Chapter – 36
“မိန်းကလေးနှင့်ရွှေလက်တိုက်ကွက်”
လေလံခန်းမထဲတွင်တော်ဝင်မိသားစုမှ မိသားစုလေးစု၊ သိုင်းလောကမှ အုပ်စု (၁၅)စု နှင့်မျိုးနွယ်စုကြီး (၈)စု တို့သည်အသီးသီးနေရာယူထားကြသည်။
လေလံပွဲသို့ တစ်ကိုယ်တော်ပညာရှင်များ အပါအဝင်နနြု လူပေါင်းလေးရာနီးပါး တက်ရောက်ခဲ့ကြသည်။
ထိုလူများအားလုံးသည်မော်တယ်ကမ္ဘာ၏ ထိပ်သီး ပုဂ္ဂိုလ်များပင်ဖြစ်သည်က့
ယခုလေလံပွဲသည်ထိုကဲ့သို့ နာမည်ကျော်ကြားလှသည့်လူများအား တစ်စုတစ်ဝေးတည်း ဖြစ်အောင်စုစည်းပေးနိုင်သော တစ်ခုတည်းသော အရာပင်ဖြစ်လေသည်။
လေလံပွဲစမည့်အချိန်သို့ရောက်ရှိလာပြီ ဖြစ်သည့်အတွက်ခန်းမထဲသို့ မည်သူတစ်ဦးတစ်ယောက်ကိုမှ အဝင်မခံတော့ပေ။
ခန်းမတံခါး ပိတ်တော့မည့်အချိန်တွင်ရထားလုံးတစ်စီးသည်ရုတ်တရက်ရောက်လာခဲ့သည်။
ရထားလုံးသည်အခြားရထားလုံးများနှင့်မတူဘဲ တမူထူးခြားနေသည်။ ရထားလုံးတစ်ခုလုံးအား ဝါးများဖြင့်ပြုလုပ်ထားပြီး လက်ရာသည်အပြစ်ပြောစရာ မရှိအောင်သပ်ရပ်ကောင်းမွန်လှသည်။ ကြည့်လိုက်ရုံနှင့်ပင်သဘာဝတရားကြီး၏ အငွေ့အသက်များ အပြည့်အဝ ခံစားရနိုင်ပေသည်။
ရထားလုံးသည်ခန်းမ တံခါးရှေ့တွင်ရပ်တန့်သွားသည်။
ထို့နောက်သန်မာထွားကျိုင်းသည့်လူနှစ်ယောက်သည်ဦးညွှတ်အရိုအသေပေးလိုက်ရင်း ရထားလုံးတံခါးအား ဖွင့်လိုက်သည်။ တံခါးဖွင့်ပြီးသည်နှင့်တစ်ပြိုင်နက်အလွန်လှပကျော့ရှင်းသောခြေထောက်တစ်စုံသည်ထွက်ပေါ်လာခဲ့သည်။ မြင်ရသူအပေါင်းအတွက်အလွန်တရာ မျက်စိပသာဒ ဖြစ်စေသည့်မြင်ကွင်းတစ်ခုပင်ဖြစ်၏။
ခဏအကြာတွင်ရထားလုံးထဲမှ လှပကျော့ရှင်းသောခြေထောက်ပိုင်ရှင်သည်ထွက်လာပြီးလေလံခန်းမဝင်ပေါက်သို့ ဆင်မယဉ်သာခြေလှမ်းမျိုးဖြင့်သွားလိုက်သည်။ ထိုမိန်းကလေး၏ ခန္ဓာကိုယ်ကောက်ကြောင်းအလှသည် အပြစ်ပြောစရာမရှိအောင်စွဲမက်ဖွယ်ကောင်းလှပြီး အသားအရည်မှာလည်း ဖြူစင်ဝင်းမွတ်လှသည်။ အလှပေါ် အလှဆင့်ဆိုသည့်အတိုင်း မဲနက်နေသော ဆံနွယ်များကြောင့်သူမ၏ အလှသည်ပိုမိုပေါ်လွင်လျက်ရှိသည်။
ထိုမိန်းကလေး ဝတ်ဆင်ထားသည့်ဝတ်စုံသည်သာမန်အဖြူရောင်ဝတ်စုံတစ်စုံပင်ဖြစ်သော်လည်း အခြားတောက်ပသော ဝတ်စုံထောင်ပေါင်းများစွာထက်သာလွန်နေသည်။
သူမ၏ အလှကြောင့်လေလံခန်းမတစ်ခုလုံးရှိ လူများသည်အသက်ရှူဖို့ပင်မေ့လျော့နေကြပြီး အပ်ကျသံ မကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။
“ဒီနေရာက နာမည်ကြီးနေတဲ့ လင်းပါအိုလေလံခန်းမပေါ့လေ”
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်နူးညံ့ညင်သာစွာဖြင့်ပြုံးရင်းပြောလိုက်သည်။
ခန်းမတံခါးပေါက်ဝ တစ်ဖက်တစ်ချက်တွင်မတ်တတ်ရပ်နေသော မိန်းကလေးနှစ်ဦးသည်အလွန်ဆွဲဆောင်မှုရှိသော မိန်းကလေးများ ဖြစ်သော်လည်း ဝတ်စုံဖြူ နှင့်မိန်းကလေး၏ အလှနှင့်ယှဉ်လျှင်ဆီနှင့်ရေလိုပင်ဖြစ်နေပေသည်။
ကွမ်ဝမ်ရှန်သည်ဝတ်စုံဖြူနှင့်မိန်းကလေးအားတွေ့လိုက်သောအခါ ပျာပျာသလဲလဲ အမူအယာဖြင့်တံခါးပေါက်ဝသို့ပြေးထွက်သွားသည်။ ထို့နောက်မိန်းကလေးအား အရိုအသေပြုလိုက်ရင်း –
“လေလံပွဲကို တက်ရောက်လာပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ မိန်းကလေးရဲ့ ဆရာရောနေကောင်းကျန်းမာရဲ့လား”
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်ကွမ်ဝမ်ရှန်အား ပြန်လည်အရိုအသေပြုလိုက်ရင်း –
“အိုး . . . သခင်ကြီးကွမ်ကျွန်မကို မှတ်မိနေသေးတာပဲ။ ကျွန်မရဲ့ ဆရာကို သတိတရနဲ့ စိုးရိမ်ပူပန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဆရာနေကောင်း ကျန်းမာပါတယ်”
ကွမ်ဝမ်ရှန်သည်မိန်းကလေးအား ထပ်မံ ဦးညွှတ်လိုက်ရင်း –
“မိန်းကလေးအနေနဲ့လေလံပွဲကို အခုလို လာရောက်တက်ရောက်ပေးတာ ကျုပ်တို့အတွက်အင်မတန်မှကို ဂုဏ်ရှိသွားပါပြီ။ကျေးဇူးပြုပြီး အထဲကို ကြွပါ . . . မိန်းကလေး”
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်ကွမ်ဝမ်ရှန်၏ စကားကြောင့်ပြုံးလိုက်ရင်း –
“ကျွန်မ ကြိုတင်အကြောင်းမကြားဘဲ အခုလို ရုတ်တရက်ရောက်လာတာကို စိတ်မရှိပါနဲ့ . . . သခင်ကြီးကွမ်. . .”
ကွမ်ဝမ်ရှန်သည်မိန်းကလေးပြောလိုက်သည့်စကားကြောင့်ပျာပျာသလဲလဲပင်ဖြစ်သွားရင်း –
“အာ . . . မဟုတ်တာ . . . မိန်းကလေး အခုလိုရောက်လာပေးတာကိုပဲ ကျုပ်တို့လေလံပွဲက အရမ်းကို ဂုဏ်ရှိနေပါပြီ . . .”
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်ကွမ်ဝမ်ရှန်၏လောကွတ်ပျုငှာသည့်အပြောကြောင့်ပြုံးလိုက်ပြီး ခန်းမအတွင်းသို့ ဝင်သွားလိုက်သည်။
ဝတ်စုံနက်များ ဝတ်ဆင်ထားပြီး တည်ငြိမ်ခန့်ညားသော အသွင်အပြင်ရှိသည့်လူနှစ်ယောက်သည်သူမ၏ဘေးတစ်ဖက်တစ်ချက်မှ ခြံရံ၍ ထပ်ကြပ်မခွာ လိုက်သွားကြသည်။
ရဲရှောင်သည်မိန်းကလေး နှင့်သူ၏ ကိုယ်ရံတော်နှစ်ဦးအား ကြည့်ရင်း အတော်လေးပင်စိတ်ဝင်စားနေမိသည်။
အားလုံး၏ အမြင်အာရုံများကို ဖမ်းစားနိုင်သည့်ထိုမိန်းကလေးသည်မည်သူနည်း။
ကွမ်ဝမ်ရှန်သည်လေလံပွဲအား ကြီးကြပ်စီစဉ်ပေးရသည့်သာမန်လူတစ်ယောက်သာ ဖြစ်ပြီး အဆင့်မြင့်ပညာရှင်တစ်ယောက်မဟုတ်ပေ။ သို့သော်လင်းပါအိုလေလံခန်းမ၏နောက်ကွယ်တွင်အလွန်စွမ်းအားကြီးသည့်အင်အားတစ်စု ရှိနေကြောင်း လူတိုင်းလိုလို သိကြသည်။ ထို့အချက်ကြောင့်ပင်မျိုးနွယ်စုကြီးရှစ်စုကဲ့သို့ အင်အားကြီးလှသည့်မျိုးနွယ်စုကြီးများပင်လေလံပွဲတွင်မည်သည့်ပြသာနာမှ တက်အောင်မလုပ်ရဲကြချေ။ ထိုကဲ့သို့ဆိုလျှင် ကွမ်ဝမ်ရှန်သည်ဝတ်စုံဖြူ နှင့်မိန်းကလေးအား မည်သည့်အတွက်ကြောင့်အလွန်နှိမ့်ချသည့်ပုံစံဖြင့်ဆက်ဆံနေရသနည်း။
ထို့ပြင်သူတို့နှစ်ဦး စကားပြောနေကြသည့်အချိန်တွင်”ဆရာ” ဟုခေါ်သော လူတစ်ယောက်အကြောင်းအရေးတယူပင်ပြောဆိုနေကြသေးသည်။
သူတို့ပြောသည့်”ဆရာ” ဆိုသည့်လူမှာ မည်သူနည်း။
ရဲရှောင်၏ မျက်နှာသည်တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူမေးခွန်းပေါင်းများစွာအားတွေးရင်းအဖြေရှာလျက်ရှိသည်။
[ကွမ်ဝမ်ရှန်က အဲ့ဒီလူကို ဆရာ လို့ခေါ်လိုက်တယ်။
အဲ့ဒါကသိပ်မထူးဆန်းသေးဘူး။ ဒါပေမယ့်ဟိုကောင်မလေးကပါ ဆရာ လို့ခေါ်နေတဲ့ ကိစ္စကတော်တော်ထူးဆန်းသွားပြီ . . . ဖြစ်နိုင်တာကတော့ . . .]
ရဲရှောင်သက်ပြင်းတစ်ချက်ချလိုက်ရင်း –
[ဖြစ်နိုင်ခြေက တစ်ခုပဲရှိတယ်။ ဒီမိန်းကလေးက စွမ်းအား အရမ်းကြီးတဲ့ လူတစ်ယောက်ရဲ့ အစေခံပဲ ဖြစ်ရမယ်]
ရဲရှောင်ခန့်မှန်းလိုက်သည့်အတိုင်းပင်ထိုမိန်းကလေးသည်အစေခံအမျိုးသမီးတစ်ဦးပင်ဖြစ်သည်။ သို့သော်ကွမ်ဝမ်ရှန်သည်ထိုအစေခံ မိန်းကလေးအား အလွန်နှိမ့်ချ ရိုကျိုးသည့်အမူအယာဖြင့်တရိုတသေပင်ဆက်ဆံနေလေသည်။ သူတို့နှစ်ဦး၏နောက်ကွယ်တွင်ပဟေဠိဆန်ဆန်လျှိ့ဝှက်ချက်များ ရှိနိုင်ပေသည်။
စဉ်းစားစရာကောင်းသည့်အချက်မှာ ယခုကဲ့သို့ချောမောလှပသော အမျိုးသမီးအစေခံတစ်ဦးအား ပိုင်ဆိုင်ထားသည့်လူမှာ မည်ကဲ့သို့သော လူဖြစ်နိုင်ပါသနည်း။
မိန်းကလေးသည်လေလံခန်းမအတွင်းသို့ ဝင်လာသည့်အချိန်တွင်ရဲရှောင်အား ရုတ်တရက်မြင်တွေ့သွားခဲ့သည်။ ထို့နောက်သူမ၏ စွဲမက်ဖွယ်ကောင်းသော မျက်ဝန်းများဖြင့်ရဲရှောင်အား ကြည့်လိုက်ရင်း –
“သခင်ကြီးကွမ်. . .လေလံပွဲကလည်း စဖို့ လိုသေးတယ်နော်။နောက်ပြီး အပေါ်ဆုံးထပ်ရဲ့လှေကားလက်ရမ်းဘေးမှာ သခင်ကြီးကွမ်ရဲ့ မိတ်ဆွေတစ်ယောက်မတ်တပ်ရပ်နေတာကိုတွေ့တယ်။ ကျွန်မ ခန့်မှန်း ကြည့်မိရသလောက်အဲ့ဒီလူက သာမန်လူတော့ မဟုတ်ဘူး”
ကွမ်ဝမ်ရှန်သည်ပါးရည်နပ်ရည်ရှိသည့်လူတစ်ယောက်ပီပီ ဝတ်စုံဖြူ နှင့်မိန်းကလေးသည်ရဲရှောင်အကြောင်း စကားအစ်နေမှန်း ချက်ချင်းပင်သိလိုက်သည်။ ရဲရှောင်သည်သာမန်လူတစ်ယောက်မဟုတ်ကြောင်း ဝတ်စုံဖြူ နှင့်မိန်းကလေးသည်လည်း သတိပြုမိနေသည့်ပုံပင်။
ခန်းမ၏ တာဝန်ရှိသူ အသီးသီးသည်လေလံပွဲအတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြသည်။ ထို့ကြောင့်ရဲရှောင်သည်လေလံခန်းမ နှင့်သက်ဆိုင်သည့်အလုပ်သမားဝန်ထမ်း မဟုတ်ကြောင်း မိန်းကလေးသည်သုံးသပ်လိုက်မိသည်။ ထို့ပြင်လေလံပွဲသို့ တက်ရောက်လာကြသည့်လူများသည်မိမိတို့နှင့်သက်ဆိုင်သည့်နေရာများတွင်ထိုင်နေကြပြီးလေလံပွဲ စတင်မည့်အချိန်အားစိတ်ဝင်တစားဖြင့်ပင်စောင့်ဆိုင်းနေကြသည်။ မည်သူတစ်ဦးတစ်ယောက်မှ ရဲရှောင်ကဲ့သို့အေးအေးလူလူ ပုံစံဖြင့်မတ်တပ်ရပ်မနေကြပေ။
ရဲရှောင်သည်အခြားလူများ၏ အပြုအမူများနှင့်ကွဲပြားနေသည့်အတွက်ဝတ်စုံဖြူ နှင့်မိန်းကလေးသည်သတိပြုမိခဲ့ခြင်း ဖြစ်သည်။ ရဲရှောင်နှင့်ပက်သက်သည့်အကြောင်းအရာများအား သူမ သိချင်နေမိလေသည်။
ရဲရှောင်ထံ၌လူအုပ်ကြီး နှင့်ဝေးရာတွင်နေရသည့်အကြောင်းပြချက်သုံးချက်ရှိလေသည်။ ပထမအချက်အနေဖြင့်လူအုပ်ကြီးကြားတွင်ရှိသည့်အဆင့်မြင့်ပညာရှင်ကြီးများအားစောင့်ကြည့်ချင်၍ ဖြစ်သည်။ ဒုတိယအချက်အနေဖြင့်သူ့အား ရဲရှောင်မှန်း မသိအောင်ရုပ်ဖျက်လာခဲ့သည့်အတွက်မည်ကဲ့သို့သော ပြသာနာမျိုးတက်တက်သူ့အနေဖြင့်သတိထားနေစရာအကြောင်း မရှိပေ။နောက်ဆုံးအချက်အနေဖြင့်နက်နဲသိမ်မွေ့သောယောက်ျားတစ်ယောက်ဖြစ်သည်နှင့်အညီ မိန်းကလေးများ၏ အာရုံစူးစိုက်မှုကို ရယူနိုင်ရန်အတွက်ပင်ဖြစ်သည်။
ရဲရှောင်မျှော်လင့်ထားသည့်အတိုင်း ဝတ်စုံဖြူ နှင့်မိန်းကလေးသည်သူ့အား စိတ်ဝင်တစားဖြင့်ပင်ရှိနေခဲ့သည်။ ရဲရှောင်ဘက်မှထိုမိန်းကလေးအား စိတ်ဝင်စားနေခဲ့သလို မိန်းကလေးဘက်မှလည်း ရဲရှောင်အား စိတ်ဝင်စားနေခဲ့သည်။ ဝတ်စုံဖြူ နှင့်မိန်းကလေးသည်သူ၏ ဆရာဖြစ်သူအကြောင်းပြောလိုက်သောအခါ ရဲရှောင်သည်သူတို့နှစ်ဦးစလုံးအပေါ် စိတ်ဝင်စားမိခဲ့သည်။
မိန်းကလေး နှင့်ရဲရှောင်တို့သည်ပထမဦးဆုံးအကြိမ်ချိန်းတွေ့ကြသည့်ချစ်သူနှစ်ဦးကဲ့သို့ တစ်ဦးနှင့်တစ်ဦး မျက်စိအောက်က အပျောက်မခံဘဲ ကြည့်နေကြသည်။ ထိုအချိန်တွင်ရဲရှောင်တို့ နှစ်ဦးအား ကြည့်ရင်း ကွမ်ဝမ်ရှန်သည်ပျာယာခတ်လျက်ရှိ၏။
မိန်းကလေးဘက်မှ ရဲရှောင်အကြောင်း သူ့အားမေးခဲ့သည့်အချိန်တုန်းကတွေဝေတုန့်ဆိုင်းခြင်း မရှိဘဲ ချက်ချင်းပင်ပြန်ဖြေခဲ့သင့်သည်။ သို့သော်ထူးခြားအစွမ်းထက်သည့်ဆေးလုံးများအား ရဲရှောင်ထံမှ ရရှိနေသည့်အကြောင်းအား ကွမ်ဝမ်ရှန်သည်ဝတ်စုံဖြူ နှင့်မိန်းကလေးအား မသိစေချင်ခဲ့ပေ။
ထိုအကြောင်းအား မိန်းကလေး၏ ဆရာသာ သိသွားခဲ့မည်ဆိုလျှင်လင်းပါအိုလေလံခန်းမအနေဖြင့်ဖန်ဇီလင်ထံမှဆေးလုံးများ ထပ်မံရမည့်အခွင့်အရေး ဆုံးရှုံးသွားနိုင်ပေသည်။
ထို့ကြောင့်ကွမ်ဝမ်ရှန်သည်မတတ်သာသည့်အဆုံး လိမ်ပြောလိုက်ရသည်။
“မိန်းကလေး စိတ်အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်။ အဲ့ဒီလူက ကျုပ်ရဲ့ မိတ်ဆွေဟောင်းကြီးပါ။ သူက လူတွေကြားထဲရောက်ရင်ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာကိုတောင်မသိတဲ့ အရိုင်းအစိုင်းတစ်ယောက်ပါ။ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်နားလည်ပေးပါ”
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်အေးအေးလူလူဖြင့်ပင်-
“ဒါဆို ဒီလူက လူ့ကျင့်ဝတ်ကိုတောင်နားမလည်တဲ့ လူပေါ့။တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင်သူ့လို လူမျိုးကြောင့်သခင်ကြီးကွမ်ဒုက္ခလှလှတွေ့လိမ့်မယ်. . .”
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်ရဲရှောင်အားနောက်တစ်ကြိမ်ထပ်မကြည့်ခင်အချိန်တွင်ဘေးဘီဝဲယာအား အကဲခတ်ကြည့်လိုက်သည်။
သူ စိတ်ဝင်စားနေမိသည့်လူသည်မည်ကဲ့သို့သော လူမျိုး ဖြစ်ကြောင်းကိုဖော်ထုတ်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။
ဝတ်စုံဖြူ နှင့်မိန်းကလေး၏ စူးရှသော အကြည့်များကို ရဲရှောင်သည်ပြန်လည်စိုက်ကြည့်လိုက်ရင်း စိတ်ထဲတွေးမိလိုက်သည်မှာ –
[ဟမ့်. . . ဒီကောင်မလေးက ငါ့ကို အာရုံလာနောက်နေတာပဲ။ ကြည့်ရတာတော့ ငါ့နောက်ကြောင်းကို သိချင်နေတဲ့ပုံပဲ]
ထို့နောက်ရဲရှောင်သည်တည်ငြိမ်သည့်လေသံဖြင့်-
“မင်းက ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ မိန်းကလေး။ သူများအကြောင်း စိတ်ဝင်စားနေတာနဲ့ ကိုယ့်နှာခေါင်း ကိုယ်နှိုက်ဖို့လည်းမေ့နေဦးမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်မိန်းကလေးတစ်ယောက်ဖြစ်ပြီးဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာကိုတောင်မသိတာ အတော်ဆိုးတာပဲ။ ငါ့အမြင်ပြောပြရမယ်ဆိုရင်မင်း ဒီထက်ပိုပြီး ယဉ်ကျေးသိမ်မွေ့လာအောင်မင်းရဲ့ ဆရာက သင်ပေးသင့်တယ်”
ကွမ်ဝမ်ရှန်သည်သူ့အား “မိန်းကလေး” ဟုခေါ်ဆိုခဲ့သည့်အချိန်တုန်းက ရိုသေသမှုဖြင့်ခေါ်ဆိုခဲ့ခြင်း ဖြစ်ပြီး ရဲရှောင်မှ “မိန်းကလေး” ဟုခေါ်လိုက်ခြင်းသည်သူ့အားထေ့ငေါ့ ရွဲ့စောင်း၍ခေါ်လိုက်ခြင်းပင်ဖြစ်သည်။
ရဲရှောင်ပြောလိုက်သည့်စကားကြောင့်ဝတ်စုံဖြူ နှင့်မိန်းကလေးသည်မျက်မှောင်ကြုပ်လိုက်ပြီး –
“လူကြီးမင်းအနေနဲ့ လိုတာထက်ကို ပိုပြီး ဖြစ်ပြနေသလိုပဲ။ ဘာလဲ . . . ရှင့်ရဲ့နာမည်က တကယ်ကို စုတ်ပြတ်သတ်နေလို့လား”
ရဲရှောင်သည်ဝတ်စုံဖြူ နှင့်မိန်းကလေးအား တစ်ချက်ကြည့်လိုက်ရင်း –
“မင်းစကားပြောတာတော်တော်ရင့်သီးတာပဲ . . .”
ကွမ်ဝမ်ရှန်သည်ရဲရှောင်တို့အား ကြည့်ရင်း ပျာယာခတ်စိုးရိမ်လျက်ရှိသည်။ ဖန်ဇီလင်နှင့်ဝတ်စုံဖြူ မိန်းကလေးတို့ နှစ်ဦးသည်တစ်ယောက်တစ်ခွန်း အပြန်အလှန်စကားချေပပြောဆိုနေကြသည်။ အကယ်၍ ထိုအခြေအနေအတိုင်းသာ ဆက်သွားမည်ဆိုလျှင်သေချာပေါက်ပင်ရန်ဖြစ်ကြတော့မည့်ပုံစံပင်။ အခြေအနေများသည်သူထိန်းချုပ်၍ မရနိုင်တော့လောက်အောင်ဖြစ်ပျက်သွားမည်ကို စိုးရိမ်နေမိသည်။
လေလံပွဲ စတင်တော့မည့်အချိန်တွင်ဖန်ဇီလင်သည်သူနှင့်ရန်ညိုးရန်စ တစ်ခါမှ မရှိခဲ့ဖူးသည့်လူတစ်ယောက်နှင့်ငြင်းခုံ စကားများနေသည့်အတွက်ကွမ်ဝမ်ရှန်တစ်ယောက်နားမလည်နိုင်အောင်ပင်ဖြစ်လျက်ရှိသည်။
ထို့ပြင်ဖန်ဇီလင်နှင့်မိန်းမလှလေးသည်တစ်ယောက်နှင့်တစ်ယောက်မြင်တွေ့ဖူးခြင်း မရှိကြဘဲ အဘယ့်အတွက်ကြောင့်ရန်စောင်နေကြသည်ကိုလည်း နားမလည်နိုင်ခဲ့ပေ။
ရဲရှောင်နှင့်မိန်းမလှလေးသည်တစ်ယောက်နှင့်တစ်ယောက်မသိကြသည်မှာ မှန်သော်လည်း ရဲရှောင်ဘက်မှ ထိုမိန်းကလေးအား သတိထားဆက်ဆံရမည့်အကြောင်း သိနေသကဲ့သို့ မိန်းကလေးဘက်မှလည်း ရဲရှောင်သည်သတိပြု ဆက်ဆံရမည့်လူဖြစ်ကြောင်း အချင်းချင်း အပြန်အလှန်သိနေကြသည်။
ထို့ကြောင့်တစ်ယောက်နှင့်တစ်ယောက်အမြင်မကြည်ကြဘဲ စကားနိုင်လုနေကြခြင်း ဖြစ်သည်။
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်တည်ငြိမ်စွာဖြင့်ပင်-
“ရှင်က ကိုယ့်ကိုကိုယ်သိပ်အထင်ကြီးနေတဲ့ ပုံစံပဲ။ စကားပြောတာလည်းမြောက်ကြွမြောက်ကြွနဲ့။ ကြည့်ရတာ ရှင့်ဆီမှာ ထူးခြားတဲ့ အစွမ်းတွေ ရှိနေလို့ ဖြစ်မယ်”
ဝတ်စုံဖြူ နှင့်မိန်းကလေးသည်ရဲရှောင်အား ရွဲ့စောင်းပြောလိုက်ရင်း စိန်ခေါ်သည့်သဘောဖြင့်ပြောလိုက်၏။
ရဲရှောင်သည်လှောင်ပြုံးပြုံးလိုက်ရင်း –
“ဟာ . . . သိပ်ဟုတ်တာပေါ့ . . . ငါ့ဆီမှာ အရမ်းထူးခြားတဲ့ အစွမ်းတွေရှိတယ်။ အဲ့ဒီအစွမ်းတွေက အရမ်းကို အန္တရာယ်များပြီးကြောက်ဖို့ကောင်းတယ်။ ဘယ်လိုလဲ . . . မင်း စမ်းကြည့်ချင်လား”
ရဲရှောင်သည်မိန်းမလှလေး၏ စိန်ခေါ်မှုအားနောက်မဆုတ်ဘဲ လက်ခံလိုက်သည်။
ရဲရှောင်၏ မထီမဲ့မြင်စကားကြောင့်မိန်းမလှလေး၏ မျက်နှာတစ်ခုလုံးသည်ဒေါသစိတ်ကြောင့်နီရဲတွတ်သွားပြီး –
“သူ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြစမ်း”
အမိန့်ပေးသံကြားလိုက်သည်နှင့်တစ်ပြိုင်နက်ဝတ်စုံနက်နှင့်လူ နှစ်ယောက်ထဲမှ တစ်ယောက်သည်ရုတ်တရက်ဆိုသလိုပင်အမြင့်ကြီး ခုန်လိုက်သည်။ ထို့နောက်လေပွေတစ်ခုကဲ့သို့ အလွန်လျင်မြန်သော နှုန်းဖြင့်လှည့်ပတ်လိုက်သည်။ အသံများသည်ဆူညံစွာ ထွက်ပေါ်သွားခဲ့သည်။ ထို့နောက်ရဲရှောင်၏ ဦးခေါင်းနောက်သို့ ပြင်းထန်စွာရိုက်ရန်ကြိုးစားလိုက်သည်။
မထင်မှတ်ထားလောက်အောင်မြန်ဆန်လွန်းသော လှုပ်ရှားမှုပင်ဖြစ်သည်။ အကယ်၍ ရဲရှောင်သာ သတိမထားမိခဲ့လျှင်ထိုရိုက်ချက်သည်သူ့အား ချက်ချင်းသေသွားနိုင်စေသည့်ရိုက်ချက်ပင်ဖြစ်သည်။
ရဲရှောင်သည်ထိုလှုပ်ရှားမှုအား မျက်တောင်မခပ်ငုံ့ကြည့်လိုက်ရင်း –
“ကောင်းလိုက်တဲ့ လှုပ်ရှားမှု”
ဝတ်ရုံနက်ဖြင့်လူသည်အပေါ်ဆုံးထပ်သို့ရောက်ရှိလာပြီး ရဲရှောင်အား ဖမ်းမိရန်လက်တစ်ကမ်း အလိုတွင်ရဲရှောင်သည်မြှားတစ်စင်းအား ပစ်လွှတ်လိုက်သည့်အတိုင်း လျင်မြန်စွာဖြင့်တံခါးလက်ရမ်းမှပြေးထွက်သွားသည်။ ထို့နောက်ရဲရှောင်သည်ဝတ်ရုံနက်ဖြင့်လူဆီသို့ မျက်နှာချင်းဆိုင်ပြေးဝင်သွားလိုက်သည်။
အကျီလက်အောက်မှ သူ၏ လက်သည်ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းရွှေရောင်သို့ပြောင်းသွားသည်။
၎င်းသည်ရဲရှောင်ကျွမ်းကျင်သည့်သိုင်းပညာတစ်ခုဖြစ်သည်။ ၎င်းတိုက်ကွက်သည်သူ၏ လက်အား အစိုင်အခဲကဲ့သို့ မာကြောသွားစေပြီးရွှေကဲ့သို့ မာကြောသွားစေသည်။ ထိုလက်ဖြင့်(တိုက်ကွက်)ဖြင့်တောင်များကိုပင်အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်ပစ်နိုင်သည်။ အရာအားလုံးကိုခြေမွနိုင်သည်။
၎င်းသည်ရွှေလက်တိုက်ကွက်ပင်ဖြစ်ပေတော့သည် . . .။