Switch Mode

Chapter – 346

အခန်း (၃၄၆) အမှောင်သခင်ကြီးဟန်ဆောင်ခြင်း
“ကျန်းယီ… ကျန်းယီ… အစုတ်ပလုတ်ကောင်”
ဟန်ကျွယ်ဟာ အတန်ကြာတဲ့အထိ ကျန်းယီဆီက စကားပြန်မရတာကြောင့် ကျိန်ဆဲလိုက်ပါတယ်။ ဒီတော့မှာ ကျန်းယီဆီက အသံထွက်လာပါတယ် “မင်းပြောတာ အမှန်ပဲလား”
“အင်း”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘ငါက မင်းကို သနားလို့ ကြည့်နေတာ’
ကျန်းယီဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ကောင်းပြီ၊ ဒီတစ်ခါတော့ ငါလည်း ဂူအောင်း ကျင့်ကြံတော့မယ်” စကားအဆုံးမှာပဲ ကျန်းယီဟာ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။ 
[ကျန်းယီသည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
‘ဟင်… ဒီကောင်က တော်တော် ရယ်ဖို့ကောင်းတာပဲ’ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းလိုက်ပြီး တည်ကြည်လေးနက်သွားပါတယ် ‘ငါက ငါ့ကျင့်ကြံမှုကို မတော်တဆ ပြောပြလိုက်ပြီဆိုတော့ ကျန်းယီ လိုက်မမီအောင် ပိုပြီးတော့ ကြိုးစားကျင့်ကြံရမယ်၊ ငါ ဒီကောင်ကို ထပ်ပြီးတော့ ပုံပြင် မပြောပြချင်တော့ဘူး’
အဲဒီနောက် ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာဆက်တိုက်ပြီး စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်‌ဆွေ ဂျိရှင်းရှန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကောင်းကင်ဘဝဂ်အဆင့်သို့ ဝင်ရောက်သွားပြီး ခေါင်းထက်၌ ပန်းသုံးပန်း စုစည်းကာ ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ထိုက်စုတျန်သည် ကပ်ဘေးအတွင်းသို့ ဝင်ရောက်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် အကုသိုလ်ကံ ဝန်းရံခံရပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ သွမ့်ဟုန်ချန်သည် ကောင်းကင်တာအိုအား သိမြင်ပြီး ဆန်းကြယ်စွမ်းအားတစ်ပါးအား သိနားလည်သွား၏။]
[သင့်မိတ်ဆွေ စုချီသည် မကောင်းဆိုးဝါးရောင်ဝါတစ်ခု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၈၃
‘လီတောက်ခုံးက ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်သွားပြီလား… သူက ကောင်းကင်ဘဝဂ်အဆင့် မရောက်ခင်တောင် ပြိုင်ဘက်ကင်းနေတာ၊ အခုဆို ဘယ်လောက်တောင် စွမ်းအားကြီးသွားပြီလဲ မသိဘူး’
လီတောက်ခုံးမှာ အားနည်းချက်ဆိုလို့ လီရွှမ်အောက်ပဲ ရှိပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးက ရှန်းရှဝတ္ထုတွေထဲက ဇာတ်လိုက်မဟုတ်ဘဲ ဒဏ္ဍာရီလာပုဂ္ဂိုလ်လို့ ခံစားလိုက်ရပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ထိုက်စုတျန်က ကပ်ဘေးထဲ ဝင်သွားတာကို သတိထားမိလိုက်ပါတယ် ‘ဒါက နွီဝါနန်းတော်ရဲ့ အစီအစဉ်များလား၊ ဒီကပ်ဘေးက သူတို့နဲ့ ကျိန်းသေပေါက် ပတ်သက်နေရလိမ့်မယ်၊ မဟုတ်ရင် ဇုထူက နွီဝါနန်းတော်ကို အဲဒီလောက်ထိ ဒေါသထွက်မှာ မဟုတ်ဘူး’
‘တော်သေးတယ်၊ ငါ ကျို့ယိုငရဲမှာ ပုန်းနေလို့၊ တာအိုပညာရှိကသာ ငါ့ကို ပစ်မှတ်ထားရင် ငါ အေးအေးဆေးဆေး ကျင့်ကြံလို့ရမှာ မဟုတ်ဘူး’
‘ငါ့မှာသာ စနစ်မရှိရင် ထိုက်စုတျန်က ငါ့ကို စိတ်ဝင်စားနေတာ၊ နွီဝါနန်း‌တော်က ငါ့ကို စောင့်ကြည့်နေတာကို လုံးဝသိမှာမဟုတ်ဘူး၊ ဒီလိုဆိုရင် ငါ့ဘဝက တာအိုပညာရှိရဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်သွားမှာပဲ’ ဟန်ကျွယ်ဟာ အတွေးနဲ့တင် ကျောချမ်းသွားပါတယ်။
ရှန်နန်းတော်။
မရေမတွက်နိုင်တဲ့ တပည့်တွေဟာ ခန်းမထဲမှာ စုဝေးပြီး အရပ်မျက်နှာတစ်ခုတည်းကို မျက်နှာမူကာ မတ်တတ်ရပ်နေကြပါတယ်။ သူတို့ရှေ့မှာ ရပ်နေတဲ့လူကတော့ ရှန်နန်းတော် တည်‌ထောင်သူ ဇုထူပါ။ ဇုထူဟာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ခရမ်းရောင်သရဖူကို ဆောင်းထားပါတယ်။
ကျိုးဖန်နဲ့ မော့ဖူချိုဟာ တပည့်တွေကြားထဲမှာ မတ်တတ်ရပ်ပြီး ဇုထူကို စိတ်ဝင်တစား စိုက်ကြည့်နေပါတယ်။ ဇုထူ ညာလက်ကို မြှောက်လိုက်တဲ့အခါမှာ တပည့်အားလုံးဟာ ဒူးထောက်ပြီး ဇုထူကို ရှိခိုးကြပါတယ်။ တပည့်တွေရဲ့ အမူအရာဟာ တညီတညာတည်း ဖြစ်တဲ့အတွက် တော်‌တော်လေး ခမ်းနားလှပါတယ်။
ဇုထူက ပြောလိုက်ပါတယ် “မင်းတို့ အကုန်လုံးက ရှန်နန်းတော်ရဲ့ အသိအမှတ်ပြုမှုကို ရရှိထားတဲ့ အရည်အချင်းရှိတဲ့သူတွေပဲ၊ အနန္တကပ်ဘေး ကျရောက်နေတာဆိုတော့ တိုက်ပွဲတွေကလည်း အများကြီးပဲ၊ မင်းတို့ကို ကပ်ဘေးထဲဝင်ဖို့ ငါ မတိုက်တွန်းဘူး၊ မင်းတို့တွေ အရင်ဆုံး စွမ်းအားကြီးမားလာအောင် ကျင့်ကြံအားထုတ်ပြီးမှ ရှန်နန်းတော်အတွက် အလုပ်လုပ်ပေးသင့်တယ်”
“သေသွားရင် မင်းတို့က ပါရမီရှင် မဟုတ်တော့ဘူး”
“ငါ မင်းတို့အတွက် လျှို့ဝှက်ဆန်းကြယ် နယ်မြေတစ်ခုရဲ့ အရံအတားကို ဖွင့်လှစ်ပေးမယ်၊ အဲဒီမှာ အန္တရာတွေနဲ့ အခွင့်အရေးတွေက ဒွန်တွဲနေတယ်၊ မင်းတို့ ဘာရရှိမလဲဆိုတာ မင်းတို့ကိုယ်တိုင်အပေါ်ပဲ မူတည်တယ်၊ မင်းတို့တွေ အချင်းချင်း မတိုက်ခိုက်ကြရင် အကောင်းဆုံးပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ တခြားအင်အားစုတွေကနေလာတဲ့ တပည့်တွေ ရှိနေလို့ပဲ၊ သူတို့ကမှ မင်းတို့ရဲ့ တကယ့်ရန်သူတွေ”
“ငါ ပြောတာ နားလည်လား”
“နားလည်ပါတယ်” တပည့်အကုန်လုံးဟာ တညီတညာတည်း ပြန်ဖြေလိုက်ပါတယ်။
ဇုထူဟာ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ နန်းတော်ထိပ်ကနေ အလင်းရောင်စူးစူး ထွက်ပေါ်လာပြီး ကြီးမားတဲ့ဆွဲအား ဖြစ်ပေါ်လာကာ တပည့်အကုန်လုံးကို ဆွဲစုပ်လိုက်ပါတယ်။ တစ်ခဏအတွင်းမှာပဲ ရှန်နန်းတော်တပည့်တွေဟာ အလင်းရောင်စူးစူးထဲ ဝင်ရောက် ပျောက်ကွယ်သွားပါတယ်။
ဇုထူဟာ မျှော်လင့်ချက်အပြည့်နဲ့ မော့ကြည့်ပြီး ရေရွတ်လိုက်ပါတယ် “မင်းတို့တွေ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ”
အရံအတား ပိတ်သွားတဲ့အခါ ဇုထူဟာ သူ့ရှေ့က ဖျာပေါ်မှာ ထိုင်လိုက်ပြီး စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လက်သင်္ကေတအမျိူးမျိုး ပြုလုပ်ပြီး ဝိညာဉ်စွမ်းအားနဲ့ စာအုပ်ကို ရစ်ပတ်နှောင်ဖွဲ့လိုက်ပါတယ်။
‘ငါ အောင်မြင်ခါနီးပြီ’ ဇုထူဟာ ပြုံးလိုက်ပါတယ်။ ဇုထူဟာ ကျိန်စာစာအုပ်တစ်အုပ် ဖန်တီးပြီး အမှောင်သခင်ကြီး အယောင်ဆောင်ဖို့ ပြင်ဆင်နေတာပါ။ အဲဒီအချိန်ကျရင် ဇုထူဟာ အမှောင်ဂိုဏ်းနဲ့ အမှောင်သခင်ကြီးကို ယုံကြည်တဲ့ အင်အားစုတွေကို သူ့လက်အောက်ထဲ ဆွဲသွင်းနိုင်မှာပါ။
အမှောင်သခင်ကြီးကိုတော့ ဇုထူက လုံးဝ မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအနန္တကပ်ဘေးမှာ သူနဲ့ ယှဉ်နိုင်တဲ့လူက လက်ချိုးရေလို့ ရလို့ပါပဲ။ ဇုထူအမြင်မှာ အမှောင်သခင်ကြီးက တစ်ခါမှ ကိုယ်ထင်မပြတဲ့အတွက် အကြောင်းအရင်းတစ်ခုခု ရှိရမယ်လို့ တွက်ဆထားပါတယ်။ အနည်းဆုံးတော့ အမှောင်သခင်ကြီးက အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို လျစ်လျူရှုလို့ရတဲ့အထိ စွမ်းအားမကြီးတာတော့ သေချာပါတယ်။
မျက်စိတစ်မှိတ်အတွင်း နှစ်ငါးဆယ် ကုန်ဆုံးသွားပြီး ဒီနှစ်တွေမှာ ဘယ်သူမှ ဟန်ကျွယ်ကို အနှောင့်အယှက် မပေးတာကြောင့် ဟန်ကျွယ်ဟာ ကျင့်ကြံတာကို အာရုံစိုက်နိုင်ခဲ့ပါတယ်။ ဒီလို အာရုံစိုက်နိုင်ခဲ့တဲ့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ များစွာ တိုးတက်လာခဲ့ပြီး အဆင့်ထိုးဖောက်ခါနီး ဖြစ်နေပါပြီ။
ဒီနေ့မှာတော့ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ သူ့ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာကနေ မတည်ငြိမ်မှုတစ်ခုကို ခံစားလိုက်ရတာကြောင့် ကမ္ဘာဖျက်ကြာနက်ဆီ သိစိတ်ကို စေလွှတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ တဖြည်းဖြည်း ပွင့်လာတဲ့ ကမ္ဘာဖျက်ကြာနက်ကို တွေ့လိုက်ရတဲ့အတွက် မျက်ခုံးပင့်တက်သွားပါတယ်။
‘ဒါ ဘာသဘောလဲ’
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို နတ်အာရုံနဲ့ စစ်ဆေးကြည့်တဲ့အခါ မကုန်ဆုံးနိုင်တဲ့ အကုသိုလ်ကံတွေကလွဲရင် တခြားဘာကိုမှ မခံစားမိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပါတယ်။
ကမ္ဘာဖျက်ကြာနက်ဟာ တဖြည်းဖြည်း ပွင့်အာလာပြီး ပွင့်ဖတ် ၃၆ ချပ်ဟာလည်း မျက်စိကျိန်းလောက်တဲ့အထိ တောက်ပလာပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်ဟာ အကုသိုလ်ကံ စုပ်ယူမှုအလျင် တိုးလာတာကို အံဩဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကနေ သိစိတ်ကို ဆွဲနှုတ်ပြီး အပြင်ဘက်ကို ကြယ်တွေကို ကြည့်လိုက်တဲ့အခါ တခြားကြယ်တွေကလည်း အကုသိုလ်ကံကို စုပ်ယူနေတာ တွေ့လိုက်ရပါတယ်။ ဒီကြယ်တွေက ဟန်ကျွယ်ရဲ့ ဆဲလ်တွေလိုပါပဲ။ ကြယ်တိုင်းမှာ ဟန်ကျွယ်ရဲ့ ကျယ်ပြောလှတဲ့ ဝိညာဉ်စွမ်းအားတွေ တည်ရှိနေပါတယ်။
‘ငါ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်က ထပ်ပြီးတော့ တိုးတက်သွားတာလား… ဒါ သတင်းကောင်းပဲ’
ကြည့်ရတာ လောကဦး ကြယ်တရာခန္ဓာကိုယ်ကလည်း အဆင့်ထိုးဖောက်ဖို့ လိုပုံပါပဲ။ အဆင့်တစ်ခုခုကို ရောက်သွားရင် သူ့အလိုလို ပြောင်းလဲသွားမဲ့ ပုံစံပါ။ ပြောရမယ်ဆိုရင် လောကဦးရုပ်ခန္ဓာမှာ ပဋိပက္ခရုပ်ခန္ဓာ နှိုင်းယှဉ်လို့မရတဲ့ အားသာချက်တွေ ရှိပါတယ်။ ဘာတွေ အားသာလဲဆိုတာတော့ ဟန်ကျွယ်လည်း အခုထိ မသိသေးပါဘူး။ အခုထိ လေ့လာတုန်းပါ။
ကမ္ဘာဖျက်ကြာနက်က လုံးဝပွင့်လန်းသွားတဲ့အခါမှာ ဘီလီယံချီတဲ့ ကြယ်တွေကလည်း အကုသိုလ်ကံကို စုပ်ယူတဲ့အတွက် ကြယ်ပင်လယ်မှာ ပြင်းထန်တဲ့လှိုင်းတွေ ရိုက်ခတ်သွားပါတယ်။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ် ဝိညာဉ်စွမ်းအားရဲ့ ကာကွယ်မှုကြောင့် ထုန်ကျန့်ကမ္ဘာဟာ အကောင်းပကတိ ရှိနေပါသေးတယ်။ နို့မဟုတ်ရင် အကုသိုလ်ကံလှိုင်း ရိုက်ခတ်မှုနဲ့ တစ်စစီ ဖြစ်သွားမှာပါ။
ဟန်ကျွယ်ဟာ အကုသိုလ်ကံ စုပ်ယူမှုက အလွန်လျင်မြန်လာတဲ့အတွက် ဝမ်းသာအားရ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို ထပ်ပြီး ကြည့်လိုက်တဲ့အခါမှာ ကမ္ဘာဖျက်ကြာနက်ရဲ့ တစ်ဝက်ကျော်က လောကဦးချီကြောင့် သန့်စင်ပြီး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
‘မဆိုးဘူး… မဆိုးဘူး… ဒီအတိုင်းဆိုရင် ငါ ကမ္ဘာဖျက်ကြာနက်ကို မကြာခင် သန့်စင်နိုင်တော့မှာပဲ’
ဒီအချိန်မှာပဲ ကမ္ဘာဖျက်ကြာနက်ဟာ ပြင်းထန်စွာ တုန်ခါလာပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားမိလိုက်တာကြောင့် ဟွမ်သွမ့်ဓားကို ကြယ်ပင်လယ်ထဲ ပစ်ထည့်လိုက်ပါတယ်။ ပြင်းထန်စွာ တုန်ခါနေတဲ့ ဟွမ်သွမ့်ဓားဟာ ကြယ်ပင်လယ်ထဲ ရောက်တာနဲ့ ကမ္ဘာဖျက်ကြာနက်ဆီကို အလိုလို ပျံသန်းသွားပါတယ်။
‘ဘာဖြစ်တာလဲဟ’
ဟန်ကျွယ်ဟာ ရင်ထိတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟွမ်သွမ့်ဓားဟာ လောကဦးချီနဲ့ သန့်စင်ထားတဲ့ ဟန်ကျွယ်ရဲ့ မွေးရာပါဝိညာဉ်ရတနာ ဖြစ်နေလို့ပါ။ မွေးရာပါ ဝိညာဉ်ရတနာဆိုတာက ပိုင်ရှင် စွမ်းအားကြီးလာတာနဲ့အမျှ လိုက်ပြီး စွမ်းအားကြီးလာတာပါ။
‘ဘယ်လိုလုပ်ပြီး ဟွမ်သွမ့်ဓားနဲ့ ကမ္ဘာဖျက်ကြာနက်က အဆက်အသွယ် ရှိနေရတာလဲ၊ နှစ်ခုစလုံးကို လောကဦးချီနဲ့ သန့်စင်ထားလို့များလား’
ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည် စောင့်ပါတယ်။
ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားနဲ့ ကမ္ဘာဖျက်ကြာနက်ကနေ စွမ်းအားကြီးမားတဲ့ ရတနာတစ်ခုခု ဖြစ်ပေါ်လာလိမ့်မယ်လို့ ခံစားနေရပါတယ်။
ဟန်ကျွယ်ဟာ စာအိတ်တွေ ဖတ်ရင်းကနေ ကပ်ဘေးထဲဝင်တဲ့လူတွေ အခွင့်အရေးတွေ အများကြီးရပြီး ကျင့်ကြံမှုအလျင်တွေ တိုးတက်သွားတာကို အားကျနေတာ ကြာပါပြီ။ အခုတော့ ဟန်ကျွယ်အလှည့်ကို ရောက်ရှိလို့ လာပါပြီ။ ဒီအချိန်ဟာ ဟန်ကျွယ် စွမ်းအားကြီးမားလာဖို့ အချိန်ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset