Chapter – 42
“၀တ်စုံဖြူဝတ်မိန်းကလေးနှင့်မိုးပြာရောင်ဝတ်မိန်းကလေး”
ဆေးပညာရှင်၏ အမည်မှာ ရှီယူဖြစ်သည်။ ရှီယူလည်း တခဏမျှ စဉ်းစားလိုက်ပြီး –
“ဟုတ်တယ် . . . ဒီလိုမဟုတ်ရင် သူကျန်တဲ့ ပစ္စည်းတွေကို ဈေးကောင်းပေးပြီး ၀ယ်နေမှာ မဟုတ်ဘူး။ ဆေးလုံးတွေအတွက် ဘယ်လိုပဲဖြစ်ဖြစ် ငွေချန်မှာပဲ။ ပြောရမယ်ဆိုရင် အဲဒီဆေးလုံးတွေကမှ ဒီလေလံပွဲရဲ့ အသက်လို့ ပြောရမယ်။ သူ့အနေနဲ့ ကျန်တဲ့ပစ္စည်းတွေ အကုန်ရပြီး ဆေးတစ်လုံးတောင် မရသွားရင် သူ့အတွက် အရှုံးလို့ သတ်မှတ်လို့ရတယ်လေ။ အခုသူက အရှေ့ပိုင်း ပစ္စည်းတွေအတွက်နဲ့ ငွေစတွေ အများကြီး ဖြုန်းပြီးသွားပြီ။ သူသာ တကယ်လို့ ဆေးလုံးကို တကယ်လေလံဆွဲမယ်ဆိုရင် ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး။ လွယ်လွယ်ကူကူပဲ ဆေးလုံးတွေကို ရသွားမှာ။ ဒါပေမဲ့ သူက ဆေးလုံးအတွက် မချန်ပဲ အကုန်သုံးနေတာ ထူးတော့ ထူးဆန်းတယ် . . .”
ရှောင်မိုယန် မျက်မှောင်ကြုတ်လိုက်ပြီး လေသံတီးတိုးဖြင့် –
“တကယ်အဓိပ္ပါယ် မရှိဘူး။ ဒါဆိုရင် အဲဒီဆေးလုံးတွေဆိုတာ သူ့ဟာတွေ မဖြစ်နိုင်ဘူးလား၊ အဲဒါဆိုရင်တော့ အဓိပ္ပါယ် ရှိသွားပြီမလား . . .”
ရှီယူ၏ မျက်လုံးများ ချက်ချင်းပင် အရောင်ဝင်းလတ်သွားသည်။ စကားတစ်ခွန်းမျှ ဆက်မပြော တော့ပဲ ရှောင်မိုယန်ကိုသာ ကြည့်နေလေတော့၏။
သူတို့နှစ်ဦးလုံး တိတ်ဆိတ်သွားကြခြင်း ဖြစ်သည်။
ခဏအကြာတွင် ရှောင်မိုယန် မတ်တတ်ထရပ်လိုက်ပြီး သူ၏ အခန်းတွင်းမှ ထွက်လိုက်တယ်။ ထို့နောက် အခန်းနံပါတ် ၁၇ နားသို့သွားကာ –
“အခန်း ၁၇ က မိတ်ဆွေကြီး . . . ခင်ဗျားရဲ့ နာမည်လေးများ သိခွင့်ရှိမလားဗျ။ ခင်ဗျား စိတ်မရှိဘူးဆိုရင် ကျွန်တော်ခင်ဗျားကို ဖိတ်ခေါ်ချင်လို့ပါ . . .”
သာမန်လူတစ်ဦးသာ ဆိုပါက တဖက်လူ၏ ပြန်လည်ဖြေကြားခြင်းကိုပင် စောင့်ဆိုင်းနေမည် မဟုတ်ချေ။
သူသည် မော်တယ်ကမ္ဘာ၏ ထိပ်သီးဂိုဏ်းကြီး သုံးဂိုဏ်းထဲမှ တစ်ဂိုဏ်းအပါအ၀င်ဖြစ်သော လွင့်မျောတိမ်တိုက်ဂိုဏ်း၏ အကြီးအကဲပင် မဟုတ်ပါလား။
သူ၏ အသံသည် အနည်းငယ် ကျယ်လောင်သွားသည်ဟု ဆိုရပါမည်။
လေလံခန်းမကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတယ်။
လူအချို့သည် ခေါင်းများကို စောင်းငဲ့၍ပင် ရှောင်မိုယန်အား လှည့်ကြည့်ကြလေ၏။
လွင့်မျောတိမ်တိုက်ဂိုဏ်း၏ အကြီးအကဲ ရှောင်မိုယန်မှာ လူချမ်းသာ လူသစ် တစ်ဦးအား အဘယ်ကြောင့်များ ထိုမျှလောက် နူးညံ့သိမ်မွေ့ဟန်ဖြင့် ဆက်ဆံနေသလဲဆိုတာကို သိချင်နေကြလို့ပါ။
ရဲရှောင်ပြုံးကာဖြင့်ပင် –
“အကြီးအကဲရှောင် . . . ခင်ဗျားရော ကျုပ်ရောက ဧည့်သည်တွေလေ။ အိမ်ရှင်တွေရဲ့ လုပ်ပိုင်ခွင့် ကို ကျော်ပြီး ထပ်ဆင့်ဖိတ်ခေါ်နေတယ်ဆိုတာ မလုပ်သင့်ဘူးလို့တော့ ထင်တာပဲ . . .”
ရှောင်မိုယန် ရယ်မောလိုက်ပြီး –
“ဟုတ်ပါတယ် . . . ကျုပ်နည်းနည်း ရိုင်းသွားမိတယ်။ ခင်ဗျားက တကယ်တော်တဲ့ လူပဲ။ ခင်ဗျား အဆင်ပြေတဲ့အခါ ကျုပ်တို့ရဲ့ လွင့်မျောတိမ်တိုက်ဂိုဏ်းကို လာပါဦး။ အမြဲတမ်း ကြိုဆိုနေမှာပါ . . .”
ရဲရှောင် ပြုံးလိုက်ပြီး –
“ခင်ဗျားရဲ့ ဖော်ရွေမှုအတွက် တကယ်ကို ကျေးဇူးပါ။ တနေ့တော့ သေချာပေါက် လာလည်ဦးမှာပါ”
လူတိုင်း အံ့အားသင့်သွားကြကုန်၏။
“ရှောင်မိုယန်က ဟိုလူကို သွားဖိတ်နေပါလား . . .”
“သူက ဘာလို့ ဒီလို လုပ်ရတာပါလိမ့် . . .”
“လူသစ်ကိုများ တော်တယ်တဲ့လား . . . အရိုးသားဆုံး ပြောရရင် အဲဒီလူ တော်တဲ့အချက်များ တစ်ချက်လေးတောင် မတွေ့မိဘူး . . .”
“ပြောရရင် သူက ချမ်းသာတဲ့ လူသစ်လေး တစ်ယောက်ပါကွာ။ ဒီထက်မပိုပါဘူး . . .”
ထိုအချိန် လူတိုင်းသည် ထူးဆန်းသော ခံစားမှုတစ်ခုကို ခံစားနေကြရသည်။ ယခုလေလံပွဲ စကတည်းက လေလံပွဲနှင့် အဆိုပါ လူသစ် ဆက်စပ်မှု ရှိနေမည်ဆိုတာကို ရုတ်တရက် နားလည်သွားကြ သလို ဖြစ်သွားကြခြင်းပါ။
သူ့အကြောင်း ဂဂဏဏ သေချာ မသိကြသော်လည်း ယခုလေလံပွဲ၏ အာရုံစိုက် အခံရဆုံး လူတစ်ယောက် ဖြစ်နေလေချေပြီ။
ယခုအခါ ထိပ်သီးဂိုဏ်းကြီးများထဲ အဆင့် ၃ ဂိုဏ်း အကြီးအကဲမှ လူသူအများရှေ့ ဖိတ်ခေါ်လိုက် ခြင်းကိုပင် ခံလိုက်ရပြီ မဟုတ်ပါလား။
အားလုံးသိချင်နေကြချင်သည်မှာ ရဲရှောင်သည် လူချမ်းသာတစ်ဦးသာလော၊ လျို့ဝှက်ဆန်းကြယ် လှသည့် လူတစ်ဦးလော ဆိုသည့် အချက်ကိုပင် ဖြစ်သည်။
အခန်း ၇ အတွင်းမှ မိုးပြာရောင်ဝတ် မိန်းကလေး ရုတ်တရက် ထရပ်လိုက်ပြီး အခန်း ၁၇ ရှိရာသို့ ထွက်လာခဲ့ပြီး အနားရောက်သောအခါ ဦးညွတ်လိုက်ပြီး –
“ရှင့်ရဲ့ သနားငဲ့ညှာမှုအတွက် ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာ ကျွန်မအဖေအတွက် ဆေးပင် ရခဲ့ရတာပါ။ ရှင့်နာမည်လေးများ သိခွင့်ရှိနိုင်မလား . . . ကျေးဇူးရှင်ရဲ့ နာမည်ကို မမေ့မလျော့ မှတ်ထား ချင်လို့ပါ . . .”
ရဲရှောင် တခဏမျှ အသံတိတ်နေလိုက်ပြီး –
“ငါက ဖန် ပါ . . . ငါမင်းအနိုင်ရသွားတဲ့ ပစ္စည်းကို လိုချင်မိခဲ့ပေမဲ့ ငါ့မှာ ပိုက်ဆံ မလောက်ခဲ့ဖူးလေ။ အဲဒါကြောင့် မင်းကို အရှုံးပေးလိုက်သလို ဖြစ်သွားတာပါ။ မင်းသိပ်ပြီးလည်း ကျေးဇူး တင်စရာ မလိုပါဘူး။ ကိုယ့်နေရာကိုယ်သာ ပြန်နေလိုက်ပါ . . .”
“ဘယ်လိုပဲဖြစ်ဖြစ် ရှင်ရဲ့ မျက်နှာသာပေးမှုကြောင့်လည်း ပါပါတယ်။ ရှင့်ရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး . . .”
မိုးပြာရောင်ဝတ်မိန်းကလေးသည် ဆွဲပြားလေးတစ်ခုအား ရုတ်တရက် ပစ်ပေးလိုက်သည်။ ထို့နောက် ပြုံးလိုက်ပြီး –
“နောင်ကြီးဖန် . . . ရှင်တနေ့ အပြာရောင်လေနိုင်ငံတော်ကို ရောက်ခဲ့မယ်ဆိုရင် ကျွန်မကို လာရှာဖို့ မမေ့ပါနဲ့ . . .”
ရဲရှောင် မိုးပြာရောင်အလင်းတန်းတစ်ချက် သူ့မျက်လုံးထဲ လတ်ခနဲ ဖြစ်သွားတာကို မြင်လိုက်ရပြီး ချက်ချင်းပင် လက်ဖြင့် ဖမ်းလိုက်သောအခါ ဆွဲပြားလေး ဖြစ်နေတာကို တွေ့လိုက်ရ၏။
ရဲရှောင်အနေဖြင့် ထိုမိုးပြာရောင်ဝတ် မိန်းကလေးကိုသာ သေချာစွာ အကဲမခတ်နိုင်ခဲ့ခြင်း ဖြစ်၏။
ထိုမိန်းကလေး အပြာရောင်လေနိုင်ငံတော်မှ လာသည် ဆိုတာကိုလည်း သူကြိုမသိခဲ့ချေ။
ဆွဲပြားလေးကို ဆုပ်ကိုင်နေရင်း အိတ်ထဲထည့်ကာ သိမ်းဆည်းလိုက်ပါတော့သည်။
မိုးပြာရောင်ဝတ် မိန်းကလေးမှ ပြုံးပြလိုက်ပြီးနောက် ဆက်လက်၍ –
“ကျွန်မ သွားပါဦးမယ် . . .”
ထို့နောက်မှာတော့ သူမ၏ အခန်းရှိရာသို့ ပြန်လည် ၀င်ရောက်သွားပါတော့သည်။
ထိုအချိန် အဖြူရောင်နှင့် မိန်းကလေးမှာ လေသံတီးတိုးဖြင့် –
“ဒီမိန်းကလေးက တကယ်ကို ရိုးတော့ မရိုးဘူး . . .”
“သူက အပြစ်ကင်းပြီး သဘောကောင်းတဲ့ လူတစ်ယောက်လို ပုံစံ လုပ်နေတာနဲ့ တူနေတယ်။ သူ့ကိုယ်သူ လူကောင်းတစ်ယောက်အသွင် ဟန်ဆောင်လိုက်ပေမဲ့ ရက်စက်တတ်တဲ့လူတစ်ယောက်လည်း ဖြစ်နိုင်တာပဲ . .တကယ်ကို ခန့်မှန်းရခက်ပြီး ကြောက်ဖို့လည်း ကောင်းတယ်။ ဟိုလူက သာမန်မဟုတ်ဘူး ဆိုတာကို သဘောပေါက်သွားတာနဲ့ ချက်ချင်းကို လှုပ်ရှားတော့တာပဲ။ ဒီလိုမျိုးအပြုအမူကို လူတွေ အများကြီးရှေ့မှာ ရဲရဲတင်းတင်း လုပ်နိုင်ဖို့ဆိုတာ တကယ် မလွယ်ဘူး . . . နောက်ပြီး သူ့ဆီကိုတောင် ဖိတ်ခေါ်နေသေးတယ်။ ကြည့်ရတာ အပြာရောင်လေနိုင်ငံတော်မှာ နေရာတစ်ခုရထားတဲ့ မိန်းကလေးပဲ ဖြစ်ရမယ် . . . တကယ်ကို ကြောက်စရာပါလား . . .”
အဖြူရောင်နှင့် မိန်းကလေးလည်း တကိုယ်တည်း ရေရွတ်နေမိ၏။ ဆက်လက်၍လည်း –
“ဒီနှစ်တွေထဲမှာ ဒီမိန်းကလေးလောက် ဉာဏ်နီဉာဏ်နက်များပြီး ကြံရည်ဖန်ရည်ရှိတဲ့ လူမျိုး မမြင်ဖူးသေးဘူး။ ငါ့အတွက် ပြိုင်ဘက်ကောင်း ဖြစ်လာနိုင်မယ်ထင်တယ် . . .”
သူမနောက်မှ လူတစ်ယောက်မှ နားမလည်ဟန်ဖြင့် –
“သူ့ရဲ့ အရည်အချင်း ဆိုတာတွေကို ကျွန်တော်တော့ဖြင့် မမြင်မိဘူး။ ကျွန်တော်ထင်တာကတော့ သူဒီလိုလုပ်တယ်ဆိုတာ သူဟိုလူနဲ့ လေလံဆွဲနေရင်း ဟိုလူက ထူးဆန်းပြီး သာမန်မဟုတ်ဘူးဆိုတာ သတိထားမိသွားတယ်ထင်တယ်။ အဲဒါကြောင့် အခုလိုသွားပြီး မြောက်ပင့်ပြောဆိုလိုက်တာဖြစ်မယ်။ ကျွန်တော်ကတော့ သူ့ကို အထင်တောင် သေးမိသလိုပဲ။ ဒီလို အရူးမလေးမျိုးက ဘယ်လိုလုပ်ပြီး မိန်းကလေးရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာလဲ . . .”
“မင်းတို့အထင်ကတော့ ဒီလိုဖြစ်ချင်ဖြစ်မှာပေါ့ . . . ငါကတော့ ဒီလို မယူဆမိဘူး။ နောက်ပြီး သူ့မျက်နှာကိုသာ ပိုးသားပဝါနဲ့ အုပ်ထားတယ် ဆိုပေမဲ့ သူ့ခန္ဓာကိုယ် ကောက်ကြောင်းနဲ့ ပုံစံအရ မိန်းမချော မိန်းမလှတစ်ယောက်ပဲ ဖြစ်လိမ့်မယ် . . .”
“ဟုတ်ပါပြီ . . . ဒီမိန်းကလေးတော့ ဟိုလူက ဘာမှ မဟုတ်မှန်း သိတဲ့အခါ နောင်တရတော့မှာ မြင်ယောင်သေးတယ် . . .”
၀တ်စုံနက်ဖြင့်လူလည်း ခနဲ့တဲ့တဲ့ ပြောလိုက်လေ၏။
“ငါမင်းကို အရူးလို့ခေါ်တာလည်း မပြောနဲ့ . . . ဟိုလူက ဘာမှမဟုတ်တဲ့လူဆိုရင်လည်း ကောင်မလေးအနေနဲ့ ဆုံးရှုံးသွားစရာက ဆွဲပြားလေးတစ်ခုပဲ ရှိတာ။ ဒါပေမဲ့ ဒီ ဖန် ဆိုတဲ့လူက သာမန် လူတစ်ယောက် မဟုတ်ဘူးဆိုရင်တော့ သူနဲ့ခင်မင် ရင်းနှီးနိုင်မဲ့ တံတားတစ်စင်းကို တည်ဆောက်လိုက်ပြီး သား ဖြစ်သွားပြီလေ။ တနေ့ သူ့ကို အံ့သြစရာကောင်းမဲ့ အကျိုးအမြတ်တွေတောင် ရရှိစေနိုင်ဦးမယ်။ ငါဒီလောက်ထိ ပြောပြနေတာကိုတောင် နားမလည်နိုင်သေးရင်လည်း မတတ်နိုင်တော့ဘူး . . .”
၀တ်စုံဖြူနှင့် မိန်းကလေးလည်း စိတ်ပျက်ဟန်ဖြင့် ပြောလိုက်၏။
သူမ တွေးနေမိသည်မှာ –
(သခင်ကြီးရေ ဒီလူတွေကို သေချာလေး ပညာသင်ပေးစမ်းပါဦး . . . အချို့ကတော့ တိုက်ခိုက်ရေး ပညာမှာ ကျွမ်းကြပါရဲ့ ဉာဏ်ကတော့ တုံးလိုက်တာဆိုတာ ဟူး . . .)
ထိုအချိန်မှာပဲ ၀တ်စုံဖြူဝတ် မိန်းကလေးမှ ကျယ်လောင်သော လေသံဖြင့် –
“မိုးပြာရောင်မိန်းကလေးရေ . . . မင်းနာမည်ကို သိခွင့်ရှိနိုင်မလား . . .”
မိုးပြာရောင်မိန်းကလေးလည်း အသံကြားသောအခါ လှည့်ကြည့်လိုက်သည်။ ထို့နောက် –
“မင်းနာမည်ကရော ဘယ်လိုခေါ်လဲဟင်၊ ငါ့ရဲ့နာမည်က ၀မ်ရမ်လို့ခေါ်တယ်။ ဒါပေမဲ့ မင်းကတော့ ကြားဖူးလိမ့်မယ်လို့ မထင်ဘူး . . . မင်းက ခင်ဖို့ကောင်းတယ်လို့ ငါထင်မိတယ်။ အရမ်းလည်း လှတဲ့အတွက် နာမည်လှလှလေး ရှိမယ် ထင်တယ်နော် . . .”
၀တ်စုံဖြူနှင့် မိန်းကလေးမှ ပြုံး၍ –
“၀မ်ရမ်ရေ ငါ့နာမည်ကတော့ ချူးအာ လို့ခေါ်ပါတယ် . . .”
“ချူးအာ . . . နောက်ကျမှ သောက်စရာတစ်ခုလောက် အတူတူသောက်ကြတာပေါ့ . . .”
မိုးပြာရောင်ဝတ် မိန်းကလေးလည်း ချိုသာစွာပြောလိုက်ပြီးနောက် သူမ၏ အခန်းတွင်းသို့ ပြန်လည်၍ ၀င်ရောက်သွားတော့သည်။
ချူးအာလည်း ပြုံးလျက်ဖြင့် တီးတိုးရေရွတ်မိသည်မှာ –
“၀မ်ရမ် . . . ဒါက အပြာရောင်လေနိုင်ငံတော်က တော်ဝင်မိသားစုတွေမှာ ရှိတဲ့ နာမည်မျိုးပဲ”
သူမ၏ မျက်နှာတွင် အဓိပ္ပါယ်ရှိသော အပြုံးတစ်ခု ပေါ်သွားလေ၏။
မိုးပြာရောင်ဝတ် မိန်းကလေး အခန်းတွင်း ပြန်ရောက်သည့်အခါ သက်လတ်ပိုင်းအရွယ် မိန်းမမှ –
“မိန်းကလေး . . . မင်းနာမည်ကို ဘာလို့ ပြောပြလိုက်ရတာလဲ။ သိပ်ပြီး သိသာလွန်းမနေဘူးလား”
မိုးပြာရောင်ဝတ် ကောင်မလေး နူးညံ့စွာ ပြုံးလိုက်ပြီးနောက် –
“ငါက ဒီကို ပြန်လာခါစဆိုတော့ ငါ့ကိုယ်ငါ နည်းနည်းလောက် ထင်ရှားအောင် လုပ်ပြသင့်တယ်လို့ ထင်လို့ပါ။ အခုချိန် ငါတို့နိုင်ငံရဲ့ အခြေအနေကလည်း သိပ်ပြီး မကောင်းပါဘူး . . .”
“ဒါပေမဲ့ ငါတော့ ကြောက်နေမိတယ်။ ချန်နိုင်ငံတော်က မင်းကို နာကျင်စေမှာစိုးလို့ပါ . . .”
သက်လတ်ပိုင်းအရွယ် မိန်းမလည်း ပြောလိုက်လေ၏။
“ဒါဆိုရင်လည်း . . . သူတို့ကြိုးစားကြည့်ပါစေ။ သူတို့ လာသတ်မယ်ဆိုရင်တောင် ငါ့ဓားကို ကိုင်ထားဦးမှာပါ။ င့ါဓားက လူ ၃ သန်းကို သတ်ခဲ့တာနော် . . .”
လေလံခန်းမကြီးလည်း ထပ်မံ၍ တိတ်ဆိတ်သွားပြန်၏။
လူများသည် ဖန်ဇီလင်အပေါ် အာရုံစိုက်ရာမှ လေလံပွဲဆီသို့ စိတ်ပြန်ရောက်ရှိသွားကြပြီ ဖြစ်၏။
နောက်ဆုံးလေလံဆွဲမည့် ပစ္စည်းများ အလှည့်သို့ ရောက်လာပြီ ဖြစ်သည်။
မူမျိုးနွယ်မှ လူနှစ်ဦးမှာ မျက်နှာမကောင်းကြချေ။
သူတို့ သတ်ချင်နေလောက်အောင် မုန်းတီးသည့် လူသည် ယခုအခါ လူစိတ်ဝင်စားမှု အခံရဆုံး ဖြစ်နေပြီး ထို့ကြောင့်ပင် သတ်ဖြတ်ရန် မလွယ်ကူလောက်ဟု တွေးမိနေမိသည်။ တကယ်ပင် မကျေမနပ် ဖြစ်နေကြလေ၏။
စင်မြင့်ထက်သို့ ကွမ်ဝမ်ရှန် ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။
သူသည် လက်ရှိအချိန်တွင် နားမလည်နိုင်အောင်ကို ဖြစ်နေမိလေ၏။
ဖန်ဇီလင်သည် သူ့အကြောင်း သိုသိုသိပ်သိပ်ထားပေးရန် ပြောဆိုခဲ့သော်လည်း ယခုအခါ လူအများ၏ စိတ်ဝင်စားမှုကို ခံရအောင် လုပ်လိုက်သည် မဟုတ်ပါလား။ မူလက ဆေးလုံးများ၏ ပိုင်ရှင်အဖြစ် သူတို့လေလံခန်းမမှ ခံယူရန် ပြင်ဆင်ထားခဲ့ကြသော်လည်း ယခုအခါမှာတော့ ရိပ်မိသူများ ရိပ်မိနေကြပြီဖြစ်လေ၏။
(မင်းဒီလောက်တောင် ကြွားချင်နေရင်လည်း ဘာလို့ သိပ်ပြီး လျို့ဝှက်ချင်ယောင် ဆောင်နေခဲ့ သေးလဲ . . . ငါ့မှာတော့ သူ့အကြောင်းကို အကြာကြီး နှုတ်ပိတ်ထားခဲ့လိုက်ရတာ။ သူက အခုကြတော့ ပေါ်တင်ကို နေနေတော့တာပဲ . . .)
ကွမ်ဝမ်ရှန် စဉ်းစားနေမိခြင်း ဖြစ်သည်။
စင်မြင့်ထက်သို့ ပြန်ရောက်သည့်အခါ လူတိုင်း သူ့ကို မျှော်လင့်တကြီး စောင့်မျှော်နေကြောင်း တွေ့ရှိလိုက်ရသည်။
“နောက်ထပ်ပစ္စည်းလေးကတော့ နောက်ဆုံး ပစ္စည်းလေးပဲ ဖြစ်ပါတယ် . . .”
ကွမ်ဝမ်ရှန် ရယ်မောလျက် ပြောဆိုလိုက်တယ်။ ထို့နောက် လည်ချောင်း အနည်းငယ်ရှင်းကာ ကျယ်လောင်လှသည့် အသံဖြင့် –
“ဒီကပရိတ်သတ်တွေ အကုန်လုံး ဆေးတိမ်တိုက်တောင် ဖြစ်စေနိုင်တဲ့ ဒဏ္ဍာရီလာ ဆေးလုံး အကြောင်းကို သိထားကြပြီးသား ဖြစ်မှာပါ . . .”
“အရိုးသားဆုံး ပြောရရင် ကျွန်တော့်အတွက်လည်း နှစ်ပေါင်းများစွာ အသက်ရှင်သန် နေထိုင်ခဲ့သမျှ ကာလတလျှောက် ဒီလိုရတနာကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးတာပါ . . .”
ကွမ်ဝမ်ရှန် ပြုံးလျက်ပင် ဆက်လက်၍ ကြေညာနေပါတော့သည် . . .။