Chapter – 38
“ရေခဲကြာပန်း”
ကွမ်ဝမ်ရှန် စင်ပေါ်တက်လာပြီးနောက် လေလံပွဲစတင်ကြောင်း ကြေညာလိုက်၏။
မျှော်လင့်ထားသကဲ့သို့ပင် လူတိုင်းဟာ ကျေနပ်သွားကြပြီး စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေ ကြသည်။
ယခုလေလံခန်းမ၏ တာဝန်ခံများသည် လေလံပွဲ၏ အကျိုးအမြတ် ရလဒ်များအား နှံ့စပ် ကျွမ်းကျင်သူများ ဖြစ်ကြ၏။
“ပထမဆုံး လေလံဆွဲမဲ့ ပစ္စည်းကတော့ ကျောက်စိမ်းတောင်ဝှေး တစ်ချောင်းပဲ ဖြစ်ပါတယ် . . .”
ကွမ်ဝမ်ရှန်လည်း လက်များကို ဝေ့ယမ်းကာ ပြလိုက်သောအခါ မိန်းကလေး တစ်ဦးမှ ကျောက်စိမ်း တောင်ဝှေးအား ပရိတ်သတ်များအား ပြသလိုက်သည်။
“ဒါက ထိပ်တန်းအဆင့် ကျောက်စိမ်းတောင်ဝှေး တစ်ချောင်းပါ။ ကြမ်းခင်းဈေးကတော့ ရွှေစ ၄၀၀ ပါ။ လူတိုင်း ရွှေစ ၅၀ စီ တိုးတိုးပြီး လေလံ ဆွဲလို့ ရပါပြီ . . .”
တကယ်တော့ ကွမ်ဝမ်ရှန် အားမရှိသလို အသံနှင့် ပြောလိုက်ခြင်း ဖြစ်သည်။
ကျောက်စိမ်းတောင်ဝှေး တစ်ချောင်းသည် ယခုကဲ့သို့ ထိပ်တန်း လေလံပွဲတစ်ခုတွင် အရေးကြီး ပစ္စည်းတစ်ခု မဟုတ်ပါချေ။ ကွမ်ဝမ်ရှန် အစကတည်းက ထိုပစ္စည်းအား လေလံပွဲတွင် ထည့်သွင်း လေလံမဆွဲချင်ခဲ့ပါ။ သို့သော်လည်း ဖန်ဇီလင်မှ လေလံဆွဲခိုင်းခဲ့ခြင်းကြောင့် မငြင်းနိုင်ခဲ့ပေ။ အဘယ်ကြောင့် လေလံဆွဲခိုင်းသည် ဆိုတာကိုတော့ ကွမ်ဝမ်ရှန်တစ်ယောက် နားမလည်နိုင် ဖြစ်နေလေ၏။
ကျောက်စိမ်းတောင်ဝှေး ပေါ်လာသောအခါ ပရိတ်သတ်အားလုံးသည် မျှော်လင့်ထားခဲ့သလိုပင် တိတ်ဆိတ်သွားကြသည်။
လူတိုင်း ဟိုကြည့်ဒီကြည့်ဖြင့်သာ ရှိနေကြပြီး မည်သူမျှ လေလံဝင်လုဆွဲရန် စိတ်ကူးမရှိကြချေ။ ထိုမျှလောက် ပစ္စည်းလေးကို လေလံဆွဲမနေဟုသာ တွေးနေကြခြင်း ဖြစ်၏။
ထိုလူများအတွက် ကျောက်စိမ်းတောင်ဝှေး တစ်ချောင်းသည် တကယ်ကို တန်ဖိုးမရှိပါပေ။
သူတို့အားလုံးသည် အဆင့်မြင့် ပညာရှင်ကြီးများ ဖြစ်ကြသဖြင့် သာမန်ပစ္စည်းလေးတစ်ခုအား စိတ်ဝင်စားခြင်း မရှိသည်မှာ အထူးအဆန်းတော့ မဟုတ်ပါ။
ကွမ်ဝမ်ရှန်လည်း စိတ်ဓာတ်ကျသလို ဖြစ်နေသည်။
ဖန်ဇီလင်မှ သူ့အား ထိုကဲ့သို့ ပြုလုပ်ခိုင်းမှာ အကြောင်းတော့ ရှိပေမည်။ သို့သော်လည်း ယခုအခါ မှာတော့ ပထမဆုံး ပစ္စည်းနဲ့တင် မအောင်မြင် ဖြစ်နေရပြီ မဟုတ်ပါလား။
ကံကောင်းစွာပင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ရွှေစ ၄၀၀ . . .”
ပြောလိုက်သူကတော့ ဇူဝူကျီ ပင် ဖြစ်ပါသည်။
ကွမ်ဝမ်ရှန် စိတ်သက်သာရာ ရသလို ခံစားလိုက်ရ၏။ သူ့အတွက် ဇူဝူကျီ၏ အသံမှာ ကောင်းကင်မှ သံစဉ်တစ်ခုအလား ထင်မှတ်စရာပါပင်။
ဇူဝူကျီလည်း ပြောလိုက်ပြီးသည်နှင့် ဘေးဘယ်ညာကို လိုက်ကြည့်လိုက်သည်။ သို့သော် မည်သူမျှ သူ့ကို ပြိုင်၍ လေလံလ်ိုက်ဆွဲခြင်း မရှိသည့်အတွက် စိတ်အေးသလို ဖြစ်သွားပါသည်။
တခြားလူများ အားလုံးသည် သူတို့၏ ငွေများအား ထူးခြားအစွမ်းထက်သည့် ဆေးလုံးများကို ၀ယ်ယူရန် ထားထားကြသည်ကို ဇူဝူကျီတစ်ယောက် မသိရှိပေ။ သာမန် ကျောက်စိမ်းတောင်ဝှေးလေး တစ်ခုအတွက် သူတို့၏ ငွေများအား အလကားသက်သက် အသုံးပြုမည် မဟုတ်ချေ။ ယခုတောင်ဝှေးကို လေလံဆွဲလိုက်ပါက ဆေးလုံးများ လေလံဆွဲသည့်အချိန်တွင် ငွေမလောက်မှာကို စိုးရိမ်နေကြတာ ဖြစ်ပါသည်။
ကွမ်ဝမ်ရှန် ဈေးနှုန်းကို သုံးကြိမ်တိုင်တိုင် ခေါ်လိုက်သော်လည်း မည်သူမျှ အသံမထွက်လာချေ။ ထိုအခါ တူဖြင့် စားပွဲအား ထုချလိုက်ပြီး ဇူဝူကျီ ပိုင်ဆိုင်နိုင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတော့သည်။
အဆင့်နိမ့်၊ ဈေးနှုန်းအရလည်း သိပ်မရှိသော ပစ္စည်းတစ်ခု ဖြစ်သော်လည်း ကွမ်ဝမ်ရှန်မှာ ပျော်နေမိ၏။ တကယ်တော့ ဇူဝူကျီအား ကျေးဇူးပင် တင်နေမိခြင်း ဖြစ်ပြီး သူ၏ စိတ်ပျက်အားငယ်ဖွယ် အခြေအနေကို ကယ်တင်လိုက်သော ကယ်တင်ရှင် တစ်ပါးကဲ့သို့ပင် ထင်မှတ်နေပါတော့သည်။
ဇူဝူကျီမှာလည်း သူလုံးဝ လိုချင်တောင့်တနေခဲ့သည့် ကျောက်စိမ်းတောင်ဝှေးအား နောက်ဆုံးမှာ တော့ ရရှိခဲ့ပြီ ဖြစ်ပါသည်။ သူ့ကိုယ်သူ အိပ်မက်မက်နေသကဲ့သို့ပင် ထင်မှတ်နေမိပြီး –
“တကယ်ကို လွယ်တာပဲ . . . အခုတော့ ငါပိုင်ပြီပေါ့။ ဘယ်သူမှ ငါနဲ့ ဆန့်ကျင်ပြီး လေလံ မဆွဲကြ ဘူးလေ . . .”
လန်လန့်လန့် မျက်လုံးများ ပြူးကျယ်စွာဖြင့် –
“ဘာ . . . လွယ်တယ်တဲ့လား . . . ဘာမှ မဟုတ်တဲ့ ပစ္စည်းလေးပဲဟာကို . . .”
ဇူဝူကျီ ကျောက်စိမ်းတောင်ဝှေးအား ကိုင်ထားရပြီ ဖြစ်သော်လည်း ပျော်ရွှင်ခြင်းကို မခံစားရပေ။
ပျော်ရွှင်ရမည့်အစား စိတ်ဓာတ်ကျချင်သလိုပင် ဖြစ်သွားလေ၏။
သူ့မိသားစုသည် အရမ်းကို ကြီးကျယ်မြင့်မြတ်သည်ဟု အမြဲတမ်း ထင်ထားခဲ့တာဖြစ်ပြီး ကမ္ဘာပေါ် ရှိ တခြားလူများထက် သာလွန်သည်ဟု ယူဆခဲ့တာ ဖြစ်ပါသည်။ သို့သော်လည်း ယခုအခြေအနေအရ သူ့အယူအဆများ လွဲမှားနေတာကို သဘောပေါက်လိုက်မိတယ်။ သူအလွန်လိုချင် တပ်မက်နေသည့် ပစ္စည်းသည် အစစ်အမှန် ပညာရှင်ကြီးများအတွက် အထင်သေးစရာတစ်ခု ဖြစ်နေချေ၏။
ဇူဝူကျီလည်း တောင်ဝှေးကြီးအား ကိုင်ထားရင်း ခေါင်းကို ငုံ့ထားလျက်ရှိသည်။
သူ့စိတ်ထဲမှာတော့ အတွေးများ ယောက်ယတ်ခတ်ရင်း သိမ်ငယ်သလို ခံစားမှုတစ်ခု ဖြစ်ပေါ်နေပါ တော့သည်။ သူအဓိက တွေးနေမိသည့် အကြောင်းအရာမှာ –
(ဒီကျောက်စိမ်းတောင်ဝှေးက သူတို့အတွက်တော့ အမှိုက်သာသာပဲ။ ငါကျ ဘာလို့များ ဒီလောက် လိုချင်မိခဲ့ရတာပါလိမ့် . . . ထိပ်တန်းအဆင့် ပညာရှင်တွေက အမြဲတမ်း ဒီလိုပဲထင်တယ် . . .(
လန်လန့်လန့် တွေးနေမိမှာတော့ –
(ငါ့တွက်ကိန်းသာ မမှားဘူးဆိုရင် ရွှေစ သန်းပေါင်းများစွာတောင်မှ ဒီလူတွေအတွက်က ဘာမှ မဟုတ်လောက်ဘူးထင်တယ်။ ငါ့မှာ ဒီလို သန်းပေါင်းများစွာ ချမ်းသာနေရင်တောင် ဒီပညာရှင်တွေလို လုံလောက်တဲ့ အစွမ်း မရှိဘူးဆိုရင် ငါ့ရဲ့ ချမ်းသာမှုကို ဘယ်လို ကာကွယ်နိုင်မှာလဲ . . .(
. . .
ရဲရှောင်သည် အပေါ်ထပ် ပွဲကြည့်စင်မှနေ၍ သူ့သူငယ်ချင်း နှစ်ယောက်အား လှမ်းကြည့်ရင်း သက်ပြင်း ချနေမိသည်။ သူတွေးနေသည်မှာ –
(နောက်ဆုံးတော့ မင်းတို့နှစ်ယောက်လုံး အမှန်တရားကို နားလည် သဘောပေါက်သွားကြပြီပေါ့။ သဘောမပေါက်တောင် သဘောပေါက်စတော့ ပြုလာပြီထင်ပါရဲ့ . . .(
ရဲရှောင် သက်ပြင်းတစ်ချက် ချလိုက်ပြန်တယ်။ ဆက်လက်၍လည်း အတွေးနယ်ချဲ့မိနေသည်မှာ –
(ဘယ်လိုတောင် ရှက်ဖို့ ကောင်းလိုက်သလဲ . . . အတော်ကြီးတောင် နောက်ကျနေပြီ။ မင်းတို့က တစ်သက်လုံး ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနဲ့ ဘ၀ကို ဖြတ်သန်းခဲ့ကြတယ်။ အခုမှစပြီး ကျင့်ကြံမှုတွေ လုပ်မယ် ဆိုရင်လည်း အကျိုးရှိမှာ မဟုတ်ဘူး။ မင်းတို့ဘ၀မှာ ဘယ်လိုလုပ်ပြီး ထိပ်တန်းအဆင့် ပညာရှင် ဖြစ်လာနိုင်တော့မလဲ . . .(
အတွေးများ နယ်ချဲ့နေစဉ်မှာပဲ ကွမ်ဝမ်ရှန်၏ အသံကို ကြားလိုက်ရပြန်၏။
“နောက်ပစ္စည်းတစ်ခုကတော့ ရေခဲကြာပန်းပဲ ဖြစ်ပါတယ်။ ဒီကြာပန်းဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀၀ ရှိပြီ။ ပွင့်ချပ်တွေကတော့ အနီရောင် ကွက်ကြားလေးတွေပါ။ လုံးဝ ရဲရဲနီတဲ့ ကြာပန်းတစ် ပွင့် ဖြစ်တော့မှာလေ။ တကယ့်ကို ထူးခြားတဲ့ ဆေးဖက်ဝင်ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။ ကြမ်းခင်းဈေးကတော့ ငွေစ ၅၀၀၀ ပါ။ တစ်ခါဈေးတင်ရင် ငွေစ ၅၀၀ စီ တင်နိုင်ပါတယ် . . .”
ရဲရှောင်မျက်လုံးများ အရောင်လတ်သွားသည်။
ရေခဲကြာပန်းဟု ကြားလိုက်ရသည် မဟုတ်ပါလား . . .
မူမျိုးနွယ်မှ စေလွှတ်လိုက်သည့် ခေါင်းဆောင်အဖိုးကြီးတစ်ဦး လက်မြောက်လိုက်ရင်း –
“၅၅၀၀ . . .”
ရေခဲကြာပန်းသည် ကျင့်ကြံခြင်းလောကသို့ ခြေလှမ်းစတင်မည့် လူငယ်များအတွက် ပြီးပြည့်စုံသည့် အခြေခံကောင်းများကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်သည်။ ကလေးတစ်ဦး မွေးဖွားလာသောအခါ ကလေး၏ မိခင်ကိုယ်တွင်းမှ ပေးလိုက်သော သန့်စင်သည့် ဝိညာဉ်တော်ချီဓာတ်များသည် တဖြည်းဖြည်း လျော့နည်း သွားပါသည်။ ရေခဲကြာပန်းသည် ကလေးကိုယ်တွင်းမှ ထိုမွေးရာပါ သန့်စင်သော ဝိညာဉ်တော် ချီဓာတ်များကို လွင့်ပျံလျော့နည်းသွားခြင်းမှ ကာကွယ်ပေးပြီး ထိုကလေး အသက်ကြီးလာ၍ ကျင့်ကြံမှု များ စတင်တော့မည် ဆိုပါက စတင်ကျင့်ကြံခြင်းမှ ရရှိလာသည့် ချီဓာတ်များနှင့် ပေါင်းစပ်စေမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ပေါင်းစပ်ခြင်းဖြင့် အချိန်တိုအတွင်း အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်လာစေမည်ဖြစ်ပြီး ရေခဲကြာပန်းကို အသုံးပြုသော ကလေးသည် သာမန်ကလေးများထက် သုံးဆလောက် ပိုတိုးတက်မှာ ဖြစ်၏။
သို့သော်လည်း ထိုကလေးသည် ကျင့်စဉ်များ ကျင့်ကြံနိုင်သည့် ပညာရှင်တစ်ဦးဖြစ်ရန်အတွက် ကောင်းကင်အဆင့် ပညာရှင်တစ်ဦး၏ နည်းပေးလမ်းညွှန်ပေးမှုကို လိုအပ်မှာ ဖြစ်ပါသည်။
တကယ်ကိုပဲ မူမျိုးနွယ်မှ လေလံဆွဲသောအခါ ဈေးနှုန်းပြိုင်ဆွဲသည့်လူ သိပ်အများကြီး မရှိပေ။ မျိုးနွယ်စုကြီး ၈ စုမှ လူများသာ ဈေးနှုန်းများ တိုးနေကြခြင်း ဖြစ်ပါသည်။
မော်တယ်ကမ္ဘာရှိ လူများအား ရဲရှောင် နားမလည်နိုင်အောင်ကို ဖြစ်နေမိသည်။ မတူညီသော အင်အားစုကြီးသုံးစု မည်သို့မည်ပုံ ယှဉ်တွဲနေထိုင်ကြသလဲ ဆိုတာကို စဉ်းစားမိနေခြင်းပါ။
တဖြည်းဖြည်းဖြင့် မော်တယ်ကမ္ဘာရှိ အင်အားစုကြီး သုံးစုဖြစ်သည့် မျိုးနွယ်စုကြီးများ၊ သိုင်းပညာ ဂိုဏ်းများနှင့် တော်ဝင်မိသားစုအကြောင်းကို နားလည်သလို ဖြစ်လာ၏။ သူစဉ်းစားနေမိသည်မှာ –
(ငါက သိုင်းပညာဂိုဏ်းတွေက ဒီကမ္ဘာမှာ အဆင့်မြင့် နေရာတစ်နေရာ မရလောက်ဘူးလို့ ထင်ခဲ့မိတာ ဒါပေမဲ့ ငါထင်တာ မှားသွားပြီ။ တကယ်တော့ သူတို့က သီးခြားနေလေ့ရှိပြီး တခြားလူတွေကို အဖတ်မလုပ်ကြဘူး။ သူတို့က တကယ်ကိုပဲ သာမန်ပစ္စည်းတွေကို အထင်သေးကြတယ်။ သူတို့မှာ နိုင်ငံနဲ့ ပတ်သက်ပြီး အာဏာ မရှိကြဘူး။ သူတို့ကလည်း ဒီလို နိုင်ငံရေးအရ လွှမ်းမိုးလိုမှုကိုလည်း စိတ်မ၀င်စားကြဘူး။ ကျင့်ကြံ မှုတွေကို အာရုံစိုက်ပြီး သူတို့ရဲ့ ရည်မှန်းချက်တွေကိုပဲ ပြည့်ဝအောင် လုပ်ကြတယ် . . .
မျိုးနွယ်စုကြီးတွေကတော့ သိုင်းပညာဂိုဏ်းတွေ စိတ်မ၀င်စားတဲ့ အရာတွေကို ရအောင် အကောင်းဆုံး ကြိုးစားနေကြတယ်။ မျိုးနွယ်စုသက်သက် ဖြစ်တဲ့အတွက် ကျင့်ကြံမှု ပိုင်းမှာတော့ သူတို့က သိုင်းပညာဂိုဏ်းတွေထက် အားနည်းမှာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီမော်တယ်လူ့အဖွဲ့အစည်းမှာ မျိုးနွယ်စုကြီးတွေက တက်ကြွလှုပ်ရှားသူတွေ ဖြစ်တယ်။ အဲဒါကြောင့်ပဲ သိုင်းပညာဂိုဏ်းတွေထက် သူတို့က ပိုပြီး လူတောတိုး လူဝင်ဆန့်သလို ဖြစ်နေကြတယ်။ သိုင်းပညာဂိုဏ်းတွေကမှ မော်တယ်ကမ္ဘာကို လွှမ်းမိုးနိုင်ဖို့ ကိစ္စ စဉ်းစားချင် စဉ်းစားမိနေကြဦးမယ်။ တကယ်တော့ ဂိုဏ်းတွေကိုဝင်ထားတဲ့ မျိုးနွယ်စုကြီး က လူတွေ၊ တော်ဝင်မိသားစုအတွက် အမှုထမ်းနေကြတဲ့ မျိုးနွယ်စုကြီးထဲကလူတွေ အများကြီးရှိမှာပဲ။ သူတို့ဟာ သိုင်းပညာအရာမှာလည်း ဂိုဏ်းကြီးတွေလောက် အစွမ်းမထက်ဘူး၊ သြဇာအာဏာပိုင်းမှာလည်း တော်ဝင်မိသားစုတွေလောက် ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အသက်ရှင် ရပ်တည်နိုင်တယ်။တစ်နေ့ တော်ဝင်မိသားစုတွေမရှိတော့ပဲ သိုင်းပညာဂိုဏ်းတွေ ဖျက်ဆီး ခံရရင်တောင်မှ သူတို့ မျိုးနွယ်စုကြီးတွေက သေချာပေါက် ကျန်ရစ်ခဲ့လိမ့်မယ် . . .
တော်ဝင်မိသားစုတွေကတော့ နိုင်ငံရေးလွှမ်းမိုးမှုရှိပြီးတော့ ကမ္ဘာကြီးကို အုပ်ချုပ်နေသူတွေပေါ့။ ဒါပေမဲ့ သူတို့က လူ့အသိုင်းအဝိုင်းရဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း မရှိကြဘူး။ အဲဒီအခါ မျိုးနွယ်စုကြီးတွေရဲ့ အကူအညီကို လိုပြန်ရော။ မျိုးနွယ်စုကြီး ၈ စုက ပြဿနာ တော်တော်များများကို ရှင်းပေးနိုင်ခဲ့ပုံပဲ။ ပြောရမယ်ဆို မျှခြေတစ်ခုလို ဖြစ်နေတယ်။ တော်ဝင်မိသားစုနဲ့ မျိုးနွယ်စုကြီးတွေဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဟန်ချက်ညီနေတယ် ပြောရမှာပေါ့ . . .
ဒီအင်အားစုကြီး ၃ စုဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြိုင်ဆိုင်မှုတွေ ရှိတယ်ဆိုပေမဲ့ တချိန်တည်းမှာပဲ တစ်ဖွဲ့ကိုတစ်ဖွဲ့က အထောက်အပံ့ပေးနေသလိုပဲ။ သူတို့က လုံးဝ ပေါင်းစပ်သွားကြခြင်းလည်း ရှိမှာ မဟုတ်သလို အသေအကြေ တိုက်ခိုက်ပြီး ပျက်ဆီးသွားကြမှာလည်း မဟုတ်ဘူး . . .(
ရဲရှောင်မျက်မှောင်ကြီးကြုတ်လျက် စဉ်းစားခန်း ၀င်နေခြင်း ဖြစ်သည်။
သူတွေးနေမိသည့် အချက်အလက်များ အားလုံးဟာလည်း အမှန်ပင် ဖြစ်လိမ့်မည်ဟု သူလုံးဝ ယုံကြည်နေမိ၏။ လော့တစ်ခုအား သော့ပေါက် ၃ ခုဖြင့် ချိတ်ဆက်ထားသကဲ့သို့ပါပင်။
အုပ်စုကြီးသုံးစုမှာ သော့တစ်ချောင်းစီအား ကိုင်ဆောင်ထားကြသူများ ဖြစ်ကြပြီး သုံးဖွဲ့လုံးမှ သော့ပေါက်ကို ပြိုင်တူဖွင့်မှသာ လော့ကို ဖွင့်နိုင်မည့် သဘောပါပင်။
ပြဿနာမှာ သူတို့၏ သော့များအား ပြိုင်ဆိုင်မှုများ ပြုလုပ်ရင်းဖြင့်သာ မဖွင့်ဖြစ်ကြပေ။ အကယ်၍ သူတို့အားလုံး အရှုံးပေးလိုက်ကြမည် ဆိုပါက ထိုအခြေအနေကို အမြတ်ထုတ်သွားနိုင်သည့် လူတစ်ဦး ရှိလာမည်မှာ မလွဲပေ။
(လော့ချထားတာ ပိုကောင်းပါတယ်။ ငါအစွမ်း လုံလုံလောက်လောက် ရှိလာတဲ့ထိ လုံလုံခြုံခြုံပဲ ရှိနေပေးဦး။ ငါ့အတွက်ကတော့ သော့တွေ မလိုပါဘူး။ ငါလိုတာက သူတို့ရဲ့ သော့တွေနဲ့ လော့ကို မဖွင့်ပဲ နေကြဖို့ပေါ့ . . .(
. . .
ရဲရှောင်လည်း သူ၏ အတွေးများကို ရပ်တန့်လိုက်သည်။ ရေခဲကြာပန်း၏ ဈေးနှုန်းသည် နောက်ဆုံး အနေအထားသို့ ရောက်ရှိနေပြီဖြစ်၏။ မူမျိုးနွယ်စုမှာလည်း ရေကုန်ရေခမ်းကို လိုက်လံ လေလံဆွဲနေပြီး အနိုင်ရရှိသူဟာလည်း သူတို့ပင် ဖြစ်သည်။ လောင်မျိုးနွယ်စုကတော့ ဆက်လက်၍ ဈေးပြိုင်မဆွဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့အနေဖြင့် ဈေးအဆမတန် မြှင့်၍ မပေးနိုင်ုလို့ပဲ ဖြစ်ပါတော့သည်။
ယခုအခါ ဈေးနှုန်းသည် ငွေစ ၂၇၅၀၀ ကို ရောက်ရှိနေပြီဖြစ်၏။
“ငွေစ ငါးသောင်း . . .”
ရဲရှောင်လည်း အထင်သေးဟန်ဖြင့် တစ်ချက်ပြုံးလိုက်ပြီးနောက် ကျယ်လောင်သော လေသံဖြင့် အော်ပြောလိုက်ပါတော့သည် . . .။