Chapter – 30
“လုပ်ကြံသတ်ဖြတ်သူများနှင့် တစ်ညတာ”
“ဟမ် . . .”
ရဲရှောင် အံ့သြမိသွားလေသည်။ သူ၏ မျက်လုံးများ ဖွင့်လိုက်သောအခါ စုယဲ့ယွဲ့သည် သူ့အနားတွင် မရှိတော့ပေ။ သို့သော် အပြင်ဘက်မှ သူမ၏ အသံသဲ့သဲ့လေးအား ကြားလိုက်ရသည်။
“လာ . . . ဆိုယာလေးရေ . . . သွားကြစို့။ ပလီပလာတွေ ပြောနေတဲ့ ဒီလူကြီးရဲ့ အိမ်ကနေ အမြန်ပြန်ကြစို့ . . .”
(မှတ်ချက်။။ ဆိုယာ ဆိုသည်မှာ ယဲ့ယွဲ့၏ အချစ်တော် ခွေးလေးပင် ဖြစ်သည်)
သူမ၏ ရင်ခုန်သံများမှ ထွက်ပြေး လွတ်မြောက်ရန်အတွက် ရဲရှောင်၏ အနားမှ ကိုယ်လွတ်ရုန်း ထွက်သွားခြင်းပင်။
ထို့နောက် ရဲရှောင်သည် အစောင့်များ၏ စကားပြောသံများအား ကြားလိုက်ရသည်။ သို့သော် မည်သည့်အကြောင်းအရာများ ပြောနေသည်ကိုမူ သူမသိပေ။ ထို့နောက် အစောင့်များ၏ စကားပြောသံများ တိတ်ဆိတ်သွားခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည် အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
“ငါ . . . ဘာများပြောမိလို့လဲ။ ပလီပလာလည်း ငါ ဘာမှ မပြောမိပါဘူး . . . ”
ရဲရှောင် သူ၏ ခေါင်းအား ကုပ်လိုက်ရင်း တီးတိုးရေရွတ်ပြောဆိုလိုက်သည်။
“သူ ဘာလို့ ရှက်တဲ့ အမူအယာမျိုးနဲ့ ရုတ်တရက် ထပြန်သွားရတာလဲ။ ငါသူ့ကို ဘာများ ပြောမိလို့လဲ”
ရဲရှောင် စဉ်းစား၍ မရနိုင်အောင်ပင် စိတ်ရှုပ်ထွေးသွားရင်း တစ်ကိုယ်တည်း ရေရွတ်ပြောဆိုလိုက်မိသည်။
“ဪ . . . မိန်းမတွေ . . . မိန်းမတွေ . . . သူတို့ရဲ့ စိတ်က အတော်ကို ခန့်မှန်းရခက်တာပဲ . . .”
ခဏအကြာတွင် အိမ်တော်ထိန်းသည် အလောသုံးဆယ်အမူအယာဖြင့် ရောက်လာခဲ့သည်။ ရဲရှောင်၏ အနားတွင် စုယဲ့ယွဲ့မရှိတော့သည်ကို တွေ့လိုက်ရ၍ စိတ်သက်သာရာရသွားပြီး မျက်စိပျက် မျက်နှာပျက်စွာဖြင့် ပြောလိုက်၏။
“သခင်လေး . . . မူမျိုးနွယ်စုကလူတွေ မြို့တော်ရဲ့ ၀င်ပေါက်ဂိတ်မှာ ရောက်နေကြပြီ။ အခု လောလောဆယ်ဆယ်တော့ တောင်ဘက်ဂိတ်မှာ သူတို့ ယဇ်ပူဇော်ပွဲ ကျင်းပနေကြတယ်။ လူတွေပြောနေကြတာတော့ သူတို့တွေ အလံအဖြူ (၇၇)တိုင် နဲ့ အနီရောင်အလံ (၂၂) တိုင်ကို ကိုင်ပြီး လာကြတယ်တဲ့”
အိမ်တော်၏ အပြောအား ရဲရှောင်နားမလည်ဟန်ဖြင့် –
“ယဇ်ပူဇော်တယ် ဟုတ်လား . . . နောက်ပြီး . . . အလံအဖြူ နဲ့ အနီရောင် အလံတွေ ဟုတ်လား ဘာတွေလဲ . . . ဘာတွေပြောနေတာလဲ”
အိမ်တော်ထိန်းသည် ရဲရှောင်အား အံ့သြသည့် အမူအယာဖြင့် ကြည့်လိုက်ရင်း –
“သခင်လေး မသိဘူးလား။ ဆိုလိုတဲ့ သဘောက အဖြူရောင်အလံ (၇၇) တိုင်ဆိုတာ သေဆုံးသူအတွက် ၀မ်းနည်းကြေကွဲတာကို ကိုယ်စားပြုတာ။ အနီရောင်အလံ (၂၂) တိုင်ကကြ ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ အခု အဲ့ဒီ အလံနှစ်မျိုးပေါင်းက (၉၉) တိုင်ဆိုတော့ သူတို့အနေနဲ့ ဘာသဘောတူညီမှုမလိုချင်ဘူး အချိန်ဘယ်လောက်ကြာကြာ သူတို့ဘက်က ဘယ်တော့မှ လက်လျှော့ပေးမှာ မဟုတ်ဘူးဆိုတဲ့သဘောပဲ”
အိမ်တော်ထိန်း၏ စကားအဆုံးတွင် ရဲရှောင်သည် မတုန်လှုပ်သည့် အမူအယာဖြင့် –
“အဲ့ဒီတော့ ဘာဖြစ်လဲ”
ရဲရှောင် တုန့်ပြန်ပြောဆိုလိုက်သည့် စကားကြောင့် အိမ်တော်ထိန်းတစ်ယောက် အမှန်တကယ်ပင် အံ့သြတုန်လှုပ်သွားလေသည်။
ထို့နောက် ရဲရှောင်သည် အညောင်းအညာ ပြေသွားစေရန်အတွက် သူ့တစ်ကိုယ်လုံးရှိ အကြောများအား အားရပါးရဆန့်လိုက်ရင်း –
“အိပ်ဖို့ အချိန်ကျပြီ . . . ဘယ်တော့မှ အရှုံးမပေးဘူးတို့ . . . လက်မလျှော့ဘူးတို့ . . . အဲ့ဒီစကားတွေကြားပြီး ကြောက်လွန်းလို့ အိပ်တောင်အိပ်ချင်လာပြီ . . . စကားလုံးတွေနဲ့တင် တွေးပြီး ကြောက်လာလို့ အိမ်ထဲကအိမ်ပြင် မထွက်ဘဲနဲ့ကို အိပ်နေမှဖြစ်မယ်”
အိမ်တော်ထိန်းသည် သူ့သခင်လေး၏ မတုန်မလှုပ်ပုံစံအား ကြည့်ရင်း အံ့သြနေမိလေသည်။ ရဲရှောင်၏ အပြောအဆို အမူအယာများကြောင့် မည်သည့်စကား ဆက်ပြောရမည်ကိုပင် မသိတော့ဘဲ သူ၏ စိတ်ထဲတွင် ဒေါသစိတ်များကြောင့် မုန်တိုင်းကြီးတစ်ခု တိုက်ခတ်နေသလိုပင် ခံစားနေရသည်။ အိမ်တော်ထိန်း နှင့် သခင်လေးဆိုသည့် အခြေအနေအား မေ့ထားလိုက်ပြီး ရဲရှောင်အား စိတ်ရှိလက်ရှိ ရိုက်နှက်ရန် သူ စဉ်းစားလိုက်သည့်အချိန်တွင် ရဲရှောင်သည် သူ၏ အခန်းတံခါးအား ပိတ်နှင့်နေပြီးခဲ့ချေပြီ။ အချိန်ခဏကြာသွားသောအခါ အခန်းထဲမှ ဟောက်သံများပင် ပျံ့လွှင့်ထွက်ပေါ်လာခဲ့လေသည်။
“ငါ . . . နော် . . .”
အိမ်တော်ထိန်းသည် သူ၏ ဒေါသများအား မြိုချလိုက်ရသည့်အတွက် အားမလိုအားမရပင် ဖြစ်သွားလေသည်။ သူ့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အမှန်ပင် စိုးရိမ်မိလျက် ရှိသော်လည်း ဘာမှမတတ်နိုင်သည့်အတွက် စိတ်ပျက်လက်ပျက်ဖြင့်ပင် ရဲရှောင်၏ အခန်းအနားမှ ပြန်လည် ထွက်ခွာသွားလိုက်သည်။
————————-
နေမင်းကြီးသည် အနောက်ဘက်သို့ တဖြည်းဖြည်း ၀င်ရောက် ပျောက်ကွယ်သွားခဲ့ပြီး အလင်းရောင်သည် လုံးဝ ကွယ်ပျောက်သွားခဲ့လေပြီ။ အမှောင်ထုသည် နက်သထက်နက်လာခဲ့ချေပြီ။
အိမ်တော်ထိန်းသည် သတိတစ်ချက်မှ မလစ်မပေးရဲဘဲ တစ်ချိန်လုံး နိုးနိုးကြားကြားဖြင့် နေ နေလေသည်။
မြို့တော်တစ်ခုလုံးတွင်လည်း အန္တရာယ်အငွေ့အသက်များဖြင့် ဖုံးလွှမ်းလျက်ရှိ၏။
ထိုအချိန်တွင်ဝါးတောကြီးအတွင်းမှ လူတစ်ယောက်သည်မြို့တော်ကြီးအား မမှိတ်မသုန်ဖြင့်ပင်စိုက်ကြည့်လျက်ရှိ၏။
ခဏအကြာတွင်တိတ်ဆိတ်ငြိမ်သက်နေသော ဝါးတောကြီးသည်ရုတ်တရက်ဆိုသလိုပင်ဌက်အော်သံများဖြင့်ဆူညံသွားလေသည်။နေရာအနှံ့မှရောက်ရှိလာသည့်ဌက်များသည်အဆိုပါ ဝါးရုံတောကြီးအတွင်းသို့ တစ်ကောင်ပြီးတစ်ကောင်ရောက်လာကြသည်။ တစ်မြို့လုံးရှိ ဌက်များသည်ဝါးရုံတောကြီးအတွင်း အသိုက်လုပ်ထားကြသည့်ပုံစံပင်။
ဝတ်ရုံဖြူ နှင့်လူသည်သူ၏ လက်အားဝှေ့ယမ်းပြလိုက်သောအခါ ထိုဌက်များအားလုံးသည်သူ့ခေါင်းအပေါ်တည့်တည့်တွင်စက်ဝိုင်းပုံသဏ္ဍာန် လည်ပတ်ကာ စုဝေးပျံသန်းလိုက်ကြသည်။
ထို့နောက်ဌက်များသည်လေ့ကျင့်ပေးထားသည့်အတိုင်းပင်စနစ်တကျဖြင့်တစ်ကောင်ပြီးတစ်ကောင်သူ၏ လက်ပေါ်တွင်လာနားကုန်ကြသည်။ အလွန်အံ့ဩဖွယ်ကောင်းသည့်မြင်ကွင်းတစ်ခုပင်ဖြစ်သည်။ ထိုမျှသာမကသေး ဌက်များသည်သူ၏ လက်ထဲတွင်ပုတီးစေ့အရွယ်ဖယောင်းလုံးလေးများအား ချပေးလိုက်ကြသည်။
“သခင်ကြီး . . . ခဏတဖြုတ်လောက်ဖြစ်ဖြစ်အနားယူလိုက်ပါလား။ ကျန်တဲ့ကိစ္စကို ချုးအာနဲ့ ကျွန်မ ဆက်လုပ်လိုက်ပါ့မယ်”
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်မိန်းကလေးသည်နူးညံ့ချိုသာသည့်အသံဖြင့်ပြောလိုက်၏။
“ငါလုပ်နိုင်သေးနိုင်တဲ့ အချိန်မှာ ငါ့ဘာသာပဲ လုပ်ချင်တယ်”
ဝတ်ရုံဖြူနှင့်လူသည်ညင်သာစွာဖြင့်ပြုံးရင်း ပြန်ပြောလိုက်သည်။
“ဝမ်အာ . . . ဒီနှစ်တောအတွင်းမှာ မင်းတို့နှစ်ယောက်စလုံး တကယ်ကို ပင်ပန်းခဲ့ကြတယ်။ မင်းကိုယ်မင်း တစ်ခါတစ်လေ အနားပေးသင့်တယ်။ ငါ့အတွက်စိတ်ပူမနေနဲ့။ ဒီလိုကိစ္စလေး လုပ်တာ ငါ့အတွက်ဘာမှ အပန်းမကြီးဘူး။ ငါ့အတွက်အလေ့အကျင့်တောင်ဖြစ်သေးတယ်”
ဝတ်ရုံဖြူနှင့်လူ၏ စကားကြောင့်ဝမ်အာသည်ပြုံးလိုက်ရင်း –
“သခင်ကြီးလည်း ကျွန်မတို့အနားမှာတောက်လျှောက်ရှိနေပေးခဲ့တာပဲ။ အဲ့ဒီအတွက်ကျွန်မတို့ဖြင့်ပင်ပန်းတယ်လို့ မခံစားမိပါဘူး။ သခင်ကြီးအနေနဲ့က ပိုပြီးလေ့ကျင့်ချင်နေတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့်. . . သခင်ကြီးရဲ့ခြေထောက်တွေအတွက်စိတ်ပူမိတယ်”
ဝတ်ရုံဖြူနှင့်လူသည်တစ်ချက်ပြုံးလိုက်ရင်း –
“ဘယ်တတ်နိုင်မလဲ . . . ဒါကရှောင်လွဲလို့မရတဲ့ ငါ့ရဲ့ ကံကြမ္မာပဲပေါ့။ အရာအားလုံး အဆင်ပြေပြေနဲ့ ပြီးသွားဖို့အတွက်ငါကိုယ်တိုင်ကလည်း ကြံကြံခိုင်ဖြတ်ကျော်နိုင်ဖို့လိုတယ်။ ဒီအချိန်က ငါ့ကိုယ်ငါ တိုးတက်အောင်လုပ်ဖို့ အကောင်းဆုံး အချိန်ပဲ။ အခုအချိန်မှာ ငါကြိုးစားနေတာကနောင်တစ်ချိန်မှာကောင်းဖို့အတွက်ပဲ။ အဲ့ဒီအတွက်စိတ်မပူနဲ့ . . . ငါ့အတွက်အဆင်ပြေသွားမှာပါ။ ငါ ဒီအခြေအနေကိုကျော်လွှားနိုင်မှာပါ . . .”
“ကောင်းပါပြီ . . . သခင်ကြီး”
ဝမ်အာသည်သူ့သခင်ကြီး၏ စကားကြောင့်ပြုံးလိုက်ပြီး မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။ ထို့နောက်ဝတ်ရုံဖြူနှင့်လူအား နွေးထွေးသွားစေရန်အတွက်သူမ ယူဆောင်လာသည့်အဖြူရောင်ဂွမ်းခြုံထည်အား ခြုံပေးလိုက်သည်။
ဝမ်အာသည်ပြန်လည်ထွက်ခွာရန်ဟန်ပြင်လိုက်သည့်အချိန်တွင်ဝတ်ရုံဖြူနှင့်လူသည်တိုးညှင်းသောလေသံလေးဖြင့်-
“ဝမ်အာ . . . ရဲရှောင်ရဲ့နာမည်က ထူးဆန်းတယ်လို့ မင်း မထင်မိဘူးလား”
“ထူးဆန်းတယ်. . . ဟုတ်လား”
ဝမ်အာသည်မျက်မှောင်ကြုပ်ကာ ပြန်မေးလိုက်၏။
သူ့သခင်ကြီး၏မေးခွန်းသည်ပို၍ပင်ထူးဆန်းနေသည်ဟု ဝမ်အာတွေးမိလိုက်သည်။
“မင်းကတော့ သိမှာမဟုတ်ဘူး။ ဒါပေမယ့်သူ့နာမည်က အရမ်းကို စိတ်ဝင်စားဖို့ကောင်းတယ်”
ဝတ်ရုံဖြူနှင့်လူသည်တစ်ချက်ပြုံးလိုက်ရင်းလေးတွဲ့သောလေသံဖြင့်-
“ဘယ်လောက်တောင်သနားစရာကောင်းလိုက်သလဲ . . .”
သူသည်ရီဝေသော မျက်ဝန်းများဖြင့်အဆုံးအစမရှိ ကျယ်ပြောသည့်ကောင်းကင်ကြီးအားငေးမောကာ ကြည့်လိုက်လေသည်။ အချိန်ခဏကြာအောင်တိတ်ဆိတ်သွားပြီးနောက်သက်ပြင်းတစ်ချက်ချလိုက်ရင်း –
“ဘယ်လောက်တောင်သနားဖို့ကောင်းလိုက်သလဲ”
“သနားဖို့ကောင်းတယ်တဲ့”
ဝမ်အာသည်သူ့သခင်ကြီးပြောလိုက်သည့်စကားများအား နားမလည်နိုင်အောင်ပင်ဖြစ်နေခဲ့သည်။
ထို့နောက်ဝတ်ရုံဖြူနှင့်လူသည်တည်ငြိမ်သော အသံဖြင့်ဆက်၍ပြောလိုက်သည်။
“မကြာခင်မြို့တော်မှာ ကံကြမ္မာဆိုးတစ်ခု ကျတော့မယ်။ အဲ့ဒါကလည်း ငါ့ဘဝရဲ့ ပထမဆုံး ကံကြမ္မာဆိုး ဖြစ်လာလိမ့်မယ်. . .”
ဝတ်ရုံဖြူနှင့်လူသည်တီးတိုးရေရွတ်လိုက်ရင်း –
“အဲ့ဒီ ကံကြမ္မာဆိုးကို ဘယ်သူတွေကများ ငါ့အနားမှာနေပြီး ငါနဲ့အတူကျော်ဖြတ်ပေးနိုင်မှာလဲ”
ဝတ်ရုံဖြူ နှင့်လူသည်အထီးကျန်နေသူတစ်ဦးဖြစ်ကြောင်း သူ့အမူအယာ နှင့်စကားလုံးများက သက်သေခံလျက်ရှိပေသည်။
ထို့နောက်ဝတ်ရုံဖြူနှင့်လူသည်ဝမ်အာဘက်သို့ လှည့်၍ တည်ကြည်ပြတ်သားသောလေသံဖြင့်-
“ဝတ်ရုံနက်ကိုးယောက်အဖွဲ့ကို လွှတ်ပြီး စစ်သူကြီးအိမ်ကို မျက်ခြေမပြတ်စောင့်ကြည့်ခိုင်းထား။ တကယ်လို့ မသင်္ကာစရာတစ်ခုခုတွေ့ခဲ့ရင်တွေဝေမနေဘဲ လုပ်စရာရှိတာကိုသာ ပြတ်ပြတ်သားသားလုပ်လို့ပြောလိုက်”
ဝမ်အာသည်ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း ပြန်လည်ထွက်ခွာသွားလေသည်။
…………..
ညဘက်သို့ရောက်ပြီဖြစ်သော်လည်း မြို့တော်ထဲတွင်လူများသည်ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေကြသည်။
ချန်ရှင်းမြို့တော်၏ ဂိတ်ေပါက်တိုင်းမှ မရေမတွက်နိုင်သော လူများသည်တဖွဲဖွဲဖြင့်ဝင်ရောက်လျက်ရှိသည်။
သိုင်းပညာဂိုဏ်းမှ လူများ၊ တစ်ကိုယ်တော်ပညာရှင်ကြီးများ နှင့်အနယ်အနယ်အရပ်ရပ်မှရောက်ရှိလာသည့်လူများသည်တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ပင်မြို့ထဲသို့ ဝင်လာကြသည်။
စစ်သူကြီး၏ အိမ်တွင်လည်းလုံခြုံရေးအင်အားကို ယခင်ကထက်ပို၍ ထပ်မံတိုးထားလေသည်။
မင်းသမီးစုယဲ့ယွဲ့ ပြန်သွားပြီးနောက်ဟွာရန်းနန်းတော်မှ ကိုယ်ရံတော်တပ်ဖွဲ့ရှစ်ဖွဲ့သည်ရောက်လာခဲ့ပြီး စစ်သူကြီး၏အိမ်အား အထူးကြပ်မတ် စောင့်ရှောက်ပေးလျက်ရှိသည်။
အိမ်တော်ထိန်းသည်လည်း အသင့်အနေအထားဖြင့်ပြင်ဆင်ထားလျက်ရှိသည်။ သူနှင့်အတူ ထူးခြားသော ဓားတစ်ချောင်းကိုလည်း ကိုင်ဆောင်ထားလေသည်။
(၃၆)ယောက်သော ကိုယ်ရံတော်များသည်ထိုဓားအားတွေ့မြင်လိုက်ကြသောအခါ အလွန်အမင်းပင်အံ့ဩသွားကြလေသည်။ သူတို့အားလုံးသည်မည်သည့်စကားမှ မပြောနိုင်တော့အောင်ပင်ဆွံ့အသွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက်အပြန်အလှန်ကြည့်လိုက်ကြ၏။တော်ရုံတန်ရုံ ကိစ္စမျိုးလောက်ကို မတုန်လှုပ်တတ်ကြသည့်သူတို့လို လူမျိုးများပင်ဓားအား ကြည့်ရင်း စိတ်လှုပ်ရှားနေကြလေသည်။
သူတို့အနေဖြင့်မိစ္ဆာခွင်းဓားအား မတွေ့မြင်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာပင်ကြာခဲ့ချေလေပြီ။ ယခုညသည်သေချာပေါက်ပင်သူတို့အတွက်စိတ်ဝင်စားဖွယ်ရာများနှင့်ပြည့်နှက်နေသည့်ညတစ်ည ဖြစ်လာပေလိမ့်မည်။
ညသည်တဖြည်းဖြည်းနက်လာခဲ့ပြီးကောင်းကင်ပေါ်တွင်လည်း ကြယ်ရောင်များပင်မရှိတော့ဘဲမှောင်မည်းလျက်ရှိ၏။
အမှောင်ထုသည်မြို့တစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့သည်။
ယခုည၏ အမှောင်ထုသည်ယခင်ညများနှင့်မတူ ကွဲပြားခြားနားလျက်ရှိသည်။ ထိုအမှောင်ထုထဲတွင်မမြင်နိုင်သည့်အန္တရာယ်အငွေ့အသက်များ ပါဝင်နေပေသည်။
သာမန်ပြည်သူများသည်ပင်လျှင်ထိုအန္တရာယ်အငွေ့အသက်များအား ခံစားသိနေကြသည်။ ထို့ကြောင့်သူတို့၏ အိမ်တံခါးများအား ပိတ်ထားကြပြီးစောစောစီးစီးပင်အိပ်ယာဝင်ကုန်ကြသည်။
တော်ဝင်ကိုယ်ရံတော်များသည်လည်း ယခုညအား ပို၍ သတိဝီရိယထား၍စောင့်ကြပ်လျက်ရှိသည်။ သူတို့အနေဖြင့်အန္တရာယ်အငွေ့အသက်များအား ခံစားနေမိသော်လည်း မည်ကဲ့သို့သော အရာများ ဖြစ်ပေါ်လာနိုင်သည်ကိုတော့ မခန့်မှန်းနိုင်အောင်ပင်ဖြစ်နေကြသည်။ သူတို့ထံသို့ အလွန်ကြောက်မက်ဖွယ်ကောင်းသည့်ရန်သူရောက်လာတော့မည့်အတိုင်း ကြိုတင်၍ အသင့်စောင့်ဆိုင်းလျက်ရှိ၏။
အချိန်များသည်တရွေ့ရွေ့ဖြင့်ကုန်ဆုံးသွားပြီးနောက် သန်းခေါင်ယံအချိန်သို့ပင်ရောက်ရှိလာခဲ့ချေပြီ။
ရဲရှောင်၏ အခန်းတစ်ခုလုံးသည်တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ဟောက်သံများလည်း ရပ်တန့်သွားပြီဖြစ်၍ ရဲရှောင်တစ်ယောက်အမှန်တကယ်ပင်အိပ်မောကျနေသည့်ပုံစံပင်။
အိမ်တော်ထိန်းသည်သူ့သခင်လေး၏ အခန်းအား ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့်ရေရွတ်ပြောဆိုလိုက်သည်။
“မသိရင်သေနေတဲ့အတိုင်းပဲ အိပ်နေလိုက်တာ။ ကြည့်ပါဦး . . . စိတ်ချလက်ချ အိပ်နေလိုက်တာများ သူ့ကိုယ်သူ စစ်ရေးပြည့်ဝနေတဲ့ စစ်သူကြီးတစ်ယောက်လိုလိုဘာလိုလို . . .နောက်ပြီးသွေးအေးလိုက်ပုံများ ဒီအိမ်ကလူတွေဘာဖြစ်ဖြစ်ဂရုမစိုက်တတ်တဲ့ အသည်းနှလုံးမရှိတဲ့ လူဆိုးကြီးလိုလိုနဲ့။ အိုးး . . . ဘုရားရေ . . . ငါဘယ်လိုလူမျိုးနဲ့ လာတွေ့နေတာပါလိမ့်. . .”
အိမ်တော်ထိန်းတစ်ယောက်သူ့သခင်လေးအား နားမလည်နိုင်အောင်ပင်ရှိနေလေသည်။
သူ၏ သခင်လေးသည်တစ်ခါတစ်ရံတွင်စိတ်သဘောထားကောင်းမွန်သူ တစ်ယောက်ဖြစ်သော်လည်း ကျန်သည့်အချိန်များတွင်မူ ခန့်မှန်းရခက်သည့်လူတစ်ယောက်ပင်ဖြစ်သည်။ မသိလျှင်စိတ်ပုံမှန်မရှိသည့်အရူးတစ်ယောက်နှင့်ပင်တူနေလေသည်။
တိတ်ဆိတ်ခြောက်ကပ်နေသော သန်းခေါင်ယံအချိန်တွင်လေနုလေအေးလေးများသည်တဖြူးဖြူးဖြင့်တိုက်ခတ်လျက်ရှိ၏။
အိမ်တော်ထိန်းသည်အိမ်ခေါင်မိုးပေါ်တွင်မတ်တပ်ရပ်လျက်ပတ်ဝန်းကျင်အခြေအနေအား အကဲခတ်စောင့်ကြည့်လျက်ရှိသည်။ ထိုအချိန်တွင်လူပုံသဏ္ဍာန်အရိပ်များသည်ကောင်းကင်ထက်မှ ပျံဝဲလာသည်ကို သူတွေ့မြင်လိုက်ရသည်။
သူတို့၏ ခါးများတွင်ချည်နှောင်ဝတ်ဆင်ထားသည့်အဖြူရောင်ခါးပတ်ကြိုးများသည်မှောင်မိုက်နေသောကောင်းကင်အောက်တွင်သိသိသာသာဖြင့်ပင်တောက်ပနေကြသည်။
အိမ်တော်ထိန်းသည်သူ၏ မျက်လုံးများအားမှေးစင်း၍ ကြည့်လိုက်သည်။
အဖြူရောင်ခါးပတ်ကြိုးများသည်အလွန်အမင်းပင်တောက်ပလျက်ရှိသည်ကို သူသတိပြုမိလိုက်သည်။
အိမ်ရှေ့မင်းသားသည်သူ၏ ထီးနန်းအား ထိခိုက်မည်စိုး၍ ရဲရှောင်အားဖြေလျှော့ပေးခဲ့သော်လည်း မူမျိုးနွယ်စုကြီးကိုမူ တားဆီးခဲ့ခြင်း မရှိခဲ့ပေ။ ထိုအခြေအနေကမှ ရဲမျိုးနွယ်အတွက်ပို၍ပင်ဒုက္ခရောက်စေခဲ့သည်။
မူမျိုးနွယ်စုမှ လူများသည်ကျိုးကြောင်းဆီလျော်မှန်ကန်စွာ စဉ်းစားတွေးခေါ်တတ်သည့်လူများ မဟုတ်ကြပေ။ ရဲရှောင်သည်တကယ့်လူသတ်သမား ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ မူရှန်ဘိုင်အား သတ်နိုင်သည့်အစွမ်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့အနေဖြင့်ဂရုစိုက်လိမ့်မည်မဟုတ်ပေ။
ရဲရှောင်ကို သတ်ပစ်ချင်နေသည်မှ လွဲ၍ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ အသိစိတ်လွတ်နေသည့်အရူးများကဲ့သို့ပင်ပြုမူကြပေလိမ့်မည်။
ရဲရှောင်အား ယခုညတွင်းချင်းပင်သတ်ခွင့်ရမည့်ကိစ္စလောက်သူတို့အတွက်ဘယ်အရာကမှ အရေးမကြီးပေ။
ထင်ရှားကျော်ကြားသည့်မျိုးနွယ်စုကြီး ရှစ်ခုထဲမှ တစ်ခုအပါအဝင်ဖြစ်သည့်မူမျိုးနွယ်စုကြီးသည်မျိုးရိုးဂုဏ်မောက်၍ အခြားသူများအပေါ်တွင်ဖိနှိပ်ဆက်ဆံတတ်ကြပြီး သူတို့အား ဆန့်ကျင်သည့်မည်သူ့ကိုမဆို မှန်သည်မှားသည်မတွေးဘဲ လွယ်လွယ်ကူကူဖြင့်ပင်သတ်ပစ်တတ်ကြသည်။
လူပုံသဏ္ဍာန်အရိပ်များသည်အရှေ့အနောက်တောင်မြောက်အရပ်မျက်နှာအသီးသီးမှ ပျံသန်းလာကြပြီး စစ်သူကြီးအိမ်၏ အုတ်တံတိုင်းအပေါ်တွင် ရပ်တန့်လိုက်ကြသည်။
အိမ်တော်ထိန်းသည်ထိုလူများအား ကြည့်ရင်းဒေါသတကြီးဖြင့်-
“မင်းတို့တွေက ဘယ်သူတွေလဲ။ စစ်သူကြီးတစ်ယောက်ရဲ့ အိမ်ကိုတောင်မခန့်လေးစားနဲ့ ခွင့်ပြုချက်မရဘဲ ဝင်လာချင်နေကြတယ်”
အိမ်တော်ထိန်းပြောလိုက်သည့်စကားကြောင့်အနောက်ဖက်တွင်ရပ်နေသော လူသည်ဟက်ဟက်ပက်ပက်ဖြင့်ပင်ဟားတိုက်ရယ်မောလိုက်ပြီးနောက်ပြတ်သားသော အသံဖြင့်-
“သုံးစားမရတဲ့ သခင်လေးဆိုတာ ဘယ်မှာလဲ။ သူ့အသက်နဲ့ ခန္ဓာကိုယ်ကို အိုးစားကွဲအောင်လုပ်ပေးမလို့ အခုချက်ချင်း အပြင်ထွက်လာခိုင်းလိုက်။ သူ့လိုကောင်မျိုးကို အစိမ်းလိုက်ဝါးစားပြီးပျော်ပျော်ပါးပါးကြီးနဲ့ကို ညစာတည်ခင်းပစ်ဦးမယ်. . . ဟားဟားဟား”
ကြောက်မက်ဖွယ်ကောင်းသည့်ရယ်မောသံသည်စစ်သူကြီးအိမ်တစ်ခုလုံးကိုပင်ဖုံးလွှမ်းသွားလေသည်။
မူမျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုကြီးအတွက်စစ်သူကြီးအိမ်ရှိ လူများနှင့်ဆန့်ကျင်တိုက်ခိုက်ရမည့်အခြေအနေသည်အလွန်ပင်လွယ်ကူလှသည့်အလုပ်တစ်ခုဖြစ်လေသည်။ သူတို့အနေဖြင့်စစ်သူကြီး၏ မိသားစုအား မည်သည့်အတွက်ကြောင့်မှ အလေးထားနေစရာ အကြောင်းမရှိပေ။
စစ်သူကြီးအိမ်သို့ရောက်လာသည့်ထိုလူများသည်မူမျိုးနွယ်၏ အဓိက ထိပ်သီးများတော့ မဟုတ်ကြသေးပေ။ သူတို့အနေဖြင့်ရဲမျိုးနွယ်စုလို မျိုးနွယ်စုလေးအတွက်အင်အားကြီးကြီး သုံးရန်မလိုအပ်သေးကြောင်း လက်ခံယူဆထားသည့်သဘောပင်။
အိမ်တော်ထိန်းသည်ဒေါသအမျက်ချောင်းချောင်း ထွက်နေသော်လည်းအေးစက်ပြတ်သားသောလေသံဖြင့်ပြန်ပြောလိုက်သည်။
“ငါတို့အိမ်က သခင်လေးကို အစိမ်းလိုက်ဝါးစားပစ်ချင်တယ်လို့ မင်းပြောလိုက်သလားလို့။ အစိမ်းလိုက်ဝါးစားမယ်သာပြောနေတာ မင်းရဲ့သွားတွေက ခိုင်လို့လား။တော်ကြာ မင်းရဲ့သွားတွေ ကျွတ်ထွက်ကုန်မှဖြင့်ရှက်ဖို့ကောင်းနေပါဦးမယ်”
အိမ်တော်ထိန်းပြောလိုက်သည့်စကားကြောင့်တဖက်မှ လူသည်လှောင်ပြုံးပြုံးလိုက်ရင်း –
“ငါ့သွားတွေကဖြင့်မာလွန်းလို့ သံမဏိအတိုင်းပဲ။ဘယ်အရာတွေကမှ ငါ့သွားတွေကို ကျိုးပဲ့အောင်မလုပ်နိုင်ဘူး”
ထိုလူသည်သူ၏ လက်အားဝှေ့ယမ်းပြလိုက်၍အော်ပြောလိုက်သည်။
“သွား . . . သွားကြစမ်း . . . ငါ့အတွက်ညစာလေးကို သွားခေါ်လာခဲ့စမ်း”
“ဟုတ်ကဲ့ . . . နာခံလျက်ပါ”
အခြား လူခုနှစ်ယောက်သည်တစ်ပြိုင်နက်တည်းပင်အမိန့်နာခံလိုက်ကြ၏။
ခဏအကြာတွင်အဆိုပါ လူခုနှစ်ယောက်သည်သူတို့၏ ဓားများအား လျင်မြန်စွာ ထုတ်လိုက်ကြသည်။ ဓားများ၏တောက်ပသော အလင်းရောင်များနှင့်အတူ သူတို့သည်အိမ်ထဲသို့ လျင်မြန်စွာဖြင့်ပင်ဝင်ရောက်သွားကြသည်။
အိမ်တော်ထိန်းသည်ချက်ချင်းပင်အမိန့်တစ်ခုအားအော်၍ပေးလိုက်သည်။
“သူတို့ကို တားကြစမ်း”
(၃၆)ယောက်သော ကိုယ်ရံတော်များသည်အိမ်တော်ထိန်း၏ အမိန့်ပေးသံအား ကြားလိုက်သောအခါ ချက်ချင်းပင်တိုက်ခိုက်ရန်အတွက်အသင့်ပြင်ထားလိုက်ကြသည်။ သူတို့သည်ထိုကဲ့သို့သော အခြေအနေမျိုးအားစောင့်ဆိုင်းနေသည်မှာ ကြာလှချေပြီ။ သူတို့၏ ဓားများသည်ရန်သူ၏သွေးအားသောက်ရန်ဆာလောင်မွတ်သိပ်လျက်ရှိလေသည်။
ယခု သူတို့နှင့်ရင်ဆိုင်တိုက်ခိုက်ရမည့်ရန်သူသည်ထင်ရှားကျော်ကြားလှသည့်မူမျိုးနွယ်စုမှ လူများပင်ဖြစ်သည်။ ထိုလူများသည်မူမျိုးနွယ်စု၏ အဓိက ထိပ်သီးများ မဟုတ်ကြသေးသော်လည်း သာမန်ထက်ထူးကဲသည့်တိုက်ခိုက်ရေးသမားများပင်ဖြစ်သည်။ အိမ်တော်ထိန်း နှင့်ကိုယ်ရံတော်များသည်ယခုလက်ရှိတွင်ကြုံတွေ့ရမည့်တိုက်ပွဲအပေါ် စိုးရိမ်စိတ်ဝင်လျက်ရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှသွေးကြောင်၍အညံ့ခံ အရှုံးပေလိမ့်မည်မဟုတ်ပေ။
သို့သော်ခဏအကြာတွင်မြင်လိုက်ရသည့်မြင်ကွင်းကြောင့်သူတို့အားလုံး ပါးစပ်အဟောင်းသားဖြင့်ပင်အံ့ဩသွားကြပါတော့သည်။ ဘယ်သူမှ မထင်မှတ် မမျှော်လင့်ထားသည့် အရာတစ်ခုသည် လျင်မြန်စွာဖြင့် ဖြစ်ပျက်သွားခဲ့ပါလေတော့သည် . . . .။