Chapter – 39
“နောက်မှပေါက်သောရွှေကြာနှင့်မိုးတိမ်သဲကျောက်”
ရဲရှောင်၏ အသံကို ကြားလိုက်ကြသောအခါ မူမျိုးနွယ်မှ စေလွှတ်လိုက်သည့် ခေါင်းဆောင်အဖိုးကြီး မူဇီဟိသည် ပွဲကြည့်စင်ထဲကို လှမ်း၍ အကဲခတ်လိုက်သည်။
မူဇီဟိသည် ရရှိသည့် အခွင့်အရေးကို လက်လွတ်မခံဘဲ ရေခဲကြာပန်းအား အပိုင်ရရန် စီစဉ်ထားခဲ့ ခြင်း ဖြစ်သည်။ သူသည် ကြာပန်းအား အောင်မြင်စွာ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့မိတာဖြစ်ပြီး ထိုကြာပန်းအား မွေးဖွားတော့မည့် သူ၏ မြေးလေးအတွက် အသုံးပြုမှာ ဖြစ်ပါသည်။ သို့သော်လည်း နောက်ဆုံး သူအနိုင်ရရှိတော့မည့် အချိန်မှာပဲ ရဲရှောင်ပေါ်လာကာ ဈေးကိုလည်း နှစ်ဆလောက် မြင့်တင် စေလိုက်သည် မဟုတ်ပါလား။
“ငွေစ ၇၅၀၀၀ . . .”
မူဇီဟိ သက်ပြင်းတစ်ချက် ချလိုက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူတကယ်ကိုပဲ ရေခဲကြာပန်းအား လိုချင်နေမိပါသည်။ ထို့ကြောင့် သူပေးနိုင် စွမ်းရှိသည့် ဈေးနှုန်းထက် အနည်းငယ် ပိုပေးကြည့်ရန် စဉ်းစားလိုက်မိခြင်း ဖြစ်သည်။
“တစ်သိန်းခွဲ . . .”
ရဲ့ရှောင်၏ အသံ ကြည်ကြည့်လင်လင်ပဲ ထွက်လာပြီး ဈေးနှုန်းမှာလည်း မူမျိုးနွယ်မှပေးသည့် ဈေးထက် ၂ ဆ ခုန်တက်သွားပြန်ပါသည်။
“ဝိုး . . .”
လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။
အသံထွက်လာသော ရဲရှောင်ရှိရာ ပွဲကြည့်စင်သို့ အားလုံးသည် လှမ်း၍ ကြည့်လျက် ရှိနေကြပါသည်။
ငွေစ ၅ သောင်းဆိုလျှင်ပင် ရေခဲကြာပန်း၏ ပကတိတန်ဖိုးထက် များပြားလွန်းနေပြီ ဖြစ်ပြီး သို့သော်လည်း ယခုအခါမှာတော့ ငွေစ တစ်သိန်းခွဲပင် ဖြစ်နေပြီ ဖြစ်ပါသည်။ ဈေးနှုန်းမှာ အဓိပ္ပာယ်မရှိလောက်အောင် များပြားနေပြီ ဖြစ်သည့်အတွက် အားလုံးသည် နားမလည် နိုင်အောင် ဖြစ်နေကြပါတော့သည်။
လူတိုင်းသည် နောက်မှပေါက်သည့် ရွှေကြာပင် ဖြစ်သည့် ငမိုက်သားအား မည်သူဆိုတာကို သိချင်နေကြပါသည်။ ရေခဲကြာပန်း၏ တန်ကြေးကို မသိ၍လော သို့မဟုတ် တမင်ပင် လျှောက်ပြော နေခြင်းလော ဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
တကယ်ကို မတန်တဆ ဈေးနှုန်းကြီး ဖြစ်နေသည် မဟုတ်ပါလား။
မူဇီဟိ ဒေါသထွက်လာပြီး ကျယ်လောင်စွာဖြင့် –
“အပေါ်ထပ် ပွဲကြည့်စင် အခန်း ၁၇ က မိတ်ဆွေ . . . မင်းရဲ့နာမည်ကို ငါသိခွင့်ရှိမလား . . . ရေခဲ ကြာပန်းအတွက်ပဲ ငါတို့ မူမျိုးနွယ်က လာခဲ့ကြတာပါ။ ငါတို့ တတ်နိုင်သလောက်လည်း ကြိုးစားခဲ့ပြီးပါပြီ။ မင်းအတွက် သိပ်ပြီး အသုံးမလိုသေးဘူးဆိုရင် ဒီတစ်ကြိမ်လောက် ငါတို့ကို အလျော့ပေးလို့ ရနိုင်မလား”
သူသည် အကြမ်းနည်းရော အနုနည်းရောကိုပါ အသုံးပြုလိုက်ခြင်း ဖြစ်၏။ မူမျိုးနွယ်စုဟု ပါးစပ်မှ ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် အကြမ်းနည်းအရ သူတို့၏ မျိုးရိုးဂုဏ်အရှိန်အဝါကို သုံး၍ ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပြီး အကူအညီ တောင်းသလိုလိုဖြင့် ရဲရှောင်အား အရှုံးပေးရန် အနုနည်းဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
လူများသည်လည်း အဖိုးကြီး၏ စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ရဲရှောင်လည်း ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး တွေးနေမိသည်မှာ –
(မင်းတို့ မူမျိုးနွယ်ကသာ မလိုချင်ဘူး ဆိုရင်တောင် ငါအရှုံးပေးခဲ့မှာ မဟုတ်ဘူး။ မင်းတို့က ဒီကြာပန်းရဲ့ ဂုဏ်သတ္တိ နည်းနည်းလေးကိုပဲ သိသေးတာ။ ဘာဆိုဘာမှ သေချာမသိကြတဲ့ အရူးတသိုက်ပဲ . . .)
ရေခဲကြာပန်းသည် ချင်းရန်နယ်ပယ်တွင် အကန့်အသတ်မဲ့ထူးခြားဆေးလုံးဟု ခေါ်သည့် ဆေး၏ အဓိက ပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။
ကြည့်ရသလောက် မော်တယ်ကမ္ဘာမှ လူများသည် ထိုဆေးလုံးအကြောင်း သိရှိပုံ မပေါ်ကြချေ။
ရဲရှောင်ကတော့ တန်ဖိုးကြီးမားပုံကို သိသဖြင့် ယခုလို ရေခဲကြာပန်းကို လက်လွတ်ဆုံးရှုံး ခံမည် မဟုတ်ပေ။
ရေခဲကြာပန်းသာ ရဲရဲနီသော ကြာပန်းအဖြစ်သို့ ပြောင်းလဲသွားမည် ဆိုပါက ပိုမို၍ပင် အာနိသင် ပြည့်ဝပါဦးမည်။ ယခုအခါ ရဲရှောင်တွင် ရေခဲကြာပန်းအား စိုက်ပျိုးနိုင်သော ဟင်းလင်းပြင်ကြီးတစ်ခု ရှိနေပြီ ဖြစ်သဖြင့် ရေခဲကြာပန်းကို မည်သည့်နည်းနဲ့မျှ အဆုံးရှုံးခံမည် မဟုတ်ပါတော့ချေ။
ရဲရှောင် အေးဆေးတည်ငြိမ်သော အသံဖြင့် –
“ကျုပ်အတွက် အသုံးမ၀င်ဘူးပဲ ထားပါတော့။ ဒါပေမဲ့ ကျုပ်ကစားချင်လို့ လိုချင်တာဗျာ . . .”
မူဇီဟိ ဒေါသတကြီး လေသံဖြင့် –
“ငွေစ ၁သိန်း ၇ သောင်း ၅ ထောင် . . .”
ယခုဈေးသည် သူအပေးနိုင်ဆုံး ဈေးပင် ဖြစ်ပါသည်။ အကယ်၍ ရေခဲကြာပန်းအတွက် ငွေအမြောက်အများ အသုံးလိုက်မည် ဆိုပါက ထူးခြားအစွမ်းထက်သော ဆေးလုံးများအား ရရှိနိုင်မည့် အခွင့်အရေး နည်းသွားမှာ အသေအချာပါပင်။
ရဲရှောင်မှာ တည်ငြိမ်စွာဖြင့်ပင် ဆက်လက်၍ –
“၂ သိန်းခွဲ . . .”
သူ့ပုံစံမှာ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်ပြီး သို့သော်လည်း သူ၏ စိတ်ထဲမှာတော့ ပျော်ရွှင်မှုများဖြင့် ပြည့်နေပါသည်။ အဘယ်ကြောင့်ဆိုသော် မူရှန်ဘိုင်နှင့် ပထမဆုံး တွေ့စဉ်က သူ့လည်း ထိုကဲ့သို့ပင် ခံခဲ့ရသည် မဟုတ်ပါလား။
“လူတွေကို ပိုက်ဆံနဲ့ ကစားရတာ တကယ်ပျော်ဖို့ကောင်းတာပဲ . . .”
ရဲရှောင်အဖို့ ယခုလို ပုံစံဖြင့် တဖက်လူအား အနိုင်ကျင့်နိုင်ခြင်းမှာ ယခုအခေါက်သည် ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ အရင်ကမူ အများအားဖြင့် ကိစ္စအတော်များများကို လက်သီးနှင့်သာ ဖြေရှင်းခဲ့တာ ဖြစ်၏။
ယခုလို အင်အား သုံးစရာမလိုပဲ ရန်သူအား အလွယ်တကူ အနိုင်ယူနိုင်သည့် ခံစားချက်မျိုးသည် သူ့အတွက် ပြောမပြတတ်အောင်ကို ကျေနပ်နေစေမိသည်။
မူဇီဟိလည်း ထပ်မံ၍ မလိုက်နိုင်တော့ပဲ ချက်ချင်းပင် မတ်တပ်ထရပ်ကာ စားပွဲခုံအား ရိုက်ချ လိုက်ရင်း –
“မင်းက ဘာလုပ်ချင်နေတာလဲ . . .”
ပရိတ်သတ်အားလုံးသည် တစ်ခုခု မှားနေတာကို သတိပြုမိသွားကြသည်။ အထူးခန်းအတွင်းမှ လူသည် မူမျိုးနွယ်အား ရည်ရွယ်ချက်ရှိရှိ ပြဿနာလုပ်နေသည်ဟုလည်း တွေးမိလိုက်ကြ၏။ ထိုကဲ့သို့ ရည်ရွယ်ချက်သာ မရှိပါက ရေခဲကြာပန်းအတွက်နှင့် ထိုမျှလောက်ထိ ငွေပမာဏကို မသုံးဟု ထင်နေကြ တာပဲ ဖြစ်ပါတော့သည်။
ရဲရှောင်မှ အေးအေးလူလူပင် –
“ကျုပ်က ဘာမှ လုပ်ချင်တာ မရှိပါဘူး . . . ကျုပ်က ချမ်းသာတယ်လေ။ ချမ်းသာလို့ပေါ့ . . .”
သက်ပြင်းတစ်ချက် ချလိုက်ရင်း ဆက်လက်၍ –
“ကျုပ်အနေနဲ့ ချမ်းသာနေတာကိုပဲ နေလို့မကောင်းသလို ခံစားနေရတယ်။ အဲဒါကြောင့် တတ်နိုင် သလောက်တော့ ဖြုန်းမှဖြစ်မယ်လို့ တွေးမိလိုက်တယ်လေ။ အဲဒါမှ ကျုပ်ခံစားနေရတာတွေကို ဖြေသာနိုင် မယ်ထင်လို့ . . .”
ထိုစကားကို ကြားလိုက်ကြရသည့် လူတိုင်းသည် ဆွံ့အသွားကြပြီး အနည်းငယ် မနှစ်မြို့သလိုပင် ခံစားလိုက်ကြရသည်။
အဓိပ္ပာယ်မရှိသော ဆင်ခြေတစ်ခုပင် မဟုတ်ပါလား။
ရဲရှောင် မူမျိုးနွယ်အား လုံးဝ ဆန့်ကျင်နေခြင်းဖြစ်သည်ဟု အားလုံး သဘောပေါက်သွားကြသည်။ အဖိုးကြီးအား အရူးလုပ်နေခြင်းပင် ဖြစ်သည်။
၀တ်စုံဖြူနှင့် မိန်းကလေး မျက်မှောင်ကြုတ်သွားပြီး အပေါ်ထပ်ပွဲကြည့်စင်ကို တစ်ချက် လှမ်းကြည့်ကာ လေသံတီးတိုးဖြင့် –
“သခင်ကြီးဖန်များလား . . . သူဘာတွေ လုပ်နေတာပါလိမ့်။ မူမျိုးနွယ်ကိုသွားပြီး ပြဿနာ ရှာနေ တယ်။ သူက ရဲမျိုးနွယ်နဲ့ ဆက်စပ်နေတာများ ဖြစ်မလားပဲ . . .”
မူဇီဟိ ဒေါသကြောင့် တကိုယ်လုံး တုန်နေလျက်ရှိသည်။ လုံးဝကို ဒေါသထွက်နေခြင်းဖြစ်၏။
“ကောင်းပြီ . . . မင်းက လူချမ်းသာတစ်ဦးပါ။ ငါကတော့ အခုချိန်မှာ ပိုက်ဆံနည်းနည်း နည်းနေတယ်။ ငါတို့ မူမျိုးနွယ် ဒီလေလံပွဲပြီးတဲ့အခါ ဒီကိစ္စအတွက် သေချာပေါက် တစ်ခုခု လုပ်ပြမယ်”
မူဇီဟိ ပြောလိုက်သည့် စကားသည် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်ဆိုတာ လူတိုင်း နားလည် ကြ၏။
ရဲရှောင်မှ ခနဲ့တဲ့တဲ့ လေသံဖြင့် –
“တစ်ခုခုလုပ်မယ် ဟုတ်လား . . . အမလေး ကြောက်လိုက်တာ . . . ခင်ဗျားတို့က ကျုပ်ကို ခြောက်နေတာပဲ . . . အရမ်းကို အစွမ်းထက်တဲ့ မူမျိုးနွယ်ကြီးပေါ့လေ . . .”
မူဇီဟိ ဒေါသမီးများ တောက်လောက်နေပြီဖြစ်သည်။ ထိုင်ခုံတွင် ပြန်ထိုင်ချလိုက်ပြီး အသက်ကို ပြင်းထန်စွာ ရှူသွင်းလျက်ရှိ၏။
နောက်ထပ် လေလံဆွဲသည့် ပစ္စည်းများမှာ မျိုးနွယ်စုကြီးများနှင့် တော်ဝင် မိသားစုများအတွက် အရေးပါသည့် အားဖြည့်ဆေးအချို့သာ ဖြစ်သည်။ မင်းညီမင်းသားများနှင့် မျိုးနွယ်စုများ အပြိုင်အဆိုင်ကို လေလံဆွဲလျက် ရှိကြသည်။ ထိုပစ္စည်းများသည် ထင်မှတ်ထားကြသည့် အတိုင်းပင် အကုန်လုံး ရောင်းထွက်ကုန်ကြ၏။
ထို့နောက်တွင်မူ အစွမ်းထက် လက်နက်အချို့နှင့် သိုင်းကျင့်စဉ် စာအုပ်အချို့များကို လေလံ ဆွဲပြန်သည်။ ထိုပစ္စည်းများမှာလည်း မျိုးနွယ်စုကြီးများနှင့် မင်းညီမင်းသားများသာ ပိုင်ဆိုင့်ခွင့်ရကြပါ၏။
စုယဲ့ယွဲ့မှ ဖန်းဟွာဓားသိုင်းဟု အမည်ရသည့် သိုင်းကျင့်စဉ် စာအုပ်တစ်အုပ်အား အနိုင်ရရှိခဲ့သည်။
(ဒီကောင်မလေးက တကယ်ပဲ ဓားရေးကျင့်ချင်လို့လား . . . ငါသိသလောက်တော့ ဖန်းဟွာဓားသိုင်းက ဓားရေးအတွက် ကျင့်စဉ်ကောင်းတစ်ခုလို့ ပြောရမှာပဲ။ ဒါပေမဲ့ ငါမြင်ဖူးခဲ့တဲ့ စာအုပ်နဲ့ အတူတူပဲလား ဆိုတာကိုတော့ မပြောတတ်ဘူးပေါ့ . . .)
ရဲရှောင် တွေးနေမိသည်။
လေလံပွဲအချိန် ကြာမြင့်လာလေလေ တန်ဖိုးကြီးပစ္စည်းများ ထွက်လာလေလေပင် ဖြစ်သည်။ နောက်ဆုံးအချီများကို မကြာခင် ရောက်ရှိတော့မည် ဖြစ်၏။
“နောက်ဆုံးကျန်တဲ့ ပစ္စည်း ၇ ခု လုံးက အကောင်းဆုံး ပစ္စည်းတွေပါ။ မကြာခင် အချိန်အတွင်း စတင် လေလံဆွဲမှာ ဖြစ်ပါတယ် . . .”
ကွမ်ဝမ်ရှန် ကျေနပ်နေပြီး စိတ်လည်း လှုပ်ရှားလျက် ရှိသည်။ လူတိုင်း စောင့်ဆိုင်းနေကြသည့် ပစ္စည်းများကို ရောက်ရှိတော့မည် မဟုတ်ပါလား။
ထိုပစ္စည်း ၇ ခုအနက် ထူးခြားအစွမ်းထက်သည့် ဆေးလုံးများမှာ နောက်ဆုံးမှသာ လေလံဆွဲမည် ဖြစ်သည်။
သို့သော်လည်း ကျန်ရှိသည့် ပစ္စည်း ၆ ခုမှာ ထိုဆေးလုံးများလောက် တန်ဖိုးမရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ အမျိုးအစား မတူညီကြပဲ ကွဲပြားခြားနားသော အစွမ်းကိုယ်စီ ရှိကြသဖြင့် နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ချေ။ တကယ်တော့ ကျန်ရှိသည့် ပစ္စည်း ၆ မျိုးမှာ ရုံးချုပ်မှ ဆေးလုံးများနှင့် ယှဉ်၍ လေလံဆွဲခိုင်း စေခဲ့သော ပစ္စည်းများ ဖြစ်ကြသည်။
သိုင်းပညာဂိုဏ်းများသည်လည်း ရင်ခုန်နေကြလေ၏။
“ပထမဆုံး ပစ္စည်းကတော့ . . . မိုးတိမ်သဲကျောက်ပဲ ဖြစ်ပါတယ် . . .”
ကွမ်ဝမ်ရှန် ကျယ်လောင်စွာ ကြေညာလိုက်သည်။
“မိုးတိမ်သဲကျောက်က ၁၅၀ ဂရမ်ပဲ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ဒီပစ္စည်းရဲ့ အသုံးဝင်ပုံကို ကောင်းကောင်းသိကြတယ်မလား . . . မိုးတိမ်သဲကျောက် ၁၅ ဂရမ်လောက်က သာမန်လက်နက်တစ်ခုကို ဒဏ္ဍာရီလာ လက်နက်တစ်ခုဖြစ်အောင်တောင် စွမ်းဆောင် ပေးနိုင်တယ်လေ။ မိုးတိမ်သဲကျောက်ကို လက်နက်ပြုလုပ်နေတဲ့ အချိန်မှာ ပေါင်းစပ်လိုက်မယ်ဆိုရင် တကယ်အံ့သြဖို့ ကောင်းတဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်လာနိုင်တယ်။ မိုးတိမ်သဲကျောက်နဲ့ လုပ်ထားတဲ့ လက်နက်ဟာ ဝိညာဉ်တော်စွမ်းအင်တွေ ပါဝင်တဲ့ လက်နက်အဖြစ် ပြောင်းလဲသွားမှာဖြစ်တယ် . . .”
ကွမ်ဝမ်ရှန်မှ တစ်ချက်ပြုံးလိုက်ပြီး ဆက်လက်၍ –
“ဝိညာဉ်တော် စွမ်းအင်တွေ ပါဝင်တဲ့ လက်နက်တွေဟာ ဟိုးရှေးကာလတွေ ကတည်းက ဘယ်လောက်တောင် တန်ဖိုးကြီးလဲဆိုတာ ကျွန်တော်တို့အားလုံး သိထားကြပြီးသားပါ။ အခု ဒီမိုးတိမ် သဲကျောက်ကို ကြမ်းခင်းဈေး ငွေစ ၅ သောင်း သတ်မှတ်ထားပါတယ်။ တစ်ခါတိုးရင် အနည်းဆုံး ၅၀၀၀ ကစပြီး တိုးနိုင်ပါတယ် . . .”
ကွမ်ဝမ်ရှန် ပြောပြီးပြီးချင်မှာပင် ကျယ်လောင်လှသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ငွေစ တစ်သိန်း . . .”
လူတိုင်း အံ့အားသင့်သွားကြ၏။
ထိုအသံပိုင်ရှင်သည် မူမျိုးနွယ်နှင့် ယှဉ်ပြိုင်ခဲ့သော အသံပိုင်ရှင်၏ အသံပင် ဖြစ်နေလေသည်။ အပေါ်ထပ် အထူးတန်းပွဲကြည့်စင် အခန်း နံပါတ် ၁၇ မှ ရဲရှောင်ပင် ဖြစ်လေသည်။
ဒီတစ်ကြိမ်မှာတော့ သူသည် ပထမဆုံးပင် ဈေးစခေါ်လိုက်သည်။
မိုးတိမ်သဲကျောက်သည် တကယ်ကို တန်ဖိုးကြီးလှ၏။ ထိုကြမ်းခင်းဈေး၏ ၂ ဆလောက်ကို စပေးရမည် ဆိုလျှင်ပင် သူ့အနေဖြင့် တွန့်ဆုတ်နေမည် မဟုတ်ပေ။
မျှော်လင့်ထားသည့် အတိုင်းပင် ပြိုင်ဘက်တစ်ယောက် ချက်ချင်းပင် ထွက်ပေါ်လာသည်။ လောင်မျိုးနွယ်မှဖြစ်ပြီး ဈေးအနည်းငယ် တိုးပေးလိုက်ခြင်း ဖြစ်၏။
“တစ်သိန်းနဲ့ငါးထောင် . . .”
ရဲရှောင် တည်ငြိမ်စွာပင် အထင်သေးသည့် အသံမျိုးဖြင့် –
“၂ သိန်းခွဲ . . .”
သူ့အနေဖြင့် ငွေရေးကြေးရေးကို ဂရုစိုက်မနေပေ။
သူ့ထံတွင် ဆေးလုံး ၁၀ လုံး ရောင်းရန် ကျန်ရှိနေပါသေးသည်။ ထိုဆေးလုံးများမှ ရရှိမည့် ငွေကြေးများသည် ယနေ့လေလံဆွဲမည့် ပစ္စည်းများအားလုံးအတွက် ကျိန်းသေ လောက်ငှမှု ရှိမည် ဖြစ်၏။ ရဲရှောင်အတွက် ငွေကြေးသည် အဓိကမဟုတ်ပေ။ သူဂရုစိုက်သည်မှာ လေလံပွဲတွင် သူလိုချင်သည့် ပစ္စည်းမှန်သမျှကို ရရှိရန်ပင် ဖြစ်သည်။
မိုးတိမ်သဲကျောက်မှာ သူတကယ်ကို လိုချင်နေသည့် ပစ္စည်းများထဲမှ တစ်ခုအပါအ၀င်ပင် ဖြစ်၏။
ဈေးနှုန်းအရ မည်မျှပင် မြင့်တက်နေပါစေ သူ့အနေဖြင့် ဂရုစိုက်နေသည် မဟုတ်ပေ။
(ငါ ဒီပစ္စည်းတွေ ၀ယ်လို့ ရှင်းဖို့ ပိုက်ဆံ မလောက်တော့ဘူး ဆိုရင်တောင် ဒီည မြို့ထဲက ဘယ်လူချမ်းသာဆီကမဆို သွားလုလို့ ရနေတာပဲ . . .)
ရဲရှောင် တွေးနေမိခြင်းဖြစ်သည်။
ချင်းရန်နယ်ပယ်တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူအဖို့ မော်တယ်ကမ္ဘာရှိ ငွေကြေးများသည် သူ့မျက်စိထဲ အမှိုက်လိုပင် ဖြစ်၏။
ရဲရှောင် မော်တယ်ကမ္ဘာသို့ စတင်ရောက်ရှိလာစဉ်ကတည်းက ချင်းရန်နယ်ပယ်သို့ ပြန်ရန် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်လေသည်။
လောင်မျိုးနွယ်မှ လူလည်း အံကြိတ်လိုက်ပြီး –
“နှစ်သိန်းခုနစ်သောင်းခွဲ . . .”
ထိုလူ၏ စကားပင် မဆုံးသေးချေ။ အခန်း ၁၇ တွင်းမှ ဖန်ဇီလင်မှ တည်ငြိမ်အေးဆေးသော အသံဖြင့် –
“ငါးသိန်း . . .”
ပါးစပ်ထဲရှိသည့် ကိန်းဂဏန်းတစ်ခုအား ဖြစ်သလို ပြောနေခြင်းကဲ့သို့ပင် ငွေစများအား အမှိုက်များ အလား တန်ဖိုးမထားသလို ပြောဆိုလိုက်ခြင်းနှင့်ပင် တူနေပါသေးသည်။
တကယ့် လူချမ်းသာတစ်ဦးကဲ့သို့ပါပင် . . .။