Switch Mode

Chapter – 41

ဘယ်သူမှမယူချင်ရင် ငါယူမယ်

Chapter – 41
“ဘယ်သူမှမယူချင်ရင်ငါယူမယ်”

ကွမ်ဝမ်ရှန်မှ –
“အားလုံးလည်း ဒီပစ္စည်းလေးအကြောင်းကို သိနေလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် အထူးတလည် မိတ်ဆက်ပေးမနေတော့ဘူးနော်။ ဒီပစ္စည်းလေး ကျွန်တော်တို့ဆီရောက်တာ နှစ်တစ်ရာ ကျော်ပါပြီ။ ကျွန်တော်တို့လည်း ဒီကောင်လေးရဲ့ တန်ဖိုးနဲ့ အသုံးဝင်ပုံကို တော်တော်လေး လေ့လာလိုက် ရတယ်။ လိုချင်တဲ့ ဘယ်သူမဆို ဈေးစခေါ်လိုက်ရပါတယ်။ ဒီပစ္စည်းလေးအတွက် ကြမ်းခင်းဈေး မသတ် မှတ် ထားပါဘူး။ ကဲ . . . စလိုက်ကြတာပေါ့ . . .”
သူ့စကား ဆုံးသည့် အချိန်တွင် လေလံခန်းမကြီးတစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။
လူတိုင်း အဆိုပါ မရဏကျောက်တုံးအား သေချာ သိနေကြ၏။
တကယ်ပင် ထူးခြား၍ လျို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နေသော ကျောက်တုံးလေးဖြစ်ပြီး တန်ဖိုး ရှိသည့် ပစ္စည်းတစ်ခု ဖြစ်သည်ဆိုတာ ငြင်းရနိုင်မည် မဟုတ်ပေ။ အမြင်အားဖြင့် ကျောက်တုံးတစ်တုံးသာ ဖြစ်သော်လည်း ထိုပစ္စည်း၏ လျို့ဝှက်မှုနဲ့ပင် တန်ဖိုးရှိနေတာ ဖြစ်သည်။
သို့သော်လည်း နှစ်ပေါင်း ၃၀၀၀ ကြာမြင့်ပြီးသည့်တိုင် ထိုကျောက်တုံးလေး၏ အသုံးဝင်ပုံ အတိအကျကို မည်သူမျှ မဖော်ထုတ်နိုင်သေးပေ။
အဆိုပါ ကျောက်တုံးသည် ဖြတ်တောက်၍လည်းမရ၊ ချေမွ၍လည်း မရ၊ အရည်ပျော်အောင်လည်း လုပ်၍ မရနိုင်ချေ။
အလွန်အေးစက်သော ဂုဏ်သတ္တိရှိသည်ဆိုသည့် အချက်မှလွဲ၍ ရေရေရာရာ ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် ကျောက်တုံးလေး ဖြစ်၏။
အချို့မှာ ထိုကျောက်တုံးအား အေးခဲသည့်နေရာများတွင် အသုံးပြုရန် စဉ်းစားကြသည်။ ဥပမာ အားဖြင့် အပူဒဏ်ကို ကာကွယ်သည့်နေရာ၊ သောက်စရာများကို အအေးခံသည့်နေရာ စသဖြင့် အသုံးပြုရန် ရည်ရွယ်ကြပါသည်။ သို့သော်လည်း ထိုကဲ့သို့ အသုံးပြုခြင်းသည် တကယ်ကို ရူးမိုက်သည့် အတွေးပင် မဟုတ်ပါလား။ အနည်းဆုံးတော့ အသုံးဝင်သည့် နေရာတစ်ခုခုတွင် အသုံးပြုသင့်တာ ဖြစ်ပေသည်။
သို့သော်လည်း ပြဿနာမှာ ထိုကျောက်တုံးလေးမှ ထွက်သည့် အေးစက်သည့် ချီဓာတ်သည် သာမန်မဟုတ်ချေ။ အလွန်ကို အေးစက်ပြီး ထူးခြားသော ခံစားမှုကို ပေးပါသည်။ ကောင်းကင်အဆင့် ပညာရှင်ပင် ထိုကဲ့သို့ အေးစက်မှုဒဏ်ကို နေ့စဉ်ရက်ဆက် ခံနိုင်မည် မဟုတ်ပေ။ ကျင့်ကြံမှုအတွက်လည်း အသုံးမ၀င်ရုံမျှမက ခန္ဓာကိုယ်ကိုပင် ပျက်ဆီးမှု ဖြစ်စေနိုင်ဦးမည် ဖြစ်သည်။
လူတိုင်း အသေအချာ သိသည့်အချက်မှာ ထိုပစ္စည်းကိုသာ ကောင်းစွာ အသုံးချနိုင်မည် ဆိုပါက အစွမ်းထက်သည့် ပစ္စည်းတစ်မျိုးဖြစ်မည်ဆိုတာကိုပါပဲ။
သို့သော်လည်း သူတို့အားလုံး၏ စိတ်ထဲတွင် တူညီသော မေးခွန်းတစ်ခု ရှိနေလေ၏။
အဆိုပါကျောက်တုံးကို မည်သူက အသုံးချနိုင်မည်နည်း၊ မည်ကဲ့သို့ အသုံးချရမည်နည်း ဟူသော မေးခွန်းပဲ ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ အတွင်းတွင် မည်သူမျှ အောင်မြင်အောင် မကြိုးစားနိုင်ခဲ့ကြချေ။ မည်သည့် တိုးတက်မှုမျှလည်း မြင်တွေ့ခဲ့ကြဖူးခြင်းမရှိသဖြင့် အဆိုပါ မေးခွန်းများ မှာ အဖြေမရှိသော မေးခွန်းများ ကဲ့သို့ပင် ဖြစ်နေကြလေ၏။
အဆိုပါ ကျောက်တုံး၏ အေးစက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော လူများပင် ရှိခဲ့ပါသည်။ အချိန် ကြာလာသည်နှင့်အမျှ အဆိုပါ အေးစက်မှုဒဏ်ကို လူတိုင်း ကြောက်ရွံ့လာခဲ့သည်။ ထို့ကြောင့်ပင် အဆိုပါ မရဏ ကျောက်တုံး၏ ပဟေဠိဆန်မှုအာား မည်သူမျှ မဖော်ထုတ်ရဲကြတော့ခြင်း ဖြစ်၏။ အချို့ဆို လျှင် အနားပင် မကပ်ချင်ကြပေ။
ထို့ကြောင့်ပင် ထိုပစ္စည်းအကြောင်း ကြေညာလိုက်သောအခါ လူတိုင်း တိတ်သွားကြခြင်းဖြစ်သည်။
လေလံခန်းမကြီးတခုလုံး တိတ်ဆိတ်လျက် ရှိနေသည်။
ကွမ်ဝမ်ရှန်မှာလည်း ယခုအခြေအနေကို မျှော်လင့်ထားခဲ့ပြီး ဖြစ်သကဲ့သို့ပင် စင်မြင့်ထက်တွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေလေ၏။
ကျောက်စိမ်းတောင်ဝှေးအား လေလံပစ်ခဲ့စဉ်တုန်းက ကွမ်ဝမ်ရှန် စိုးထိတ်နေမိသော်လည်း ယခုအခါမှာတော့ အခြေအနေခြင်းမှာ မတူချေ။ မရဏကျောက်တုံးအား လေလံဆွဲသည့်ကိစ္စ မအောင်မြင် နိုင်ဟုလည်း လူတိုင်း တွေးနေမိကြသည်။
တကယ်တော့ အဆိုပါ ကျောက်တုံးအား ထုတ်ပြလိုက်ခြင်းမှာ လင်းပါအို လေလံခန်းမအနေဖြင့် ရှားပါးပစ္စည်းများ စုဆောင်းထားနိုင်သည်ဆိုသော ဂုဏ်ကို လိုချင်၍ပဲ ဖြစ်၏။
အကယ်၍ တစုံတစ်ဦးမှ လိုချင်၍ ဈေးကောင်း ပေးဝယ်မည် ဆိုပါကလည်း အကျိုးအမြတ် ရမည် မဟုတ်ပါလား။ သို့သော်လည်း မည်သူမျှ မ၀ယ်ချင်ကြဘဲ ခန်းမကြီးတခုလုံး တိတ်ဆိတ်မြဲ တိတ်ဆိတ် လျက် ရှိနေပါတော့သည်။
ယခုပစ္စည်းလေးနဲ့ ပတ်သက်၍ လင်းပါအို လေလံခန်းမသည် အမြဲလိုလို ခေါင်းကိုက်ခဲ့ရတာ ဖြစ်ပါသည်။
ထူးခြားပါလျက် တန်ဖိုးမရှိ စိတ်ဝင်စားခြင်း မခံရသော ပစ္စည်းလို ဖြစ်နေလို့ပါပဲ။
လင်းပါအို လေလံခန်းမနှင့် မရဏကျောက်တုံးလေးတို့တွင် အတိတ်ပုံပြင်တစ်ပုဒ် ရှိခဲ့ဖူးလေ၏။ ထိုအချက်ကြောင့်ပင် လေလံပွဲလုပ်စဉ် ယခုကျောက်တုံးလေးအား ထုတ်ပြရခြင်း ဖြစ်သည်။
လင်းပါအိုခန်းမ၏ ပိုင်ရှင်ဖြစ်သူ ၀မ်ဇန်ဟိုသည် လေလံလုပ်ငန်းဖြင့် စီးပွာရေးကို စတင်ခဲ့သည်။ ထိုအချိန် လူတိုင်း၏ အာရုံကို မဖမ်းစားနိုင်ခဲ့သဖြင့် သူ၏ စီးပွားရေးမှာလည်း အကျဘက်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့၏။
တစ်နေ့တွင် မရဏကျောက်တုံးလေး ပေါ်လာပြီး လူတိုင်းသည် ထိုကျောက်တုံးလေးအား မလိုချင် ခဲ့ကြပေ။ သို့သော်လည်း ၀မ်ဇန်ဟိုသည် သူ့အတွက် အခွင့်အရေး ရလာပြီဆိုတာကို သိလိုက်သည်။ သူသည် ဆုံးဖြတ်ချက်ခိုင်မာသည့် လူတစ်ဦး ဖြစ်သည်နှင့်အညီ အဆိုပါ ကျောက်တုံးလေးအား ရရှိစေရန် အတွက် သူ့ပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းလောက်ထိကို အသုံးပြုခဲ့သည်။
ထို့နောက်မှာတော့ လေလံခန်းမလည်း ထင်ရှားကျော်ကြားလာပြီး ထိုအချိန်မှစ၍ မရဏ ကျောက်တုံးလေး၏ သတင်းမှာလည်း ဟိုးလေးတကျော်ကျော် ဖြစ်လာ၏။ ကျောက်တုံးလေးဖြင့် တွဲ၍ သိကြခြင်းဆို ပို၍ မှန်ပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ လင်းပါအိုခန်းမအား မသိသူ မရှိလောက်အောင်ကို ထင်ရှားလာခဲ့ လေသည်။
သို့သော်လည်း မမျှော်လင့်စရာ အဖြစ်အပျက်မှာ အဆိုပါ ကျောက်တုံးကို ရောင်းထွက်ခဲ့သည့် အခါတိုင်း ကျောက်တုံးလေးသည် လေလံခန်းမထံသာ ပြန်၍ ရောက်ရှိနေနေတာပါပဲ။ ထိုကဲ့သို့သော အဖြစ်အပျက်မှာ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် အကြိမ်ဒါဇင်ပေါင်းများစွာ ရှိနေပြီဖြစ်၏။ ၀ယ်ယူသွားသည့် လူများမှာ လေလံခန်းမသို့ ပြန်၍ ရောင်းခဲ့ကြပုံပါပဲ။
လွန်ခဲ့သော နှစ် ၁၀၀ လောက်အတွင်း ကျောက်တုံးလေးသည် သိုလှောင်ခန်းအတွင်းမှာသာ ရှိနေ ခဲ့တာဖြစ်ပြီး မည်သူမျှလည်း ထိုကျောက်တုံးအကြောင်း မမေးမြန်းခဲ့ကြချေ။
လေလံခန်းမသည် မည်သူမျှ မလိုချင်သည့် ကျောက်တုံးလေးတစ်ခုကို မှီ၍ နာမည်ကြီးကြီးလာ ခြင်းဆိုလည်း မမှားပါဘူး။
သို့သော်လည်း လေလံခန်းမ အနေဖြင့် အဆိုပါ ကျောက်တုံးလေးသည် ရတနာတစ်ပါးကဲ့သို့ပင် ဖြစ်၏။ သူတို့၏ အောင်မြင်မှုအစဟု ပြော၍ရပြီး ထိပ်တန်းပစ္စည်းများထဲမှ တစ်ခုဆိုလည်း မမှားပါချေ။
ထို့ကြောင့် လေလံပွဲကြီး ကျင်းပသည့်အခါတိုင်း သူတို့သည် မရဏကျောက်တုံးအား ထုတ်ပြလေ့ ရှိကြသည်။
သူတို့ လေလံခန်းမ၏ အခေါ်အရ ယခုလိုပွဲတွင် ထုတ်ဖော်ပြသခြင်းအား “ကံကောင်းသည့်လူကို ရှာခြင်း” ဟုပင် နာမည်ပေးထားကြ လေ၏။
လူတိုင်းသည် လေလံခန်းမအနေဖြင့် အဆိုပါ ကျောက်တုံးရောင်းထွက်ပါက ကံကောင်းမည်ဟု ယူဆကြလိမ့်မည်ဟု အတွေးပေါက်နေကြတာပဲ ဖြစ်ပါတော့သည်။
အဆိုပါကျောက်တုံးလေးသည် လေလံခန်းမပိုင်ရှင်၏ ပရိယာယ် ကြွယ်ဝမှုကြောင့် အောင်မြင်မှုများကို ဆောင်ကြဉ်းပေးခဲ့ပြီး ယခုအခါမှာတော့ လေလံခန်းမကြီးလည်း အတော်ကို အောင်မြင်နေပြီ ဖြစ်သည်။
သို့သော်လည်း လူများသည် အဆိုပါ ကျောက်တုံးနှင့် ခန်းမအား လုပ်စားနေသည်ဟု သတ်မှတ်၍ ရယ်စရာကဲ့သို့လည်း ပြောဆိုနေကြပြီဖြစ်သဖြင့် အဆိုပါ ကျောက်တုံးရှိနေခြင်းသည် သူတို့အတွက် အနှောင့်အယှက်လို ဖြစ်နေကြပုံပါပဲ။
သူတို့အတွက် အောင်မြင်မှုများ ဆောင်ကြဉ်းပေးခဲ့သည့် ပစ္စည်းလေးသည် ယခုအခါ အမှိုက်ကဲ့သို့ အနှောင့်အယှက်ဖြစ်နေပြီး လူရယ်စရာလည်း ဖြစ်နေလေချေပြီ။
အဆိုပါက ကျောက်တုံးလေးအား စွန့်ပစ်လိုက်၍ဖြစ်စေ၊ သိမ်းဆည်းထား၍ဖြစ်စေ အဆိုပါ ကျောက်တုံးကို မြင်သည်နှင့် လင်းပါအိုကမှန်း တကမ္ဘာလုံးမှ သိနိုင်ကြလေသည်။ ထိုကဲ့သို့သော ပြဿနာ ကို ဖြေရှင်းရန်မှာ လူသူများစွာရှေ့တွင် ရောင်းချခြင်းသာ ဖြစ်ပေသည်။
သူတို့ဝယ်ယူခဲ့သည့်အရာကို ပြန်လည် ရောင်းချခြင်းသည် မှားသော လုပ်ရပ်တစ်ခုတော့လည်း မဟုတ်ပေ။
ကွမ်ဝမ်ရှန်သည် ကျောက်တုံးလေးအား ရောင်းရန် စေခိုင်းခြင်း ခံခဲ့ရသောအခါ ၀မ်းပန်းတနည်း ဖြစ်ခဲ့၏။ သံယောဇဉ်ရှိနေပြီ ဖြစ်သော်လည်း သူတို့၏ အခက်အခဲကို ဖြေရှင်းရမည် မဟုတ်ပါလား။
ပရိတ်သတ်အားလုံး တိတ်ဆိတ်နေပြီး ၀ယ်သူမရှိလောက်ဟု ထင်သဖြင့် ကွမ်ဝမ်ရှန်သည် ပြန်သိမ်းရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် သခင်ကြီးဖန်၏ အသံကို ကြားလိုက်ရလေ၏။
“၂ သိန်းခွဲ . . .”
ကွမ်ဝမ်ရှန်လည်း အဆိုပါ အသံကို စိတ်အနှောင့်အယှက် ဖြစ်မနေတော့ချေ။ စိတ်ထဲမှ ၀မ်းသာ၍ပင် သွားလေ၏။
ထူးခြားအစွမ်းထက်သော ဆေးလုံးများ ၀ယ်ယူခဲ့ပြီးနောက်ပိုင်း ယခုလောက် ၀မ်းသာခဲ့ဖူးခြင်း မရှိခဲ့ပေ။
သူစဉ်းစားနေမိသည်မှာ –
(ဘုရားမတာပဲ . . . ဒီလူက တကယ့်ကို ကယ်တင်ရှင်။ ငါတို့ရဲ့ အခက်အခဲကြီးကို ဖြေရှင်းပေးလိုက်တာပဲ။ ငါတို့ဆီကို ပြန်မရောင်းဖို့လည်း ငါမျှော်လင့်ပါတယ်။ နောင်ကြီးဖန် . . . တကယ် ကို ကျေးဇူးတင်ပါတယ် . . .”
လူတိုင်းသည် အခန်း ၁၇ အား အချဉ်မိသွားသော လူတစ်ဦးအား ကြည့်သော အကြည့်မျိုးဖြင့် ကြည့်လိုက်ကြလေ၏။
“ဒီမရဏကျောက်တုံးရဲ့ အကြောင်းကို ဒီလူ မသိဘူးထင်တယ် . . .”
“ဒီကျောက်တုံးအတွက်နဲ့ ငွေစ ၂ သိန်းခွဲတောင် သုံးလိုက်တာပဲ . . .”
“ငါထင်တာတော့ ၀မ်ဇန်ဟို ၀ယ်ခဲ့တယ်ဆိုတာ ဒီဈေးလောက်တောင် ရှိပမလားပဲ . . .”
“ဒီလိုကျောက်တုံးအတွက် ဘယ်သူမှ ဒီလောက်အများကြီး အကုန်အကျ မခံလောက်ဘူး . . .”
“သူက တကယ်ကို ချမ်းသာပြီး ရူးမိုက်တဲ့ လူတစ်ယောက်ပဲ . . .”
“ကြည့်ရတာ သူက ပစ္စည်းတိုင်းကို ဈေးပေါပေါနဲ့ရမယ်ထင်ပြီး အကုန်သိမ်းကြုံးဝယ်ချင်နေတာ ဖြစ်မယ်။ ငါထင်တာ မမှားလောက်ပါဘူး . . .”
၀တ်စုံဖြူနှင့် မိန်းကလေးသည် မျက်မှောင်ကြုတ်လျက် တစ်ခုခုအား တွေးတောနေမိ၏။ ကျောက်တုံးအား ၀ယ်သင့်မ၀ယ်သင့် စဉ်းစားနေတာဖြစ်ပြီး သို့သော်လည်း ချက်ချင်းပဲ သူမ၏ အတွေးကို ပြောင်းလဲလိုက်လေသည်။
သူမအနေဖြင့် လျို့ဝှက်ဆန်းကြယ်သည့် သခင်ကြီးဖန်နှင့် အတိုက်အခံ မဖြစ်ချင်တော့ပေ။ အထူးသဖြင့် သူမတို့ အနည်းငယ် အတိုက်အခံဖြစ်ပြီးကတည်းက ဖြစ်၏။ ဒါ့အပြင် ယခုလို သူမ စွမ်းအင်များ မပြည့်စုံသေးသည့် အခိုက်အတန့်တွင် အကျိုးမရှိပဲ အန္တရာယ်များသည့် ကျောက်တုံးအား မလိုချင်တော့ချေ။
ထူးဆန်းသော ကျောက်တုံးတစ်တုံးအတွက်ဖြင့် ငွေမဖြုန်းလိုတော့တာလည်း ဖြစ်လေ၏။
ရဲရှောင်မှာမူ တခြားသူများနှင့် မတူသော ခံစားမှုမျိုးအား ခံစားမိနေလေသည်။ တခါမျှ မဖြစ်ခဲ့ဖူး သော စိတ်လှုပ်ရှားမှုမျိုးလည်း ဖြစ်နေ၏။
သူ၏ ဟင်းလင်းပြင်ကြီအား ချဲ့ထွင်ရန်အတွက် လေလံခန်းမမှ တန်ဖိုးရှိသည့် ဆေးပင်များ၊ ရတနာ ပစ္စည်းများအား ၀ယ်ယူချင်ခဲ့တာဖြစ်သည်။ တကယ်တော့ ယခုလို ကျောက်တုံးတစ်တုံးကို စိတ်တော့ မ၀င်စားခဲ့ချေ။
သို့သော်လည်း ကျောက်တုံး ထွက်ပေါ်လာသည်နှင့် ခန်းမတခုလုံး အေးစက်သွားပြီး သူ၏ ကိုယ်တွင်းရှိ ဟင်းလင်းပြင်မှာလည်း ရုတ်တရက် တုန်သွားခဲ့၏။
မှော်ကျောက်ဖရုံအား စုပ်ယူခဲ့စဉ်ကထက်ပင် ပိုမို ပြင်းထန်သော လှုံ့ဆော်မှုမျိုး ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ထိုအချက်ကြောင့် ရဲရှောင်သည် အလွန်အမင်းကို အံ့သြနေမိလေ၏။
သူ၏ ဟင်းလင်းပြင်ကြီးမှ အလွန်ကို လိုချင်တပ်မက်နေမှုကိုပင် ခံစားသိရှိနေသလို ဖြစ်နေလေ သည်။
ထိုအချက်အရ ယခုကျောက်တုံးသည် မှော်ကျောက်ဖရုံထက်ပင် ပို၍ ကောင်းမွန်နိုင်သည်ဟု ယူဆ၍ ရနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ ဟင်းလင်းပြင်ကြီးအတွက် အကျိုးရှိမည်မှာတော့ အသေအချာပါပင်။
ထို့ကြောင့် ရဲရှောင်လည်း တုန့်ဆိုင်းနေခြင်းမရှိပဲ မြင့်မားလှသည့် ကြမ်းခင်းဈေး ၂ သိန်းခွဲကို ပေးလိုက်ခြင်း ဖြစ်လေ၏။
တခြားလူများအတွက် အသုံးမ၀င်ဖြစ်နေသည့် ကျောက်တုံးလေးသည် သူ၏ တိုးတက်မှုကို မြင့်တင်ပေးနိုင်သော ရတနာတစ်ပါး ဖြစ်မည်ဆိုတာကို သူသိနေလေသည်။
သူ့ဘ၀အတွက် အကျိုးရှိမည့် အလုပ်ကို မလုပ်ဘဲနေလောက်အောင် ရူးမိုက်သည့်လူတစ်ဦးလည်း မဟုတ်ပေ။
ရဲရှောင် သူပေးလိုက်သော ယခုဈေးသည်လည်း သင့်တင့်လျှောက်ပတ်သည့် ဈေးဖြစ်သည်ဟု တွေးနေမိသည်။ အနည်းငယ်ပင် မြင့်ကောင်းမြင့်နေနိုင်သော်လည်း ထိုကဲ့သို့ တွေး၍ နှမြောနေမိခြင်း လည်း မရှိချေ။
ရဲရှောင် ဈေးပေးပြီးသည်နှင့် မည်သူမျှ လိုက်၍ လေလံမဆွဲကြတော့ချေ။ ကွမ်ဝမ်ရှန်လည်း ဈေးကို သုံးကြိမ်တိုင်တိုင် ကြေညာပြီးနောက်မှာတော့ တူကို ဒုန်းခနဲ ထုချလိုက်ပါတော့၏။
ရဲရှောင် မရဏကျောက်တုံးအား ပိုင်ဆိုင်ခွင့် ရသွားပြီဖြစ်၏။
အခန်း ၇ အတွင်းမှ မိုးပြာရောင်ဝတ် မိန်းကလေးမှာ ကျောက်တုံးအား ငေးကြည့်နေရင်းမှ သူမ၏ မျက်လုံးများ အရောင်တဖျတ်ဖျတ် လတ်သွားပြီး ခေါင်းကို ငဲ့စောင်းကာ –
“အခန်း ၁၇ က လူကို သွားကြည့်၊ သူဘယ်သူလဲ၊ ဘယ်ကလာလဲ၊ သူ့ရဲ့နောက်ကြောင်းကိုပါ သိအောင်လုပ်ခဲ့ . . .”
မိုးပြာရောင်ဝတ် မိန်းကလေး၏နောက်တွင် မတ်တတ်ရပ်နေသည့် သက်လတ်ပိုင်းအရွယ် မိန်းမ လည်း “ကောင်းပါပြီ” ဟု ပြောပြီးနောက် ချက်ချင်းပဲ ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဉ်မှာပဲ မိုးပြာရောင် ၀တ် မိန်းကလေးမှ ရုတ်တရက် –
“နေဦး . . .”
တချိန်တည်းမှာပဲ အခန်းနံပါတ် ၂ အတွင်းမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေလေသည်။
အခန်းနံပါတ် ၂ အတွင်း ရှိနေသူများမှာ လွင့်မျောတိမ်တိုက်ဂိုဏ်းမှ လူများ ဖြစ်ကြသည်။
နှုတ်ခမ်းမွှေးရှည်ရှည်ဖြင့် ပညာရှိလိုလူသည် ရှောင်မိုယန်ဟု အမည်ရပြီး ထိုလူသည် လွင့်မျောတိမ်တိုက်ဂိုဏ်းမှ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်။ ရှောင်မိုယန်မှ လေသံအေးဖြင့် –
“ဒီလူ . . . အရူးတော့ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ဘာလို့သူ ဒီလောက်တောင် ယုံကြည်မှုတွေ ရှိနေရတာလဲ . . . သူက ဒီကျောက်တုံးရဲ့ အသုံးပြုပုံကို သိနေတာများလား . . .”
ထိုအခန်း ၂ တွင် တခြားသော လူများလည်း ထိုင်နေလျက် ရှိကြသည်။ လွင့်မျောတိမ်တိုက်ဂိုဏ်းမှ ဆေးပညာရှင်ခေါင်းဆောင်မှလည်း –
“ဒီလူက သာမန်တော့ မဟုတ်လောက်ဘူး . . . ဒီနေ့လေလံပွဲကြီး တစ်ခုလုံးကို ထိန်းချုပ်သွား တယ်လို့တောင် ပြောလို့ရတယ်။ လူတိုင်းက ထူးခြား အစွမ်းထက်တဲ့ ဆေးလုံးတွေကို ၀ယ်ဖို့ ပိုက်ဆံ ချန်ထားကြတဲ့ အချိန်မှာ အခွင့်အရေး ၀င်ယူသွားတဲ့ပုံပဲ . . . တန်ဖိုးကြီး ပစ္စည်းအများစုကို သူပဲ အကုန် လက်ဝါးကြီး အုပ်သွားတာလေ။ ဒီလေလံပွဲကြီးမှာ အကျိုးအမြတ်အထွက်ဆုံး အောင်နိုင်သူ လို့တောင် ပြောရမယ်ထင်တယ် . . .”
ရှောင်မိုယန်၏ မျက်လုံးများ အရောင်ဝင်းလတ်သွားသည်။
“ငါစိတ်ဝင်စားတဲ့ အချက်က ဒီလူဟာ ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေကို စိတ်ဝင်စားမှု မရှိတဲ့ပုံ ပေါက်နေလို့ပဲ . . .”
ရှောင်မိုယန် လေသံအေးအေးဖြင့် ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset