Chapter – 33
“ပညာရှိ သတိဖြစ်ခဲ”
ဝမ်အာသည်မျက်မှောင်ကြုပ်ရင်း တွေးလိုက်မိသည်မှာ –
[ဒါပေမယ့်လည်း အဲ့ဒီလူက လှုပ်ရှားမှု ဘယ်လောက်ကျွမ်းကျွမ်း အမှားနည်းနည်းလေးတော့ ဖြစ်သွားတာပဲ။ ငါတို့ ထင်ထားသလောက်တော့ ဒီလူက စွမ်းအား မကြီးလောက်သေးဘူး။ သူသာ တကယ်ကို စွမ်းအားကြီးတဲ့သူဆိုရင်မြက်ပင်တွေက အခုလို ကျိုးနေမှာမဟုတ်ဘူး။ ဒါပေမယ့်စွမ်းအားကြီးတဲ့ လူတစ်ယောက်မဟုတ်သေးဘူးဆိုရင်တောင်ငါ့တို့ရဲ့ ရန်သူကတော်တော်ကြောက်ဖို့ကောင်းတဲ့အထဲ ပါနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေက ပြတ်သားခိုင်မာတယ်။ အန္တရာယ်ကို ကြိုသိနိုင်တဲ့ အာရုံခံစားမှုလည်း အတော်ကောင်းတယ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်တယ်ဆိုတာကို ပြတ်ပြတ်သားသားနဲ့ကိုလုပ်နိုင်တယ်ဆိုကတည်းက သူ့မှာ တိုက်ပွဲအတွေ့အကြုံတွေတော်တော်များနေလို့ပဲ ဖြစ်ရမယ်]
စွမ်းအားကြီးသည့်ပညာရှင်ကြီးများသာလျှင်ပြတ်သားခိုင်မာ မှန်ကန်သော ဆုံးဖြတ်ချက်များချတတ်သည်ကို ဝမ်အာ အပါအဝင်သူတို့အားလုံးကောင်းကောင်းကြီး သိကြပေသည်။ သူတို့ထံသို့ ရောက်ရှိလာသည့် ကျုးကျော်သူသည် စွမ်းအားမကြီးသေးသော်လည်း သတိအလွန်ထားရမည့် ပညာရှင်တစ်ဦးဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်ကြသည်။
တိုးဝှေ့တိုက်ခတ်နေသောလေနုလေအေးလေးများကြောင့်ဝမ်အာ ၀တ်ဆင်ထားသည့် ဝတ်ရုံသည်တဖျပ်ဖျပ်ဖြင့်ပင်လွင့်မျောလျက်ရှိသည်။ သူမသည်အဝေးသို့ငေးမောကြည့်လိုက်ပြီး နူးညံ့ညင်သာသော အသံဖြင့် –
“ဒီလူက အရမ်းတော့ စွမ်းအား မကြီးသေးဘူး။ ဒါပေမယ့်နောင်တစ်ချိန်ချိန်မှာ သူက ပြသာနာတစ်ခု ဖြစ်လာနိုင်တယ်။ တကယ်လို့ သူသာ ရဲမျိုးနွယ်က လူဆိုရင်ငါတို့အတွက်သေချာပေါက်ကို ပိုပြီး ပြသာနာတစ်ခု ဖြစ်လာလိမ့်မယ်”
ဝမ်အာပြောလိုက်သည့်စကားများကြောင့်ဝတ်ရုံနက်များ ဝတ်ဆင်ထားသည့်လူများသည်ရှက်ရွံ့စွာဖြင့်သူတို့၏ခေါင်းများကို ငုံ့ထားကြသည်။
ထို့နောက်သူတို့အားလုံး ပြန်လည်ထွက်ခွာသွားကြသည်။
ဝမ်အာ တစ်ယောက်တည်းပင်ကျန်နေခဲ့ရင်း အတွေးပင်လယ်ထဲတွင်နစ်မြောလျက်ရှိ၏။
ဝတ်ရုံဖြူ နှင့်လူသည်ဖြစ်ပျက်ခဲ့သည့်အရာများအပေါ်တွင်မည်သည့်တုန့်ပြန်မှုမှ မပြခဲ့ပေ။ ဟိုင်းရီသည်သူ၏ပေါ့ဆမှုအားတောင်းပန်သည့်အချိန်တွင်ဝတ်ရုံဖြူနှင့်လူသည်တည်ငြိမ်စွာဖြင့်ပင်-
“ငါတို့အတွက်ဒီလို ရန်သူမျိုးရှိလာတာ ပိုပြီး စိတ်ဝင်စားစရာ မကောင်းဘူးလား။ ရဲမျိုးနွယ်နဲ့ ပက်သက်ပြီး မင်း လုပ်စရာရှိတာကိုသာ ဆက်လုပ်။နောက်တစ်ခေါက်နောက်ယောင်ခံလိုက်ခံရရင်ရန်သူကို ငါ့ဆီ မြှားခေါ်လာခဲ့”
ဝတ်ရုံဖြူနှင့်လူသည် အလွန်အမင်း စိတ်လှုပ်ရှားလျက်ရှိပြီး သူတို့၏နေရာအထိပင်ရောက်ရှိလာသည့်ရန်သူနှင့်ပက်သက်၍ သုံးသပ်တွေးတောလိုက်မိသည်။
[ငါတို့ကို ဆန့်ကျင်ပြီး တိုက်ခိုကနိုင်မယ့်လူကိုနောက်ဆုံးတော့တွေ့ခဲ့ပြီ။ အဲ့ဒီလူက ငါ့ကို ယှဉ်ပြိုင်နိုင်တဲ့ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်လာဖို့မျှော်လင့်ရတာပဲ]
အကယ်၍ ရဲရှောင်တွင်ဝတ်ရုံဖြူနှင့်လူအား ယှဉ်ပြိုင်ရန်လုံလောက်သော စွမ်းအင်များရှိနေခဲ့လျှင်ဝတ်ရုံဖြူနှင့်လူအတွက် စိတ်ပျက်ဖွယ်ကောင်းသည့်အနေအထား ဖြစ်သွားပေလိမ့်မည်။
********
ရဲရှောင်သည်မြင်းဇောင်းမှ လွှတ်လိုက်သည့်မြင်းရိုင်း တစ်ကောင်ပမာတောင်များကို လျင်မြန်စွာဖြင့်ဖြတ်သန်း၍ သူ၏ အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။အိမ်သို့ပြန်ရောက်ချိန်တွင်ရဲရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်ချွေးများဖြင့်ရွှဲနစ်လျက်ရှိ၏။
ရန်သူများ အနားသို့ မရောက်ခင်အလိုလိုကြိုသိနေသည့်သူ၏ အာရုံခံစားမှုကြောင့်အကြီးအကျယ်တုန်လှုပ်သွားခဲ့ရသည်။
မြို့လယ်ခေါင်တွင်ယခုကဲ့သို့လျှိ့ဝှက်ဆန်းကြယ်သောခြံကြီးရှိနေပြီး ထိုခြံထဲ၌ကြောက်မက်ကောင်းသော ပညာရှင်များ ရှိနေလိမ့်မည်ဟု ရဲရှောင်ဘယ်တုန်းကမှ မသိခဲ့ပေ။
အိမ်သို့ပြန်ရောက်လာခဲ့ပြီ ဖြစ်သော်လည်း သူ၏ စိတ်များသည်ပြန်လည်တည်ငြိမ်မှု မရှိသေးပေ။ အဆိပ်အရမ်းပြင်းသည့်မြွေတစ်ကောင်သူ့အား ကိုက်လိုက်သကဲ့သို့ပင်ခံစားနေရလေသည်။
အဆုံးအစမရှိ ကျယ်ပြောလှသည့်ဝါးတောကြီးအား ရဲရှောင်၏ မျက်လုံးထဲမှ မထွက်နိုင်အောင် စွဲမြဲစွာဖြင့်ပင်မှတ်မိနေလေသည်။
ထို့ပြင်ထိုအချိန်က တစ်စုံတစ်ဦးမှသူ့အား စူးစိုက်၍ ကြည့်နေသည်ကို ထူးထူးခြားခြား အာရုံခံလိုက်မိခဲ့သည်။ရဲရှောင်အနေဖြင့်ထိုခံစားချက်အား ဘယ်သောအခါမှမေ့နိုင်လိမ့်မည်မဟုတ်ပေ။
သူ့အား သတိပြုမိသွားသည့်ထိုလူသည်တော်ရုံတန်ရုံ ပညာရှင်တစ်ယောက်တော့ မဖြစ်နိုင်ချေ။ အဆင့်မြင့်ပညာရှင်တစ်ယောက်ပင်ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့သော ပညာရှင်မျိုးသည်မော်တယ်ကမ္ဘာတွင်ရှိမနေသင့်ဘဲ ချင်းရန်နယ်ပယ်လိုနေရာမျိုးတွင်သာ ရှိနေသင့်သည်။
မော်တယ်ကမ္ဘာလိုနေရာမျိုးတွင်ယခုကဲ့သို့ ပညာရှင်မျိုး ရှိနေလိမ့်မည်ဟု ရဲရှောင်မထင်မှတ်ခဲ့ပေ။
သို့သော်ထိုလူသည်အမှန်တကယ်ပင်ရှိနေခဲ့သည်။
ဘာကြောင့်အဘယ့်အတွက်ကြောင့်မော်တယ်ကမ္ဘာလိုနေရာမျိုးတွင်ထိုကဲ့သို့သော ပညာရှင်မျိုး ရှိနေရပါသနည်း။
********
“သခင်လေး . . . ကျွန်တော်တို့တော့ ဒုက္ခရောက်ပြီ။ ပြသာနာတက်တာကမှ အကြီးကြီးကို တက်သွားတာ”
ရဲရှောင်အိမ်ထဲသို့ပင် မရောက်သေး အိမ်တော်ထိန်းသည်စိုးရိမ်ပူပန်မှုအပြည့်ဖြင့်ပြောလိုက်သည်။
“ဒုက္ခ . . . ဟုတ်လား”
ရဲရှောင်သည်မျက်မှောင်ကြုပ်လိုက်ရင်း –
“ငါတော့ အဲ့ဒီလို မထင်မိပါဘူး”
“ဟမ်”
အိမ်တော်ထိန်းသည်ရဲရှောင်ပြောလိုက်သည့်စကားကြောင့်အံ့ဩသွားလေသည်။
မူမျိုးနွယ်မှ လူရှစ်ယောက်အသတ်ခံလိုက်ရသည့်ကိစ္စသည်ရဲမျိုးနွယ်အတွက်ပြသာနာကြီး တစ်ခုပင်မဟုတ်ပါလော။
ရဲရှောင်ပြုံးလိုက်ရင်း –
“ငါတို့ ဒုက္ခရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ မူမျိုးနွယ်က ငါတို့ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး။နောက်ပြီး ဒီကိစ္စမှာ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ကို ပြသာနာ မကြီးကြီးအောင်လုပ်သွားတာ။ ဘယ်သူတွေ ဘယ်လိုပဲ လုပ်လုပ်ပါ ငါတို့အတွက်ကတော့ အခြေအနေကကောင်းပြီးသားပါ”
အိမ်တော်ထိန်းသည်ရဲရှောင်၏ စကားကြောင့်စိတ်သက်သာရာ ရသွားပြီး မဆိုင်းမတွပင်ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ သခင်လေး”
သူ၏ သခင်လေးထံတွင်ယခုကိစ္စနှင့်ပက်သက်၍ အစီစဉ်ကောင်းတစ်ခု ရှိနေမည်ကို အပြည့်အဝ ယုံကြည်နေမိသည်။
ခဏအကြာတွင်ရဲရှောင်မှ ဆက်လက်၍ –
“ဒါပေမယ့်လည်း ငါတို့အတွက်ကောင်းတဲ့ ကိစ္စလည်း ရှိသလို ဆိုးတဲ့ကိစ္စလည်း ရှိနေတယ်။ ငါတို့ကို ပိုဒုက္ခရောက်အောင်လုပ်ချင်နေတဲ့ သူက ငါတို့ရဲ့ မိတ်ဆွေ မဟုတ်ဘူး။သေချာတာတစ်ခုကတော့ ငါတို့အတွက်ရန်သူတွေပဲ။ ရန်သူတောင်မှ အခုချိန်ငါတို့ ရင်မဆိုင်နိုင်သေးတဲ့ စွမ်းအားကြီးတဲ့ ရန်သူတွေ”
ရဲရှောင်သည်ပြောရင်းပြောရင်းဖြင့်သူရောက်ရှိခဲ့သည့်တောင်များနှင့်ဝါးရုံတောကြီး အကြောင်းအား ပြန်တွေးမိသွားသည်။
“တစ်ခါတစ်လေကြရင်ရန်သူဆိုတာ မိတ်ဆွေ ဖြစ်သွားနိုင်တာပဲလေ။ လူရယ်လို့ ဖြစ်လာရင်ကိုယ့်အနားမှာ မိတ်ဆွေတွေချည်းပဲ ရှိနေမှာ မဟုတ်ဘူး။ ရန်သူဆိုတာလည်း ရှိနိုင်တယ်။ အဲ့ဒီ ရန်သူတွေကိုသာကောင်းကောင်းကိုင်တွယ်နိုင်မယ်ဆိုရင်ငါတို့အတွက်ပိုပြီး အန္တရာယ်ကင်းလိမ့်မယ်။နောက်ပြီး သူတို့နဲ့ ပူးပေါင်းပြီး သူတို့ရဲ့ ရန်သူတွေကို ငါတို့ကပါ ကူတိုက်ပေးရမယ်။ အဲ့ဒီနည်းလမ်းကရန်သူတွေကို မိတ်ဆွေဖွဲ့တဲ့နေရာမှာ အရမ်းအသုံးဝင်တဲ့ နည်းဗျူဟာတစ်ခုပဲ။ မိတ်ဆွေဖွဲ့လိုက်တယ်ဆိုပေမယ့်သူတို့နဲ့ တစ်ဂိုဏ်းတည်း တစ်ဖွဲ့တည်း ဖြစ်သွားတာမျိုး မဟုတ်ဘူး . . . ငါတို့က သူတို့ကို အသုံးချရုံသက်သက်ပဲ”
အိမ်တော်ထိန်းသည်သူ၏ခေါင်းအား ငုံ့ထားပြီး ရဲရှောင်ပြောသည့်စကားများအား တိတ်ဆိတ်စွာဖြင့်ပင်နားထောင်လျက်ရှိ၏။
ရဲရှောင်သည်သူ၏ အခြေအနေအား မချိတင်ကဲဖြင့်တွေးလိုက်မိရင်း –
[အခုလို ရန်သူကို မိတ်ဆွေဖွဲ့ရတဲ့ အဖြစ်မျိုး ငါ့ဘဝမှာ တစ်ခါမှ မကြုံခဲ့ဖူးဘူး]
ရဲရှောင်သည်သူ့ဘဝအားတွေးလိုက်မိရင်း အလွန်အမင်းပင်စိတ်ထိခိုက်သွားခဲ့သည်။
ယခင်ဘဝ၌ရှောင်ဧကရာဇ်သည်လူအားလုံးအပေါ်တွင်အထက်စီးမှ ဆက်ဆံနိုင်ခဲ့ပြီး သူ့အား မည်သူကမှ အထင်မသေးဝံ့ခဲ့ကြပေ။ သူ၏ ရန်သူသည်မည်သူ မည်ဝါ ဖြစ်ဖြစ်တွေဝေတုန့်ဆိုင်းမနေဘဲ အပြတ်ရှင်းပစ်ခဲ့သည်ချည်းသာ။
သို့သော်ယခုလက်ရှိ သူ၏ ဘဝသည်ယခင်ဘဝနှင့်များစွာ ကွဲပြားခြားနားနေလေသည်။ ထို့ကြောင့်ရန်သူများမှ သူ့အား အထင်မြင်မသေးရဲရန်အတွက်ကျင့်စဉ်များအား ပိုကျင့်ကြံရန်လိုအပ်ပေသည်။ ယခင်ဘဝနှင့်ယခုဘဝ ယှဉ်ကြည့်မိလိုက်သည့်အခါတိုင်ဆေးခါးကြီးတစ်ခွက်အား မြိုချလိုက်ရသည့်အတိုင်း ခံစားနေရလေသည်။
[ဒီနေ့တော့ ငါ့ကို အထင်သေးနှင့်ကြဦးပေါ့။ ဒါပေမယ့်အနှေးနဲ့အမြန်ဆိုသလို ငါက အားလုံးထက်ပိုအဆင့်မြင့်တဲ့ ပညာရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်]
ရဲရှောင်သည်အသက်ပြင်းပြင်း တစ်ချက်ရှူ လိုက်ပြီး ထပ်မံတွေးလိုက်မိသည်မှာ –
[ငါ့ရဲ့ ရန်သူဖြစ်လာဖို့ ဘယ်လိုအရည်အချင်းတွေ ရှိရမလဲဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင်မင်းတို့အားလုံး သိလာကြမှာပါ။ ဟမ့်. . .တော်ရုံတန်ရုံလူလောက်ကတော့ ငါ့ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူး]
ရဲရှောင်အိမ်ထဲသို့ ဝင်လိုက်ရင်း –
“ငါ အနားယူဖို့ လိုတယ်”
“မူမျိုးနွယ်က ငါတို့ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူးတဲ့ . . .”
အိမ်တော်ထိန်းသည်ရဲရှောင်ပြောခဲ့သည့်စကားများအား တတွတ်တွတ်ရေရွတ်ပြောဆိုလိုက်ရင်း ရုတ်တရက်အတွေးတစ်ခုပေါ်သွားခဲ့သည်။
ရဲရှောင်သည်သူ၏ အခန်းထဲသို့ ဝင်ရောက်သွားပြီးနောက်ရုတ်တရက်နောက်သို့ ပြန်လှည့် ကြည့်လိုက်ရင်း –
“ဦးလေးဆောင်. . . မြို့လယ်ခေါင်က ဝါးရုံတောကြီး အကြောင်း ကျွန်တော်သိချင်တယ်။ အဲ့ဒီ ဝါးတောအကြောင်း ဦးလေးဆောင်ရော သိလား”
ရဲရှောင်မေးလိုက်သည့်မေးခွန်းကြောင့်အိမ်တော်ထိန်း အံ့ဩသွား၏။
သူ့အား အံ့ဩသင့်သွားစေသည့်အချက်မှာ ဝါးရုံတောအကြောင်းမေးလိုက်၍ မဟုတ်ပေ။ ရဲရှောင်မှ “ဦးလေးဆောင်” ဟု မခေါ်စဖူး ပြန်ခေါ်လိုက်သောကြောင့်ပင်ဖြစ်သည်။ သူ့အား ထိုကဲ့သို့ မခေါ်ခဲ့သည်မှာ ကာလအတော်ကြာခဲ့လေပြီ။
အိမ်တော်ထိန်းသည်အလွန်အမင်းပင်ကျေနပ်ပျော်ရွှင်နေမိသည်။ သူ့အား “ဦးလေးဆောင်” မခေါ်တော့သည်မှာ သူ၏ သခင်လေးခြောက်နှစ်သားအရွယ်ကတည်းကပင်ဖြစ်သည်။
ယခုတော့ သူ၏ သခင်လေးသည်ထိုနာမည်ကို ပြန်ခေါ်ခဲ့လေပြီ။
ထိုကဲ့သို့ အခေါ်ခံလိုက်ရသည့်အချိန်တွင်ပြီးခဲ့သည့်အတိတ်ကာလအချိန်များအား သူပြန်လည်သတိရမိသွားခဲ့သည်။ ချစ်စဖွယ်ကောင်းသော မျက်နှာလေးဖြင့်သူ၏ သခင်လေးသည်ပြေးလာပြီး သူ့အား ဦးလေးဟု တီတီတာတာဖြင့်ခေါ်ခဲ့သည့်ပုံရိပ်များအား သူ ပြန်မြင်ယောင်မိလိုက်သည်။
ဝမ်းနည်း ဝမ်းသာ ခံစားချက်များကြောင့်သူ၏ မျက်ဝန်းထဲတွင်မျက်ရည်များပင်စို့သွားခဲ့သည်။
ထို့နောက်သူ့စိတ်သူ တည်ငြိမ်အောင်ပြန်ထိန်းလိုက်ပြီး ရွှင်ပျသော အမူအယာဖြင့်-
“ဟုတ်တယ်. . . မြို့ထဲမှာ သခင်လေးပြောတဲ့ ဝါးရုံတောကြီး ဆိုတာ ရှိတယ်။ ဒါပေမယ့်အဲ့ဒီနေရာက ကန့်သတ်တားမြစ်ထားတဲ့နေရာ။ ဘယ်သူမှ ဝင်ခွင့်မရှိဘူး။တော်ဝင်မျိုးနွယ်တွေနဲ့ လူကုံထံ အသိုင်းအဝိုင်းကလူတွေတောင်ဝင်ခွင့်မရှိဘူး”
ရဲရှောင်သည်အိမ်တော်ထိန်း၏ စကားကြောင့်အံ့ဩသွားသည့်အမူအယာဖြင့်-
“ကန့်သတ်တားမြစ်ထားတဲ့နေရာ . . . ဟုတ်လား။ အဲ့ဒီနေရာက အဲ့လောက်တောင်အရေးပါလို့လား။နောက်နေ့ကြမှ အဲ့ဒီနေရာကို သွားပတ်ကြည့်ဦးမယ်။ မြို့ထဲမှာ အဲ့ဒီလို တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုး ရှိနေလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး။ အဲ့ဒီခြံထဲ အပန်းဖြေစံအိမ်ဆောက်ဖို့မြေနည်းနည်းလောက်သွားဝယ်ထားမှ ထင်တယ်။ အဲ့ဒီနေရာကို ဘယ်သူပိုင်တာလဲ သိတောင်သိချင်မိတယ်”
အိမ်တော်ထိန်းသည်အချိန်အတော်ကြာသည်အထိကျေနပ်ပျော်ရွှင်နေမိလေသည်။ အကယ်၍ ရဲရှောင်တွေးနေခဲ့သည့်အတွေးများကိုသာ သိခဲ့မည်ဆိုလျှင်သူယခုကဲ့သို့ပျော်နိုင်တော့မည်မဟုတ်ချေ။
ရှောင်ဧကရာဇ်လို လူမျိုးမှ ဦးလေးဟု အခေါ်ခံရသည့်သူသည်ကံအကောင်းဆုံး လူသားတစ်ဦးပင် ဖြစ်ပေလိမ့်မည်။
အမှန်တကယ်တွင်တော့ ရဲရှောင်သည် သူ၏ ဒုတိဘ၀အား မည်ကဲ့သို့နေထိုင်သင့်သည်ကို နားလည်သဘောပေါက်သွားခြင်းပင်ဖြစ်ပါသည်။
ရဲရှောင်သည်ယခင်ဘဝ၌ ထင်ပေါ်ကျော်ကြားသည့်ရှောင်ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ပြီး ယခုလက်ရှိအချိန်တွင်မူ သုံးစားမရသည့်လူပေါ်ကျော့ သခင်လေးတစ်ယောက်ဖြစ်နေခဲ့ချေပြီ၊ ယခုလက်ရှိတွင်အဖြစ်မရှိသည့်ရဲရှောင်ဖြစ်နေသောကြောင့်အခြားလူများ သတိမထားမိစေရန်အတွက် ယခင် ရဲရှောင်၏ အမူအကျင့်တိုင်း တစ်ကြိမ်တစ်ခါတော့ လုပ်ရပေမည်။
ကြီးမားသောအောင်မြင်မှုများအား ရရှိနိုင်ရန်အတွက်မော်တယ်ကမ္ဘာ၏ စိတ်ခံစားချက်များ နှင့်အခက်အခဲ အနှောင့်အယှက်များအား ဖြတ်ကျော်ရန်လိုအပ်ပေသည်။
ယခင်ရဲရှောင်၏ မှတ်ဥာဏ်များမှတစ်ဆင့်သူသည်မော်တယ်ကမ္ဘာနှင့်ပက်သက်သည့်အကြောင်းအရာတော်တော်များများအား သိရှိခဲ့ရသည်။
ရဲရှောင်အနေဖြင့်သူ၏ စိတ်နေသဘောထားများကို ပြုပြင်ပြောင်းလဲ သင့်ပေသည်။ အတိတ်ကာလကို ပြည်ဖုံးကားချ၍ လက်ရှိဘဝကို တန်ဖိုးထားပျော်မွေ့ရန်လိုအပ်နေပေသည်။
အိမ်တော်ထိန်းသည်ရဲရှောင်၏ စကားများကြောင့်ပြုံးလိုက်ရင်း –
“ကျွန်တော်တော့ အဲ့ဒီနေရာ အကြောင်းသေချာ မသိဘူး။ ဒါပေမယ့်ခြံကို ပိုင်တဲ့ ပိုင်ရှင်ကတော့အတော်ထူးဆန်းတဲ့လူတစ်ယောက်လို့တော့ ကြားဖူးတယ်. . .”
“ထူးဆန်းတဲ့လူ . . . ဟုတ်လား . . .”
ရဲရှောင်အချိန်အတော်ကြာတွေးလိုက်ပြီးနောက်ခေါင်းတဆတ်ဆတ်ညိတ်လိုက်၏။
ထို့နောက်ရဲရှောင်သည်သူ၏ အခန်းထဲသို့ ဝင်ရန်ဟန်ပြင်လိုက်သည့်အချိန်တွင်အိမ်တော်ထိန်းသည်အလောတကြီး အမူယာဖြင့်-
“သခင်လေး . . . ဝါးရုံတောကြီးနဲ့ ပက်သက်ပြီး တစ်ခုခုလုပ်ဖို့တွေးနေတာလား။ အဲ့ဒီလိုတွေးနေတာဆိုရင်တော့ . . . ဘာမှမလုပ်ပါနဲ့လို့ ကျွန်တော်မှာချင်တယ်။ဘုရင်တောင်မှ အဲ့ဒီနေရာကို ရှုပ်ရှုပ်ယှက်ယှက်သွားမလုပ်ရဲဘူး . . .”
အိမ်တော်ထိန်းပြောလိုက်သည့်စကားကြောင့်ရဲရှောင်အံ့ဩမိသွားရင်း မဆိုင်းမတွပင်ပြန်ဖြေလိုက်၏။
“ကောင်းပါပြီ . . . ငါနားလည်ပါပြီ”
********
အိမ်ရှေ့မင်းသား၏ နန်းတော်တွင်ဖြစ်သည်. . . . .
မူမျိုးနွယ်၏ သြဇာအာဏာ အရှိဆုံး လူ (၄၅)ယောက်သည်အိမ်ရှေ့မင်းသား၏ နန်းတော်တွင်စုဝေးရောက်ရှိနေကြသည်။
စစ်သူကြီးအိမ်သို့ရှေ့ပြေးတပ်ဖွဲ့အနေဖြင့်သူတို့ လွှတ်လိုက်သည့်လူရှစ်ယောက်လုံးသေကြေပျက်စီးခဲ့ပြီ ဖြစ်သည်။
ထိုလူ (၄၅)ယောက်လုံးရောက်ရှိနေပြီ ဖြစ်သော်လည်း အိမ်ရှေ့မင်းသား၏ မျက်နှာအား ယခုထိ မတွေ့ရသေးပေ။ အမှန်တကယ်တွင်မူ အိမ်ရှေ့မင်းသားသည်ဘုရင့်နန်းတော်သို့ရောက်ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။
မင်းသမီးနှင့်မူမျိုးနွယ်မှ လူများအနေဖြင့်အိမ်ရှေ့မင်းသားသည်သူတို့အား ယခုကဲ့သို့ရှောင်ဖယ်နေသည့်အကြောင်းကို ရှင်းရှင်းလင်းလင်း သိကြပေသည်။ အဘယ့်ကြောင့်ဆိုသော်သူတို့သည်လူအင်အားသုံး၍ ရဲရှောင်အား သတ်ရန်ကြိုးစားခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။
အိမ်ရှေ့မင်းသားသည်အခြားမင်းညီ မင်းသားများနှင့်ပဋိက္ခများ ဖြစ်ပွားနေရပြီး သူ့အတွက်အရာအားလုံးသည်အဆင်မပြေ ဖြစ်နေသည့်အချိန်ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင်အိမ်ရှေ့မင်းသားအနေဖြင့်အရာရာအပေါ်တွင်သတိမမူဘဲနေခဲ့မိလျှင်သူ့အတွက်ပိုမိုဆိုးရွားလာနိုင်သည်။ အကယ်၍ အိမ်ရှေ့မင်းသားဆိုသည့်အရိုက်အရာကိုသာ စွန့်လွှတ်ခဲ့ရလျှင်သူ၏ ဘဝသည်အသက်ရှင်လျက်သေနေရသည့်လူတစ်ယောက်နှင့်ပင်တူနေပေလိမ့်မည်။
ယခုကဲ့သို့သေရေးရှင်ရေးတမျှ အရေးကြီးနေသည့်အချိန်တွင်သူ၏ မိန်းမအပါအဝင်အခြားသူများသည်သူ့အား အလေးအနက်မထားတော့ဘဲ ထင်တိုင်းကြဲ လုပ်ဆောင်နေကြလေသည်။
ထို့ကြောင့်အိမ်ရှေ့မင်းသားသည်အလွန်အမင်းပင်ဒေါသထွက်လျက်ရှိ၏။ ရဲရှောင်နှင့်ပက်သက်၍ လုပ်ဆောင်ရမည့်အစီအစဉ်များကို သူချမှတ်ပေးပြီးသား ဖြစ်သော်လည်း မည်သူကမှ မနာခံကြဘဲ စိတ်ထင်သည့်အတိုင်းသာ လုပ်နေကြသည်။
သို့သော်ယခုလက်ရှိ ဖြစ်ပျက်နေသည့်ကိစ္စများသည်သူ၏ ကိစ္စတော့ မဟုတ်ချေ။ မူမျိုးနွယ်နှင့်သာ ဆိုင်သည့်ကိစ္စဖြစ်ပင်ဖြစ်သည်။ ထို့ကြောင့်အိမ်ရှေ့မင်းသားအနေဖြင့်မည်သည့်အရာကိုမှ ဝင်စွက်ဖက်ခြင်း မပြုတော့ပေ။ သို့သော်စိတ်ထဲတွင်မူ သူ့အား ဂရုမစိုက်ဘဲ လုပ်ချင်သလို လုပ်နေကြသည့် လူများအပေါ်ဒေါသအလွန်အမင်း ထွက်လျက်ရှိသည်။
ထို့ကြောင့်ထိုလူများနှင့်ဝေးရာသို့ သူရှောင်ဖယ်နေခြင်းပင်ဖြစ်၏။
အိမ်ရှေ့မင်းသားအနေဖြင့်သူ၏ နန်းတော်နှင့်ဝေးရာသို့ရှောင်ထွက်သွားရန်စဉ်းစားလိုက်သည့် အချိန်တွင်ဘုရင့်နန်းတော်သည်သူ့အတွက်လုံခြုံမှုအရှိဆုံးနေရာတစ်ခုပင်ဖြစ်ကြောင်း သူသုံးသပ်မိခဲ့သည်။
သူ၏ ဖခင်ဖြစ်သူ ဘုရင်ကြီးနှင့်အတူနေရခြင်းသည်အိမ်ရှေ့မင်းသားအတွက် အမှန်တကယ်ပင်စိတ်ကျဉ်းကြပ်စေသည့်ကိစ္စဖြစ်သည်။ အခန့်မသင့်လျှင်ပြသာနာများပင်တက်နိုင်ပေသည်။ သို့သော်ယခုလိုအချိန်မျိုးတွင်ဘုရင်ကြီးအနားနေခြင်းကပင်သူ့အတွက်လုံခြုံမှု အရှိဆုံးပင်ဖြစ်လေသည်။
မူမျိုးနွယ်စုကြီးသည်ကား အိမ်ရှေ့မင်းသားအပါအဝင်မည်သူ့ကိုမှ ဂရုမစိုက်ဘဲ သူတို့၏ အစီအစဉ်များအတိုင်းသာရှေ့ဆက်လုပ်ကြမည်ဖြစ်သည်။ ယခုတိုက်ပွဲနှင့်ပက်သက်၍ အနည်းငယ်မျှ အတိမ်းအစောင်း မခံဘဲ လုပ်ဆောင်ကြပေလိမ့်မည်။
မူမျိုးနွယ်မှ သံတမန်များသည်သူတို့ရှေ့ပြေးလွှတ်လိုက်သည့်အဖွဲ့ထံမှ သတင်းကို အချိန်အတော်ကြာသည့်အထိစောင့်စားနေကြသည်။ အချိန်သည်တရွေ့ရွေ့ဖြင့်ကုန်ဆုံးသွားကာ နာရီပေါင်းများစွာပင်ကြာသွားခဲ့သည်။
“သူတို့ ဘာလို့ အခုထိ ပြန်မလာကြသေးတာလဲ”
ခေါင်းဆောင်ဖြစ်သူ အဖိုးကြီးသည်စိုးရိမ်ပူပန်မှုအပြည့်ဖြင့်မေးလိုက်၏။ သို့သော်သူမေးပြီး ခဏအကြာတွင်ရှေ့ပြေးအဖွဲ့ လူရှစ်ယောက်၏ သတင်းသည်သူတို့ထံသို့ရောက်ရှိလာခဲ့သည်။
အသက်(၃၀) အရွယ်ခန့်ဝတ်ရုံနက်ဖြင့်လူသည်သူ၏ခေါင်းအား တဗြင်းဗြင်းကုတ်ရင်း အလောတကြီးဖြင့်နန်းတော်ထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် မျက်စိမျက်နှာများ ပျက်နေပြီး စကားများပင်အထစ်ထစ်အငေါ့ငေါ့ဖြင့်-
“သ . . . သ . . . သတင်းဆိုးပဲ . . .”
သူ၏ မျက်နှာတစ်ခုလုံးသည်ကြောက်ရွံ့စိတ်ကြောင့်ဖြူဖတ်ဖြူရော်ဖြစ်နေလေသည်။
“ဘာဖြစ်လို့လဲ။ ဘာတွေဖြစ်ကုန်တာလဲ”
မူမျိုးနွယ်မှ လူများသည်အထိတ်တလန့်ဖြင့်တုန်လှုပ်သွားကြပြီး ဟန်ပင်မဆောင်နိုင်တော့ဘဲမေးလိုက်ကြသည်။
သူတို့အားလုံးသည်ထိုင်ရာမှပင်ထရပ်လိုက်ကြပြီး သိချင်စိတ်ပြင်းပြနေကြလေသည်။
“စစ်သူကြီးအိမ်ကို လွှတ်လိုက်တဲ့ လူရှစ်ယောက်လုံးသေပြီ။ ဘယ်သူမှကို အသက်မရှင်ဘူး။ အသတ်ခံရတာမှ သူတို့ခေါင်းတွေ အဖြတ်ခံရပြီးတော့ကို အသတ်ခံရတာ . . .”
ဝတ်ရုံနက်ဖြင့်လူသည်ပြောလည်းပြော တုန်လည်းတုန်လှုပ်လျက်ရှိ၏။
“နောက်ပြီး . . .နောက်ပြီး . . . တစ်ချက်တည်းနဲ့ သူတို့အားလုံးခေါင်းတွေပြတ်ပြီး အသတ်ခံလိုက်ရတယ် . . . သူတို့ကိုယ်သူတို့သေလို့သေမှန်းတောင်သိလိုက်ကြမှာ မဟုတ်ဘူး”