Chapter – 37
“ကတိပေးကြခြင်း”
ဝတ်စုံနက်ဖြင့်လူသည်အမြင့်သို့ ခုန်ရန်သူ၏ ကိုယ်နေဟန်ထားအား အသင့်ပြင်လိုက်သည်။ ရဲရှောင်အား ပိုမို ပြင်းထန်စွာ တိုက်ခိုက်နိုင်ရန် နှင့်သူ့ဘက်မှ အသာစီးရရန်အတွက်ကြိုးစားလိုက်ခြင်း ဖြစ်၏။ သို့သော်ရဲရှောင်သည်ထိုလူ၏ အကြံအား ရိပ်မိလိုက်ပြီး သူ့ဘက်မှ အရင်လက်ဦးအောင်စတင်တိုက်ခိုက်လိုက်သည်။
ရဲရှောင်နှင့်ဝတ်စုံနက်တို့သည်မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားကြပြီး လက်ဖဝါးချင်း ရိုက်မိသွားကြသည်။
“ဖုန်းး”
လက်ဖဝါးချင်း ရိုက်မိသည့်အရှိန်ကြောင့်ရွှေရောင်အလင်းတန်းများသည်ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့ဖြာထွက်သွားခဲ့ပြီး ထိုရွှေရောင်အလင်းတန်းများ၏ စူးရှတောက်ပမှုကြောင့်ဘေးနားရှိ လူများ၏ အမြင်အာရုံများအား မူးဝေသွားစေခဲ့သည်။
ဝတ်စုံနက်ဖြင့်လူသည်စိတ်ရှုပ်ထွေးသွားပြီး သူ၏ လက်အား ပြန်လည်ရုတ်သိမ်းလိုက်၏။ ရဲရှောင်အား ပြန်လည်တိုက်ခိုက်နိုင်ရန် ကြိုးစားခြင်းထက်မိမိကိုယ်ကို ကာကွယ်နိုင်ရန်အတွက်ကိုသာ အာရုံစူးစိုက်ရန်သူဆုံးဖြတ်လိုက်သည်။ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲကိုယ့်ကိုကိုယ်အကောင်းဆုံး ကာကွယ်နိုင်ရန်အတွက်သူလုပ်နိုင်သမျှ အရာအားလုံးအား ကြိုးစား၍ လုပ်လိုက်သည်။ ရဲရှောင်ဘက်မှ ထိုးစစ်ဆင်၍ အပြင်းအထန်တိုက်ခိုက်နေသောကြောင့်သူ့အနေဖြင့်အပေါ်သို့ ခုန်မပျံနိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ပင်ပြုတ်ကျသွားလေသည်။ ရဲရှောင်အနေဖြင့်ရရှိလာသည့်အခွင့်အရေးကို လက်လွတ်မခံဘဲရွှေလက်ဝါး တိုက်ကွက်ဖြင့်ဝတ်စုံနက်နှင့်လူ၏ ဦးခေါင်းအား အဆက်မပြတ်တိုက်ခိုက်လိုက်သည်။ ထိုသို့ တိုက်ခိုက်နေသည့်အချိန်မှာပင်ရဲရှောင်၏ လက်မှရွှေရောင်မီးခိုးများသည်အဆက်မပြတ်ပင်ပေါ်ထွက်နေကြသည်။
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်ရဲရှောင်၏ လှုပ်ရှားမှု မှန်သမျှအား မျက်တောင်မခတ်ဘဲ ကြည့်နေခဲ့သည်။ သူမသည်စိုးရိမ်ပူပန်သော အကြည့်များဖြင့်ကြည့်နေပြီး –
“ဟိုင်ဆန်ဘက်က အရေးနိမ့်နေတယ်။ သူ အဲ့ဒီလို ခုန်ဖို့ မကြိုးစားခဲ့သင့်ဘူး။ သူတိုက်ခိုက်နေတဲ့ နည်းလမ်းတွေက မဟုတ်သေးဘူး။ တကယ်လို့ သူက ဟိုဘက်ကလူထက်ပိုမြင့်တဲ့ အနေအထားမှာဆိုရင်တော့ သူ့တိုက်ကွက်တွေက မှန်ကန်တယ်။ အခုတော့ သူကအောက်ကနေပြီးတော့ပဲ ခုခံနေရတယ်။ ရန်သူက သူ့ထက်အားနည်းနေရင်တော့ သူနိုင်ကောင်း နိုင်သွားလိမ့်မယ်။ ဒါပေမယ့်ခက်တာက တစ်ဖက်ကရန်သူ့ရဲ့ အခြေအနေကိုကောင်းကောင်းမသိတော့ သူ့စိတ်ထဲရှိတဲ့အတိုင်း ကမူးကရှူးထိုး တိုက်ကွက်တွေနဲ့ပဲ လှုပ်ရှားနေတယ်။ သူ့လို ပညာရှင်တစ်ယောက်က ဒီလို မမှားသင့်တဲ့ အမှားမျိုးကို ဘာလို့ လုပ်ရတာလဲ”
သူမ၏နောက်တွင်ရှိနေသည့်ဝတ်စုံနက်ဖြင့်လူနောက်တစ်ယောက်သည်တည်ငြိမ်သောလေသံဖြင့်-
“ဟုတ်တယ်. . . သူအမှားလုပ်မိသွားတယ်။ ဒါပေမယ့်သူ့နေရာမှာ ကျွန်တော်ဆိုလည်း အဲ့ဒီလို အမှားမျိုး လုပ်မိမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်ကို အထင်သေးပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု လွန်ကဲသွားလို့။ တစ်ဖက်ရန်သူက ကျွန်တော်နဲ့ ဟိုင်ဆန်ထက်ပဲ အားနည်းသလိုလို သူ့ကိုယ်သူမော်တယ်အဆင့်လောက်ပဲရှိတဲ့ လူလိုလို ဟန်ဆောင်ထားတာ။ အဲ့ဒီတော့ ကျွန်တော်တို့ဘက်ကလည်း ဒီလိုကောင်မျိုးက ငါတို့အတွက်တော့အေးဆေးပါ သူ့လိုကောင်မျိုးကို လွယ်လွယ်လေး တိုက်လို့ရတယ်ဆိုတဲ့ အတွေးတွေနဲ့လျှော့တွက်မိရော။
ဒါပေမယ့်တကယ်တမ်းတော့ ဒီလူက သူ့ရဲ့ စွမ်းအားတွေကို လျိုထားတာ။ သူ့အဆင့်က အနည်းဆုံးတော့မြေကြီးအဆင့်ရဲ့အလယ်အလတ်လောက်ကိုရောက်နေလောက်ပြီ။ ကျွန်တော်တို့လို လူတွေကိုကောင်းကောင်းအရူးလုပ်ဖို့ သူလှည့်စားလိုက်တာပဲ။ ဒီတိုက်ခိုက်မှုမှာ ဟိုင်ဆန်ဘက်က အနိုင်ရလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူး”
ဝတ်စုံနက်ဖြင့်လူသည်ထိုစကားများအားအေးအေးလူလူဖြင့်ပင်ပြောနေ၍ ဝတ်စုံဖြူ နှင့်မိန်းကလေးသည်အံ့အားသင့်လျက်ရှိ၏။
သူတို့နှစ်ဦး စကားပြောနေသည့်အချိန်အတွင်း . . .
ရဲရှောင်သည်တဟားဟား ဖြင့်ဟားတိုက်ရယ်မောလိုက်ရင်း ကြမ်းပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက်ရွှေရောင်များတောက်ပနေသော သူ၏ လက်နှစ်ဖက်အား လျင်မြန်စွာ လှုပ်ရှားလိုက်ပြီးရွှေရောင်များ ပြိုးပြိုးပြက်ပြက်တောက်ပနေသော မျဉ်းကြောင်းနှစ်ကြောင်းအား ဖန်တီးလိုက်သည်။
“ဝှစ်. . . ဝှစ်. . . ဝှစ်”
တဖက်ရန်သူမှ ကြိုတင်မခန့်မှန်းနိုင်သည့်လှုပ်ရှားမှုမျိုးဖြင့်လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။ ရဲရှောင်သည်ရန်သူဘက်မှ ခုခံကာကွယ်ချိန်မရှိအောင်ကို ထိုးစစ်ဆင်လိုက်ပြီး တရကြမ်းတိုက်ခိုက်လိုက်သည်။
ဝတ်စုံနက်ဖြင့်လူသည်ရှက်လည်းရှက်ဒေါသလည်း အလွန်အမင်း ထွက်သွားခဲ့သည်။ ရဲရှောင်၏ တိုက်ခိုက်မှုအား အားကုန်သုံး၍ ခုခံလိုက်ပြီး ပြန်လည်ထိုးစစ်ဆင်နိုင်မည့်အခွင့်အရေးအားစောင့်စားနေလိုက်သည်။ သို့သော်သနားညှာတာမှု ကင်းမဲ့စွာဖြင့်တိုက်ခိုက်နေသည့်ရဲရှောင်၏ တိုက်ကွက်များအောက်တွင်တန်ပြန်တိုက်ခိုက်နိုင်သည့်အခွင့်အရေး မရရှိခဲ့ပေ။
ဟိုင်ဆန်သည်သူ၏ ရန်သူမှ ယခုကဲ့သို့ အဆက်မပြတ်တိုက်ခိုက်လာလိမ့်မည်ဟုတွေးမထားမိခဲ့ချေ။ ရဲရှောင်အား ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ကြမ်းပြင်ပေါ်သို့ ဟန်ချက်မထိန်းနိုင်တော့လောက်အောင်ကို့ရို့ကားယား အမူအယာမျိုးဖြင့်ကျသွားခဲ့သည့်အတွက်သူ့ကိုယ်သူ မယုံနိုင်အောင်ပင်ဖြစ်လျက်ရှိ၏။ ပြိုင်ဘက်၏ အရည်အချင်းအား အစပိုင်းမှာပင်လျှော့တွက်ခဲ့မိသည်က သူ၏ အမှားပင်။
သူ၏ စွမ်းအားများသည်ရဲရှောင်ထက်သာလွန်လျက် ရှိသော်လည်း အဘယ့်အတွက်ကြောင့်ရဲရှောင်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများအား ပြန်လည်မတိုက်ခိုက်နိုင်သည်ကို နားမလည်နိုင်အောင်ပင်ဖြစ်လျက်ရှိသည်။ တရစပ်တိုက်ခိုက်မှုများကြောင့်သူ့အတွက်အသက်ရှူ ရန်ပင် အချိန်မရှိခဲ့ချေ။
ဟိုင်ဆန်သည်သူ့ဘက်မှ အရေးနိမ့်နေသည့်အခြေအနေကြောင့်ဒေါသအလွန်အမင်းပင်ထွက်လျက်ရှိသည်။ ထို့ကြောင့်များများစားစား စဉ်းစားမနေတော့ဘဲ အမြင့်သို့ တစ်ချက်ခုန်လိုက်ကာ ရဲရှောင်အား ကမှူးကရှူးထိုးပင်တိုက်ခိုက်လိုက်သည်။ ထိုကဲ့သို့ ခုန်လိုက်သည့်အချိန်တွင်သူ့ဘက်မှ ရဲရှောင်အားတိုက်ခိုက်ရန် အချိန်အနည်းငယ်ရရှိခဲ့သော်လည်း မတိုက်ခိုက်နိုင်ခဲ့ဘဲနောက်ဆုံးတွင်ရဲရှောင်၏ သန်မာသော လက်ဝါးများဖြင့်အချက်၄၀နီးပါးပင်အရိုက်ခံခဲ့ရသည်။
“ဖုန်းး . . . ဖုန်းး . . . ဖုန်းး”
မညှာမတာ အရိုက်ခံလိုက်ရပြီးနောက်တွင်ဟိုင်ဆန်သည်ကြမ်းပြင်ပေါ်သို့ အရှိန်အပြည့်ဖြင့်ပြန်လည်ဆင်းသက်လိုက်သည်။ ပြင်းထန်လှသည့်အရှိန်ကြောင့်ကမ်းပြင်သည်ရုတ်တရက်အက်ကွဲသွားပြီး သစ်သားစများပင်လေပေါ်သို့ ပြန့်ကျဲသွားလေသည်။
အံ့ဩဖွယ်ကောင်းလောက်သည့် ရိုက်ချက်များဖြင့် မရပ်မနားပင်အရိုက်ခံလိုက်ရသည့်အတွက်သူ၏ မျက်လုံးများသည်နီရဲတွတ်သွားလေသည်။ ရှက်ရွံ့စိတ်ကြောင့်သိမ်ငယ်သွားပြီးကြောက်မက်ဖွယ်ကောင်းသည့်တိုက်ခိုက်မှုမျိုးဖြင့်ထပ်မံတိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင်ရဲရှောင်သည်လေထဲတွင်လှပစွာဖြင့်ကျွမ်းထိုးလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ဆင်းသက်လိုက်ကာလက်ခုပ်တီးလိုက်သည်။ လက်ခုပ်တီးလိုက်ပြီးနောက်သူ၏ရွှေရောင်လက်များသည်နဂိုမူလအတိုင်း ပြန်ဖြစ်သွားသည်။ ထိုလှုပ်ရှားမှုသည်အလွန်တရာမှပင်လှပသော လှုပ်ရှားမှုဖြစ်သည်။ ရဲရှောင်သည်သူ၏ လက်များအားနောက်သို့ပစ်ထားပြီး တည်ငြိမ်အေးဆေးသည့်လေသံဖြင့်-
“မင်း ရှုံးသွားပြီ”
ဟိုင်ဆန်သည်ရဲရှောင်အား စိုက်ကြည့်လိုက်ပြီးဒေါသထွက်နေသည့်လေသံဖြင့်-
“ငါက ရှုံးသွားတာလား”
“ဟုတ်တယ်. . . မင်းရှုံးသွားပြီ။ မင်းက သူ့ထက်အဆင့်မြင့်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပေမယ့်ကြမ်းပြင်ကို မင်းအရင်ထိလိုက်တဲ့အတွက်မင်းရှုံးသွားပြီ”
ဟိုင်ဆန်သည်ရှက်ရွံ့စိတ်ကြောင့်ဒေါသတကြီးဖြင့်ပင်-
“ဒါ. . . ဒါပေမယ့်. . . ကြမ်းပြင်ကို ထိရင်ရှုံးတယ်လို့ ဘယ်သူကမှ မပြောခဲ့ဘူးလေ”
မိန်းမလှလေးသည်မည်သည့်စကားမှ ဆက်မပြောတော့ဘဲ တိတ်ဆိတ်သွားခဲ့သည်။
သူမ၏ တိတ်ဆိတ်မှုသည်အလွန်ခြောက်ခြားဖွယ်ကောင်းပြီး ဝတ်စုံနက်နှင့်လူအားကြောက်ရွံ့သွားစေခဲ့သည်။
ဟိုင်ဆန်၏ မျက်နှာသည်ရုတ်တရက်ဖြူ ဖတ်ဖြူရော်ဖြစ်သွားပြီး အထိတ်တလန့်အမူအယာဖြင့်ရှေ့သို့လျှောက်သွားလိုက်ပြီး –
“ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်မိန်းကလေး။ ကျွန်တော်မှားသွားပါတယ်”
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်သူ့အား ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။
ဟိုင်ဆန်သည်ချွေးများထွက်လာပြီးနောက်ဆုံးတွင်မိန်းကလေး၏ရှေ့၌ ဒူးထောက်လိုက်သည်။ ကြမ်းပြင်နှင့်သူ၏ နဖူးအား ထိလိုက်ပြီး တိုးညှင်းသောလေသံဖြင့်-
“မိန်းကလေး . . . ကျွန်တော်မှားသွားပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
မိန်းမလှလေးသည်သူ့အား ကြည့်လိုက်ကာ သက်ပြင်း တစ်ချက်ချလိုက်ရင်း –
“မင်း ရှုံးသွားတာက အရေးမကြီးပါဘူး။ ဒါပေမယ့်မင်းဆီမှာ ဒီလို သဘောထား ခံယူချက်ရှိနေသရွေ့ မင်းဘယ်တော့မှအောင်မြင်မှာ မဟုတ်ဘူး။ သိုင်းလောကကြီးကလည်း မင်းလို လူမျိုးကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ စဉ်းစားကြည့်လိုက်စမ်းပါ . . . အခု မင်းစကားပြောနေတာ ငါမဟုတ်ဘဲ တခြားတစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင်မင်းအသက်ရှင်လိမ့်မယ်လို့ မင်းထင်နေတာလား”
ဟိုင်ဆန်သည်သူ၏ အမှားကြောင့်အလွန်အမင်းကြောက်ရွံ့လျက်ရှိ၏။
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်နူးညံ့ညင်သာသော အသံဖြင့်-
“ထလိုက်တော့ . . . ရပြီ”
ဟိုင်ဆန်သည်သူ၏ခေါင်းအား ငုံ့ထားပြီး မိန်းမလှလေး၏ ဘယ်ဘက်ဘေးတွင်မတ်တပ်ရပ်လိုက်သည်။
ယခုအချိန်တွင်သူဘာစကားမှ မပြောရဲတော့ပေ။ အခြားဝတ်စုံနက်ဖြင့်လူသည်သူ့အား “ဘုရား သိကြား မ လို့ပေါ့။ မင်းကံကောင်းသွားတယ်” ဆိုသည့်
အဓိပ္ပါယ်ရှိသော မျက်လုံးများဖြင့်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်သူ့အား ခွင့်လွှတ်ပေးလိုက်၍ ဟိုင်ဆန်စိတ်သက်သာရာ ရသွားခဲ့သည်။
မိန်းမလှလေးသည်ရဲရှောင်အား ပျုဌာသော အပြုံးမျိုးဖြင့်ပြုံးပြလိုက်ရင်း –
“အတော်ကောင်းတဲ့ တိုက်ပွဲပဲ။ကျေးဇူးပြုပြီး ရှင့်နာမည်ကိုပြောပြလို့ရမလား”
ရဲရှောင်သည်သူ၏ လက်နှစ်ဖက်အားနောက်သို့ပစ်လိုက်ရင်း အဆင့်မြင့်ပညာရှင်ကြီးတစ်ဦး၏ ဟန်ပန်မျိုးဖြင့်-
“ဖန်. . . လို့ခေါ်နိုင်ပါတယ်”
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်ချိုသာသော အသံဖြင့်-
“သခင်ကြီးဖန်. . . ရှင်က တကယ်ကို လက်ဖျားခါလောက်အောင်တော်တဲ့ ပညာရှင်တစ်ယောက်ပါ။ ဒါပေမယ့်ရှင်က ကျွန်မရဲ့ လူကို ရှုံးနိမ့်စေပြီး အရှက်ရစေခဲ့တယ်။ ခဏနေရင်လေလံပွဲကလည်း စတော့မှာဆိုတော့ ကျွန်မတို့ စကားများများပြောဖို့ အချိန်မရှိတော့ဘူး။ ဒီလိုလုပ်ပါလား . . .လေလံပွဲပြီးရင်ရှင်ကျွန်မနဲ့ အတူလိုက်ခဲ့ပါလား။ ရှင့်မှာ လိုက်ရဲတဲ့ သတ္တိရှိတယ်ဆိုရင်ပေါ့လေ . . .”
မိန်းမလှလေး၏ စကားကြောင့်ရဲရှောင်သည်တဟားဟားဖြင့်ပင်ရယ်လိုက်ပြီး –
“စိန်ခေါ်နေတာပါလား . . . ငါကယောက်ျားကြီး ဖြစ်ပြီး မင်းလို မိန်းကလေးတစ်ယောက်ကိုကြောက်မယ်လို့ မင်းက ထင်နေတာလား။ကောင်းပြီလေ . . .လေလံပွဲပြီးရင်တွေ့ကြတာပေါ့”
“ရှင့်ကတိ ရှင်တည်ပါစေ”
မိန်းမလှလေးသည်ရဲရှောင်အား ထပ်မံ သတိပေးစကားပြောလိုက်၏။
“ငါ့ကတိ ငါတည်ပါတယ်”
ရဲရှောင်သည်ခေါင်းညိတ်ရင်း ကတိပြန်ပေးလိုက်သည်။
မည်မျှအရေးကြီးသည့်ကိစ္စများရှိရှိ သူတို့နှစ်ဦး၏ သဘောတူညီမှုအားဖောက်ဖျက်လိမ့်မည်မဟုတ်ချေ။
ရဲရှောင်၏ ကတိပေးစကားကြောင့်မိန်းမလှလေးသည်ခေါင်းတစ်ချက်ပြန်လည်ညိတ်ပြလိုက်ပြီး ဝတ်စုံနက်များ ဝတ်ဆင်ထားသည့်သူ၏ လူနှစ်ယောက်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
“ခဏနေဦး”
ရဲရှောင်သည်ပြုံးရွှင်သော မျက်နှာထားဖြင့်လှမ်းအော်လိုက်ပြီး ပုလင်းသေးသေးလေး တစ်လုံးအား ဟိုင်ဆန်၏ လက်ထဲသို့ ပစ်ပေးလိုက်သည်။
“ငါ့ရဲ့ရွှေရောင်လက်တွေက အဆိပ်ရှိတယ်”
ရဲရှောင်သည်တည်ငြိမ်စွာဖြင့်ပင်ပြောလိုက်သည်။
ဟိုင်ဆန်သည်ရဲရှောင်အား ကြည့်ရင်း တုန်လှုပ်သွားလေသည်။
မိန်းမလှလေးသည်ဟိုင်ဆန်အား မျက်မှောင်ကြုပ်၍ ကြည့်လိုက်ပြီး –
“ယူထားလိုက်လေ”
ထို့နောက်မိန်းမလှလေးသည်ရဲရှောင်အား ပြုံးပြလိုက်ပြီး –
“ကျေးဇူးတင်ပါတယ်. . . သခင်ကြီးဖန်”
ရဲရှောင်သည်ပြန်လည်ပြုံးပြလိုက်ရင်း –
“ကိစ္စမရှိပါဘူး။ ငါ့ကြောင့်တစ်ယောက်ယောက်အဆိပ်မိပြီးသေသွားရင်မကောင်းဘူးလေ”
ရဲရှောင်နှင့်မိန်းမလှလေးတို့ နှစ်ဦးသည်ပြိုင်တူပင်ရယ်မောလိုက်ကြသည်။
ထို့နောက်ဝတ်စုံဖြူ နှင့်မိန်းကလေးသည်သူ၏ လူနှစ်ယောက်နှင့်အတူလေလံပွဲအတွင်းသို့ ပြန်လည်ထွက်ခွာသွားလိုက်သည်။
ရဲရှောင်၏ စကားကြောင့်သူတို့သုံးယောက်စလုံး စိတ်ရှုပ်ထွေးသွားကြပြီးပြိုင်တူပင်တွေးလိုက်မိကြသည်။
“သူ့ရဲ့ရွှေရောင်လက်တွေက အဆိပ်ရှိတယ်ပေါ့။ အဆိပ်က မသိမသာ မိသွားတာလား။ ဘယ်လိုတောင်လုပ်လိုက်တာပါလိမ့်”
သခင်ကြီးဖန်၏ အစွမ်းအစအား သူတို့ အထင်ကြီးသွားကြလေသည်။
အဆိုပါရွှေရောင်လက်များနှင့်ဖန်ဇီလင်သည်ရုပ်ဖျက်ထားသည့်လူတစ်ယောက်ဖြစ်ကြောင်း သူတို့ မသိကြပေ။
ဝတ်စုံနက်များ ဝတ်ဆင်ထားသည့်လူနှစ်ဦးအား ရဲရှောင်မြင်တွေ့လိုက်ရသည့်အချိန်တုန်းက စိတ်စနိုးစနောင့်ဖြစ်သွားခဲ့သည်။
ထိုလူနှစ်ဦးအား ကြည့်ရင်း ရဲရှောင်သည်တစ်နေရာရာမှာတွေ့ဖူးနေသကဲ့သို့ပင်ရင်းရင်းနှီးနှီး ခံစားနေရလေသည်။
ထို့ပြင်သူတို့နှစ်ဦး အပြန်အလှန်တိုက်ခိုက်နေသည့်အချိန်တွင်ထူးခြားမှုတစ်ခုအား ခံစားလိုက်ရသည်။ ဝတ်စုံနက်ဖြင့်လူထံမှ ဓားသမားများထံတွင်ရှိတတ်သည့်သတ်ဖြတ်လိုသည့်အငွေ့အသက်များအား ခံစားလိုက်ရသည်။
ကျွမ်းကျင်သည့်ဓားပညာရှင်များတွင်သာ ထိုကဲ့သို့သော အပြုအမူများရှိသည်ကို ရဲရှောင်ကောင်းကောင်းကြီး သိနေပေသည်။
ထို့ပြင်ထိုလူ၏ လက်ဖဝါးတွင်အသားမာများ တက်နေသည်ကိုလည်း ရဲရှောင်သတိပြုမိခဲ့သည်။
ရဲရှောင်၏ စိတ်ထဲတွင်ထိုအသားမာတက်နေသည့်အကြောင်းအားတွေးလိုက်မိသည်။
[ဒီအသားမာတွေက ဓားရေးလေ့ကျင့်လို့ ဖြစ်သွားတဲ့ အသားမာတွေ။ သူက ဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ပဲ။ ဓားသမား . . . ဓားသမား . . .ငါ သူ့ကိုတော်တော်လေးကို ရင်းနှီးနေသလို ခံစားနေရပါလား . . .]
မူမျိုးနွယ်စုမှ လူရှစ်ယောက်လာတိုက်ခိုက်သည့်ညတုန်းက သူ့အိမ်မှ ပျံသန်းထွက်ခွာသွားသည့်လူ၏ ပုံသဏ္ဍာန်အားတွေးမိလိုက်ရင်း ရဲရှောင်ရုတ်တရက်ပြန်မှတ်မိသွားသည်။ ထို့နောက်ချက်ချင်းပင်မိန်းမလှလေးနှင့်ဝတ်စုံနက်တို့ နှစ်ဦးထွက်ခွာသွားသည့်ဘက်သို့ ကြည့်လိုက်သည်။ သို့သော်သူတို့သုံးဦးစလုံးအား မတွေ့ရတော့ပေ။
“ဟုတ်တယ်. . . ဒီလူပဲ”
********
ဝတ်စုံဖြူ နှင့်မိန်းကလေး၏ ကိုယ်ရံတော်ထံမှ အလွန်အရေးပါသော သဲလွန်စအား ရဲရှောင်ရရှိသွားလေသည်။ ရဲရှောင်သည်လေလံခန်းမအတွင်းသို့ ပြန်ဝင်သွားလိုက်သည်။လေလံခန်းမအတွင်းသို့ရောက်ရှိပြီး ခန်းမတံခါး ပိတ်တော့မည့်အချိန်တွင်အုပ်စုနှစ်စုသည်ရောက်ရှိလာကြသည်။
ထိုအဖွဲ့နှစ်ဖွဲ့သည်မည်သည့်စကားတစ်လုံးမှ မပြောဘဲလေလံခန်းမအတွင်းသို့အေးအေးလူလူဖြင့်ပင်ဝင်သွားလေသည်။
********
“ဒူ”
လေလံပွဲ စတင်တော့မည့်အကြောင်း အချက်ပေးလိုက်သည့်အချိန်တွင်ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ကွမ်ဝမ်ရှန်သည်အနီရောင်ဝတ်ရုံကြီးအား ဝတ်ဆင်ထားပြီး စင်ပေါ်တွင်မတ်တပ်ရပ်လျက်ရှိ၏။ သူသည်ယခုအချိန်တွင်လေလံပွဲ၏ သဘာပတိအဖြစ်တာဝန်ဆောင်ရွက်မည်ဖြစ်ပြီး သူ၏ အိုမင်းရင့်ရော်နေသော မျက်နှာတွင်ဝမ်းသာဂုဏ်ယူမှုများဖြင့်ပြည့်နှက်လျက်ရှိသည်။
ယခုကဲ့သို့ ထင်ရှားကျော်ကြားသည့်လေလံပွဲအား ပြုလုပ်နိုင်ခဲ့သည့်အတွက်သမိုင်းသစ်ရေးထိုးနိုင်ခဲ့ဖြစ်ကြောင်း သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေလေသည်။…..
ကွမ်ဝမ်ရှန်သည်သူ့ရှေ့တွင်ရှိသည့်လူအုပ်ကြီးအား ကြည့်ရင်းကျေနပ်လျက်ရှိသည်။ ထိုလူများအားလေလံပွဲသို့ တစ်ယောက်နှစ်ယောက်တက်အောင်မဲဆွယ်ရန်မှာ အလွန်ခက်ခဲသည့်အလုပ်ဟုဆိုနိုင်ပေသည်။ သို့သော်ယခုအချိန်တွင်မူ ထိုလူများအားလုံးသည်လေလံပွဲသို့ တက်ညီလက်ညီဖြင့်ပင်တက်ရောက်လာကြပြီဖြစ်သည်။
“လေလံပွဲ စတင်ပြီဖြစ်ကြောင်းကြေညာပါတယ်ခင်ဗျားး . . .”
ထိုစကားအားလေလံပွဲသို့ တက်ရောက်လာကြသည့်လူတိုင်း အကြားချင်ဆုံး စကားဖြစ်ကြောင်း ကွမ်ဝမ်ရှန်အနေဖြင့်ကောင်းကောင်းကြီး သဘောပေါက်လေသည်။ ထို့ကြောင့်အချိန်ဆွဲမနေတော့ဘဲ လိုရင်းတိုရှင်းပင်ပြောလိုက်လေသည်။
သူ့အနေဖြင့်လေကြောရှည်၍ပေရှည်နေစရာမလိုပေ။ ယခုကျင်းပသည့်လေလံပွဲသည်သာမန်ထက်ထူးခြားသည့်လေလံပွဲ ဖြစ်နေခြင်းကြောင့်မလိုလားအပ်သည့်စကားများပြောနေခဲ့ပါက တက်ရောက်လာကြသည့်စိတ်ပျက်လက်ပျက်ဖြင့်မကျေမနပ်ဖြစ်သွားကြမည်မှာသေချာပေါက်ပင်ဖြစ်နေပါတော့သည်။