Switch Mode

Chapter – 344

အခန်း (၃၄၄) တာအိုပညာရှိအား သတ်ဖြတ်လိုခြင်း၊ တာအိုဂိုဏ်း၏ အကူအညီ
နှစ်ငါးဆယ်ဟာ တစ်ခဏအတွင်း ကုန်ဆုံးသွားပြီး နတ်မိမယ်ရှီရွှမ်ဟာ ထုန်ကျန့်ကမ္ဘာကနေ ပြန်ရောက်လာပါတယ်။ သေမျိုးကမ္ဘာမှာ လေ့ကျင့်ပြီးနောက် နတ်မိမယ်ရှီရွှမ်ဟာ တစ်စုံတစ်ခုကို နားလည် သဘောပေါက်လာဟန် ရှိတာကြောင့် ဂူအောင်းကျင့်ကြံဖို့ မစောင့်နိုင်တော့ပါဘူး။
ဒီကိစ္စက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို ဘာအနှောင့်အယှက်မှ မဖြစ်စေပါဘူး။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာတာကြောင့် အင်မော်တယ်ဧကရာဇ် နဝမအဆင့်နဲ့ တဖြည်းဖြည်း နီးကပ်လာပါတယ်။
ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ လောနေတဲ့အတွက် စာအိတ်တွေတောင် သိပ်မဖတ်ဖြစ်တော့ပါဘူး။ အနန္တကပ်ဘေးရဲ့ အားအကောင်းဆုံးအချိန်ကို ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အခုလိုအလျင်နေတာ ဖြစ်ပါတယ်။
အင်မော်တယ်ကမ္ဘာမှာ ကောင်းကင်ဘဝဂ်ကျင့်ကြံသူက လက်ချိုးရေလို့ ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်သာ နတ်မင်းအဆင့်ကို ရောက်သွားမယ်ဆိုရင် သေဖို့တော်တော်ခက်သွားပါပြီ။ ဟန်ကျွယ်ဟာ ကျင့်ကြံဖို့ ဘယ်လောက်ပဲ အလျင်လိုနေပါစေ ဆယ်နှစ်တစ်ကြိမ် ကျိန်စာတိုက်တာကိုတော့ ဘယ်တော့မှ မမေ့ပါဘူး။
ဒီအကျင့်က ဟန်ကျွယ်ရဲ့နှလုံးသားထဲမှာ စွဲမြဲနေတာကြောင့် မေ့ပစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ဒီနေ့မှာတော့ နတ်ရွှေကျီး တိုကင်ဟာ ထပ်ပြီးတော့ တုန်ခါလာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် ဆယ်နှစ်ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျန်းယီသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်ပျက်စီးပြီး ဝိညာဉ် ဖိနှိပ်ခံလိုက်ရ၏။]
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် နဂါးစစ်မျိုးနွယ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၃၁၁၀
[သင့်မိတ်ဆွေ လီတောက်ခုံးသည် နဂါးစစ်မျိုးနွယ်စုမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်တပည့် လုံဟောင်သည် သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော်၏ လျှို့ဝှက်ရတနာအား ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်တပည့် စုချီသည် ကြမ္မာဆိုး မဟာတာအိုအား ရရှိသွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ပါးကြောင့် အသိဉာဏ်လင်းလက်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကပ်ဘေးသခင် ဖြစ်သွား၏။]
ဟန်ကျွယ်ဟာ ကျန်းယီကို မကျိန်ဆဲဘဲ မနေနိုင်ပါဘူး ‘တော်တော် အသုံးမကျတဲ့ကောင်ပဲ၊ အေးအေးဆေးဆေးကို မနေနိုင်ဘူး’ ကျန်းယီဟာ နတ်ရွှေကျီးကန်း မိသားစုရဲ့ နံပါတစ်ပါရမီရှင် ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ သာမန်လူတစ်ယောက် ဖြစ်ခါနီးနေပါပြီ။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်က နဂါးမျိုးနွယ်စု တိုက်ခိုက်တာ ခံရတာကို သတိထားမိသွားပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ၊ ကောင်းကင်ဧကရာဇ်က နဂါးစစ်မျိုးနွယ်စုက မဟုတ်ဘူးလား၊ ဘာလို့ အချင်းချင်း ပြန်တိုက်ကုန်ကြတာလဲ၊ ကောင်းကင်ရုံးတော်မှာ တစ်ခုခု ဖြစ်သွားလို့များလား’
‘စုချီက ကြမ္မာဆိုး မဟာတာအိုကို ရသွားပြီလား၊ နောက်တစ်ခါ ဒီကောင်လေး ပြန်လာရင် သူ့ကြမ္မာဆိုးကို ငါ့ကို သက်ရောက်နိုင်လားဆိုတာ အရင်ဆုံးတွက်ချက်ပြီးမှ တိတ်ဆိတ်ကျွန်းထဲ ဝင်ခွင့်ပြုမှ ဖြစ်မယ်’
‘ကျိုးဖန်က ဘာလို့ ဒီလောက်တောင် ကံကောင်းနေရတာလဲ၊ ဒီကောင်က တကယ်ပဲ ဇာတ်လိုက်လား’
‘လီတောက်ခုံးက နောက်ဆုံးတော့ ကပ်ဘေးသခင် ဖြစ်သွားပြီပဲ’
ဟန်ကျွယ်ဟာ စာအိတ်တွေကို ဆက်ဖတ်တဲ့အခါမှာ အင်မော်တယ်ကမ္ဘာက ပိုပိုပြီးတော့ မတည်ငြိမ်လာတာကို တွေ့လိုက်ရပါတယ်။ ကြည့်ရတာ တိုက်ပွဲ အကြီးကြီး ဖြစ်ပွားတော့မဲ့ပုံပါပဲ။
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး ကောင်းကင်ဧကရာဇ်ကို ဆက်သွယ်လိုက်ပါတယ်။ မကြာခင်မှာပဲ နတ်အာရုံချင်း ချိတ်ဆက်မိသွားပါတယ်။
“အရှင်မင်းကြီး… ဒီနှစ်ထဲ ဘယ်လိုနေလဲ”
“သိပ်မကောင်းဘူး” ကောင်းကင်ဧကရာဇ်လေသံဟာ ပင်ပန်းနွမ်းလျနေပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ ဒီလိုလေသံမျိုးကို ပထမဆုံးကြားဖူးတာ ဖြစ်တဲ့အတွက် နှလုံးခုန် မြန်သွားပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒီနှစ်ထဲမှာ တစ်ယောက်ယောက်က အမှောင်သခင်ကြီးနဲ့ ကောင်းကင်ရုံးတော် ပတ်သက်နေတယ်ဆိုပြီး ကောလဟာလတွေ ဖြန့်လိုက်တယ်၊ အရေးကြီးဆုံးက အမှောင်သခင်ကြီးကို လေးစားအားကျတဲ့ ရှေးဟောင်းမျိုးနွယ်စုတွေက ကောင်းကင်ရုံးတော်နဲ့ သေအတူ ရှင်အတူလို့ ကြော်ငြာလိုက်ကြတာပဲ၊ အဲဒီမှာ အမှောင်သခင်ကြီးကို မုန်းတီးတဲ့ အင်အားစုတွေက ကောင်းကင်ရုံးတော်ကို လာပြီးတော့ ဝန်းရံကြတယ်၊ အခုထိ ကောင်းကင်ဂိတ်လေးခုလုံး ဖရိုဖရဲ ဖြစ်နေတုန်းပဲ၊ ဘယ်လောက်ထိ ငါတောင်ခံနိုင်မလဲ မသိသေးဘူး၊ တော်သေးတယ် မင်း ပြန်မလာလို့…”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘သေစမ်း… ဘယ်သူက ငါ့နာမည်သုံးပြီး ကောင်းကင်ရုံးတော်ကို တိုက်ခိုက်နေတာလဲ’ ဟန်ကျွယ်ဟာ ဒေါသထွက်သွားပြီး သက်တမ်းသုံးစွဲဖို့ ပြင်ဆင်လိုက်ပါတယ်။
“အရှင်မင်းကြီး ခဏလေး နေပါအုန်း၊ ဗုဒ္ဓဂိုဏ်းက ကောင်းကင်ရုံးတော်ရဲ့ မဟာမိတ် မဟုတ်ဘူးလား”
“ဗုဒ္ဓဂိုဏ်းက သူ့ဘာသာသူတောင် ဂရုမစိုက်နိုင်ဘူး၊ ရှန်နန်းတော်က ကျို့ယိုငရဲမှာရှိတဲ့ သရဲတွေကို ဦးဆောင်ပြီး ဗုဒ္ဓဂိုဏ်းရဲ့ စိတ်ဝိညာဉ်တောင်ကို ပထမဆုံးတိုက်ခိုက်တာပဲ၊ ဗုဒ္ဓတော်တော်များများ ကျဆုံးသွားပြီ၊ သူတို့တွေ အရင်ကပ်ဘေးမှာတုန်းက သက်ရှိအများကြီးကို ဒုက္ခပေးခဲ့လို အခုလို ဝဋ်ပြန်လည်တာပဲ၊ သူတို့တွေက ကောင်းကင်ရုံးတော်ထက် အရင် ကျဆုံးသွားနိုင်တယ်”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ၊ ဗုဒ္ဓဂိုဏ်း ပြိုလဲရင် ကောင်းကင်ရုံးတော်လည်း ကြာကြာခံမှာ မဟုတ်ဘူး၊ ဟောင်တျန် ဖိနှိပ်ခံရလို့ ကံကြမ္မာက ထပ်ပြီးတော့ ပြောင်းလဲသွားတာလား’
အဲဒီနောက် ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို အလျင်စလို နှုတ်ဆက်ပြီး နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။
“ကောင်းကင်ဧကရာဇ် ရင်ဆိုင်နေရတဲ့ ကပ်ဘေးကို ဘယ်သူစီစဉ်တာလဲ ငါ သိချင်တယ်”
[ကံတရားများစွာ ပါဝင်နေ၍ တွက်ချက်မရပါ။]
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ဘာလဲဟ… တစ်ယောက်မကဘူးလား’ ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။
ဟန်ကျွယ်ဟာ ဆက်မေးလိုက်ပါတယ် “ဒါဆိုရင် ဒီအနန္တကပ်ဘေးမှာ နောက်ဆုံးအနိုင်ရသူက ဘယ်သူဖြစ်မလဲ”
[သက်တမ်း ၁.၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား၊ ကြည့်ရတာ ဒီလူက ကောင်းကင်တာအိုဗုဒ္ဓ၊ နတ်ဆိုးဧကရာဇ်နဲ့ ဟောင်တျန်ထက်တောင် ပိုကြမ်းတဲ့ပုံပဲ’
ဟန်ကျွယ်ဟာ အံကြိတ်ပြီး ဆက်တွက်မယ်ကို ရွေးချယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်တွေ ထပ်ရောက်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ကောင်းကင်ဘုံ ၃၃ ဘုံရဲ့ အပြင်ဘက်ကို ရောက်နေတာ တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ရှေ့မှာရှိနေတဲ့ ခန်းမက နွီဝါနန်းတော်ပါ။ နန်းတော်ရှေမှာ လူတစ်ယောက် ရပ်နေပါတယ်။
ဟန်ကျွယ် သေချာကြည့်လိုက်တဲ့အခါ ဒီလူက ရှန်နန်းတော် တည်ထောင်သူ ဇုထူ ဖြစ်နေတာကို တွေ့လိုက်ရပါတယ် ‘သူက နောက်ဆုံး အနိုင်ရသူလား’
ဇုထူက ပြောလိုက်ပါတယ် “ပညာရှိ… ကျွန်တော်ကို ပညာရှိဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ၊ အခုဘာလို့ မဆောင်ရွက်ပေးတာလဲ”
အမျိုးသမီးသံတစ်သံဟာ နန်းတော်ထဲကနေ ထွက်ပေါ်လာပါတယ်။
“ဇုထူ… ငါ မင်းကို ပြောခဲ့တာက သက်ရှိအကုန်လုံးကို မသတ်ဖြတ်ဘဲ အနန္တကပ်ဘေးကို အနိုင်ယူဖို့၊ အခု သက်ရှိလောကမှာ လေလွင့်ဝိညာဉ်တွေချည်းပဲ၊ သက်ရှိတွေ အကုန်လုံးလည်း သေသွားပြီ၊ မင်းမှာ ပညာရှိနေရာကို လာတောင်းဖို့ မျက်နှာ ရှိသေးတာလား၊ တာအိုဘိုးဘေးသိသွားမှာကို မကြောက်ဘူးလား”
ဇုထူဟာ ထိတ်လန့်ခြင်းမရှိဘဲ အေးစက်စွာ ပြောလိုက်ပါတယ် “မင်း ကတိမတည်ဘူးဆိုတာ ငါ သိတယ်၊ မင်းတို့ပညာရှိတွေက ထွေးပြီးသားတံတွေး ပြန်မျိုကြတာလား၊ ဒါမှမဟုတ် ပညာရှိနေရာက အကန့်အသတ်ရှိလို့ နောက်ထပ်ပညာရှိတစ်ဦးကို လက်မခံနိုင်တာလား၊ ဒါဆိုရင် ငါ ပညာရှိတွေကို သတ်ပစ်မယ်”
“မင်း ငါ့ကို ကူညီချည်၊ မဟုတ်ရင် မင်းကို အရင်ဆုံး သတ်ပစ်မယ်”
ဟန်ကျွယ်ဟာ ကျိန်ဆဲလုနီး ဖြစ်သွားပါတယ် ‘နောက်ထပ် လူသတ်သမားပါလား၊ ဒီ‌ကောင်တွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေရှိနေတာလဲ၊ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ရင်လည်း တိုက်ခိုက်ပေါ့၊ ဘာလို့ သက်ရှိအကုန်လုံးကို သတ်ချင်နေရတာလဲ’
ဟန်ကျွယ်ဟာ ပညာရှိ ဘာပြန်ပြောမလဲ သိချင်ပေမဲ့ မှန်ကွဲသလို မြင်ကွင်းတစ်ခုလုံး ကွဲကျေသွားပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်သွားတဲ့ ဟန်ကျွယ်ဟာ ခေါင်းနည်းနည်း ရှုပ်သွားပါတယ် ‘ငါ သက်ရှိတွေကို အရင်ကယ်သင့်လား၊ ဒါမှမဟုတ် ကောင်းကင်ရုံးတော်ကို ကယ်တင်ဖို့ နည်းလမ်း စဉ်စားသင့်လား’
‘ဟင်း… ငါက ကပ်ဘေးထဲ မဝင်ချင်တဲ့ ဂူအောင်းကျင့်ကြံသူလေ၊ ဘယ်လိုဖြစ်ပြီး ဒီလိုရွေးချယ်မှုကြီးတွေ ရွေးချယ်နေရတာလဲ’
‘အို တာအိုဘိုးဘေး… ကောင်းကင်တာအိုကို ကယ်တင်ဖို့အတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားနေရပါလား’
ဟန်ကျွယ်ဟာ ခါးသီးတယ်လို့ ခံစားလိုက်ရပါတယ်။ နောက်ဆိုရင် ကျိန်စာတိုက်ရမဲ့ စာရင်းထဲမှာ ဇုထူတစ်ယောက် တိုးသွားပါပြီ။
ဇုထူက သူ့ကို မမုန်းပေမဲ့ သက်ရှိအားလုံးကို သတ်ပစ်ချင်တဲ့သူ ဖြစ်တဲ့အတွက် သိပ်မကြာတော့တဲ့အချိန်မှာ ဟန်ကျွယ် ဂရုစိုက်တဲ့လူတွေကို အန္တရာယ်ပေးကောင်း ပေးနိုင်ပါတယ်။ ဟန်ကျွယ် ကိုယ်တိုင်တောင် အသတ်ခံရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ အရေးကြီးဆုံးက ကောင်းကင်ရုံးတော်ကို ကယ်တင်ဖို့ပါ။
ဟန်ကျွယ်ဟာ အတန်ကြာအောင် စဉ်းစားပေမဲ့ ကောင်းကင်ရုံးတော်ကို ဘယ်လိုကယ်ရမလဲဆိုတာ စဉ်းစားမရပါဘူး။
‘ထားလိုက်ပါတော့… ကိုယ့်ဘာသာ ဆက်ပြီးတော့ ကျင့်ကြံတာပဲ ကောင်းတယ်’
ဟန်ကျွယ်ဟာ နည်းလမ်းစဉ်းစားမရတဲ့အတွက် ခေါင်းခြောက်ခံပြီး စဉ်းစားမနေတော့ပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို မကူညီချင်တာ မဟုတ်ပါဘူး။ ကူညီနိုင်တဲ့နည်းလမ်း မရှိတာပါ။ ကောင်းကင်ရုံးတော်ကို သွားပြီး တိုက်ခိုက်ဖို့တော့ ဟန်ကျွယ် ဘယ်တုန်းကမှ မစဉ်းစားထားပါဘူး။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ကောင်းကင်ရုံးတော်မှာ တစ်ခုခု ဖြစ်သွားပါတယ်။ ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်တွေဟာ ထပ်ပြီးတော့ အတိုက်ခိုက် မခံရတဲ့အပြင် ဟန်ကျွယ် လူမှုဆက်ဆံရေးထဲက ပျောက်သွားတဲ့ အင်မော်တယ်ကလည်း သိပ်မရှိပါဘူး။
ဟန်ကျွယ်ဟာ ထူးဆန်းတာကြောင့် ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး ကောင်းကင်ဧကရာဇ်ကို ဆက်သွယ်ကာ အခြေအနေ မေးလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်က ရယ်ရယ်မောမောနဲ့ ပြန်ဖြေပါတယ် “ဟားဟား… ကပ်ဘေးကို ကျော်ဖြတ်နိုင်သွားပြီ၊ ချန်ကျောင်းတော်နဲ့ ကျယ်ကျောင်းတော်က ကောင်းကင်ရုံးတော်ကို လာကူညီတယ်၊ ရွမ်လိန့်ကျောင်းတော်ရဲ့ တပည့်နှစ်ယောက်ကိုပါ ထပ်ပေါင်းလိုက်ရင် ကောင်းကင်ရုံးတော်က တာအိုဂိုဏ်းရဲ့ အထောက်အပံ့ကို ရထားတာနဲ့ အတူတူပဲ၊ အဲဒီအင်အားစုတွေ ကြောက်ဖျားဖျားပြီး တိုက်တောင် မတိုက်ရသေးဘဲ လစ်နေအောင် ပြေးကြတော့တာပဲ”
ကောင်းကင်ဧကရာဇ်စကားကြောင့် ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ကောင်းကင်ရုံးတော်က ငါမရှိလည်း ဆက်ပြီးတော့ ရှင်သန်နိုင်ပါတယ်၊ ငါကိုယ်က အစိုးရိမ်လွန်နေတာ၊ သူတို့ကို စိုးရိမ်နေတာနဲ့ ငါ့ကျင့်ကြံမှုတောင် နည်းနည်းနှေးသွားပြီ’
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို မေးလိုက်ပါတယ် “ဒါနဲ့ ငါ မင်းကို မေးစရာရှိတယ်၊ မင်း အမှောင်သခင်ကြီးကို သိလား၊ သူက မင်းနောက်ကွယ်က ဆရာသခင်လား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset