Switch Mode

Chapter – 27

လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင် ဝတ်ရုံနဲ့လူ

Chapter – 27
“လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင် ၀တ်ရုံနှင့်လူ”

ချန်​ရှင်းမြို့​လေးတွင်​ရဲ​ရှောင်​နှင့်​ပက်​သက်​သည့်​ကောလဟာလသတင်းသည်​တ​ငွေ့​ငွေ့ဖြင့်​လောင်​နေသည့်​မီး​တောက်​တစ်​ခုပမာပင် ယ​နေ့အချိန်​ထိ ငြိမ်​သက်​သွားခြင်း မရှိ​သေး​ပေ။
အဆိုပါ​ကောလဟာလ သတင်းသည်​မြို့ထဲရှိ အိမ်​များသို့ တစ်​အိမ်​ပြီးတစ်​အိမ်​တောမီးပမာ လျင်​မြန်​စွာ ကူးစက်​သွားခဲ့​သော်​လည်း​ဘေးပတ်​ဝန်းကျင်​များနှင့်​အဆက်​အဆံမရှိဘဲ ထူးဆန်းစွာဖြင့်​သီးခြားရှိ​နေသည့်​ခြံဝန်းကြီးတစ်​ခုထံကိုမူ သက်​ရောက်​ပြန့်​နှံ့သွားခြင်း မရှိခဲ့​ပေ။
ထိုခြံဝန်းကြီးသည်​မြို့လည်​ခေါင်​တည့်​တည့်​တွင်​တည်​ရှိ​နေ​ပြီး ခြံ၏ တန်ဖိုးသည်​အဖိုးမဖြတ်​နိုင်​အောင်​ပင်​တန်​ဖိုးအလွန်​ကြီးမားလှသည်​။ ခြံကြီးအတွင်းရှိ​မြေတစ်​လက်​မ အရွယ်​အတိုင်းအတာကိုပင်​ရွှေစ တစ်​စ တန်​လေသည်​။
ခြံဝန်းကြီးထဲတွင်​နေရာလပ်​မရှိ​အောင်​ပင်​ပေါက်​ရောက်​နေကြသည့်​ဝါး​တောကြီးများဖြင့်​အုပ်​ဆိုင်းလျက်​ရှိပြီး အဆိုပါ ဝါးရုံ​တောကြီး၏ အလည်​တွင်​ခန့်​ညားထည်​ဝါစွာဖြင့်​ဆောက်​လုပ်​ထားသည့်​အိမ်​ကြီးတစ်​အိမ်​ရှိ​လေသည်​။ ခြံကြီး၏​ဘေးပတ်​ပတ်​လည်​တွင်​မူ​တောင်​တန်းငယ်​လေးများသည်​မှိုင်းညို့စွာဖြင့်​ကာရံထားလျက်​ရှိသည်​။ အပြင်​ဘက်​မှကြည့်​လျှင်​အိမ်​ကြီးအား လွယ်​လွယ်​ကူကူဖြင့်​မြင်​ရလိမ့်​မည်​မဟုတ်​ချေ။
ယခုကဲ့သို့ တန်​ဖိုးအလွန်​ကြီးမားသည့်​ခြံကြီးအား ပိုင်​ဆိုင်​ထားသည့်​လူသည်​နောက်​ခံအင်​အား​တောင့်​တင်းပြီး အလွန်​အမင်းချမ်းသာကြွယ်​ဝသည့်​လူတစ်​ဦးပင်​ဖြစ်​ပေလိမ့်​မည်​။ ခြံကြီး၏​မြေ​နေရာ အကျယ်​အဝန်းသည်​မျက်စိတစ်ဆုံးပင်မက​ကျယ်​ဝန်းလှ​သည်​။ ခြံပိုင်​ရှင်​သည်​ခြံကြီး၏​မြေ​နေရာ (၂၀%) အား​သေးငယ်​လှပ​သော​တောင်​တန်းများအတွက်​အသုံးပြုထားပြီး ဝါးရုံ​တောကြီးများအတွက်​(၇၀%) အား အသုံးပြုထား​လေသည်​။ ကျန်​(၁၀%) ကိုမူ ကြီးမားခိုင်​ခံ့​သော ခြံဝန်းကြီး​ဆောက်​လုပ်​ထား​ပေသည်။
ထိုခြံကြီးအတွက်​ငွေ​ကြေးအ​မြောက်​အမြား သုံးစွဲထားသည်​မှာ အံ့ဩဖွယ်​ရာပင်​။
နန်း​တော်​ကြီးတစ်​ခုကဲ့သို့ ခန့်​ညားထည်​ဝါလှသည့် ခြံကြီးအတွင်း​လေပြည်​လေညှင်း​လေးများသည်​တိုး​ဝှေ့တိုက်​ခတ်​လျက်​ရှိ၏။​လေပြည်​လေညှင်းများ၏ တိုး​ဝှေ့သံနှင့်​အတူ ဝါးရုံ​တောမှ ဝါးရွက်​က​လေးများသည်​လည်း တဖျတ်​ဖျတ်​ဖြင့်​ပင်​လှုပ်​ခါလျက်​ရှိသည်​။ တိတ်​ဆိတ်​ခြင်း၊ ငြိမ်းချမ်းခြင်း၊ ခန့်​ညားခြင်း တို့​ပေါင်းစပ်​လိုက်​သောအခါ အရာအားလုံးသည်​ကဗျာတစ်​ပုဒ်​ကဲ့သို့ပင်​။
ထိုအချိန်​တွင်​အလွန်​သာယာနာ​ပျော်​ဖွယ်​ကောင်းလှသည့်​တူရိယာတစ်​မျိုး၏ အသံသည်​လေတိုးသံများကြားမှ လွှင့်​ပျံထွက်​ပေါ်လာခဲ့သည်။​ကြားရသူအ​ပေါင်း၏ နှလုံးအား ဆွဲကိုင်​လှုပ်​စေနိုင်​သည့်​ထိုအသံသည်​ကောင်းကင်​ဘုံမှ ထွက်​ပေါ်လာသည့်​အသံမျိုးနှင့်​ပင်​တူ​နေပါသည်​။
ထိုကဲ့သို့​သော အသံမျိုးအား တီးခတ်​နိုင်​သည့်​လူမှာ အဘယ်​သူ ဖြစ်​နိုင်​ပါသနည်း။
ခြံဝန်းကြီးထဲတွင်​အဖြူ​ရောင်​ဝတ်​ရုံရှည်​ကြီး ဝတ်​ဆင်​ထားသည့်​လူတစ်​ယောက်​သည်​ဘီးတပ်​ကုလားထိုင်​ပေါ်တွင်​ထိုင်​နေပြီး ဗျတ်​စောင်းကြီးအား ကျွမ်းကျင်​ပိုင်​နိုင်​စွာဖြင့်​တီးခတ်​နေ​လေသည်​။ သူ၏ လက်​ချောင်းများသည်​စောင်းကြိုးများ​ပေါ်တွင်​နူးညံ့သိမ်​မွေ့စွာဖြင့်​ဟိုဒီ​ပြေးကာ လှုပ်​ရှား​နေကြသည်​။ သူတီးခတ်​နေသည့်​စောင်း၏ အသံသည်​တသွင်​သွင်​စီးဆင်း​နေသည့်​စမ်း​ချောင်းငယ်​တစ်​ခုကဲ့သို့ပင်​အနီးအနားပတ်​ဝန်းကျင်​သို့ သာယာကြည်​နူးဖွယ်​ကောင်း​လောက်​အောင်​ပျံ့နှံ့ထွက်​ပေါ်လျက်​ရှိသည်​။
ဗျတ်​စောင်း၏​ရှေ့တွင်​အ​မွှေးနံ့သာတိုင်​များအား ထွန်းညှိထားပြီး​လေအ​ဝှေ့တစ်​ချက်​တွင်​အခိုးအ​ငွေ့များသည်​ရစ်​သိုင်းကာ အ​ပေါ်သို့ လွှင့်​ပြယ်​သွားကြသည်​။
​စောင်းတီးခတ်​နေသည့်​လူ၏ အနားတွင်​အဖြူရောင်​ဝတ်စုံများ​ဝတ်​ဆင်​ထားသည့်​အလွန်လှပ​သော မိန်းက​လေးနှစ်​ယောက်​သည်​မတ်​တပ်​ရပ်​လျက်​ရှိသည်​။
အဖြူ​ရောင်​ဝတ်​စုံများ ဝတ်​ဆင်​ထားသည့်​အဆိုပါ လူသုံးဦး၏ ပုံစံသည် မြင်​ရသူအ​ပေါင်းအတွက် ရင်သပ်ရှု​မောဖွယ်​ကောင်းသည့်​ပန်းချီကားတစ်​ချပ်​အား ကြည့်​နေရသည့်​အလားပင်​။
သူတို့သုံးဦးစလုံးသည်​ဘေးပတ်​ဝန်းကျင်​ကိုပင်​မေ့​လျော့​နေပြီး သာယာနာ​ပျော်​ဖွယ်​ကောင်းသည့်​စောင်းသံထဲတွင်​ပင်​အာရုံစီးမြောနစ်​၀င်လျက်​ရှိသည်​။
ထိုကဲ့သို့​သော အချိန်​မျိုးတွင်​ရန်​သူများသည်​အင်​အားအလုံးအရင်းဖြင့်​ဝင်​တိုက်​ခိုက်​လာလျှင်​တောင်​မှ သူတို့အ​နေဖြင့်​ဂရုစိုက်​လိမ့်​မည်​မဟုတ်​ချေ။
​လေ​ပြေ​လေညှင်း​လေးများ၏ ရိုက်​ခတ်​မှု​ကြောင့် သူတို့၏ ဝတ်​ရုံများသည်​လေထဲတွင်​တလွင့်လွင့်ဖြင့်​လွင့်​ပျံလျက်​ရှိ၏။
ထိုအချိန်​တွင်​ဝါးရုံ​တောထဲမှ အနက်ရောင် ပုံရိပ်​တစ်​ခုသည်​ရုတ်တရက် ထွက်​ပေါ်လာခဲ့သည်​။ ထိုပုံရိပ် ပိုင်ရှင်သည်​လေကဲ့သို့ လျင်​မြန်​သော အရှိန်​အဟုန်​ဖြင့်​ဝါးရုံ​တောအား ဖြတ်​သန်းလာခဲ့ပြီး ဌက်​တစ်​ကောင်​ကဲ့သို့ပင်​ပေါ့ပါးစွာဖြင့်​မြေပြင်​ပေါ်သို့ ဆင်းသက်​လိုက်​သည်​။ သူ၏ ပုံစံသည်​အလွန်​အမင်း အလျင်​စလို ဖြစ်​နေသည့်​ပုံစံမျိုးပင်​။ သို့​သော်​သူ၏​ရှေ့တွင်​ရှိသည့်​မြင်​ကွင်းအား​တွေ့လိုက်​ရ​သောအခါ မည့်​သည့်​စကားမှ မ​ပြောဘဲ တိတ်​တိတ်​ဆိတ်​ဆိတ်​ဖြင့်​ပင်​အနားတွင်​မတ်​တပ်​ရပ်​နေလိုက်​သည်​။
အလွန်​တရာမှပင်​ကြည်​နူးသာယာ​ဖွယ်​ကောင်းသည့်​အ​ခြေအ​နေအား အ​နှောင့်​အယှက်​ဖြစ်​သွားမည်​စိုး၍ သူ့အ​နေဖြင့်​အသက်​ခပ်​ပြင်းပြင်းပင်​မရှုရဲ​ပေ။
မ​မျှော်​လင့်​ထားသည့်​လူတစ်​ယောက်​အနားသို့​ရောက်​လာခဲ့​သော်​လည်း အဖြူ​ရောင်​ဝတ်​ရုံနှင့်​လူသည်​အံ့ဩဟန်​မပြဘဲ တည်​ငြိမ်​စွာဖြင့်​ပင်​စောင်းဆက်တီးနေလေသည်။ သူ၏ စိတ်​အစဉ်​တစ်​ခုလုံးသည်​စောင်းတီးသံထဲတွင်​နှစ်​ဝင်​မြောပါလျက်​ရှိပြီး လျင်​မြန်​စွာဖြင့်​ပင်​စောင်းအား ကျွမ်းကျင်​ပိုင်​နိုင်​စွာ တီးခတ်​လျက်ရှိသည်။
“ဒန်​”
​နောက်​ဆုံးတွင်​မူ​စောင်းတီးသံသည်​ရပ်​တန့်​ပြီးဆုံးသွားခဲ့​လေပြီ။ ဝတ်​ရုံအဖြူနှင့်​လူသည်​သူ၏ လက်​များအား​စောင်းကြိုး​ပေါ်မှ ဖြည်းဖြည်းချင်း ဖယ်လို​က်​ပြီး အသက်​ပြင်းပြင်း တစ်​ချက်​ရှုလိုက်​လေသည်​။
​စောင်းတီးသံ ရပ်​တန့်​သွားပြီဖြစ်​၍ ဝတ်​ရုံနက်​နှင့်​လူသည်​စကား​ပြောရန်​အတွက်​ရှေ့သို့​ခြေတစ်​လှမ်း လှမ်းလိုက်​သည်​။ သို့​သော်​ဝတ်​ရုံဖြူနှင့်​လူသည်​လက်​တစ်​ချက်​ကာပြလိုက်​သော​ကြောင့်​ဝတ်​ရုံနက်​နှင့်​လူသည်​ရှေ့သို့ တိုးမလာရဲ​တော့ဘဲ ရိုကျိုးစွာဖြင့်​ပင်​နောက်​သို့ ပြန်​ဆုတ်​သွား​လေသည်​။
ပတ်​ဝန်းကျင်​တစ်​ခုလုံး၌​လေတိုးသံ မကြားရ​လောက်​အောင်​ပင်​အချိန်​အ​တော်​ကြာ​အောင်​တိတ်​ဆိတ်​ငြိမ်​သက်​လျက်​ရှိသည်​။ ခဏအကြာတွင်​ဝတ်​ရုံဖြူနှင့်​လူသည်​တည်​ငြိမ်​အေးချမ်းသည့်​အသံဖြင့်​စကားစတင်​ပြောလိုက်​၏။
“စကြာဝဠာကြီးထဲမှာ ရှိတဲ့ ဘယ်​အရာမှာမဆို တုန့်​ပြန်​ခံစားနိုင်​တဲ့ စွမ်းအင်​တွေ ရှိကြတယ်​။ ဥပမာအ​နေနဲ့ ငါ့ရဲ့ ဗျတ်​စောင်းကိုပဲ နမူနာထားပြီးကြည့်​လိုက်​။ ငါတီးတာ ရပ်​လိုက်​တဲ့ အချိန်​မှာ​စောင်းသံကလည်း ရပ်​တန့်​သွားတယ်​။​နောက်​ပြီး​စောင်းသံကို ခံစားနိုင်​ဖို့ဆိုရင်​ငါတို့ ကိုယ်​တိုင်​ကလည်း​စောင်းသံကို မြတ်​နိုးခံစားတတ်​ဖို့လိုတယ်​”
ဝတ်​ရုံဖြူနှင့်​လူသည်​ညင်​သာစွာဖြင့်​ပြုံးလိုက်​ရင်း ထပ်​မံ​ပြောလိုက်​သည်​။
“တစ်​ခုခုအ​ပေါ်မှာ အရမ်းကို အာရုံသက်​ဝင်​နေပြီဆိုရင်​အဲဒီအချိန်​အခိုက်​အတန့်​လေးကို မရပ်​တန့်​လိုက်​သင့်​ဘူး။ ဒါ​ကြောင့်​မင်းအ​နေနဲ့ ဘယ်​လောက်​ပဲ အ​ရေးကြီးတဲ့​သေ​ရေးရှင်​ရေး ကိစ္စပဲရှိရှိ အ​နှောက်​အယှက်​မ​ပေးဘဲ​စောင့်​ဆိုင်းသင့်​တယ်​”
“ဟုတ်​ကဲ့ပါ သခင်​ကြီး”
ဝတ်​ရုံနက်​ဖြင့်​လူသည် သူ၏​ခေါင်းအား ငုံ့လိုက်​ရင်း အရိုအ​သေပြုကာ​ပြောလိုက်​လေသည်​။
ဝတ်​ရုံနက်​ဖြင့်​လူသည်​ကောင်းကင်​အဆင့်​ထိပ်​ဆုံးအဆင့်​သို့ပင်​ရောက်​ရှိ​နေသည့်​ပညာရှင်​တစ်​ဦးဖြစ်​၏။ ထိပ်​သီးအဆင့်​ရှိ သိုင်းပညာဂိုဏ်းများ၏ အဆင့်​မြင့်​ပညာရှင်​ကြီးများမှလွဲ၍ ယခု​မော်​တယ်​ကမ္ဘာတွင်​ရှိ​သော မည်​သည့်​သိုင်းပညာရှင်​မဆို သူနှင့်​ယှဉ်​ပြိုင်​၍ တိုက်​ခိုက်​ရဲကြလိမ့်​မည်​မဟုတ်​ပေ။ သို့​သော်​ကောင်းကင်​အဆင့်​ရှိသည့်​အ​ဆိုပါလူသည်​အဖြူရောင်ဝတ်ရုံ ဝတ်​ဆင်​ထားသည့်​လူ၏​ရှေ့တွင်​မူ ရို​သေကျိုးနွံစွာဖြင့်​အောက်​ကျို့ ဆက်​ဆံလျက်​ရှိသည်​။
ထိုကဲ့သို့​အောက်​ကျို့ဆက်​ဆံ​နေရသည်​ကိုပင်​သူ့အ​နေဖြင့်​အလွန်​အမင်း ဂုဏ်​ယူလျက်​ရှိသည့်​ပုံစံမျိုးပင်​။
“အခု မင်းစ​ပြောလို့ရပြီ”
ဝတ်​ရုံဖြူ နှင့်​လူသည်​ပြုံးရင်း​ပြောလိုက်​ကာ သူ၏ ဘေးနားတွင်​မတ်​တပ်​ရပ်​နေ​သော မိန်းက​လေးထံမှ တစ်​စုံတစ်​ခု လှမ်း​တောင်းဟန်​အမူအယာမျိုးဖြင့်​လက်​လှမ်းလိုက်​သည်​။​ထို့​နောက်​ကောင်​မ​လေးနှစ်​ယောက်​ထဲမှ တစ်​ယောက်​သည်​ပိုးပုဝါအဖြူ​ရောင်​တစ်​ထည်​အား ယူ၍ သူ၏ လက်ထဲသို့ ရို​သေစွာဖြင့်​ထည့်​ပေးလိုက်​လေသည်​။ ဝတ်​ရုံဖြူနှင့်​လူသည်​ပုဝါအား လှမ်းယူလိုက်​ရင်း သူ၏ လက်​များအား သုတ်​လိုက်​သည်​။
“ကျွန်​တော်​ပြောမယ့်​ကိစ္စက မူမျိုးနွယ်​စုထဲက မူရှန်​ဘိုင်​ရဲ့ အ​ကြောင်းပါ။ သူ အသတ်​ခံလိုက်​ရတယ်​နောက်​ပြီး သတ်​တဲ့သူကလည်း ရဲ​ရှောင်​လို့ မြို့ထဲက လူ​တွေက​ပြော​နေကြတယ်​။ အဲဒီကိစ္စက မြို့ထဲမှာ ဟိုး​လေးတ​ကျော်​နဲ့ကို ဖြစ်​နေတယ်​။ မူမျိုးနွယ်​စုကလည်း မူရှန်​ဘိုင်​အသတ်​ခံလိုက်​ရ​တဲ့ ကိစ္စနဲ့ပက်​သက်​ပြီး စုံစမ်းစစ်​ဆေးဖို့အတွက်​သူတို့ရဲ့ အားအကိုးရဆုံး ထိပ်​သီး​တွေကို မြို့ထဲကို​စေလွှတ်​ထားကြတယ်​”
ဝတ်​ရုံနက်​ဖြင့်​လူသည်​သူ၏​ခေါင်းအား ငုံ့ထားရင်း​ပြောလိုက်​သည်​။
“အင်းး”
ဝတ်​ရုံဖြူနှင့်​လူသည်​သူ၏ လက်​နှစ်ဖက်​အား ဗိုက်​ပေါ်သို့ တင်​လိုက်​ကာ​ခေါင်းတဆတ်​ဆတ်​ညိတ်​၍ နား​ထောင်​နေသည်​။
“မူရှန်​ဘိုင်​အသတ်​ခံရတဲ့ ကိစ္စက အခုအချိန်​ထိ သို့​လော သို့​လော ဖြစ်​နေကြတယ်​။ ဒါ​ပေမယ့်​လူသတ်​သမားက ဘယ်​လိုနည်းနဲ့ဖြစ်​ဖြစ်​ရဲ​ရှောင်​မဖြစ်​နိုင်​ဘူး။ တကယ့်​လူသတ်​သမားက ရဲ​ရှောင်​မဟုတ်​ဘဲ မူမျိုးနွယ်​စုကြီးက ရဲ​ရှောင်​သတ်​တယ်​ထင်​ပြီး​ထောင်​ချောက်​အဆင်​ခံရတဲ့အထဲ ဝင်မိသွား​မှာကို ကျွန်​တော်​စိုးရိမ်​မိတယ်​။ ကျွန်​တော်​စဉ်းစားကြည့်​မိသ​လောက်​တော့ မူရှန်​ဘိုင်​ကို ရဲ​ရှောင်​သတ်​တာ လုံးဝမဖြစ်​နိုင်​ဘူး။ ဘာလို့လဲဆို​တော့ ရဲ​ရှောင်​က ဘာမှသုံးစားမရတဲ့ လူတစ်​ယောက်​သူ့မှာ မူရှန်​ဘိုင်​ကို သတ်​ရဲ​လောက်​တဲ့အထိ သတ္တိမရှိဘူး။​နောက်​ပြီး မူရှန်​ဘိုင်​တစ်​ယောက်​တည်းတင်​မဟုတ်​ဘူး သူ့ရဲ့ကိုယ်​ရံ​တော်​နှစ်​ယောက်​ပါ ပါ​သေးတယ်​။ အဲဒီ​တော့ ရဲ​ရှောင်​အ​နေနဲ့ လူသုံး​ယောက်​ကို သတ်​ဖို့ဆိုတာ ပို​တောင်​မဖြစ်​နိုင်​သေးတယ်​။​နောက်​ပြီး မူရှန်​ဘိုင်​တို့ သုံး​ယောက်​စလုံးက​မော်​တယ်​အဆင့်​ရှိတဲ့ သူ​တွေ . . .”
ဝတ်​ရုံနက်​ဖြင့်​လူသည်​သူ၏ ထင်​မြင်​ယူဆချက်​များအား​ပြောပြလိုက်​၏။
ဝတ်​ရုံဖြူဖြင့်​လူသည်​မည်​သည့်​စကားမျှ မ​ပြောဘဲ တိတ်​ဆိတ်​ငြိမ်​သက်​စွာဖြင့်​ပင်​နား​ထောင်​လျက်​ရှိသည်​။ ထို့​နောက်​သူသည်​တည်​ကြည်​လေးနက်​သော အသံဖြင့်​ပြောလိုက်​သည်​။
“အင်း . . . မင်း​ပြောတဲ့ အချက်​တွေ အကုန်​လုံးက ကျိုး​ကြောင်းဆီ​လျော်​ပါတယ်​. . .”
ဝတ်​ရုံနက်​ဖြင့်​လူသည်​စိတ်​လှုပ်​ရှားသွား​သော​ကြောင့်​သူ၏ မျက်​နှာတစ်​ခုလုံးပင်​နီရဲသွားရင်း –
“အခုလို ချီးကျုးတဲ့အတွက်​ကျေးဇူးတင်​ပါတယ်​သခင်​ကြီး”
“ဒါ​ပေမယ့်​. . .”
ဝတ်​ရုံဖြူနှင့်​လူသည်​ပြောမည့်​စကားအား​ခေတ္တခဏ ရပ်​တန့်​လိုက်​ပြီး သူ၏ နှုတ်​ခမ်းများအား​ကွေးသွား​အောင်​ပြုံးလိုက်​ရင်း စကားဆက်​ပြောလိုက်​၏။
“မင်း​ပြောတဲ့ အချက်​တွေအကုန်​လုံးကို ခြုံငုံကြည့်​လိုက်​ရင်​ရဲ​ရှောင်​က လူသတ်​သမား မဖြစ်​နိုင်​ဘူးဆိုတဲ့ အချက်​တစ်ချက်တည်းေ​ပ်ါမှာပဲ မူတည်​ပြောသွားတာ”
“တကယ်​လို့သာ ရဲ​ရှောင်​က တကယ့်​လူသတ်​သမားပါဆိုရင်​မင်း​ပြောခဲ့တဲ့ အရာ​တွေ အကုန်​လုံးက အဓိပ္ပါယ်​မရှိ​တော့ဘူး။​နောက်​ပြီး ငါတို့​မစဉ်းစား မဆင်​ခြင်​ဘဲ လုပ်​လိုက်​လို့ အမှား​သေး​သေး​လေး ဖြစ်​သွားခဲ့ရင် ငါတို့အ​နေနဲ့ ဆင်​ထားတဲ့​ထောင်​ခြောက်​ထဲ လှလှပပနဲ့ကို ဝင်​သွားတဲ့ ကြွက်​က​လေး တစ်​ကောင်​လို ဖြစ်​နေမယ်​။ ဘာ​ကြောင့်​လဲ မင်း သိလား . . . ရဲ​ရှောင်​ကို​လျှော့တွက်​ပြီး သံသယမဝင်​မိဘဲ တခြားအရာ​တွေကိုပဲ သည်းသည်းမဲမဲနဲ့​လိုက်​စုံစမ်း​နေရင်​တကယ့်​လူသတ်​သမားအစစ်​ကို ဘယ်​တော့မှ ရှာ​တွေ့မှာကို မဟုတ်​တော့ဘူး။​နောက်​ပြီး ဘာ​တွေ ဆက်​ဖြစ်​မလဲ သိလား။ ရဲ​ရှောင်​လို လူမျိုးက လူမသတ်​နိုင်​ဘူးထင်​ပြီး တကယ့်​ပညာရှင် တစ်​ယောက်​ဒါမှမဟုတ်​နှစ်​ယောက်​သုံး​ယောက်​အ​ပေါ် ပစ်​မှတ်​ထား သံသယထား​နေမိရင်​ငါတို့အတွက်​ရန်​သူ​တွေများလာတာပဲ အဖတ်​တင်​မယ်​။ ငါတို့အ​နေနဲ့က​တော့ ဒါကို သဘာဝနည်းလမ်းကျကျ လုပ်​တယ်​ဖြေရှင်းတယ်​ပေါ့​လေ။ ဒါ​ပေမယ့်​တကယ့်​လက်​တွေ့ကြ​တော့​အဆုံးမရှိတဲ့ ရန်​သူ​တွေများလာ​အောင်​ကိုယ့်​ဘာသာ ဖန်​တီးယူလိုက်​တာနဲ့ အတူတူပဲ”
“ဒါ​ပေမယ့်​. . . ရဲ​ရှောင်​က တကယ်​ကို ဘာမှ အစွမ်းအစမရှိတဲ့လူ။ အဲ ဒါ​ကိုလည်း လူ​တွေ အကုန်​သိတယ်​. . .”
“အိုးးး . . . လူတိုင်းက သိတယ်​ဟုတ်​လား . . .”
ဝတ်​ရုံဖြူ နှင့်​လူသည်​ပြုံးလိုက်​ရင်း –
“လူတိုင်းက အဲဒီလို သိတာနဲ့ပဲ အမှန်​ဖြစ်​သွား​ရောလား။ ရဲ​ရှောင်​ရဲ့ အစွမ်းအစ အစစ်​အမှန်​ကို မင်း တကယ်​သိလို့လား။ မင်း သူ့ကို​စောင့်​ကြည့်​နေဖူးလို့လား။ ဒါမှမဟုတ်​သူ့အစွမ်းအစ ဘယ်​လောက်​ရှိတယ်​ဆိုတာကို မင်းကိုယ်​တိုင်​စမ်းကြည့်​ဖူးလား”
“ကျွန်​. . . ကျွန်​. . . ကျွန်​တော်​. . . တစ်​ခါမှ မစမ်းကြည့်​ဖူးပါဘူး”
ဝတ်​ရုံနက်​ဖြင့်​လူသည်​ကြောက်​ရွံ့တုန်​လှုပ်​စွာဖြင့်​ပင်​ပြောလိုက်​သည်​။
“​ဒါဆို . . . မူရှန်​ဘိုင်​ဘယ်​အချိန်​က​သေသွားတာလဲ။ သူ​အသတ်​ခံရတဲ့​နေရာမှာ မင်းရှိ​နေခဲ့လား။​နောက်​ပြီး တကယ့်​လူသတ်​သမားအစစ်​ကို​ရော မင်း​တွေ့လိုက်​လား။ အဲဒီအချက်​တွေ အကုန်​လုံးကို​ရော မင်းမျက်​စိနဲ့ ကိုယ်​တိုင်​မြင်​ခဲ့လား”
ဝတ်​ရုံဖြူ နှင့်​လူသည်​ပြုံးရင်း တစ်​ချက်​ချင်း​ထောက်​ပြ​ပြောဆိုလိုက်​သည်​။
“အာ . . . အဲ . . . ကျွန်​တော်​မမြင်​ခဲ့ပါဘူး . . .”
ဝတ်​ရုံနက်​ဖြင့်​လူသည်​တဖြည်းဖြည်းဖြင့်​သူ့ကိုယ်​သူ သိမ်​ငယ်​လာသလို ခံစား​နေရ​လေသည်​။
ဝတ်​ရုံဖြူ နှင့်​လူသည်​မျက်​မှောင်​ကြုပ်​လိုက်​ရင်း –
” အဲ ဒါကိုများ ရဲ​ရှောင်​က လူမသတ်​နိုင်​ဘူးတို့ . . . မူရှန်​ဘိုင်​ကို သတ်​တာ ရဲ​ရှောင်​မဖြစ်​နိုင်​ဘူးတို့ . . . ဆိုတာကို မင်းဘယ်လို​သိတာလဲ”
ဝတ်​ရုံနက်​ဖြင့်​လူသည်​မည်​သည့်​စကားမှ ပြန်​မ​ပြောနိုင်​အောင်​ပင်​ဆွံ့အသွား​လေသည်​။
“မင်း မ​တွေးမိတဲ့ အချက်​တွေက အများကြီးပဲ။ အ​ပေါ်ယံ အ​တွေး​တွေ​လောက်​နဲ့ ဘယ်​အရာကိုမှ အလျင်​စလို မဆုံးဖြတ်​နဲ့။ မင်း မသိ​သေးတဲ့ အချက်​တွေလည်း အများကြီး ရှိ​နေ​သေးတယ်​။ အခုကိစ္စကို မင်းအ​တွေး​တွေနဲ့ မင်း ဆုံးဖြတ်​နေတာ . . .”
“အ​တော်​ကို မိုက်​မဲတာပဲ . . .”
ဝတ်​ရုံဖြူ နှင့်​လူသည်​တည်​ငြိမ်​အေး​ဆေးစွာဖြင့်​ပင်​ပြောလိုက်​လေသည်​။
“ဟုတ်​. . . ဟုတ်​ကဲ့ပါ . . . သခင်​ကြီး။ သခင်​ကြီး​ပြောတာ​တွေ အကုန်​လုံးမှန်​ပါတယ်​”
ဝတ်​ရုံနက်​ဖြင့်​လူသည်​ကြောက်​ရွံ့မှု​ကြောင့်​သူ၏ တစ်​ကိုယ်​လုံးသည်​ချွေးများဖြင့်​ရွှဲနစ်​လျက်​ရှိသည်​။
“ရဲ​ရှောင်​က မူရှန်​ဘိုင်​ကို ဘာလို့ မသတ်​နိုင်​ရမှာလဲ။ နောက်​ပြီး မူရှန်​ဘိုင်​ကို သူဘာလို့ သတ်​ခဲ့တာလဲ။ မူရှန်​ဘိုင်​က​ရော ဘာလို့ ရဲ​ရှောင်​လို သုံးစားမရတဲ့ လူတစ်​ယောက်​ရဲ့ လက်​ချက်​နဲ့ မ​သေနိုင်​ရမှာလဲ”
ဝတ်​ရုံဖြူ နှင့်​လူသည်​သူ၏ မျက်​ခုံးများအား ပင့်​လိုက်​ရင်း​ပြောလိုက်​၏။
“ဒီကမ္ဘာ​လောကကြီးမှာ မဖြစ်​နိုင်​ဘူးဆိုတာ မရှိဘူး မဖြစ်​သေးတာပဲ ရှိတယ်​။ တကယ်​လို့ မူရှန်​ဘိုင်​ကို ရဲ​ရှောင်​သတ်​တယ်​ဆိုတဲ့ အ​ခြေအ​နေက တစ်​ရာခိုင်​နှုန်းထက်​နည်း​နေရင်​တောင်​မှ​သေချာ​ပေါက်​သူက လူသတ်​သမား ဖြစ်​နိုင်​တယ်​”
​ဝတ်​ရုံဖြူနှင့်​လူ၏ အကျိုးသင့်​အ​ကြောင်းသင့်​ပြောလိုက်​သောစကားများ​ကြောင့်​နောက်​ဆုံးတွင်​ဝတ်​ရုံနက်​ဖြင့်​လူသည်​နားလည်​သ​ဘော​ပေါက်​သွား​လေသည်​။
“ဟုတ်​ကဲ့ . . . နားလည်​ပါပြီ သခင်​ကြီး။ ဒီကိစ္စနဲ့ ပက်​သက်​ပြီး ကျွန်​တော့်​အ​နေနဲ့ ဘာဆက်​လုပ်​သင့်​သလဲ။​ကျေးဇူးပြုပြီး ကျွန်​တော်​ဘာဆက်​လုပ်​ရမယ်​ဆိုတာကို​ပြော​ပေးပါ သခင်​ကြီး”
ဝတ်​ရုံနက်​ဖြင့်​လူသည်​ခေါင်းငုံ့ထားကာ ရို​သေစွာဖြင့်​ပြောလိုက်​သည်​။
“မီး​လောင်​ရာ​လေပင့်​လုပ်​ပေးလိုက်​”
ဝတ်​ရုံဖြူနှင့်​လူသည်​ညင်​သာစွာဖြင့်​ပြုံးလိုက်​ရင်း –
“လူ​တွေ များများ ပို​သေ​လေ​ကောင်း​လေပဲ။ မူမျိုးနွယ်​စုက လူ​တွေ၊ အိမ်​ရှေ့မင်းသားရဲ့ လူ​တွေ​နောက်​ပြီး ဘုရင့်​အမှုထမ်း​တွေ သူတို့​တွေ ဘယ်​လောက်​သေ​သေ ကိစ္စမရှိဘူး​သေပါ​လေ့​စေ။ ဒါပေမယ့် . . . ရဲ​ရှောင်​က​တော့​သေလို့ မဖြစ်​ဘူး”
“ဘယ်​လို . . . ဘာ​ကြောင့်​လဲ . . .”
ဝတ်​ရုံနက်​ဖြင့်​လူသည်​နားမလည်​ဟန်​ဖြင့်​မေးလိုက်​၏။
သူ၏ သခင်​ကြီးမှ လူသတ်​သမားသည်​ရဲ​ရှောင်​ဖြစ်​နိုင်​ကြောင်း တွင်​တွင်​ပြော​ဆို​နေ​သော်​လည်း ယခုအခါတွင်​မူ အဘယ့်​အတွက်​ကြောင့်​ရဲ​ရှောင်​အား မ​သေ​စေလိုသည်​ကို သူ့အ​နေဖြင့်​နားမလည်​နိုင်​ဖြစ်​နေ​လေသည်​။
“တကယ်​လို့များ ရဲ​ရှောင်​သာ​သေသွားခဲ့ရင်​ခုကိစ္စကြီးကလည်း ပြီးဆုံးသွားမှာ​ပေါ့။ အဲဒီလိုသာဆိုရင်​ပျော်​စရာ​ကောင်းတဲ့ အ​ခြေအ​နေ​တွေ ကွယ်​ပျောက်​သွားလိမ့်​မယ်​”
ဝတ်​ရုံဖြူနှင့်​လူသည်​ကောက်​ကျစ်​စဉ်းလဲ​သော အပြုံးမျိုး ဖြင့်​ပြုံးလိုက်​ရင်း –
“​အေး​အေးချမ်းချမ်းနဲ့ ပြီးသွားလို့ ဘယ်​ဖြစ်​မလဲ”
“​ကောင်းပါပြီ . . . သခင်​ကြီး”
ဝတ်​ရုံနက်​ဖြင့်​လူသည်​ခေါင်းညိတ်​ကာ​ပြောလိုက်​သည်​။
“အခုချိန်​မှာ မူမျိုးနွယ်​စုက ဘယ်​သူ့ကိုပဲ လွှတ်​လွှတ်​ကိစ္စမရှိဘူး။ ငါ သူ​တို့ လွှတ်​သမျှ လူ​တွေ အကုန်​လုံး​သေတာ လိုချင်​တယ်​”
ဝတ်​ရုံဖြူနှင့်​လူသည်​ညင်​သာစွာဖြင့်​ပြုံးလိုက်​ရင်း –
“ဘယ်​လိုပဲ ဖြစ်​ဖြစ်​သူတို့က​သေမယ့်​လူ​တွေ။ သူတို့ကို တခြားမျိုးနွယ်​စုက လူ​တွေပဲဖြစ်​ဖြစ်​စစ်​သူကြီးအိမ်​ကပဲ ဖြစ်​ဖြစ်​သတ်​ပစ်​နိုင်​တယ်​။ ဒါမှမဟုတ်​အိမ်​ရှေ့မင်းသားရဲ့ လက်​ချက်​နဲ့လည်း​သေနိုင်​တယ်​။​နောက်​ဆုံး ရှင်းရှင်း​ပြောရရင်​သိုင်းပညာဂိုဏ်း​တွေက သတ်​ပစ်​လို့လည်း​သေနိုင်​တာပဲ။ အဲ ဒါကို မင်းနားလည်​လား ဟိုင်ဂျု”
“ဟုတ်ကဲ့ . . . နားလည်​ပါပြီ . . . သခင်​ကြီး”
ဝတ်​ရုံနက်​ဖြင့်​လူ (ဟိုင်ဂျု) သည်​အရိုအ​သေပြုရင်း​ပြောလိုက်​၏။
(မှတ်ချက်။။ ဟိုင်ဂျုသည် ၀တ်ရုံနက်ဖြင့်လူ၏ လျှို့ဝှက်နာမည်တစ်ခုပင် ဖြစ်သည်)
“ဒါနဲ့စကားမစပ်​မင်းကို ငါ မျိုးနွယ်​စုကြီး​တွေအ​ကြောင်း စုံစမ်းခိုင်းထားတာ ဘယ်​လိုလဲ။​နောက်​ပြီး တခြားနိုင်​ငံနှစ်​ခုနဲ့ မြက်​ခင်းပြင်ဒေသတွေဆီ သွားခိုင်းထားတဲ့ ကိစ္စက​ရော ဘာထူးလဲ။ ငါ့ဆီကို သတင်းပို့ရမယ့်​ကိစ္စက ဘာလို့ကြာ​နေတာလဲ”
ဝတ်​ရုံဖြူနှင့်​လူသည်​ပြုံးလိုက်​ရင်း –
“ငါမင်းဆီက သတင်းကို​စောင့်​နေတာ အ​တော်​ကြာ​နေပြီ။ မင်းက ငါ့ကို​စောင့်​ရ​အောင်​လုပ်​နေတာလား . . .”

Comment

Leave a Reply

Options

not work with dark mode
Reset