Chapter – 32
“ထူးဆန်းသော ဝါးတော၊ တောင်တန်းများ နှင့် အမျိုးသမီးအစေခံတစ်ဦး”
“အရိပ်မဲ့ ပျံသန်းခြင်း သိုင်းကွက်” သည်ရှောင်တိမ်းပြေးလွှားရသည့်အခြေအနေမျိုးတွင်လည်းကောင်း ခြေရာဖျောက်သည့်နေရာတွင်လည်းကောင်း အလွန်အသုံးဝင်လှသော တိုက်ကွက်ပင်ဖြစ်၏။
ချင်းရန်နယ်ပယ်တွင်ရဲရှောင်သည်သူ၏ ရန်သူဖြစ်သောခြေတစ်ဖက်ပျက်နေသည့်လူဆိုးနှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင်ခြေတစ်ဖက်ပျက်လူဆိုးအား ရဲရှောင်သည်သတ်ပစ်နိုင်ခဲ့ပြီး အရိပ်မဲ့ပျံသန်းခြင်းကျင့်စဉ်စာရွက်အား ရရှိခဲ့သည်။ ထိုခြေတစ်ဖက်ပျက်နှင့်လူသည်တာအိုမူလအဆင်သို့ရောက်ရှိနေသည့်ပညာရှင်တစ်ဦးဖြစ်သော်လည်း ရဲရှောင်မှာမူ တာအိုမူလအဆင့်၏ ထိပ်ဆုံးအဆင့်သို့ပင်ရောက်ရှိနေသည့် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်။ရဲရှောင်သည်အဆိုပါခြေတစ်ဖက်ပျက်နှင့်လူ၏နောက်သို့ တစ်လလုံးလုံးပင်လိုက်၍ တိုက်ခိုက်ခဲ့ပြီး သူတို့နှစ်ဦး၏ တိုက်ပွဲသည်အလွန်ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။
အကယ်၍ ထိုလူသာခြေကုန်လက်ပမ်း မကျခဲ့လျှင်ရဲရှောင်အနေဖြင့်လည်း သူ့အား ဖမ်းမိရန်လွယ်ကူခဲ့မည်မဟုတ်ချေ။
ရဲရှောင်သည်ခြေတစ်ဖက်ပျက်နှင့်လူ၏ အလောင်းထံမှ အရိပ်မဲ့ပျံသန်းခြင်းကျင့်စဉ်စာရွက်အား ရယူခဲ့ပြီးနောက်အဆိုပါသိုင်းကျင့်စဉ်သည်အလွန်အဖိုးတန်သည့်ကျင့်စဉ်တစ်ခုပင်ဖြစ်ကြောင်း သိရှိခဲ့သည်။
အရိပ်မဲ့ပျံသန်းခြင်း သိုင်းကွက်ဖြင့်ရဲရှောင်သည်လျင်မြန်စွာဖြင့်ပုန်းအောင်းနိုင်ပြီးလေကဲ့သို့ လျင်မြန်သောနှုန်းဖြင့်ပျံသန်းနိုင်လေသည်။
ထိုအချက်များကြောင့်ပင်ရဲရှောင်အနေဖြင့်အန္တရာယ်ရှိသော အခြေအနေများဖြင့်ကြုံတွေ့ရပါက အလွယ်တကူဖြင့်ပင်လွတ်မြောက်မည်ဖြစ်သည်။
ထို့အပြင်အရိပ်မဲ့ပျံသန်းခြင်း သိုင်းကွက်အားအသုံးပြုရန်အတွက်သူ၏ စွမ်းအင်အနည်းငယ်သာ ထုတ်သုံးရန်လိုအပ်သည်။သို့သော်ထိုကဲ့သို့ စွမ်းအင်အနည်း သုံးရုံမျှဖြင့် ကြီးမားထူးခြားသော စွမ်းအားများကို ပိုင်ဆိုင်နိုင်စေပါသည်။
ရဲရှောင်သည်အရိပ်မဲ့ပျံသန်းခြင်း သိုင်းကွက်အား အချိန်အတော်ကြာလေ့ကျင့်ပြီးနောက်ကျွမ်းကျင်အဆင့်သို့ရောက်ရှိခဲ့သည်။ သို့သော်ထိုသိုင်းကွက်အား အသုံးပြုခြင်းသည်ရဲရှောင်အတွက်ယခုအကြိမ်သည်ပထမဦးဆုံးအကြိမ်ပင်ဖြစ်သည်။
ရဲရှောင်သည် ယခင်ဘဝ၌ စွမ်းအားအလွန်ကြီးမားသောရှောင်ဧကရာဇ်ဖြစ်ခဲ့သောကြောင့်မည်သူတစ်ဦးတစ်ယောက်ကိုမှရှောင်ပြေး ပုန်းအောင်းနေစရာမလိုခဲ့ပေ။ ထို့အတွက်ကြောင့်သူ့အနေဖြင့်အဆိုပါသိုင်းကွက်အား အသုံးပြုရန်အနည်းငယ်မှ မလိုအပ်ခဲ့ချေ။ သို့သော်ယခုတစ်ကြိမ်တွင်မူ လိုအပ်ခဲ့ပေပြီ။
ရဲရှောင်သည်သူ့ရှေ့တွင်သွားနေသည့်၀တ်ရုံနက်ဖြင့် လူ၏နောက်သို့ မျက်ခြေပြတ်မခံဘဲ မရပ်မနားပင်လိုက်နေခဲ့သည်။ ထိုလူသည်သတိဝီရိယကြီးစွာဖြင့်ပျံသန်းနေပြီး သူ၏ ဦးတည်ရာ လမ်းကြောင်းများအား ဆယ့်ငါးကြိမ်ထက်မနည်းပင်ပြောင်းလဲလိုက်သည်။
မိုးသောက်ချိန်သို့ရောက်ရှိသောအခါ ထိုလူသည် ခဏတာ ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ဘေးပတ်ပတ်လည်အား ဆယ့်ငါးမိနစ်ခန့်အကဲခတ်၍ကြည့်လိုက်သည်။ထို့နောက်အခြေအနေအား စိတ်ချသွားဟန်ဖြင့်အရှေ့သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။
ရဲရှောင်သည်လှုပ်ရှားမှုများအား အလွတ်မပေးဘဲ သတိရှိရှိဖြင့်ပင်စောင့်ကြည့်နေလေသည်။
ထိုလူသည်မြေကြီးအဆင့်တွင်အဆင့်ခြောက် ပတ်ချာလည်ရှိသော ပညာရှင်တစ်ဦး ဖြစ်နိုင်ပေသည်။ ရဲရှောင်အနေဖြင့်ယခုအချိန်တွင် အရိပ်မဲ့ပျံသန်းခြင်း သိုင်းကွက်အား ပြည့်ပြည့်ဝဝ အသုံးပြုရန်အတွက်လုံလောက်သော စွမ်းအင်များ မရှိသေးသော်လည်းရှေ့မှ သွားနေသည့်လူ၏နောက်သို့ မျက်ခြေမပြတ် ပိပိရိရိ လိုက်နိုင်သည့်အခြေအနေတော့ ရှိနေပါသေးသည်။
သို့သော်သူ နောက်ယောင်ခံလိုက်နေသည့် လူသည် အာရုံခံစားမှု အလွန်ကောင်းသော လူတစ်ယောက်ပင် ဖြစ်သည်။
ထို့ကြောင့်ရဲရှောင်သည်သူ့အား သတိပြုမိသွားမည်စိုး၍ ၀တ်ရုံနက်ဖြင့်လူ၏နောက်သို့ ကိုက်သုံးရာအကွာမှလိုက်နေခဲ့သည်။ရှောင်ဧကရာဇ်အနေဖြင့်ယခင်ကနောက်ယောင်ခံလိုက်သည့်ကိစ္စများတွင်ကိုက်တစ်ရာအကွာအဝေးမှ လိုက်လေ့ရှိသော်လည်း ယခုလက်ရှိ၌ သူ့ထံတွင်စွမ်းအင်အလုံအလောက်မရှိသည်ကတစ်ကြောင်းအနောက်မှ လိုက်နေသည့်သူ့အား သတိပြုမိသွားမည်ကို စိုးသောကြောင့်တစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့်ခပ်လှမ်းလှမ်းကပင်လိုက်နေခြင်း ဖြစ်သည်။ သို့သော်ရဲရှောင်သည်သူ့ရှေ့မှ လူနှင့်မျက်ခြေပျက်သွားခြင်းမရှိဘဲ ထပ်ကြပ်မခွာ လိုက်နိုင်နေတုန်းပင်ဖြစ်သည်။
ထို့နောက်၀တ်ရုံနက်ဖြင့်လူသည် ခဏတာ ရပ်တန့်လိုက်ပြီးဘေးဘီဝဲယာအား အကဲခတ်ကြည့်နေသောကြောင့်ရဲရှောင်သည်သူ့အား သတိပြုမိသွားမည်စိုး၍ယခင်ထက်ပိုဝေးသည့်အကွာအဝေးမှစောင့်ကြည့်နေလိုက်သည်။
ထိုလူ၏ အာရုံခံစားမှုသည်သာမန်ပညာရှင်များထက်သာလွန်နေသောကြောင့်ရဲရှောင်အနေဖြင့်ယခုထက်ပို၍အနီးကပ်လိုက်ရန်အဆင်မပြေနိုင်ပေ။
တဖြည်းဖြည်း သွားရင်းသွားရင်းဖြင့်နောက်ဆုံးတွင်တောင်တစ်ခု၏အခြေနားသို့ရောက်သွားပြီး၀တ်ရုံနက်ဖြင့်လူသည် တောင်ထိပ်ပေါ်သို့ရောက်ရန်ခုန်ပျံလိုက်သည်။ ထိုလူ သတိမထားမိခင်၊နောက်လှည့်မကြည့်ခင်ရဲရှောင်လည်း သူ့အတိုင်းပင်လိုက်လုပ်လိုက်သည်။ သတိကြီးစွာလိုက်နေရ၍ ရဲရှောင်၏နောက်ကျောမှချွေးသီးချွေးပေါက်များပင်ကျနေလေသည်။
၀တ်ရုံနက်ဖြင့်လူသည် တောင်ပေါ်သို့ရောက်သောအခါ သူ၏နောက်သို့နောက်ယောင်ခံလိုက်လာသည့်လူရှိမရှိ ပတ်ဝန်းကျင်အားအကဲခတ်လေ့လာလိုက်သည်။
ထို့နောက်သူ၏ ခန္ဓာကိုယ်ဘေးပတ်ပတ်လည်တွင်မကောင်းဆိုးဝါးပုံစံရှိသည့်အရိပ်များအား တပြိုင်နက်တည်း ထုတ်လွှတ်လိုက်လေသည်။ ထိုအရိပ်များသည်နေရာအနှံ့အပြားသို့ လျင်မြန်စွာဖြင့်ပြေးထွက်သွားပြီး ချက်ချင်းပင်ကွယ်ပျောက်သွားခဲ့သည်။
ရဲရှောင်သည်သစ်ပင်ပေါ်မှနေ၍ ထိုလူ၏ လှုပ်ရှားမှုများအား တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ပင်စောင့်ကြည့်လျက်ရှိ၏။
[ဒီလူရဲ့ လှုပ်ရှားမှုတွေကတော်တော်အံ့ဩဖို့ကောင်းတာပဲ]
ရဲရှောင်သည်တအံ့တဩဖြင့်တွေးလိုက်မိရင်း သစ်ပင်ထက်မှ ကိုယ်ဖော့၍ ဆင်းသက်လိုက်သည်။ ထို့နောက်မြက်ပင်များပေါ်သို့ခြေသံ ခပ်ဖော့ဖော့နင်း၍ အရှေ့သို့ ဆက်လျှောက်သွားလိုက်၏။
ယခုသူရောက်ရှိနေသည့်နေရာသည်၀တ်ရုံနက်ဖြင့်လူ၏ အခြေစိုက်စခန်း ဖြစ်နိုင်ကြောင်း ရဲရှောင်ခန့်မှန်းမိလိုက်သည်။
ထိုလူ၏ ပြုမူလှုပ်ရှားမှုများအား ကြည့်၍ သူ၏ ခန့်မှန်းချက်များသည်သေချာပေါက်ပင်မှန်ကန်နိုင်ကြောင်း သိလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ရဲရှောင်အနေဖြင့်ရှေ့ဆက်သွား၍ အခြေအနေများအား ထပ်မံစောင့်ကြည့်ပါက အနည်းဆုံးတော့ ထူးခြားမှု တစ်စုံတစ်ရာတွေ့မြင်နိုင်ပေလိမ့်မည်။
ရဲရှောင်ယခုရောက်ရှိနေသည့်နေရာသည်အလွန်အန္တရာယ်များသောနေရာတစ်ခုပင်ဖြစ်သည်။
ရဲရှောင်သည်တောင်၏ ပတ်ဝန်းကျင်အခြေအနေအား အကဲခတ်ကြည့်မိလိုက်သောအခါ သစ်ပင်ပန်းမန်များ တစ်ပင်တစ်လေမှယောင်လို့တောင်ရှိမနေသည်ကိုတွေ့မြင်လိုက်ရသည်။ သာမန်မြင်တွေ့ရသည့်တောင်များနှင့်မတူ တမူ ထူးခြားလျက်ရှိ၏။
ရဲရှောင်သည်သူ၏ခြေလှမ်းများအား သတိကြီးစွာဖြင့်လျှောက်လိုက်ရင်းတောင်ထိပ်ပေါ်သို့ တက်၍ အခြေအနေအား အကဲခတ်လေ့လာလိုက်သည်။
သူ၏ရှေ့တွင်ပင်လယ်ပြင်ကဲ့သို့ မျက်စိတစ်ဆုံး ကျယ်ပြောလှသည့်ဝါးတောကြီးအားတွေ့လိုက်ရ၏။
တောင်များအကြားတွင်ဝါးပင်များပေါက်နေသည်မှာ အံ့ဩစရာကောင်းသည့်အရာတော့ မဟုတ်ပေ။ သို့သော်လူသူပေါများသည့် မြို့လယ်ခေါင်တွင်ယခုကဲ့သို့ ဝါးတောကြီး တည်ရှိနေခြင်းသည်အလွန် ထူးခြားသည့်အနေအထားပင်ဖြစ်သည်။ အဆိုပါ ဝါးတောကြီးသည်အထက်အရာရှိပိုင်းမှ လူကြီးတစ်ယောက်ယောက်ပိုင်ဆိုင်သည့်ဝါးတောပင်ဖြစ်နိုင်ကြောင်း ရဲရှောင်ခန့်မှန်းမိလိုက်သည်။ အကယ်၍ အခြားငွေကြေးချမ်းသာသည့်လူတစ်ယောက်ပိုင်ဆိုင်သည့်ဝါးတောဖြစ်နေခဲ့လျှင်လည်း ထိုလူအား မည်သည့်အရာရှိမှ အနှောက်အယှက်ပေးရဲလိမ့်မည်မဟုတ်ပေ။
ရဲရှောင်သည်ပတ်ဝန်းကျင်အနေအထားအား သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်သည်။ဝါးတောကြီးမှ လွဲ၍ အခြားအရာများကို မတွေ့မြင်ရချေ။
“ဒီဝါးတောက အတော်ကို ထူးဆန်းတာပဲ”
ရဲရှောင်တစိမ့်စိမ့်တွေးရင်း အခြေအနေများအား သုံးသပ်လိုက်၏။
မော်တယ်ကမ္ဘာတွင်ယခုကဲ့သို့ သူ မခန့်မှန်းနိုင်သည့်အရာမျိုးရှိနေသေးသည့်အတွက်ရဲရှောင်မယုံနိုင်အောင်ဖြစ်လျက်ရှိသည်။
ရဲရှောင်သည်သူမြင်တွေ့ခဲ့ရသည့်အရာများအပေါ်တွင်ချက်ချင်းပင်ကောက်ချက်ချ၍ သုံးသပ်မိလိုက်၏။ ထို့နောက်သူ၏ စိတ်ထဲတွင်အတွေးတစ်ခုအား ရုတ်ချည်းပင်တွေးလိုက်မိလေသည်။
[ဒါ စွမ်းအင်အစီအရင်တွေနဲ့ ပြုလုပ်ထားတဲ့နေရာတစ်ခုပဲ]
ခဏအကြာတွင်အန္တရာယ်အငွေ့အသက်များအား အလိုလို ခံစားမိလိုက်သည့်အတွက်ရဲရှောင်သည်မြှားတစ်စင်းပစ်လွှတ်လိုက်သည့်အတိုင်း လျင်မြန်စွာဖြင့်ပင်ပြေးထွက်သွားလိုက်သည်။
ရဲရှောင်ထွက်ခွာပြီးနောက်မှာပင်လူအယောက်ငါးဆယ်ခန့်သည်ရောက်ရှိလာကြပြီး ရဲရှောင်အား အပူတပြင်းပင်ရှာဖွေနေကြသည်။
သူတို့အားလုံးသည်ရဲရှောင်နောက်ယောင်ခံလိုက်နေသည့်လူကဲ့သို့ပင်စွမ်းအားမြင့်သည့်လူများဖြစ်ကြသည်။ သူတို့ထဲမှ တစ်ချို့သည်ထင်ထားတာထက်ကိုပင်ပို၍ စွမ်းအား ကြီးနိုင်ပါသေးသည်။ ထိုလူများကိုလျှော့တွက်၍တော့ မရနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ထိုလူတစ်ယောက်ချင်းစီတိုင်းသည်ရဲရှောင်၏ ယခုလက်ရှိ စွမ်းအားထက်ပို၍ သာလွန်လျက်ရှိသည်။
အကယ်၍ ရဲရှောင်သာ အနည်းငယ်နောက်ကျပြီးမှ ထွက်ခွာခဲ့လျှင်ထိုလူများ၏ လက်ချက်ဖြင့်သေချာပေါက်ပင်သေရလိမ့်မည်ဖြစ်သည်။ ရဲရှောင်တွင်အသက်အပို တစ်ထောင်မက ရှိနေစေကာမူ သူတို့၏ လက်ထဲမှ အသက်ရှင်ရက်ဖြင့်လွတ်နိုင်လိမ့်မည်မဟုတ်ချေ။
သို့သော်ရဲရှောင်သည်အန္တရာယ်များ၏ အငွေ့အသက်အား ကြိုတင်သိရှိခံစားနိုင်ခဲ့ပြီး လိမ်မာပါးနပ်စွာဖြင့်ရှောင်တိမ်းနိုင်ခဲ့လေသည်။
ခြုံငုံသုံးသပ်ကြည့်မည်ဆိုလျှင်လျှို့ဝှက်နက်နဲသော ပညာရှင်များနှင့်ကြီးမားသော အန္တရာယ်များသည်ယခုနေရာ၌ ထူးဆန်းစွာဖြင့်ပင်တည်ရှိလျက်ရှိသည်။
ထို့ပြင်တောင်ကြီးနှင့်ဝါးရုံတောကြီးသည်လည်း အပါအဝင်ပင်ဖြစ်၏။
*******
ဝါးရုံတောကြီးနားသို့ ရဲရှောင်ရောက်ခါနီးအချိန်တွင်ဝတ်ရုံဖြူနှင့်ဝမ်အာတို့နှစ်ဦးသည်အေးအေးလူလူဖြင့်ပင်လေညှင်းခံ ထွက်လျက်ရှိသည်။ ဝမ်အာသည်သူ့သခင်ကြီး၏ ဝှီးချဲအား ဂရုတစိုက်ဖြင့် တွန်းပေးနေပြီး နှစ်ယောက်သား စကားလက်ဆုံ ကျနေကြသည်။
ထိုအချိန်တွင်ဝတ်ရုံနက်များ ဝတ်ဆင်ထားသော လူများသည်ဝါးရုံတောကြီးအား ဖြတ်သန်း လာပြီးနောက်ဝတ်ရုံဖြူ၏ အနားသို့ တစ်ယောက်ပြီး တစ်ယောက်ရောက်လာကြသည်။ သို့သော်သူတို့အားလုံးသည်အသံတစ်ချက်မှ မထွက်ရဲကြဘဲ တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ပင်မတ်တပ်ရပ်နေကြ၏။
“ဟိုင်းရီရောပါလာလား”
ဝတ်ရုံဖြူ နှင့်လူသည်သူ၏ မျက်လုံးများအားမှေးစင်း၍မေးလိုက်သည်။
“မပါလာခဲ့ပါဘူး . . . သခင်ကြီး . . . ဒါပေမယ့်သူရဲ့ အစွမ်းအစနဲ့ဆိုရင်ဘယ်လိုအန္တရာယ်မျိုးနဲ့မှ ကြုံတွေ့မှာ မဟုတ်ဘူး။ ဒီကို အဆင်ပြေပြေနဲ့ ပြန်ရောက်လာမှာပါ”
ဝတ်ရုံနက်များထဲမှ တစ်ယောက်သည်နှိမ့်ချရိုကျိုးစွာဖြင့်ပင်ပြန်ဖြေလိုက်သည်။
ထိုလူ၏ စကားကြောင့်ဝတ်ရုံဖြူ နှင့်လူသည်သက်ပြင်းတစ်ချက်ချလိုက်ရင်း –
“လောကကြီးမှာ ဘယ်အရာကိုမှ တထစ်ချ ယုံကြည်ထားလို့ မရဘူး။ မဖြစ်နိုင်ပါဘူးဆိုတဲ့ အရာတွေက ဖြစ်သွားတာပဲ။ အရာရာကို သတိထား ဆင်ခြင်တာ အကောင်းဆုံးပဲ။ သတိဆိုတာ ပိုတယ်ကို မရှိဘူး . . .”
ဝတ်ရုံဖြူနှင့်လူပြောလိုက်သော စကားများသည်သွေးထွက်အောင်ပင်မှန်နေခဲ့သည်။ ခဏအကြာတွင်အဖွဲ့ထဲမှနောက်ဆုံးကျန်နေခဲ့သော မျက်နှာအား ဖုံးအုပ်ထားသည့်ဝတ်ရုံနက်ဖြင့်လူသည်သူ၏ အနားသို့ရောက်ရှိလာခဲ့သည်။
မျက်နှာဖုံးနှင့်လူသည်သူရောက်ရှိလာပြီဖြစ်ကြောင်း ဝတ်ရုံဖြူ နှင့်လူအား သတင်းပို့လိုက်၏။ ဝတ်ရုံဖြူ နှင့်လူသည်သူ၏ မျက်လုံးများအား ရုတ်တရက်ချက်ချင်း ဖွင့်ကြည့်လိုက်ပြီး ဘယ်ဘက်သို့ ကြည့်ကာ ထိတ်လန့်သော အမူအယာဖြင့်ပြောလိုက်သည်။
“တစ်ယောက်ယောက်မင်းနောက်ကနေ လိုက်လာတယ်။ သွား . . . သွားဖမ်းချေ”
မျက်နှာဖုံးနှင့်လူသည်သူ၏ပေါ့ဆမှုကြောင့်ရှက်ရွံ့သွားကာ မျက်နှာတစ်ခုလုံးပင်နီရဲသွားလေသည်။
အဖွဲ့ထဲမှ အခြားလူများသည်သူ့အား ပါးစပ်အဟောင်းသားဖြင့်အံ့ဩရင်း ဝိုင်းကြည့်နေကြသည်။
ရန်သူတစ်ယောက်အား ယခုကဲ့သို့ မိမိတို့၏ နေရာသို့ခေါ်လာမိသည့်အတွက်သူ့အနေဖြင့်မယုံနိုင်ဖြစ်နေမိသည်။
အကယ်၍ သူ၏ ဆရာဖြစ်သူ ဝတ်ရုံဖြူနှင့်လူသာ မပြောခဲ့လျှင်လူတစ်ယောက်နောက်ယောင်ခံ လိုက်လာသည့်အကြောင်းကို သိပင်သိလိမ့်မည်မဟုတ်ချေ။
လူတစ်ယောက်လုံး သူ၏နောက်သို့နောက်ယောင်ခံ လိုက်လာသည်ကိုပင်သတိမထားမိသည့်အတွက်ခေါင်းမဖော်နိုင်အောင်အလွန်အမင်း ရှက်ရွံ့နေမိလေသည်။
ဝတ်ရုံနက်ဖြင့်လူများသည်သူတို့၏ ဆရာထံမှ အမိန့်ရရချင်း မဖိတ်မခေါ်ဘဲရောက်လာသည့်ကျုးကျော်သူအား ရှာဖွေရန်လျင်မြန်စွာဖြင့်ပင်ပျံသန်းသွားကြသည်။
“ဒီမှာ ဘယ်သူမှ ရှိမနေပါဘူး။ ဘာတွေ ဖြစ်ကုန်တာလဲ”
တောင်ထိပ်ပေါ်သို့ရောက်သွားသောအခါ ဘယ်သူမှ ရှိမနေ၍ သူတို့အားလုံး အံ့ဩကုန်ကြ၏။
သူတို့၏ ဆရာသည်ယခုကဲ့သို့ မှားပြောသည့်ကိစ္စမျိုး ဘယ်သောအခါမှ ပြုလုပ်မည့်လူတစ်ဦး မဟုတ်ပေ။ ကျုးကျော်သူ ရှိသည်ဟုပြောလျှင်သေချာပေါက်ပင်ထိုလူသည်ရှိကိုရှိရနေရမည် ဖြစ်သည်။
သို့သော်ထိုကျုးကျော်သူသည် မည်သည့်နေရာသို့ရောက်ရှိနေပါသနည်း။
တောင်ထိပ်ပေါ်သို့ အလွန်လှပသော မိန်းကလေးတစ်ဦးသည်ရုတ်တရက်ရောက်ရှိလာခဲ့သည်။ ထိုမိန်းကလေးသည်ဝမ်အာပင်ဖြစ်၏။
သူမသည်တောင်ပေါ်တွင်တဖြူးဖြူးတိုက်နေသောလေနုလေအေးများအား တဝကြီး ရှုရှိုက်လိုက်ပြီး ခပ်လှမ်းလှမ်းသို့ ကြည့်လိုက်သည်။ ဝမ်အာကြည့်လိုက်သည့်နေရာသည်ရဲရှောင်ထွက်ပြေးခဲ့သည့်နေရာပင်ဖြစ်သည်။
ခဏအကြာတွင်ဝမ်အာသည်မျက်မှောင်ကြုပ်လိုက်ရင်း ညင်သာနူးညံ့သောလေသံဖြင့်-
“ဒီလူက အတော်ကျွမ်းကျင်တဲ့ လူပဲ”
“မိန်းကလေး . . . မင်း ဘာကိုပြောနေတာလဲ”
ဟိုင်းရီသည်ကျုးကျော်သူ၏ အရိပ်အယောင်မတွေ့လိုက်ရ၍ အနည်းငယ်စိတ်အေးသွားခဲ့ရသော်လည်း ဝမ်အာပြောလိုက်သည့်စကားကြောင့်စိုးရိမ်စိတ်ဝင်မိသွားလေသည်။
“လူတစ်ယောက်ဒီနားမှာ ပုန်းနေပြီး အခြေအနေကို အကဲခတ်စောင့်ကြည့်သွားတယ်”
ဝမ်အာသည်တောင်ထိပ်ပေါ်ရှိ မြက်ပင်များအား ငုံ့ကြည့်ရင်းပြောလိုက်၏။ မြက်ပင်များသည်တစ်စုံတစ်ဦး တက်နင်းထားသည့်အနေအထားမျိုး ဖြစ်နေကြသည်။
ဝမ်အာကြည့်လိုက်သည့်ဘက်တွင်မြက်ပင်များသည်ကျိုးပဲ့နေကြသည်။ ထိုအခြေအနေသည်သိသာလွန်းသည့်အနေအထားမဟုတ်သော်လည်း ဝမ်အာသည်ကောင်းကောင်းကြီး သိနေလေသည်။
“ဒီမှာသေသေချာချာကြည့်. . . မြက်ခင်းပြင်ကြီးထဲမှာ မြက်ပင်သုံးပင်ကျိုးနေတယ်။ သာမန်ကာလျှံကာသာ ကြည့်မိရင်သတိထားမိမှာမဟုတ်ဘူး။ သူ့လှုပ်ရှားသွားလာတဲ့ပုံကတော်တော်လေးကိုပေါ့ပါးပြီးသွက်လက်တာပဲ။တော်ရုံတန်ရုံလူဆို သတိကို ထားမိမှာမဟုတ်ဘူး။ မြက်ပင်သုံးပင်ကျိုးသွားတယ်ဆိုတာကလည်း ငါတို့ရောက်လာတာကို သူကြိုသိသွားလို့၊ အမြန်ပုန်းလိုက်ရလို့ ကျိုးသွားတာ ဖြစ်ရမယ်။ ပုန်းအောင်းတိမ်းရှောင်တဲ့နေရာမှာတော့ ဒီလူက ဆရာကြီးပဲ”
“ငါရပ်နေခဲ့တဲ့တောင်ထိပ်က ပုန်းအောင်းလို့ အကောင်းဆုံးနေရာပဲ။တောင်သုံးလုံးရှိတဲ့ အထဲမှာမှ ဒီတောင်ထိပ်က သူ့အတွက်အကောင်းဆုံး အနေအထားဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီနေရာကနေ ငါတို့ရဲ့ အခြေအနေကိုလွယ်လွယ်လေး သူစောင့်ကြည့်နိုင်တာကိုးး။ထွေထွေထူးထူး ရှာနေစရာတောင်မလိုဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်အဲ့ဒီလူကတော်တော်ကို ကျွမ်းကျင်မှုရှိတဲ့ လူပဲ။ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး အကောင်းဆုံး လုပ်သွားနိုင်တယ်”
ဝမ်အာသည်ဟိုင်းရီအား သူ၏ ထင်မြင်ယူဆချက်များအား သုံးသပ်ပြလိုက်၏။
ဟိုင်းရီ ပြန်ရောက်လာသည့်အချိန်နှင့်သူတို့၏ သခင်ကြီး သတိထားမိလိုက်သည့်အချိန်သည်သိပ်မကွာခြားလှပေ။ ခဏလေးဆို တကယ့်ခဏလေးပင်ဖြစ်၏။
ထို့နောက်ဝမ်အာသည်အခြေအနေများအား ထပ်မံသုံးသပ်လိုက်ရင်း တစ်ယောက်တည်း အတွေးနယ်ချဲ့မိလိုက်သည်။
[တကယ်လို့ ငါတို့ကို သူမြင်သွားလည်းခဏလောက်ပဲပေါ့။ အခြေအနေတွေ အကုန်လုံးကိုတော့စောင့်ကြည့်ဖို့ သူ့မှာ အချိန်အလုံအလောက်ရှိမှာမဟုတ်ဘူး။ သူ့ကို ရှာဖို့ ငါတို့လည်း ဒီနေရာကို အမြန်ဆုံးနည်းနဲ့ရောက်လာကြတာပဲ။ ဒါပေမယ့်ဒီကိုရောက်တော့ အရိပ်အယောင်တောင်မတွေ့ရတော့ဘူး]
[ ကြည့်ရတာတော့ အဲ့ဒီလူက အာရုံခံစားမှုတော်ေတာ်လေးကိုကောင်းတဲ့လူဖြစ်ရမယ်။ အဲ့ဒါကြောင့်မလို့သာ သူ့ အန္တရာယ်ကို ကြိုသိနေလို့ ငါတို့တွေ ကို ကြည့်ရုံကြည့်ပြီး ပြန်ထွက်သွားတာပဲ]
[နောက်ပြီး ဒီလူကတော်တော်လေးကို ပြတ်သားတဲ့ လူလို့ပြောရမယ်။ တခြားလူတွေသာဆိုရင်ငါတို့ကို အချိန်အကြာကြီးပေးပြီးစောင့်ကြည့်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ရဲ့ အစီအရင်တွေကိုကျော်ဖြတ်ပြီး သာမန်ကာလျှံကာ အကြည့်လောက်နဲ့တော့ သိနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့်ဒီလူကတော့ ကြည့်ရုံကြည့်ပြီး ချက်ချင်း ပြန်လှည့်ပြန်သွားတယ်. . .]
[ဒီလူက တော်တော် စိတ်ဓာတ်ပြတ်သားတာပဲ။ တကယ်လို့ သူ့လက်မောင်းမြွေကိုက်ခံရရင်တောင်အချိန်မဆွဲဘဲ ဖြတ်ပစ်မှာသေချာပေါက်ပဲ။နောက်ပြီး သူ့ရဲ့ ကိုယ်သင်းနံ့က ထူးခြားတယ်။ အနံ့က ဘာအရောအနှောမှမပါတဲ့ သဘာဝဆန်ဆန်အနံ့လေး။ ကြည့်ရတာတော့ သူ့အရိုးတွေ ကြွက်သားတွေကိုဆေးကြောသန့်စင်ထားတာပဲ ဖြစ်ရမယ်။ အဲ့ဒီလိုမှမဟုတ်ရင်သူ့ဆီက ဒီလို အနံ့ထွက်မှာမဟုတ်ဘူး]
[ကျိုးနေတဲ့ မြက်ပင်သုံးပင်ကိုကြည့်ရတာလည်း ထူးခြားနေတယ်။ သူ့ရဲ့ ဒူးတစ်ဖက်က မြက်ပင်တစ်ပင်ကို ဖိထားပြီး လက်တစ်ဖက်က တခြားမြက်ပင်တွေပေါ် ဖိထားတယ်။ သူ့ဒူးနောက်တစ်ဖက်ကတော့ ကွေးထားတယ်. . . အဲ့ဒါကလည်း တစ်ခုခုဆို လှုပ်ရှားဖို့အတွက်သူအသင့်ပြင်ထားတာ ဖြစ်ရမယ်။ အဲ့ဒီလိုမှ မဟုတ်ရင်မြက်ပင်ကလေးပင်တောင်ကျိုးနေမှာပေါ့]
[နောက်ပြီး သူက အရပ်အရမ်းမရှည်နိုင်ဘူး။ ဒါပေမယ့်ခန္ဓာကိုယ်က ထွားကြိုင်းတယ်။ သူ့ရဲ့ ရုပ်ကိုလည်း ရုပ်ပြောင်းရုပ်လွှဲ လုပ်တဲ့နည်းနဲ့ သူရုပ်ဖျက်လာတာပဲ . . .]
အကယ်၍ ရဲရှောင်သာ ဝမ်အာ သုံးသပ်လိုက်သည့်အတွေးများကိုသာ ကြားမိလျှင်ပါးစပ်အဟောင်းသားဖြင့်ပင်အံ့ဩနေမိမှာသေချာပေါက်ပင်ဖြစ်၏။
ကျိုးနေသော မြက်ပင်သုံးပင်အား ကြည့်ရုံလေးဖြင့်ယခုကဲ့သို့ အသေးစိတ်ကောက်ချက်ချနိုင်သည့်ထိုမိန်းကလေး၏ အစွမ်းသည်မယုံနိုင်ဖွယ်ပင်ဖြစ်သည်။
လူတစ်ယောက်တွင်ထိုကဲ့သို့သော အစွမ်းအစမျိုးရှိရန်အလွန်ပင်ခက်ခဲလှသည်။ လူတစ်ရာတွင်တစ်ယောက်တောင်မရှိနိုင်ပေ။
ထိုမိန်းကလေးသည်ဝမ်အာဟူသည့်မိန်းမလှလေးပင်ဖြစ်ပြီး ဝတ်ရုံဖြူနှင့်လူ၏ အနားတွင်ခစားဝပ်တွားရသည့်အမျိုးသမီးအစေခံ တစ်ဦးပင်။
အမျိုးသမီးအစေခံမှာတောင် ယခုကဲ့သို့ ကြီးမားသော စွမ်းအင် ပါရမီများရှိနေလျှင်သူ၏ သခင်ဆိုလျှင်တော့ . . . ပြောဖွယ်ရာပင်မရှိတော့ချေ . . . .