Switch Mode

Chapter – 349

အခန်း (၃၄၉) ငါးဘီလီယံ၊ ဇုထူ ကြောက်လန့်ခြင်း
“ဘာမှမဖြစ်ဘူး၊ သူ့ကို စိုးရိမ်စရာ မလိုဘူး” ဟန်ကျွယ်က ပြောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ ပဓာနဝိညာဉ်မှာ စွမ်းအားကြီးမားတဲ့ အင်အားတစ်ခု နိုးထလာတာကို ခံစားလိုက်ရတဲ့အတွက် မဟာအဂ္ဂဗုဒ္ဓ နိုးထလာတော့မယ်လို့ ကောက်ချက်ချလိုက်ပါတယ်။
ဒါကလည်း အဓိပ္ပာယ်မရှိတာတော့ မဟုတ်ပါဘူး။ ချူရှီရန်ဟာ ဒီနှစ်တွေမှာ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်တဲ့အတွက် သူ့ကျင့်ကြံမှုကလည်း လျင်မြန်စွာ တိုးတက်လာပါတယ်။ ကျင့်ကြံမှု မြင့်မားလာတဲ့အတွက် ဘဝဟောင်းက မှတ်ဉာဏ်တွေနိုးထာတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။
ဟန်ကျွယ်ဟာ မဟာအဂ္ဂဗုဒ္ဓ နိုးထလာရင် ဆက်ပြီးတော့ပဲ ကြိုးကြိုးစားစား ကျင့်ကြံမလား ဒါမှမဟုတ် တခြားသူတွေကို မကျင့်ကြံဖို့ တိုက်တွန်းမလားဆိုတာ သိချင်သွားပါတယ်။ ဒါပေမဲ့ မဟာအဂ္ဂဗုဒ္ဓ နိုးထာလာတာနဲ့တင် သူ့စည်းမျဉ်းကို သူချိုးဖောက်ပြီးသွားပါပြီ။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကို ရောက်ချလှပါပြီ။
တစ်နှစ်ကြာတဲ့အခါမှာတော့ ချူရှီရန်ဟာ လုံးဝနိုးထသွားပါတယ်။ ချူရှီရန်ဟာ မဟာအဂ္ဂဗုဒ္ဓရဲ့ ရုပ်သွင်နဲ့ တောက်ပတဲ့ဗုဒ္ဓအလင်းရောင်တွေ လွှတ်လိုက်တာကြောင့် တိတ်ဆိတ်ဂိုဏ်းက တပည့်တွေ အကုန်လုံးကို မျက်လုံးပြူးသွားစေပါတယ်။
ရွှင်ချန်အန်းဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး မြေကြီးပေါ် ဒူးထောက်ချကာ တုန်ယင်တဲ့အသံနဲ့ ပြောလိုက်ပါတယ် “ဗုဒ္ဓ…”
‘ဗုဒ္ဓ…’
လူတိုင်းဟာ ထိတ်လန့်သွားကြပါတယ်။ အဆိုးဆုံးကတော့ ချူရှီရန်ရဲ့တပည့် ကျိုးမင်ယွဲ့ပါ ‘သွားပြီ၊ ငါ ဆရာသခင်ကို ဘယ်တော့မှ ကျော်တက်နိုင်မှာ မဟုတ်တော့ဘူး’
လွီဟွာရွှီလည်း ထိတ်လန့်သွားပါတယ်။ ထုန်ကျန့်ကမ္ဘာမှာ ဗုဒ္ဓနဲ့ပတ်သက်ပြီး ဒဏ္ဍာရီတွေ ရှိပေမဲ့ လွီဟွာရွှီဟာ သူ့ဆရာသခင်က ဗုဒ္ဓဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။
စန့်ရှီက ဒေါသတကြီး ပြောလိုက်ပါတယ် “မဟာအဂ္ဂဗုဒ္ဓ၊ မင်း ပျောက်သွားတာမလား၊ ဘယ်လိုဖြစ်ပြီး…”
စန့်ရှီဟာ ဗုဒ္ဓကိုတောင် စည်ရုံးသိမ်းသွင်းနိုင်တဲ့ ဟန်ကျွယ်ကို ပိုပြီးတော့ ကြည်ညိုလေးစားသွားပါတယ်။
ချူရှီရန်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “အတိတ်ဘဝက အတိတ်မှာ ကျန်ခဲ့ပြီ၊ လက်ရှိဘဝက လက်ရှိဘဝပဲ၊ အတိတ်နဲ့ ဘာမှမပတ်သက်ဘူး”
ချူရှီရန်ရဲ့စကားကြောင့် ရွှင်ချန်အန်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
ချူရှီရန်ဟာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို လှမ်းကြည့်ကာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပါတယ်။ ဒါကိုမြင်တဲ့ တခြားတပည့်တွေဟာ ရင်ထိတ်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချူရှီရန်က ဗုဒ္ဓဖြစ်တဲ့အတွက် ဟန်ကျွယ်နဲ့ တိုက်ခိုက်မယ်ဆိုရင် ကျိန်းသေပေါက် တိုက်ပွဲကြီး ဖြစ်မှာပါ။
ချူရှီရန်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ရုတ်တရက် ခါးညွှတ်လိုက်ပြီးနောက် ချောက်ကမ်းပါးစွန်းကို လျှောက်သွားကာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
တခြားသူတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ချူရှီရန်ကို မနှောင့်ယှက်ရဲကြပါဘူး။
ငရဲကြက်နက်ဟာ ချူရှီရန်နောက်ကျောကို လျှောက်သွားပြီး အော်ပြောလိုက်ပါတယ် “ကောင်စုတ်လေး၊ မင်းက တကယ်ကြီး ဗုဒ္ဓလား၊ အဲဒါနဲ့များ သူများကို မကျင့်ကြံဖို့ ပြောနေသေးတယ်၊ မကျင့်ကြံရင် မင်းက ဘယ်လိုလုပ်ပြီး ဗုဒ္ဓဖြစ်လာမှာလဲ၊ မင်းက တော်တော် အရှက်မရှိတာပဲ”
တခြားသူတွေဟာ ငရဲကြက်နက်ကို စိုးရိမ်သွားပါတယ်။ ငရဲနက်နတ်ဆိုးသခင်လည်း ချီတုံချတုံ ဖြစ်သွားပါတယ်။
ငရဲကြက်နက်ရဲ့ စကားကြောင့် ချူရှီရန်ဟာ မျက်လုံးပင့်တက်သွားပြီး ဒေါသတကြီး ပြန်ပြောပါတယ် “အရင်တုန်းက ငါမှားခဲ့တာ၊ အဲဒီတော့ ဘာဖြစ်လဲ”
ချူရှီရန်ရဲ့စကားကြောင့် ရွှင်ချန်အန်းဟာ မှင်သက်သွားပြီး သူ့နားကိုတောင် မယုံနိုင်အောင် ဖြစ်သွားပါတယ် ‘တခြားဗုဒ္ဓသုံးပါးကို မကျင့်ကြံဖို့ ဆက်တိုက်ဖျောင်းဖျခဲ့တဲ့ မဟာအဂ္ဂဗုဒ္ဓက သူမှားတယ်လို့ ဝန်ခံလိုက်တာလား… မဖြစ်နိုင်တာ’
ရွှင်ချန်အန်းဟာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို တွေးမိသွားပါတယ် ‘ဆရာဘိုးဘိုးက သူ့ကို တစ်ခုခု လုပ်လိုက်တာလား၊ ဒါ အဖြစ်နိုင်ဆုံးပဲ… ကြည့်ရတာ ချူရှီရန်က မဟာအဂ္ဂဗုဒ္ဓရဲ့ မှတ်ဉာဏ်တွေ အကုန်လုံး မနိုးထသေးတဲ့ပုံပဲ၊ မဟုတ်ရင် ဒီလိုပုံစံမျိုး ဖြစ်နေမှာ မဟုတ်ဘူး’
ရွှင်ချန်အန်းရဲ့ နှလုံးသားထဲက ဟန်ကျွယ်ရဲ့ ပုံရိပ်ဟာ ပိုပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်သွားပါတယ်။ ရွှင်ချန်အန်းဟာ တစ်ချိန်လုံး ကျင့်ကြံအားထုတ်နေပေမဲ့လည်း ဟန်ကျွယ်နဲ့ သူကြားက အကွာအဝေးဟာ ပိုပိုပြီး ဝေးကွာလာတယ်လို့ ခံစားလိုက်ရပါတယ်။ ဒီခံစားချက်ဟာ ရွှင်ချန်အန်းကို ပိုပြီးတော့ ကြိုးကြိုးစားကျင့်ကြံဖို့ တွန်းအားဖြစ်စေပါတယ်။
“ဟင်း… ကောင်းကောင်းမွန်မွန် ကျင့်ကြံအားထုတ်ချည်၊ မင်းက ဗုဒ္ဓဆိုတော့ ဘဝဟောင်းက ကျင့်ကြံမှုကို ပြန်ရအောင် မြန်မြန်လုပ်၊ တိတ်ဆိတ်ဂိုဏ်းက မင်းတို့လိုတပည့်တွေကို မှီခိုဖို့ လိုအပ်တယ်၊ အမြဲတမ်း ငါ့ရဲ့အစ်ကိုကြီးနဲ့ မှော်ဆရာအိုကြီးဆီက အကူအညီယူနေလို့ မဖြစ်ဘူး” ငရဲကြက်နက်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ သခင်လိုမျိုး နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ်။
စန့်ရှီဟာ အမျက်ထွက်သွားပါတယ် “ငါ မင်းကို ပြောတာ ဘယ်နှခါရှိပြီလဲ၊ ငါ့ကို မှော်ဆရာအိုကြီးလို့ မခေါ်ပါနဲ့လို့”
ငရဲကြက်နက်ရဲ့ စကားတွေကြောင့် ပတ်ဝန်းကျင်ဟာ ညီညွတ်မျှတသွားပြီး တခြားသူတွေဟာ ချူရှီရန်နဲ့ စကားသွားပြောကြပါတယ်။ ချူရှီရန်က သူတို့ကို လျစ်လျူမရှုဘဲ မေးသမျှကို ပြန်ဖြေပါတယ်။ ဒီလိုနဲ့ အဆက်အသွယ် များလာတဲ့အခါ ချူရှီရန်ဟာ နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုရဲ့ ပြုစုပြိုးထောင်မှုအောက်မှာ ရှိတာကြောင့် အချိန်တိုင်း ဂရုတစိုက် စောင့်ကြည့်နေစရာ မလိုပါဘူး။
ဟန်ကျွယ်ရဲ့ ခန့်မှန်းချက်အရ အများဆုံး နှစ်ငါးဆယ်အတွင်း သေခြင်းရှင်ခြင်း မဟာတာအိုနဲ့ သူ့ဝိညာဉ်က လုံးဝပေါင်းစပ်သွားမှာပါ။ အဲဒီအချိန်ရောက်ရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း နတ်မင်းအဆင့်ကို ရောက်ရှိသွားမှာပါ။
ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်‌ဆေးလိုက်ပါတယ်။
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် အမှောင်ဂိုဏ်းသို့ ဝင်ရောက်သွားသောကြောင့် ကံတရား အထောက်အပံ့ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၁၀၀၃၂
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုကို ခံရပြီး ကျင့်ကြံမှု တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် ရှေးဟောင်းအမွေအနှစ်အား ဆက်ခံရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ နတ်ဆိုးဧကရာဇ်၏ ကောင်းကင်ဘဝဂ်တာအိုသီးသည် အက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကောင်းကင်တာအိုသို့ ဝင်ရောက်ပြီး သူ့ကံတရားအား ဖြတ်တောက်လိုက်၏။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ရှေးဟောင်းချီလင်သွေးနှင့် ပေါင်းစပ်ပြီး သွေးစည်းပြောင်းလဲကာ ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ရွှမ်ချင်းကျွင်းက ဘယ်လိုလုပ်ပြီး အမှောင်ဂိုဏ်းထဲ ရောက်သွားတာလဲ’ ဟန်ကျွယ်ဟာ သိပ်မပျော်တော့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို မထိန်းချုပ်နိုင်တာကြောင့် အမှောင်ဂိုဏ်းကိုပဲ အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အမှောင်ဂိုဏ်း ဂိုဏ်းချုပ်ဟာ ကျို့ယိုငရဲကနေလွတ်သွားတဲ့ ရွှယ်မင်းဟယ်ဆိုတာကို ဟန်ကျွယ် သိနေတဲ့အတွက် ကျိန်စာတိုက်ဖို့က မခက်ခဲပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ လီတောက်ခုံးက ကောင်းကင်တာအိုထဲ ဝင်ရောက်ပြီး ကံတရား ဖြတ်တောက်လိုက်တာကို တွေ့လိုက်ရပါတယ်။
‘ဒီလီတောက်ခုံးရဲ့ အစွမ်းက ယုတ္တိကိုမရှိဘူး၊ ငါ့ကို တပည့်အဖြစ် လက်ခံချင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ပီသပါပေတယ်၊ အရင်တုန်းက စိတ်ထင်တိုင်းကြဲနေတာ အံဩစရာ မရှိတော့ပါဘူး၊ စိတ်ထင်တိုင်းကြဲပြီး ကံတရားကို ဖြတ်တောက်မယ်လို့ အစောကြီးကတည်းက စီစဉ်ထားပုံပဲ’
လီတောက်ခုံးက ရွမ်လိန့်ကျောင်းတော်နဲ့ ဆက်စပ်နေတဲ့ ကံတရားကို ဖြတ်လိုက်လား မဖြတ်လားကတော့ ဟန်ကျွယ်လည်း သေချာမသိပါဘူး။ ဒါပေမဲ့ လီတောက်ခုံးနေရာမှာ ဟန်ကျွယ်သာဆိုရင် ကျိန်းသေပေါက် ဖြတ်တောက်ပစ်မှာပါ။ မဟုတ်ရင် လီရွှမ်အောက်က အမြဲတမ်း အားနည်းချက် ဖြစ်နေမှာပါ။
ဟန်ကျွယ်အမြင်မှာ လီရွှမ်အောက်က လီတောက်ခုံးထက် အများကြီး အဆင့်နိမ့်ပါတယ်။ လီရွှမ်အောက်က အကြိမ်ပေါင်းများစွာ ဒဏ်ရာရပေမဲ့ လီတောက်ခုံးကတော့ တစ်ခါမှာ ဒဏ်ရာမရသေးပါဘူး။
ဟွမ်ဇွမ်တျန်က ဘယ်လိုလုပ်ပြီး စွမ်းအားပိုပိုကြီးလာလဲတော့ ဟန်ကျွယ်လည်း မသိပါဘူး။ ဟန်ကျွယ် သူ့ကို ကျယ်ကျောင်းတော်ဆီ လွှတ်လိုက်တုန်းက ဒီလောက်ထိ ဖြစ်လာလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ပါဘူး။
‘ငါတို့တွေ နောက်တစ်ခါတွေ့ရင် ဟွမ်ဇွမ်တျန်က ကျယ်ကျောင်းတော် ဂိုဏ်းချုပ်များ ဖြစ်နေမလား မသိဘူး’
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန် သစ္စာဖောက်မှာကို မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟွမ်ဇွမ်တျန် ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ လမ်းခြောက်သွယ် အမှတ်အသား ရှိနေလို့ပါပဲ။ ဒီလမ်းခြောက်သွယ် အမှတ်အသားက ဟန်ကျွယ် စွမ်းအားကြီးလာတာနဲ့အမျှ ပိုပြီးတော့ အားကောင်းလာပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို မကျော်တက်နိုင်ဘူးဆိုရင် သစ္စာဖောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ စာအိတ်တွေ ဆက်ဖတ်တဲ့အခါမှာ လူအများကြီး အခွင့်အရေးတွေ ရကုန်တာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့လည်း ကံဆိုးစွာပဲ ဒီလူတွေဟာ ဟန်ကျွယ်ကို မယှဉ်နိုင်သေးပါဘူး။
ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေကို လူမှုဆက်ဆံရေးကလည်း မကြာခဏ ကြည့်ရှုလေ့ရှိပါတယ်။ ကျင့်ကြံတဲ့နေရာမှာ ဘယ်သူကမှ ဟန်ကျွယ်ထက် မြန်အောင် မကျင့်ကြံနိုင်ကြသေးပါဘူး။
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဂုဏ်ယူသွားပေမဲ့ အောက်ခြေတော့ လွတ်မသွားပါဘူး။ ကျင့်ကြံမှုအလျင်က ဘာမှမဟုတ်ပါဘူး။ တကယ်အရေးကြီးတာက ကျင့်ကြံမှုပါ။
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချလိုက်ပြီး စိတ်ထဲမှာ မေးလိုက်ပါတယ် ‘ကောင်းကင်ဧကရာဇ်ကို ဘယ်သူက ကျိန်စာတိုက်နေတာလဲ’
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး အသက်ရှူကြိမ် လေးငါးခြောက်ကြိမ် အကြာမှာ ပြန်ဖွင့်လိုက်ပါတယ် ‘ခွေးမသား ဇုထူပါပဲလား၊ ဘာတွေ ဖြစ်ကုန်တာလဲ… သူက ဒီလောက် စွမ်းအားကြီးနေတာကို ဘာဖြစ်လို့ တခြားသူတွေကို ကျိန်စာတိုက်နေရသေးတာလဲ၊ ငါ့အယောင် ဆောင်ချင်တာလား’
ဟန်ကျွယ်ဟာ တော်တော်လေး မကျေမချမ်း ဖြစ်သွားပါတယ် ‘အရှင်မင်းကြီး… အရှင်မင်းကြီးအတွက် ကျွန်တော် စွန့်စားဖို့ ဆုံးဖြတ်လိုက်ပြီ’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်း ကောက်ယူလိုက်ပြီး ကျိန်စာ ဆက်တိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ဇုထူတစ်ခုခုဖြစ်တဲ့အထိ ကျိန်စာတိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ငါးရက်ကြာ ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။
ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စိုက်ကြည့်ရင်း ကျိန်စာဆက်တိုက်ပါတယ်။ ကျိန်စာစွမ်းအားက ပြင်းလေလေ ဟန်ကျွယ်ရဲ့ သက်တမ်း လျော့ကျမှုကလည်း မြန်လေလေပါပဲ။
သန်း ၁၀၀။
တစ်ဘီလီယံ။ နှစ်ဘီလီယံ။
ငါးဘီလီယံ။
ဟန်ကျွယ်ဟာ မျက်နှာတစ်ခုလုံး သွေးတွေချည်းမို့ ကျိန်စာတိုက်တာရပ်ပြီး စနစ်ကို မေးလိုက်ပါတယ် “ဇုထူ တစ်ခုခု ဖြစ်သွားပြီလား”
ဟန်ကျွယ်ဟာ ဇုထူနဲ့ ဘာဆက်ဆံရေးမှ မရှိတဲ့အတွက် ဇုထူနဲ့ ပတ်သက်ပြီး ဘာစာမှ လက်မခံနိုင်ပါဘူး။
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
မတွက်ဘူး။
ဟန်ကျွယ်ဟာ အကောင်းဆုံး ကြိုးစားပြီးပြီမို့ ဇုထူကို ထပ်ပြီးတော့ ဂရုမစိုက်တော့ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ အခွင့်အရေးရှာပြီး ကောင်းကင်ဧကရာဇ်ကို ဇုထူအကြောင်းပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ရှန်နန်းတော်။
“ဝုန်း…”
နန်းတော်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားတာကြောင့် အပြင်မှာ စောင့်ကြပ်နေတဲ့ အစောင့်တွေဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။ အစောင့်တွေဟာ အလွန်တရာမှ တုန်လှုပ်သွားကြပေမဲ့ နန်းတော်ထဲကို မဝင်ရဲပါဘူး။
ခန်းမထဲက ဇုထူရဲ့ မျက်နှာဟာ မိုးမီးလောင်တော့မလို ဖြစ်သွားပါတယ် ‘ဖွတ်မသား အမှောင်သခင်ကြီး၊ သူက ငါ့ကို ဆယ်နှစ်တစ်ကြိမ် ကျိန်စာတိုက်နေပါလား၊ ဒီတစ်ခါက အရင်ကထက် ပိုပြင်းလာတယ်’ ဇုထူဟာ ထိတ်လန့်လာပါတယ်။
‘အမှောင်သခင်ကြီးရဲ့ ကျိန်စာက နောက်တစ်ခါကျရင် ပိုပြီးတော့ အားကောင်းလာအုန်းမှာလား၊ အခုအချိန်မှာ ငါ ဘာမှမဖြစ်ဘူးဆိုပေမဲ့ ဒီကျိန်စာစွမ်းအားက အမှောင်သခင်ကြီးရဲ့ အကန့်အသတ် မဟုတ်ဘူးဆိုရင်…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset