Chapter – 40
“မှင်ရောင်ကြာပန်းအားဖြည့်ပင်နှင့်မရဏကျောက်တုံး”
ပရိတ်သတ်များအား အာမေဋိတ်သံများ ထွက်သွားကြသည်။
“ဒီကောင်က ဘယ်ကများ လာတာပါလိမ့် . . . လေလံပွဲတစ်ခုဆိုတာ ဘာမှန်း သေချာမသိဘူး ထင်တယ်။ ကြည့်ရတာ အရမ်းချမ်းသာတဲ့ စိတ်မမှန်တဲ့ကောင် တစ်ကောင်ပဲ ဖြစ်ရမယ် . . .”
“ဒီအရူးက လိုချင်ပြီ ဆိုမှတော့ ငါတို့က ဘယ်လိုလုပ်ပြီး ရနိုင်တော့မှာလဲ။ သူက ဒဏ္ဍာရီလာ ဘုရင်တစ်ပါးလိုကို ချမ်းသာနေတဲ့ဟာ ငါတို့ ဘာများတတ်နိုင်ဦးမှာလဲကွာ . . .”
“ငါတို့ သူပိုက်ဆံဖြုန်းနေတာကိုပဲ လိုက်ပြီး ဖြည့်ဆည်းပေးနေရတာ ကျနေရောပဲ . . .”
အများအားဖြင့် မျိုးနွယ်စုကြီးများ ယခုလို အခြေအနေမျိုး ကြုံတွေ့ကြရသည့်အခါ အကြမ်းနည်း တစ်ခုခု ကြံဖန်၍ လုပ်လေ့လုပ်ထ ရှိကြသည်။ သို့သော်လည်း ယခုအခါမှာတော့ တွန့်ဆုတ်နေသလို ခံစားနေကြရပြီး ရဲရှောင်အား မတားဆီးနိုင် ဖြစ်နေကြ၏။
လောင်မျိုးနွယ်မှ လူကြီးလည်း ဒေါသတကြီးဖြင့် အပေါ်ကို လှမ်းကြည့်လိုက်ပြီး သူ့နေရာမှာသူ ပြန်ထိုင်လိုက်သည်။
ကွမ်ဝမ်ရှန်လည်း သခင်ကြီးဖန် မည်သည့်အကြံရှိနေသလဲဆိုတာ မသိသဖြင့် နာနာကျင်ကျင် ဟန်ဖြင့် ပြုံးလိုက်သည်။ ထို့နောက် ကျယ်လောင်စွာဖြင့် –
“မိုးတိမ်သဲကျောက်အတွက် ငွေစ ၅ သိန်း ပထမအကြိမ်၊ ငွေစ ၅ သိန်း ဒုတိယအကြိမ်၊ ငွေစ ၅ သိန်း တတိယအကြိမ်ပါ။ ၅ သိန်းမှ အနိုင်ရရှိသွားပါပြီ . . .”
“ဒုန်း . . .”
တူဖြင့် စားပွဲအားထုကာ ကြေညာလိုက်ပါတော့သည်။
ရဲရှောင်အနေဖြင့် မိုးတိမ်သဲကျောက်အား အနိုင်ရရှိသွားပြီ ဖြစ်၏။
လူတိုင်း အပေါ်ထပ် ပွဲကြည့်စင် အခန်း ၁၇ မှ လူအား သိချင်နေကြသည်။
ချက်ချင်းပင် ပရိတ်သတ်များဟာ တီးတိုးဆွေးနွေးနေကြတော့၏။
“သူက ရုတ်တရက် ဘယ်က ရောက်လာတာလဲ မသိဘူး။ တကယ်ကို ထူးဆန်းတယ်”
“ငါဘယ်လောက်ပဲ လေလံဆွဲဆွဲ ကိစ္စမရှိတော့ဘူး။ သူစိတ်ဝင်စားတဲ့ဟာဆို ငါကလေလံဆွဲတာနဲ့ ငါပေးတဲ့ဈေး ၂ ဆကို သူကပေးမှာပဲ။ သူ့ပုံစံက ဒီလို မတန်တဆ ပေးလိုက်ရလို့လည်း နှမြောတဲ့ပုံ မရှိဘူး။ တကယ်ကို အလိုမကျစရာပဲ . . .”
“လေလံပွဲပြီးလို့ ငါသူ့ကို သတ်လိုက်မယ် ဆိုရင်တောင် ဒီလို အရူးကို သတ်ရတဲ့အတွက် နာမည်တောင် ပျက်ဦးမယ် ထင်တယ် . . .”
“ဒီကောင်က ငါ့ကို တကယ် ခေါင်းကိုက်စေတယ်ကွာ . . .”
“ဒီကြပ်မပြည့်တဲ့ကောင်က ဘယ်ကရောက်လာရတာလဲ။ ထူးရင်ထူး မထူးရင်တော့ ရူးနေတဲ့ ကောင်ပဲ ဖြစ်ရမယ် . . .”
လူတိုင်းသည် ထိုလူကြောင့် စိတ်စနိုးစနှောင့် ဖြစ်နေကြတော့၏။
“နောက်ထပ် ပစ္စည်းတစ်ခုကတော့ ကမ္ဘာပေါ်မှာ အရှားပါးဆုံးလို့တောင် ပြောလို့ရတဲ့ ဒဏ္ဍာရီလာ ဆေးပင်တစ်ပင်ပါ။ မှင်ရောင်ကြာပန်းအားဖြည့်ပင်လို့ခေါ်တဲ့ ဆေးပင်ဖြစ်ပြီးတော့ အဲဒီကောင်လေးက ရောဂါတွေ ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေတယ်။ ဒဏ္ဍာရီအရ ပြောကြတာကတော့ သေခါနီးလူရဲ့ အသက်ကိုတောင် ပြန်ယူနိုင်တယ်ဆိုပဲ။ တကယ်ကို ထူးခြားပြီး ရှားပါးတဲ့ ပစ္စည်းလေးပါ . . .”
ကွမ်ဝမ်ရှန် ပစ္စည်းကို မိတ်ဆက်နေသည်။
“ဒီမှင်ရောင်ကြာပန်းပင်က နှစ်သုံးထောင် သက်တမ်းရှိပြီ။ အကိုင်းတွေ အရွက်တွေကလည်း တပိုင်းတစလောက် အရောင်တောက်ပြီး ရင့်မှည့်နေပါပြီ။ ကြမ်းခင်းဈေးကတော့ ငွေစ ၅ သောင်းပါ။ တစ်ခါတိုးရင် အနည်းဆုံး ငွေစ ၅၀၀၀ တိုးပေးရပါမယ်ခင်ဗျာ . . .”
ကွမ်ဝမ်ရှန် စကားဆုံးသည့်အခါမှာတော့ ပရိတ်သတ်အားလုံးလည်း အံ့သြတကြီးဖြင့် အာမေဋိတ်သံများ ထွက်သွားကြပြန်ပါသည်။
မှင်ရောင်ကြာပန်းပင်၏ မရင့်တရင့် အရွက်များသည် ထိပ်သီးအဆင့် ပညာရှင်တစ်ယောက်၏ ထိခိုက်ပျက်ဆီးနေသော ဝိညာဉ်တော်ကိုပင် ပြန်လည် ကုစားနိုင်ပါသည်။
လုံးဝသာ အရောင်ထွက်တောက်ပကာ ရင့်မှည့်သွားမည် ဆိုပါက ကျောက်စိမ်းကြာပန်းအားဖြည့် ပင် ဖြစ်သွားမည်ဖြစ်သည်။ ထိုအပင်၏ သစ်ရွက်လေး တစ်ရွက်မှာ ကောင်းကင်အဆင့် ထိပ်သီးပညာရှင် တစ်ဦးအား သေလောက်အောင် ဒဏ်ရာရရှိနေပါစေ ပြန်လည် ပျောက်ကင်းစေနိုင်မည် ဖြစ်၏။
ယခုမော်တယ်ကမ္ဘာတွင် အဆိုပါကြာပန်းလောက် ဒဏ်ရာသက်သာ ပျောက်ကင်းစေနိုင်မှုအပေါ် ယှဉ်နိုင်လောက်သည့် အကောင်းဆုံးဆေးပင် မရှိနိုင်တော့လောက်အောင်ပါပင်။
ကွမ်ဝမ်ရှန်မှ အခန်း ၁၇ တွင်းရှိ ရဲရှောင်ထိုင်နေသည့် နေရာသို့ လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ –
(ဘုရား ဘုရား . . . နောက်ထပ် သူထပ်ပြီး လေလံမဆွဲပါစေနဲ့ . . . နောက်မို့ဆို အခြေအနေ သိပ်မကောင်းဘူး . . .)
သို့သော်လည်း သူ့ဆုတောင်း မပြည့်ခဲ့ချေ။
သခင်ကြီးဖန်မှပင် ကြမ်းခင်းဈေးကို စတင်လိုက်လေ၏။
“၂ သိန်းခွဲ . . .”
ကွမ်ဝမ်ရှန် ခေါင်းကိုက်ချင်သလိုပင် ဖြစ်သွားသည်။ သူ့စိတ်ထဲမှာလည်း စိုးရိမ်နေမိ၏။ လေသံတီးတိုးဖြင့်ပင် “ရူးများနေလားကွာ” ဟု ရေရွတ်နေမိလေသည်။
တခြားသော လေလံပွဲလာ ပရိတ်သတ်များမှာ ထင်ထားသည့် အတိုင်းပင် ဆွံ့အလျက် ရှိနေကြသည်။ ထိုလူချမ်းသာမှ ကမ္ဘာ့တန်ဖိုးအကြီးဆုံး လေလံပစ္စည်းများအား စုဆောင်းချင်ပုံရသည်ဟု တွေးနေမိကြပါတော့သည်။
သခင်ကြီးဖန်၏ ဈေးခေါ်သံ အဆုံးမှာတော့ အားလုံးသည် တိတ်ဆိတ်လျက် ရှိနေကြသည်။
ကွမ်ဝမ်ရှန်မှာ ရဲရှောင်အား နားမလည်နိုင်အောင်ပင် ဖြစ်နေပါတော့၏။
သို့သော်လည်း ထိုအချိန်တွင် ရုတ်တရက်ဆိုသလို အခန်းနံပါတ် ၇ မှ အသံတစ်သံ ထွက်လာလေ သည်။
“၅ သိန်း . . .”
ကောင်မလေးတစ်ဦး၏ အသံဖြစ်သည်။
လေလံခန်းမအတွင်း တုန်လှုပ်သွားသည့် အာမေဋိတ် အသံများမှာ ညံနေပါတော့သည်။ အချို့ဆိုလျှင် ထိုအသံ ပိုင်ရှင်အား ယောကျာ်းလော မိန်းမလော ဟူ၍ပင် ခွဲခြားနိုင်စွမ်း မရှိတော့ချေ။ အားလုံး၏ အတွေးထဲမှာတော့ ရူးနေကြပြီ ဟူ၍ သတ်မှတ်နေမိကြပါတော့သည်။ ရဲရှောင်ပေးသည့် ဈေးနှုန်းကို ၂ ဆတင်၍ ပေးလိုက်သည် မဟုတ်ပါလား။
လူတိုင်း စိတ်ထဲ အတွေးတူသည့် အချက်မှာ –
(နောက်ဆုံးတော့ ပိုက်ဆံရှိသည့် ပြိုင်ဘက် အရူးအရူးချင်း တွေ့ကြပြီပေါ့ကွာ . . .) ဟူ၍ ဖြစ်၏။
ရဲရှောင် အံ့သြသွားမိသည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် –
“၁၀ သိန်း . . .”
“၁၅ သိန်း . . .”
ကောင်မလေးမှာလည်း ချက်ချင်းဆိုသလို ပြန်အော်လေ၏။
“သိန်း ၂၀ . . .”
ရဲရှောင် မျက်မှောင်ကြုတ်သွားမိ၏။ တကယ်တော့ သူသည် ယခုပစ္စည်းအား တကယ်ကို လိုချင် နေမိခြင်းဖြစ်သည်။ သူ၏ ကိုယ်တွင်းရှိ ဟင်းလင်းပြင်အတွင်း စိုက်ပျိုးရန် ရည်ရွယ်ထားတာဖြစ်ပြီး ထိုအကြံမှာ ယခု မိန်းကလေးတစ်ဦးကြောင့် ပျက်ဆီးတော့မလို ဖြစ်နေပြီဖြစ်၏။ ယခုပစ္စည်းမတိုင်မီ ရရှိနိုင်လိုက်သော ပစ္စည်းများကြောင့် ပျော်ရွှင်မှုမျိုးပင် မရှိတော့သလို ဖြစ်နေလေတော့သည်။
ကောင်မလေးမှာလည်း အရှုံးမပေးချေ။ ချက်ချင်းဆိုသလို –
“၂၅ သိန်း . . .”
. . .
အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်လျက် ရှိနေပြီး လေလံခန်းမအတွင်းရှိ လူများ အားလုံး ချွေးပြန်နေကြပြီဖြစ်သည်။
တကယ်ပင် ရူးမိုက်သူများနှင့် ဆုံတွေ့နေရပြီး အလွန်လည်း အံ့သြပြီးရင်း အံ့သြနေရသည် မဟုတ်ပါလား။
သူတို့သည် ကြမ်းခင်းဈေး ၅ သောင်းမှ ယခုအခါ ၂၅ သိန်းပင် ရောက်နေပြီဖြစ်သည်။ တကယ် ထူးဆန်းအံ့သြဖွယ်ရာပါပင်။
ရဲရှောင်ပင် ကြောင်ငေးနေမိသည်။ ကောင်မလေးတကယ်ပင် ရူးနေသလားဟုတောင် ထင်နေမိပါသည်။
ထိုအချိန်မှာပဲ အခန်းနံပါတ် ၇ မှ မိန်းကလေးသည် –
“အခန်း ၁၇ က မိတ်ဆွေကြီး . . . ကျွန်မရဲ့ တောင်းပန်မှုကို လက်ခံပေးပါ။ ကျွန်မက ရှင့်ကို တမင်တကာ ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ ကျွန်မရဲ့အဖေ နေထိုင်မကောင်းတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ နောက်ပြီး အခုထိကို ကျွန်မတို့ ကုသလို့ မရနိုင်သေးပါဘူး။ ဒီနေ့ ဒီကြာပန်းကို ကျွန်မတို့ရဲ့ စည်းစိမ်တွေ ကုန်သွားမှ ရမယ်ဆိုရင်တောင် ကျွန်မအနေနဲ့ တွေဝေနေမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ရှင့်ကို တမင်လုပ်နေတာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ် . . .”
ကောင်မလေး ညင်သာစွာပဲ ပြောလိုက်၏။ ထိုစကားကြောင့် လူတိုင်းသည် ကောင်မလေးအား သနားဂရုဏာသက်သွားကြသည်။ လူအများစု စိတ်ထဲမှ နောင်တရသလို တွေးနေမိသည်မှာ –
(ငါတို့မင်းကို လှောင်ပြောင်ခဲ့မိတာ စိတ်မကောင်းပါဘူး . . .)
ရဲရှောင်လည်း တခဏမျှ စဉ်းစားလိုက်ပြီး ခပ်မဆိတ်ပင် နေလိုက်သည်။
ငွေစ ၂၅ သိန်းသည် ရဲရှောင်အဖို့ အလွန်များပြားနေပြီဖြစ်သည့် ပမာဏပင်ဖြစ်သည်။ ဒါ့အပြင် တခြားသော ပစ္စည်းများကို ၀ယ်ယူရန်လည်း လိုနေပါသေးသည်။ ထို့ကြောင့်သူလည်း ဆက်မလိုက်တော့ ဟု ဆုံးဖြတ်လိုက်မိ၏။
လူတိုင်းသည် ရဲရှောင်မှ သိန်း ၅၀ ဟု အော်မည် ထင်ထားသော်လည်း ရဲရှောင်မှာ ဆက်လိုက်ခြင်း မရှိတော့ပေ။ သူတို့၏ အထင်နှင့်အမြင် လွဲချော်ကြရပါတော့သည်။
တူဖြင့် စားပွဲကိုထုကာ အတည်ဖြစ်ကြောင်း ကြေညာလိုက်သည့် အခါမှာတော့ အခန်း ၁၇ မှလူ အရှုံးပေးသွားပြီဟု သဘောပေါက်လိုက်ကြ၏။
“ကျေးဇူးတင်ပါတယ်ရှင် . . . အားလုံးကိုလည်း ကျေးဇူးပါ . . .”
မိန်းကလေး၏ အသံမှာ အလွန်ကို ကျေးဇူးတင်နေဟန်ပါပင်။ ဆက်လက်၍ ၀မ်းနည်းသော အသံလေးဖြင့် –
“ကျွန်မရဲ့အဖေ ပြန်နေကောင်းလာမယ်ဆို ရှင်တို့အားလုံးရဲ့ ကျေးဇူးကြောင့်လို့ ပြောရမှာပါ . . .”
လူတိုင်းသည်လည်း ကျေနပ်သွားကြလေ၏။
ရဲရှောင်နှင့် အစောပိုင်းကာလတုန်းက သိခဲ့သည့် ၀တ်စုံဖြူနှင့် မိန်းကလေးသည် အခန်း နံပါတ် ၁ တွင် ထိုင်နေခြင်းဖြစ်၏။ သူမရုတ်တရက်ဆိုသလို ရန်သူတစ်ဦး၏ အငွေ့အသက်မျိုးကို ခံစားလိုက်မိလေ သည်။ စိတ်ထဲမှ –
(ဒီမိန်းကလေးက ငါ့ရဲ့ပြိုင်ဘက် ဖြစ်လာမယ်ထင်တယ် . . .)
သူမလည်း အခန်း ၇ မှ မိန်းကလေးအား လှမ်းကြည့်လိုက်၏။
အခန်းမှာ အလုံပိတ်ကာရံထားခြင်းမဟုတ်ပဲ အပြင်မှလူ အထဲကို မြင်နိုင်သဖြင့် ကောင်းစွာ ကြည့်၍ ရပါသည်။ ကောင်မလေးသည် မိုးပြာရောင် အ၀တ်အစားများကို ၀တ်ဆင်ထားပြီး ပိုးပဝါတစ်ခု အား မျက်နှာတ၀က်အုပ်ထားလေ၏။ သို့သော်လည်း သူမ၏ မျက်လုံးများသည် အေးစက်ပြီး စူးရှဟန်ရှိသော်လည်း မျက်လုံးထဲတွင် နူးညံ့မှုများကို တွေ့နိုင်နေပါသည်။
“အခုတော့ မျှော်လင့်ချက် ရှိသွားပြီ . . .“
မိုးပြာရောင်ဝတ် မိန်းကလေး ရေရွတ်လိုက်၏။ ထို့နောက် အခန်း ၁၇ ထံသို့ လှမ်းကြည့်၍ –
“ဒီလူက ဘယ်သူပါလိမ့် . . . ငါ့ကိုတောင် မရမက လိုက်ပြီးဈေးပြိုင်ဆွဲတာ ရှုံးတော့မတတ်ပဲ။ ဒီနေ့အဖို့ ငါ့လေလံဆွဲနိုင်တာ သိန်း ၃၀ အထိပဲ။ ပထမ ဒီကြာပန်းကို ရပြီးရင် ထူးခြား အစွမ်းထက်တဲ့ ဆေးလုံးတွေကို လေလံဆွဲမယ်လို့ စဉ်းစားနေတာ . . . အခုတော့လည်း ဒီအစဉ်အစဉ်က မဖြစ်နိုင်တော့ ပါဘူး . . .”
“ငါ့ရဲ့ အကြံတွေကို ဖျက်ဆီးတဲ့ မျိုးမစစ်လူရှုပ်ပဲ . . .”
မိုးပြာရောင်ဝတ်မိန်းကလေး အံကြိတ်လျက် ခပ်တိုးတိုး ရေရွတ်နေမိသည်။
သေခါနီးအဖေအား ကယ်တင်ချင်သည့် မိန်းကလေး၏ ဇာတ်လမ်း အပြီးမှာတော့ လေလံပွဲ ဆက်လက် ကျင်းပပါတော့၏။
ကျန်ရှိနေသေးသည့် ဆေးပစ္စည်း ၆ မျိုးကိုလည်း ရဲရှောင်သည် ကြမ်းခင်းဈေးထက် ၂ ဆလောက် ပိုပေးခဲ့ပြီး အကုန်လုံး အပိုင်သိမ်းခဲ့သည်။
မည်သူမျှ သူ့ကို မတွန်းလှန်နိုင်တော့ချေ။
မည်သူမျှ မူမျိုးနွယ်မှ အဖိုးကြီးလို လူရှေ့သူရှေ့ အရှက်တကွဲ အကျိုးနည်း မဖြစ်ချင်ကြတော့ပါပေ။
သခင်ကြီးဖန်မှ လေလံဆွဲသည့် ပစ္စည်းအများစုအား အနိုင်ရရှိသွားသည့်အခါ ကွမ်ဝမ်ရှန်၏ မျက်နှာ ဖြူရော်ရော်ပင် ဖြစ်လာလေသည်။
တကယ်တော့ ရေခဲကြာပန်းမှအပ ကျန်ပစ္စည်းများအား ဖန်ဇီလင်သည် အလွန်နည်းပါးသော ဈေးနှုန်းဖြင့် ၀ယ်ယူသွားခြင်းပင်ဖြစ်၏။
ရဲရှောင်သည် ကြမ်းခင်းဈေးမှာတင် ၂ ဆ တင်၍ လေလံဆွဲသောအခါ မည်သူမျှ ဆက်မလိုက်ရဲကြ တော့ချေ။ မည်သူမျှ အရှက်မကွဲချင်၍ဆိုလျှင် ပို၍ပင် မှန်ပေလိမ့်မည်။
သို့သော်လည်း လူတိုင်း သေချာစဉ်းစားမိလိုက်သောအခါ ချက်ချင်းပဲ ပြဿနာကို သဘောပေါက် သွားပါတော့သည်။ ရဲရှောင်အနေဖြင့် စစချင် ပစ္စည်းများအား အားသွန်ခွန်စိုက်ဖြင့် ဈေးနှစ်ဆပေး၍ လေလံဆွဲသောအခါ မည်သူမျှ ဆက်မလိုက်ရဲကြတော့ချေ။ ထို့ကြောင့်ပင် နောက်ပိုင်းပစ္စည်းများအား ရဲရှောင် ပေါပေါလောလော ရရှိသွားခြင်း ဖြစ်၏။
လှည့်ဖြားမှုတစ်ခုဆိုလျှင်လည်း မမှားချေ။
ထိုအခြေအနေကို ရိပ်မိသွားကြသောအခါ လူတိုင်း စိတ်တိုသွားကြသည်။
နောက်ဆုံးမှာတော့ လေလံပွဲကြီး၏ အသက်ဟု ဆိုရမည်ဖြစ်သော အချိန်သို့ ရောက်ရှိလာပြီ ဖြစ်၏။ အကောင်းဆုံး ပစ္စည်းများထဲမှတစ်ခုအား လေလံဆွဲတော့မှာ ဖြစ်သည်။ လူတိုင်း မျက်တောင်ပင် မခတ်ဘဲ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။
လူငယ်လေး နှစ်ဦးသည် သေတ္တာတစ်လုံးအား စင်မြင့်ထက်သို့ သယ်လာ၏။ ရုတ်တရက် အေးစက်သော ခံစားမှုမျိုးကို လူတိုင်း ခံစားလိုက်ကြရသည်။ အေးသထက်အေးလာပြီး အားလုံး ခိုက်ခိုက် တုန်နေကြလေ၏။
“နောက်ထပ်လေလံဆွဲမဲ့ ပစ္စည်းကတော့ စကြာဝဠာထဲကနေ လာတယ်လို့ ပြောရမဲ့ ကျောက်တုံးလေး တစ်တုံးပါ။ အရမ်းကို ထူးခြားဆန်းကြယ်တဲ့ သတ္တုလေးပေါ့။ မရဏကျောက်တုံးပဲ ဖြစ်ပါတယ် . . .”
ကွမ်ဝမ်ရှန် ပြောလိုက်၏။
လူတိုင်းသည် မရဏကျောက်တုံးဆိုသည့် စကားကို ကြားလိုက်ကြသောအခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
လူအချို့မှာ ပြုံးလျက် –
“ဒီပစ္စည်းကို တကယ် ရောင်းတော့မှာကိုး . . .”
“ဒီမရဏကျောက်တုံးက အရမ်းအေးတဲ့ ချီဓာတ်စွမ်းအင်ကို ထုတ်လွှတ်နိုင်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ လောက်က ကမ္ဘာမြေပေါ်ကို ရောက်ခဲ့တာလေ။ ဘယ်လိုအရာပဲဖြစ်ဖြစ် ဒီကျောက်တုံးရဲ့ ပတ်ချာလည် ပေ ၃၀ လောက်က အတော်ကို အေးစက်နေမှာ . . .”
ကျောက်တုံးလေး၏ အေးစက်မှုကို ခံစားလိုက်ရသော ရဲရှောင် ရုတ်တရက် တုန်လှုပ်သွားသည်။
ထိုအချိန်မှာပဲ သူ့ကိုယ်တွင်းရှိ ဟင်းလင်းပြင်ကြီးသည် တုန်ခါလာသည်ကို ခံစားလိ်ုကရ၏။ အရင်က တစ်ခါမျှ မဖြစ်ဖူးသော ခံစားမှုမျိုး ခံစားနေရတာပဲ ဖြစ်ပါတော့သည် . . .။