Chapter – 29
“အရမ်းစိတ်ပျက်ဖို့ ကောင်းတဲ့ လူကြီး”
“ဟမ်. . . ငါလာလို့ မရဘူးလား”
ရဲရှောင်ပြောလိုက်သည့်စကားကြောင့်စုယဲ့ယွဲ့ အနည်းငယ်ဒေါသထွက်သွားလေသည်။ ထို့နောက်သူမ၏ လှပဖြောင့်စင်းသော နှာခေါင်းအား တစ်ချက်ရှုံ့လိုက်ရင်း ချစ်စဖွယ် ပုံစံဖြင့် ပြောလိုက်၏။
“အနှေး နဲ့ အမြန်ဆိုသလို ဒီအိမ်က ငါ့အိမ်ဖြစ်လာတော့မှာ။ ပြီးရင်ငါက ဒီအိမ်မှာ ဒုတိယဩဇာအာဏာ အကြီးဆုံး ဖြစ်လာတော့မယ့်သူနော်။ အဲ့ဒီအတွက်ဒီအိမ်က လူတွေရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ငါလာစစ်ဆေးတာ။ ဘာလဲ နင်က ငါ့ကို ဒီမှာ တကယ်မရှိစေချင်ဘူးလား”
ယဲ့ယွဲ့သည်မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူမလက်ထဲရှိ ကြာပွတ်အားဝှေ့ယမ်းလိုက်၏။
ရဲရှောင်အား မျက်စောင်းထိုး၍ ကြည့်နေသည့်ပုံမှာ သူမအားနောက်တစ်ခေါက်အာရုံနောက်အောင်ထပ်လုပ်လျှင်လက်ထဲရှိကြာပွတ်ဖြင့်အသေရိုက်မည့်ပုံစံမျိုးနှင့်ပင်တူနေလေသည်။
ယဲ့ယွဲ့၏ အမူအယာသည်အလွန်အမင်းပင်ချစ်စရာကောင်းနေသည့်အတွက်ရဲရှောင်အနေဖြင့်သူ့အား ခြိမ်းခြောက်နေသည်ဟု အနည်းငယ်မျှပင်မခံစားမိချေ။
ရဲရှောင်၏ စိတ်ထဲတွင်ဝမ်းနည်းနေသော်လည်း ယဲ့ယွဲ့ပြောလိုက်သည့်စကားများသည်သူ့အတွက်အမှန်တကယ်ပင်ပျော်ရွှင်စေခဲ့သည်။
“မကြာခင်ငါ့အိမ်ဖြစ်လာတော့မှာ . . . ဒုတိယ ဩဇာအာဏာအကြီးဆုံး . . . အိမ်ကလူတွေရဲ့ အခြေအနေကို လာစစ်ဆေးတာဆိုပဲ . . .”
ထိုစကားများအား ကြားပြီး ရဲရှောင်ရယ်ချင်နေမိလေသည်။
ယဲ့ယွဲ့အနေဖြင့်ရဲရှောင်အပေါ် ခပ်ဆိုးဆိုးပုံစံဖြင့်ပြုမူဆက်ဆံနေသော်လည်း မုန်းတီးသည့်စိတ်နည်းနည်းလေးမှပင်မရှိချေ။
“ဟေ့ . . . မင်းဘာတွေပြောနေတာလဲ”
ရဲရှောင်ယဲ့ယွဲ့အား စိတ်ပြေစေရန်ချော့လိုက်သည်။
“မင်း လာတာကို မကြိုက်ဘဲနေမလား။ မင်း ငါ့အိမ်လာတာကိုပဲ ငါတော်တော်ပျော်နေပြီ။ ဪ . . . မဟုတ်သေးဘူး . . . ငါ . . . တို့ . . . အိမ်”
“ဟွန့်”
စုယဲ့ယွဲ့သည်အိမ်ကြီး၏ အရှင်သခင်ဟန်ပန်မျိုးဖြင့်ခေါင်းကိုမော့ထားကာ ရဲရှောင်၏ အနားသို့ သွားလိုက်သည်။ ထို့နောက်သူမ၏ နှာခေါင်းအား တရှုံ့ရှုံ့လုပ်လိုက်ရင်း စိတ်ဝင်တစားဖြင့်ရဲရှောင်အားမေးလိုက်၏။
“အိုး . . .ရှောင်ရှောင်. . . နင့်ခန္ဓာကိုယ်က ဘာလို့ အဲ့ဒီလောက်ထိမွှေးနေရတာလဲ။ နင်ဘာတွေ လုပ်ထားတာလဲ”
“မင်း ဘာတွေပြောနေတာလဲ။ ငါ့ ခန္ဓာကိုယ်မှာ ဘာမှ မလိမ်းထားပါဘူး”
ရဲရှောင်သည်သူဘာမှမလုပ်ထားကြောင်း အခိုင်အမာပင်ငြင်းဆိုလိုက်သည်။ သို့သော်သူ၏ ကိုယ်သင်းရနံ့သည်အမှန်ပင်မွှေးပျံ့နေကြောင်း သူကိုယ်တိုင်လည်း သိနေပေသည်။
သူ၏ ခန္ဓာကိုယ်သည်မည်သည့်အတွက်ကြောင့်မွှေးပျံ့နေသည်ဆိုသည့်အကြောင်းပြချက်မှာ အင်အတန်မှပင်ရိုးရှင်းလှပေသည်။ ရဲရှောင်အနေဖြင့်ကြွက်သားများ နှင့်အရိုးများအားဆေးကြောသန့်စင်ခဲ့သည်မှာ နှစ်ကြိမ်တိုင်တိုင်ပင်ရှိခဲ့ပြီဖြစ်သောကြောင့်သူ့ ခန္ဓာကိုယ်တွင်းရှိ မသန့်စင်သော အရာများသည်သန့်စင်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်သူ၏ ခန္ဓာကိုယ်သည်မွေးကင်းစ ကလေးတစ်ယောက်ကဲ့သို့ပင်သန့်စင်သွားပြီး ကိုယ်သင်းရနံ့သည်လည်းမွှေးပျံ့နေခြင်းပင်ဖြစ်၏။
“သေချာပါတယ်. . . ဒီလောက်မွှေးနေတာ နင်တစ်ခုခု လုပ်ထားလို့ပေါ့”
စုယဲ့ယွဲ့သည်သူမမှားကြောင်း အခိုင်အမာပင်ပြောဆိုလိုက်ပြီး ရဲရှောင်၏ အနားသို့ တိုးကာမွှေးပျံ့သည့်ရနံ့အား ရှူ ရှိုက်လိုက်သည်။ ထို့နောက်စိတ်ရှုပ်ထွေးသွားဟန်ဖြင့်တီးတိုးရေရွတ်လိုက်ရင်း –
“ဒါ မိန်းကလေးတွေ သုံးတဲ့ အမွှေးနံ့လည်း မဟုတ်ဘူး။နောက်ပြီး ပန်းနံ့လည်း မဟုတ်သေးဘူး . . . အင်း . . . ဘာအနံ့ပါလိမ့်”
ယဲ့ယွဲ့သည်ရဲရှောင်၏ အနားသို့ ပိုပို၍ တိုးကပ်သွားပြီး ထူးဆန်းသော ရနံ့အား ရှာဖွေနေမိသည်။ ထို့နောက်တစ်စုံတစ်ခုပြောရန်အတွက်ရုတ်တရက်ေမာ့ကြည့်လိုက်သောအခါ သူမအား ပြုံးပြုံးကြီး စိုက်ကြည့်နေသော ရဲရှောင်၏ မျက်နှာအား အနီးကပ်တွေ့မြင်လိုက်ရလေသည်။ အင်မတန်မှပင်ချောမောခန့်ညားလှသော မျက်နှာအား အနီးကပ်တွေ့မြင်လိုက်ရပြီး စူးရှတောက်ပသော မျက်လုံးများနှင့်အကြည့်ချင်းဆုံသွားသောအခါ သူမ၏ နှလုံးသားတစ်ခုလုံးသည်ပေါက်ကွဲထွက်မတတ်ပင်ဖြစ်သွားခဲ့သည်။
အပျိုဖြန်းလေး ယဲ့ယွဲ့တစ်ယောက်ရှက်သွေးဖြာသွားသောကြောင့်ရဲရှောင်၏ အနားမှ ခပ်ခွာခွာပင်နေလိုက်၏။
သို့သော်ရင်ခုန်သံများကိုမူ ထိန်းချုပ်၍ မရခဲ့ပေ။ သူမ၏ မျက်နှာလုံးတစ်ခုလုံးသည်နီမြန်းသွားပြီး ရှက်ရွံ့စိတ်ကြောင့်ခြေမကိုင်မိ လက်မကိုင်မိပင်ဖြစ်နေမိလေသည်။ ယဲ့ယွဲ့အနေဖြင့်ရဲရှောင်၏ရှေ့မှ ထွက်ပြေးသွားချင်နေမိသော်လည်း တကယ်တမ်းမူ သူမ၏ခြေထောက်များအား လှုပ်ပင်မလှုပ်ရှားနိုင်ခဲ့ချေ။
ရဲရှောင်သည်ယဲ့ယွဲ့၏ အမူအယာများအား ကြည့်ရင်း သူ၏ နှလုံးသားတစ်ခုလုံးသည်နွေးထွေးသွားသကဲ့သို့ပင်ခံစားလိုက်ရသည်။ ထို့နောက်ဟန်ပင်မဆောင်နိုင်တော့ဘဲ သူ၏ နှုတ်မှ လွှတ်ကနဲပြောလိုက်မိ၏။
“ဘယ်လောက်တောင်ချစ်ဖို့ကောင်းတဲ့ကောင်မလေးလဲ”
ရဲရှောင်ပြောလိုက်သည့်စကားကြောင့်ယဲ့ယွဲ့၏ မျက်နှာတစ်ခုလုံးသည်နီမြန်းသွားပြီး သူမ၏ နှုတ်မှ ထွက်ကျလာသည့်စကားလုံးများပင်ထစ်အကုန်လေသည်။
“နင်. . . နင်. . . နင်. . . နင်က ငါ့ထက်နည်းနည်းလေးပဲ အသက်ပိုကြီးတာကို။ ဘာလို့ အသက်အများကြီး ကြီးတဲ့ လူတစ်ယောက်လေသံနဲ့ လာပြောနေတာလဲ။ တကယ်လို့ နင်. . . နင်. . . ငါ့ကိုနောက်ထပ်အဲ့ဒီလိုလေသံမျိုးနဲ့ လာပြောကြည့်. . . ငါ . . . ငါ . . . နင့်ကို လက်သီးနဲ့ ထိုးပစ်မယ်”
ယဲ့ယွဲ့၏ စကားကြောင့်ရဲရှောင်တစ်ယောက်ဟန်ပင်မဆောင်နိုင်တော့ဘဲ တဟားဟားဖြင့်ပင်ရယ်မောလိုက်၏။ ထိုအချိန်အခိုက်အတန့်လေးအား ရဲရှောင်အမှန်တကယ်ပင်ကြည်နူးနေမိလေသည်။
ရဲရှောင်၏ စူးရဲသော အကြည့်များ နှင့်သင်းပျံ့သော ကိုယ်သင်းရနံ့များကြောင့်စုယဲ့ယွဲ့၏ နှလုံးခုန်သံများသည်ယခင်ကထက်ပင်ပို၍မြန်ဆန်လျက်ရှိ၏။
သူမ၏ မျက်နှာပြင်ပေါ်မှ ရှက်သွေးဖြာနေသည့်အမူအယာသည်ပျောက်ကွယ်သွားခြင်းမရှိဘဲ ယခင်ကထက်ပင် ပိုပို၍ ချစ်စရာကောင်းနေပေသည်။
ရဲရှောင်သည်သူမ၏ အနာဂတ်သတို့သားလောင်းဖြစ်လာမည့်သူဟုတွေးလိုက်မိသောအခါ ပို၍ပင်ရင်ခုန်သံ မြန်သွားခဲ့သည်။
ယခင်ကဆိုလျှင်ယဲ့ယွဲ့သည်ရဲရှောင်အား သူမ၏ ငယ်သူငယ်ချင်း ကစားဖော်တစ်ယောက်သာသာပင်သတ်မှတ်ခဲ့ပြီး ရဲရှောင်နှင့်စေ့စပ်ရမည့်ကိစ္စကိုလည်း မနှစ်မြို့ခဲ့ပေ။ သို့သော်မိဘများ၏ အမိန့်အား မလွန်ဆန်နိုင်၍စေ့စပ်မည့်ကိစ္စအားခေါင်းညိတ်လက်ခံခဲ့ရသည်။ သူတို့နှစ်ဦး၏ ကံကြမ္မာသည်ဆန်းကြယ်လှပေသည်။
သို့သော်ယခုအချိန်တွင်မူ ရဲရှောင်အား သူမ၏ အနာဂတ်ခင်ပွန်း ဖြစ်လာမည့်သူဟုတွေးနေခြင်းသည်အလွန်အမင်း အံ့ဩဖို့ပင်ကောင်းနေလေသည်။
ရှက်ရွံ့စိတ်ကြောင့်သူမ၏ခေါင်းအား ငုံ့ထားပြီး အချိန်အတော်ကြာအောင်ပင်တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ခဏအကြာမှခေါင်းမော့ကြည့်လိုက်သောအခါ ထိုင်ခုံပေါ်တွင်စာအုပ်တစ်အုပ်အား စိတ်ဝင်တစားဖြင့်ဖတ်နေသော ရဲရှောင်အားတွေ့လိုက်ရသည်။
ယဲ့ယွဲ့၏ ရင်ထဲမှ အပူလုံးကြီးကျသွားသကဲ့သို့ပင်စိတ်သက်သာရာရသွားလေသည်။ ရဲရှောင်သည်သူ့အာရုံနှင့်သူ ဖြစ်နေသည့်အတွက်သူမအား သတိပြုမိသည့်ပုံမပေါ်ချေ။
သို့သော်ထိုမြင်ကွင်းအား မြင်လိုက်ရ၍ ယဲ့ယွဲ့၏ စိတ်ထဲတွင်ဝမ်းနည်းသွားမိလေသည်။ အဘယ့်အတွက်ကြောင့်ရဲရှောင်သည်သူ့အား တစ်ချိန်လုံး ကြည့်မနေသည်ကို သိချင်နေမိလေသည်။
ထို့ကြောင့်ယဲ့ယွဲ့သည်ရှေ့သို့ အနည်းငယ်တိုးသွားလိုက်ပြီး ရဲရှောင်၏ရှေ့တွင်ရှိသည့်ထိုင်ခုံပေါ်တွင်ညင်သာသိမ်မွေ့စွာဖြင့်ထိုင်လိုက်၏။ ထို့နောက်ရဲရှောင်၏ချောမောလှပခန့်ညားသော မျက်နှာအား တစိမ့်စိမ့်ဖြင့်ပင်စိုက်ကြည့်လိုက်သည်။ အခန်းတစ်ခုလုံးတွင်အပ်ကျသံပင်မကြားရလေအောင်တိတ်ဆိတ်ငြိမ်သက်နေသည်။
ရဲရှောင်သည်စိတ်ဝင်တစားဖြင့်ပင်စာဖတ်နေပြီး အချိန်တော်တော်ကြာသွားသောအခါမှ အနားယူရန်အတွက်စာဖတ်ခြင်းအား ရပ်တန့်လိုက်သည်။ ထိုအခါမှသာ စုယဲ့ယွဲ့တစ်ယောက်မပြန်သေးကြောင်း သူသတိပြုမိလိုက်လေသည်။
ယဲ့ယွဲ့သည်သူ့အားမေးထောက်၍ မျက်တောင်မခပ်ဘဲပင်စိုက်ကြည့်နေသောကြောင့်ရဲရှောင်စဉ်းစားရကြပ်သွားပြီး ညင်သာစွာဖြင့်ပင်မေးလိုက်သည်။
“မင်း . . .အဆင်ပြေရဲ့လား”
ယဲ့ယွဲ့သည်ရဲရှောင်မေးလိုက်သည့်စကားကိုပင်အာရုံမစိုက်နိုင်ဘဲတစ်စုံတစ်ခုအားလေးလေးနက်နက်ဖြင့်စဉ်းစားနေမိလေသည်။ ထို့နောက်ဝေခွဲမရဖြစ်နေသည့်မျက်နှာမျိုးဖြင့်တီးတိုးရေရွတ်ကာပြောဆိုလိုက်သည်။
“ရှောင်ရှောင်. . . နင်တော်တော်ပြောင်းလဲလာတာပဲ . . .”
“ငါ ပြောင်းလဲသွားတယ်ဟုတ်လား . . . ငါဘာများပြောင်းလဲသွားလို့လဲ”
ရဲရှောင်မျက်မှောင်ကြုပ်ရင်းပြောလိုက်၏။
“ဟုတ်တယ်. . . ဟုတ်တယ်. . . နင်ပြောင်းလဲလာတယ်။ နင့်အပြင်ပန်းပုံစံကတော့ ဘာမှမပြောင်းလဲဘူး။ အရင်ကဆို နင်က အရမ်းအမြင်ကတ်ဖို့ကောင်းတယ်။ နင့်ကိုတွေ့လိုက်တိုင်း လက်သီးနဲ့ပဲ ထိုးပစ်ချင်နေတာ။ ဒါပေမယ့်. . . အခုကြတော့ နင်က အမြင်ကတ်စရာမကောင်းတော့ဘဲ . . . နင်. . . က . . .”
ယဲ့ယွဲ့သည်မျက်မှောင်ကြုပ်လိုက်ကာ သူမရင်ထဲရှိ ခံစားချက်များအား ရှင်းရှင်းလင်းလင်းဖော်ပြရန်အတွက်သင့်လျော်သော စကားလုံးများဖြင့်စီကာပတ်ကုံးပြောရန်ကြိုးစားလိုက်သည်။ အချိန်အတော်ကြာအောင်စဉ်းစားလိုက်ပြီးနောက်ပြောလက်စ စကားအား ဆက်ပြောလိုက်၏။
“နင်က အခုကြ အရင်ကနဲ့ မတူတော့ဘူး။ အရမ်းကိုတည်ငြိမ်လာတယ်. . . ဘာလို့ အဲ့ဒီလိုပြောင်းလဲလာတာလဲ။နောက်ပြီး နင့်စိတ်ထဲမှာ အကြောင်းအရာတော်တော်များများကို ဖုံးကွယ်ထားသလိုပဲ။နင့်ကြည့်ရတာတော်တော်ကို ထူးဆန်းနေတယ်”
ရဲရှောင်သူ၏ မျက်ခုံးအား တစ်ချက်ပင့်လိုက်ရင်း ပြုံးမိလိုက်သည်။
ယဲ့ယွဲ့သည်သူ့အားပြောင်းလဲလာသည်ဟုပြောနေချေပြီ။ မှန်ပေသည်. . . သူအမှန်တကယ်ပင်ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ မပြောင်းလဲမှသာ ပို၍ ထူးဆန်းသည်ဟုသတ်မှတ်ရပေမည်။ပြောင်းလဲလာသည်ဟုပြောနေခြင်းသည်သူ့အတွက် အံ့ဩစရာ မရှိပေ။
အကယ်၍ရှောင်ဧကရာဇ်၏ အကျင့်ဗီဇအတိုင်း မဟုတ်ဘဲ ယခင်ရဲရှောင်၏ ပုံစံအတိုင်းနေမိလျှင်သူ အမှန်တကယ်ပင်ငါးပါးမှောက်သွားနိုင်ပေသည်။
ယဲ့ယွဲ့၏ ခန့်မှန်းချက်များသည်သွေးထွက်အောင်ပင်မှန်နေသည့်အတွက် ရဲရှောင်၏ စိတ်ထဲမှပင်သူမအား ကြိတ်၍ ချီးကျုးမိလိုက်သည်။
စုယဲ့ယွဲ့သည်မင်းသမီးတစ်ပါး ဖြစ်သောကြောင့်သာမန်မိန်းကလေးများ၏ ဘဝနှင့်ယှဉ်လျှင်များစွာ ကွာခြားမှု ရှိပေသည်။ သူမ၏ အတွေးအခေါ်၊ အမူအကျင့်၊ စိတ်ခံစားချက်များသည် အခြားသာမန်အညတရ မိန်းကလေးများနှင့်တူနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်သေဆုံးသွားခဲ့ပြီဖြစ်သည့်ယခင်ရဲရှောင်အား သူမအနေဖြင့်အမြင်ကတ်မိနေခြင်းသည်သာမန်မိန်းကလေးများ၏ ခံစားချက်နှင့်အတူတူပင်ဖြစ်သည်။ ယခင်ရဲရှောင်အား မည်သည့်မိန်းကလေးမှ ကြည့်မရကြပေ။
လူတစ်ယောက်သည်ပုံမှန်ပြုမူနေကြပုံစံအတိုင်းမဟုတ်ဘဲ အမူအယာနည်းနည်းလောက်ပြောင်းသွားလျှင်ကို အခြားလူများက သတိပြုမိကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ရဲရှောင်အနေဖြင့်သူ၏ အမူအကျင့်များအား ပြန်လည်သုံးသပ်သင့်ပြီဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်သည်။
သူ၏ ယခင်ဘဝ၌ တစ်ကိုယ်တည်းဘဝဖြင့်အချုပ်အနှောင်မရှိ လွတ်လွတ်လပ်လပ်ဖြင့်ပင်နေထိုင်ခဲ့ပြီး အပူအပန်ကင်းမဲ့စွာဖြင့်ကမ္ဘာအနှံ့ သွားလာခဲ့သည်။
သို့သော်ယခုအချိန်တွင်အရာအားလုံးသည်လုံးဝ ကွဲပြားသွားခဲ့ချေပြီ။ သူ၏ အကျင့်စရိုက်နှင့်ယခင်ရဲရှောင်၏ အကျင့်စရိုက်သည်ပြဒါးတစ်လမ်း သံတစ်လမ်းပင်ဖြစ်၏။ ယခုဘဝတွင်ရှောင်ဧကရာဇ်၏ အကျင့်စရိုက်အတိုင်း ဆက်လက်ပြုမူနေထိုင်ခဲ့မိလျှင်ယခင်ကအပျော်အပါးမက်ပြီး မိန်းမများနှင့်ပျော်ပါးရသည်ကိုမက်မောသည့်သခင်လေးရဲသည်မိန်းမများအား စိတ်မဝင်စားတော့ဘဲ တစ်ကိုယ်တည်းဘဝဖြင့်အဘယ့်အတွက်ကြောင့်နေနေပါသနည်းဟုပင်လူများသည်အံ့ဩကုန်ကြလိမ့်မည်။
ရှောင်ဧကရာဇ်မှန်း သိသွားလျှင်သူ့ကို သတ်ချင်နေသူများအား အခွင့်အရေးပေးမိသလို ဖြစ်နေပေမည်။
ထို့ကြောင့်လူတိုင်း၏ အမြင်တွင်သူ့အား သတိမပြုမိစေရန်အတွက်ယခင်ရဲရှောင်၏ အပြုအမူအတိုင်းပင်ဆက်၍နေထိုင်သင့်ပေသည်။ သို့မှသာ သူ့အတွက်အန္တရာယ်ကင်းနိုင်ပေလိမ့်မည်။
ထို့ပြင်ရှည်လျားလှသော ဘဝခရီးလမ်းအားလျှောက်လမ်းခဲ့ပြီးနောက်တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများအရ ယခင်ဘဝ၌ သူ၏ ဘဝအား အတော်လေးလွဲမှားစွာဖြင့်ပင်နေထိုင်ခဲ့သည်ကို သုံးသပ်မိလိုက်သည်။
သူ့အား ချစ်ခင်မြတ်နိုးသည့်မိန်းကလေးများစွာ ရှိခဲ့သော်လည်း ရဲရှောင်အနေဖြင့်ချစ်ခြင်းမေတ္တာအကြောင်း တစ်လုံးတစ်လေမှ မသိခဲ့၊ နားမလည်ခဲ့ပေ။ အချစ်နှင့်ပက်သက်၍ သူ့အား အရည်အချင်းစစ်လျှင်သူ၏ ရလာဒ်သည်သုညပင်ဖြစ်နေလိမ့်မည်။
သူ၏ ရည်မှန်းချက်ပန်းတိုင်မရောက်သေးသည့်အချိန်တွင်မရေမတွက်နိုင်သော ဒုက္ခများ၊ ပြသာနာများဖြင့်သာ နပန်းလုံးနေရသည့်အတွက်ထိုအချစ်ဆိုသည့်အရာအား သူနားမလည်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့်ရဲရှောင်သည်လေးလေးနက်နက်ဖြင့်ပင်တွေးလိုက်မိလေသည်။
[အချစ်ဆိုတဲ့ အရာက ဘာလဲ သိရအောင်ငါ . . . စမ်းကြည့်သင့်သလား]
ရဲရှောင်အတွက်အချစ်ဆိုသည့်အရာအား တစ္ဆေတစ်ကောင်ကဲ့သို့ကြောက်နေမိစေသည့်အကြောင်းပြချက်မှာ သန့်စင်သော ယန်ကျင့်စဉ်ကို ကျင့်ကြံနေရသောကြောင့်ပင်ဖြစ်လေသည်။
“နင်ဖန်တီးလိုက်တဲ့ ပြသာနာက ခုချိန်ထိကို ဂယက်ထနေတုန်းပဲ။ မူရှန်ဘိုင်ကို နင်မသတ်ဘူးဆိုပေမယ့်လူတော်တော်များများက နင်တို့ ရန်ဖြစ်တာကို မြင်လိုက်တယ်လေ”
စုယဲ့ယွဲ့သည်စိုးရိမ်သည့်လေသံဖြင့်ပြောလိုက်၏။ ရဲရှောင်၏ သတင်းအား စတင်ကြားသိလိုက်ရသည့်အချိန်တွင် သူမအနေဖြင့်အထူးတလည်မခံစားမိခဲ့ပေ။ရဲရှောင်သေသွားသည်ဖြစ်စေ အသက်ရှင်ခဲ့သည်ဖြစ်စေ သူမအပေါ် မည်သည့်သက်ရောက်မှုမှ ရှိလိမ့်မည်မဟုတ်ချေ။ ငယ်သူငယ်ချင်းဆိုသည့် သံယောဇဉ်ကြောင့်သာ ရဲရှောင်အပေါ် သနားသည့်စိတ်အနည်းနည်းငယ်ဝင်ခဲ့မိရုံမျှအပ အခြားခံစားချက်မခံစားရခဲ့ပေ။ သို့သော်ယခုအခါတွင်မူ ရဲရှောင်အပေါ် သူမ ဂရုစိုက်နေမိလေပြီ။
အဘယ့်အတွက်ကြောင့်ယခုကဲ့သို့ပြောင်းလဲသွားရသည်ကို သူမကိုယ်တိုင်လည်း နားမလည်နိုင်အောင်ဖြစ်နေလေသည်။
ယခင်က သူမအတွက်အရေးမပါခဲ့တဲ့ လူတစ်ယောက်သည်ရုတ်တရက်ဆိုသလိုပင်အရေးပါ အရာရောက်သည့်လူတစ်ယောက်ဖြစ်လာခဲ့သည်။
ဘယ်အရာကြောင့်သူမ ယခုလိုပြောင်းလဲသွားရပါသနည်း။
“နင့်အခု ရင်ဆိုင်နေရတဲ့ အခြေအနေက အရမ်းကို အန္တရာယ်များတဲ့ အခြေအနေဖြစ်နေပြီ”
ယဲ့ယွဲ့သည်ရဲရှောင်အား အကြင်နာအရိပ်အယောင်များ ပြည့်နှက်နေသည့်မျက်ဝန်းများဖြင့်ကြည့်လိုက်ရင်းပြောလိုက်၏။
“အင်း . . . ငါသိတယ်”
ရဲရှောင်ခေါင်းညိတ်ပြလိုက်ရင်း –
“တကယ့်ကိုဘေးကြပ်နံကြပ်အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာကို ငါသိတယ်။ တခြား မင်းညီမင်းသားတွေက ထီးနန်းလုဖို့အတွက်ပဋိက္ခတွေဖြစ်နေကြတဲ့အချိန်တော်ဝင်မျိုးနွယ်စုတွေကပါ ကြားထဲကနေ ဝင်စွက်ဖက်နေကြတယ်။ ဒီကြားထဲ အစွမ်းထက်တဲ့ဆေးလုံးတွေကြောင့်သိုင်းပညာထိပ်သီးဂိုဏ်းကြီးတွေကလည်း ပြန်ပေါ်လာကြပြီ။ အဲ့ဒီလို ဖြစ်နေရတဲ့ကြားထဲမှာမှ ငါ့ပြသာနာက ထဖြစ်တော့ အခြေအနေတွေက ပိုဆိုးကုန်တာပေါ့ . . .”
“နင်ပြောတာ မှန်တယ်. . . နင်ရှေ့ဆက်ဘာလုပ်ဖို့ စိတ်ကူးထားလဲ”
စုယဲ့ယွဲ့သည်စိုးရိမ်မှုအပြည့်ဖြင့်ရဲရှောင်အားမေးလိုက်သည်။
“ငါ့အဖေကို ပြောပြီး နင့်ကို ကာကွယ်ဖို့ ကိုယ်ရံတော်တပ်ဖွဲ့တစ်ဖွဲ့ လွှတ်ခိုင်းလိုက်မယ်။ ပြီးရင်မြို့ထဲကနေ ထွက်ပြီးမြောက်ပိုင်းကို နင်ထွက်သွားလိုက်တော့။ ဒီအရှုပ်တွေကြားကနေ နင်တိမ်းရှောင်နေလို့ ရတာပေါ့”
ယဲ့ယွဲ့၏ စကားကြောင့်ရဲရှောင်အချိန်အတော်ကြာအောင်စဉ်းစားလိုက်ပြီးနောက်တည်ငြိမ်သောလေသံဖြင့်ပြန်ပြောလိုက်လေသည်။
“ယောက်ျားတစ်ယောက်အနေနဲ့ ကြုံတွေလာတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ သတ္တိရှိရမယ်။ ဒီ ပြသာနာတွေကြားထဲကနေ ငါဘယ်လို ထွက်ပြေးရှောင်တိမ်းနိုင်မှာလဲ။ အခြေအနေတွေက ပိုပိုပြီး အန္တရာယ်ရှိလာလေလေ ပြသာနာတွေကိုဖြေရှင်းနိုင်တဲ့ ငါ့အစွမ်းအစတွေက ပိုတိုးတက်လာလေလေပဲ။ တကယ်လို့သာ ဒီကိစ္စကို ငါဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်ငါ့ကိုယ်ငါ ပြန်ပြုပြင်နိုင်မှာသေချာပေါက်ပဲ။ အဲ့ဒီလိုမှ မဟုတ်ဘဲ အရာရာကိုတွေးကြောက်ပြီးနောက်လှည့်ပြန်သွားခဲ့မိရင်ငါ့ဘဝမှာအောင်မြင်မှုဆိုတာ ဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်ဘူး။ ငါ့ကို ဂရုစိုက်တဲ့သူတွေနဲ့ ငါဂရုစိုက်ရတဲ့လူတွေကိုတောင်မကာကွယ်ပေးနိုင်ဘူးဆိုရင်ငါက သုံးစားမရတဲ့ အရူးတစ်ယောက်သာသာပဲ ဖြစ်သွားလိမ့်မယ်။ လူတွေက အခက်အခဲတွေနဲ့ ကြုံတွေ့ရပြီဆိုရင်ညည်းညူကြတယ်စိတ်ပျက်ကြတယ်။ ဒါပေမယ့်တကယ်တမ်းကြတော့ အဲ့ဒီ ပြသာနာတွေ ၊ အခက်အခဲတွေဆိုတာ လူတွေအတွက်အောင်မြင်မှုတွေကို ရှာဖွေပေးနိုင်တဲ့သော့ချက်ပဲ”
ရဲရှောင်သည်သူ၏ နှုတ်ခမ်းများကွေးသွားအောင်ပင်ပြုံးလိုက်ရင်း –
“ငါက အရမ်းငယ်သေးတယ်ဆိုပြီး ဘယ်အရာကိုမှအောင်မြင်အောင်မလုပ်နိုင်သေးဘူးဆိုရင်ငါသေတဲ့အခါကြနောင်တတွေ တပွေ့တပိုက်နဲ့သေရလိမ့်မယ်။ အဲ့ဒီအတွက်ငါသေသွားခဲ့ရင်နောင်တတွေရပြီး မသေချင်ဘူး”
ထိုစကားများအား ရဲရှောင်ပြောလိုက်သည့်အချိန်တွင်သူအကြိမ်အခါအခါ မြင်ဖူးခဲ့သည့်ရင်းနှီးခဲ့သည့်မျက်ဝန်းတစ်စုံသည်သူ၏ အတွေးအာရုံထဲတွင်ရုတ်တရက်ပေါ်လာခဲ့သည်။ထိုမျက်ဝန်းများသည်ရီဝေနာကျင်စွာဖြင့်သူ့အား ကြည့်နေသယောင်ခံစားလိုက်ရသည်။
ရဲရှောင်၏ နှလုံးသားတစ်ခုလုံး ဝမ်းနည်းကြေကွဲမှုများဖြင့်ပြည့်နှက်သွားပြီး သူ၏ မျက်လုံးများအား နာကျင်စွာဖြင့် မှိတ်လိုက်သည်။ ထိုမျက်ဝန်းတစ်စုံအား မြင်ယောင်မိတိုင်း သူ အလွန်အမင်းပင် နာကျင်ခံစားရသည်။
စုယဲ့ယွဲ့၏ မျက်နှာသည်ရှက်ရွံ့စိတ်ကြောင့်နောက်တစ်ကြိမ်နီမြန်းသွားခဲ့ရပြန်လေပြီ။
ရဲရှောင်ပြောလိုက်သည့်စကားများအား ကြားလိုက်ရပြီးနောက်သူမ တစ်ယောက်တည်း အတွေးနယ်ချဲ့လိုက်မိသည်။
[ဘာကိုလဲ . . . သူဘာအဓိပ္ပါယ်နဲ့ပြောနေတာလဲ။ ပြသာနာတွေ အခက်အခဲတွေကို သူဖြေရှင်းနိုင်ခဲ့ရင်ဆိုတဲ့အထိ သူပြောနေတာကို ငါနားလည်တယ်။ သူ့ကို ဂရုစိုက်တဲ့သူတွေနဲ့ သူက ဂရုစိုက်တဲ့သူဆိုတာကိုတော့ ငါနားမလည်တော့ဘူး။ သူဂရုစိုက်တဲ့သူဆိုတာ ဘယ်သူ့ကိုပြောနေတာလဲ။ အရမ်းငယ်သေးတယ်. . .သေရင်လည်းနောင်တရပြီး မသေချင်ဘူးတဲ့ . . . သူဘာအကြောင်းတွေပြောနေတာလဲ။ ဘယ်သူ့ကို ရည်ရွယ်ပြီးပြောနေတာလဲ။ ငါ့ကိုများ . . . ငါ့ကိုများ . . .ပြောနေတာလား]
ယဲ့ယွဲ့တစ်ယောက်ထိုကဲ့သို့တွေးမိလိုက်ရုံလေးဖြင့်ဗုံများဆူညံစွာ တီးနေသကဲ့သို့ပင်ရင်ခုန်သံများသည်ဗြောင်းဆန်သွားပြီး သူမ၏ နှလုံးသားတစ်ခုလုံး ရင်ဘတ်ထဲမှ ပွင့်အန်ကျသွားမတတ်ပင်ခံစားလိုက်ရလေသည်။ ရှက်ရွံ့ခြင်း ၊ပျော်ရွှင်ခြင်း ၊ ကြည်နူးခြင်း စသည့်ခံစားချက်များအား တစ်ပြိုင်နက်တည်းပင်သူမခံစားလိုက်ရသည်။ သူမ၏ ခံစားချက်များအား ရဲရှောင်မရိပ်မိစေရန်အတွက်တတ်နိုင်သမျှ ကြိုးစား၍ ထိန်းလိုက်ပြီးဒေါသထွက်နေသည့်လေသံမျိးဖြင့်ပြောလိုက်သည်။
“အိုးး . . .တော်ပါပြီ . . . နင့်ကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါခန့်မှန်းမိသလောက်နင်အဓိပ္ပါယ်မရှိတဲ့ စကားတွေလျှောက်ပြောနေပြန်ပြီ။တော်ပြီ . . . ငါပြန်တော့မယ်။ နင့်ဆီက အဓိပ္ပါယ်မရှိတဲ့ အရေမရ အဖတ်မရ စကားတွေ မကြားချင်တော့ဘူး။ နင်က အရမ်းစိတ်ပျက်ဖို့ကောင်းတယ်”
ယဲ့ယွဲ့သည်အရှက်ပြေပြောလိုက်ရင်း အိမ်ပြန်ရန်အတွက်တံခါးနားသို့လျှောက်သွားလိုက်သည်။
ရဲရှောင်၏ အနားမှ ထွက်ခွာသွားနိုင်သော်လည်း ယဲ့ယွဲ့တစ်ယောက်သူမ၏ ရင်ခုန်သံများမှ လွတ်မြောက်နိုင်ပါမည်လော . . .