Switch Mode

Chapter – 20

သေမျိုးလောကကို သန့်ရှင်းစင်ကြယ်စေခြင်း

Chapter – 20 သေမျိုးလောကကို သန့်ရှင်းစင်ကြယ်စေခြင်း

နောက်ဆုံးတော့ ဗိုက်ပြည့်သည့် ခံစားချက်ကို ခံစားလိုက်ရလေပြီ။ သူ့တစ်ကိုယ်လုံး အနွေးဓာတ်များ လွှမ်းခြုံသွားပြီး ကျေနပ်စွာဖြင့် ထိုင်ခုံပေါ် ထိုင်နေလိုက်သည်။

ညစာစားပွဲပေါ်တွင်တော့ ရှင်းလင်းနေသည့် ပန်းကန်များသာ ကျန်တော့သည်။ ချူဖုန်း အနည်းငယ် အံ့အားသင့်သွားရသည်။ ငါ ဘယ်လောက်တောင် စားလိုက်တာလဲ… ငါက ဆန်ပုံးကြီး ဖြစ်သွားပြီလား..

သူ့ဘေးတွင်တော့ နွားဝါလေးသည် ဗိုက်တင်း၍ နှစ်ခြိုက်စွာ အိပ်နေပြီဖြစ်သည်။

နောက်ဆုံးတွင် ခုံပေါ်၌ အိပ်ငိုက်လာလေ၏။ မအိပ်ပဲ မနေနိုင်တော့၍ သူအခန်းထဲဝင်ပြီး တန်းအိပ်လိုက်သည်။ ဤသည်မှာ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည့် ညတစ်ညပင် ဖြစ်သည်။ နောက်တစ်နေ့ နေ့လယ် ၁၂နာရီ ကျော်မှသာ သူနိုးလာတော့သည်။

သူ့ဗိုက် အသံမြည်လာပြန်သည်။ သူနှိုးလာသည်မှာလည်း ဗိုက်ဆာသောကြောင့်ပင်။ ချူဖုန်း ထိတ်လန့်လာရသည်။ “ငါ့ဘဝတစ်ခုလုံးကို ခုလို အိပ်လိုက်စားလိုက်လုပ်ပြီးပဲ ကျင်လည်ရ‌တော့မှာလား.. ဒါဆိုရင် ဝက်နဲ့ ဘာကွာတော့မှာလဲ”

နွားဝါသည် သူမနိုးခင်ကတည်းက နိုးနေပြီဖြစ်ပြီး အိမ်အနှံ့ စားစရာ လိုက်ရှာစားပြီးသွားပြီဖြစ်သည်။ ရေခဲသေတ္တာထဲရှိ အသီးအားလုံးနဲ့ အရွက်အားလုံးကို စားပြီးသွားသော်လည်း ဗိုက်မဝသေး၍ ချူဖုန်းကို အစာထပ်ကျွေးရန် လာတောင်းနေလေသည်။

“စိတ်ရှည်ပါဟ ကောင်လေးရဲ့ မင်းကို အမဲသားစွပ်ပြုတ် ချက်ကျွေးမယ်” ချူဖုန်း ချဥ်ပြုံးပြုံး ပြောလိုက်သည်။ ထို့နောက် ရေခဲသေတ္တာထဲမှ အသားစိမ်းတစ်တုံးကို ယူပြီး မီးဖိုချောင်ထဲ ဝင်သွားလေ၏။

နွားပေါက်၏ ဦးချိုမှာ တလက်လက်ဖြစ်နေကာ နှာခေါင်းပေါက်မှလည်း အငွေ့ဖြူများ ထွက်လာသည်။ သူသည် မီးဖိုချောင်သွားရာ လမ်းအပေါက်ဝ၌ ပိတ်ရပ်ကာ ချူဖုန်းကို ရန်တွေ့ရန် စောင့်နေသည်။

“သွား သွား သွား ဒီနားလာရပ်ပြီး နှောက်ယှက်မနေနဲ ဒါ ဝက်သားတုံးဟ” ချူဖုန်း အပြစ်ရှိသည့်လေသံဖြင့် ပြောလိုက်သည်။

နောက်ဆုံးတွင် နွားဝါသည် ချူဖုန်း သူ့အတွက် ပြင်ဆင်ပေးထားသည့် အသားအားလုံးကို စားလိုက်သည်။

သူ့ကိုယ်သူအတွက်ကတော့ စိတ်ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် အမဲသားစွပ်ပြုတ် ချက်လိုက်သည်။ သူသည် နွားပေါက်ကို လေးနက်သော အမူအရာဖြင့် တကယ်တော့ သူသည် သိုးသားစားနေခြင်းဖြစ်ကြောင်း၊ သိုးသားမှာြ ညှီသောကြောင့် သူ့ကို မစားရန် ပြောလိုက်လေသည်။

နွားဝါ တဖြည်းဖြည်း သံသယဝင်လာသည်။ သူ အိုးထဲကို ခဏခဏ ကြည့်ပြီး ပါးစပ် လိုက်ဟလေသည်။ သူ အသားကို စားချင်သောကြောင့်လား သို့မဟုတ် တစ်ခုခုပြောချင်လို့လားဆိုသည်ကို မသိသော်လည်း ချူဖုန်းကတော့ အမဲသားအိုး တစ်အိုးလုံးကို အနှောက်အယှက်ကင်းကင်း စားသုံးလိုက်နိုင်သည်ပင်။

“ကောင်စုတ်က အနံ့ခံအာရုံတော်တော်ကောင်းတာပဲ.. နောက်ဆို အမဲသားနဲ့ ပတ်သတ်တာ စားရင် ဒုက္ခများတော့မှာပဲ” နွားဝါလေး သိသွားမှာစိုးသောကြောင့်ကာ ချူဖုန်းသည် တိုးတိုးလေး ဆဲဆိုလိုက်သည်။

ထို့အပြင် သူ့စိတ်ထဲမှလည်း ဝေဖန်လိုက်သေးသည်။ သူ့အတွက်တော့ အသားစားသည့်နွားမှာ အတော်လေး အဓိပ္ပာယ်မရှိ ဖြစ်နေသည်ပင်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ အစာစားချင်စိတ်သည် မနေ့ကလောက် အလွန်အကျွံမဖြစ်တော့။ အများကြီး လျော့သွားလေပြီ။

ထို့နောက် ချူဖုန်းသည် ခြံထဲသို့ ဆင်းသွားကာ ကျောက်စားပွဲကြီးကို လက်တစ်ဖက်တည်းဖြင့် မလိုက်လေသည်။ သူသည် စားပွဲကို လက်တစ်ဖက်တည်းဖြင့် အေးဆေး မ လိုက်နိုင်သည်။

သူ မည်မျှအားသန်ကြောင်း ချူဖုန်းသိချင်သည်။ သူ ခြံဝင်းထဲရှိ ကျောက်တုံးတစ်တုံးကို ကြည့်လိုက်သည်။ ထိုကျောက်တုံးမှာ အလွန်လေးလံလှသည်ပင်။ ယခင်က ထိုခြံဝန်းထောင့်၌ ထားနိုင်ရန်အတွက် လူအများကြီး ပူးပေါင်း မ ခဲ့ရသည်ပင်။ ဤကျောက်တုံးမှာ အနည်းဆုံး ပေါင် ၇၀၀ လောက် အသာလေး ရှိသည်။

သို့သော် ချူဖုန်းသည် ကျောက်တုံးကို မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြီးနောက် ရုတ်တရက်အားဖြင့် ဤအညိုရောင်ကျောက်တုံးကြီးကို မ လိုက်နိုင်သည်။

ထို့နောက် ထိုကျောက်တုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်နှင့် ကျယ်လောင်လှသည့်အသံ ထွက်ပေါ်လာကာ မြေပြင်‌ပင် တုန်ခါသွားသည်။

ချူဖုန်းသည် အလွန် အံ့အားသင့်နေသည်။ သူ့လက်နှစ်ဘက်မှာ အလွန်အားကြီးနေသည်။ ဤကဲ့သို့ လေးလံသည့် ကျောက်တုံးကြီးကို မ နိုင်လိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့။ သူ့အတွက် ဤသည်မှာ အတော်လေး အံ့သြစရာ ကောင်းလှသည်။

ဒီမြင်ကွင်းကို အခြားတစ်ယောက်ယောက်သာ မြင်သွားပါက သူတို့လည်း အတော်လေး အံ့အားသင့်နေမည် ဖြစ်သည်။

“အားက ၁၀ဆကို မကဘူး” ချူဖုန်း တီးတိုးပြောလိုက်သည်။

ထို့နောက် သူသည် အချိန်မှတ်ကာ ခြံဝင်းမှ ထွက်လာခဲ့လိုက်သည်။ သူ၏ အရှိန်ကို စမ်းသပ်ကြည့်ချင်သည်။ ထို့နောက် ချူဖုန်း ရွှီးကနဲ ပြေးသွားလေ၏။ လေတိုးသံများလည်း ကြားနေရပြီး သူဖြတ်သွားသည့်နေရာတိုင်း၌ သစ်ပင်များ ရိပ်ခနဲ ကျန်ခဲ့သည်ကိုလည်း တွေ့လိုက်ရသည်။

“မီတာ၁၀၀ကို ၃စက္ကန့်ပဲ ကြာတာလား…” ချူဖုန်းသည် သူ၏ရလဒ်ကို ကြည့်ပြီး အလွန်အံ့သြနေ၍ စကားပင်မပြောနိုင်တော့။

သူ့အရှိန်မှာ သာမန်လူထက် ၁၀ဆ မြန်နေသည် မဟုတ်သော်လည်း ဤရလဒ်မှာ အံ့သြစရာ ကောင်းနေစဲပင်သည်။ လူသားတစ်ယောက်၏ အမြန်ဆုံးအရှိန်နှုန်းကို သူ အများကြီး ကျော်လွန်သွားပြီဖြစ်သည်။

အချိန်အတော်ကြာသည်အထိ သူ အံ့သြ၍ ငိုင်နေမိသည်။

ထို့‌နောက် အခြား အရာများကိုလည်း သူ စမ်းသပ်ကြည့်လိုက်သည်။ အမြင်အာရုံနှင့် တိုက်ရည်ခိုက်ရည်ကအစ တုန့်ပြန်နိုင်စွမ်းနှင့် အကြားအာရုံအထိ စမ်းသပ်ကြည့်ရာ အကုန်လုံး အတော် တိုးတက်နေသည်။ ရလဒ်အားလုံးမှာ ခန့်မှန်းခြေသာဖြစ်၍ အတိအကျမဟုတ်ချေ။

ချူဖုန်းသည် ပျော်လည်းပျော်သလို ကြောက်လည်းကြောက်နေမိသည်။ သူ့အသားရည်မှာ ဒုတိယအကြိမ် ပြန်မွေးဖွားလာသကဲ့သို့ တောက်ပ ကြည်လင်နေပြီး သူ့ကိုယ်ပေါ်မှ သင်းရနံ့တစ်ခုလည်း ရသေးသည်။

ဤသည်မှာ သူတော်စင်နှင့် ဘုန်းကြီးများ၏ ပုံပြင်နှင့် ဆင်တူသည်။ သူတို့၏ ခန္ဓာကိုယ်မှာ သေသွားလျှင်ပင် ပုံမပျက်ပဲ ရနံ့သင်းနေသည်။ ဤကဲ့သို့ ဖြစ်ရခြင်းအကြောင်းရင်းမှာ ယနေ့ထိတိုင် လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်နေဆဲပင်။

နောက်၂ရက်လုံးတွင် ချူဖုန်းသည် အိမ်တွင် တံခါးပိတ်နေကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ပြောင်းလဲမှုများကို လေ့လာစူးစမ်းနေသည်။ သူသည် မနက်တစ်ခါ ညတစ်ခါ အသက်ရှူလေ့ကျင့်ခန်းကို လုပ်လျက်ရှိသည်။

သူ၏အစာစားချင်စိတ်မှာ ပုံမှန်ပြန်ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်တွင်းရှိ ပြောင်းလဲမှုများမှာလည်း ယခင်ကထက် ပို၍ တည်ငြိမ်လာကြောင်း သူ တွေ့ခဲ့ရသည်။

ထိုအချိန်တွင် နွားဝါကတော့ တဖြည်းဖြည်း ပို၍ အပျင်းထူလာသည်။ မနက်မိုးလင်းမှ မိုးချုပ်ထိ တစ်နေကုန် အိပ်ရရင် ကောင်းမည်ဟု စိတ်ကူးနေသည်။ သို့သော် ရက်အနည်းငယ် ကြာလာသောအခါ သူလည်း ပုံမှန်အခြေအနေကို ပြန်ရောက်သွားပြီး ချူဖုန်း၏ ဖုန်းကို ပြန်စိတ်ဝင်စားလာပြီး ဆော့ချင်နေသည်။

ဤသည်မှ, ချူဖုန်းကို ယခင်တစ်ခေါက်က အရှက်ကွဲမှုကို ပြန်သတိရစေသည်။ “နွားမိစ္ဆာ ငါ ကြိုသတိပေးထားမယ်နော်… ငါ့ဖုန်းကို မထိနဲ့၊ မဟုတ်ရင် မင်းကို တကယ် သတ်ပစ်မှာ”

“မူး” နွားဝါ သူ့သတိပေးချက်ကို ဂရုမစိုက်။

“ငါအခု လုပ်စရာရှိသေးတယ်… မင်းနဲ့ ပြောနေဖို့ အချိန်မရှိဘူး” ချူဖုန်း ပြောလိုက်သည်။ ဆေးဆရာဝမ်ထံ သူ့ခန္ဓာကိုယ်ကို နောက်ထပ် သေချာအောင် စစ်ဆေးချင်သည်။

ရုတ်တရက် သူ့မျက်နှာ‌ပေါ်မှ အမူအရာ ပြောင်းလဲသွားသည်။ သူသည် နွားဝါကို ထူးဆန်းသော အပြုံးဖြင့် ကြည့်လိုက်ကာ “တကယ် မင်းဖုန်းကို အရမ်းလိုချင်ရင် ငါ မင်းကို နောက်တစ်ခု ဝယ်ပေးလို့ ရတာပဲ” ဟု ပြောလိုက်သည်။

ချူဖုန်း၏ စကားကို ကြားရသည့်အခါ နွားဝါ ပျော်သွားလေသည်။ သို့သော် မကြာခင်တွင် သူသည် သတိကြီးကြီးထားနေသည့် မျက်နှာပေးဖြင့် နောက်သို့ ခြေလှမ်းဆုတ်သွားသည်။ နွားပေါက်သည် သူ့ကို မျက်လုံးပြူးပြူးဖြင့် စိုက်ကြည့်လာလေသည်။

“အောင်မလေး ဘာလို့ ငါ့ကို အဲဒီလို လာကြည့်နေတာလဲ.. မင်းရဲ့ ကောက်ကျစ်မရိုးသားတဲ့စိတ်နဲ့ ငါ့ရဲ့ ရက်‌ရောတဲ့စိတ်ကို လာနှိုင်းမနေနဲ့” ချူဖုန်း အော်ထည့်လိုက်သည်။

“မူး” နွားဝါသည် မထီမဲ့မြင်ပြုသလို ပြန်ဖြေလိုက်သည်။

“ဒီလိုလုပ်မလား.. မင်းမှာ အသက်ရှူလေ့ကျင့်ခန်းအပြင် တခြား ဘာထူးဆန်းတာတွေ ရှိသေးလဲ.. ငါ့ကို သင်ပေး၊ အဲဒီအစား ငါက မင်းကို ဖုန်းအသစ် ဝယ်ပေးမယ်” ချူဖုန်း ကြင်နာစွာ ပြုံးပြလိုက်သည်။

နွားဝါသည် သူ့၏ သရုပ်မှန်အစစ်နှင့် ရည်ရွယ်ချက်များကို လွယ်လွယ်နှင့် ထုတ်ပြလာသည်ကို လှောင်ရယ်လာလေသည်။

ချူဖုန်းမှာ အေးအေးဆေးဆေးပင်။ သူ့မျက်နှာထက်တွင် ရှက်သည့်အရိပ်အယောင်ရှိမနေ။ “ဖုန်းက လျှို့ဝှက်ရတနာလိုပဲ.. မင်းသာ ဖုန်းကို ကောင်းကောင်း သုံးနိုင်ရင် တစ်ကမ္ဘာလုံးက သတင်းအကုန်လုံးကို အေးဆေး သိနိုင်တယ်”

ထိုစကားကို ပြောပြီးနောက် ချူဖုန်းသည် တံခါးကို တွန်းဖွင့်ကာ ထွက်သွားလေသည်။

ချင်းရန်ရွာ၌ တိုက်ခတ်နေသောလေမှာ အလွန် လန်းဆန်းနေပုံ ရသည်။ အသက်ပြင်းပြင်းရှူလိုက်သည်နှင့် သူ ချက်ချင်း လန်းဆန်းပေါ့ပါးသွားရသည်။ “ဒါက ခုတလောဖြစ်သွားတဲ့ တုန်ခါမှုကြောင့်လား…”

သူသည် ဟိုးအဝေးရှိ တောင်ပေါ်တွင် ပျံ့လွင့်နေသည့် ရောင်စုံမြူနှင့် အခိုးအငွေ့များကို တွေ့နေရသည်။ မြူခိုးများသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် ညီညီညာညာ ပျံ့ကျဲနေပြီး ထိုဒေသကို ပို၍ စင်ကြယ် လတ်ဆတ်အောင် လုပ်ပေးနေသည်။

သူအံ့သြသွားသည်မှာ ဆေးဆရာဝမ်၏ ဆေးခန်းရှေ့တွင် လူအများကြီး တန်းစီနေကြသည်။ ချူဖုန်းလည်း လူတန်းကြီး၏ နောက်တွင် ရပ်ကာ သူ့အလှည့်ကို စောင့်နေသည်။

“လူနာအတော်များတာပဲ…” ချူဖုန်း ပြောလိုက်သည်။

ဆေးဆရာဝမ်သည် သူ့ကို အတွင်းခန်းသို့လာရန် အချက်ပြလိုက်သည်။ အခြားအပြင်လူတွေကို သူ၏ထူးခြားချက်အကြောင်း မသိစေလိုသည်မှာ သိသာလှသည်။

“မဟုတ်ပါဘူး.. ဒီလူတွေက ဟိုနေ့တွေတည်းက ရောဂါအသေးစားလေးတွေ ဖြစ်နေတာ၊ ဒါပေမဲ့ ထူးဆန်းတာက အကုန်လုံးက ဆေးပေးစရာမလိုပဲ ပိုပို သက်သာလာကြတယ်”

“ဒါက ခုတလောဖြစ်တဲ့ ရှုပ်ထွေးမှုတွေကြောင့် ဖြစ်နိုင်တယ်လား” ချူဖုန်း ခန့်မှန်းပြောလိုက်သည်။

“ဖြစ်နိုင်တယ်.. ဟိုးအဝေးက တောင်တွေကို ကြည့်လိုက်.. အဲဒီ‌တောင်တွေကနေ ထွက်နေတဲ့ မြူခိုးမှာ လူတွေရဲ့ ခန္ဓာကိုယ်အတွက်‌ ကောင်းစေတဲ့ ထူးခြားတဲ့ ပစ္စည်းတစ်ခုခု ပါလောက်တယ်” ဆေးဆရာဝမ် ခေါင်းညိမ့်လိုက်သည်။

ထို့ကြောင့် ဒုတိယအခေါက် လာပြသူများမှာ အရင်ကထက် အတော်လေး သက်သာနေကြသည်ပင်။

“ကြည့်ရတာ ဒီလိုဗြောင်းဆန်မှုတွေက အဆိုးကြီးပဲ မဟုတ်ဘူးနေမယ်.. ငါတို့ ထင်နေသလောက် ကြောက်စရာ မကောင်းနိုင်လောက်ဘူးထင်တယ်” ဆေးဆရာဝမ်က သက်ပြင်းချကာ ပြောလေသည်။

လွန်ခဲ့သော ရက်အချို့တွင် သာမန်လူများပင် သူတို့၏ အားအင်များ ထူးထူးဆန်းဆန်း ပြည့်ဝနေကာ လန်းဆန်းတက်ကြွနေတာကြောင့် အတော်များများ အံ့အားသင့်ခဲ့ကြသည်။

ချူဖုန်း ဟိုးအဝေးကို လှမ်းမျှော်ကြည့်လိုက်သည်။ တစ်နေ့ကျလျှင် ထိုတောင်တန်းများမှ ရက်စက်ကြမ်းကြုတ်သော တောရိုင်းကောင်များက ကမ္ဘာမြေပေါ် ရောက်လာပြီး ကမ္ဘာမြေကြီး ငရဲပြည်အဖြစ် ပြောင်းလဲသွားမည်ကို သူ စိတ်ပူနေသည်။ ဤကဲ့သို့သာ ဖြစ်လာလျှင် ထိုအသွင်ပြောင်းလဲနေသော မိစ္ဆာကောင်များ၏ လက်သည်းများအောက်တွင် မည်သူမှ အသက်ရှင်နိုင်မည် မဟုတ်။

ဆေးဆရာဝမ်သည် ချူဖုန်း၏ ကျန်းမာရေးကို အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ချူဖုန်းကို ကြံ့ခိုင်မှုစစ်ဆေးချက်အချို့ကိုလည်း လုပ်ဆောင်စေလိုက်သည်။ စစ်ဆေးပြီးနောက် သူ၏ကျန်းမာရေးမှာ ယခင်ကထက် ပို၍တိုးတက်လာသည်ကို တွေ့ရသည်။

ဤတစ်ခေါက်တော့ ချူဖုန်းသည် မီတာ ၁၀၀ အကွာအဝေးကို ၂စက္ကန့်ခွဲဖြင့် ရောက်သွားသည်။ ဤသည်မှာ ဆေးဆရာအိုကြီးကို အလွန်အံ့အာသင့်သွားစေခဲ့သည်။

သူ့ခွန်အားမှာ ပုံမှန်လူသားထက် ၁၂ဆ ပိုများနေပြီး သူ၏ အကြားအာရုံ၊ တုန့်ပြန်မှု၊ အမြင်အာရုံတို့မှာလည်း ရှေ့တစ်ခေါက်ကထပ် ပို၍အံ့သြဖို့ ကောင်းလာသည်။

“ဒါ…ဒါ လုံးဝ အံ့ဖွယ်ဖြစ်ရပ်ပ.. တစ်နေ့တစ်နေ့ ပိုတိုးတက်လာနေတာ၊ အဆုံးသတ်ကော ရှိပါ့မလား” ဆေးဆရာဝမ် အံ့အားတကြီး ရေရွတ်နေလေသည်။

“ကျွန်တော့်အထင် ဒါကအကုန်ပဲ ထင်တယ်.. ကျွန်တော့်ခန္ဓာကိုယ်က အရင်လို ပုံမှန်အခြေအနေကို ပြန်ရောက်သွားပြီး တည်ငြိမ်သွားတာကို ခံစားရနေတယ်… ပြီးတော့ ကျွန်တော့် အစားစားချင်စိတ်လည်း ပုံမှန် ပြန်ဖြစ်သွားပြီ” ချူဖုန်း ဆေးဆရာကို အမှန်အတိုင်း ပြောပြလိုက်သည်။

“ဒါပေမဲ့လည်း ဒါက ငါ့အတွက် အတော်လေးဆန်းကြယ်နေတုန်းပဲ” ဆေးဆရာဝမ်သည် စိတ်ကို တည်ငြိမ်အောင် မနည်းကြိုးစားနေရသည်။ “ငါ အခုတစ်ချိန်လုံး အနံ့မွှေးမွှေးလေးတစ်ခု ရနေတယ် မင်းဆီကလား”

သူ အနည်းငယ် မသေချာဖြစ်နေသည်။

ချူဖုန်း ခေါင်းငြိမ့်ပြလိုက်သည်။

အနံ့ မှာ ချုဖုန်းဆီမှ ထွက်လာနေကြောင်း သိသွားသည်နှင့် ဆေးဆရာဝမ် တောင့်တင်းသွားလေသည်။ ဤခန္ဓာကိုယ်မှာ ကြောက်စရာကောင်းလှသည်ဟု သူခံစားလိုက်ရသည်။

“ဘယ်…ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” သူသည် ချူဖုန်းကို တအံ့တဩ စိုက်ကြည့်နေပြီး အချိန်အတော်ကြာသည်အထိ ဆွံ့အ နေနေလေသည်။

“ဒါက ပြဿနာရှိလို့လား..” ချူဖုန်း မေးလိုက်သည်။

“မဟုတ်ဘူး၊ ပြဿနာ မရှိဘူး… ဒါပေမဲ့ ဒါသာ ရှေးခေတ်မှာ ဖြစ်ခဲ့ရင် သေချာပေါက် အံ့သြစရာကောင်းတဲ့ကိစ္စဖြစ်မှာပဲ… အသက် နှစ် ၁၀၀လောက် ရှိတဲ့ ဘုန်းကြီးတွေ သူတော်စင်တွေမှသာ အခုလို ကိုယ်ကနေ ရနံ့ထွက်တာ.. ပြီးတော့ မင်းမှာ ဒီလောက်ကြီးမားတဲ့ အတွင်းအားနဲ့ လျင်မြန်တဲ့ အရှိန်ရှိနေတာ၊ ရှေးခေတ်တုန်းကသာဆိုရင်တော့ မင်း သူတော်စင်လူသားလို့ အခေါ်ခံရမှာ”

“သူတော်စင်…လူသားလား” ချူဖုန်း အံ့သြသွားရသည်။

“ဟုတ်တယ်၊ သူတော်စင်လူသား၊ အဲဒီလို ခေါ်ကြမှ,” ဆေးဆရာဝမ် ခိုင်မာစွာ ပြန်ဖြေလိုက်သည်။

ချူဖုန်းသည် အလွန်အမင်း အံ့အားသင့်နေခဲ့သည်။

“ငါတို့ အရင်ခေတ်က သီအိုရီတွေကို ဒီတိုင်းငြင်းပယ်လိုက်လို့ မရဘူး.. တစ်ချို့ဟာတွေက မသေချာတာတွေ၊ ဆန်းကြယ်တာတွေ ရှိပေမယ့် တစ်ချို့ကတော့ အတော်လေးမှန်တယ်” ဆေးဆရာဝမ် ပြောလေသည်။

သူသည် အနောက်တိုင်းဆေးဆရာဝန် ဖြစ်သော်လည်း တရုတ်တိုင်းရင်းဆေးပညာကိုလည်း ကျွမ်းကျင်လေသည်။ သူသည် ရှေးခေတ် ဆေးဝါးနည်းပညာနှင့် မှတ်တမ်းတို့ကို အသေးစိတ်နားလည်ရုံသာမက ရှေးခေတ်ဆေးစာနှင့် အိမ်တွင်းကုသနည်းတို့ကိုလည်း အကြမ်းဖျင်း ဖတ်ဖူးသည်။ ထိုစာအုပ်များတွင် အများစုမှာ လေးစားကြည်ညိုရသော တာအိုနှင့်ဗုဒ္ဓသူတော်စင်များ ရေးသားသည့် ရှေးဟောင်းစာအုပ်များ ဖြစ်သောကြောင့် ထိုအကြောင်းအရာများကို သူ အတော်လေး နားလည်ကျွမ်းဝင်သည်။

“လူ့ခန္ဓာကိုယ်ရဲ့ အကန့်အသတ်ကို ကျော်လွှားနိုင်တယ်တဲ့.. အခု မင်းက နမူနာပဲ မဟုတ်လား” ဆေးဆရာဝမ် သက်ပြင်းချလိုက်သည်။ “ဒါကြောင့် အခုမင်း လုပ်နိုင်တာတွေကို ရှေးခေတ်တုန်းကလည်း လုပ်နိုင်တယ်လို့ ပြောလို့ရတယ်… ဥပမာ ရှာကျမူနီ ဆင်ကို ကိုင်ပေါက်တဲ့ ပုံပြင်ဆိုရင် အခုခေတ်စာဖတ်သူအနေနဲ့ ယုံချင်မှ ယုံလိမ့်မယ်.. ဒါပေမဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အကန့်အသတ်ကို ကျော်လွန်သွားတဲ့အခါကျရင် မဖြစ်နိုင်ဘူးဆိုတာ မရှိသလောက်ပဲ”

သူ၏သီအိုရီအရ ဗုဒ္ဓသည်လည်း သာမန်လူသားတစ်ယောက်သာ ဖြစ်သည်။ သို့သော် သာမန်ထက်ကျော်လွန်သော အစွမ်းကို ပိုင်ဆိုင်ထားခြင်းကြောင့် ဆင်တစ်ကောင်ကို လွယ်လွယ်နှင့် ပစ်ပေါက်နိုင်ခြင်း ဖြစ်သည်။

“ဗုဒ္ဓက ဆင်ကို ပစ်ပေါက်တာ၊ တာအိုသူတော်စင်တွေက တောင်တန်းတွေကို မ နိုင်တာ… ဒါတွေအားလုံးက သူတော်စင်လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဖြစ်စဥ်တွေပဲ၊ သူတို့ သေသွားရင်တောင် ခန္ဓာကိုယ်က မပုပ်သိုးမပျက်စီးပဲ ခန္ဓာကိုယ်ရဲ့ အမြုတေကြောင့် ရနံ့သင်းပါ ထွက်လာတယ်”

သူ ပြောရင်းပြောရင်း ပိုစိတ်တက်ကြွလာသည်။ သူသည် ရှေးရိုးစာစဥ်တွေကို အတော်စိတ်ဝင်စားကြောင်း သိနိုင်သည်။ အထူးသဖြင့် ချုဖုန်းလို သက်ရှိသက်သေအထောက်အထားကို မြင်လိုက်ရသည့်အချိန်တွင် သူ မတည်ငြိမ်နိုင်တော့။

“မင်းကတော့ ဆင်တစ်ကောင်ကို ပစ်ပေါက်ဖို့ မလုပ်နိုင်လောက်သေးပေမယ့် မင်း လုပ်နိုင်လာလိမ့်မယ်.. ပြီး‌တော့ အရေးကြီးဆုံးက လူတစ်ယောက်က ကန့်သတ်ချက်ကို ကျော်လွှားနိုင်ရင် မဖြစ်နိုင်တာ ဘာမှ မရှိဘူးဆိုတာကို မင်းက ငါ့ကို သေချာသိသွားစေတယ်” သူသည် ချူဖုန်း ရင်ခေါင်းကိုခွဲကာ သူ့ခန္ဓာကိုယ်ထဲရှိ ဖွဲ့စည်းပုံနှင့် အဘယ်ကြောင့် ယခုကဲ့သို့ သဘာဝလွန်လူသားခန္ဓာကိုယ် ဖြစ်နေသလဲဆိုသည်ကို အလွန်မြင်ချင်နေပုံ ရသည်။

ချူဖုန်းသည် ထိုင်ခုံမှ အမြန် ထလိုက်ကာ ဆေးဆရာကို နှုတ်ဆက်ပြီး ထွက်ပြေးခဲ့လေသည်။

အိမ်ပြန်လမ်းတွင် ချူဖုန်းသည် အတွေးများနေမိသည်။

သူ့အိမ်ရောက်ခါနီးတွင် ချူဖုန်း ခြံဝင်းအတွင်းမှ လေတိုက်သံကို ကြားလိုက်ရသည်။ လေတိုက်သံနှင့်အတူ မိုးခြိမ်းသံလည်း ပါလာလေ၏။

ဘာတွေ ဖြစ်နေတာလဲ… မိစ္ဆာနွား နောက်ထပ် ပြဿနာထပ်လုပ်မည်ကို သူ စိုးရိမ်သွားသည်။

ချူဖုန်း ခြံဝင်းထဲသို့ အမြန်ပြေးသွားလိုက်သည်။ သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ အံ့သြသွားရသည်။ နွားဝါသည် သူ့နောက်ခြေထောက်ပေါ်တွင် ရပ်နေပြီး ရှေ့ခြေထောက်အား ပုံစံမျိုးစုံ လုပ်နေသည်ကို သူ တွေ့လိုက်ရသည်။ ဒါ…လက်ဝှေ့ထိုးကျင့်နေတာလား..

လေတိုက်ပြီး မိုးချိန်းနေသည်။ အသံအကုန်လုံးမှာ သူ့ခန္ဓာကိုယ်မှ ထွက်လာခြင်းပင်။ ဒါက နွားပေါက် ကျင့်ကြံနေတဲ့ ထူးခြားတဲ့ လက်ဝှေ့ထိုးနည်းပုံစံများလား..

နွားတစ်ကောင်က လက်သီးဝှေ့ယမ်းကာ လက်ဝှေ့ထိုးနည်းပုံစံကို လေ့ကျင့်နေသည်မှာ အတော်လေး အံ့သြစရာ ကောင်းသည့် မြင်ကွင်းပင်။

အပိုင်း ၂၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset