Chapter – 28
“ငါ့ရဲ့အမုန်းတွေကနေ နင်ဘယ်တော့မှ မလွတ်မြောက်စေရဘူး”
“စုံစမ်းသင့်သလောက်တော့ ကျွန်တော်စုံစမ်းပြီးပါပြီ . . . သခင်ကြီး”
ဟိုင်ဂျုသည်သူ၏ခေါင်းအား ငုံ့ထားကာ ရိုသေစွာဖြင့်ပြောလိုက်၏။
“ကျွန်တော့်လူတွေ အနေနဲ့ကတော့ စုံစမ်းရမယ့်အပိုင်း မှန်သမျှ စုံစမ်းထားပြီးပါပြီ။ အခု သခင်ကြီးဆီက ညွှန်ကြားလာမယ့်ညွှန်ကြားချက်တွေကို သူတို့စောင့်နေကြတာပါ။ သခင်ကြီးရဲ့ လမ်းညွှန်မှုတွေက ကျွန်တော်တို့အတွက်အရမ်းကို တန်ဖိုးရှိပါတယ်။ သတင်းကောင်းကြားရဖို့ကလည်း အချိန်သိပ်မလိုတော့ပါဘူး”
ဝတ်ရုံဖြူ နှင့်လူသည်ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်း –
“အင်း . . . ဒီလောက်ဆို လုံလောက်ပြီ။ မင်းငါ့ကို စိတ်ပျက်အောင်မလုပ်ဘူးလို့တော့ ငါမျှော်လင့်တာပဲ”
ဟိုင်ဂျုသည်ဝတ်ရုံဖြူ၏အေးစက်စက်လေသံကြောင့်ချွေးများပင်ပျံလာပြီး ကျယ်လောင်စွာဖြင့်ပင်ပြန်ပြောလိုက်၏။
“ကျွန်တော်တို့ သခင်ကြီးကို စိတ်မပျက်စေရပါဘူး”
ဟိုင်ဂျု၏ စကားကြောင့်ဝတ်ရုံဖြူ နှင့်လူသည်တဟားဟား ရယ်မောလိုက်ရင်း သူ၏ လက်တစ်ဖက်အားမြောက်ပြကာ အချက်ပြလိုက်သည်။ ခဏအကြာတွင်ဘေးတွင်ရပ်နေသည့်ကောင်မလေးနှစ်ယောက်သည်ရှေ့သို့ တိုးလာပြီး ဝတ်ရုံဖြူ ထိုင်နေသည့်ဘီးတပ်ကုလားထိုင်အားတွန်းလိုက်ပြီး နေရာမှ ထွက်ခွာရန်ဟန်ပြင်လိုက်သည်။
ထူးဆန်းသော အဆိုပါ ဝတ်ရုံဖြူ နှင့်လူသည်မသန်စွမ်းတစ်ယောက်ပင်။
“သခင်ကြီး . . . ရဲရှောင်ကိစ္စကရော . . .”
ဟိုင်ဂျုသည်အလောတကြီးဖြင့်ပင်မေးလိုက်၏။
ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်နေသော ဝတ်ရုံဖြူနှင့်လူသည်နောက်သို့ပင်လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။
“အခြေအနေတွေက တည်ငြိမ်မှု မရှိတော့လောက်အောင်ကို ဆိုးဆိုးရွားရွားတွေ ဖြစ်လာခဲ့ရင်ငါတို့အတွက်ရဲရှောင်က ဘာမှအသုံးမဝင်တော့ဘူး။ ငါပြောတာ မင်းနားလည်လား”
“ကောင်းပါပြီ . . . သခင်ကြီး”
ဟိုင်ဂျုသည်မတုန့်မဆိုင်းပင်ပြန်ဖြေလိုက်၏။
နောက်ဆုံးတွင်ဝတ်ရုံဖြူနှင့်လူသည်ခြံဝင်းကြီး၏ အလယ်တွင်ရှိသော သူ၏ အိမ်ထဲသို့ ဝင်ရောက်သွားလေသည်။
ထို့နောက်အရိပ်များသည်လေထဲသို့ မြှားတစ်စင်းပစ်လွှတ်လိုက်သည့်အတိုင်း လျင်မြန်သော အရှိန်အဟုန်ဖြင့်ဝါးတောကြီးအား ဖြတ်သန်းသွားကြလေသည်။ အဆိုပါ ဖြတ်သန်းသွားသည့်အရှိန်သည်ပြင်းထန်လွန်းလှသည့်အတွက်ဝါးပင်များပင်ယိမ်းနွဲ့လှုပ်ခါသွားကြသည်။
တိုးညှင်းသော အသံတစ်ခုသည်သက်ပြင်းချသံနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
“ငါ့ရဲ့ ဒြပ်စင်ငါးခုပြောင်းလဲတဲ့ အစီအရင်ကလည်း ခုချိန်ထိ မပြည့်စုံသေးဘူး။ တကယ်လို့သာ အသံကို လုံအောင်ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်အနံ့အသက်တွေ၊ ဝိညာဉ်တော်ချီဓာတ်တွေရဲ့ စွမ်းအင်တွေကိုပါ ထိန်းချုပ်နိုင်လိမ့်မယ်။ အဲဒီလိုသာဆိုရင်ပြီးပြည့်စုံတဲ့ အစီအရင်တစ်ခု ဖြစ်လာမှာသေချာပေါက်ပဲ . . .”
အဆိုပါ စကားများအား ထူးဆန်းသော ဝတ်ရုံဖြူကြီးနှင့်လူမှပြောလိုက်ခြင်း ဖြစ်၏။
မိန်းကလေးနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သူ ဝမ်အာမှ ၀တ်ရုံဖြူနှင့်လူအား ညင်သာစွာဖြင့်ပြောလိုက်သည်။
“သခင်ကြီး . . .လေလံပွဲကဆေးလုံးတွေကရော . . .”
“လေလံပွဲကို သွား”
ဝတ်ရုံဖြူ နှင့်လူသည်ညင်သာစွာဖြင့်ပြောလိုက်ရင်း –
“ငါ့ဆီ အနည်းဆုံးတော့ဆေးသုံးလုံးပါအောင်ယူခဲ့။ အဲ့ဒီလိုဆေးတိမ်တိုက်တောင်ဖြစ်တည်နိုင်တဲ့ဆေးမျိုး ငါ့ဘဝမှာ တစ်ခါမှ မမြင်ဖူးသေးဘူး”
သူ့သခင်ကြီး၏ စကားကြောင့်ဝမ်အာသည်အံ့ဩသွားသည့်မျက်နှာအမူအယာဖြင့်-
“သခင်ကြီး . . .လေလံပွဲမှာဆေးက သုံးလုံး ရှိချင်မှ ရှိမှာပေါ့။ တကယ်လို့ တစ်လုံးတည်း ဖြစ်နေရင်ရော”
“သုံးလုံး မကကို ရှိတယ်”
ဝတ်ရုံဖြူ ဖြင့်လူသည်ယုံကြည်မှု အပြည့်ဖြင့်ပင်ပြောလိုက်၏။
ခဏအကြာတွင် သူတို့သုံးဦးစလုံးသည် မည်သည့်စကားမှ ထပ်မပြောကြတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
စုံစမ်းစစ်ဆေးရေး အရာရှိသုံးဦး နှင့်စကားလက်ဆုံကျပြီးနောက်ရဲရှောင်တစ်ယောက် အတော်အသင့်စိတ်အေးသွားခဲ့သည်။ အရာအားလုံးသည်လည်းအေးအေးချမ်းချမ်းဖြင့်ပင်ရှိနေလေသည်။
ရဲရှောင်သည်သူ၏ အချိန်များအား ကျင့်စဉ်ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။ သူ၏ စွမ်းအင်များ ပိုမိုတိုးတက်လာစေရန်အတွက်ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်တော်ချီဓာတ်များအား အပြာရောင်ချီဓာတ်စွမ်းအင်များအဖြစ်ပြောင်းလဲလိုက်သည်။
ထိုသို့ပြောင်းလဲလိုက်သည့်အချိန်တွင်အံ့ဩဖွယ်ကောင်းသော အရာတစ်ခုအား သူတွေ့လိုက်ရ၏။ရေခဲဓာတ်ရှိသည့်အပြာရောင်ချီဓာတ်၏ဘေးကပ်လျက်တွင်မီးဓာတ်ရှိသည့်အနီရောင်ချီဓာတ်များသည်ဖြစ်တည်လျက်ရှိသည်။ အနီရောင်ချီဓာတ်များသည်အမှန်တကယ်ကွယ်ပျောက်သွားခြင်း မဟုတ်ဘဲ သူ၏ အသွေးထဲအသားထဲတွင်ပုန်းကွယ်နေခဲ့ခြင်းပင်ဖြစ်သည်။ ၎င်းချီဓာတ်များသည်အားနည်းနေသေးသော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေတုန်းပင်ဖြစ်သည်။
ရှေးဦးချီဓာတ်ကျင့်စဉ်ကျင့်ကြံခြင်းကြောင့်ရရှိလာသည့်အဆိုပါ ချီဓာတ်စွမ်းအင်နှစ်မျိုးသည်သူ၏ ခန္ဓာကိုယ်ထဲတွင်အတူတကွ လည်ပတ်စီးဆင်းလျက်ရှိသည်။ တစ်ခုသည်အတွင်းဘက်တွင်လည်ပတ်စီးဆင်းနေသည့်အချိန်တွင်နောက်တစ်ခုသည်အပြင်ဘက်မှနေ၍ လည်ပတ်စီးဆင်းနေကြသည်။ ရဲရှောင်အနေဖြင့်နှစ်ခုလုံးအား ကျင့်ကြံရန်လိုအပ်ပေသည်။
ရဲရှောင်တစ်ယောက် ယခင်ကထက်ပို၍ ခက်ခဲစွာ ကျင့်ကြံရတော့ပေမည်။
ယခင်ကနေ့ခင်းဘက်အားလပ်ချိန်များတွင် လက်ဘက်ရည်သောက်ရင်းကုန်ဆုံးေလ့ရှိသော်လည်း ယခုအခါတွင်မူ သူ့အနေဖြင့် အနည်းငယ်မျှ အချိန်မဖြုန်းချင်တော့ပေ။
သူ၏ အချိန်များအား စာဖတ်ခြင်း နှင့်ကျင့်စဉ်များ ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
အိမ်တော်ထိန်းသည်ရဲရှောင်၏ အပြုအမူများအား ကြည့်ရင်းကျေနပ်နေမိလေသည်။နောက်ဆုံးတွင်သူ၏ သခင်လေးတစ်ယောက်ရင့်ကျက်လာပြီး ယခင်ကနှင့်မတူတော့ဘဲပြောင်းလဲလာကြောင်းတွေးလိုက်မိသည်။ အကယ်၍ စစ်သူကြီးသာ သူ့သား၏ အခြေအနေအားတွေ့မြင်လိုက်ရလျှင်အပျော်လွန်ပြီး ဝမ်းသာလုံးပင်စို့သွားပေလိမ့်မည်။
အိမ်တော်ထိန်းတွေးသည့်အတိုင်း သူ၏ သခင်လေးသည်အမှန်တကယ်ပင်ပြောင်းလဲလာခဲ့သော်လည်း မတူညီကွဲပြားသည့်နည်းလမ်းဖြင့်ပြောင်းလဲလာခြင်းပင်ဖြစ်၏။
ဇူဝူကျီ နှင့်လန်လန့်လန့်တို့သည်ရဲရှောင်ထံသို့ နှစ်ကြိမ်တိတိပင်လာခဲ့သော်လည်း ရဲရှောင်မှာမူ သူတို့နှစ်ဦးအား အနားသို့ပင်အကပ်မခံဘဲ စိမ်းစိမ်းကားကားဖြင့်ပင်မောင်းထုတ်ခဲ့သည်။
“ထွက်သွားစမ်း . . . သုံးစားမရတဲ့ကောင်တွေ။ အဆင့်မြင့်ပညာရှင်ကြီး တစ်ယောက်ဖြစ်လာတော့မယ့်ငါလို လူကို လာမနှောက်ယှက်နဲ့။ မင်းတို့ ဘာသာ လုပ်စရာရှိတာ သွားလုပ်ကြ”
ဇူဝူကျီ နှင့်လန်လန့်လန့်တို့သည်ရဲရှောင်၏ ကြီးကြီးကျယ်ကျယ်ပြောလိုက်သည့်စကားကြောင့်ပါးစပ်အဟောင်းသားပင်ဖြစ်သွားကြရင်း တစ်ယောက်တစ်ခွန်းဖြင့် အပြန်အလှန်ပြောလိုက်ကြသည်။
“သူ့လိုကောင်ကများ . . . သူ့ကိုယ်သူ အဆင့်မြင့်ပညာရှင်ကြီးတဲ့ . . .ပြောရဲလိုက်တာကွာ . . .”
” အဲဒီကောင်နေ့ခင်းကြောင်တောင်အိမ်မက်များ ထမက်နေတာလား”
“သူဘယ်တော့မှ နိုးထလာမှာ မဟုတ်ဘူး . . . ငါအတပ်ပြောနိုင်တယ်ကွာ”
“ငါ သူ့ကို လက်သီးနဲ့ကို ထိုးပစ်ချင်နေပေမယ့် မထိုးရဲလို့ပေါ့ကွာ . . . မဟုတ်လို့ကတော့ . . . ဟင်းဟင်း . . . ဒါပေမယ့် သူက အဆင့်မြင့်ပညာရှင်တစ်ယောက်မဟုတ်ရင်တောင်ငါတို့ သူ့ကို သွားယှဉ်လို့ မရဘူး။ ငါကတော့ကြောက်တယ်. . .”
“သူက ငါတို့ကို မသေမချင်း ရိုက်သတ်လိမ့်မယ်”
“သူ့ဘာသာသူ မဖြစ်နိုင်တာကို အဟုတ်ထင်ပြီးနေ့ခင်းကြောင်တောင်အိမ်မက်မက်နေတာတော့ ဟုတ်ပါပြီ ဘာဆိုင်လို့ ငါတို့ကို သုံးစားမရတဲ့ကောင်တွေလို့ပြောရတာလဲ . . .”
“ဟုတ်ပါ့ကွာ . . . မသိရင်သူကြ ငါတို့လို မဟုတ်တာကြနေရော . . .”
“ငါတို့တွေက အတူတူ နဲ့ အနူနူတွေချည်းပဲ။ အရူးကများ တစ်မူးပိုသာချင်နေသေးတယ်”
“မင်းပြောတာ မှန်တယ်။ ငါတို့သုံးယောက်စလုံးက တစ်လှေတည်းစီးနေကြတဲ့သူတွေလိုပဲ။ အကုန်တူတူပဲ”
“ဟမ့်. . . တစ်နေ့ကြရင်အဲဒီ သုံးစားမရတဲ့ကောင်ကို ရိုက်ပစ်နိုင်ရမယ်”
“ဟုတ်တယ်. . . ရိုက်ပစ်နိုင်ရမယ်။ ဒီကောင့်ကို ငါတို့အဖွဲ့ထဲကနေ ထွက်သွားခွင့်မပေးနိုင်ဘူး။ ခမ်းနားကြီးကျယ်တဲ့ သခင်လေးသုံးပါးဆိုတဲ့ ဂုဏ်ကို ဆက်ထိန်းထားရမယ်”
“အဟက်. . .စောင့်ကြည့်နေလိုက်”
“အဟက်”
………………..
ဇူဝူကျီ နှင့်လန်လန့်လန့်တို့ နှစ်ဦးအားမောင်းထုတ်နိုင်ခဲ့သော်လည်း ရဲရှောင်မောင်းထုတ်၍ မရနိုင်သည့်လူတစ်ယောက်ရှိလေသည်။
သူ၏ လက်ထဲတွင်ရဲရှောင်အား ဆုံးမရန်အတွက်စစ်သူကြီးပေးထားသည့်ကြာပွတ်တစ်ခု ရှိသည်။
ထိုကြာပွတ်အား ကိုင်ဆောင်ထားသည့်သူသည်မည်သူဖြစ်နိုင်မည်နည်း။
အလွန်အမင်းပင်ချစ်စရာကောင်းသော မင်းသမီးလေး စုယဲ့ယွဲ့ပင်ဖြစ်ပေသည်။
သူမ၏ အဖေသည်မင်းသားဟွာရန်း ဖြစ်ပြီး ချန်နိုင်ငံတော်၏ မင်းသားတစ်ပါးပင်ဖြစ်၏။
မင်းသားဟွာရန်းတွင်သားသုံးယောက်နှင့်သမီးတစ်ယောက်ရှိလေသည်။ မင်းသားသည်သူ၏ သားများအား နည်းနည်းလေးမှပင်ဂရုမစိုက်ချေ။ သို့သော်သူ၏ သမီးဖြစ်သူ စုယဲ့ယွဲ့ကိုမူ တုန်နေအောင်ပင်ချစ်လေသည်။ အဖေက သားများထက်သမီးကို ပိုချစ်သည်မှာ ဓမ္မတာပင်။ သူ၏ သမီးအား ချစ်လွန်း၍ သွားလေရာသို့ ပါးစပ်ထဲတွင်ငုံ၍ခေါ်သွားလို့ရလျှင်ခေါ်သွားမည့်ပုံစံပင်။ ချစ်လွန်း၍ အလိုလည်း လိုက်ထားပေသည်။
မင်းသားသည်သူ၏ သမီးအား နာမည်ပေးရန်အတွက်အတော်ဆုံး နာမည်ပေးဆရာများအား အိမ်သို့ခေါ်သို့ တွက်ချက်ခိုင်းခဲ့သည်။ ကမ္ဘာကြီး ဖြစ်တည်လာသောအခါ လ သည်ကောင်းကင်ယံထက်တွင်ထွန်းလင်းတောက်ပနေသည်ဟူသော အဓိပ္ပါယ်အရနောက်ဆုံးတွင်သူ့သမီး၏ နာမည်အား စုယဲ့ယွဲ့ဟုပင်သတ်မှတ်ခေါ်တွင်စေခဲ့လေသည်။
(မှတ်ချက်။။ စုသည်ဖြစ်တည်ခြင်း ကို ကိုယ်စားပြုပြီး ယဲ့ယွဲ့သည်ညဘက်တွင်သာသောလ ကို ကိုယ်စားပြုလေသည်)
မင်းသမီးလေးယဲ့ယွဲ့သည်အလိုလိုက်ခံထားရသော်လည်း အပြုအမူ ခက်ထန်မာကျောသည့်မိန်းကလေးတစ်ယောက်တော့ မဟုတ်ချေ။ ထိုအချက်ကြောင့်ပင်ရဲရှောင်သည်သူမအား လွယ်လွယ်ကူကူဖြင့်ပင်လက်ခံခဲ့ခြင်း ဖြစ်သည်။
သို့သော်သူမ၏ အကြည့်များမှာမူ စူးရှ အတင့်ရဲလှပေသည်။ စုယဲ့ယွဲ့သည်ရဲရှောင်အား စိုက်ကြည့်လိုက်သောအခါ ရဲရှောင်တစ်ယောက်နေမထိထိုင်မသာပင်ဖြစ်သွားလေသည်။
ထိုခံစားချက်သည်မလုံမလဲ လိပ်ပြာမသန့်သည့်ခံစားမှုမျိုးပင်ဖြစ်၏။
ထိုကဲ့သို့သော ခံစားမှုမျိုးအား သူ၏ ယခင်ဘဝတွင်လည်း ခံစားဖူးလေသည်။
ယခင်ဘဝ၌ရှောင်ဧကရာဇ်သည်အလွန်စွမ်းအားကြီးမားခဲ့ပြီး အခန့်ညားဆုံး နှင့်တပ်မက်ဖွယ်အကောင်းဆုံး ယောကျာ်းတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော်သူသည်သန့်စင်သော ယန်ကျင့်စဉ်ကို ကျင့်ကြံနေရသောကြောင့်သူ၏ လူပျိုဘဝအား ထိန်းသိမ်းနိုင်ရန်အတွက်တစ်ယောက်တည်းဘဝဖြင့်ပင်နေထိုင်ခဲ့ရသည်။
အလွန်လှပသော မိန်းကလေးများသည်သူ့အား အသေရရ အရှင်ရရပင်လိုချင်တပ်မက်ခဲ့ကြလေသည်။
သို့သော်ရဲရှောင်သည်အသည်းနှလုံးမရှိသည့်လူတစ်ယောက်ကဲ့သို့ပင်အဆိုပါ မိန်းကလေးများအား စိတ်ဝင်စားသည့်အရိပ်အယောင်ပင်မပြခဲ့ချေ။နောက်ဆုံးတွင်တော့ မရေမတွက်နိုင်သော မိန်းကလေးများသည်သူ့ကြောင့်နာကျင်ခံစားခဲ့ရသည်။
သူ၏ ချစ်ခြင်းကို မရသည့်အဆုံးတွင်မိန်းကလေးများသည်တစ်ယောက်ပြီးတစ်ယောက်စိတ်ပျက်လက်ပျက်ဖြင့်ပင်သူ့အား စွန့်ခွာသွားကြသည်။ ရဲရှောင်အနေဖြင့်စိတ်မကောင်းဖြစ်မိရုံမှလွဲ၍ ဘာမှ မတတ်နိုင်ခဲ့ပေ။
ယခုအခါတွင်တော့ သူ နှင့်တရားဝင်စေ့စပ်ထားသည့်မိန်းကလေး စုယဲ့ယွဲ့သည်သူမ၏ လှပသော သမင်မျက်လုံးလေးများဖြင့်သူ့အား စိုက်ကြည့်လျက်ရှိသည်။ ရဲရှောင်၏ နှလုံးသားတစ်ခုလုံးသည်ပေါက်ကွဲထွက်သွားတော့မည့်အလား ခံစားနေရသည်။
ယခင်ဘဝမှ အကျင့်အတိုင်းပင်ထိုအကြည့်၊ ထိုခံစားချက်များမှရှောင်လွဲနိုင်ရန်သူကြိုးစားလိုက်သည်။
တကယ်တမ်းတွင်မူ ရဲရှောင်၏ စိတ်ထဲတွင်အခြားမိန်းကလေးတစ်ယောက်၏ မျက်နှာအား မြင်ယောင်နေမိလျက်ရှိသည်။ ထိုမိန်းကလေးသည်သူ့အား မျက်ရည်များ စို့နေသော အကြင်နာ မျက်ဝန်းများဖြင့်ကြေကွဲစွာ စိုက်ကြည့်နေသည်ကို သူ၏ အတွေးအာရုံထဲတွင်မြင်ယောင်လိုက်မိသည်။
“မင်း . . .”
ရဲရှောင်အယောင်ယောင်အမှားမှားဖြင့်ပင်သူ၏ လက်အားရှေ့သို့လှမ်းလိုက်ရင်းရေရွတ်မိလိုက်သည်။
စိတ်ကူးယဉ်ပုံရိပ်တစ်ခုအား တကယ့်အစစ်အမှန်ဟု ထင်မိသွား၍ ရဲရှောင်ကိုယ့်ကိုကိုယ် မလုံမလဲ ဖြစ်သွားကာ ရှက်ကိုးရှက်ကန်းဖြင့် ရယ်မိလိုက်လေသည်။ ခဏအကြာတွင်သူ၏ မျက်နှာတစ်ခုလုံး၌ အထီးကျန်သည့်ခံစားချက်အရိပ်အယောင်များဖြင့်ဖုံးလွှမ်းသွားလေသည်။
………………
ချင်းရန်နယ်ပယ်တွင်တိမ်တိုက်များ၊ မြူခိုးများဖြင့်ရစ်သိုင်းလွှမ်းခြုံထားသည့်နန်းတော်ကြီးတစ်ခု ရှိလေသည်။ ၎င်းနန်းတော်ကြီးသည်အလွန်မှပင်ခန့်ညားပြီး တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။
ခမ်းနားကြီးကျယ်လှသော အဆိုပါနန်းတော်ကြီး၏အနောက်ဘက်ဥယျာဉ်ထဲတွင်အုတ်ဂူတစ်ခုရှိလေသည်။ ထိုအုတ်ဂူပေါ်ရှိကျောက်တိုင်အား အကျယ်သုံးမီတာ၊ အမြင့်ဆယ်မီတာရှိသည့်ခရမ်းရောင်ကျောက်ဖြင့်ပြုလုပ်ထားသည်။ အဆိုပါ ခရမ်းရောင်ကျောက်၏ အစိတ်အပိုင်းတစ်ခုအားလူများတွေ့မြင်မိလျှင်မရေမတွက်နိုင်သော တိုက်ပွဲများပင်ဖြစ်ကုန်မည်မှာ သေချာပေါက်ပင်။ သို့သော်ယခုအခါတွင်မူ ထိုတန်ဖိုးကြီးမားသောကျောက်အား အုတ်ဂူကျောက်တိုင်အဖြစ်ပင်အသုံးပြုထားလေသည်။
ရုတ်တရက်ဆိုသလိုပင်ဓားအလင်းရောင်တစ်ခုသည်လျင်မြန်စွာသော အရှိန်ဖြင့် ထွက်ပေါ်လာခဲ့သည်။
ခရမ်းရောင်ကျောက်၏ မျက်နှာပြင်မှ ခရမ်းရောင်မီးပွားစများ ထွက်ပေါ်လာခဲ့ပြီးကျောက်အပိုင်းအစလေးများသည်မြေပြင်ပေါ်သို့ လွင့်စင်ကျသွားလေသည်။
ထို့နောက်ကျောက်တိုင်ပေါ်တွင်နက်ရှိုင်းစွာ ထွင်းထားသော စာလုံးခြောက်လုံးပေါ်လာခဲ့၏။
“လူသေသွားသော်လည်း နာမည်ကား မသေ”
ဓားအလင်းရောင်သည်ချက်ချင်းပင်ရပ်တန့်သွားလေသည်။ ဓားပိုင်ရှင်သည်စာလုံးများအား ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်ကာ ထိုနေရာမှ ပြန်လည်ထွက်ခွာခဲ့သည်။ ထို့နောက်သူမသည်နန်းတော်ကြီး၏ ထိပ်ဆုံးအထပ်တွင်ရှိသည့်အခန်းသို့ လျင်မြန်စွာဖြင့်ပင်သွားလိုက်လေသည်။
အခန်းထဲတွင်မျက်နှာအား ပိုးပုဝါဖြင့်ဖုံးအုပ်ထားသော မိန်းမလှလေးတစ်ယောက်သည်တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ပင်နံရံပေါ်မှ စာကြောင်းများအား စိုက်ကြည့်လျက်ရှိ၏။ သူမ၏ လှပသော မျက်လုံးအစုံအား မှိတ်ထားသော်လည်း မျက်ရည်များသည် ပါးမို့မို့အထက်မှ တသွင်သွင်ဖြင့်ပင်စီးကျလျက်ရှိသည်။
“ငါ နင့်ကို လက်စားချေမယ်”
“နင်က ငါ့ယောက်ျားဆိုတာ ဘယ်တုန်းကမှဝန်မခံခဲ့ပေမယ့်ငါက ငါ့ကိုယ်ငါ နင့်မိန်းမအဖြစ်ခံယူသတ်မှတ်ခဲ့တယ်။ ခုချိန်မှာ နင်သာ အသက်ရှင်နေသေးရင်ငါ နင့်ကို မသေမချင်း ဓားနဲ့ ထိုးသတ်ပစ်ချင်တယ်။ နင့်ကို ဘယ်လောက်မုန်းနေလဲဆိုရင် နင်သေသွားရင်တောင် နင့်ဝိညာဉ်ကိုအလွတ်မပေးဘဲ ချုပ်နှောင်ထားချင်တာ”
“အခုကြ နင်ကသေပြီ။ ဘာကြောင့်များ ငါ့ကို ငြင်းပယ်နိုင်ခဲ့ရတာလဲ။ ငါ့ကိုယ်ငါ မုဆိုးမဘဝ ခံယူတာကိုရော နင်အခု တားနိုင်သေးလို့လား။ ရဲရှောင်. . . အကျင့်မကောင်းတဲ့ကောင်။ ငါ နင့်ကို မုန်းတယ်။ မုန်းတယ်။ငါ့အတွက်နောက်ဘဝဆိုတာ ရှိရင်နောက်ဘဝအထိပါ နင့်ကို မုန်းတယ်”
သူမ၏ နှုတ်ခမ်းမှ “မုန်းတယ်. . . မုန်းတယ်” ဟူသော စကားများအား တွင်တွင်ပြောနေသော်လည်း မျက်ရည်များမှာမူ တားဆီးမရအောင်ပင်ကျဆင်းလျက်ရှိသည်။ ထို့နောက်စိတ်ထွက်ပေါက်ပေးသည့် အနေဖြင့် သူမလက်ထဲရှိ ဓားဖြင့်ကြမ်းပြင်ပေါ်သို့ စိတ်ရှိလက်ရှိ ထိုးစိုက်လိုက်သည့်အတွက်ကြမ်းပြင်သည်ပင်တသိမ့်သိမ့်ဖြင့်တုန်ခါသွားလေသည်။ သူ့သခင်၏ ချစ်ခြင်း မုန်းခြင်း ခံစားချက်များကြားတွင်ဓားသည်ဓားစာခံ ဖြစ်ရချေပြီ။
နံရံပေါ်တွင်ဓားများ ချိတ်ဆွဲထားရုံသာမက လှပသော စာလုံးပုံစံဖြင့်ရေးထားသော စာကြောင်းများလည်း ရှိနေလေသည်။ မိန်းမလှလေးသည်အဆိုပါ စာလုံးများအား ရီဝေသော မျက်လုံးများဖြင့် စိုက်ကြည့်လျက်ရှိသည်။
စာလုံးများအားရေးဆွဲထားသောလက်ရေး ပုံစံသည်အလွန်အမင်းပင်ကျော့ရှင်း သပ်ရပ်လှပေသည်။
ရေးထားသော စာကြောင်းများမှာ –
(မိန်းမလှလေးကို မျက်ရည်မကျစေဖို့ . . . သူမရဲ့ နှလုံးသားကို မနာကျင်စေဖို့ . . . ငါကာကွယ်ရမယ်။ သေခြင်းတရားက တစ်နေ့နေ့တစ်ချိန်ချိန်ရောက်လာခဲ့ရင်. . . တိမ်တိုက်လေးအဖြစ်နဲ့ မင်းအနား ပြန်လာခဲ့မယ်)
(မင်းကို တစ်ယောက်တည်း အထီးကျန်စေခဲ့မိတဲ့အတွက်ငါ့ကိုယ်ငါနောင်တသိပ်ရမိတယ်။ တကယ်လို့နောက်ဘဝဆိုတာများ ရှိခဲ့ရင်ငါကတိပေးတယ်. . . မင်း နဲ့ ငါ နှစ်ယောက်အတူ ကမ္ဘာအနှံ့ ခရီးထွက်ကြမယ်)
စာကြောင်းများ၏အောက်ဆုံးတွင်စာရေးသူ၏ အမည်အား “ရဲရှောင်” ဟုရေးထွင်းထားလေသည်။
အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့်မိန်းမလှလေးသည်အဆိုပါ စာကြောင်းများအား ကြည့်ရင်း မျက်ရည်များ စီးကျလျက်ရှိသည်။ သူမ၏ နှုတ်ခမ်းမှလည်းဖြေမဆည်နိုင်စွာဖြင့်-
“လူလိမ်. . . နင့်ရဲ့နောက်ဘဝနဲ့ကိုချီပြီး ငါ့ကို ကတိပေးခဲ့ပေမယ့်အခုတော့ . . . အခုတော့ . . .”
“နင်က မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို နာကျင်အောင်မလုပ်ချင်ခဲ့ပေမယ့်ငါ့ကိုတော့သေလောက်အောင်နာကျင်စေခဲ့တယ်”
“နင်သေသွားရင်တောင်တိမ်တိုက်လေးအဖြစ်နဲ့ ပြန်လာမယ်တဲ့ . . . အခု နင်သေသွားပြီလေ . . . ဘယ်မလဲ ငါ့အတွက်တိမ်တိုက်လေး . . . ဟမ့်”
“လူလိမ်. . . လူညာ . . . နင်က တကယ့်ကိုကြောက်ဖို့ကောင်းတဲ့ လူလိမ်လူညာပဲ”
မိန်းမလှလေး၏ မျက်နှာသည်ပြိုတော့မည့်မိုးကဲ့သို့ပင် ဖြစ်နေလေသည်။ ထို့နောက်ထိုင်ခုံပေါ်တွင်အရုပ်ကြိုးပျက်ထိုင်ချလိုက်ပြီးစားပွဲပေါ်တွင်မျက်နှာအပ်ကာ ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးလိုက်လေသည်။ စွန့်ခွာသွားသူ နှင့်ကျန်ရစ်ခဲ့သူ နှစ်ဦးတွင်မည်သူက ပိုခံစားရနိုင်ပါသနည်း။
“ဒီနေ့ နင်သေသွားတာ ခုနှစ်ရက်ပြည့်ပြီ။ နင့်အတွက်ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ အဖြူရောင်အကျီကို သုံးဆယ့်ငါးရက်တိတိ ငါဝတ်ထားမယ်။နောက်ပြီး နင့်အုတ်ဂူဘေးမှာ တစ်နှစ်တိတိ အဖော်ပြုပြီးနေပေးမယ်”
မိန်းမလှလေးသည်မျက်ရည်များအား သုတ်လိုက်ရင်း ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်သည်။ ထို့နောက်တိုးညှင်းသော လေသံဖြင့်-
“တစ်နှစ်ပြည့်ပြီးသွားရင်တော့ ငါ့ဓားနဲ့ နင့်ကို လက်စားပြန်ချေမယ်။ ဒီအမုန်းတွေ . . . နာကျင်ခြင်းတွေကို ငါသေတဲ့အထိ မစွန့်လွှတ်ဘူး”
…………………
“ဘာဖြစ်နေတာလဲ။ နင်နေမကောင်းဘူးလား”
ငူငူငိုင်ငိုင်ဖြစ်နေသည့်ရဲရှောင်၏ ပုံစံအား မြင်လိုက်ရ၍ စုယဲ့ယွဲ့သည်အလွန်အမင်း အံ့သြသွားလေသည်။ ထို့ကြောင့် စိတ်နှင့်လူ ပြန်ကပ်စေရန်အတွက်သူမ၏ လက်အား ရဲရှောင်၏ မျက်နှာရှေ့တွင်ဝှေ့ယမ်းလိုက်ရင်း –
“ဟေ့ . . . ငါ့ကို အဲ လိုကြောက်စရာအကြည့်ကြီးနဲ့ လာကြည့်မနေနဲ့။ နင်ဘာတွေ ဖြစ်နေတာလဲ”
စုယဲ့ယွဲ့ပြောလိုက်သည့် စကားကြောင့် ရဲရှောင်အလျင်အမြန်ဖြင့်ပင်ပြန့်လွင့်နေသည့်သူ၏ စိတ်များအား ထိန်းလိုက်ကာချောင်းတစ်ချက်ဟန့်လိုက်ရင်း –
“မင်း ဒီမှာ ဘာလုပ်နေတာလဲ . . .”