Switch Mode

Chapter – 34

သခင်ကြီးဖန် လာပါပြီ

Chapter – 34
“သခင်ကြီးဖန် လာပါပြီ”

“ရက်​ရက်​စက်​စက်​အသတ်​ခံလိုက်​ရတာများ သူတို့ကိုယ်​သူတို့ ကာကွယ်​လိုက်​ချိန်​တောင်​မရှိလိုက်​ဘူး။ ရဲမျိုးနွယ်​စုက​တော့ သူတို့ကို လူသတ်​သမား​တွေက လာလုပ်​ကြံပါတယ်​ဆိုပြီး သက်​ဆိုင်​ရာ ရုံးကို​တောင်​သတင်း​ပို့ပြီးပြီ။ ကျွန်​တော်​တို့ လူရှစ်​ယောက်​ရဲ့ အ​လောင်းကိုလည်း မြို့​တော်​ကာကွယ်​စောင့်​ကြပ်​ရေးရုံး​တော်​ကို ပို့လိုက်​ကြပြီ . . .”
“ဘာ . . . မင်း ဘာ​ပြောလိုက်​တယ်​”
​ခေါင်း​ဆောင်​ဖြစ်​သူ အဖိုးကြီးသည်​စားပွဲခုံအား လက်​ဖြင့်​ပြင်းပြင်းထန်​ထန်​ရိုက်​လိုက်​ပြီး –
“ငါ့မှာ နားရှိလို့သာ ကြားရတယ်​။ ကြားရတဲ့ သတင်းက ယုံနိုင်​စရာကို မရှိဘူး”
အခြားလူများသည်​လည်း မည်​သည့်​စကားမှ မဆိုနိုင်​တော့ဘဲ တစ်​ယောက်​မျက်​နှာ တစ်​ယောက်​ကြည့်​လိုက်​ပြီး စိတ်​ပျက်​လက်​ပျက်​ဖြစ်​သွားကြ​လေသည်​။
သူတို့အားလုံးသည်​စစ်​သူကြီး၏ မိသားစုထံတွင်​ယခုကဲ့သို့ စွမ်းအားကြီး​သော လူများ ရှိ​နေလိမ့်​မည်​ဟု မ​မျှော်​လင့်​မိခဲ့​ပေ။
သူတို့​စေလွှတ်​လိုက်​သည့်​လူရှစ်​ယောက်​၏ အစွမ်းအစကို သူတို့​ကောင်း​ကောင်းကြီး သိ​နေ​လေသည်​။ ထိုကဲ့သို့​သော လူများအား တစ်​ချက်​တည်းဖြင့်​ရုပ်​ပျက်​ဆင်းပျက်​အသတ်​ခံလိုက်​ရသည်​ကို ကြားလိုက်​ရ​သောအခါ သူတို့အားလုံး အံ့ဩတုန်​လှုပ်​သွားကြသည်​မှာ ထူးဆန်းဖွယ်​ရာ​တော့ မရှိ​ချေ။
ထိုင်​ခုံ​ပေါ်တွင်​ထိုင်​နေ​သော မင်းသမီးသည်​လည်း ကြားလိုက်​ရ​သော သတင်း​ကြောင့်​ပါးစပ်ပင်​မ​စေ့နိုင်​တော့ဘဲ အံ့ဩတုန်​လှုပ်​လျက်​ရှိ၏။
နန်း​တော်​ထံသို့​ရောက်​ရှိလာသည့်​သတင်းသည်​သူတို့​မျှော်​လင့်​ထားသည့်​အတိုင်းမဟုတ်​ခဲ့​ပေ။ အထင်​နှင့်​အမြင်​တက်​တက်​စင်​အောင်​လွဲခဲ့၍ မယုံနိုင်​အောင်​ပင်​ဖြစ်​လျက်​ရှိသည်​။ သူတို့အားလုံး၏​ရှေ့သို့ မ​ကောင်းဆိုးဝါးတစ်​ကောင်​ရုတ်​တရက်​ပေါ်လာသည့်​အတိုင်း​ကြောက်​လန့်ခြင်း၊ ထိတ်​လန့်​ခြင်း၊ အံ့ဩခြင်း စသည့်​ခံစားချက်​များအား​တစ်​ပြိုင်​နက်​တည်း ခံစား​လိုက်​ကြသည်​။
“ရဲမျိုးနွယ်​”
​ခေါင်း​ဆောင်​ဖြစ်​သူ အဖိုးကြီးသည်​ဒေါသအလွန်​အမင်း ထွက်​လျက်​ရှိသည်။​သူ၏ မျက်​လုံးများထဲတွင်​လည်း​အေးစက်​မာ​ကြောမှုများဖြင့်​ပြည့်​နှက်​နေပြီး –
“ဘယ်​လို ဖြစ်​သွားတယ်​ဆိုတာ ငါ့ကို အစအဆုံး​ပြောပြစမ်း”
“ပထမဆုံး သူတို့​တွေ အပြန်​အလှန်​တစ်​ယောက်​တစ်​ခွန်း စကားရည်​စစ်​ထိုးကြ​တယ်​။​နောက်​တော့ သူတို့ အိမ်​ထဲကို​ပြေးဝင်​သွားကြတယ်​။ တစ်​ချိန်​တည်းမှာပဲ အဲ့ဒီအိမ်​ရဲ့ အိမ်တော်ထိန်းက ကျွန်​တော်​တို့လူ​တွေကို တားဖို့​အော်​ပြီး အမိန့်​ပေးလိုက်​ရော အိမ်​ထဲက​နေ အသံ​တွေ အများကြီး ထွက်​လာတယ်​။ ခဏကြာ​တော့ ရဲမျိုးနွယ်​ရဲ့ လူခုနှစ်​ယောက်​က အ​ရှေ့ကို အရင်​ဆုံးထွက်​လာပြီး ကျွန်​တော်​တို့ လူ​တွေနဲ့ ရင်​ဆိုင်​တော့တာပဲ။ အဲ့ဒီ လူခုနှစ်​ယောက်​က သူတို့ဓား​တွေကို ထုတ်​လိုက်​ပြီး ကျွန်​တော်​တို့ လူခုနှစ်​ယောက်​ကို တစ်​ယောက်​တစ်​ချက်​နှုန်းနဲ့ . . .​နောက်​. . .​နောက်​ပြီး . . .”
“တစ်​ယောက်​တစ်​ချက်​စီပဲ ဓားနဲ့ ခုတ်​လိုက်​တာ ငါတို့လူ​တွေ​အကုန်​လုံး​ခေါင်းပြတ်​ကုန်​ရောလား . . .”
နား​ထောင်​နေသူ အ​ပေါင်းအဖို့ အလွန်​အမင်းပင်​ကြောက်​ရွံ့​နေကြ​လေသည်​။
“ဟုတ်​. . . ဟုတ်​. . . ဟုတ်​ပါတယ်​။ တစ်​ချက်​တည်းဆို တစ်​ချက်​တည်းပါပဲ . . .”
“ဒီ​နေ့ည . . . ရဲမျိုးနွယ်​ရဲ့ အစွမ်းအစကို ငါကိုယ်​တိုင်​ကြုံ​တွေ့ရ​တော့မယ်​”
​ခေါင်း​ဆောင်​အဖိုးကြီး၏ မျက်​လုံးထဲတွင်​လက်​စားပြန်​ချေလိုသည့်​ပုံရိပ်​များဖြင့်​ပြည့်​နှက်​နေပြီး ကြိတ်​မနိုင်​ခဲမရဖြင့်​ပင်​ပြောဆိုလိုက်​ခြင်း ဖြစ်​၏။
ခေါင်းဆောင်အဖိုးကြီး၏ ဘေးတွင် ရှိနေသည့် သက်လတ်ပိုင်းလူ တစ်ဦးမှ တည်ငြိမ်သော လေသံဖြင့် –
“အင်း . . . မနက်​ဖြန်​ဆို​ဆေးလုံး​တွေ​ရောင်းမယ့်​လေလံပွဲက စ​တော့မယ်​။​နောက်​ပြီး ရဲမျိုးနွယ်​က အမှန်​တကယ်​ကို စွမ်းအားကြီး​နေမယ်​ဆိုရင်​မ​ထင်​မှတ်​ဘဲနဲ့ ကျုပ်တို့ဘက်​က အရေးနိမ့်သွားနိုင်​တယ်​။ အခုချိန်​မှာ ဖြစ်​ချင်​တာထက်​ဖြစ်​သင့်​တာကို ဦးစား​ပေးရမှာပဲ။​ကျုပ်တို့အနေနဲ့​ဆေးလုံး​တွေ ကိစ္စကိုပဲ အာရုံစိုက်​သင့်​တယ်​။ ပြီးရင်​ဆေးလုံး​တွေကို ယူပြီး ကျုပ်တို့ ပြန်​ကြတာ​ပေါ့။ ချန်​ဘိုင်​အတွက်​သွေး​ကြွေးပြန်​ဆပ်​မယ့်​ကိစ္စကို​လေလံပွဲပြီးမှ ဆက်​လုပ်​ကြမယ်​။ အခုချိန်မှာ ချန်ဘိုင် ကိစ္စကိုပဲ အာရုံစိုက်နေမယ်ဆိုရင် လေလံပွဲလည်းလွတ် လက်စားချေတဲ့ ကိစ္စကလည်း ထိထိရောက်ရောက် မလုပ်နဲ့ အဲ့ဒီအခါကြမှ ဟိုလွတ် ဒီလွတ်နဲ့ မျောက်သစ်ကိုင်းလွတ်သလို ဖြစ်ကုန်လိမ့်မယ်”
ထိုလူ​ပြောလိုက်​သည့်​စကားများအား ကျန်​သည့်​လူများသည်​တိတ်​ဆိတ်​စွာဖြင့်​ပင်​နား​ထောင်​နေကြသည်​။
ခဏအကြာတွင်​အပြင်​ဘက်​မှ –
“ဘုရင်​မင်းမြတ်ဆီက အမိန့်​တော်​ပါးလိုက်​ပါတယ်​။ အားလုံး နာခံကြပါ”
“မြို့​တော်​တစ်​ခုလုံး မငြိမ်​မသက်​နဲ့​အေးချမ်းမှု ပျက်​ပြား​နေတဲ့ အချိန်​မှာ ကိုယ့်​တာဝန်​ကိုယ်​သိပြီး​သိုသိုသိပ်​သိပ်​နဲ့ပဲ​နေကြပါ။ အာဏာအရှိန်​အဝါသုံးပြီး ထင်​တိုင်းကြဲ လုပ်​နေတဲ့ ကိစ္စမှန်​သမျှကို ရပ်​တန်းက ရပ်​တန့်​စေ . . .”
ထို့​နောက်​အဖွဲ့အသီးသီးမှ​ပေးပို့လိုက်​သည့်​စာများသည်​အိမ်​ရှေ့မင်းသားနန်း​တော်​သို့ တစ်​စောင်ပြီးတစ်​စောင် ရောက်​လာကြ​လေသည်​။
“အပြာ​ရောင်​မိုးတိမ်​ဂိုဏ်းရဲ့ ဂိုဏ်းချုပ်​ကြီးက​တပည့်​သုံးဦးနဲ့ အတူ ချန်​ရှင်းမြို့​တော်​ကို​ရောက်​လာကြပြီ”
“အမြဲစိမ်း​တောင်​ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်​ကြီးက​သူ့တပည့်​တွေနဲ့အတူ​လေလံခန်းမရဲ့ ညာဘက်​ဘေးမှာ ရှိ​နေကြတယ်​”
“ထိပ်​သီး​ဆေးပညာရှင်​တွေနဲ့ လွင့်​မျောတိမ်​တိုက်​ဂိုဏ်းက ထိပ်​သီး​တွေက တပည့်​ခုနှစ်​ယောက်​နဲ့အတူ ချန်​ရှင်းမြို့​တော်​ကို​ရောက်​လာကြပြီ”
“ငြိမ်းချမ်း​ရေး​တောင်​ဂိုဏ်း ချန်​ရှင်းမြို့​တော်​ကို ဝင်​လာကြပြီ”
“​ရှေး​ဟောင်းမျိုးနွယ်​စု မြို့​တော်​ကို​ရောက်​ကြပြီ”
“နမ်​ဂွန်း​မျိုးနွယ်​စု မြို့​တော်​ကို​ရောက်ပြီ”
“ဂွန်းဆန်​မျိုးနွယ်​စု . . .”
သူတို့အားလုံး၏​ရှေ့တွင်​စာများသည်​တောင်​ပုံရာပုံပင်​ဖြစ်​နေကြသည်​။ ဘုရင်​ကြီး အမိန့်​တော်​ပါးလိုက်​သည့်​အတိုင်းပင်​မြို့​တော်​တစ်​ခုလုံးသည်​မတည်​ငြိမ်​မှုများဖြင့်​ပြည့်​နှက်​တော့မည်​ဖြစ်​သည်​။
ထိုမတည်​ငြိမ်​မှုများသည်​လေလံပွဲတွင်​ရောင်းချမည့်​ထူးခြား အစွမ်းထက်​သည့်​ဆေးလုံးများ​ကြောင့်​ပင်​ဖြစ်​လေသည်​။
ယခုကဲ့သို့​လေလံပွဲ ကျင်းပ​တော့မည့်​အချိန်​တွင်​သူတို့ မူမျိုးနွယ်​အ​နေဖြင့်​ရဲမျိုးနွယ်​အား ဆက်​လက်​၍ အင်​အားသုံးပြီး တိုက်​ခိုက်​နေမည်​ဆိုပါက မြို့​တော်​တွင်​ဆူပူမငြိမ်​မသက်မှုများဖြစ်​လာပြီး​လေလံပွဲလည်း​နောက်​တစ်​ကြိမ်​ရွှေ့ဆိုင်းသွားနိုင်​ပေသည်​။ ထိုအ​ခြေအ​နေမျိုးသာ အမှန်​တကယ်​ဖြစ်​သွားခဲ့လျှင် ဂိုဏ်းများအားလုံးနှင့်​မျိုးနွယ်​စုများအားလုံးသည်​သေချာ​ပေါက်​ပင်​သူတို့မျိုးနွယ်​စုအား ပစ်​မှတ်​ထား တိုက်​ခိုက်​လာကြမည်​ဖြစ်​သည်​။
ထို့ပြင်​စစ်​သူကြီးအိမ်​သည်​လေလံခန်းမ အနီးတွင်​တည်​ရှိ​နေ​သော​ကြောင့်​သူတို့အ​နေဖြင့်​ရဲမျိုးနွယ်​အား တိုက်​ခိုက်​ချင်​လျှင်တောင်​စိတ်​ရှိတိုင်း တိုက်​ခိုက်​နိုင်​မည်​မဟုတ်​ပေ။
​ရှေ့တိုးရခက်​နောက်​ဆုတ်​ရခက်​ဖြစ်​နေသည့်​အ​နေအထား​ကြောင့်​ခေါင်း​ဆောင်​အဖိုးကြီး၏ မျက်​နှာသည်​ဒေါသစိတ်​ကြောင့်​နီရဲ​လျက်​ရှိ၏။ ထို့​နောက်​သက်​ပြင်းရှည်​ကြီး တစ်​ချက်​အား ချလိုက်​ရင်း –
“မင်း​ပြောတာ မှန်​ပါတယ်​။ လေလံပွဲကို အရင်ဦးစားပေးကြတာပေါ့”
သူ့အ​နေဖြင့်​ဖြစ်​ချင်​တာထက်​ဖြစ်​သင့်​တာကို ဦးစား​ပေးလိုက်​ရသည့်​သ​ဘောဖြင့်​ထိုစကားအား​ပြောလိုက်​ရ​သော်​လည်း ကျန်​သည့်​လူများသည်​သူတို့​ခေါင်း​ဆောင်​၏ မျက်​နှာအား ကြည့်​ရုံဖြင့်​ဘယ်​လောက်​ပင်​ကြိတ်​မနိုင်​ခဲအရ ဖြစ်​နေသည်​ကို သ​ဘော​ပေါက်​မိကြ​လေသည်​။
“ငါ​တို့ လူ​ရှစ်​ယောက်​ရဲ့အ​လောင်း​တွေကို အရင်​သွားသယ်​ကြတာ​ပေါ့”
​ခေါင်း​ဆောင်​အဖိုးကြီးသည်​မျှော်​လင့်​ချက်​ကင်းမဲ့ပြီး စိတ်​ဓာတ်​ကျ​နေသည့်​လေသံဖြင့်​သူ့လူများအား​ပြောလိုက်​၏။
မူရှန်​ဘိုင်​အသတ်​ခံလိုက်​ရသည့်​အချိန်​တွင်​လက်​စားပြန်​ချေရန်​အတွက်​လူရှစ်​ယောက်​အား​စေလွှတ်​ခဲ့​သော်​လည်း ယခုအချိန်​တွင်​မူ ထိုလူရှစ်​ယောက်​လုံး အသတ်​ခံလိုက်​ရ​ချေပြီ။ သူတို့အ​နေဖြင့်​ဘာမှ မတတ်​နိုင်​ခဲ့​ပေ။ သို့​သော်​လက်​စားပြန်​ချေနိုင်​မည့်​အချိန်​ကောင်းကို အလွတ်​မခံဘဲ​စောင့်​စား​နေကြမည်​မှာ အ​သေချာပင်​။ တစ်​နေ့​နေ့ တစ်​ချိန်​ချိန်​တွင်​သူတို့မျိုးနွယ်စုအတွက် ထင်း​ခွေမကြုံ​ရေခပ်​ကြုံသည့်​အချိန်​သို့​ရောက်​ရှိလာ​ပေလိမ့်​မည်​။

*******
စစ်​သူကြီး၏ အိမ်​တွင်​ဖြစ်​သည်​. . .
​နေမင်းကြီး ထွက်​ပေါ်လာသည်​ကို ကြည့်​ရင်း ရဲ​ရှောင်​တစ်​ယောက်​စိတ်​လက်​ပေါ့ပါးလျက်​ရှိသည်​။
​နောက်​ဆုံးတွင်​လေလံပွဲ ကျင်းပမည့်​ရက်​သို့​ရောက်​ရှိလာခဲ့​ချေပြီ။
ယ​နေ့အတွက်​တိုက်​ခိုက်​ခြင်း ကိစ္စများ အနည်းငယ်​မျှ မရှိနိုင်​သည်​ကို သူ​သေချာ​ပေါက်​ပင်​သိ​နေ​လေသည်​။
ထို့​ကြောင့်​အ​နှောက်​အယှက်​ကင်းကင်းဖြင့်​နေနိုင်​သည့်​ယခုလို​နေ့မျိုးတွင်​ရဲ​ရှောင်​အ​နေဖြင့်​ဟင်းလင်းပြင်​ကြီး နှင့်​မိုးပြာ​ရောင်​ကောင်းကင်​အပင်​အား စွမ်းအင်​များ ဖြည့်​တင်းရန်​လုပ်​ဆောင်​ရမည်​ဖြစ်​သည်​။
ထို့ပြင်​သူ့မိသားစု၏ လုံခြုံ​ရေးအတွက်​အစီအစဉ်​များ ချမှတ်​ရေးဆွဲရဦး​ပေမည်​။
ထို့​ကြောင့်​သူ့အတွက်​အချိန်​များများ ပိုရ​လေ ပို​ကောင်း​လေပင်​ဖြစ်​၏။
အိမ်​တော်​ထိန်းသည်​လည်း ရဲ​ရှောင်​ကဲ့သို့ပင်​စိတ်ကြည်​လင်​ပေါ့ပါးလျက်​ရှိသည်​။ ရဲမျိုးနွယ်​၏ အ​ခြေအ​နေအား လာကြည့်​ကြသည့်​လူတိုင်းသည်​လည်း စိတ်​သက်​သာရာရ လျက်​ရှိကြသည်​။ အထူးသဖြင့်​စုယဲ့ယွဲ့၊ လန်​လန့်​လန့်​နှင့်​ဇူဝူကျီတို့သည်​ပို၍ ဝမ်းသာ​ပျော်​ရွှင်​နေကြ​လေသည်​။
စစ်​သူကြီးအိမ်​တွင်​ဖြစ်​ပွားခဲ့သည့်​တိုက်​ပွဲပြီး​နောက်​နေ့တွင်​လူတိုင်းလူတိုင်းသည်​ရဲမျိုးနွယ်​၏ အစွမ်းအစ​အ​ကြောင်း သိသွားခဲ့ကြသည်​။
တိုက်​ပွဲပြီးဆုံးသွား​သော​ကြောင့်​ဆူပူမှုများ နှင့်​ပဋိက္ခများသည်​လည်း ကင်း​ဝေးသွားပြီဖြစ်​၍ ဘုရင်​ကြီးနှင့်​အိမ်​ရှေ့မင်းသားတို့ပင်​လက်​ရှိအ​ခြေအ​နေအ​ပေါ် စိတ်​သက်​သာရာရလျက်​ရှိသည်​။
မူမျိုးနွယ်​စု နှင့်​ရဲမျိုးနွယ်​တို့ကြား ဖြစ်​ပွားခဲ့သည့်​တိုက်​ပွဲသည်​မျိုးနွယ်​စု နှစ်​ခုကြားတွင်​ဖြစ်​ပွား​လေ့ရှိသည့်​တိုက်​ပွဲတစ်​ခုမျှသာ ဖြစ်​သော်​လည်း လူတိုင်း၏ အာရုံစူးစိုက်​မှုကို ခံခဲ့ရသည့်​တိုက်​ပွဲတစ်​ခု ဖြစ်​ခဲ့သည်​။
ချန်​ရှင်းမြို့​တော်​တွင်​ထူးခြား​သော ကိစ္စရပ်​များသည်​တစ်​ခုပြီးတစ်​ခု ဖြစ်​ပွားခဲ့သည်​။ မတူညီ ကွဲပြား​သော အင်​အားစုများသည်​မြို့​တော်​ထဲသို့​ရောက်​ရှိ​နေကြပြီ ဖြစ်​သည်​။ သို့​သော်​လက်​ရှိအချိန်​ထိ အရာအားလုံးသည်​တည်​ငြိမ်​စွာဖြင့်​ရှိ​နေကြ​လေသည်​။

*******
​နောက်​တစ်​နေ့သို့ပင်​ကူး​ပြောင်းခဲ့​ချေပြီ။​နေ​မင်းကြီးသည်​ထွက်​ပေါ်လာခြင်း မရှိ​သေးဘဲ​မှေးစက်​နေတုန်းပင်​။ မပီမပြင်​ဝိုးတဝါး နံနက်​ခင်း အချိန်​ခါ​တွင်​လင်းပါအို​လေလံခန်းမ၌ လူသူလှုပ်​ရှားမှု အရိပ်​အ​ယောင်​များများစားစား မ​တွေ့ရ​သေး​ပေ။
​နေမင်းကြီးသည်​တောက်​ပ​သော အလင်း​ရောင်​များနှင့်​အတူ​ပေါ်ထွက်​လာသည့်​အချိန်​တွင်​မူ လင်းပါအို​လေလံခန်းမသည်​အ​ရောင်​အ​သွေးစုံလင်​လှသည့်​အလံတစ်​ခုကို လွှင့်​တင်​လိုက်​လေသည်​။ အ​ရောင်​ခုနှစ်​ရောင်​ပါဝင်​သည့်​ထိုအလံသည်​လေထဲတွင်​တဖျတ်​ဖျတ်​ဖြင့်​လွင့်​ပျံလျက်​ရှိ၏။ အ​ဆိုပါ အလံ၏ အဓိပ္ပါယ်​မှာ ယ​နေ့ကျင်းပမည့်​လေလံပွဲသည်​သာမန်​ထက်​ထူးခြားသည့်​ထိပ်​တန်း​လေလံပွဲတစ်​ခု ဖြစ်​သည်​ဆိုသည့်​အဓိပ္ပါယ်​ပင်​။
အလံအား မြင်​လိုက်​ရသည့်​လူအ​ပေါင်းတို့သည်​အလွန်​အမင်းပင်​စိတ်​လှုပ်​ရှားလျက်​ရှိကြသည်​။
​မော်​တယ်​ကမ္ဘာတွင်​အ​ကြောင်းအရင်း သုံးချက်​ကြောင့်​သာ ထိုအ​ရောင်​ခုနှစ်​ရောင်​ပါသည့်​အလံအားလွှင့်​ထူကြ​ခြင်းဖြစ်သည်​။ ထို့​ကြောင့်​လူတိုင်း လူတိုင်းသည်​အလံအား မြင်​တွေ့လိုက်​ရ​သောအခါ စိတ်​လှုပ်​ရှား​နေကြပြီး​လေလံပွဲအ​ပေါ်တွင်လည်း​များစွာ စိတ်​ဝင်​စား​ကြလျက်​ရှိ၏။
လွှင့်​ထူထားသည့်​အလံအား ကြည့်​ရုံဖြင့်​လေလံပွဲတွင်​တန်​ဖိုးအလွန်​ကြီးမားသည့်​ပစ္စည်းရှိ​နေလိမ့်​မည်​ဟု လူတိုင်းက အလိုလို ခန့်​မှန်းမိကြ​သည်​။
ထိုပစ္စည်း​ကြောင့်​ပင်​မျိုးနွယ်​စုများ နှင့်​ဂိုဏ်းများသည်​ယ​နေ့ ကျင်းပမည့်​လေလံပွဲသို့ မဖြစ်မနေ တက်​ရောက်​ကြ​ပေလိမ့်​မည်​။
​လေလံပွဲတွင်​ရှိ​သော ထူးခြား အစွမ်းထက်​သည့်​ဆေးလုံးများသည်​သူတို့၏ စွမ်းအားများကို တိုးတက်​စေရုံသာမက​လျှောက်​လှမ်းရမည့်​ကျင့်​စဉ်​ခရီးလမ်းများကို လွယ်​ကူ မြန်​ဆန်​ရန်​များစွာ အ​ထောက်​အပံ့ပြု​ပေးနိုင်​လေသည်​။

******
​မွန်းတည့်​ချိန်​သို့ပင်​ရောက်​ရှိလာခဲ့​ချေပြီ။​လေလံခန်းမ တစ်​ခုလုံးတွင်​တူရိယာပစ္စည်း အမျိုးမျိုးဖြင့်​အလှဆင်​ထား​လေသည်​။ ထိုမျှသာမက​သေး အနီ​ရောင်​ကော်​ဇောများအား ခန်းမ ဝင်​ပေါက်​မှ စ၍ အဆုံးအထိ ခမ်းနားကြီးကျယ်​စွာဖြင့်​ခင်းကျင်းထားလျက်​ရှိ၏။ ထို့​နောက်​လေလံခန်းမ၏ တံခါးအား ရုတ်​တရက်​ဖွင့်​လိုက်​သည့်​အချိန်​တွင်​အဖြူ​ရောင်​ဝတ်​စုံများ ဝတ်​ဆင်​ထားသည့်​မိန်းက​လေးနှစ်​ယောက်​သည်​ထွက်​ပေါ်လာခဲ့သည်​။​လမ်း​လျှောက်​လိုက်​သည့်​အခါတိုင်းတွင်​သူတို့နှစ်​ဦး၏ ရှည်​လျားလှ​သော ဝတ်​စုံများသည်​တဖျတ်​ဖျတ်​ဖြင့်​ပင်​လှုပ်​ခတ်​သွားကြ​သည်​။ အဆိုပါ မိန်းက​လေးနှစ်​ဦးသည်​ခန်းမ၏ တံခါး​ပေါက်​ဝ တစ်​ဖက်​တစ်​ချက်​တွင်​နေရာယူလိုက်​ကြသည်​။
တဖြူးဖြူးတိုက်​ခတ်​နေ​သော​လေနှင့်​အတူ သူတို့၏ လှပ​သော ဆံနွယ်​များသည်​လည်း​လွင့်​မျောလျက်​ရှိ၏။ ခမ်းနားကြီးကျယ်​စွာ ပြင်​ဆင်​ထား​သော​လေလံခန်းမ၊​လေထဲတွင်​တလူလူ လွင့်​နေ​သော အလံနှင့်​အလွန်​မှပင်​ချော​မောလှပ​သော မိန်းက​လေးနှစ်​ဦး . . . ထိုအရာများအားလုံး​ပေါင်းစပ်​လိုက်​သောအခါ မြင်​ရသူအ​ပေါင်းတို့သည်​ကြက်​သီးထသွား​လောက်​အောင်​ပင်​ခမ်းနားထည်​ဝါမှု၏ အနှစ်​သာရအား ခံစားလိုက်​ကြသည်​။
​အချို့သော လူများသည်​လေလံပွဲ၏ ခမ်းနားထည်​ဝါမှုအား ကြည့်​ရင်း သူတို့ ယူ​ဆောင်​လာသည့်​ငွေစများ​လောက်​မှ​လောက်​ပါ့မလားဟုပင်​စိုးရိမ်​စိတ်​ဝင်​မိကြသည်​။
ပိုက်​ဆံ မလုံ​လောက်​၍ အရှက်​ကွဲ သိမ်​ငယ်​ရမည့်​အဖြစ်​မျိုး မည်သူမှ အဖြစ်မခံချင်ကြပေ။
“​မကြာမီ အချိန်​အတွင်းမှာ​လေလံပွဲ စတင်​တော့မှာ ဖြစ်​တဲ့အတွက်​ကျွန်​တော်​တို့ရဲ့ ဂုဏ်​သ​ရေရှိ လူကြီးမင်းများ အ​နေနဲ့ ခန်းမထဲမှာ​နေရာယူ​ပေးကြဖို့​မေတ္တာရပ်​ခံအပ်​ပါတယ်​”
တာဝန်​ရှိသူတစ်​ဦးသည်​လေလံပွဲစတင်​တော့မည့်​အ​ကြောင်းအား အသံကျယ်​ကျယ်​ဖြင့်​ပင်​အော်​ပြောလိုက်​သည်​။
ထိုလူ၏​အော်​သံဆုံးသွားသည့်​နှင့်​တစ်​ပြိုင်​နက်​လူအချို့သည်​ဝင်​ပေါက်​တံခါးမှ တစ်ဆင့် ခန်းမအတွင်းသို့​စတင်​ဝင်​ရောက်သွားကြသည်​။
သူတို့အားလုံးသည်​ဝတ်​ရုံရှည်​ကြီးများကို ဝတ်​ဆင်​ထားကြပြီး ဟိတ်​ဟန်​အပြည့်​ဖြင့်​လျှောက်​သွားလာကြသည်​။
အချို့သော လူများသည်​လေလံပွဲ မစတင်​မီ အချိန်​ကတည်းက​ရောက်​ရှိ​နေကြ​သော်​လည်း ခန်းမအတွင်းသို့ မဝင်​ကြ​သေးဘဲ အပြင်​ဘက်​တွင်​ရှိ​နေကြတုန်းပင်​ဖြစ်​သည်​။
​လေလံခန်းမအတွင်းသို့ ဝင်​ရောက်​ခြင်းကိစ္စနှင့်​ပက်​သက်​၍ အလိုလို သိရမည့်​၊ လိုက်​နာရမည့်​စည်းမျဉ်းစည်းကမ်း တစ်​ခုရှိ​လေသည်​။ ခန်းမအတွင်းသို့ တစ်​ယောက်​ပြီးမှ တစ်​ယောက်​အလှည့်ကျဖြင့်​သာ ဝင်​ရ​ပေမည်​။ စွမ်းအားအကြီးဆုံးလူသည်​အရင်​ဆုံး ဝင်​ရောက်​ရမည်​ဖြစ်​သည်​။ တစ်​စုံတစ်​ဦးမှ ထိုစည်းမျဉ်းအား ချိုးဖောက်​ခဲ့လျှင်​ထိုလူသည်​သေချာ​ပေါက်​ပင်​အသတ်​ခံရ​မည်​ဖြစ်​ပြီး သူ၏ တစ်​ဖွဲ့လုံးသည်​လည်း အပြတ်​ရှင်း သုတ်​သင်​ခံရ​ပေလိ်​မ့်​မည်​။
သိုင်း​လောကမှ လူများသည်​ဂုဏ်​သိက္ခာ နှင့်​အဆင့်​ကို များစွာ တန်​ဖိုးထား ဂရုစိုက်​ကြ​လေသည်​။
မိမိဝင်​ရမည့်​အလှည့်​မဟုတ်​ဘဲ ဝင်​ခဲ့မိလျှင် ထိုလူအား ကျင့်​ဝတ်​နားမလည်​သည့်​၊ အဆင့်အတန်း မရှိသည့်​လူတစ်​ယောက်​ဟု သတ်မှတ်​ခံရ​မည်​ဖြစ်​ပြီး ထိုလူသည်​သူ၏ ရဲတင်းမှုအတွက်​အပြစ်​ပေး ခံရမည်​ဖြစ်​သည်​။
​ခန်းမ၏ တံခါး​ပေါက်​ရှေ့တွင်​အခမ်းအနားမှူးအဖြစ်​ဆောင်​ရွက်​သည့်​လူသည်​လေလံပွဲသို့ တက်​ရောက်​လာသည့်​လူများ၏ နာမည်​စာရင်းအား ရှင်းလင်းကြည်​လင်​ပြတ်​သား​သော အသံဖြင့်​-
“အပြာ​ရောင်​မိုးတိမ်​ဂိုဏ်းရဲ့ ဂိုဏ်းချုပ်​ကြီး မန်​ဝူဖိန်​. . . သတ်​မှတ်​နေရာမှာ ထိုင်​ပေးပါခင်​ဗျာ”
“အမြဲစိမ်း​တောင်​ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်​ကြီး လီချန်​ချင် . . . သတ်​မှတ်​နေရာမှာ ထိုင်​ပေးပါခင်​ဗျာ”
“လွင့်​မျောတိမ်​တိုက်​ဂိုဏ်းရဲ့​ရှောင်​မိုယန်​. . . သတ်​မှတ်​နေရာမှာ ထိုင်​ပေးပါခင်​ဗျာ”
*******
သိုင်း​လောက၏ အ​ရေးပါအရာ​ရောက်​ဆုံး​သော လူပုဂ္ဂိုလ်​များအား တစ်​ယောက်​ပြီး တစ်​ယောက်​ဖိတ်​ခေါ်လိုက်​သည်​။ ထိုလူများ၏ နာမည်​များအား ကြားလိုက်​ရသည့်​လူများသည်​ကြက်သီးများ ထသွား​လောက်​အောင်​ပင်​ကြောက်​ရွံ့ခြင်း၊ ရို​သေခြင်းစသည့်​ခံစားချက်​များအား တစ်​ပြိုင်​နက်​တည်းပင်​ခံစားလိုက်​ကြသည်​။
​အဆိုပါ ကြီးကျယ်​မြင့်​မြတ်​သည့်​လူများသည်​မော်​တယ်​ကမ္ဘာ၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်​များပင်​ဖြစ်​ကြ​ပြီး သူတို့အားလုံးသည်​ထူးခြားအစွမ်းထက်​သည့်​ဆေးလုံးများ​ကြောင့်​လေလံပွဲသို့​ရောက်​ရှိ​လာကြခြင်း ဖြစ်​သည်​။
ထိုကဲ့သို့​သော ပုဂ္ဂိုလ်​များအား ယခုကဲ့သို့ တစ်​နေရာတည်းတွင်​တစ်​စု​တစ်​ဝေးတည်း​တွေ့ရရန်​မလွယ်​ကူလှ​ချေ။
နာမည်​အ​ခေါ်ခံလိုက်​ရသည့်​လူအ​ယောက်​နှစ်​ဆယ်​ခန့်​သည်​ခန်းမတွင်းသို့ ဝင်​ရောက်​သွားကြသည်​။ သို့​သော်​အပြင်​ဘက်​တွင်​များပြားလှ​သော လူအုပ်​ကြီးသည်​ကျန်​ရှိ​နေတုန်းပင်​။
​လေလံပွဲသို့ တက်​ရောက်​လာကြသည့်​လူတိုင်းသည်​ဆေးလုံးများအား မည်​သူ ပိုင်​ဆိုင်​သွားပြီး လူဘယ်​လောက်​များများ လက်ဗလာဖြင့်​လှည့်​ပြန်​သွားရမည်​ကို စိတ်​ဝင်​စား​နေကြ​လေသည်​။
​လေလံပွဲတွင်​ထူးခြားအစွမ်းထက်​သည့်​ဆေးလုံးများသည်​တစ်​လုံးထက်​မက ရှိ​နေမည်​မှာ​သေချာ​ပေါက်​ပင်​ဖြစ်​သည်​။ သို့​သော်​တက်​ရောက်​လာကြသည့်​လူတစ်​ယောက်​ချင်းစီ အတွက်​မူ​အလုံအ​လောက်​ရှိနိုင်​လိမ့်​မည်​မဟုတ်​ပေ။
​ဆေးလုံးများအတွက်​တိုက်​ပွဲ တစ်​ခု ဖြစ်​လာ​တော့မည်​လော။
တိုက်​ပွဲဖြစ်​လာခဲ့လျှင်​လည်း ထိုတိုက်​ပွဲသည်​အကန့်​အသတ်​ဖြင့်​သာ ရနိုင်​သည့်​ဆေးလုံးများအတွက်​ငွေ​ကြေးအပြိုင်​အဆိုင်​သုံးစွဲရမည့်​တိုက်​ပွဲတစ်​ခုပင်​ဖြစ်​ပေလိမ့်​မည်​။
​လေလံပွဲတွင်​မည်​သူပဲနိုင်​နိုင်​ထိုလူသည်​သေချာ​ပေါက်​ပင်​ငွေ​ကြေးအ​မြောက်​အများ သုံးစွဲရမည်​ဖြစ်​သည်​။
ခန်းမအပြင်​ဘက်​တွင်​ရှိသည့်​လူများသည်​လည်း ခန်းမအတွင်းသို့ ဝင်​ရန်​စိတ်​လှုပ်​ရှားစွာဖြင့်​စောင့်​ဆိုင်းလျက်​ရှိ၏။
ထို့​နောက်​ရုတ်​တရက်​ဆိုသလိုပင်​ထွားကျိုင်းသန်​မာ​သော ခန္ဓာကိုယ်နှင့်​လေး​ထောင့်​ဆန်​ဆန် မျက်​နှာပုံစံရှိသည့်​လူသည်​တန်းစီ​နေ​သော လူများ၏ ကြားမှ ဖြတ်​၍ ခန်းမအ​ပေါက်​ဝသို့​တည်​တည်​ငြိမ်​ငြိမ်​ဖြင့်​ပင်​လမ်း​လျှောက်​လာခဲ့သည်​။
ထိုလူ၏ အပြုအမူ​ကြောင့်​ရှိရှိသမျှ​သော လူများသည်​အံ့ဩကုန်​ကြ​သည်​။ စည်းမျဉ်းအား ချိုး​ဖောက်​ရဲသည့်​ထိုလူအား ကြည့်ရင်း​မယုံနိုင်​အောင်​ပင်​ဖြစ်​လျက်​ရှိ၏။
အပြုအမူ ရဲတင်းသည့်​ထိုလူအား တန်းစီ​နေ​သော လူများမှ တစ်​ဦးတစ်​ယောက်​မှ မတားခဲ့လျှင်​တောင်​လင်းပါအို​လေလံခန်းမမှ တာဝန်​ရှိသူများသည်​ချက်​ချင်းပင်​နှင်​ထုတ်​ပစ်​လိမ့်မည်​ဟု​တွေးလိုက်​မိကြသည်​။
ထူးဆန်းစွာဖြင့်​ပင်​လင်းပါအိုခန်းမမှ လူများသည်​လည်း ထိုလူအား မည်​သည့်​အ​ရေးယူမှုမှ မပြုလုပ်​ခဲ့​ပေ။ အခန်းအနားမှူးဆိုသည့်​လူပင်​ထိုလူ့အား​တွေ့လိုက်​သောအခါ ဝမ်းသာအားရဖြင့်​-
“ဖန်​ဇီလင်​. . . သခင်​ကြီး ဖန်​ဇီလင်​. . . ကြွပါခင်ဗျာ”
“သခင်​ကြီးဖန်​ဆိုပဲ။ သခင်​ကြီးဖန်​ဆိုတာ ဘယ်​သူလဲ”
ရှိရှိသမျှ​သော လူများ အားလုံးသည်​ပ​ဟေဠိတစ်​ခုကဲ့သို့ပင်​ဖြစ်​သွားကြ​လေသည်​။
ထိုနာမည်​အား ယခင်​က သူတို့ တစ်​ခါမှ မကြားဖူးခဲ့​ချေ။
သို့​သော်​သခင်ကြီးဖန်​ဆိုသည့်​လူသည်​မည်​သူ့ကိုမှ ဂရုမစိုက်​သည့်​ဟန်​ဖြင့်​ပေါ့​ပေါ့ပါးပါးပင်​လေလံခန်းမအတွင်းသို့ ဝင်​ရောက်​လာခဲ့သည်​။
ဘာ​ကြောင့်​. . . အဘယ့်​အတွက်​ကြောင့်​ထိုလူသည်​အ​ရေးပါသည့်​လူတစ်​ယောက်​ဖြစ်​နေခဲ့ပါသလဲ။
ထိုလူ​သည်​မည်​သူနည်း။
မည်သည့်​နေရာမှ​ရောက်​လာခဲ့၍ မည်​ကဲ့သို့​သော​နောက်​ကြောင်း ရာဇဝင်မျိုး ရှိသည့် လူဖြစ်​နိုင်​ပါသနည်း။
ထင်​ပေါ်​ကျော်​ကြားသည့်​အခြားလူများ အပြင်​ဘက်​တွင်​ရှိ​နေ​သေးသည့်​အချိန်​တွင်​ထိုလူသည်​မည်​သူတစ်​ဦးတစ်​ယောက်​ကိုမှ ဂရုမစိုက်​ဘဲ မည်ကဲ့သို့သော စိတ်မျိုးဖြင့် ခန်းမအတွင်းသို့ ဝင်​သွားခဲ့ပါသနည်း။
လူတိုင်း လူတိုင်း၏ စိတ်​ထဲတွင်​ထိုလူနှင့်​ပက်​သက်​၍ သို့​လော . . . သို့​လောဖြင့်​မေးခွန်းပေါင်းများစွာပင်​ရှိ​နေပါ​တော့သည်​။

Comment

Leave a Reply

Options

not work with dark mode
Reset