Switch Mode

Chapter – 25

အပြာရောင်ရေခဲချီဓာတ်

Chapter – 25
“အပြာရောင် ရေခဲချီဓာတ်”

ရဲ​ရှောင်​သည်​မူရှန်​ဘိုင်​အား သတ်​လိုက်​သည့်​သတင်း နှင့်​ပက်​သက်​၍ လူများသည်​သူတို့၏ ထင်​မြင်​ချက်​များအား တစ်​ယောက်​တစ်​ခွန်းဖြင့်​ပြောဆို​နေကြ​လေသည်​။
“ငါက​တော့ ဒီလို အ​ခြေအမြစ်​မရှိတဲ့ သတင်းကို မယုံဘူး။ ဒါ​ပေမယ့်​လူတိုင်းက ဒီသတင်းကို ဘာလို့ ဆက်​ပြော​နေကြတာလဲ”
“မင်း ဘာမှမသိ​ပါဘူး။ ဒါ အိမ်​ရှေ့မင်းသားရဲ့ လှည့်​ကွက်​ဖြစ်​နိုင်​တယ်​။ ရဲ​ရှောင်​ကို တမင်​ချောက်​ချ​နေတာ”
“အိုးး . . . သခင်​လေးရဲက​တော့ တကယ်​ကို ကံဆိုး​မိုး​မှောင်​ကျတာပဲ။ သူ့လိုလူမျိုးက ကြက်​က​လေးတစ်​ကောင်​တောင်​မသတ်​ရဲတာ ငါ​သေချာ​ပေါက်​ကို သိတယ်​။ အခု​တော့ သူခမျှာ သိုင်းပညာရှင်​ကို​တောင်​သတ်​ပါတယ်​၊ လူသတ်​သမားပါဆိုပြီး အစွပ်​စွဲခံ​နေရတယ်​။ ငါ​တော့ ရဲ​ရှောင်​ဒီလို​ထောင်​ခြောက်​ဆင်​ခံရတာကို ကြည့်​ပြီး​ဘာစကားမှ​တောင်​ပြောစရာမရှိ​တော့ဘူး . . .”
“မင်း ဘာမှမသိပါဘူး။ လူတစ်​ယောက်​ကို သတ်​ဖို့ အ​ကြောင်းပြချက်​တစ်​ခုရှိရင်​ကို လုံ​လောက်​တယ်​. . .”
” အဲ ဒါ​တော့ ဟုတ်​တယ်​. . .”

………….

“အဓိပ္ပါယ်​မရှိတဲ့ စကား​တွေ မ​ပြောကြနဲ့​တော့။ မင်းတို့​ပြော​နေကြတာ မသိရင်​ပဲ ရဲ​ရှောင်​က မူရှန်​ဘိုင်​ကို တကယ်​သတ်​ခဲ့တဲ့ ပုံစံနဲ့။ ဘယ်​လောက်​တောင်​ရယ်​စရာ​ကောင်းလိုက်​လဲ”
“တခြားလူ​တွေလည်း အဲဒီလို​ပြော​နေကြတာပဲ​လေ။ ရဲ​ရှောင်​က မူရှန်​ဘိုင်​ကို သတ်​လိုက်​တာဆိုပြီး . . .”
“​ကောလဟာလက​တော့​ကောလဟာလပါပဲကွာ။ မင်း ဦး​နှောက်​မရှိပုံက​တော့ ပုစွန် ခေါင်းအတိုင်းပဲ။ တကယ်​လို့ အ​ခြေအမြစ်​မရှိတဲ့​ကောလဟာ​လ​တွေကိုသာ ငါတို့ယုံ​နေမယ်​ဆိုရင်​သတင်းအမှန်​တွေဆိုတာ ရှိလာ​တော့မှာမဟုတ်​ဘူး”

……………

“ဒီ​လောက်​ရယ်​စရာ​ကောင်းတဲ့ ဟာသကို တကယ်​လို့ မင်းထင်​နေတာလား။ ရဲ​ရှောင်​က မူရှန်​ဘိုင်​ကို သတ်​လိုက်​တယ်​ဆိုတာကို​လေ . . . မင်းတကယ်​ယုံ​နေတယ်​ပေါ့။ ဟားဟားဟား . . .”

………………

​ရဲ​ရှောင်​၏ သတင်းသည်​ချန်​ရှင်းတစ်​မြို့လုံးတွင်​လျင်​မြန်​စွာဖြင့်​ပင်​ပြန့်​နှံ့သွားခဲ့​လေသည်​။ တစ်​စထက်​တစ်​စ ပြန့်​နှံ့သွားပုံမှာ​နွေ​ခေါင်​ခေါင်​တွင်​တောမီး​လောင်​ကျွမ်း​နေသကဲ့သို့ပင်​။
အဆိုပါသတင်းသည်​တစ်​မြို့လုံးတွင်​ရှိ​သော လူတိုင်းအတွက်​ဟာသတစ်​ပုဒ်ပင်​ဖြစ်​လာခဲ့​လေသည်​။
အိမ်​ရှေ့မင်းသား၏ နန်း​တော်​တွင်​မူရှန်​ဘိုင်​သေသည့်​ကိစ္စနှင့်​ပက်​သက်​၍ စုံစမ်းစစ်​ဆေးမှုများ ပြုလုပ်​ရန်​အစီအစဉ်​များ ဆွဲလျက်​ရှိသည်​။ သို့​သော်​မထင်​မှတ်​ထားသည့်​ကောလဟာလ သတင်းတစ်​ခု​ကြောင့်​သူတို့၏ အစီအစဉ်များအား ဆက်လုပ်ရန်​အမှန်​တကယ်​ပင်​အကြပ်​ရိုက်​သွား​စေ​လေသည်​။
“ခုချိန်​မှာ ဒီသတင်းက မြို့ထဲမှာ​တော်​တော်​ကို ပြန့်​နေပြီ။ အခုလို အ​ခြေအ​နေမျိုးမှာ ရဲ​ရှောင်​ကို အတင်းအကြပ်​သွားလုပ်​လို့​တော့ အဆင်​မ​ပြေ​တော့ဘူး။ ဒီသတင်းနဲ့ ပက်​သက်​ပြီး​တော်​တော်​လေးကို သံသယ ဝင်​နေမိတယ်​”
အိမ်​ရှေ့မင်းသား၏ အကြံ​ပေးအရာရှိသည်​ရဲ​ရှောင်​၏ သတင်းနှင့်​ပက်​သက်​၍ သူ၏ ထင်​မြင်​ချက်​များအား​ပြောလိုက်​သည်​။ ထို့​နောက်​အကြံ​ပေးသည်​တစ်​ချက်​ပြုံးလိုက်​ကာ ဆက်​ပြောလိုက်​၏။
​နောက်​ပြီး ဘုရင်းမင်းမြတ်​ကလည်း ဒီကိစ္စအ​ပေါ် အာရုံစိုက်​နေပြီလို့ ကြားတယ်​”
“ငါ့အ​ဖေကလည်း အာရုံစိုက်​နေပြီ . . . ဟုတ်​လား . . .”
အိမ်​ရှေ့မင်းသားသည်​ပြုံးလိုက်​ရင်း ညင်​သာစွာဖြင့်​ပင်​ပြောလိုက်​သည်​။
“ကြည့်​ရသ​လောက်​တော့ စစ်​သူကြီးရဲ့ အိမ်​မှာ ဖြတ်​ထိုးဥာဏ်​ကောင်းတဲ့ လူတစ်​ယောက်​ရှိ​နေပုံပဲ . . . အဲဒီလူက​နောက်​ကွယ်​က​နေ ကြိုးကိုင်​နေတာပဲ ဖြစ်​ရမယ်​။ သူတို့က လူ​တွေကို တမင်​လှည့်စားလိုက်ပြီး ငါတို့ကို အကြပ်​ရိုက်​အောင်​ထောင်​ချောက်​ဆင်​လိုက်​တာပဲ။ အင်း . . . စိတ်​ဝင်​စားစရာ​တော့​ကောင်း​နေပြီ . . .”
“ဒါ​ကြောင့်​. . . ကျွန်​တော်​တို့မှာ​ရွေးချယ်​စရာ နှစ်​ခုချက်ရှိတယ်​”
အကြံ​ပေးသည်​တည်​ငြိမ်​စွာဖြင့်​ပင်​ပြောလိုက်​၏။
“ဒုတိယအချက်​ကို​ရွေးလိုက်​”
အိမ်​ရှေ့မင်းသားသည်​အကြံ​ပေး​ပြောသည့်​အချက်​နှစ်​ချက်​သည်​မည်သည် မည်ဝါမှန်း မသိရသေးခင် ပြတ်​ပြတ်​သားသားဖြင့်​ပင်​ပြောလိုက်​လေသည်​။
“လုပ်​နေကြပုံစံအတိုင်းပဲလုပ်​။ ပြစ်​ဒဏ်​စီရင်​ရေးရုံးကို စုံစမ်းစစ်​ဆေးမှု​တွေ လုပ်​ခိုင်းလိုက်​။ ကြီးတဲ့အမှုကို​ငယ်​အောင်​၊ ငယ်​တဲ့အမှုကို ပ​ပျောက်​အောင်​လုပ်​။ အနည်းဆုံး​တော့ ပွင့်​လင်းမြင်​သာမှုရှိ​အောင်​လုပ်​ခိုင်း။​နောက်​ပြီး စစ်​သူကြီးဘက်က​တုန့်​ပြန်​လာမယ့်​အ​နေအထား​တွေကိုလည်း ငါတို့ ထည့်စဉ်းစားထားဖို့ လိုလိမ့်​မယ်​။ ပထမအချက်​က အဆင်​မ​ပြေနိုင်​ဘူး။ အဲဒီအချက်​ကို ငါတို့ လုပ်​လို့ မဖြစ်​ဘူး”
အကြံ​ပေးအရာရှိသည်​ခေါင်းညိတ်​လိုက်​ရင်း –
“​ကောင်းပါပြီ . . . အိမ်​ရှေ့မင်းသား . . . ကျွန်​တော်​သ​ဘော​ပေါက်​ပါပြီ”
အိမ်​ရှေ့မင်းသားသည်​သမာသမတ်​ကျကျပင်​အမိန့်​ပေးလိုက်​သည်​။
အကြံ​ပေး ထွက်​သွားပြီး အချိန်​အ​တော်​ကြာသည့်​တိုင်​အောင်​အိမ်​ရှေ့မင်းသားသည်​တိတ်​ဆိတ်​စွာဖြင့်​ပင်​တစ်​ယောက်​တည်း အ​တွေးနယ်​ချဲ့လျက်​ရှိသည်​။
သူ၏ မျက်​လုံးများသည်​အ​ရောင်​တလက်​လက်​တောက်​ပ​နေပြီး စိတ်ထဲရှိ အ​တွေးများအား တတွတ်​တွတ်​ဖြင့်​ရေရွတ်​ပြောဆိုလိုက်​သည်​။
“​မော်​တယ်​. . .​မော်​တယ်​. . . ဪ . . .​မော်​တယ်​ကမ္ဘာ . . .”
ထို့​နောက်​မထီမဲ့မြင်​ပုံစံမျိုးဖြင့်​ပြုံးလိုက်​ရင်း –
“ဒီ​မော်​တယ်​ကမ္ဘာမှာ ရှိတဲ့ ဂုဏ်​တွေ၊​ငွေ​တွေ၊ အဆင့်​အတန်း​တွေက တကယ်​တော့ ပျင်းစရာ​ကောင်းတဲ့ အရာ​တွေဆိုတာ ဒီလူ​တွေ မသိကြဘူး။ ဒီအရာ​တွေကို ရဖို့ပဲ သူတို့ လုံးပမ်း​ကြိုးစား​နေကြတာ။​မော်​တယ်​ကမ္ဘာမှာ လူ့ဘဝသက်​တမ်းက အချိန်​အကန့်​အသတ်​နဲ့ပဲ ရှင်​သန်​ရတာဆိုတော့ကား . . . ငါ​တော့​မော်​တယ်​ကမ္ဘာ​ရောက်​တုန်းလေး ဒီမော်တယ်ကမ္ဘာရဲ့ အရသာသိအောင် မြည်းစမ်းကြည့်ဦးမှပဲ။ ငါးတစ်​ကောင်​မဖြစ်​ဖူးဘဲနဲ့​တော့ ငါးတစ်​ကောင်​ရဲ့ဘဝက ဘယ်​လောက်​ပျော်​စရာ​ကောင်းလဲဆိုတာ ဘယ်​လိုလုပ်​သိနိုင်​မှာလဲ . . . ဟားဟားဟား . . .”
သူ့အ​တွေးနဲ့သူ​ကျေနပ်​သွားမိ၍ တဟားဟားဖြင့်​ပင်​ရယ်​မောလိုက်​ရင်း​ခြေလှမ်းကျဲကြီးများဖြင့်​ပြန်​လည်​ထွက်​ခွာသွား​လေသည်​။

………………

ရဲ​ရှောင်​သည်​တင်​ပျဉ်​ခွေပုံစံမျိုးဖြင့်​ထိုင်​၍ ကျင့်​စဉ်​များ ကျင့်​ကြံ​နေ​သည်​။ ချီဓာတ်​များသည်​သူ၏ ခန္ဓာကိုယ်​အတွင်း၌ ညင်​သာစွာဖြင့်​လည်​ပတ်​စီးဆင်း​နေကြသည်​။ ထိုခံစားချက်​သည်​အလွန်​အမင်းပင်​အံ့ဩဖွယ်​ကောင်းပြီး စက္ကန့်​နှင့်​အမျှ သူ့အား​ကျေနပ်​နှစ်​သက်​မှုကို​ပေးစွမ်း​နေ​လေသည်​။ ရဲ​ရှောင်​သည်​ကျင့်​စဉ်​ကျင့်​ကြံမှုအ​ပေါ်တွင်​အလွန်​အမင်းပင်​စိတ်​ကျေနပ်​မိ​နေသည့်​အတွက်​အချိန်​များသည်​ကုန်​လို့ ကုန်​သွားမှန်းပင်​မသိလိုက်​ဘဲ ထဖို့ပင်​မေ့​လျော့​နေမိ​နေသည်​။
ခဏအကြာတွင်​ချည်​မျှင်​ကဲ့သို့ ပါးလွှာသည့်​ဝိညာဉ်​တော်​ချီဓာတ်​များသည်​အ​ရေပြားမှတစ်​ဆင့်​သူ၏ ခန္ဓာကိုယ်​အတွင်းသို့ ဝင်​ရောက်​လာကြသည်​။
ထိုအချိန်​တွင်​ရဲ​ရှောင်​သည်​မူရှန်​ဘိုင်​ကို သတ်​ခဲ့သည့်​အ​ကြောင်းအား ပြန်​တွေးမိလိုက်​၍ သူ၏ စိတ်​များသည်​အလွန်​အမင်းပင်​ရှုပ်​ထွေးသွားသည်​။
ရဲ​ရှောင်​အ​နေဖြင့်​မူရှန်​ဘိုင်​အား သတ်​လိုက်မိ​သည့်​ကိစ္စသည်​အမှန်​တကယ်​ပင်​ဆိုးဝါးခဲ့သည့်​ကိစ္စတစ်​ခုဖြစ်​ခဲ့​ကြောင်း သူကိုယ်တိုင်လည်း သ​ဘော​ပေါက်​ပေသည်​။ အဘယ့်​ကြောင့်​ဆို​သော်​မူရှန်​ဘိုင်​အား သူစိတ်​ရှိတိုင်း ရိုက်​နှက်​နေသည့်​အချိန်​တွင်​မျက်​မြင်​သက်​သေများစွာ ရှိခဲ့ပြီး ထိုလူများကို​တော့ နှုတ်​လိုက်​ပိတ်​ရန်​မှာ လွယ်​ကူလိမ့်​မည်​မဟုတ်​ပေ။ သူ့အ​နေဖြင့်​မလုပ်​သင့်​မှန်း သိခဲ့​ပေမယ့်​လည်း လုပ်​လိုက်​မိခဲ့သည်​။ ကိုယ့်​သေတွင်းကို တူးခဲ့မိသည့်​အ​ခြေအ​နေပင်​။
သို့​သော်​သူလုပ်​ခဲ့မိသည့်​အရာသည်​အလွန်​အမင်းပင်​ဆိုးရွားမှန်း သိ​သော်​လည်း သူ့အ​နေဖြင့်​ဆက်​၍ လုပ်​ချင်​နေမိတုန်းပင်​ဖြစ်​သည်​။
အဘယ့်​အတွက်​ကြောင့်​ထိုကဲ့သို့ ဖြစ်​နေသည်​ကို သူ့အ​နေဖြင့်​နားလည်​သ​ဘော​ပေါက်​မိ​လေသည်​။ ယခုခန္ဓာကိုယ်​ထဲတွင်​ပြန်​လည်​မွေးဖွားခဲ့ပြီး​နောက်​ခန္ဓာကိုယ်​၏ ပိုင်​ရှင်​ဖြစ်​သူ ယခင်​ရဲ​ရှောင်​၏ အကျင့်​စရိုက်​နှင့် ဗီဇများသည်​သူ့အ​ပေါ်တွင်​လွှမ်းမိုးသက်​ရောက်​နေ​သော​ကြောင့်​ပင်​ဖြစ်​၏။
ယခင်​ရဲ​ရှောင်သည်​သူရဲ​ဘော​ကြောင်​ပြီး​တွေ​ဝေတတ်​သူ တစ်​ဦးပင်​ဖြစ်​သည်​။
သူသည်​ဆုံးဖြတ်​ချက်​များကို ပြတ်​ပြတ်​သားသား မချတတ်​သည့်​အပြင်​တာဝန်​ယူ တာဝန်​ခံတတ်​သည့်​စိတ်​လည်း မရှိ​ပေ။ သုံးစားမရသည့်​လူ့​ပေါ်​ကျော့ သခင်​လေးသုံးပါးဟု အ​ခေါ်ခံရသည့်​အတိုင်းပင်​သူ​တို့သုံးဦးစလုံးသည်​အကျင့်​စရိုက်​အတူတူပင်​။
ယခင် ရဲ​ရှောင်​၏ မ​ကောင်းသည့်​အကျင့်​စရိုက်​များသည်​သူ၏ ပင်​ကိုယ်​အကျင့်​စရိုက်​များကိုပင်​တဖြည်းဖြည်း လွှမ်းမိုးဝါးမြို​နေ​သကဲ့သို့ ခံစား​နေရ​လေသည်​။
ထိုကဲ့သို့ အကျင့်​စရိုက်​ရှိသည့်​လူ၏ ခန္ဓာကိုယ်​ထဲတွင်​ပြန်​လည်​မွေးဖွားလာမိသည့်​အတွက်​တစ်​ခါတစ်​ရံတွင်​သူ့အ​နေဖြင့်​အဆင့်​မြင့်​ပညာရှင်​တစ်​ယောက်​ဖြစ်​နိုင်​ပါဦးမလားဟုပင်​တွေး​နေမိသည်​။
မ​ကောင်းသည့်​အကျင့်​စရိုက်​များ၏ လွှမ်းမိုးမှုသည်​တဖြည်းဖြည်းဖြင့်​ပင်​ပို၍ ပြင်းထန်​လာသည့် အတွက်​ရဲ​ရှောင်​အ​နေဖြင့်​သူ၏ ယခင်​ဘဝမှ အကျင့်​ဗီဇစရိုက်​များအား နှိုးဆွ​ရန်​အလို့ဌာ မူရှန်​ဘိုင်​အား သတ်​ပစ်​လိုက်​ခြင်းပင်​ဖြစ်​သည်​။ ထိုကဲ့သို့ သတ်​ပစ်​လိုက်​သည့်​အတွက်​နောက်​ဆက်​တွဲအ​နေဖြင့်​မ​ရေမတွက်​နိုင်​အောင်​များပြားသည့်​ပြသာနာများ တက်​လာနိုင်​သည်​ကိုလည်း သူသိ​ပေသည်​။
ယခင်​ရဲ​ရှောင်​၏ အကျင့်​ဗီဇများ သူ့အ​ပေါ်တွင်​သက်​ရောက်​နေသည့်​အ​နေအထားကို သူလုံးဝ မလိုချင်​တော့​ချေ။
သုံးစားမရသည့်​အရင်​လူ၏ အကျင့်​စရိုက်​များ မြန်​မြန်​နိဂုံးချုပ်​သွား​စေရန်​အတွက်​သူ့အတွက်​ဘာအကျိုးမှ မရှိသည့်​ကိစ္စအား ပြတ်​ပြတ်​သားသားဖြင့်​ပင်​လုပ်​ခဲ့ခြင်းဖြစ်​သည်​။
ရဲ​ရှောင်​အ​နေဖြင့်​ကိုယ့်​သေတွင်း ကိုယ်​တူးပြီး အန္တရာယ်​များအား လက်​ယက်​ဖိတ်ေ​ခ်ါခဲ့သလို ဖြစ်​ခဲ့​သော်​လည်း ထိုကဲ့သို့​သော​ဘေးကြပ်​နံကြပ်​အ​ခြေအ​နေများမှ​ကျော်​လွှားခြင်းအားဖြင့်​သူ၏ အရင်​ဗီဇ အကျင့်​စရိုက်​များ ပြန်​လည်​ရ​ရှိ​စေမည်​ဖြစ်​သည်​။ သူ့အ​နေဖြင့်​တုံး​နေ​သောဓားအား ပြန်​ထက်​အောင်​သွေးရ​ပေမည်​။
လွင့်​ပြန့်​နေသည့်​အ​တွေးအာရုံများအား စုစည်းလိုက်​သည့်အ​ချိန်​တွင်​ရုတ်​တရက်​ဆိုသလိုပင်​သူ၏ ခန္ဓာကိုယ်​အတွင်းရှိ ချီဓာတ်များသည်​စတင်​ဆူပွက်​သွားခဲ့ပြီး အဆိုပါ ချီဓာတ်​များသည်​တဖြည်းဖြည်းဖြင့်​သူ၏ အ​သွေးအသားများထံသို့ ပြန့်​နှံ့စီးဆင်းသွား​လေသည်​။ ထိုကဲ့​သို့သော အ​ခြေအ​နေမျိုးသည်​တစ်​ချက်​မျှပင်​အတိမ်းအ​စောင်းမခံသည့်​အ​နေအထားဖြစ်​၍ ရဲ​ရှောင်​အ​နေဖြင့်​မည်သည့်အရာကိုမှ လက်​လွတ်​စပယ်​မလုပ်​ရဲ​ပေ။ ထို့​ကြောင့်​သူ၏ စိတ်​အား တည်​ငြိမ်​အောင်​ထိန်းလိုက်​ရင်း ချီဓာတ်​စီးဆင်းမှု အ​ခြေအ​နေအား ဗရမ်းဗတာ ဖြစ်​မသွား​စေရန်​ထိန်းချုပ်​လိုက်​သည်​။ သို့​သော်​ချီဓာတ်​များ၏ လည်​ပတ်​စီးဆင်းမှု ပမာဏသည်​ထိန်းချုပ်​၍မ​ရနိုင်ေ​အာင်​ပင်​အလွန်​အမင်းသိပ်​သည်းလာသည့်​အတွက်​ရဲ​ရှောင်​ဇောချွေးများ ပျံလာသလိုပင် ခံစားလိုက်​ရသည်​။ ရဲ​ရှောင်​အ​နေဖြင့်​ချီဓာတ်များအား​အဆင့်​မြင့်​ဝိညာဉ်​တော်​ချီဓာတ်​ထိန်းချုပ်​နည်း နည်းလမ်းဖြင့်​ခက်​ခက်​ခဲခဲဖြင့်​ပင်​ထိန်းချုပ်​နေရ​လေသည်​။ ကျင့်​စဉ်​ကျင့်​ကြံခဲ့သည့်​သက်​တမ်းတစ်​လျှောက်​လုံးတွင်​ယခုတစ်​ကြိမ်​သည်​အဆိုးဆုံးပင်​ဖြစ်​ကြောင်း သူခံစားလိုက်​ရသည်​။ ခန္ဓာကိုယ်​အတွင်းရှိ ဝိညာဉ်​တော်​ချီဓာတ်​များသည်​သူ၏ ထိန်းချုပ်​မှုအား လက်​ခံလိုခြင်းမရှိဘဲ ပုန်​ကန်​ထကြွ​နေကြသည်​။
ကျင့်​စဉ်​ကျင့်​ကြံခြင်း နှင့်​ပက်​သက်​၍ အ​တွေ့အကြုံများစွာ ရှိ​သည့်​လူတစ်​ဦး ဖြစ်နေခြင်းကြောင့်သာ ယခုကဲ့သို့ ခက်​ခဲ​သော အ​ခြေအ​နေအား မတုန်​လှုပ်​မိဘဲ တည်​တည်​ငြိမ်​ငြိမ်​ဖြင့်​နေနိုင်​ခြင်းဖြစ်​သည်​။ ချီဓာတ်​များ ဆူပွက်​နေခြင်းသည်​အလွန်​အန္တရာယ်​များသည့်​အ​ခြေအ​နေဟု​ခေါ်ဆိုနိုင်​သော်​လည်း ထိုအန္တရယ်များ ကြားတွင်​ထူးခြားဆန်းပြား​သော​အရာများလည်း ရှိ​နေပါသည်​။ အကယ်​၍ ရဲ​ရှောင်​အ​နေဖြင့်​ထိုအ​ခြေအ​နေအား ဆက်​သည်းမခံနိုင်​တော့၍ ရပ်​တန့်​လိုက်​မည်​ဆိုပါက ချီဓာတ်​များ ဆူပွက်​နေသည့်​အ​ခြေအ​နေသည်​တဖြည်းဖြည်း တည်​ငြိမ်​သွားပြီး​နောက်​ဆုံးတွင်​လုံးဝငြိမ်​သက်​သွားမည်​ဖြစ်​သည်​။ ရင်​ဆိုင်​ကြုံ​တွေ့ရမည့်​အန္တရာယ်​များလည်း မရှိနိုင်​တော့​ချေ။ အကယ်​၍ မရပ်​တန့်​ပစ်​ဘဲ ကြုံ​တွေ့​နေရသည့်​အ​ခြေအ​နေအား သည်းခံ၍ ဆက်​ကျင့်​မည်​ဆိုပါက အလွန်​ကြီးမား​သော အကျိုး​ကျေးဇူးများ​သေချာ​ပေါက်​ပင်​ရနိုင်​ပေလိမ့်​မည်​။ ထို့ပြင် ရဲ​ရှောင်​အ​နေဖြင့်​ချီဓာတ်​များ​ဆူပွက်​နေခြင်းအား သေချာ ထိန်းချုပ်နိုင်စွမ်း မရှိပါက သူ၏ အ​သွေးအသားများသည်​သေချာ​ပေါက်​ပင်​ပျက်​စီးသွား​ပေလိမ့်​မည်​။
အကယ်​၍ ရဲ​ရှောင်​အ​နေဖြင့်​ကျင့်​စဉ်​ကျင့်​ကြံရာတွင်​သမာရိုးကျနည်းလမ်းအတိုင်းပင်​ကျင့်​မည်​ဆိုပါက သူ၏ ခန္ဓာကိုယ်​အတွင်းရှိ ချီဓာတ်​များ စတင်​ဆူပွက်​သည့်​အချိန်​ကတည်းကပင်​ကျင့်​ကြံခြင်းကို ရပ်​တန့်သင့်​သည်​ကို သူ၏ အ​တွေ့အကြုံများအရ သိ​ပေသည်​။ သို့​သော်​ချက်​ချင်းပင်​ရပ်​တန့်​လိုက်​မည်​ဆိုပါက​ရွှေကဲ့သို့ပင်​တန်​ဖိုးရှိသည့်​အခွင့်​အ​ရေးများနှင့်​လွဲ​ချော်​သွားနိုင်​သည်​ကို သူ၏ မသိစိတ်​မှ အလိုလိုပင်​သိလိုက်​လေသည်​။
အ​တွေ့အကြုံ နှင့်​မသိစိတ်​၏ လှုံ့​ဆော်မှုနှစ်​ခုကြားတွင်​ရဲ​ရှောင်​ရွေးချယ်​ရ​ပေ​တော့မည်​။​ရှောင်​ဧကရာဇ်​အ​နေဖြင့်​ဒုတိယတစ်​ခုကိုသာ​ရွေးချယ်​ရန်​ဆုံးဖြတ်​လိုက်​သည်​။
ရဲ​ရှောင်​အံကြိတ်​ရင်းဖြင့်သာ ကျင့်​စဉ်​အား ဆက်​ကျင့်​လိုက်​၏။
သို့​သော်​ထိုကဲ့သို့​ရွေးချယ်​လိုက်​သည့်​အတွက်​အရာအားလုံးသည်​အ​ကောင်း​တွေချည်းပဲ​တော့ ဖြစ်​မလာ​ခဲ့ပေ။ သူ၏ စွမ်းအင်​သို​လှောင်​ရာ​နေရာသည်​ယခင်​ကထက်​ပင်​ပို၍ ကျယ်​ပြန့်​လာပြီး​ပေါက်​ကွဲလုနီးပါးပင်​ဖြစ်​လာခဲ့သည်​။ အကယ်​၍ ချီဓာတ်​များသည်​သူ၏ အ​သွေးထဲအသားထဲတွင်​ယခုထက်ပို၍​ဆက်​လက်​၍ သိပ်​သည်းစုပြုံလာမည်​ဆိုပါက စွမ်းအင်​သို​လှောင်​ရာ​နေရာသည်​ခံနိုင်​ရည်​မရှိ​တော့ဘဲ​သေချာ​ပေါက်​ပင်​ပေါက်​ကွဲသွား​ပေလိမ့်​မည်​။
ရဲ​ရှောင်​အလွန်​အမင်းပင်​ကြောက်​ရွံ့သွား​လေသည်​။
လက်​ရှိ သူကြုံ​တွေ့​နေရသည့်​အ​ခြေအ​နေသည်​သူ၏ နားလည်​နိုင်​စွမ်းထက်​ပင်​ကျော်​လွန်​နေသည်​။ ရဲရှောင် အရဲစွန့်​၍​ဆက်​လုပ်​လိုက်​သည့်​ကိစ္စတစ်​ခုသည်​မည်​ကဲ့သို့​သော ရလဒ်​မျိုး ထွက်​ပေါ်လာနိုင်​ပါသနည်း။
အ​တွေ့အကြုံ နှင့်​မသိစိတ်​၏ လှုံ့​ဆော်​မှုနှစ်​ခုကြားတွင်​ဒုတိယတစ်​ခုအား​ရွေးချယ်ခဲ့သည့်အတွက်​ရဲ​ရှောင်​မှားခဲ့ပြီ​လော။
သို့​သော်​ခဏအကြာတွင်​သူ၏ စွမ်းအင်​သို​လှောင်​ရာ​နေရာရှိ ချီဓာတ်​များသည်​ဆူပွက်​နေရာမှ ပြန်​လည်တ​ည်​ငြိမ်​သွားသည်​။
ချီဓာတ်​များသည်​အနယ်​ထိုင်​ကျသွားသည့်​ရေတစ်​ခွက်​ကဲ့သို့ပင်​တဖြည်းဖြည်းဖြင့်​ပြန်​လည်​တည်​ငြိမ်​သွားပြီး သူ​၏ စွမ်းအင်​သို​လှောင်​ရာသို့ ပြန်​လည်​စီးဆင်းသွား​လေသည်​။ ထိုအချိန်​တွင်​ရဲ​ရှောင်​၏ ခန္ဓာကိုယ်​တစ်​ခုလုံး၌ အသည်းခိုက်​အောင်​ပင်​နာကျင်​ဖွယ်​ကောင်းသည့်​နာကျင်​မှုမျိုးအား ခံစားလိုက်​ရပြီး သူ၏ ပါးစပ်​ထဲမှ​သွေးများပင်​အန်​ထွက်​သွား​လေသည်​။
ချက်​ချင်းဆိုသလိုပင်​သူ၏​ရှေ့တွင်​ရှိ​သော အရာအားလုံးသည်​သွေးများဖြင့်​စွန်းထင်းကုန်​သည်​။
ခဏအကြာတွင်​သူ၏ စွမ်းအင်​သို​လှောင်​ရာ​နေရာတွင်​လှည့်​ပတ်​စီးဆင်း​နေ​သော ချီဓာတ်​များသည်​ထူးဆန်းဖွယ် ကောင်း​လောက်​အောင်​ပင်​နှစ်​ပိုင်း ကွဲထွက်​သွားခဲ့သည်​။ ပထမအပိုင်းသည်​အနီ​ရောင်​အဆင်းရှိပြီး ဒုတိအပိုင်းသည်​အပြာ​ရောင်​ဖြစ်​လေသည်​။
၎င်းတို့သည်​အ​ရောင်​လည်းမတူ စွမ်းအင်​အာနိသင်​ခြင်းလည်း မတူသည့်​ချီဓာတ်​နှစ်​မျိုးပင်​ဖြစ်​ကြောင်း ရဲ​ရှောင်​သိလိုက်​၏။
အနီ​ရောင်​ချီဓာတ်​တွင်​အရာအားလုံးကို မီးရှို့ဖျက်​ဆီး ပြာကျ​စေနိုင်​သည့်​အလွန်​ပူပြင်း​သော မီးဓာတ်​အစွမ်းအာနိသင်​ရှိပြီး အပြာ​ရောင်​ချီဓာတ်​တွင်​မည်​သည့်​အရာကိုမဆို​အေးခဲ​စေနိုင်​သည့်​အလွန်​ပြင်းထန်​သည့်​ရေခဲဓာတ်​စွမ်းအင်​များ ပါဝင်​လေသည်​။
ရဲ​ရှောင်​အ​နေဖြင့်​မည်​သည့်​ချီဓာတ်​ကို​ရွေးချယ်​ကျင့်ကြံပါမည်​နည်း။
တစ်​ခုကို​ရွေးချယ်​လျှင်​အခြားတစ်​ခုသည်​ပျောက်​ကွယ်​သွားပါမည်​လော။
သို့မဟုတ်​သူ၏ စွမ်းအင်​သို​လှောင်​ရာ​နေရာတွင်​နှစ်​ခုလုံးသည်​အတူတကွ ယှဉ်​တွဲ၍ ရှိနိုင်​မည်​လော။ တစ်​ခုသည်​ယင်​ကို ကိုယ်​စားပြုလျှင်​အခြားတစ်​ခုသည်​ယန်​ကို ကိုယ်​စားပြု​နေ​ပေသည်​။

(မှတ်ချက်။။ ယင်သည် ရေခဲဓာတ်ရှိသည့် အပြာရောင်ချီဓာတ်ကို ကိုယ်စားပြုပြီး ယန်သည် မီးဓာတ်ရှိသည့် အနီရောင်ချီဓာတ်ကို ကိုယ်စားပြုလေသည်)

ရဲ​ရှောင်​မျက်​မှောင်​ကြုပ်​ရင်း​တွေးလိုက်​သည်​။
“တကယ်​ကို ခက်​ခဲတဲ့​ရွေးချယ်​မှုပဲ”
အနီ​ရောင်​ချီဓာတ်​၏ စွမ်းအင်သည်​အမှန်တကယ်ပင်​ထူးခြား​ကောင်းမွန်​လှ​ပြီး အပြာ​ရောင်​ချီဓာတ်​၏ စွမ်းအင်သည်​လည်း​လျှော့တွက်​၍ မရ​ပေ။ နှစ်ခုစလုံးသည် သူ့အစွမ်းနှင့်သူ ရှိနေပေသည်။
ရဲ​ရှောင်​အ​နေဖြင့်​မည်သည့်အရာကိုမှ စွန့်​လွှတ်​ချင်​စိတ်​မရှိ ဖြစ်​နေ​လေသည်​။
အချိန်​တော်​တော်​ကြာ​အောင်​ပင်​ရဲ​ရှောင်​စဉ်းစားလိုက်​ပြီး​နောက်​အပြာ​ရောင်​ချီဓာတ်​ကိုသာ​ရွေးချယ်​ရန်​ဆုံးဖြတ်​လိုက်​လေသည်​။
ရဲ​ရှောင်​သည်​ယခင်​ဘဝတွင်​မီးဓာတ်​စွမ်းအားကို အသုံးပြု၍ တိုက်​ခိုက်​ရာ၌ ထင်​ရှား​ကျော်​ကြားခဲ့သူ တစ်​ဦးဖြစ်​ပါသည်​။
အကယ်​၍ ရဲ​ရှောင်​အား​ရှောင်​ဧကရာဇ်​မှန်း ဂိုဏ်းကြီးသုံးခုမှ သိသွားခဲ့လျှင်​သူ၏ ယခုလက်​ရှိအခြေအ​နေအရ အဆိုပါဂိုဏ်းကြီးသုံးခုအား ပြန်​လည်​ခုခံတိုက်​ခိုက်​ရန်​မဖြစ်​နိုင်​သေး​သည့်အတွက်​သေချာ​ပေါက်​ပင်​သေခြင်းတရားဖြင့်​ရင်​ဆိုင်​ရ​ပေလိမ့်​မည်​။ ဂိုဏ်းကြီးသုံးခုအား ပြန်​လည်​တိုက်​ခိုက်​ရန်​အတွက်​လုံ​လောက်​သည့်​စွမ်းအားများ ပြန်​မရမချင်း သူ့အ​နေဖြင့်​သိုသိုသိပ်​သိပ်​ပင်​နေရမည်​ဖြစ်​သည်​။
သာမန်​အ​ခြေအ​နေအရ စွမ်းအင်​များဆုံးရှုံးထားသည့်​ကျင့်​ကြံသူတစ်​ယောက်​သည်​သူ၏ စွမ်းအင်များ ပြန်​လည်​ရရှိ​စေရန်​အတွက်​ကျင့်​စဉ်​များ ပြန်​လည်​၍ကျင့်​ကြံရမည်​ဖြစ်​သည်​။ ထိုကဲ့သို့ ပြန်​ကျင့်​ရသည့်​အ​နေအထားတွင်​သူနှင့်​ရင်းနှီးကျွမ်းဝင်​မှုရှိသည့်​ကျင့်​စဉ်​နည်းလမ်း​ဟောင်းများကိုသာ​ရွေးချယ်​၍​လေ့ကျင့်​ကြ​ပေလိမ့်​မည်​။ အကျွမ်းတဝင်​မရှိသည့်​ကျင့်​စဉ်​နည်းလမ်းအသစ်​များကို​မူ​ရွေးချယ်​လိမ့်​မည်​မဟုတ်​ပေ။
သို့​သော်​ရဲ​ရှောင်​အ​နေဖြင့်​ဂိုဏ်းကြီးသုံးခု သတိမထားမိ​အောင်​သိုသိုသိပ်​သိပ်​ဖြင့်​ကျင့်​ကြံရမည်​ဖြစ်​၍ သူ၏ ယခင်​ဘဝ၌ အသုံးပြုခဲ့​သော မီးဓာတ်​အား ဆက်​လက်​၍ ကျင့်​ကြံရန်​မဖြစ်​နိုင်​တော့သည့် အတွက်​ရေခဲဓာတ်​ကိုသာ​ရွေးချယ်​လိုက်​ရခြင်း ဖြစ်​သည်​။​ရေခဲဓာတ်​သည်​ရဲ​ရှောင်​အတွက်​အ​ကောင်းဆုံး မျက်​နှာဖုံးတစ်​ခုသဖွယ်​ပင်​။
ရဲ​ရှောင်​ထံတွင်​အပြာရောာင်ချီဓာတ်အား​ရွေးချယ်​လိုက်​ရသည့်​နောက်​ထပ်​အ​ကြောင်းပြချက်​တစ်​ခုရှိ​နေ​လေသည်​။
ခရမ်း​ရောင်​ချီဓာတ်​များတွင်​သန့်​စင်​သော ယန်​စွမ်းအင်​ဓာတ်​များ ပါဝင်​နေ​သော်​လည်း ယခုအချိန်​တွင်​မူ အဆိုပါချီဓာတ်​များသည် တမူထူးခြား​သော စွမ်းအင်​ဓာတ်​များ ဖြစ်​ပေါ်လျက်​ရှိသည်​။
ထိုအချက်​များ​ကြောင့်​ပင်​အပြာ​ရောင်​ချီဓာ​တ်​များ ပါဝင်​နေသည့်​ရေခဲဓာတ်​ကျင့်​စဉ်​အား​ရွေးချယ်​လိုက်​ခြင်းပင်​ဖြစ်​၏။ ရဲ​ရှောင်​သည်​အပြာ​ရောင်​ချီဓာတ်​စွမ်းအင်​လှိုင်းများအား ကူး​ပြောင်းရန်​ကြိုးစားလိုက်​သည်​။
အဆိုပါချီဓာတ်​များအား သူ၏ စွမ်းအင်​သို​လှောင်​ရာ​နေရာသို့ စီးဆင်းသွား​စေရန်​သူစတင်​ထိန်းချုပ်​လိုက်​လေသည်​။ ထို့​နောက်​ချီဓာတ်​များသည် စွမ်းအင်​သို​လှောင်​နေရာသို့ လျင်​မြန်​စွာဖြင့်​ပင်​စီးဆင်းသွားကြ​လေသည်​။
တစ်​ချိန်​တည်းမှာပင်​အနီ​ရောင်​ချီဓာတ်​များသည်​သူ၏ ခန္ဓာကိုယ်​ထဲမှ တဖြည်းဖြည်း စတင်​ပျောက်​ကွယ်​စပြုလာ​လေပြီ။
ထို့​နောက်​သူ၏ စွမ်းအင်​သို​လှောင်​ရာ​နေရာမှ​အပြာ​ရောင်​ချီဓာတ်​စွမ်းအင်​လှိုင်းတစ်​ခုသည်​အလျင်​အမြန်​ဖြင့်​ပင်​ထွက်​ပေါ်လာပြီး သူ၏ အ​သွေးအသားတစ်​ခုလုံးထံသို့ တစ်​လက်​မပင်​မကျန်​အောင်​ပြန့်​နှံ့သွား​လေသည်​။ ခန္ဓာကိုယ်​အတွင်းရှိ မူလအား​ပျော့သည့်​ချီဓာတ်​များ၏​နေရာတွင်​အဆိုပါ အပြာ​ရောင်​ချီဓာတ်များ​သည်​ချက်​ချင်းပင်​အစားထိုးဝင်​ရောက်​သွား​လေသည်​။
အပြာ​ရောင်​ချီဓာတ်​များ လှည့်​လည်​စီးဆင်း​နေသည့်​အချိန်​တွင်​ယခင်​က တစ်​ခါမှ မရခဲ့ဖူးသည့်​စိတ်​ခံစားချက်​တစ်​ခုအား ခံစားလိုက်​ရသည်​။ သူ၏ စိတ်​များ အလွန်​တရာမှပင်​အေးချမ်း​နေ​လေသည်​။
သူ၏ ခန္ဓာကိုယ်​တစ်​ခုလုံးတွင်​သန့်​စင်​သော စွမ်းအင်​များသည်​လည်​ပတ်​စီးဆင်းလျက်​ပင်​ရှိသည်​။
ရဲ​ရှောင်​သည်​သူ၏ လက်​ဖြင့်​ထိုင်​ခုံအား ထိရန်​ကြိုးစားလိုက်​လေသည်​။
ထိုင်ခုံအား ထိမိလိုက်သည့် အချိန်တွင် သူ၏ လက်​ချောင်းများမှ ပြင်းထန်​သော အ​အေးစွမ်းအင်​လှိုင်းများသည်​ထွက်​ပေါ်လာခဲ့ပြီး ထိုင်​ခုံအား အက်​ကွဲကြောင်း ပေါ်သွားသည်​အထိပင်​အေးခဲသွား​စေခဲ့သည်​။
လက်​ချောင်းများမှ ထွက်​ပေါ်​နေသည့်​စွမ်းအင်​လှိုင်းများသည်​ရပ်​တန့်​သွားခြင်းမရှိဘဲ အ​အေးလှိုင်းများသည်​လေထုထဲသို့ လျင်​မြန်​စွာဖြင့်​ပင်​ပြန့်​နှံ့သွား​လေသည်​။
မျက်​တောင်​တစ်​ခပ်​အတွင်းမှာပင်​သူ၏ အခန်းတစ်​ခုလုံးသည်​ရေခဲလိုဏ်​ဂူ အ​သေးစားတစ်​ခုကဲ့သို့ပင်​ဖြစ်​သွား​ခဲ့သည်​။
အပြာ​ရောင်​ချီဓာတ်​များ​ကြောင့်​ဖြစ်​ပေါ်လာ​သော အ​အေးဓာတ်​များသည်​ရဲ​ရှောင်​အား မယုံနိုင်​ဖွယ်​ကောင်း​လောက်​အောင်​ပင်​နေသာထိုင်​သာ ရှိသွား​စေ​လေသည်​။ သူ့အ​နေဖြင့်​ထိုအအေးလှိုင်းများအား အေးသည်​ဟု မခံစားမိဘဲ သူ၏ အခန်းအား ကြည့်အကျေနပ်ကြီးပင် ကျေနပ်နေလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset