Switch Mode

Chapter – 350

အခန်း (၃၅၀) သက်တမ်း အကန့်အသတ်၊ လောကဦး နတ်ဘီလူး
လျှပ်တပြက်အတွင်း အင်မော်တယ်ကမ္ဘာမှာ နှစ် ၄၀ ကုန်ဆုံးသွားပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုနဲ့ ပေါင်းစပ်သွားပြီး နတ်မင်းအဆင့်ကို ထိုးဖောက်ဖို့ အခွင့်အရေး ရသွားပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက် နှင်လိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ ကျွန်မ နားလည်ပါတယ်ဆိုတဲ့ မျက်နှာမျိုးနဲ့ အပြင်ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး စိတ်ငြိမ်အောင် ထားလိုက်ပါတယ် ‘နတ်မင်းအဆင့်ရေ ငါလာပြီ’
ဟန်ကျွယ်ဟာ အင်မော်တယ်အဆင့်ကို ပထမဆုံး ရောက်တုန်းကလိုမျိုး အလွန်တရာ စိတ်လှုပ်ရှားနေပါတယ်။
ဟန်ကျွယ်ဟာ စိတ်ငြိမ်အောင်ထိန်းပြီး လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကို စတင်သုံးသပ်ပါတယ်။ ဒီကျင့်စဉ်က မဟာတာအိုကျင့်စဉ် ဖြစ်တဲ့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု မြင့်မားလာလေလေ သိမ်မွေ့လာလေလေပါပဲ။
ဒီအချိန်မှာပဲ ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ ခေါင်းပေါ်ကနေ ပျံထွက်သွားပါတယ်။ ဟန်ကျွယ် ဝိညာဉ်ရဲ့ တောက်ပလွန်းတဲ့ ခရမ်းရောင် အလင်းရောင်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံးကို လင်းထိန်သွားပါတယ်။
ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကို လေ့လာသုံးသပ်လေလေ နတ်မင်းအဆင့်နဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်စစ်မျိုးစုံက ဟန်ကျွယ်စိတ်ထဲကို တိုးဝင်လာလေလေပါပဲ။
နတ်မင်းအဆင့်ဟာ သက်ရှိအားလုံးရဲ့ အထက်မှာရှိပြီး ဧကရာဇ်အဆင့်လိုမျိုး ကိုးဆင့်မခွဲခြားထားဘဲ ခြောက်ဆင့်ခွဲခြားထားပါတယ်။ မူလဆန်းကြယ် နတ်စွမ်းအား တစ်ပါးကနေ ခြောက်ပါးအထိရှိပြီး မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးစလုံးကို စုစည်းမိမယ်ဆိုရင် ကောင်းကင်ဘဝဂ်ကျင့်ကြံသူ ဖြစ်ပါပြီ။
ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမမှာ နတ်ဘုရားတွေ အင်မော်တယ်တွေ စုဝေးနေကြပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ပလ္လင်ပေါ်မှာ ထိုင်နေပြီး ခန်းမထဲက ရှေ့ဆုံးတန်းမှာတော့ လီတောက်ခုံး၊ လီရွှမ်အောက်၊ ရှန်စစ်သူကြီး၊ သိုင်းနတ်ဘုရား စစ်သူကြီး၊ ကျယ်ကျောင်းတော်ရဲ့ ကောင်းကင်အမတ်ကြီးနဲ့ ချန်ကျောင်းတော်က စွမ်းအားကြီးပုဂ္ဂိုလ်တွေ မတ်တတ်ရပ်နေကြပါတယ်။
ရှန်စစ်သူကြီးက အပြုံးနဲ့ ပြောလိုက်ပါတယ် “အရှင်မင်းကြီး… နောက်ထပ် စစ်နတ်ဘုရားတစ်ပါးက ကောင်းကင်နတ်ဘုရား စစ်သူကြီးကို လာစိန်ခေါ်တယ်၊ ‌ကောင်းကင်နတ်ဘုရား စစ်သူကြီးက အကြိမ်တစ်သောင်းကျော်တောင် နိုင်ခဲ့ပြီဆိုတော့ ကောင်းကင်တာအို စစ်နတ်ဘုရားဖြစ်ဖို့ သိပ်မလိုတော့ဘူး ထင်တယ်၊ ဟုတ်တယ်မလား”
တခြားအင်မော်တယ်တွေလည်း ပြုံးလိုက်ကြပါတယ်။
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ စစ်နတ်ဘုရားဘွဲ့အတွက် တိုက်ခိုက်မယ်လို့ ကြော်ငြာပြီးကတည်းက တစ်ပွဲမရှုံးနိမ့်ဘဲ ပွဲတိုင်းနိုင်တာကြောင့် ကောင်းကင်ရုံးတော်ရဲ့ ဩဇာအာဏာဟာ ထိုးတက်လာခဲ့ပါတယ်။ ဒီအကြောင်းကြောင့်လည်း တာအိုဂိုဏ်းက ကောင်းကင်ရုံးတော်ကို ကူညီပံ့ပိုးပေးတာပါ။
‌ကောင်းကင်ဧကရာဇ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ကောင်းကင်နတ်ဘုရား စစ်သူကြီးက ကျားကုတ်ကျားခဲ ကြိုးစားနေတာဆိုတော့ မင်းတို့တွေလည်း ပေါ့ပေါ့လျော့လျော့ မနေဘဲ နတ်ဆိုးရုံးတော်ကို ကိုယ်စွမ်းရှိသမျှ တိုက်ခိုက်ကြ၊ အခုအချိန်မှာ နတ်ဆိုးရုံးတော်က အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ဒုက္ခပေးနေတာဆိုတော့ သူတို့ကို ဖျက်ဆီးတာက ကောင်းကင်ရုံးတော်ရဲ့ ကံတရား အထောက်အပံ့ကို တိုးတက်စေလိမ့်မယ်”
အင်မော်တယ်တွေဟာ တစ်ယောက်ပြီး တစ်ယောက် သဘောတူညီကြကာ သူတို့မျက်နှာမှာလည်း ယုံကြည်မှုအပြည့် ဖြစ်နေကြပါတယ်။ အခုလက်ရှိ ကောင်းကင်ရုံးတော်က အရင်နဲ့ လုံးဝ မတူတော့ပါဘူး။ တာအိုဂိုဏ်းရဲ့ ထောက်ပံ့မှုကြောင့် အင်မော်တယ်ကမ္ဘာမှာ အင်အားအကြီးဆုံး ဖြစ်နေပါပြီ။
ကျင်းတျန်ကုန်းက ရုတ်တရက် မေးလိုက်ပါတယ် “အရှင်မင်းကြီး… ရှန်နန်းတော် ဇုထူက အမှောင်သခင်ကြီးဆိုတာ အဲဒါအမှန်ပဲလား”
ကောင်းကင်ဧကရာဇ်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေပါတယ် “ဇုထူရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဘယ်လိုလုပ်ပြီး အမှောင်သခင်ကြီး ဖြစ်နိုင်မှာလဲ၊ အမှောင်သခင်ကြီးဆိုရင်လည်း တစ်ချိန်လုံး ပုန်းနေပြီးမှ ဘာလို့ကိုယ်လုံးထွက်ပြမှာလဲ၊ သူက အမှောင်သခင်ကြီးရဲ့ ယုံကြည်သူတွေကို သူ့လက်အောက်ထဲ ဆွဲသွင်းချင်တာ ထင်ရှားတယ်၊ မင်းသာ ဇုထူဆိုရင် ဘာအကြောင်းပြချက်နဲ့ အမှောင်သခင်ကြီး လုပ်မှာလဲ”
ကျင်းတျန်ကုန်းကလည်း ဇုထူက အမှောင်သခင်ကြီးဆိုတာကို မယုံကြည်တာကြောင့် ခေါင်းညိတ်လိုက်ပါတယ်။ ကျင်းတျန်ကုန်းဟာ အတိတ်မှာတုန်းက ဇုထူနဲ့ တွေ့ဖူးပါတယ်။ ဇုထူဟာ အလွန်တရာမှာ မာနကြီးတဲ့သူ ဖြစ်တာကြောင့် နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓကို တိုက်ရိုက် တိုက်ခိုက်မှာပါ။ အမှောင်သခင်ကြီးလိုမျိုး အမှောင်ထဲကနေ ကျိန်စာတိုက်မဲ့လူစားမျိုး မဟုတ်ပါဘူး။
နောက်ပြီး ကျင်းတျန်ကုန်းဟာ ဇုထူက ကျိန်စာအရာမှာ ကျွမ်းကျင်တယ်ဆိုပြီး တစ်ခါမှ မကြားဖူးပါဘူး။ ဒါ့အပြင် ကျင်းတျန်ကုန်းနဲ့ ဇုထူက မတည့်ပါဘူး။ အတိတ်မှာတုန်းက ကျင်းတျန်ကုန်းဟာ ဇုထူလက်ထဲမှာ သေမလို ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဇုထူဟာ သူကြည်ညိုလေးစားတဲ့ အမှောင်သခင်ကြီး ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ကျင်းတျန်ကုန်းရဲ့ မျက်လုံးထဲမှာ အမှောင်သခင်ကြီးက လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအား ကြီးမားပါတယ်။ အမှောင်သခင်ကြီးဟာ ဉာဏ်ပညာကြီးမားပြီး ဗျူဟာများစွာ ရှိပါတယ်။ ကျော်ကြားမှုကို မလိုလားဘဲ တကယ့်အကျိုအမြတ်ကိုသာ ရှာဖွေသူပါ။
ဒီလိုစွမ်းအားကြီးပုဂ္ဂိုလ်မျိုးကသာ ကျင်းတျန်ကုန်းက ကြည်ညိုလေးစားတာပါ။
လီတောက်ခုံးက ရုတ်တရက် ပြောလိုက်ပါတယ် “အရှင်မင်းကြီး… ကျွန်တော် ဇုထူကို စိန်‌ခေါ်လိုက်မယ်”
ကောင်းကင်ဧကရာဇ်ဟာ လီတောက်ခုံးကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်ပါတယ် “မင်းက ငယ်သေးတယ်၊ ဇုထူရဲ့ စွမ်းအားက မင်းမှန်းဆနိုင်တာမျိုး မဟုတ်ဘူး”
လီတောက်ခုံးက ပြုံးလိုက်ပါတယ် “အဲဒါဆို ကျွန်တော်က ပိုလို့တောင် တိုက်ချင်သေးတယ်”
လီတောက်ခုံးဘေးနားမှာရှိတဲ့ လီရွှမ်အောက်က ကောက်ကာငင်ကာ ပြောလိုက်ပါတယ် “ဂိုဏ်းတူအစ်ကို တိုက်ပွဲမှာကျပြီး ကျွန်‌တော်ကိုပါ ဒုက္ခမပေးနဲ့”
“ဘာလို့တိုက်ပွဲမှာ ကျရမှာလဲ”
“ဟီးဟီး… ဂိုဏ်းတူအစ်ကိုက ယုံကြည်မှု ရှိလှချည်လား”
“အဲဒါ ယုံကြည်မှု မဟုတ်ဘူး၊ အမှန်တရားပဲ”
“ဟမ်…”
အင်မော်တယ်တွေဟာ ရွမ်လိန့်ကျောင်းတော်ရဲ့ ညီအစ်ကိုနှစ်ယောက် ဘာမဟုတ်တာလေးနဲ့ စကားများ ရန်ဖြစ်တာက မြင်တွေ့ဖန်များလို့ ကျင့်သားရနေပါပြီ။
ဒီအချိန်မှာပဲ ကောင်းကင်စစ်သားတစ်ဦးဟာ ခန်းမထဲ ရုတ်တရက် ပျံသန်းလာပါတယ်။
“သတင်းပို့ပါတယ်၊ အငြိုးကြီးဝိညာဉ် အမြောက်အမြားက ကောင်းကင်တောင်ဘက်မုခ်တံခါးဝမှာ ပေါ်လာပါတယ်၊ ရှန်နန်းတော်က စတင် တိုက်ခိုက်ပြီ ထင်ပါတယ်”
အင်မော်တယ်တွေ အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။ သူတို့ဟာ နတ်ဆိုးရုံးတော်ကို ဘယ်လိုရင်ဆိုင်ရမလဲ ဆွေးနွေးနေတုန်းမှာပဲ ရှန်နန်းတော်က ကောင်းကင်ရုံးတော်ကို လာတိုက်ပါပြီ။
တာအိုအရှင်သခင်လည်း မျက်နှာ နည်းနည်း ပြောင်းသွားပါတယ်။ တာအိုအရှင်သခင်ဟာ ရှန်နန်းတော်ကို ချစ်လည်းချစ်သလို မုန်းလည်း မုန်းပါတယ်။
လီတောက်ခုံးက ရယ်မောလိုက်ပါတယ် “အချိန်ကောင်းပဲ” စကားအဆုံးမှာပဲ လီတောက်ခုံးဟာ နတ်ဘုရားခန်းမကနေ ပျောက်ကွယ်သွားပါတယ်။
လီရွှမ်အောက်လည်း နောက်ကနေ ချက်ချင်းလိုက်သွားပါတယ်။
…..
၁၇ နှစ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်လို့ ပြီးသွားပါတယ်။
မူလဆန်းကြယ် နတ်စွမ်းအား တစ်ပါး။
ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ အစိုင်အခဲ ဖြစ်သွားပြီး နတ်အာရုံဟာ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကျို့ယိုငရဲထဲမှာ လောကဦးယွမ်ဖီးနစ် ရှိနေတာကို သတိရလိုက်တဲ့အတွက် နတ်အာရုံကို အမြန်ပြန်သိမ်းလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားကလည်း အရည်အသွေး ပြောင်းလဲပြီး နောက်တစ်ဆင့် တက်သွားပါတယ်။ ဒီစွမ်းအားက ဝိညာဉ်စွမ်းအားထက် အဆင့်ပိုမြှင့်ပြီး မူလနတ်စွမ်းအားလို့ လူသိများပါတယ်။ မူလဆိုတာက အရာအားလုံးရဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ နတ်ဆိုတာကတော့ မြင့်မြတ်စင်ကြယ်ပြီး ဂုဏ်ရှိန်ကြီးမားတာကို ဆိုလိုတာပါ။
ဟန်ကျွယ်ဟာ နတ်မင်းအဆင့်က သယ်ဆောင်လာတဲ့ ပြောင်းလဲမှုတွေက တော်တော်လေး အံဩဖို့ကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ဟာ တစ်ဖန်ပြန်မွေးဖွားသလိုမျိုး ခံစားလိုက်ရပြီး အရင်တုန်းက သေမျိုးဆိုရင် အခုက အင်မော်တယ်လိုမျိုး ခံစားချက်ကို ခံစားလိုက်ရပါတယ်။
‘ဘယ်လောက်တောင် ခံစားလို့‌ကောင်းလိုက်လဲ’
ဟန်ကျွယ်ဟာ အရာအားလုံးကို ထိန်းချုပ်နိုင်သလိုမျိုး ခံစားနေရပါတယ်။ ဟန်ကျွယ်ရဲ့ နတ်အာရုံကလည်း အာကာသနဲ့ အချိန်ရဲ့ နိယာမကိုတောင် ခံစားနိုင်နေပါပြီ။
‘ငါက တော်တော်လေး စွမ်းလာပြီပဲ’
ဟန်ကျွယ်ဟာ ဒီခံစားချက်ကနေ နိုးထလာတဲ့အခါ မျက်လုံးဖွင့်ပြီး ကိုယ်ရေးအကျဉ်းက သူ့သက်တမ်းကို ကြည့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၄,၇၀၃/၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး။]
[ကျင့်ကြံမှု: မူလဆန်းကြယ် နတ်စွမ်းအား တစ်ပါး။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို။]
‘၉.၉ ကွာဒလီယံ၊ တော်တော်လေး တိုးသွားတာပဲ’
ဒါတင် မကသေးပါဘူး။ ဟန်ကျွယ်ရဲ့ မျိုးနွယ်စုကလည်း လောကဦး နတ်ဘီလူး ဖြစ်သွားပါပြီ။
ဟန်ကျွယ်ဟာ ထာဝရအသက်နီးပါး ရှည်ကြာလွန်းတဲ့ သက်တမ်းကြောင့် ဝမ်းသာအားရ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားမှုကို အသာဖိနှိပ်ပြီး ကျင့်ကြံမှုကို ခိုင်ခံ့မြဲမြံအောင် ဆက်လက် အားထုတ်ပါတယ်။
နှစ်နှစ်ကြာတဲ့အခါမှာ‌တော့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင်သည် နတ်မင်းအဆင့်သို့ ရောက်ရှိပြီး လောကဦး နတ်ဘီလူး ဖြစ်သွားသောကြောင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ အနန္တကပ်ဘေးအတွင်း ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပါ။ ဆန်းကြယ်စွမ်းအားတစ်ပါးနှင့် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]
[၂။ သင့်နှလုံးသားအတိုင်း သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် စနစ်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ်အား ရရှိမည်။]
‘ဒီခွေးစနစ်က ငါ့ကို နောက်ဆုံးတော့ အပြင်ထွက်ဖို့ မဖြားယောင်းတော့ဘူးပဲ’ ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[စနစ်အဆင့်မြှင့်တင်ခြင်း။]
စနစ်အဆင့်မြှင့်တင်တာက အတော်ကြာမှာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ မျက်စိတ်မှိတ်ပြီး ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို စတင်သုံးသပ်လိုက်ပါတယ်။
အဲဒီနေ့မှာပဲ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲ ခုန်ဝင်ပြီး ရှေ့ဆက် လျှောက်ပါတယ်။
ဓားတာအိုမြစ်ကို စောင့်ကြပ်နေတဲ့ ကျန်းကူရှင်းဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ပြုံးလိုက်ပါတယ် “မင်း…”
ကျန်းကူရှင်းဟာ မျက်လုံးပြူးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်သိစိတ်ကနေ ဖြစ်ပေါ်နေတဲ့ ခရမ်းရောင်ရုပ်သွင်ဟာ ကြောက်မက်ဖွယ်ရောင်ဝါတစ်ခု ဖြာထွက်နေလို့ပါပဲ။ ဒီရောင်ဝါက ရှန်နန်းတော်မှာ နတ်ဧကရာဇ်တွေပဲ ရှိနိုင်တာပါ။
‘ဒီကောင်လေးက နတ်မင်းအဆင့်ကို ရောက်သွားပြီလား၊ မဖြစ်နိုင်တာ… ဘယ်နှနှစ် ရှိ‌သေးလို့လဲ’
ကျန်းကူရှင်းဟာ ထိတ်လန့်အံဩလွန်းလို့ ပါးစပ်မစေ့နိုင်တော့ပါဘူး။ ပြောရမယ်ဆိုရင် ကျန်းကူရှင်းဟာ ဟန်ကျွယ် ကြီးပြင်းလာတာကို စောင်ကြည့်ခဲ့ရသလိုပါပဲ။
‘သူက နှစ်လေးထောင်ကျော်လေးနဲ့ သာမန်သေမျိုးကနေ နတ်မင်းအဆင့်ကို ရောက်သွားတာလား၊ ဒီကောင်လေးက စွမ်းအာကြီးပုဂ္ဂိုလ် ပြန်ဝင်စားတာလား၊ သေမျိုးကမ္ဘာကို ဆင်းလေ့ကျင့်တာလား’
ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်ဖို့ပဲ အာရုံစိုက်ပြီး ရှေ့ဆက်လျှောက်တဲ့အခါမှာ မကြာခင်မှာပဲ ဘေးနားဝန်းကျင်မှာ လူတစ်ယောက်မှ မရှိတော့ပါဘူး။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်အဆုံးမှာ ရပ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ကို‌ တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဒီလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ရဲ့ သရုပ်မှန်ကို ခန့်မှန်းမိတာ ကြာပါပြီ။ ဟန်ကျွယ်နဲ့ ဓားတာအိုမြစ်အဆုံးက တော်တော်လေး နီးကပ်တယ်လို့ ထင်ရပေမဲ့ ဟန်ကျွယ်ဟာ နောက်ထပ် ခြေလှမ်းတစ်သောင်းကျော် လှမ်းပြီးမှာ လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ရှေ့ကို ရောက်သွားပါတယ်။
လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ဟာ ဟန်ကျွယ်ကို လှည့်ကြည့်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “တကယ်ပဲ မင်းကို၊ ကြည့်ရတာ ငါ့အကြည့် မမှားဘူးပဲ”
ဓားတာအိုမြစ်အဆုံးက လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ဟာ လီတောက်ခုံးပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset