Chapter – 19 ထူးဆန်းသည့် ပစ္စည်း
တစ်နေ့တာ ထပ်မံအစပြုရန် နေလုံးနီကြီးမှာ တိုင်ဟန်းတောင်တန်းများ၏ ကောင်းကင်ယံကို ပန်းရင့်ရောင် ဆိုးရန် တစ်ဖန်မြင့်တက်လာသည်။ နွားဝါသည် ရုတ်တရက် စိတ်ရိုင်းဝင်သွားကာ အော်ဟစ်နေလေသည်။ သူသည် ချူဖုန်းကို ခြံဝင်းထဲက ထွက်လာရန် အတင်းတွန်းထုတ်နေလေသည်။
ချူဖုန်း၏အိမ်သည် ချင်းရန်ရွာ၏ အရှေ့စွန်းပိုင်းတွင် တည်ရှိသည်။ ခြံဝင်း၏ အပြင်ဘက်တည့်တည့်တွင် အသီးပင်များရှိသည့် တောအုပ်ရှိသည်။ ဤနေရာမှ ကြည့်လျှင် အဝေးမှ တိုင်ဟန်းတောင်တန်းကြီးကို မြင်တွေ့နိုင်သည်ပင်။
နွားဝါ သစ်ခွခြံထဲသို့ အတင်းတိုးဝင်သွားသည်။ သူသည် ခုန်ပေါက်ကာ ချူဖုန်းရှေ့မှ ပြေးသွားသည်။
ချူဖုန်း သူ့နောက်ကို အမှီလိုက်နေရသည်။ သူ မိုင်ကုန်ပြေးနေသော်လည်း ရွှေနွားပေါက်၏ အရှိန်ကို လိုက်မမီနိုင်သေး။
ပုံမှန်ဆိုလျှင် နွားတစ်ကောင်သည် နှေးတိနှေးတုံ့သာ သွားမည်ဖြစ်ပြီး ဤသည်မှာ နွားတစ်ကောင်၏ စရိုက်လက္ခဏာပင်။ သို့သော် ဤ ၁ မီတာအမြင့်ရှိသည့် နွားပေါက်လေးကတော့ သတ်မှတ်ချက်အားလုံးနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူသည် ကျားသစ်တစ်ကောင်၏ သက်လုံနှင့် အရှိန်တို့ကို ပိုင်ဆိုင်ထားသည်။
နွားသည် သစ်ခွတောကို ဖြတ်ပြေးနေပြီး နောက်ဆုံးတွင်တော့ သစ်ခွခြံကိုကျော်လာကာ ကွင်းပြင်တစ်ခုသို့ ရောက်လာသည်။
သူ့တို့ရှေ့ တွင် တောင်ကုန်းလေးတစ်ခုရှိနေပြီး ထိုတောင်လေးတွင် မြူဆိုင်းနေသည်။
ထိုတောင်ကုန်းသည် လွန်ခဲ့သောရက်အနည်းငယ်ကမှ ထွက်ပေါ်လာခြင်းပင်။
အစောပိုင်း ထွက်ပေါ်လာခဲ့သည့် တောင်တန်းများနှင့် ယှဥ်လျှင် ဤ မီတာ၂၀၀ မြင့်သော တောင်ကုန်းလေးမှာ လူပုလေးအရွယ်သာ ရှိသည်။
နွားဝါသည် လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ဤတောင်ကုန်းကို တောက်လျှောက် စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး ယနေ့မှ လှုပ်ရှားလာခြင်းပင် ဖြစ်သည်။
ဤသည်မှာ ချူဖုန်း အံ့အားသင့်သွားစေသည်။ ဒါက ဒီနွားဝါ တစ်ချိန်လုံး စောင့်ကြည့်နေတဲ့ ပစ်မှတ်များလား…
“မူး…”
နွားဝါ အသံသြသြဖြင့် အော်မြည်လိုက်သည်။ ဤမိုးကြိုးကဲ့သို အော်မြည်သံမှာ သူ့၏ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို ပြသသော သင်္ကေတပင် ဖြစ်သည်။ အရင်ရက်များက ငြိမ်နေခဲ့သလောက် ယခုတော့ လှုပ်ရှားနေလေပြီ။
ဤတောင်ကုန်းပေါ်တွင် ထူးဆန်းသောမြက်ပင်များနှင့် ရှေးခေတ်သစ်ပင်ကြီးများလည်း မရှိသကဲ့သို့ တောရိုင်းကောင်များနှင့် ငှက်များလည်း မရှိကြ။ ဤတောင်ကုန်းမှာ တောင်အားလုံးထဲတွင် အရိုးရှင်းဆုံးနှင့် မထင်ရှားဆုံးသောတောင်တစ်ခုပင်။ သို့သော် သူ့ထံ၌အမြင်အာရုံကို ဖမ်းစားနေသည့် အရာတစ်ခုရှိနေသည်။ ဤသည်မှာ ထိုတောင်ကုန်းထိပ်ပေါ်မှ အဖြူရောင်အခိုးအငွေ့များပင်။
နွားဝါသည် ထိုတောင်ကုန်းကို စိတ်အားထက်သန်စွာ ရပ်ကြည့်နေလေသည်။ သူသည် တစ်ခုခုဖြစ်ပေါ်လာမည်ကို စောင့်မျှော်နေသည့်ပုံပင်။
ချူဖုန်း သိချင်သော်လည်း မမေးတော့ပဲ သူလည်း ရွှေနွားပေါက်၏နံဘေးတွင် တည်ငြိမ်အေးဆေးစွာ မလှုပ်မယှက် ရပ်နေလိုက်သည်။
မြင့်တက်လာသော နေမင်းမှာ အလွန်ပင် နီရဲတောက်ပနေသည်။ သူ ထင်ယောင်ထင်မှားဖြစ်နေခြင်းလား မသိသော်လည်း မနက်အလင်းရောင် သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်နှင့် သူသည် မပြောပြနိုင်သော သက်သောင့်သက်သာရှိမှုနှင့် သွက်လက်မှုတို့ကို ခံစားနေရသည်။
တစ်လောကလုံး တက်ကြွအားပြည့်နေသလိုဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။
မနက်လင်းရောင်ခြည်မှာ ရုတ်တရက်ပင် အစွမ်းကုန်ထွန်းလင်းတောက်ပလာပြီး နေရောင်ခြည်မှာ ပို၍ပင် သန့်ရှင်းစင်ကြယ်လာသည်။ နေရောင်ခြည်သည် လောကကြီး၏ နေရာအနှံ့ကို ဖြန့်ကျက်ပေးနေသည်ပင်။
ထိုအချိန်တွင် တိုင်ဟန်းတောင်တန်းဒေသရှိ တောင်တန်းများလည်း တလက်လက်တောက်ပလာသည်ကို သူတွေ့လိုက်ရသည်။ ထိုရောင်ခြည်များသည် တောင်တန်းမှ စုထွက်လာကာ ကောင်းကင်ယံသို့ ထိုးဖောက်နေလေ၏။
“ပြည့်လျှံနေတဲ့ အားအင်တစ်ခုက ငါ့ခန္ဓာကိုယ်နဲ့ ငါ့ပတ်ဝန်းကျင်ထဲ စိမ့်ဝင်နေတာကို ငါခံစားလို့ရနေတယ်” ချူဖုန်း တီးတိုးပြောလိုက်သည်။
ထိုအရာမှာ တောင်တန်းကြီးများဆီမှ ဖြာထွက်လာသော အရာဖြစ်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေပြင်တစ်ခုလုံးကို လွှမ်းခြုံနေသည်။ ဤပတ်ဝန်းကျင်၌ နေထိုင်သည့်သူများအားလုံး သန့်ရှင်းစင်ကြယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
နွားဝါမှာ ယခုထိ ငြိမ်နေဆဲပင်။ သူ့အပေါ်ကျရောက်လာသည့် နေရောင်ခြည်တို့ကို သူစိတ်မဝင်စား။ ထိုတောင်ကုန်းကိုသာ စိုက်ကြည့်နေလေသည်။
ထို့နောက် တောင်ကုန်းသည် ရုတ်တရက် တုန်လှုပ်လာကာ မြူခိုးအငွေ့လိပ်လိုက်ကြီး ပေါက်ကွဲထွက်လာလေ၏။
“မူး…”
နွားဝါ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် ဘာကိုမှ ဂရုမစိုက်ပဲ တောင်ကုန်းလမ်းမှတစ်ဆင့် တောင်ကုန်းထိပ်သို့ အမြန်တက်သွားလေသည်။ တောင်ထိပ်၌ လှိုဏ်ဂူတစ်ခု ရှိနေသည်။ ယခင်က နွယ်ပင်၊ ချုံပင်များ ဖုံးအုပ်နေသောကြောင့် မမြင်ရသော်လည်း ယခု အလင်းရောင်များပေါက်ကွဲထွက်လာသည့်အချိန်တွင်တော့ ထိုဂူကို မြင်နေရပြီဖြစ်သည်။
နွားဝါသည် ဂူထဲသို့ ပျော်ရွှင်စွာ ပြေးဝင်သွားလေသည်။ ချူဖုန်းလည်း သူ့နောက်လိုက်ကာ ဂူအတွင်းနက်ပိုင်းသို့ ဝင်သွားလိုက်သည်။
လှိုဏ်ဂူအတွင်းရှိလမ်းကြောင်းမှာ ပုဆိန်ဖြင့် မသေမသပ် ဖောက်ထားသော လမ်းဖြစ်သည်။ ဒီလမ်းကြောင်းမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း မဟုတ်ပဲ မသိနိုင်သည့် ခေတ်တစ်ခုခုမှ တစ်ယောက်ယောက်က ရှေးခေတ်လက်နက်ဖြင့် ဖောက်ထားခြင်းပင်။
လှိုဏ်ဂူထဲတွင် တိမ်ငွေ့များဖြင့် ပြည့်နေသည်။ မနက်လင်းရောင်ခြည်လည်း မြူခိုးများကြား ထိုးဖောက်နေသောကြောင့် အစစ်အမှန်မဆန်သည့် မြင်ကွင်းမျိုး ဖြစ်ပေါ်လာသည်။ အကယ်၍ ဤဂူသည် သဘာဝအတိုင်း ဖြစ်သော လှိုဏ်ဂူတစ်ခုဖြစ်သည်ဆိုလျှင် ဂူတွင်းလမ်းမှာ အဘယ်ကြောင့် ထူးခြားဆန်းကြယ်ပုံ ပေါက်နေသနည်း။
ဤပတ်ဝန်းကျင်တွင် သူ့အားအင်များ တိုးပွားလာသည်ကို ချူဖုန်း ခံစားရသည်။ သူ့ခန္ဓာကိုယ်ကို ဂူတွင်းရှိ ဆန်းကြယ်သော အရာများမှ အားဖြည့်ပေးနေသလို ခံစားနေရသည်။
အဲဒါက ဘာကြီးလဲ…
ရုတ်တရက် တစ်စုံတစ်ခု သူ့အာရုံကို ဖမ်းစားလိုက်၏။ ဤသည်မှာ ကျောက်နံရံ၌ တွယ်ကပ်နေသည့် ငွေဖြူရောင်ခန္ဓာကိုယ်ရှိသည့် မြွေအသေးလေးပင်။ သို့သော် ရွှေနွားပေါက်သည် ထိုမြွေကို အကောင်လိုက် မျိုချလိုက်လေ၏။
အသားစားနွားလား…
မဟုတ်ဘူး… ဤသည်မှာ သာမန်မြွေ မဟုတ်ကြောင်း သူ သတိထားမိသွားသည်။ ထိုမြွေ၏ကိုယ်ပေါ်မှ မွှေးရနံ့သင်းပျံ့နေပြီး ရွှေနွားပေါက် သူ့ကို ပါးစပ်ထဲ ထည့်လိုက်သည့်အချိန်တွင် အဖြူရောင်မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီး လေထဲပျောက်သွားလေသည်။
ဒါ မြွေမဟုတ်ဘူး…
နွားဝါသည် လှိုဏ်ဂူတွင်း လမ်းကြောင်းအဆုံး၌ ရှိနေသည့် အလင်းရှိရာသို့ ဦးတည်သွားနေသည်။
ချူဖုန်း နွားဝါနောက်မှ ထပ်ကြပ်မကွာ လိုက်သွားသည်။ သူတို့ ဂူအတွင်း၌ သွားနေသည့်အကွာအဝေးမှာ တောင်တစ်လုံး၏အကွာအဝေးထက် ကျော်လွန်နေပြီဟု ချူဖုန်း ခံစားလိုက်ရသည်။ ထို့အပြင် ခရီးလမ်းတစ်လျှောက်တွင် အကွေ့အပတ်၊ အချိုးအကွေ့၊ အတက်အဆင်းလမ်းများ မရှိ၊ တစ်ပြေးညီသာ ဖြစ်သည်။
“အပြိုင်စကြဝဠာ…” ဤသည်မှာ ချုဖုန်း ခေါင်းတွင် ပထမဆုံး စဥ်းစားမိသည့် စကားလုံးပင် ဖြစ်သည်။
လမ်းတစ်လျှောက်တွင် ချူဖုန်း ငွေဖြူရောင်မြွေများကို ထပ်တွေ့ခဲ့ရသည်။ အချို့မြွေများကို ဖမ်းကာ သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ သူသည် နတ်ပြည်ကို ရောက်လာပြီး မသေမျိုးနတ် ဖြစ်သွားသကဲ့သို့ ခံစားနေရပြီး သူ့ခန္ဓာကိုယ်မှာ ပေါ့ပါးကာ အားအင်ပြည့်လာသည်။
ဒါက အခိုးအငွေ့တွေပဲလား.. ချူဖုန်း အံ့အားသင့်သွားရသည်။ ဤမြွေထဲတွင် လူတို့ကို အားအင်တက်ကြွစေနိုင်သည့် ထူးခြားသည့်အရာတစ်ခုခု ပါမည်မှာ သေချာသည်။ ဤသည်မှာ တကယ်ကိုပင် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးသော အရာပင်ဖြစ်သည်။
နောက်ဆုံးတွင် သူတို့ လမ်းဆုံးသို့ ရောက်သွားကြလေပြီ။ ထိုနေရာတွင် ဆန်းကြယ်ပြီး မသိမမြင်နိုင်သည့် အရာတစ်ခုခုကို တိမ်နှင့် အမှောင်ဖုံးထားသကဲ့သို့ ဖြစ်နေသည်။
နွားဝါသည် တစ်ချက်အော်ပြီးနောက် ပြတ်သားစွာဖြင့် ထိုတိမ်တိုက်ထဲ တိုးဝင်သွားလေသည်၊ ချူဖုန်းလည်း သူ့နောက်မှ လိုက်သွားလိုက်သည်။
နောက်တစ်စက္က့န်တွင် နွားဝါ အံ့အားသင့်သွားရပြီး ချူဖုန်းလည်း ညှိုးစားခံနေရသကဲ့သို့ ဖြစ်သွားသည်။ သူတို့ နှစ်ဦးလုံးသည် ယုံကြည်ရန် ခက်ခဲပြီး အမှန်တကယ် ရှိသည်ဟုပင် မထင်ရသည့် တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။
သူတို့ရှေ့၌ ရှိနေသည်မှာ ကြီးမားလှသည့် ဂြိုလ်ကြီးတစ်လုံးပင် ဖြစ်သည်။ ထိုနေရာမှာ ကျယ်ပြောကာ အဆုံးအစမရှိချေ။ ထိုဂြိုလ်သည် တစ်ဖြည်းဖြည်းချင်း လည်ပတ်နေလေ၏။ အရာအားလုံးမှာ ရုတ်တရက်ဆန်လွန်းလှသည်။
ဒါ ဘယ်နေရောလဲ…
သူတို့ အာကာသအပြင်ဘက် ရောက်သွားတာလား.. မဟုတ်ရင် ဒီလည်နေတဲ့ ဂြိုလ်ကြီးက ဘယ်ကနေ ရောက်လာတာလဲ…
နွားဝါမှာ အံ့အားသင့်နေပြီး ချုဖုန်းမှာတော့ ကြောက်ရွံ့နေလေသည်။ အရာအားလုံးမှာ ရုတ်တရက်ဆန်လွန်းကာ ယုတ္တိမရှိဖြစ်နေသည်။ ရိုးရိုးသာမန်တောင်ကုန်းအပေါက်ကို ဝင်လာလိုက်တာ ခုလိုနေရာမျိုးကို ရောက်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ…
ကမ္ဘာမြေဆွဲအားမှာ မရှိတော့ပုံပေါ်သော် သူတို့ သတိမထားမိသေး။
“ငါတို့ အနီးကပ်သွားကြည့်ရင် အဲဒီဂြိုလ်ကို ထိနိုင်လောက်လား” ချူဖုန်းသည် အိပ်မက်ယောင်နေသည့်သူကဲ့သို့ ပြောလိုက်သည်။
ဤသည်မှာ ရှေးဟောင်းဂြိုလ်တစ်ခုပင်။ ဤဂြိုလ်သည် အာကာသရှိ အခြားဂြိုလ်များကဲ့သို့ လည်ပတ်နေသော်လည်း သူ၏လှည့်ပတ်မှုမှာ မသိသာ။
ထို့နောက် ဂြိုလ်မှ မြူခိုးငွေ့များ ထွက်လာကာ ချူဖုန်းရပ်နေသည့် အပေါက်ဝဘက်သို့ ဦးတည်လာနေလေသည်။ ထို့နောက် ထိုမြူများ လှိုဏ်ဂူအတွင်း၌ ပျံ့နှံ့သွားသည်။
“သတိထား.. ငါတို့ဆီ တစ်ခုခုလာနေတယ်” ချူဖုန်း သတိပေးအော်ဟစ်လိုက်သည်။
မြူခိုးငွေ့အပြင် အခြားအရာတစ်ခုလည်း သူတို့ဆီ ရွေ့လျားလာနေသည်။
“ဟမ် ငွေရောင်မြွေလား” သူ မြင်လိုက်ရသည်မှာ မြွေပုံစံအဖြစ် ဖွဲ့စည်းထားသော ထူးဆန်းသောအရာတစ်ခုပင်။
နွားဝါ သူ့ပါးစပ်ကိုဟကာ ထိုမြွေကို အကောင်လိုက် မြိုချလိုက်သည်၊ ချူဖုန်းလည်း မြိုချလိုက်သည်ပင်။ ဤသည်မှာ မြွေအစစ်မဟုတ်ပဲ မြွေပုံစံရှိသည့် ဆန်းကြယ်သောအရာဖြစ်ကြောင်း သူသိသည်။
ဒီမှာ ဘာလို့ ဂြိုလ်တစ်လုံးရှိနေတာလဲ… သူတို့က အာကာသအပြင်ဘက် လေဟာနယ်ထဲမှာ ရပ်နေတာလား… ယခုချိန်တွင် ချူဖုန်းသည် ဤကဲ့သို့သောမေးခွန်းမျိုးကို မတွေးနိုင်တော့။ နှစ်ယောက်သားမှာ ထိုဆန်းကြယ်သောအရာတို့ကို ဖမ်းယူ စားသုံးရင်း အလုပ်များနေကြသည်။
နောက်ဆုံးတွင် သူတို့ဗိုက်များ ဖောင်းကားလာကာ ဗိုက်ပေါက်ထွက်တော့မလိုပင် ခံစားလာရသည်။ ထိုအခါမှသာ ဖမ်းယူစားသောက်ခြင်းကို ရပ်တန့်လိုက်ပြီး သူတို့၏ အိမ်ပြန်ခရီးကို မပြန်ချင်ပြန်ချင်နှင့် စတင်လိုက်ကြလေသည်။
သူတို့ ထိုလိုဏ်ဂူအတွင်းမှ ထွက်လာသည်နှင့် ကမ္ဘာကြီး ပြောင်းလဲသွားသလို၊ တစ်ဘဝတာ အချိန် ကုန်ဆုံးသွားသလို ချူဖုန်း ခံစားလိုက်ရသည်။ သူတို့ ဘယ်ရောက်နေခဲ့ကြတာလဲ…
ရုတ်တရက် ကမ္ဘာမြေကြီး စတင် တုန်လှုပ်လာပြီး တောင်တန်းများလည်း ယိမ်းယိုင်လာသည်။ တောင်ကုန်းလည်း တုန်ခါကာ အက်ကွဲကြောင်းများ ပေါ်လာသည်။
နွားဝါသည် တောင်အောက်သို့ အလျင်အမြန် ပြေးဆင်းသွားလေသည်။
ချူဖုန်းသည် ဗိုက်ပြည့်ဖောင်းကားနေအောင် စားထားသောကြောင့် ပြေးခြင်းသည် သူ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် သူသည် နွားပေါက်၏ ဦးချိုတစ်စုံကို ဆွဲကိုင်ကာ သူ့ကျောပေါ်တွင် လိုက်စီးသွားလေ၏။
နွားဝါသည် စိတ်တိုတိုဖြင့် နောက်လှည့်ကြည့်လိုက်သော်လည်း ယခုအချိန်တွင် ဤနေရာမှာ ဆက်နေရန် မသင့်တော်တော့။ သူသည် ချူဖုန်း ပြုတ်ကျသွားအောင် လှုပ်ရမ်း၊ ဝင်ဆောင့်၊ ခါချ၊ လွှဲချ နေသော်လည်း အလုပ်မဖြစ်။ သူသည် ချူဖုန်း၏ စီးတော်ယာဉ်အဖြစ် ခစားကာ တောင်အောက် ဆင်းသွားရတော့သည်။
သူတို့ ထိုတောင်ကုန်းမှ ဝေးသထက်ဝေးလာသည်နှင့် ထိုတောင်ကုန်းသည် အသံကျယ်ဖြင့် ပေါက်ကွဲသွားကာ ဖုန်မှုန့်အပုံလိုက်အဖြစ် ပြိုကျသွားလေ၏။
သို့သော် ထိုသို့ပြိုကျနေစဥ်အတွင်း မြူခိုးလိပ်များသည် လှိုင်းထန်သော ပင်လယ်လှိုင်းကဲ့သို့ အထက်ကောင်းကင်ကို မြင့်တက်သွား လေသည်။
ထိုမြူခိုးလိပ်နှင့် ဖုန်မှုန့်များသည် ဘယ်လောက်ကြာကြာ ပျံ့နှံ့ပြီးမှ ပျောက်ကွယ်သွားသည်ကို ဘုရားသာ သိလိမ့်မည်။
နွားဝါသည် ခေါင်းဝပ်ကာ ဖုန်ထူသောမြေကြီးပေါ်တွင် ဒယိမ်းဒယိုင်ဖြစ်နေလေ၏။ ဖုန်မှုန့်နှင့် မြူခိုးတို့ အနည်ကျ ငြိမ်သက်သွားသည့်အချိန်မှ သူသည် သတိကြီးကြီးဖြင့် တောင်ကုန်းဘေးဘက်ကို ဆက်သွားလိုက်သည်။
ချူဖုန်းလည်း သူနှင့်အတူ လိုက်ပါလာသည်။ ထိုနေရာ၌ ကျောက်တုံးနှင့်သဲမှုန့်များသာ ရှိတော့သည်။ တောင်တစ်ခုလုံးမှာ လုံးဝ ပြိုကျသွားပြီး ဘာမှ မကျန်တော့။ လှိုဏ်ဂူနှင့် အပြိုင်စကြဝဠာတို့မှာ ဘယ်မှာမှ ရှာမရတော့ပေ။
“ဘယ်လိုလုပ် ဒီလိုနေရာမျိုး ရှိနေတာလဲ.. ပြီးတော့ ဘယ်လိုလုပ် အာကာသအပြင်ဘက်နဲ့ ဆက်စပ်နေတာလဲ…” ချူဖုန်း သံသယများ၊ မေးခွန်းများဖြင့် ပြည့်နှက်နေသည်။
နွားဝါ ပြန်မဖြေ။ သူတို့ ခြံဝင်းထဲ ပြန်ရောက်သည်နှင့် နွားဝါသည် အသက်ရှူလေ့ကျင့်ခန်းကို တန်းလုပ်ကာ ယခုတစ်စ်ခါတော့ အချိန်ပိုကြာသည်။
ချူဖုန်းလည်း နွားပေါက်နှင့်အတူ လေ့ကျင့်ခန်းလိုက်လုပ်သည်။ ယခုတစ်ခေါက်တော့ မတူညီသည့် အတွေ့အကြုံကို ခံစားရသည်။ လေ့ကျင့်ခန်းလုပ်နေစဥ် သူ့တစ်ကိုယ်လုံး ချွေးထွက်ကာ စိုစွတ်နေသည့်အပြင် သူ့စိတ်လည်း မူးရစ်လာပြီး အိပ်ချင်သလို ဖြစ်လာသည်။
သူ ဘယ်လောက်ကြာမှ နိုးလာသည်ကို ဘုရားသိသည်။ သူ နိုးလာသည့်အချိန်တွင် သူ့နှလုံးမှာ ဗုံတီးနေသကဲ့သို့ ခုန်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။
ထို့နောက် သူ့မျက်လုံးအမြင်အာရုံလည်း သိသိသာသာပင် ပိုကောင်းလာသည်ကို သတိထားမိသွားသည်။ သူသည် ဟိုးအဝေး တောင်ထိပ်ပေါ်ရှိ ကျားသစ်ကြောင်၏ အရိပ်ကိုတောင် သေသေချာချာ မြင်ရသည်။ ဤသည်မှာ ယခင်ကဆိုလျှင် ဘယ်လိုမှ မဖြစ်နိုင်သောအရာပင်။
ဒီပြောင်းလဲမှုများမှာ ချူဖုန်းကို ထိတ်လန့်သွားစေသည်။ သူ့ခန္ဓာကိုယ်မှာ ချွေးအလွန်အကျွံထွက်ထားသောကြောင့် နံစော်နေသည်။ တစ်ချိန်တည်းတွင် ဗိုက်လည်း အလွန်ဆာလောင်နေသည်။ ဗိုက်စာလွန်း၍ နွားတစ်ကောင်လုံးကိုတောင် စားနိုင်သည့် အနေအထား ရှိသည်။
သူ ရွှေနွားပေါက်ကို တစ်ချက်ကြည့်လိုက်သည်။ နွားပေါက်လည်း အသိတရား ပြန်ဝင်လာပြီပြီး သူ့ကို မျက်လုံးစိမ်းဖြင့် စိုက်ကြည့် နေလေ၏။ နွားပေါက်လည်း သူ့ကို အကောင်လိုက်မျိုချတော့မည့် အကြည့်ဖြင့် ကြည့်နေခြင်းပင်။
ချူဖုန်း ရေချိုးခန်းထဲ ပြေးဝင်သွားပြီးနောက် ညစာစားပွဲပေါ်သို့ အစားအစာများကို တင်ကာ အားရပါးရစားလေတော့သည်။
ထိုအချိန်တွင် ရွှေနွားပေါက်လည်း မြက်များ၊ အသီးများကို စားပြီးနောက် ညစာစားခန်းထဲသို့ ဝင်လာကာ ချူဖုန်းစားနေသည့် အစားအစာများကို သွပ်ရန် ပြင်ဆင်နေသည်။ အဆုံးတွင် နွားပေါက်သည် သူ၏ အရွက်စားသတ္တဝါဟူသော ခေါင်းစဥ်ကို စွန့်လွှတ်ကာ ချူဖုန်းစားနေသည့် အသားကင်မျိုးစုံနှင့် အသားပေါင်းတို့ကို စတင်စားတော့သည်။
ချူဖုန်းသည် ဘာကြောင့်မှန်းမသိ အလွန် ဗိုက်စာနေသည်။ သူ အားရပါးရစားသောက်နေသော်လည်း ဗိုက်တင်းသည့် ခံစားချက်ကို မရသေး။ သူ ပုံမှန်စားနေကျထက် ၁၀ဆ ပိုစားသော်လည်း ယခုထိ ဗိုက်ဆာနေသေးသည်။
သို့သော် ချူဖုန်းသည် ဒီထက်ပိုမစားရဲတော့ပါ။ သူ့၏အစာချေစနစ်ကို ထိခိုက်မည်စိုး၍ ချူဖုန်းသည် ဒီအတိုင်း ထိုင်နေကာ နွားပေါက်လေး လေမုန်တိုင်းကဲ့သို့ အကုန်သိမ်းကြုံးစားနေသည်ကို ကူရာမဲ့စွာ ထိုင်ကြည့်နေလိုက်သည်။
“ဗိုက်အရမ်းဆာတာပဲကွာ”
သူ ကြောက်ရွံ့နေသည်။ အသက်ရှူလေ့ကျင့်ခန်းကြောင့် သူ့ခန္ဓာကိုယ်တွင် မကုသနိုင်သော ရောဂါတစ်မျိုးမျိုး ရမှာကို သူကြောက်နေမိသည်။ ထို့ကြောင့် နောက်ထပ် တွေဝေမနေတော့ပဲ ရွာထဲရှိ သူလေးစားရသည့် ဆေးဆရာဆီ သွားပြလိုက်သည်။
“မင်းခန္ဓာကိုယ်က ဘာလို့ ဒီလောက် မူမမှန် ဖြစ်နေတာလဲ” ဆေးဆရာဝမ်သည် စိတ်ရှည်ပြီး သဘောကောင်းသော အဖိုးအိုဖြစ်သည်၊ သို့သော် ယခုချိန်တွင် သူ့ကိုကြည့်ရတာ ထိတ်လန့်နေပုံ ပေါက်သည်။ သူသည် ချူဖုန်းအား မျက်မှောင်ကြုတ်ကာ ကြည့်လာလေသည်။
ချူဖုန်း ထိတ်လန့်သွားရသည်။ “ကျွန်တော့်ခန္ဓာကိုယ်မှာ အသက်အန္တရာယ်ရှိတဲ့ ပြဿနာတစ်ခုခု ရှိနေတာလား”
“မဟုတ်ဘူး.. တကယ်တော့ မင်းက သာမန်လူသားတွေထက်ကို ပိုကျန်းမာနေတယ်… မင်းရဲ့ကျန်းမာရေးက သာမန်လူတစ်ယောက်ထက် ၁၀ဆလောက် ပိုကောင်းနေတယ်” ချူဖုန်းခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ စစ်ဆေးမှု ပြုလုပ်ပြီးနောက် ဆေးဆရာဝမ် ကောက်ချက်ချလိုက်သည်။
ချူဖုန်း အံ့သြနေမိသည်။ ဤကဲ့သို့သော ရလဒ်မျိုးကို သူမမျှော်လင့်ထား။
“ဒါပေမဲ့…ကျွန်တော် အရမ်း ဗိုက်ဆာနေတုန်းပဲ” ချူဖုန်း သူ့ပြဿနာကို ရှင်းပြလိုက်သည်။
“မင်းဗိုက်တင်းတယ်လို့ မခံစားရဘူးလား” ဆေးဆရာဝမ် မေးလိုက်သည်။
“လုံးဝ မခံစားရဘူး”
“မင်းရဲ့ အစာချေနိုင်စွမ်းနဲ့ စုပ်ယူနိုင်စွမ်းက သာမန်လူထက် ၁၀ဆ ပိုကောင်းနေတယ်.. အဲဒီတော့ မင်းအစာချေလမ်းကြောင်းထဲက အစာတွေကို ခန္ဓာကိုယ်က ချက်ချင်းစုတ်ယူပြီး မော်လီကျူးတွေအဖြစ် အမြန် ပြောင်းလဲသွားတာ… တကယ်လို့ မင်း ဗိုက်ဆာရင် စိတ်ကြိုက်စား၊ ဘာပြဿနာမှ မရှိဘူး” ဆေးဆရာဝမ်သည် ယခုကဲ့သို့သော လူနာမျိုးကို တစ်ခါမှ မတွေ့ဖူးသော်လည်း သူပေးလိုက်သည့် အကြံကို သူ ယုံကြည်ချက်ရှိသည်။
“ကျွန်တော်တို့ ဒီနေ့ ပြောတာတွေအားလုံးကို လျှို့ဝှက်ထားပေးလို့ရမလား” သူ မထွက်သွားခင် ဆေးဆရာဝမ်ကို တောင်းဆိုလိုက်သည်။ဤအကြောင်းကို အခြားမည်သူ့ကိုမှ မသိစေလို။
ဆေးဆရာဝမ်သည် လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ ပြီးနောက် ချူဖုန်းကို လိုအပ်သည့်အခါ အချိန်မရွေးလာနိုင်ကြောင်း ပြောလေသည်။ တကယ်တမ်း သူသည် ချူဖုန်း၏ အခြေအနေကို အလွန် စိတ်ဝင်စားသွားသည်။ ချူဖုန်း၏ အခြေအနေကို စောင့်ကြည့်လိုသည်။ သူဘာဆက်ဖြစ်မလဲဆိုတာကို သိချင်နေသည်။
ချူဖုန်းသည် အိမ်ပြန်ရောက်ရောက်ချင်း အားရပါးရ စားပြန်လေ၏။
စားနေရင်းဖြင့် ဖုန်းထဲမှ သတင်းများကို ကြည့်လိုက်သည်။
ထို့နောက် အံ့သြစွာဖြင့် နေရာအတော်များများတွင်လည်း မြူခိုးလိပ်များ ပေါ်လာသည့် သတင်းများစွာကို သူ တွေ့လိုက်ရသည်။ အချို့နေရာများတွင်လည်း တောင်များ ပြိုကျသွားကာ ထိုတောင်များမှ စွမ်းအင်များလည်း ထွက်လာသည်။
ဤသည်မှာ ကမ္ဘာ၏ အခြားနေရာများတွင်လည်း ထိုတောင်ကုန်းထဲ၌ ဖြစ်ခဲ့သလို ဖြစ်ခဲ့သည်ဟု ဆိုလိုခြင်းပင်။ သို့သော် သူဝင်သွားခဲ့သော အပြိုင်စကြဝဠာထဲကို ဝင်သွားသည့်လူ ရှိမရှိဆိုသည်ကို မသိရသေး။
“ဒါက မင်း ငါတို့ကမ္ဘာကို ရောက်လာကတည်းက စောင့်ဆိုင်းနေတဲ့ အခိုက်အတန့်ခုလား” ချူဖုန်း မေးလိုက်သည်။
နွားဝါသည် ခေါင်းငြိမ့်ပြပြီးနောက် ခေါင်းခါပြပြန်သည်။
နွားပေါက်၏ ထူးဆန်းသော အဖြေကို လုံးဝနားလည်သွားရန် သူ အချိန်ခဏ ယူလိုက်ရသည်။ နွားဝါအတွက် အစောပိုင်းက ကြုံတွေ့ခဲ့သည့် အပြိုင်စကြဝဠာမှာ အရေးကြီး ထူးဆန်းတာမျိုး မဟုတ်။ ဤသည်မှာ အရေးကြီးနိုင်သည့် တစ်ခုခုထံသို့ ဦးဆောင်ပေးသွားနိုင်သည့် အခွင့်အရေးတစ်ခုသာ ဖြစ်သည်။ ဤထက် မပို။
နွားပေါက်၏ ထူးမခြားနားသည့် အပြုအမူကြောင့် ချူဖုန်း အံ့သြသင့်သွားရသည်။ သူ့အတွက်တော့ ဤအတွေ့အကြုံကြောင့် သူ့ကျန်းမာရေး ၁၀ဆ တိုးတက်လာသည့် အချက်တစ်ခုတည်းနှင့်ပင် သူ့ဘဝ၏ အရေးကြီးသော အလှည့်အပြောင်း ဖြစ်ခဲ့သည်ပင်။
ထို့အပြင် သူ့ခန္ဓာကိုယ်အတွင်း၌ အခြားပြောင်းလဲခြင်းများလည်း တဖြည်းဖြည်း ဖြစ်ပေါ်လာနေပြီဖြစ်သည်။
အပိုင်း ၁၉ ပြီး၏။