Chapter – 26
“စုံစမ်းစစ်ဆေးမှုများ စတင်ခြင်း”
ရဲရှောင်သည်ထိုင်ခုံပေါ်မှ အက်ကွဲကြောင်းအား ကြည့်၍ မယုံနိုင်အောင်ပင်အံဩနေမိလေသည်။
သူ၏ လက်ချောင်းဖြင့်ထိလိုက်ရုံလေးနှင့်ထိုင်ခုံသည်ပျက်စီးသွားသည့်အတွက်မယုံနိုင်ပင်ဖြစ်လျက်ရှိ၏။
ရဲရှောင်အနေဖြင့်အပြာရောင်ချီဓာတ်၏ စွမ်းအင်အနည်းငယ်မျှကိုသာ သုံးလိုက်ခြင်း ဖြစ်သည်။ သို့သော်ထိုစွမ်းအင်အနည်းငယ်မျှလောက်သည်ယခုကဲ့သို့ပင်ဖြစ်သွားစေခဲ့သည်။
သူအချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်သက်ပြင်းတစ်ချက်ချလိုက်ရင်းတွေးလိုက်မိသည်။
[ဒီပုံစံအတိုင်းဆိုရင်အပြာရောင်ချီဓာတ်ရဲ့ စွမ်းအင်တွေက ငါ့အတွက်အကောင်းဆုံး အကာအကွယ်တစ်ခု ဖြစ်လာနိုင်တယ်]
အပြာရောင်ချီဓာတ်၏ စွမ်းအင်သည်သူ့အတွက်အလွန်တရာမှပင်အသုံးဝင်သည့်စွမ်းအင်တစ်ခုဖြစ်ကြောင်း ရဲရှောင်နားလည်သဘောပေါက်သွားလေသည်။ သို့သော်သူ့အနေဖြင့်ရှေ့ဆက်ရမည့်အစီအစဉ်အားတွေးလိုက်မိသောအခါ အလွန်အမင်းပင်စိတ်ရှုပ်ထွေးသွားမိသည်။
[ဒါပေမယ့်. . . ငါနောက်ထပ်ဘာတွေဆက်လုပ်သင့်လဲ . . .]
ထိုအချိန်တွင်တံခါးအပြင်ဘက်မှ ဆူညံသံအချို့အား မသဲမကွဲဖြင့်ကြားလိုက်ရသည်။
ခဏအကြာတွင်အိမ်တော်ထိန်းသည်အပြေးအလွှားဖြင့်ပင်ရောက်ရှိလာပြီးရဲရှောင်အား အမောတကောဖြင့်ပင်ပြောလိုက်၏။
“သခင်လေး . . . စုံစမ်းစစ်ဆေးရုံးက လူတွေရောက်နေပါတယ်။ သူတို့က သခင်လေးကို ကိစ္စတစ်ခုနဲ့ ပက်သက်ပြီးမေးစရာလေး နည်းနည်းရှိတယ်လို့ပြောတယ်။ ကျွန်တော်ထင်တာတော့ သူတို့မေးချင်တဲ့ ကိစ္စက မူရှန်ဘိုင်အသတ်ခံရတဲ့ ကိစ္စလို့ပဲ ထင်တယ်”
အိမ်တော်ထိန်း၏ စကားဆုံးသွားသောအခါ ရဲရှောင်သည်တည်ငြိမ်သောလေသံဖြင့်ပင်ပြန်ပြောလိုက်သည်။
“သူတို့ကို အထဲဝင်ခိုင်းလိုက်ပါ။ ပြီးရင်ဧည့်တွေ့ဆောင်ကိုခေါ်သွားပြီး လက်ဖက်ရည်နဲ့ ဧည့်ခံထားလိုက်”
အိမ်တော်ထိန်းသည်ခေါင်းညိတ်ပြလိုက်ရင်း ခပ်သုတ်သုတ်ဖြင့်ပြန်ထွက်ခွာသွားလေသည်။
ရဲရှောင်သပ်သပ်ရပ်ရပ်ဖြစ်သွားစေရန်သူ့ကိုယ်သူ ပြင်ဆင်လိုက်ပြီး ဧည့်တွေ့ဆောင်ရှိရာသို့ သွားလိုက်သည်။ ဧည့်တွေ့ဆောင်သို့ရောက်သွားသောအခါ လက်ဖက်ရည်ထိုင်သောက်နေသည့်လူသုံးဦးအားတွေ့လိုက်ရသည်။ ထိုလူသုံးဦးသည်မျက်စိပျက်မျက်နှာပျက်ပုံစံမျိုးဖြင့်ထိုင်နေကြလေသည်။
သူတို့အနေဖြင့်ထိုကဲ့သို့သော အမူအယာများ ဖြစ်နေသည်မှာ သဘာဝကျလှပါသည်။ အဘယ့်ကြောင့်ဆိုသော်မြောက်ပိုင်းစစ်သူကြီး၏ အိမ်အထိပင်လာရောက်၍ သူ့သားအား စုံစမ်းစစ်ဆေးရမည့်အနေအထားသည်သူတို့အတွက်ချွေးပျံချင်စရာ အနေအထားပင်။
ထို့ပြင်စစ်သူကြီးအိမ်တွင်အမှုထမ်းဆောင်နေသည့်လူများသည်စစ်ရေးအတွေ့အကြုံများ ရှိသည့်စစ်သည်တော်ဟောင်းများ ဖြစ်ကြသည်။ သူတို့၏ စစ်သူကြီးအိမ်သို့ရောက်လာကြသည့်အဆိုပါလူသုံးဦး၏ အခြေအနေအား အကဲခတ်လေ့လာနေကြပြီး စူးစူးဝါးဝါးဖြင့်ပင်စိုက်ကြည့်နေကြလေသည်။
သူတို့အနေဖြင့်မဖိတ်ဘဲရောက်လာသည့်ထိုလူသုံးဦးအားအနည်းငယ်မျှပင်ဖော်ရွေလိုစိတ်မရှိပေ။
စုံစမ်းစစ်ဆေးရေးအရာရှိသုံးဦး၏ ပုံစံသည်အလွန်အမင်းကြောက်ရွံ့နေကြသည့်ပုံစံမျိုးပင်။ သူတို့၏ အဖြစ်သည်ဆာလောင်နေသည့်ကျားရှေ့သို့မှောက်ရက်လဲကျသည့်အတိုင်းနှင့်ပင်တူနေပြီးယခုကဲ့သို့ဘေးကြပ်နံကြပ်အခြေအနေမျိုးတွင်ထိုင်နေမည့်အစား ထ၍ပင်ထွက်ပြေးချင်နေမိကြလေသည်။
သူတို့၏ နဖူးမှချွေးသီးချွေးပေါက်များပင်ထွက်လာပြီး စိတ်ဂနာမငြိမ်မှုကြောင့်အပေါ့သွားချင်သလိုလိုပင်ဖြစ်နေကြသည်။
ရဲရှောင်ရောက်လာသောအခါ သူတို့သုံးဦးစလုံး အလွန်အမင်းပင်စိတ်သက်သာရာ ရသွားကြသည်။ သူတို့ထံသို့ ရဲရှောင်မြန်မြန်ဆန်ဆန်ရောက်လာသည့်အတွက်ဘုရားရှင်ကိုပင်ကျေးဇူးတင်နေမိကြလေသည်။
“သခင်လေးရဲ”
အရာရှိသုံးယောက်ထဲမှ တစ်ယောက်သည်ရဲရှောင်အား မြင်လိုက်ရသောအခါ အားရဝမ်းသာပင်ဖြစ်သွားပြီး မတ်တပ်ထရပ်လိုက်သည်။ သို့သော်သူ၏ ဒူးများသည်မသိမသာဖြင့်ပင်တုန်နေကြသည်။ သူ့အနေဖြင့်စစ်သူကြီးအိမ်ရှိ စစ်သည်တော်ဟောင်းများ၏ စားမတတ်ဝါးမတတ်စိုက်ကြည့်နေသည့် အကြည့်များအား ခံနိုင်ရည်မရှိသည့်အတွက်ဒူးများတုန်နေခြင်း ဖြစ်သည်။
“ဘာကိစ္စရှိလို့လဲ”
ရဲရှောင်စိတ်မပါလက်မပါ ပုံစံမျိုးဖြင့်သူတို့သုံးဦးရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။ ထို့နောက်ထိုင်ခုံပေါ်တွင်ထိုင်လိုက်ရင်းလာရင်းကိစ္စအားမေးလိုက်သည်။ ရဲရှောင်သည်ထိုင်ခုံပေါ်တွင်ပျင်းတိပျင်းရွဲဖြင့်ကျောရိုးမရှိသည့်လူတစ်ယောက်အတိုင်း ဖင်တစ်ဝက်လျှော၍ထိုင်လိုက်ပြီး သူ၏ခြေထောက်တစ်ဖက်အား အခြားတစ်ဖက်သို့ ချိတ်လိုက်လေသည်။ ရဲရှောင်၏ ပုံစံသည်အကြောများသေနေသည့်လူတစ်ယောက်ကဲ့သို့ပင်ဖြစ်လျက်ရှိသည်။
မြင်ရသူအပေါင်းအတွက်အလွန်အမင်း စိတ်ပျက်ဖွယ်ကောင်းလောက်သည့်မြင်ကွင်းမျိုးပင်ဖြစ်သည်။ ရဲရှောင်၏ မျက်လုံးများသည်အားမရှိတော့သည့်လူမမာတစ်ယောက်၏ မျက်လုံးများကဲ့သို့ပင်ဖြစ်နေပြီး သူ၏ တစ်ကိုယ်လုံးအား ခြုံငုံကြည့်လိုက်မည်ဆိုလျှင်ဘိန်းစွဲနေသည့်လူတစ်ယောက်နှင့်ပင်တူလျက်ရှိသည်။
စုံစမ်းစစ်ဆေးရေး အရာရှိ၏ စိတ်ထဲတွင်အကြိမ်ကြိမ်အခါခါပင်သက်ပြင်းချလိုက်ရင်းတွေးလိုက်မိသည်။
[ဒီကောင်လေးရဲ့ ပုံစံကိုကြည့်ပြီး ဘာပြောရမှန်းတောင်ငါမသိတော့ဘူး။ သူ့လိုသားမျိုးကို ပိုင်ဆိုင်ထားရတာ စစ်သူကြီးအစား အတော်ရင်လေးမိတယ်။ ဒီကောင်လေးက သူ့အဖေအတွက်ဒုက္ခအိုးလေးပဲနေမှာ]
“ကျွန်တော်တို့ကို အထက်က အမိန့်ပေးလို့ သခင်လေးရဲဆီ လာရတာပါ။ သခင်လေးကို အနှောက်အယှက်ပေးဖို့ မရည်ရွယ်ပါဘူး။ ကိစ္စတစ်ခုနဲ့ ပက်သက်ပြီးမေးချင်တာလေးတွေလည်း ရှိလို့ပါ”
စုံစမ်းစစ်ဆေးရေး အရာရှိသည်ရဲရှောင်အားပြေရာပြေကြောင်းပင်ပြောလိုက်ရင်း လာရင်းကိစ္စအား ရှင်းပြလိုက်၏။
“ကောင်းပြီ . . . ဘာမေးမှာလဲ . . .မေးလေ”
ရဲရှောင်သည်သူ၏ လက်သည်းအောက်ရှိချေးများအား ထွင်လိုက်ရင်း စုံစမ်းရေးအရာရှိဘက်သို့ပျင်းရိလေးကန်သည့်ပုံစံမျိုးဖြင့်ခေါင်းတစ်ချက်စောင်းငဲ့ကြည့်လိုက်ကာပြောလိုက်သည်။
“အင်း . . . မူရှန်ဘိုင်. . . သခင်လေးမူ အသတ်ခံရလို့။ အဲဒီကိစ္စနဲ့ပက်သက်ပြီး သခင်လေး သိမယ်လို့ ကျွန်တော်ထင်တယ်. . .”
“မူရှန်ဘိုင်. . . ဟုတ်လား။ သူကဘယ်သူလဲ။ ငါသူ့ကို သိလို့လား”
ရဲရှောင်သူ၏ခေါင်းအား ပြန်လည်တည့်မတ်လိုက်ရင်း စိတ်ရှုပ်ထွေးသည့်အမူအယာဖြင့်မေးလိုက်လေသည်။
“အမ်. . .”
စုံစမ်းစစ်ဆေး အရာရှိသည်ရဲရှောင်ပြန်ဖြေလိုက်သည့်စကားကြောင့်အံ့ဩမှင်သက်သွားမိရင်း သူတို့သုံးဦးထဲမှခေါင်းဆောင်ဖြစ်ဟန်တူသူအား လှမ်းကြည့်လိုက်သည်။ ထို့နောက်ချောင်းတစ်ချက်ဟန့်လိုက်ရင်း –
“အင်း . . . သခင်လေးကို ကျွန်တော်ပြောချင်တာက . . . မူရှန်ဘိုင်ဆိုတာ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က သခင်လေးနဲ့ ရန်ဖြစ်ခဲ့တဲ့ လူပဲ။ လူတွေပြောကြတာတော့ သခင်လေးက အဲဒီနေ့တုန်းကတော်တော်သတ္တိရှိတာပဲတဲ့။နောက်ပြီး မူရှန်ဘိုင်ကို စိတ်ရှိလက်ရှိနဲ့ကို ရိုက်ပစ်တယ်တာလို့ပြောနေကြတယ်။ သခင်လေးက မူရှန်ဘိုင်လို လူမျိုးကိုတောင်ရိုက်ရဲတာ တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ . . .”
ရဲရှောင်အခုမှ မှတ်မိသွားဟန်ဖြင့်ဟန်ဆောင်လိုက်ရင်းပြောလိုက်သည်။
“အိုးးး . . . ဟိုးးး . . . ဟိုးးး . . . အဲဒီ သူတောင်းစားကိုပြောတာလား။ သူက ငါ့ဆီက ပစ္စည်းကို မတရားသဖြင့်လိုချင်နေတာလေ။ သူ့လိုကောင်မျိုးက ငါ့လက်သီးနဲ့ပဲ တန်တယ်. . . ဟမ်. . .နေပါဦး . . . သူသေသွားပြီ ဟုတ်လား။ကြားရတဲ့ သတင်းကကောင်းလိုက်တာ။ ဘယ်သူက သူ့ကို သတ်လိုက်တာတဲ့လဲ။ သူ့ကို သတ်လိုက်တဲ့ သူကိုတောင်ငါ ဆုသွားချလိုက်ချင်သေးတယ်. . .”
ထို့နောက်ရဲရှောင်သည်မူရှန်ဘိုင်အသတ်ခံလိုက်ရသည့်ကိစ္စနှင့်ပက်သက်၍ အလွန်အမင်းပင်စိတ်ဝင်စားသွားဟန်ဖြင့်စုံစမ်းစစ်ဆေးရေး အရာရှိအား ကြည့်ရင်း ဆက်ပြောလိုက်သည်။
“အမ်. . . ခဏနေပါဦး . . . ခင်ဗျား အခု ဒီကိုရောက်လာတာ အဲဒီကိစ္စပြောချင်လို့ပေါ့ . . . ဟုတ်လား။ ဘုရားရေ . . . ငါ အဲဒီခွေးသူတောင်းစားကို သတ်လိုက်မိတာလား။ ဪ . . . ငါသိပြီ . . . အဲဒီနေ့က သူ ငါ ရိုက်တာ ခံလိုက်ရပြီး အတွင်းဒဏ်တော်တော်ဖြစ်သွားတဲ့ပုံပဲ။ အိမ်ပြန်ရောက်တော့မှ ငါရိုက်တဲ့အရှိန်ကြောင့်မခံနိုင်တော့ဘဲ သူသေသွားတာ ဖြစ်မယ်။ ငါပြောတာ ဟုတ်တယ်မှတ်လား။ ဆိုလိုတဲ့ သဘောက ငါက သူ့ကို သတ်လိုက်တဲ့ သူပေါ့။ ဟားဟားဟား . . . ငါ့အဆင့်တွေ တက်လာပြီပဲ။ ငါက အရမ်းစွမ်းအားကြီးတဲ့ လူတစ်ယောက်ဖြစ်နေပြီ . . .”
ရဲရှောင်သည်အသိစိတ်ကင်းလွတ်နေသည့်လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူ့အနားရှိ လူများကိုပင်မေ့လျော့နေသည့်ပုံစံမျိုးပင် ဖြစ်နေလေသည်။
စုံစမ်းရေး အရာရှိသည်ရဲရှောင်၏ ပုံစံအား ကြည့်၍ပြောစရာစကား မရှိတော့လောက်အောင်ပင်ဖြစ်သွားကာချောင်းတစ်ချက်ထပ်ဟန့်လိုက်ရင်း –
“သခင်လေးပြောတာတွေ မှားနေပြီ။ မူရှန်ဘိုင်တောထဲမှာသေနေတာကို လူတစ်ယောက်ကနေ့လည်လောက်ကြမှတွေ့ခဲ့တာ . . .”
“ဘာ . . . ဒါဆို သူ့ကို ငါမသတ်ခဲ့ဘူးပေါ့။ သူ ငါ့ကြောင့်သေတာ မဟုတ်ဘူးပေါ့။ ရဲရှောင်စိတ်ပျက်လက်ပျက်ပုံစံဖြင့်သက်ပြင်းချလိုက်ရင်းဒေါသတကြီးဖြင့်ပင်ဆက်၍ပြောလိုက်လေသည်။
“ငါလခွမ်းပဲ။ ဘာလို့ ငါမဖြစ်ရတာလဲ။ အဲဒီ သူတောင်းစားက ငါ့ကို တကယ်အာရုံနောက်အောင်လုပ်ခဲ့တဲ့ကောင်။ ငါဖြင့်ကြေးစားလူသတ်သမားတွေ ဌားပြီး သူ့ကို သတ်မလို့တောင်စီစဉ်နေတာ။ ဟမ့် . . . ဘယ်လောက်တောင်အတင့်ရဲလိုက်တဲ့ကောင်လဲ။ ဒီချန်ရှင်းမြို့မှာ ငါဘာကောင်လဲဆိုတာ သူသိသင့်တယ်။နောက်ပြီး ဘယ်လောက်ထိ ငါက ကြီးကျယ်မြင့်မြတ်လဲ ဆိုတာကိုပါ သူထပ်သိသင့်တယ်။ ဒီကောင်ငါ့အပေါ် အမှားလုပ်မိတာပဲ။ ကျားမြီးပြေးဆွဲလိုက်တာမှ သူ့အတွက်လွယ်ရင်လွယ်နေဦးမယ်ငါ့လို လူမျိုးနဲ့မှ ထိပ်တိုက်လာတွေ့တာ ဒီကောင်အမှားကြီး မှားတာပဲ”
စစ်ဆေးရေးအရာရှိသည်ပါးစပ်အဟောင်းဖြင့်ပင်အံ့ဩမိလျက်ရှိသည်။လေကြီးလေကျယ်ပြောနေသည့်ရဲရှောင်အား ကြည့်ရင်း သူ၏ စိတ်ထဲတွင်တွေးနေမိလေသည်။
[မင်းမလို့ ဒီလို စကားမျိုးတွေပြောရဲနေတယ်။ မူရှန်ဘိုင်ဆိုတာ မူမျိုးနွယ်စုကြီးရဲ့ အမွေဆက်ခံသူ တစ်ယောက်။နောက်ပြီး အိမ်ရှေ့မင်းသားရဲ့ယောက်ဖဆိုလည်း ဟုတ်တယ်။ ထိပ်တိုက်တွေ့တာ မှားတယ်ဆိုတဲ့ စကားကို ဘယ်သူကပြောရမှာလဲ။ မင်းက တကယ့်ကိုလေကျယ်တဲ့ကောင်။ တကယ်လို့ မူရှန်ဘိုင်သာ အသက်ရှင်နေသေးရင်မင်းလိုကောင်မျိုးသေချာပေါက်ကို အသတ်ခံရမှာပဲ။ အခု သူသေမှ ဒီလို စကားကြီး စကားကျယ်တွေပြောရဲနေတာများ မသိတာမှတ်လို့ . . .]
စစ်ဆေးရေး အရာရှိသည်မူရှန်ဘိုင်သေသည့်ကိစ္စနှင့်ပက်သက်၍ ဆက်မေးမြန်းရန်အတွက်ပါးစပ်ပြင်လိုက်သော်လည်း ရဲရှောင်မှာမူ သူတို့အား ပါးစပ်ဟရန်ပင်အခွင့်အရေးမပေးဘဲဒေါသတကြီးဖြင့်ဆက်၍ပြောနေလေသည်။
” အဲဒီလိုကောင်မျိုး အသတ်ခံလိုက်ရတာကောင်းလိုက်တာ။ ဘယ်သူ သတ်သွားတယ်ဆိုတာ ခင်ဗျား သိလား။ သူ့ကိုရော ရှာလို့တွေ့ပြီလား။ ငါဖြင့်သူ့ကို ဆုတောင်ချချင်တယ်။ ငါ့အစား ဒင်းကို သတ်ပေးလိုက်လို့ ငါ့အချိန်တွေတောင်ကုန်သက်သာသွားသေးတယ်။ ဒီလိုလူမျိုးကိုမှ ဆုမချရင်ဘယ်သူ့ကို သွားဆုချရမလဲ”
စစ်ဆေးရေး အရာရှိ သုံးဦးသည်ရဲရှောင်ပြောလိုက်ူည့်စကားများကြောင့်ပြောစရာစကားမရှိတော့အောင်ပင်ဆွံ့အသွားပြီး စိတ်ထဲတွင်ပြိုင်တူတွေးမိလိုက်ကြသည်။
[လူသတ်သမားကို ရှာလို့တွေ့မှတော့ ငါတို့တောင်ဒီကိုရောက်မနေဘူး]
“သခင်လေးရဲ . . .ကျေးဇူးပြုပြီး အဲဒီနေ့က ဖြစ်ပျက်ခဲ့သမျှတွေကို အသေးစိတ်ပြန်ပြောပြလို့ ရမလား။ ကျွန်တော်တို့အနေနဲ့ကလည်း အထက်ရုံးကို ပြန်ပြီး သတင်းပို့ပေးရမှာ မလို့ပါ”
စစ်ဆေးရေးအရာရှိသည်ပြုံးရင်း ရဲရှောင်အားမေးလိုက်သည်။
“သတင်းပို့မယ်. . . ဟုတ်လား။ ဘာကို သတင်းပို့ရမှာလဲ။ ခင်ဗျားကရော မူရှန်ဘိုင်ကို သတ်တာ ကျုပ်လို့ မထင်ဘူးလား”
ရဲရှောင်သည်စစ်ဆေးရေးအရာရှိအား တစ်ချက်စောင်းငဲ့ကြည့်လိုက်ရင်း –
“ကျုပ်က မူရှန်ဘိုင်ဆိုတဲ့ကောင်ကို ရက်ရက်စက်စက်နဲ့ကို သတ်ပစ်ချင်နေတာ။ ဒါပေမယ့်ငါ့ထက်အရင်လက်ဦးသွားတဲ့ လူရှိနေလို့။ ဟမ့်. . . တကယ်လို့ အဲဒီကောင်သာ ခုထိ မသေသေးဘူးဆိုရင်ငါကိုယ်တိုင်သူ့ကို မရရအောင်သတ်ပစ်မယ်”
အရာရှိများအနေဖြင့်သူတို့၏ လာရင်းကိစ္စသည်လိုရင်းကို မရောက်တော့ဘဲဒေါသတကြီးဖြင့်ပြောချင်ရာ စွတ်ပြောနေသည့်ရဲရှောင်အား ကြည့်ရင်း အလွန်စိတ်ရှုပ်ထွေးလျက်ရှိလေသည်။
ထို့ကြောင့်သူတို့သုံးယောက်စလုံးသည်ရဲရှောင်အားဝိုင်း၍ဖြောင်းဖြလိုက်ကြပြီး ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များအားချော့မော့ကာမေးလိုက်ကြသည်။ အိမ်တော်ထိန်းသည်ပင်မနေသာတော့ဘဲ သူ၏ သခင်လေးအား ဝိုင်း၍ဖြောင်းဖြပေးနေရလေသည်။ ထို့ကြောင့်ရဲရှောင်အနေဖြင့်မနေသာတော့ဘဲ မူရှန်ဘိုင်နှင့်ဖြစ်ပျက်ခဲ့သည့်ဖြစ်စဉ်အစ အဆုံးအား ပြန်လည်၍ပြောပြလိုက်သည်။ မူရှန်ဘိုင်အား သူ့အနေဖြင့်မည်ကဲ့သို့ ထိုးခဲ့သည်၊ ရိုက်နှက်ခဲ့သည်ကို စစ်ဆေးရေးအရာရှိများ၏ မျက်လုံးထဲတွင်ကွက်ကွက်ကွင်းကွင်းပင်ပြန်မြင်ယောင်လာအောင်စိတ်အားထက်သန်စွာဖြင့်ပင်တစ်ကွက်ချင်း ပြန်ရှင်းပြလိုက်သည်။
ရဲရှောင်သည်သူတို့နှစ်ဦး၏ အဖြစ်အပျက်များအား ပုံပြင်တစ်ပုဒ်ကဲ့သို့ပင်ပြောပြနေပြီး နားထောင်နေသည့်သူများ၏ စိတ်ထဲတွင်စွမ်းအား အလွန်အမင်းကြီးမားသည့်သိုင်းပညာရှင်နှစ်ယောက်တိုက်ခိုက်နေသည့်ပုံစံမျိုးပင်မြင်ယောင်နေကြလေသည်။
မူရှန်ဘိုင်နှင့်တိုက်ခိုက်နေသည့်အချိန်တွင်သူသည်အဆင့်မြင့်ပညာရှင်ကြီး တစ်ဦးကဲ့သို့ပင်စွမ်းအား အလွန်ကြီးမားခဲ့ကြောင်း အားရပါးရဖြင့်ပင်ဖွဲ့နွဲ့ပြောဆိုလျက်ရှိသည်။ ထို့ပြင်သူ့အနေဖြင့်မူရှန်ဘိုင်အားခွေးတစ်ကောင်ကဲ့သို့ မညှာမတာဖြင့်ရိုက်နှက်ခဲ့သော်လည်းနောက်ဆုံးတွင်သနားလွန်း၍ အသက်ချမ်းသာခွင့်ပေးလိုက်ကြောင်း၊ သူသည် ကြီးကျယ်မြင့်မြတ်သူ တစ်ဦးဖြစ်ကြောင်းတို့ကို စစ်ဆေးရေး အရာရှိသုံးဦးတို့အား အာပေါင်အာရင်း သန်သန်ဖြင့်ရှင်းပြနေလေသည်။
ရဲရှောင်၏ အပြောကြောင့်နားထောင်ရသူအပေါင်းအဖို့ချွေးများပင်ပျံလျက်ရှိ၏။
ရှောင်ဧကရာဇ်သည် မိမိကိုယ်ကို ဂုဏ်ဖော်ပြောဆိုခြင်းအား မနှစ်မြို့သူတစ်ဦး ဖြစ်သော်လည်း အခြေအနေအရပ်ရပ်ကြောင့်ပင် သူ့အနေဖြင့် ယခုကဲ့သို့ ပြောဆိုလိုက်ရခြင်းဖြစ်၏။
“ဒီလောက်ဆိုရင်ကျွန်တော်တို့ သိပါပြီ။ ဖြစ်စဉ်အကုန်လုံးကိုလည်း နားလည်သဘောပေါက်သွားပါပြီ။ အခုချက်ချင်းပဲ အထက်ရုံးကို သတင်းပို့ဖို့အတွက်စီစဉ်လိုက်ပါ့မယ်”
စုံစမ်းစစ်ဆေးရေး အရာရှိများသည်မေးမြန်းစရာရှိသည်များမေးမြန်းပြီးသည့်အတွက်ပြန်လည်ထွက်ခွာရန်ပြင်လိုက်သည်။
“ခဏနေပါဦး။ ခင်ဗျားတို့ ဘာလို့ အလျင်လိုနေကြတာလဲ။ ကျုပ်ပြောနေတာ မပြီးသေးဘူးလေ . . .”
ရဲရှောင်သည်စုံစမ်းရေးအရာရှိများအားမပြန်သေးရန်တားလိုက်လေသည်။
“ဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး အစကနေ အဆုံးအထိ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းနဲ့ကို သိသွားပါပြီ။ သခင်လေးရဲလည်း ကျွန်တော်တို့ကို ရှင်းပြနေရလို့ ပင်ပန်းသွားပြီဆိုတော့ အနားယူလိုက်ပါဦး . . .”
စုံစမ်းရေး အရာရှိများသည်သေမင်းခံတွင်းဝမှ လွတ်မြောက်လာသည့်လူများကဲ့သို့ပင်စစ်သူကြီး၏ အိမ်မှ အမြန်ဆုံးပင်ပြန်ချင်နေကြလေသည်။ ထို့ကြောင့်ရဲရှောင်အား အသေချာပင်နှုတ်ဆက်မနေတော့ဘဲ အလောသုံးဆယ်ဖြင့််အော်ပြောလိုက်ရင်း –
“ကျွန်တော်တို့ သခင်လေးကို အလုပ်လာရှုပ်သလို ဖြစ်သွားပြီ ဒီတစ်ခေါက်တော့သေချာ အချိန်မရလိုက်လို့နောက်တစ်ခေါက်ကြမှ ကြာကြာလေးနေတော့မယ်. . .”
“ကောင်းပါပြီဗျာ . . . ဂရုစိုက်ပြီး ပြန်ကြဦး”
ရဲရှောင်သည်ထိုင်ခုံပေါ်မှ ထိုင်ရာမှပင်မထဘဲ သူတို့သုံးဦးအား နှုတ်ဆက်လိုက်သည်။
ဧည့်တွေ့ဆောင်တွင်အိမ်တော်ထိန်းမှ လွဲ၍ မည်သူမှ မရှိတော့ပေ။
“တော်တော်လေးကို ထူးဆန်းတယ်။ အနည်းဆုံးတော့ သူတို့ သခင်လေးကို စစ်ဆေးမေးမြန်းဖို့အတွက်တစ်နေရာရာကိုခေါ်သွားမယ်လို့ ကျွန်တော်က ထင်နေတာ။ ဒါပေမယ့်အခုကြတော့ ဘယ်မှခေါ်မသွားဘဲ ဒီအိမ်မှာတင်မေးခွန်း နည်းနည်းလေးမေးပြီး ပြန်သွားကြတယ်။ သူတို့ ဘာလို့ ဒီလောက်ထိပဲ လုပ်ကြတာပါလိမ့်. . .”
အိမ်တော်ထိန်းသည်မျက်မှောင်ကြုပ်ရင်း သူ၏ ထင်မြင်ချက်အားပြောလိုက်၏။
ရဲရှောင်တည်ငြိမ်သော အသံဖြင့်အိမ်တော်ထိန်းအားပြောလိုက်လေသည်။
“ဒီကိစ္စမှာ နိုင်ငံရေးတွေ ပါနေတယ်။ အခုအချိန်မှာ တခြားမင်းညီမင်းသားတွေကလည်း အရွယ်ရောက်နေကြပြီ။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့လည်း ဘုရင်ဖြစ်ချင်လို့ ထီးနန်းကို မျက်စောင်းထိုးနေကြမှာပဲလေ။ သူတို့တွေထဲကမှ သိုင်းပညာဘက်မှာရော နိုင်ငံရေးဘက်မှာပါ အားကောင်းတဲ့ နှစ်ယောက်လောက်ပဲ ပါခဲ့ရင်တောင်အိမ်ရှေ့မင်းသားအတွက်မလွယ်ဘူး။ အိမ်ရှေ့မင်းသားဆိုတဲ့ အရိုက်အရာတောင်ဆုံးရှုံးသွားနိုင်တယ်။ အဲဒီတော့ကား . . . အိမ်ရှေ့မင်းသားက သူ့ကိုယ်သူ အထိခိုက်ခံပြီး သူ့ယောက်ဖဆိုတဲ့လူ အသတ်ခံရတာလောက်လေးနဲ့တော့ စစ်အင်အားတောင့်တင်းတဲ့ ငါတို့မိသားစုကို အတင်းအကြပ်လုပ်ရဲမှာမဟုတ်ဘူး”
“နောက်ပြီး ကျွန်တော်တို့ တမင်သတင်းလွှင့်ထားတဲ့ကိစ္စကလည်း သူ့နန်းတော်ထိရောက်မှာပဲလေ”
အိမ်တော်ထိန်းသည်ရဲရှောင်၏ စကားအား ဖြည့်စွက်ပြောပြလိုက်ရင်း ပြုံးလိုက်လေသည်။
ရဲရှောင်ခေါင်းတစ်ချက်ညိတ်လိုက်ရင်း –
“ဟုတ်တယ်. . . မှန်တယ်။ အိမ်ရှေ့မင်းသားအတွက်က မူရှန်ဘိုင်ဆိုတာ အသက်ရှင်နေတုန်းကသာယောက်ဖတော်တာလေ။ အခုတော့ သူကသေလို့ အရိုးတောင်ဆွေးနေလောက်ပြီ ဟားဟားဟား . . .”
ရဲရှောင်သည်အားရပါးရပင်ဟားတိုက်ရယ်မောလိုက်ပြီးနောက်နောက်ထပ်ဘာစကားမှ ထပ်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။ ထို့နောက်ကျင့်စဉ်များ ပြန်ကျင့်ရန်အတွက်သူ၏ အခန်းရှိရာသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
“ခုတစ်ခေါက်တော့ လွယ်လွယ်နဲ့ကျော်ဖြတ်သွားနိုင်ခဲ့ပြီ”
အိမ်တော်ထိန်းသည်ထွက်ခွာသွားသည့်ရဲရှောင်၏ကျောပြင်အား ကြည့်ရင်း ပြုံးကာပြောလိုက်သည်။ ထို့နောက်သက်ပြင်းတစ်ချက်ချရင်း တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“အိမ်ရှေ့မင်းသားက ခုကိစ္စကို လွယ်လွယ်နဲ့တော့ လက်လျှော့မှာ မဟုတ်ဘူး။နောက်တစ်ကြိမ်ဘယ်လိုနည်းလမ်းနဲ့ တိုက်ခိုက်လာမလဲ မသိဘူး”
“စစ်သူကြီးဆီ ပို့ထားတဲ့ စာကလည်း ဟွမ်လောင်ကွမ်ကိုရောက်သင့်နေပြီ။ စာက စစ်သူကြီးရဲ့ လက်ထဲကို နှစ်ရက်လောက်နေရောက်လိမ့်မယ်။ သူ့ဆီက အကြောင်းပြန်တဲ့စာက အနည်းဆုံးခြောက်ရက်လောက်ကို ကြာဦးမယ်။ တကယ်လို့ အဲဒီ ရှစ်ရက်အတွင်းမှာ တစ်ခုခုများ အလွဲအလွဲအချော်အချော်ဖြစ်ခဲ့ရင်. . .”
အိမ်တော်ထိန်းသည်သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရင်း အခန်းထဲမှ မြန်မြန်ဆန်ဆန်ဖြင့်ပင်ထွက်သွားလေသည်။
ထို့နောက်အိမ်တော်ထိန်းသည်အိမ်၏ လုံခြုံရေးအား တိုးမြှင့်ချထားရန်နှင့်အထူးသဖြင့်ညပိုင်းတွင်သတိဝီရိယ ပိုရှိရန်အစောင့်များအား မှာကြားလိုက်သည်။
[အိမ်ရှေ့မင်းသားရဲ့ ရန်က ကာကွယ်နိုင်တယ်ပဲ ထားဦး သိုင်းပညာရှင်တွေရဲ့ ရန်ကနေတော့ လွတ်အောင်ကာကွယ်ဖို့ဆိုတာတော်တော်တော့ ခက်ခဲလိမ့်မယ်။နောက်လအနည်းငယ်လောက်ဆိုရင်မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတော့မှာ ငါတော့ မြင်ယောင်သေးတယ်]
အိမ်တော်ထိန်းသည်တစ်ယောက်တည်းရတက်မအေးအောင်တွေးလိုက်မိပြီး သူ၏ မျက်လုံးများထဲတွင်လည်းစိုးရိမ်ပူပန်ကြောင့်ကြမှုများဖြင့်ပြည့်နှက်လျက်ရှိသည်။
သူသည်အနေအထိုင်အေးဆေးတည်ငြိမ်သည့်လူတစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင်မူ စိုးရိမ်ကြောင့်ကြမှုများကြောင့်သူ၏ လက်များတွင်ချွေးစေးများပင်ထွက်လျက်ရှိသည်။ သူ၏ သခင်လေးအတွက်နည်းနည်းလေးမှ စိတ်မချနိုင်အောင်ပင်ဖြစ်နေလေတော့သည် . . . . .