Switch Mode

Chapter – 35

နှစ်ကြိမ်နှစ်ခါ ချော်လဲခြင်း

Chapter – 35
“နှစ်ကြိမ်နှစ်ခါ ချော်လဲတယ်”

​ရှောင်​ဧကရာဇ်​သည်​ဖန်​ဇီလင်​အဖြစ်​အသွင်​ပြောင်း၍ ရုပ်​ပြောင်းရုပ်​လွဲ ပြုလုပ်လာခဲ့ခြင်းပင်​ဖြစ်​၏။
ရဲ​ရှောင်​သည်​ခန်းမအတွင်းသို့​တည်​ငြိမ်သည့်​ဟန်​ပန်​အပြည့်​ဖြင့်​ဝင်​လာပြီး ဒုတိယထပ်​သို့ တက်​သွားလိုက်​သည်​။ ထို့​နောက်​လှေကားလက်​ရမ်းနားတွင်​မတ်​တပ်​ရပ်​လိုက်​ပြီး​အောက်​တွင်​ရှိ​သော လူအုပ်​ကြီးအား ငုံ့ကြည့်​လိုက်​သည်​။
လူတိုင်း၏ မျက်​လုံးထဲတွင်​ရဲ​ရှောင်​၏ ပုံစံသည်​အဟိတ်​ဟန်​အပြည့်​ဖြင့်​ပင်​ရှိ​နေ​လေသည်​။
​လေလံပွဲသို့​ရောက်​လာကြသည့်​လူများသည်​သူ့အား ပ​ဟေဠိ​ဆန်​သော ပုစ္ဆာတစ်​ပုဒ်​ကဲ့သို့ နားမလည်​နိုင်​သော အကြည့်​များဖြင့်​ကြည့်​နေကြ​သော်​လည်း ရဲ​ရှောင်​မှာမူ ထိုလူများအား ဂရုပင်​မစိုက်​ချေ။
ရဲ​ရှောင်​သည်​ငြိမ်​သက်​စွာဖြင့်​ပင်​မတ်​တပ်​ရပ်​နေပြီး ခန်းမအတွင်းသို့ ဝင်​လာသည့်​လူတစ်​ယောက်​ချင်းစီအား​အလွတ်​မ​ပေးဘဲ​သေချာစွာ ကြည့်​လိုက်​သည်​။
​လေလံပွဲအား အဓိက ကြီးကြပ်​စီစဉ်​သူဖြစ်​သည့်​ကွမ်​ဝမ်​ရှန်​သည်​ရဲ​ရှောင်​၏ အနားသို့​ရောက်​လာပြီး​လောကွတ်​ပျုဌာသည့်​အပြုံးမျိုးဖြင့်​-
“​နောင်​ကြီးဖန်​. . . အ​စောကြီး​ရောက်​လာတာပါလား။ ဝင်​လာကတည်းက ထွက်​မကြိုမိတာကို ခွင့်​လွှတ်​ပေးပါ”
ကွမ်​ဝမ်​ရှန်​၏ နှုတ်​မှ ထိုစကားများအား​ပြော​နေ​သော်​လည်း စိတ်​ထဲတွင်​မူ –
[အရင်​တစ်​ခေါက်​တွေ့တုန်းက​အထူးကတ်​ပြား​ပေးတာ​တောင်​မယူဘဲ ငြင်းခဲ့တဲ့ သူ့ကို အ​တော်​နှိမ့်နှိမ့်​ချချ​နေတတ်​တဲ့ လူပဲလို့ ထင်​နေခဲ့တာ အခုကြ​တော့ ဒီလိုလူအများကြီး​ရှေ့မှာ ဘာလို့​မောက်မာတဲ့ ပုံစံမျိုး လုပ်​နေရတာလဲ။ အဲ့ဒီလို ပုံစံမျိုးနဲ့ဆိုရင်​လူ​တွေ သူ့ကို သတိထားမိနိုင်​တယ်​ဆိုတာ သူမသိဘူးလား မသိ]
ကွမ်​ဝမ်​ရှန်​ပြောလိုက်​သည့်​စကား​ကြောင့်​ရဲ​ရှောင်​သည်​တည်​ငြိမ်​စွာဖြင့်​ပင်​-
“ကိစ္စမရှိပါဘူး။ ငါ့ရဲ့​ဆေးလုံး​တွေ ဘယ်​ဈေးနဲ့​ရောင်းလိုက်​လဲ သိချင်​လို့ လာကြည့်​ရုံ သက်​သက်​ပါ”
ကွမ်​ဝမ်​ရှန်​သည်​ရဲ​ရှောင်​အား ပျာပျာသလဲလဲ အမူအယာဖြင့်​-
“အာ . . . အဲ့ဒီအတွက်​တော့ စိတ်​မပူပါနဲ့။ ဒီလို ဒဏ္ဍာရီလာ အဆင့်​ရှိတဲ့​ဆေး​မျိုးကို လူတိုင်းက အငမ်းမရ လိုချင်​နေကြတာ။​ဆေးလုံး​အတွက်​သေဆိုရင်​တောင်​သေမယ့်​လူ​တွေချည်းပဲ။ အမှန်​တကယ်​ဆိုရင်​ငါတို့က​နောင်​ကြီးဖန်​ကို ပိုပြီး အားနာ​နေမိတာ။ ဘာလို့လဲဆို​တော့​ဆေးငါးလုံးကို​ငွေစ ၅၀၀၀၀၀ တည်းနဲ့ ဝယ်​ခဲ့တာ​နောင်​ကြီးဖန်​အ​ပေါ် အမြတ်​ထုတ်​မိသလို ဖြစ်​နေမိတယ်​လေ”
ကွမ်​ဝမ်​ရှန်​ပြောလိုက်​သည့်​စကားများအ​ပေါ် ရဲ​ရှောင်​သည်​ထွေ​ထွေထူးထူး မခံစားရသည့်​ပုံစံဖြင့်​-
“ကိစ္စမရှိပါဘူး။ ခင်​ဗျားအ​နေနဲ့ အဲ့ဒီလိုမှ အမြတ်​မထုတ်​ရင်​ခင်​ဗျားရဲ့ စီးပွား​ရေးက​ကောင်းကောင်း ဘယ်​လည်​ပတ်​နိုင်​တော့မလဲ”
ရဲ​ရှောင်​အ​နေဖြင့်​အလုပ်​သ​ဘောအရ လုပ်​ရသည့်​ကိစ္စများအား နားလည်​ပေးနိုင်​သော်​လည်း ကွမ်​ဝမ်​ရှန်မှာမူ မည်​သည့်​စကားမှ ပြန်​မ​ပြောနိုင်​အောင်​ပင်​ဖြစ်​နေ​ရင်း သူ၏ စိတ်​ထဲတွင်​-
[ဒီလူက​တော်​တော်​ရိုးသားတဲ့လူပဲ။​ငွေစကား တစ်​ခွန်းမှ​တောင်​မ​ပြောဘူး။ ငါ​ပြောတဲ့ စကား​တွေကိုလည်း​ဗွေမယူဘဲ နားလည်​ပေးတယ်​]
ကွမ်​ဝမ်​ရှန်​သည်​ရဲ​ရှောင်​နှင့်​အလာပသလာပ စကား အနည်းငယ်​ပြောလိုက်​ပြီး​နောက်​ပြန်​လည်​ထွက်​ခွာသွား​လေသည်​။
ဂိုဏ်းအသီးသီးမှ လူများသည်​ပထမထပ်​တွင်​နေရာယူ​နေကြပြီး​တော်​ဝင်​မိသားစုများနှင့်​မျိုးနွယ်​စုကြီးများသည်​ဒုတိယထပ်​တွင်​နေရာယူထားကြ​သည်​။ မျိုးနွယ်​စုကြီးရှစ်​စုသည်​ဂုဏ်​သတင်းပိုင်းဆိုင်​ရာအရ အလွန်​ထင်​ပေါ်​ကျော်​ကြားရုံသာမက မျိုးရိုးအရှိန်​အဝါ စွမ်းပကားသည်​လည်း အလွန်​ကြီးမားသည့်​မျိုးနွယ်​စုများဖြစ်​သည်​။​သို့​သော်​သူတို့၏ အ​နေအထားသည်​တော်​ဝင်​မိသားစုများနှင့်​ယှဉ်နိုင်​သည့်​အ​နေအထား​တော့ မဟုတ်​သေး​ပေ။ ယခုကဲ့သို့ တစ်​တန်းတည်း​နေရာချ​ထား​ပေးခြင်းသည်​ခဏတာအတွက်ပင်​ဖြစ်​သည်​။
မည်​သို့ပင်​ဆို​စေကာမူ ချန်​နိုင်​ငံ​တော်​သည်​တော်​ဝင်​သွေး၊​တော်​ဝင်​မိသားစုများ အုပ်​ချုပ်​စိုးမိုး​နေ​သော နိုင်​ငံပင်​ဖြစ်​သည်​။ မျိုးနွယ်​စုများ ကြီးစိုး​နေ​သော နိုင်​ငံ မဟုတ်​ပေ။
ခဏအကြာတွင်​မူမျိုးနွယ်​စု၏ အမည်​အား​ခေါ်လိုက်​သည့်​အသံသည်​ကျယ်​လောင်​စွာဖြင့်​ပင်​ထွက်​ပေါ်လာခဲ့သည်​။ မူမျိုးနွယ်​စုတစ်​ခုလုံး၏ ကိုယ်​စား​ခေါင်း​ဆောင်​ဖြစ်​သူအဖိုးကြီး နှင့်​သက်​လတ်​ပိုင်းအရွယ်​လူတို့သည်​လေလံပွဲသို့ တက်​ရောက်​လာကြသည်​။ သူတို့နှစ်​ဦးစလုံးသည်​ခန့်​ညားထည်​ဝါလှ​သော ဝတ်​ရုံရှည်​ကြီးများအား ဝတ်​ဆင်​ထားပြီး ယုံကြည်​မှုအပြည့်​၊ ဟိတ်​ဟန်​အပြည့်​ဖြင့်​ခန်းမအတွင်းသို့ ဝင်​လာကြသည်​။
သူတို့နှစ်​ဦး၏ အမူအယာ၊ ဟန်​ပန်​များကို ကြည့်​ခြင်းအားဖြင့်​ထင်​ပေါ်​ကျော်​ကြားသည့်​မျိုးနွယ်​စုကြီးများအ​ကြောင်း အလွယ်​တကူ ခန့်​မှန်း သိနိုင်​ပေသည်​။
ရဲ​ရှောင်​သည်​သူတို့နှစ်​ဦးအား ခပ်​ဝေး​ဝေးကပင်​လှမ်း၍ မြင်​နေရသည်​။ ထိုလူနှစ်​ဦး၏ လှုပ်​ရှားမှုအား မျက်​တောင်​တစ်​ချက်​မခတ်​စိုက်​ကြည့်​နေခဲ့ပြီး အကျီလက်​အောက်ရှိ သူ၏ ညာဘက်​လက်သီးအား ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထားလိုက်​သည်​။
ထို့​နောက်​အပြာ​ရောင်​ရေခဲချီဓာတ်​စွမ်းအင်​များအား စွမ်းအင်​သို​လှောင်​ရာမှ တစ်​ဆင့်​ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထား​သော သူ၏ လက်​သီးအတွင်းသို့ တဖြည်းဖြည်း စီးဆင်းသွား​စေရန်​ထိန်းချုပ်​လိုက်​သည်​။
ရဲ​ရှောင်​၏ လှုပ်​ရှားမှုများသည်​အလွန်​ပိရိလှသည့်​အတွက်​မည်​သူကမှ သတိမထားမိ​ပေ။
အခြားလူများနှင့်​မတူ ကွဲထွက်​နေသည့်​သူတို့နှစ်​ဦး၏ အမူအယာများ​ကြောင့်​ထင်​ပေါ်​ကျော်​ကြားသည့်​မျိုးနွယ်​စုကြီးထဲမှ တစ်​စုဖြစ်​ကြောင်း သိနိုင်​ပေသည်​။
အခြားလူများသည်​သူတို့နှစ်​ဦး၏ ခန့်​ညားထည်​ဝါသည့်​ဟန်​ပန်​များအား မကြည့်​ဘဲ မ​နေနိုင်​အောင်​ကို ဖြစ်​နေကြပြီး ချီးကျုး​ထောပနာ ပြုနေကြ​လေသည်​။
မူမျိုးနွယ်​မှလူနှစ်​ဦးသည်​အခြားလူများ၏ အပြုအမူများအား ဂရုမစိုက်​ဟန်​ဖြင့်​ဟန်​ဆောင်​နေကြ​သော်​လည်း စိတ်​ထဲတွင်​မူ သ​ဘောကျ နှစ်​သက်​နေကြသည်​။ ကိုယ့်​အား အထင်​ကြီးသည့်​အကြည့်များဖြင့်​ဝိုင်း၍ ကြည့်​နေခြင်းအား မည်​သူကများ မသာယာဘဲ​နေနိုင်ပါလိမ့်​မည်​နည်း။
​လေလံပွဲမှ​ဆေးလုံးများအား သူတို့ မူမျိုးနွယ်​စုကပင်​ပိုင်​ဆိုင်​နိုင်​လိမ့်​မည်​ဟု တထစ်​ချယုံကြည်​ထားကြ​လေသည်​။ ထို​ဆေးလုံးများ၏ ထူးခြားသည့်​အစွမ်းများဖြင့်​သူတို့၏ မျိုးနွယ်​စုအား အခြားမျိုးနွယ်​စုများထက်​သာလွန်​အောင်​မြှင့်​တင်ရန်​ရည်​ရွယ်​ထားကြသည်​။
ထို့ပြင်​သူတို့မျိုးနွယ်​၏ ကြီးကျယ်​မြင့်​မြတ်​သည့်​ပုံရိပ်​များအား အခြားလူများအား မြင်​သာ​အောင်​ပြနိုင်​ခဲ့သည့်​အတွက်​အလွန်​အမင်းပင်​ဂုဏ်​ယူဝံ့ကြွားလျက်​ရှိကြသည်​။
ထိုအချိန်​တွင်​. . .
မူမျိုးနွယ်​မှ သက်​လတ်​ပိုင်းလူသည်​ခေါင်းကို​မော့ ရင်​ကို​ကော့ထားပြီး မိမိကိုယ်​ကို ယုံကြည်​မှုအပြည့်​ရှိသည့်​ဟန်​ဖြင့်​ရှေ့မှ ဦး​ဆောင်​၍ လမ်း​လျှောက်သွားလိုက်သည်​။
သို့​သော်​မည်​သူမှ မထင်​မှတ်​ထားသည့်​ကိစ္စတစ်​ခုသည်​လျင်​မြန်​စွာဖြင့်​ဖြစ်​ပျက်​သွားခဲ့သည်​။ အဆိုပါ သက်​လတ်​ပိုင်းလူသည်​ဟိတ်​ဟန်​အပြည့်​ဖြင့်​လမ်း​လျှောက်​လာ​နေ​သည့်​အချိန်​တွင်​ရုတ်​တရက်​သူ၏​ခြေ​ထောက်​များသည်​ချော်​ထွက်​သွားသလိုပင်​ခံစားလိုက်​ရသည်​။ ထို့​နောက်​ဟန်​မ​ဆောင်​နိုင်​လောက်​အောင်​ပင်​ဟန်​ချက်​ပျက်​သွားပြီး ဒယီးဒယိုင်ပင်​ဖြင့်​ကြမ်းပြင်​ပေါ်သို့ ပစ်​လဲကျလုနီးပါးပင်​ဖြစ်​သွားခဲ့သည်​။ သို့​သော်​ဟန်​ချက်​ပြန်​ထိန်းနိုင်​ရန်​အတွက်​သူ့ခန္ဓာကိုယ်​အတွင်းရှိ ဝိညာဉ်​တော်​ချီဓာတ်​များအား ထိန်းချုပ်လိုက်သည်။ သို့မဟုတ်​ပါက​ခြေပစ်​လက်​ပစ်​ပင်​ချော်​လဲသွားပြီး​သေချာ​ပေါက်​ပင်​အရှက်​ကွဲသွားနိုင်​ပေသည်​။
ထိုကဲ့သို့ အချိန်​မီ ဟန်​ချက်ထိန်းနိုင်​လိုက်​သော်​လည်း သူ၏ ပုံစံသည်​ကို့ရို့ကားယားနိုင်​နေတုန်းပင်​။ ရုတ်​တရက်​ဖြစ်​ပျက်​သွားသည့်​အဖြစ်​အပျက်​ကြောင့်​မူမျိုးနွယ်​မှလူသည်​အလွန်​အမင်းပင်​ရှက်​နေမိသည်​။
သူတို့နှစ်​ဦးအား အထင်​ကြီး​လေးစားစွာဖြင့်​ချီးမွှမ်း​နေကြသည့်​လူများသည်​ပင်​မီးကို​ရေနှင့်​ငြိမ်းလိုက်​သကဲ့သို့ ချက်​ချင်းငြိမ်​သက်​သွားကြ​သည်​။ ထင်​ပေါ်​ကျော်​ကြားသည့်​မူမျိုးနွယ်​၏ အ​ရေးပါအ​ရာ​ရောက်​သော လူတစ်​ယောက်​အ​နေဖြင့်​ယခုကဲ့သို့ အ​ရေးကြီးသည့်​အချိန်​တွင်​ကို့ရို့ကားယားနိုင်​သည့်​အမူအယာမျိုး လုပ်​လိုက်​သည့်​အတွက်​လူများသည်​မယုံနိုင်​အောင်​ပင်​အံ့ဩလျက်​ရှိ​လေသည်​။
ထိုလူ၏ အမူအယာ​ကြောင့်​ခန်းမအတွင်းရှိ လူအချို့သည်​ဟန်​မ​ဆောင်​နိုင်​တော့ဘဲ ဝါးလုံးကွဲ​အောင်​ပင်​ဟားတိုက်​ရယ်​မောလိုက်​ကြသည်​။
ခဏအကြာတွင်​မတ်​တပ်​ရပ်​နေ​သော ထိုသက်​လတ်​ပိုင်းလူသည်​ဟန်​ချက်​နောက်​တစ်​ကြိမ်​ပျက်​သွားခဲ့ပြန်​သည်​။ သူ၏​ခြေ​ထောက်​အား ငုံ့ကြည့်​လိုက်​သော်​လည်း မသင်္ကာစရာအ​နေအထား တစ်​စုံတစ်​ရာမှ မ​တွေ့ရ​ပေ။ လူအချို့မှ သူ၏ အဖြစ်​အား ဝိုင်းရယ်​နေကြ​သော်​လည်း မရပ်​တန့်​ဘဲ​ရှေ့ဆက်​လျှောက်​ရန်​ဆုံးဖြတ်​လိုက်​သည်​။ ရပ်​တန့်​လိုက်​မှ ပိုအရှက်​ကွဲရမည်ကို သူ​တွေး​ကြောက်​နေမိ​သော​ကြောင့်​ဖြစ်​သည်​။ ထို့​ကြောင့်​သူ့ကိုယ်​သူ အားတင်းလိုက်​ရင်း ဂရုတစိုက်​ဖြင့်​ရှေ့သို့​ခြေလှမ်းတစ်​လှမ်းချင်း လှမ်းလိုက်​သည်​။ အ​ခြေအ​နေ​ကောင်း​ပေသည်။ ပထမ​ခြေလှမ်းတွင်​မည်​သည့်​လွဲ​ချော်​မှုမှ မရှိခဲ့​ပေ။
​သုံးလှမ်း​မြောက်​သော​ခြေလှမ်းအား လှမ်းလိုက်​သည့်​အချိန်​တွင်​သူ၏​ခြေ​ထောက်​များသည်​နောက်​တစ်​ကြိမ်​ထပ်​ချော်​သွားခဲ့ပြန်​သည်​။
ယခုတစ်​ကြိမ်​သည်​ယခင်​အကြိမ်​များထက်​ပို၍ပင်​ရှက်​ဖို့​ကောင်း​နေခဲ့သည်​။ ပြင်းထန်​လှ​သော အရှိန်​နှင့်​အတူ​ရှေ့သို့ ယက်​ကန်​ကန်​ဖြင့်​ပင်​ဟန်​ချက်​ပျက်​သွား​လေသည်​။
အဖြစ်​အပျက်​များသည်​မြန်​ဆန်​လွန်းလှ၍ သူ့ကိုယ်​သူ ထိန်းချုပ်​နိုင်​စွမ်းမရှိ​တော့​ချေ။ သူ၏ လက်နှစ်​ဖက်​လုံးသည်​အ​ပေါ်သို့​မြောက်​သွားပြီး ကြမ်းပြင်​ပေါ်သို့​လေးဘက်​ထောက်​ရပ်​ပင်​ကျသွားခဲ့သည်​။ အနည်းဆုံး​တော့ ကြမ်းပြင်​နှင့်​ခေါင်း​ဆောင့်​မိပြီး​ခေါင်းကွဲမသွား​စေသည့်အဖြစ်မှ သူ​ကာကွယ်​နိုင်​လိုက်​သည်​။
ထို့​နောက်​သူ၏ ခန္ဓာကိုယ်​အား ပြန်​လည်​တည့်​မတ်​သွား​စေရန်​အတွက်​လေ​ပေါ်သို့ တစ်​ချက်​ခုန်​လိုက်​လေသည်​။ သူ၏ မျက်​နှာတစ်​ခုလုံးသည်​ရှက်​ရွံ့မှု​ကြောင့်​နီရဲတွတ်​လျက်​ရှိသည်​။
သူ့အ​နေဖြင့်​ယူကြုံးမရပင်​ဖြစ်​နေမိ​လေသည်​။ အားလုံး၏ အ​ရှေ့တွင်​ကိုယ့်​အရှက်​ကိုယ်​ခွဲမိရုံသာမက မျိုးနွယ်​စု၏ ဂုဏ်​သိက္ခာအား ကျဆင်း​စေခဲ့သည့်​မဟုတ်​ပါလား။
“သူဘာလို့ အဲ့ဒီလို အမူအယာ​တွေ ဖြစ်​နေတာလဲ . . . ရူး​ကြောင်​ကြောင်​ပုံစံနဲ့ ဘာ​တွေဖြစ်​နေတာပါလိမ့်​။ မျိုးနွယ်​စုကြီးက လူတစ်​ယောက်​ဖြစ်​ပြီး သူ့အပြုအမူ​တွေက အ​တော်​ကြည့်​ရဆိုးတာပဲ။ အလကား သုံးစားမရတဲ့ မျိုးနွယ်​စု​တွေ . . . ပထမတစ်​ခါ​ချော်​လဲတာ မ​တော်​တဆဖြစ်​တယ်​ပဲ ထားလိုက်​ပါ​တော့​နောက်​တစ်​ကြိမ်​ချော်​လဲတာ​ကြီးက​တော်​တော်​ဆိုးသွားပြီ။ ကြည့်​ရတာ​ကြောင်​တောင်​တောင်​နိုင်​လိုက်​တာ”
“ဟိတ်​လူ . . . အဲ့ဒီလူက မူမျိုးနွယ်​က လူ . . .​ပြောချင်​ရင်​အသုံးမကျတဲ့ သူ့ကိုပဲ​ပြော။ တခြားမျိုးနွယ်​စု​တွေကို ဆွဲမထည့်​ဘဲ ခင်​ဗျား စကားမ​ပြောတတ်​ဘူးလား”
“အာ . . . ဟုတ်​သား . . . ဟုတ်​ပါတယ်​. . . ဟုတ်​ပါတယ်​. . . ခင်​ဗျား​ပြောတာ မှန်​ပါတယ်​။ ဟဲဟဲ . . .”
ကို့ရို့ကားယားအမူအယာဖြင့်​အကြိမ်​အကြိမ်​အခါခါပင်​ချော်​လဲ​နေ​သော မူမျိုးနွယ်​မှ လူအားကြည့်ရင်း လူများသည်​ဟန်​မ​ဆောင်​နိုင်​တော့ဘဲ တဝါးဝါးဖြင့်​ရယ်​လိုက်​ကြသည်​။ ခန်းမတစ်​ခုလုံးတွင်​ရယ်​မောသံများဖြင့်​ဖုံးလွှမ်းသွား​လေသည်​။
​ခေါင်း​ဆောင်​အဖိုးကြီးသည်​သူနှင့်​အတူပါလာသည့်​လူ၏ က​သောင်းကနင်း အမူအယာများ​ကြောင့်​အလွန်​အမင်း ရှက်​နေမိပြီး မျက်​နှာတစ်​ခုလုံးပင်​နီရဲတွတ်​လျက်​ရှိသည်​။ ထို့​နောက်​အနားသို့ကပ်​သွားပြီး တိုးညှင်း​သော​လေသံဖြင့်​-
“မင်းဘာ​တွေဖြစ်​နေတာလဲ။ လူအများကြီး​ရှေ့မှာမှ ဒီလို​ကြောင်​တောင်​တောင်​အမူအယာ​တွေကို လုပ်​ရသလား။​တော်​တော်​စောက်​သုံးမကျတဲ့​ကောင်​။ မင်း ငါနဲ့အတူ လိုက်​ကို မလာသင့်​ဘူး”
မူမျိုးနွယ်​မှ သက်​လတ်​ပိုင်းလူသည်​လည်း ရှက်​ရွံ့စိတ်​ကြောင့်​ခေါင်းငုံ့ထားရင်း ခပ်​အုပ်​အုပ်​လေသံဖြင့်​-
“ကျုပ်​လည်း ဖြစ်​ချင်​လို့ ဖြစ်​နေတာ မဟုတ်​ဘူး။ ကျုပ်ခြေထောက်တွေက​ရေခဲ​ပြင်​ပေါ် လမ်း​လျှောက်​နေရသလို ဖြစ်​ဖြစ်​သွားလို့​ချော်​လဲ​နေတာ . . .”
​ခေါင်း​ဆောင်​အဖိုးကြီးသည်​ဒေါသအကြီးအကျယ်​ထွက်​သွားပြီး –
“ငါ့ကို​စောက်​ဓိပ္ပါယ်​မရှိတာ​တွေ လာ​ပြောမ​နေနဲ့။ ဒီ​လောက်​နေကျစ်​ကျစ်​တောက်​ပူ​နေတာ ဘယ်​က​ရေခဲရှိရမှာလဲ။​နောက်​ပြီး ဒီလို​လေလံခန်းမကြီးရဲ့ ကြမ်းပြင်​မှာ ဘယ်​လိုလုပ်​ရေခဲရှိနိုင်​မှာလဲ။ နည်းနည်းပါးပါး ယုတ္တိရှိ​အောင်​လေးလည်း​ပြောဦး။​အရူး . . . ကြပ်​မပြည့်​ကောင်​။ ငါ့ကို ဒီလို အရှက်​ခွဲမယ့်​ကောင်​လို့သာ ကြိုသိခဲ့ရင်​မင်းအ​မေကို ဗိုက်​ထဲမှာကတည်းက ဖျက်​ချခိုင်းခဲ့တယ်​”
သက်​လတ်​ပိုင်းလူသည်​လည်း အဖိုးကြီးနှင့်​အတိုက်​အခံလုပ်​၍ မ​ပြောချင်​တော့သဖြင့်​စကားနည်း ရန်​စဲ ဖြစ်​စေရန်​အကြိမ်​ကြိမ်​အခါခါပင်​တောင်းပန်​လိုက်​သည်​။ သို့​သော်​ပါးစပ်​မှ​တောင်းပန်​နေ​သော်​လည်း သူ၏ စိတ်​ထဲတွင်​မူ –
[ကျုပ်​အ​မေ​သေတာဖြင့်​ကြာကြာလှပြီ။ ခင်​ဗျားကြီး နှိပ်​စက်​ကောင်းလို့​အ​မေ​သေရတာ။ ဒါကို​တောင်​ခင်​ဗျားက အရှက်​မရှိ အ​မေ့အ​ကြောင်း​ပြောရဲ​သေးတယ်​။​အဖိုးကြီး . . . ခင်​ဗျားသာ ကျုပ်​အ​ဖေ မဟုတ်​ဘူးဆိုရင်​ကျုပ်​ခင်​ဗျားကို​သေ​အောင်​ကန်​ပစ်​တယ်​]
တစ်​စုံတစ်​ယောက်​မှ သူတို့နှစ်​ဦးအား အရှက်​ကွဲအကျိုးနည်းဖြစ်​စေရန် တမင်​ရည်​ရွယ်​၍ လုပ်​နေသည်​ဟု​ထင်​လိုက်​မိ​သော်​လည်း ယခုကဲ့သို့ လူမြင်​ကွင်းမျိုးတွင်​မည်​သူတစ်​ဦးတစ်​ယောက်​ကမှ အတင့်​ရဲ၍ လုပ်​ရဲလိမ့်​မည်​မဟုတ်​ကြောင်း သုံးသပ်​လိုက်​မိသည်​။ ထို့ပြင်​တစ်စုံတစ်ဦးမှ​ဝိညာဉ်​တော်​ချီဓာတ်​များအသုံးပြု ထုတ်​လွှတ်​လိုက်​သည့်​အရိပ်​အ​ယောင်​အနည်းငယ်​မျှပင်​မခံစားရ၍ မည်​သည့်အတွက်​ကြောင့်​ယခုလို ဖြစ်​နေသည်​ကို မစဉ်းစားတတ်​အောင်​ပင်​ဖြစ်​နေ​လေသည်​။
မူမျိုးနွယ်​မှ လူအား အရှက်​ကွဲ​စေရန်​လုပ်​လိုက်​ပြီး​နောက်​ရဲ​ရှောင်​သည်​သူမဟုတ်​သည့်​အတိုင်း​အေး​အေးလူလူဖြင့်​ပင်​နေ​နေ​လေသည်​။ ခဏအကြာတွင်​လက်​ဖဝါး၌​အအေးဓာတ်​များ ခံစားလာရ၍ ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထား​သော သူ၏ လက်​သီးအား ချက်​ချင်းပင်​ဖြေလျှော့လိုက်​သည်​။
ရဲ​ရှောင်​သည်​မူမျိုးနွယ်မှ လူအား အရှက်ကွဲစေရန်အတွက် ပုစဉ်းရင်​ကွဲ၏ အ​တောင်​ပျံထက်​ပင်​ပို၍ ပါးလွှာသည့်​ရေခဲအပိုင်းအစ နှစ်​ခု ပြုလုပ်​ရန်​အတွက်​အပြာ​ရောင်​ချီဓာတ်​များအား ထုတ်​လွှတ်​ခဲ့သည်။
ထို့​နောက်​အဆိုပါ​ရေခဲများအား မူမျိုးနွယ်​မှလူ၏​ခြေ​ထောက်​များ​အောက်​သို့ ပစ်​သွင်းခဲ့သည်​။ လှုပ်​ရှားမှုသည်​မြန်​ဆန်​ပိရိလွန်း၍ မည်​သူကမှ သတိမပြုခဲ့မိ​ချေ။
ထိုလှုပ်​ရှားမှုသည်​အလွန်​အန္တရာယ်​များသည့်​လှုပ်​ရှားမှုပင်​ဖြစ်​သည်​။ အကယ်၍​ရဲ​ရှောင်​သာ ပိပိရိရိ မလုပ်​နိုင်​ခဲ့လျှင်​အခြားလူများ သတိထားမိသွားနိုင်​ပေသည်​။
သို့​သော်​ရဲ​ရှောင်​သည်​အောင်​မြင်​စွာဖြင့်​ပင်​မူမျိုးနွယ်​အား လှည့်​စားနိုင်​လိုက်​ပြီး သူ၏ လှုပ်​ရှားမှုအား မည်​သူတစ်​ဦးတစ်​ယောက်​ကမှ မသိလိုက်​ချေ။
​ရှောင်​ဧကရာ​ဇ်​တစ်​ယောက်​၏ အမြင်​နှင့်​ကြည့်​မည်​ဆိုလျှင်​လေလံပွဲသို့ တက်​ရောက်​လာကြသည့်​လူများထဲတွင်​စွမ်းအားကြီးသည့်​လူတစ်​ယောက်​တစ်​လေမှပင်​မမြင်​မိ​၊ မ​တွေ့မိ​ပေ။ သို့​သော်​ယခုလက်​ရှိအချိန်​တွင်​သူသည်​ရှောင်​ဧကရာဇ်​မဟုတ်​တော့ဘဲ ရဲ​ရှောင်​သာ ဖြစ်​နေခဲ့​လေပြီ။
​လေလံပွဲသို့ လာ​ရောက်​ကြသည့်​ပညာရှင်​များသည်​ကမ္ဘာ့အဆင့်​ထိပ်​သီးရှိ ပညာရှင်​များဖြစ်​ကြပြီး ရဲ​ရှောင်​၏ လက်​ရှိအ​ခြေအ​နေဖြင့်​ယှဉ်​၍​တော့ မရနိုင်​သေး​ပေ။ အကယ်​၍ ယှဉ်​နိုင်​ခဲ့လျှင်​လည်း တစ်ယောက်​ဒါမှမဟုတ်​နှစ်​ယောက်​လောက်​နှင့်​သာ ယှဉ်​ပြိုင်​နိုင်​ပေလိမ့်​မည်​။ သို့​သော်​ထိုအခြေအနေသည်လည်း လွယ်ကူနိုင်​မည်​မဟုတ်​ပေ။
ရဲ​ရှောင်​သည်​တစ်​ချက်​ကြည့်​ရုံမျှဖြင့် မည်​သူသည်​မည်​သည့်​အဆင့်​ဖြစ်​ကြောင်း ချက်​ချင်းပင်​သိနိုင်​လေသည်​။ ထို့​ကြောင့်​ရဲ​ရှောင်​တစ်​ယောက်​အရာအားလုံးအ​ပေါ် သတိကြီးစွာ ထား​နေရ​သည်​။
မူမျိုးနွယ်​အ​ပေါ် လုပ်​ခဲ့သည့်​ကိစ္စသည်​လည်း​သေ​စေနိုင်​လောက်​သည့်​အ​ခြေအ​နေမျိုး​တော့ မဟုတ်​ပေ။ ရဲ​ရှောင်​အ​တွက်​ယခုတစ်​ခေါက်​တွင်​သူတို့နှစ်ဦးအား သင်​ခန်းစာ​ပေးရုံပဲ ဖြစ်​၍ ထိုအခြေအနေသည်​သူ့အတွက်​လုံ​လောက်​ပြီဟု ဆိုရ​ပေမည်​။
[​ရှေးဦးချီဓာတ်​ကျင့်​စဉ်​က တကယ်​ကို အံ့ဩဖို့​ကောင်းတဲ့ ကျင့်​စဉ်​ပဲ။ ဒီကျင့်​စဉ်​က သိုင်းကျင့်​စဉ်​တွေထဲမှာ နံပါတ်​တစ်​အဆင့်​ရှိတယ်​လို့ကို​ပြောလို့ရတယ်​။ သူ့ထက်​သာတဲ့ သိုင်းကျင့်​စဉ်​ဆိုတာ ကမ္ဘာ​ပေါ်မှာ မရှိနိုင်​တော့ဘူး]
ရဲ​ရှောင်​တစ်​ယောက်​တည်း​တွေး​နေမိခြင်း ဖြစ်​၏။
[တကယ်​လို့​နောင်​တစ်​ချိန်​ချိန်​မှာ ငါမယှဉ်​နိုင်​တဲ့ ပညာရှင်​တစ်​ယောက်​ယောက်​နဲ့​တွေ့ခဲ့ရင်​ရှေးဦးချီဓာတ်​ကျင့်​စဉ်​ကို သုံးပြီး အနိုင်​ယူရမယ်​။​နောက်​ပြီး​ချောင်း​မြောင်းတိုက်​ခိုက်​ရတဲ့ တိုက်​ပွဲ​တွေမှာလည်း ဒီကျင့်​စဉ်​က​တော်​တော်​လေးကို အသုံးဝင်​တယ်​. . .]
ရဲ​ရှောင်​သည်​ပထမထပ်​တွင်​ခင်းထားသည့်​အနီ​ရောင်​ကော်​ဇောအား ကြည့်​လိုက်​သောအခါ ဘာမှရှိမ​နေသည်​ကို​တွေ့လိုက်​ရ၍​ကျေနပ်​သွား​လေသည်​။
မူမျိုးနွယ်​မှလူ​ချော်​လဲသွားပြီး​နောက်​ရေခဲများသည်​အရည်​ပျော်​ပျောက်​ကွယ်​သွားပြီ ဖြစ်​သည်​။​ကော်​ဇော​ပေါ်တွင်​ရေစို​နေသည့်​လက္ခဏာ အရိပ်​အ​ယောင်​အနည်းငယ်​မျှပင်​မကျန်​ခဲ့​ချေ။
​ခြောက်​သွေ့​နေသည့်​မြေပြင်​မှာ​တောင်​အပြာ​ရောင်​ချီဓာတ်​ကြောင့်​ဖြစ်​ပေါ်လာသည့်​ရေခဲသည်​ခြေရာလက်​ရာ မကျန်​အောင်​ပင်​ပျောက်​ကွယ်​သွားနိုင်သည်​ကို သူ အကြွင်းမဲ့​ယုံကြည်​နေမိသည်​။
ရဲ​ရှောင်​သည်​အ​ကျေနပ်​ကြီး​ကျေနပ်​သွား၍ ပြုံးမိလိုက်​သည်​။
ခဏအကြာတွင်​စုယဲ့ယွဲ့သည်​သူ၏ ညီမများနှင့်​အတူ​လေလံခန်းမထဲသို့ ဝင်​လာသည်​ကို ရဲ​ရှောင်​တွေ့လိုက်​ရသည်​။ သူမ၏​ဘေးတစ်ဖက်တစ်ချက်​တွင်​ဝတ်​ကောင်းစားလှများ ဝတ်​ဆင်​ထားသည့်​လူနှစ်​ယောက်​လည်း ပါလာခဲ့သည်​။ ထိုလူနှစ်​ယောက်​သည်​ဇူဝူကျီ နှင့်​လန့်လန်​လန်​တို့ပင်​ဖြစ်​သည်​။
သူတို့နှစ်​ယောက်​ထဲမှ တစ်​ယောက်​သည်​ကျောရိုးမရှိသည့်​လူတစ်​ယောက်​အတိုင်း​လက်​ပျဉ်​ကုန်းကုန်းကြီးဖြင့်​လမ်း​လျှောက်​လာပြီး ကျန်​တစ်​ယောက်​သည်​သူ၏​တောင်​တစ်​လုံး​မြောက်​တစ်​လုံး မျက်​လုံးများဖြင့်​လူများအား လိုက်​ကြည့်​လျက်​ရှိသည်​။ နှစ်​ယောက်​စလုံး၏ ပုံစံသည်​အလွန်​ပင်​ကြည့်ရဆိုးလျက်​ရှိ၏။
သူတို့နှစ်​ဦးသည်​တစ်​ယောက်​နှင့်​တစ်​ယောက်​ရေပက်​မဝင်​အောင်​ပင်​တတွတ်​တွတ်​ဖြင့်​စကားများ​ပြော​နေကြသည်​။
“​စောက်​သုံးမကျတဲ့ ဟို​ကောင်​ရဲ​ရှောင်​ဘယ်​မှာလဲ။ ဒီ​နေ့က ငါတို့ သခင်​လေးသုံးပါးအတွက်​အရမ်းကို အ​ရေးကြီးတဲ့​နေ့ဆိုတာ ဒီ​ကောင်​မသိဘူးလား။ ဘာကိစ္စ​တွေပဲရှိရှိ ဒီလို​နေ့မျိုးမှာ ငါတို့ သုံး​ယောက်​အတူတူ ရှိကိုရှိ​နေသင့်​တာ . . .”
“​ကျောက်​စိမ်း​တောင်​ဝှေးကို ငါ ရ​တောင်​ရနိုင်​ပါ့မလား မသိဘူး။ ဒီကို လာကြတဲ့ လူ​တွေအကုန်​လုံးက ငါ့​ကျောက်​စိမ်း​တောင်​ဝှေးကို လိုချင်​လို့ လာကြတာ​တော့ မဟုတ်​လောက်​ပါဘူး​နော်​. . .”
“ရှုပ်​တယ်​သူတို့ အကုန်​လုံးကို သတ်​ပစ်​လိုက်​မယ်​”
“ဘာ . . . မင်းလို​ကောင်​မျိုးက သတ်​ရဲလို့လား . . .”
“ငါ မသတ်​ရဲဘူး​လေ။ ဒါ​ပေမယ့်​မင်း ငါ့ကိုယ်​စား သတ်​လိုက်​. . .”
“ငါလခွမ်းပဲ . . . မသိရင်​သူပဲ သတ်​ရဲ သလိုလိုနဲ့ . . .”

Comment

Leave a Reply

Options

not work with dark mode
Reset