုံးကို အကဲဖြတ် ကြည့်ရှုနိုင်မည့် အခွင့်အရေးသည် တကယ်ကို စိတ်ဝင်စားဖွယ် ကောင်းသည် မဟုတ်ပါလား။
ခရမ်းရောင်ပုလင်းလေး တစ်လုံးအတွင်းမှ အငွေ့လေးများ ထွက်လျက်ရှိသည်။ ထိုပုလင်းလေး အား စင်လေးတစ်ခုပေါ်တွင် တင်းထားခြင်းဖြစ်သည်။
ခရမ်းရောင်ပုလင်းလေးသည် မူလက အကြည်မဟုတ်ပဲ အနောက်ဖြစ်သော်လည်း အဖုံးဖွင့်လိုက် သည့် အခိုက် တောက်ပသော အလင်းရောင်အချို့ ထွက်ပေါ်လာလေ၏။ ထို့နောက်မှာတော့ ပုလင်းသည် အကြည်ရောင်ဖြစ်လုနီးပါးအဖြစ် ပြောင်းလဲသွားပါတော့သည်။ လေလံပွဲရှိလူတိုင်း ပုလင်းအတွင်းရှိ ဆေးလုံးအား ရှင်းလင်းစွာ မြင်နိုင်နေပါသည်။
ဆေးလုံးမှ ထွက်ပေါ်သည့် တောက်ပပြီး ထူးဆန်းသော အငွေ့အသက်များသည် ပုလင်း၏ အရောင်ကိုပင် နောက်ရာမှ ကြည်သွားစေခြင်းဖြစ်သည်။ ထိုမြင်ကွင်းသည် ပရိတ်သတ်များအားလုံးကို အပြည့်အ၀ကို ဆွဲဆောင်နိုင်သွားပါတော့သည်။
ပုလင်းသည် အလင်းမဖောက်နိုင်သော အနောက်ရောင် ဖြစ်သော်လည်း ထူးခြားအစွမ်းထက်သည့် ဆေးလုံး၏ တောက်ပမှုကြောင့် ကြည်လင်ပြတ်သွားစွာ မြင်နိုင်နေပြီ ဖြစ်သည်။
ပုလင်းမှ ထွက်ပေါ်နေသည့် အဖြူရောင် အငွေ့အသက်များသည် ပုလင်းပေါ်တွင် ရစ်သွင်းလျက် ရှိနေပြီး တိမ်တိုက်ပါးပါးလေး တစ်ခုကဲ့သို့ ဖြစ်တည်နေလေ၏။ မမျှော်လင့်စရာမှာ အဆိုပါတိမ်တိုက်များ သည် လွင့်ပြယ်သွားခြင်း မရှိပဲ အရွယ်အစားရော သိပ်သည်းမှုပါ တဖြည်းဖြည်း တိုးလာနေခြင်းပင် ဖြစ်သည်။ တဖြည်းဖြည်းဖြင့် ပုလင်းအပေါ်တွင် ခြောက်ပေလောက် ရှိသည့် တိမ်တိုက်ကြီးတစ်ခုပင် ဖြစ်ပေါ်လာပါတော့သည်။
အငွေ့အသက်များ ထွက်လာလေလေ တိမ်တိုက်မှာ ကျယ်ပြန့်လာလေလေ ဖြစ်၏။ လုံးဝ ပြန့်ကျဲသွားမည့် ပုံစံ မပေါ်ပါချေ။
တခဏအကြာတွင် သင်းပျံ့လှသည့် အနံ့တစ်ခုသည် ခန်းမတစ်ခုလုံးသို့ လွှမ်းခြုံသွားလေသည်။ အမွှေနံ့သည် စူးရှပြင်းထန်ခြင်း မရှိသော်လည်း ခန်းမတစ်ခုလုံးအား ဖြန့်ကျက်ထားသလို ဖြစ်နေလေ၏။ အဆိုပါ အနံ့ကို ရှူရှိုက်မိသူတိုင်း လန်းဆန်းသွားသလိုကို ဖြစ်သွားကြပါတော့သည်။
ပုလင်းအဖုံး ဖွင့်လိုက်သည်နှင့် ယခုကဲ့သို့ အမွှေးနံ့များ လွှမ်းခြုံလာခြင်းပင် ဖြစ်၏။
“ဒီအနံ့ . . . ဒါက ကောင်းကင်ဘုံက ထူးခြားတဲ့ ဆေးလုံးအနံ့ပါပဲလား . . .”
လွင့်မျောတိမ်တိုက်ဂိုဏ်း၏ ဆေးပညာရှင် ရှီယူ တုန်လှုပ်ဟန်ဖြင့် ဆေးပုလင်းလေးအား ငေးစိုက် ကြည့်နေလေသည်။ သူ၏ မျက်နှာတခုလုံးမှာလည်း အံ့သြနေဟန် အပြည့်ပါပင်။
သူ့ပုံစံမှာ ချက်ချင်းပင် စင်မြင့်ထက်သို့ ပြေးသွားပြီး ဆေးပုလင်းအား လုယုချင်နေသည့် ပုံစံပင် ပေါက်နေပါသေးသည်။
ယခုလို ဆေးတိမ်တိုက်နှင့် ဆေးလုံးအား သူ့တဘ၀လုံး အိပ်မက်မက်နေခဲ့တာ ဖြစ်သည်။
အဆိုပါ ဆေးလုံးမျိုး ပြုလုပ်နိုင်သူသည် ဆေးပညာ၏ အထွတ်အထိပ်အဆင့်ဟုပင် ဆိုနိုင်မည်ဖြစ်ပြီး မည်သူမျှ လုပ်နိုင်ခြင်း မရှိသေးချေ။
ဆေးလုံးအနားတွင် ရပ်နေကြသည့် ရှောင်မိုယန်၊ လီချန်ချင်နှင့် မန်ဝူဖိန် တို့အားလုံးသည်လည်း တုန်လှုပ်စွာ ကြည့်နေလေကြ၏။
နှစ်ပေါင်းတစ်သောင်းလောက်အတွင်း ယခုလို ဆေးတိမ်တိုက်မျိုးကို မည်သူမျှ မမြင်တွေ့ခဲ့ ဖူးကြချေ။ အဆိုပါ ဆေးတိမ်တိုက်မျိုး ကမ္ဘာတွင် မရှိဟုပင် ယူဆခဲ့ကြတာ ဖြစ်၏။
ယခုအခါမှာတော့ အဆိုပါ ဆေးတိမ်တိုက် သူတို့၏ ရှေ့တည့်တည့်သို့ ရောက်နေပြီဖြစ်ပြီး မျက်ဝါး ထင်ထင် မြင်တွေ့နေကြရပြီ မဟုတ်ပါလား။
ကွမ်ဝမ်ရှန်တစ်ယောက် သူ့နားမှ လူသုံးယောက်၏ အံ့သြတုန်လှုပ်နေဟန်ကိုကြည့်ရင်း ဆေးပုလင်း အဖုံးအား ပြန်ပိတ်လိုက်လေ၏။ ဆေးပုလင်းအား ပိတ်လိုက်သည့် အခါမှသာ ပုလင်း အထက်ရှိ တိမ်တိုက်များသည် လွင့်ပြယ်ကုန်ကြလေသည်။ တဖြည်းဖြည်းဖြင့် အရပ်မျက်နှာ အသီးသီးသို့ လွင့်ပျံသွားတာ ဖြစ်၏။
ဆေးတိမ်တိုက်ကြီး ပျောက်ကွယ်သွားသည့်အခါ ကွမ်ဝမ်ရှန်သည် ပုလင်းအဖုံးအား ထပ်မံ၍ ဖွင့်လိုက်ပြန်လေ၏။ ချက်ချင်းဆိုသလို အဖြူရောင်အငွေ့များ ထွက်ပေါ်လာပြီး တိမ်တိုက်တစ်ခုအသွင် ဖြစ်ပေါ်သွားပြန်ပါတော့သည်။
ထိုအပြုအမူသည် ဆေးလောကနှင့် ရင်းနှီးကျွမ်းဝင်နေသည့် ပညာရှင်များအား အလွန်ပင် ဒေါသ ထွက်သွားစေပါသည်။ ကွမ်ဝမ်ရှန်အား မကျေမနပ်ဟန်ဖြင့် လှမ်းကြည့်နေကြလေ၏။
ကွမ်ဝမ်ရှန်သည် တမင်ပင် ဆေးလုံး၏ အာနိသင် လျော့နည်းသွားရန် လုပ်နေသလို ဖြစ်နေသည် မဟုတ်ပါလား။
“လူကြီးမင်းတို့ . . . စိတ်လျော့ကြပါနော်။ ကျွန်တော်က တမင်တကာ ဆေးလုံးကို ဖျက်ဆီးနေတာ မဟုတ်ရပါဘူး။ ဆေးတိမ်တိုက် တကယ်ဖြစ်ပေါ်မပေါ်ကို ၂ ခါတိတိ စမ်းသပ်ပြသပေးတဲ့ သဘောပါ။ ဒီဆေးလုံးဟာ တကယ်ကို အံ့သြစရာ ကောင်းပါတယ်။ အများအားဖြင့် ဆေးလုံးတွေရဲ့ အာနိသင်ဟာ အလင်းရောင်နဲ့ ထိတွေ့ရင်ဖြစ်ဖြစ် တဖြည်းဖြည်း လျော့နည်းသွားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီဆေးလုံးက တော့ ပတ်ဝန်းကျင်မှာရှိတဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်ပါတယ်။ ဒီဆေးလုံးကို မသောက်သုံးရသေးသ၍ ဆေးလုံးရဲ့ အာနိသင်က လုံးဝကို အပြည့်ရှိနေမှာပါ။ လျော့နည်းသွားမှာ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ဒီဆေးလုံးလေးက သူ့ရဲ့ကိုယ်ပိုင်စွမ်းအင်နဲ့ လည်ပတ်နိုင်နေတဲ့ သဘောပေါ့ . . .”
ကွမ်ဝမ်ရှန် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆက်လက်၍ –
“ဒီမတိုင်ခင်တုန်းက ဒီလိုဆေးအရည်အသွေးမျိုး ကမ္ဘာမှာ ရှိနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မိခဲ့ကြ မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဆေးလောကမှာလည်း ဒါမျိုးကို တစ်ခါမှ မှတ်တမ်းတင် ထားခြင်းမျိုး မရှိပါဘူး။ ဒီကမ္ဘာပေါ်ကို ပထမဆုံးအကြိမ်အဖြစ် ရောက်လာတယ်လို့တောင် ပြောလို့ရပါ တယ်။ ပထမဆုံး ဆေးတိမ်တိုက်ဆေးလုံးပါပဲ . . .”
လူတိုင်းသည် တီးတိုးဝေဖန်သံများဖြင့် ဆူညံသွားကြသဖြင့် လေလံခန်းမကြီးတစ်ခုလုံးလည်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပါတော့သည်။
တကယ်ကို ထူးခြားသည့် ပစ္စည်းမဟုတ်ပါလား။
ဆေးလုံးကို လက်ဝယ်ပိုင်ဆိုင်ချင်ကြသည့် လူများမှာလည်း နဂိုကထက်ကို အဆပေါင်းများစွာ လိုချင်တပ်မက်စိတ်များ ဖြစ်ကုန်ကြလေ၏။
ကွမ်ဝမ်ရှန်သည် လေလံပွဲကျင်းပသည့် နေရာတွင် တကယ်ကို ကျွမ်းကျင်သူတစ်ဦးဟု ဆိုရမည် ဖြစ်သည်။
စကားလုံးလေး အနည်းငယ်ဖြင့် ပရိတ်သတ်များ အားလုံး၏ စိတ်နှလုံးကို သိမ်းပိုက်ယူငင် သွားနိုင်စွမ်း ရှိပေလေသည်။
သို့သော်လည်း သူပြောခဲ့သည့် စကားလုံးများ အားလုံးသည် အမှန်တွေချည်းပါပင်။ ဆေးလုံးများ၏ ထူးခြားမှုမှာ လက်ဖျားခါလောက်အောင်ကိုပင်ဖြစ်ပြီး ထိုကဲ့သို့သော ဆေးလုံးများ ရှိနေလိမ့်မည်ဟု မည်သူမျှ တွေးပင် မတွေးခဲ့မိကြချေ။
စင်မြင့်ပေါ်ရှိ လူသုံးယောက်မှာလည်း ခေါင်းညိတ်လိုက်ကြလေသည်။
လေလံခန်းမ အတွင်းရှိ ဆေးပညာရှင် အားလုံး၏ မျက်နှာများတွင် လောဘအရိပ်အယောင်များ အပြည့်ပင် ဖြစ်နေကြသည်။ သူတို့၏ ပုံစံများမှာ ကုတင်ပေါ်တွင် ပြစ်မျိုးမှည့်မထင် လှပသည့် မိန်းမလေး အား တွေ့ရှိလိုက်ကြရသည့် တဏှာကြီးသူများကဲ့နှင့်ပင် တူနေကြလေ၏။
“တစ်ယောက်ယောက်သာ ဒီဆေးလုံးတွေရဲ့ ပြုလုပ်တဲ့ နည်းစနစ်တွေကို ဖော်ထုတ်နိုင်ပြီး အဆင့်မြင့် ဆေးလုံးတွေကို ပြုလုပ်နိုင်သွားမယ်ဆိုရင် . . .”
ကွမ်ဝမ်ရှန် နှုတ်ခမ်းမွှေးကိုသပ်ရင်း ခဏနားလိုက်သည်။ ထို့နောက်မှ ဆက်လက်၍ –
“အဲဒါဆိုရင်တော့ လုံးဝ အောင်မြင်မှုကြီးတစ်ခုလို့ ပြောရမှာပဲ။ သေခြင်းတရားကနေ လွတ်မြောက် နိုင်မဲ့ အခွင့်အရေးတွေ ရလာမှာဖြစ်သလို အကျိုးကျေးဇူးတွေလည်း အများကြီး ဖြစ်ထွန်းလာစေနိုင်မှာ အသေအချာပဲ . . .”
ကွမ်ဝမ်ရှန်၏ စကားများကြောင့် လူတိုင်းဟာ စိတ်မရှည်ဖြစ်လာကြပြီး ဒေါသများပင် ထွက်ကုန် ကြလေ၏။
ယခုလေလံပွဲသို့ လာရောက်ကြသူများ အားလုံးသည် ဦးနှောက်မရှိသည့် အရူးများ မဟုတ်ကြချေ။ ကွမ်ဝမ်ရှန်ပြောသည့် အချက်အလက်များအား သိထားကြပြီးသားပင် ဖြစ်၏။ သူတို့စိတ်ထဲတွင် –
(ဒီလူက ဆေးလုံးတွေရဲ့ တန်ဖိုးကို ကောင်းကင်ထိအောင် မြင့်စေချင်နေတာလား . . .)
ပရိတ်သတ်များအနက် ဆေးပညာရှင်များသည် စိတ်အလှုပ်ရှားနေကြဆုံးပင် ဖြစ်သည်။ တကယ်ကိုပင် ယခုရတနာသည် သူတို့ နှစ်ပေါင်းများစွာ လိုက်လံရှာဖွေနေရသည့် ပစ္စည်းမျိုးပင် ဖြစ်၏။
ပုလင်းအဖုံးကို ပြန်ပိတ်လိုက်ပြီးနောက် ကွမ်ဝမ်ရှန်တစ်ယောက် ပြုံးလိုက်ပြီး –
“ကျေးဇူးအထူးတင်ပါတယ်ဗျာ။ ဧည့်သည်တော်ကြီး ၃ ယောက် ကိုယ့်နေရာကိုယ် ပြန်သွားပြီး ထိုင်လို့ရပါပြီ။ ကျွန်တော်တို့ ဆေးလုံးတွေကို အခုပဲ လေလံတင်ပါတော့မယ် . . .”
ထိုစဉ် အခန်းနံပါတ် ၂ မှ ရှီယူမှ ရုတ်တရက် –
“ဘာတွေလျှောက်ပြောနေတာလဲ နောင်ကြီးကွမ် . . . ဒီလိုဆေးလုံးတွေ ဒီနေ့မှာ ဘယ်နလုံး တောင် လေလံတင်မှာမို့လို့လဲ . . .”
တကယ်တော့ ထိုမေးခွန်းသည် လူတိုင်းသိချင်နေကြသည့် မေးခွန်းပင်ဖြစ်၏။ ထို့ကြောင့် အားလုံး အသက်ပင်မရှူပဲ အဖြေကို နားထောင်နေကြလေသည်။
ထူးခြားအစွမ်းထက်သည့် ဆေးလုံးများသည် တကယ့်ရတနာများပင် ဖြစ်သည်။ သို့သော်လည်း သူတို့ သိရန်လိုအပ်နေသည်မှာ ထိုကဲ့သို့သောဆေးလုံး မည်မျှထိ ရှိနေသလဲဆိုတာပင်ဖြစ်၏။
တစ်လုံးတည်းသာ ဖြစ်မည် ဆိုပါက လူအများစုအတွက် တကယ်ကို ရယူရန် ခက်ခဲပေလိမ့်မည်။ အများအပြား ရှိမည် ဆိုပါက ရရှိနိုင်မည့် ဈေးသည်လည်း ကျဆင်းနိုင်မှာ အသေအချာပါပင်။ အရေအတွက်များမည် ဆိုပါက တန်ဖိုးနည်းမည်မှာ ထုံးစံပင် ဖြစ်သည်။
ကွမ်ဝမ်ရှန် ရယ်မောလိုက်ပြီး –
“အမှန်တိုင်း ပြောရရင် ဒီလိုရတနာမျိုး တစ်လုံးလောက် တွေ့ရရင်တောင် ကံကောင်းတယ်လို့ ပြောရမှာပါ . . .”
ထိုစကားကို ပရိတ်သတ်များ ကြားသောအခါ အားလုံး စိုးရိမ်မကင်း ဖြစ်လာကြတယ်။ အချို့သော ဂိုဏ်းငယ်လေးများသည် အစကတည်းကကို လက်လျော့သွားကြလေ၏။ အစွမ်းထက် အင်အားကြီးအုပ်စု များသည်လည်း မျက်နှာဖြူဖတ်ဖြူရော် ဖြစ်နေကြပါပြီ။ ယခုဆေးလုံးအတွက် အသေအကြေ လေလံဆွဲကြ ရတော့မည် ဆိုတာကို သိနေလေကြ၏။
ကွမ်ဝမ်ရှန်မှ –
“ဒါပေမဲ့ ကံကောင်းတဲ့အချက်က ကျွန်တော်တို့ ဒီနေ့လေလံပွဲအတွက် ဆေးတစ်လုံးမက ရှိနေပါ တယ်။ ခင်ဗျားတို့အားလုံးကို သေချာပေါက် စိတ်မပျက်စေပါဘူး . . .”
အားလုံး အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ တစ်လုံးထက်မကရှိနေသဖြင့် ပိုင်ဆိုင် နိုင်ရန် အခွင့်အလမ်း ပိုများသွားပြီ မဟုတ်ပါလား။ အကယ်၍ ထိုကဲ့သို့သော ဆေးလုံး အများအပြားကိုသာ လေလံဆွဲမည် ဆိုပါက အသေအကြေ လေလံလိုက်ဆွဲစရာ သိပ်မလိုတော့ဘဲ ပိုင်ဆိုင်နိုင်ကြမည် ဖြစ်ပါသည်။
သို့သော်လည်း ကွမ်ဝမ်ရှန်မှ ဆက်လက်ရှ် –
“ဒါပေမဲ့လည်း ဆေးလုံးတွေ အများကြီးတော့ ရှိနေတာလည်း မဟုတ်ပါဘူး . . .”
ချက်ချင်းပင် ပရိတ်သတ်အားလုံးသည် သူတို့၏ရင်ဝကို ဖနောင့်နှင့် ပေါက်ခံလိုက်ကြရသလို ခံစားသွားကြရ၏။
ကွမ်ဝမ်ရှန်အား စင်ပေါ်မှ ဆွဲချပြီး ရိုက်နှက်ပစ်ချင်စိတ်များ ဖြစ်နေကြပြီ ဖြစ်သည်။
ယခုကဲ့သို့ မထိတထိဖြင့် ပရိတ်သတ်ကို ဆွဲဆောင်နေသည်မှာ အမှန်တကယ်ပင် စိတ်အနှောင့် အယှက်ဖြစ်စရာ ကောင်းနေသည် မဟုတ်ပါလား။
“ခင်ဗျားတို့အားလုံး တစ်လုံးတည်းကို လေလံဆွဲကြရမှာ မဟုတ်ဘူး။ နောက်ပြီး ဒီဆေးလုံးက ရှားပါးတဲ့အတွက် အလုံးတိုင်းရဲ့ တန်ဖိုးက တကယ်ကိုကြီးမှာပါ . . .”
လူတိုင်း အတော်ပင် စိတ်တိုနေကြပြီ ဖြစ်သည်။ သူတို့စိတ်ထဲမှလည်း –
(ဒီကောင်ကြီးကတော့ ငါတို့ကို သေအောင် ကစားနေတာထင်တယ် . . .)
“နောင်ကြီးကွမ် . . . ဆေးဘယ်နလုံးလဲ ဆိုတာကိုသာ ပြောပါ။ အတိအကျသာ ပြောဗျာ”
ရှောင်မိုယန် မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
သူသည် အကြီးအကဲတစ်ဦးဖြစ်သဖြင့် ယခုကဲ့သို့ ငမ်းငမ်းတက် ထုတ်ဖော်မေးမြန်းမှုခြင်းမျိုး မလုပ်ချင်ပေ။ သို့သော်လည်း သူတို့၏ လွင့်မြောတိမ်တိုက်ဂိုဏ်းသည် ဆေးပြုလုပ်ခြင်းဖြင့် နာမည်ကြီးခြင်း ဖြစ်သဖြင့် ယခုဆေးလုံးများသည် သူ့အတွက် အလွန်အရေးကြီးသည်ဟု ဆိုနိုင်လေ၏။ ဒါ့အပြင် သူ့လို လူတစ်ဦးမှ ထုတ်ဖော်မေးမြန်းလာပြီ ဖြစ်သည့်အတွက် ကွမ်ဝမ်ရှန်အနေဖြင့် ဖြေကိုဖြေရတော့မည်မှာ အသေအချာပါပင်။
ထိုကဲ့သို့ ဆေးလုံးအရေအတွက် အတိအကျကိုသာ မကြေညာဘူးဆိုပါက လူတိုင်းသည် ပထမဆုံးအလုံးများအတွက် ရေကုန်ရေခမ်း တိုက်ခိုက်ကြမည်ပဲ ဖြစ်သည်။
ရဲရှောင်မှာ ခြေထောက်ချိတ်လျက် အေးအေးဆေးဆေးပဲ ထိုင်နေလေ၏။ သူသည် အခန်း ၁၇ အတွင်း ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ထိုင်နေပြီး လေလံပွဲတစ်ခုလုံးအား ကြည့်နေတာပင် ဖြစ်သည်။
“ဟုတ်ပါပြီ . . . ခေါင်းဆောင်ရှောင်က သိချင်နေတယ် ဆိုမှတော့ ကျွန်တော် ဖြေပေးပါ့မယ်”
ကွမ်ဝမ်ရှန် ပြုံးကာ ပြောလိုက်တယ်။ ဆက်လက်၍ –
“ဆေးတိမ်တိုက် ထုတ်နိုင်တဲ့ ထူးခြားအစွမ်းထက် ဆေးလုံးတွေကိ်ု ကျွန်တော်တို့လည်း ရသ လောက် စုဆောင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ၁၀ လုံးပဲ ရခဲ့တယ်လေ . . .”
ပရိတ်သတ်အားလုံး ဟာခနဲ ဖြစ်သွားကြလေတော့၏ . . .။