အခန်း (၃၄၂) တွက်ချက်ရန်ခက်ခဲသော လွမ်ဟွေ အင်မော်တယ်ဧကရာဇ်၊ ကျင်းတျန်ကုန်း၏ ပြတ်သားမှု
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူလိုက်ပြီး ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်လိုက်ပါတယ်။
“ဘာကိစ္စရှိလို့လဲ” ကောင်းကင်ဧကရာဇ်က ခပ်မြန်မြန် မေးလိုက်ပါတယ်။
“အရှင်မင်းကြီး… ဟောင်အာ တစ်ခုခု ဖြစ်သေးလား”
“အို… မင်းလည်း ငါ့လိုပဲ ခံစားရတာလား”
“ဟုတ်တယ်၊ ကျွန်တော် တွက်ချက်ကြည့်တော့ ဟောင်အာ ဒုက္ခရောက်နေတာကို တွေ့ရတယ်၊ သူ တော်တော်လေး ကြောက်နေရှာတယ်”
“ငါ နားလည်ပြီ၊ ငါ သူ့ကို အခုပဲ သွားရှာလိုက်မယ်”
ဒီမှာပဲ စကားပြောတာ အဆုံးသတ်သွားပါတယ်။ ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်မှာ လုံဟောင် ခန္ဓာထပ်သိမ်းခံရတဲ့ စာအိတ် မရှိတဲ့အပြင် လုံဟောင်ရဲ့ ပုံရိပ်ကလည်း လူမှုဆက်ဆံရေးထဲမှာ ရှိနေသေးတာကြောင့် ဟောင်တျန်ဟာ လုံဟောင်ကို ထပ်ပြီးတော့ ဒုက္ခမပေးရဲသေးဘူးလို့ ဟန်ကျွယ် ကောက်ချက်ချလိုက်ပါတယ်။ မဟုတ်ရင် ဟောင်တျန်က လုံဟောင်ရဲ့ ဝိညာဉ်ကို အခုအချိန်ထိ ရှင်သန်ခွင့်ပေးမှာ မဟုတ်ပါဘူး။
ဖန်းလျန်ဟာ မြေကြီးပေါ် လဲကျနေပြီး မိုင်တစ်သောင်းပတ်လည်က တောတောင် မြစ်ချောင်းတွေဟာ နျူကလီးယားဗုံး ကြဲချခဲ့ရသလို ဖြစ်နေပါတယ်။ ကောင်းကင်မှာလည်း ကြီးမားကျယ်ပြန့်တဲ့ မြူခိုးတွေ လွှမ်းမိုးနေပါတယ်။
တိမ်နက်တွေက နေမင်းကြီးကို ဖုံးအုပ်ထားပြီး ကောင်းကင်ပြင်မှာ လူနှစ်ယောက် တိုက်ခိုက်နေပါတယ်။ သူတို့နှစ်ယောက် လက်ထဲကနေ ဆန်းကြယ်စွမ်းအားမျိုးစုံ ထွက်ပေါ်လာတာကြောင့် တစ်ခါတစ်ရံမှာ လေပြင်းမုန်တိုင်းထန်ပြီး တစ်ခါတစ်ရံမှာတော့ လျှပ်စီးတွေ ဆင်းသက်ပါတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ ဂျိရှင်းရှန် ဖြစ်ပါတယ်။
လျှပ်စီးပေါင်းများစွာကို ကိုင်ဆောင်ထားတဲ့ ဂျိရှင်းရှန်ဟာ နွားခေါင်းနတ်ဆိုးရဲ့ ဖိနှိပ်တာကို ခံနေရပါတယ်။ နွားခေါင်းနတ်ဆိုးဟာ ထူထပ်ပြီး ကြောက်ဖို့ကောင်းတဲ့ ချပ်ဝတ်ကို ဝတ်ဆင်ကာ ကြီးမားတဲ့ ပုဆိန်တစ်လက်ကို ကိုင်စွဲထားပါတယ်။ နွာခေါင်းနတ်ဆိုးရဲ့ ပုဆိန်ဝှေ့ချက်တိုင်းမှာ မီးလျှံတွေ အလုံးအရင်းနဲ့ ထွက်ပေါ်လာပြီး မိုင်ဆယ်သန်းကို ဖြာထွက်သွားပါတယ်။
ဖန်းလျန်ဟာ ရင်ဘက်ကိုဖိပြီး ခက်ခက်ခဲခဲ ထိုင်လိုက်ပါတယ်။ ဖန်းလျန်ဟာ ဒဏ်ရာမရထားပေမဲ့ ဝိညာဉ်စွမ်းအားကတော့ ကုန်ခမ်းသွားရှာပါပြီ ‘ဒီကောင်က အနည်းဆုံး အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်ပဲ’ ဖန်းလျန်ဟာ အံကြိတ်ပြီး တွေးလိုက်ပါတယ်။
ဖန်းလျန်နဲ့ ဂျိရှင်းရှန် နှစ်ယောက်စလုံးဟာ မဟာညီညွတ်မှု ရွှေအင်မော်တယ်တွေ ဖြစ်တဲ့အတွက် အင်မော်တယ်ဧကရာဇ်ကို ယှဉ်တိုက်တာနိုင်တာနဲ့တင် တော်တော်လေး အစွမ်းအစရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီအတိုင်း ဆက်သွားရင် သူတို့နှစ်ယောက်လုံး နွာခေါင်းနတ်ဆိုးလက်ထဲမှာ သေဆုံးဖို့က သေချာသလောက် ဖြစ်နေပါပြီ။
ဖန်းလျန်ဟာ ဖိတ်ခေါ်ပညာရပ်ကို ရုတ်တရက် တွေးမိလိုက်ပေမဲ့ သူ့ကြံကို ချက်ချင်းပဲ ပယ်ချလိုက်ပါတယ် ‘ငါ ဆရာဘိုးဘိုးက ထပ်ပြီးတော့ ပြဿနာပေးလို့ မဖြစ်ဘူး၊ ဆရာဘိုးဘိုးက ငါ့ကို နှစ်ခါ ကယ်ပြီးပြီ၊ နောက်တစ်ခါသာ ကယ်ခိုင်းမယ်ဆိုရင် ဆရာဘိုးဘိုးက ငါ့ကို စိတ်ပျက်သွားလိမ့်မယ်’
ဖန်းလျန်ဟာ အံကြိတ်လိုက်ပြီး တိုက်ပွဲထဲ ပြန်ဝင်ပါတယ်။
“မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်နဲ့ ဒီလိုစွမ်းအားမျိုးရှိတာ မင်းတို့နှစ်ယောက်က ပါရမီရှင်လို့ ပြောလို့ရတယ်၊ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းတို့နှစ်ယောက်လုံး ငါ့လက်ထဲမှာ သေရတော့မယ်”
နွားနတ်ဆိုးဧကရာဇ်ရဲ့ အထင်အမြင်သေးစွာ ရယ်မောသံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပါတယ် “ဟားဟား…”
ဆံပင်တွေ ရှုပ်ပွနေတဲ့ ဂျိရှင်းရှန်က လူဆိုးပြုံး ပြုံးလိုက်ပါတယ် “လူတွေ အများကြီး ဒီလိုစကားမျိုး ပြောတာကို ငါကြားဖူးတယ်၊ ဒါပေမဲ့ ငါ မသေသေးဘူး၊ အဲဒီစကားပြောတဲ့ လူတွေကတော့ မရဏလမ်း မြန်းသွားရှာပြီ”
ဂျိရှင်းရှန်ဟာ လက်မြှောက်ပြီး လျှပ်စီးတွေကို ဆင့်ခေါ်ကာ ကမ္ဘာဖျက်နိုင်အောင် ကြီးမားတဲ့စွမ်းအားနဲ့ တိုက်ခိုက်လိုက်ပါတယ်။
ဟန်ကျွယ် ကောင်းကင်ဧကရာဇ်ကို ဆက်သွယ်ပြီးလို့ ၇ နှစ် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်လေးလာတာကြောင့် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ် ‘ဘာတွေဖြစ်ကုန်လို့ ငါ ဒီလို ခံစားနေရတာလဲ’
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်မှာ ဆဋ္ဌမအာရုံက အရမ်းကို တိကျပါတယ်။ တာအိုနှလုံးသားကလည်း တည်ငြိမ်နေတဲ့အတွက် အကြောင်းအရင်းမရှိဘဲ စိတ်လေးလံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးရင်း စာအိတ်နှစ်အိတ်ကို သတိထားမိသွားပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုး အင်မော်တယ်ဧကရာဇ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော်လည်း သူ့ဝိညာဉ်ကို စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက ကယ်တင်လိုက်၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုး အင်မော်တယ်ဧကရာဇ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော်လည်း သူ့ဝိညာဉ်ကို စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက ကယ်တင်လိုက်၏။]
‘ဒီကောင်နှစ်ယောက်ကလည်း ကျိုးဖန်နဲ့ မော့ဖူချိုလို တပူးပူး တတွဲတွဲနဲ့ပါလား၊ တော်တော်ဆိုးတာပဲ’
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်တဲ့အခါ ဖန်းလျန်နဲ့ ဂျိရှင်းရှန်ရဲ့ ပုံရိပ်က ရှိနေသေးတဲ့အတွက် သူတို့နှစ်ယောက် မသေသေးမှန်း သိလိုက်ပါတယ်။
‘ဘယ်လောက်တောင် ပြဿနာများလိုက်လဲ၊ အနန္တကပ်ဘေးမှာတောင် ပြဿနာရှာချင်တာ သေတာတောင် နည်းသေးတယ်’ ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပြီး ဖန်းလျန်ကို တော်တော်လေး အမြင်ကတ်သွားပါတယ်။
ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးပြီး ဖန်းလျန်နဲ့ ဂျိရှင်းရှန်ကို ဘယ်သူကယ်သွားလဲဆိုတာ တွက်ချက်ပါတယ်။ ဒီတွက်ချက်မှုအတွက် သက်တမ်း သန်း ၈၀ တောင်လိုပါတယ်။
ဒီရလဒ်ကြောင့် ဟန်ကျွယ်ဟာ သွေးအန်သွားချင်ပေမဲ့ မျက်စိတ်မှိတ်ပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းတစ်ခုကို ရောက်သွားပါတယ်။
ဂျိရှင်းရှန်နဲ့ ဖန်းလျန်ရဲ့ ဝိညာဉ်ဟာ ဆေးတွေဆူပွက်နေတဲ့ ဆေးအိုးကြီးပေါ်မှာ ပေါလောမျောနေပါတယ်။ ဟန်ကျွယ်ဟာ ဆေးအိုးကြီးရှေ့မှာ ထိုင်နေတဲ့ ရုပ်သွင်ကိုကြည့်ပြီး မျက်လုံးပြူးသွားပါတယ်။
‘တိထိုက်ပိုင်ပါလား… မဟုတ်ဘူး၊ သူက လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ပဲ’
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ တိထိုက်ပိုင်မျက်နှာရှိပြီး အနက်ရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ကာ ဖန်းလျန်နဲ့ ဂျိရှင်းရှန်ကို အေးစက်စွာ ကြည့်နေပါတယ်။
“တိထိုက်ပိုင်… ဘယ်လိုဖြစ်ပြီး ခင်ဗျား ဖြစ်နေတာလဲ” ဂျိရှင်းရှန်က အထိတ်တလန့် မေးလိုက်ပါတယ်။ တိထိုက်ပိုင်ဟာ ကောင်းကင်ရုံးတော် ပညာရှင်အင်မော်တယ်တွေရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် ကောင်းကင်ရုံးတော်မှာ သူ့ကိုမသိတဲ့လူ ရှားပါတယ်။
ဖန်းလျန်လည်း တော်တော်လေး အံအားသင့်သွားပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ် “ငါက တိထိုက်ပိုင် မဟုတ်ဘူး၊ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ပဲ”
‘လွမ်ဟွေ အင်မော်တယ်ဧကရာဇ်’ ဖန်းလျန်နဲ့ ဂျိရှင်းရှန်ဟာ ဒီနာမည်ကို မကြားဖူးတာကြောင့် ကြောင်တောင်တောင် ဖြစ်သွားပါတယ်။
“မင်းတို့တွေ ကံတရား အထောက်အပံ့ အများကြီးကို သိမ်းပိုက်ပြီး ကောင်းကင်ဘဝဂ် တာအိုသီးကို ရယူချင်ကြလား” လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က မျက်နှာသေနဲ့ မေးလိုက်ပါတယ်။
‘ကေင်းကင်ဘဝဂ် တာအိုသီး… လေသံက မာလှချည်လား’
ဂျိရှင်းရှန်က မေးလိုက်ပါတယ် “ခင်ဗျားက ဘာလိုချင်တာလဲ”
“လောလောဆယ် ငါ ဘာမှမလိုဘူး၊ ဒါပေမဲ့ ကပ်ဘေးလေးငါးခု ပြီးသွားတဲ့ အနာဂတ်မှာ မင်းတို့အကူအညီ လိုတယ်”
“ဘယ်လိုအနာဂတ်လဲ”
“အဲဒါကို မင်းတို့ ဂရုစိုက်စရာ မလိုဘူး၊ မင်းတို့ သိထားရမှာက ငါ မင်းတို့ကို စွမ်းအားပိုကြီးလာအောင် ကူညီပေးနိုင်တယ်၊ မင်းတို့တွေ ကပ်ဘေးထဲ ဝင်ရဲလား”
ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်တဲ့အခါ တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ မခံချင်စိတ်တွေ ပြည့်နှက်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒါကြောင့် သူတို့နှစ်ယောက်ဟာ တစ်ပြိုင်တည်း အဖြေပေးလိုက်ပါတယ် “ဝင်ရဲတယ်”
အဲဒီနောက် မြင်ကွင်းတစ်ခုလုံး ပြိုကွဲသွားပြီး ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ဘာလုပ်နေတာလဲ’ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က သူ့အပေါ် မျက်နှာသာပေးမှု ရှိပေမဲ့ ဟန်ကျွယ်ဟာ အမြဲလိုလို လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို သတိထားပြီး စောင့်ကြည့်နေတာပါ။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ကောင်းကင်ဧကရာဇ် ဘေးနားမှာတောင် ပုန်းရဲတဲ့အတွက် ရည်မှန်းချက် ကြီးကြီးမားမားရှိတယ်ဆိုတာ အသိသာကြီးပါ။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ တွက်ချက်ပါတယ် “လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က သူတို့နှစ်ယောက်ကို ဘာလို့ကယ်လိုက်လဲဆိုတာ ငါ သိချင်တယ်”
[စိတ်၏ လုပ်ဆောင်ချက်အား တွက်ချက်၍ မရပါ။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလွမ်ဟွေ အင်မော်တယ်ဧကရာဇ်က သူ့ရည်ရွယ်ချက်ကို တစ်ခါမှ ထုတ်မပြဖူးပုံပဲ’
ဟန်ကျွယ်ဟာ နောက်တစ်နည်းနဲ့ မေးလိုက်ပါတယ် “သူက ငါ့ကို ပစ်မှတ်ထားနေတာလား”
[သက်တမ်း သန်း ၅၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် အမှောင်သခင်ကြီးအား ပစ်မှတ်ထားနေခြင်းတည်း။
ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ် ‘အမှောင်သခင်ကြီးက လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ရန်စဖူးလို့လား၊ ဒါပေမဲ့ ငါသူ့ကို တစ်ခါမှ ကျိန်စာ မတိုက်ဖူးပါဘူး၊ ဒီကောင်က ပြဿနာရှာချင်နေတာလား’
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က အမှောင်သခင်ကြီးကို ပစ်မှတ်ထားနေတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်နဲ့ ဘာမှမဆိုင်ပါဘူး။ ဟန်ကျွယ်ဟာ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံရရှိရုံသာမက တိထိုက်ပိုင်ကလည်း သူ့ကို တော်တော်လေး ကူညီပေးခဲ့တဲ့အတွက် မျက်နှာပြောင်တိုက်ပြီး လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ကို ကျိန်စာမတိုက်ချင်ပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး အတွေးတွေကို ရှင်းထုတ်ကာ ဆက်လက်ကျင့်ကြံပါတယ်။ အခြေအနေတွေက ပိိုပုရှုပ်ထွေးလာတဲ့အတွက် ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကို အမြန်ဆုံး ရောက်ချင်နေပါပြီ။ မဟုတ်လို့ရှိရင် ဟန်ကျွယ်ဟာ သူ့ကိုယ်သူတောင် ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။
ကောင်းကင်ရုံးတော်။
ဧကရာဇ်ပန်းခြံမှာ ကောင်းကင်ဧကရာဇ်ဟာ ကျောက်သားဇရပ်မှာထိုင်ပြီး လက်ဖက်ရည် သောက်နေပါတယ်။ ကောင်းကင်ဧကရာဇ်နဲ့ မျက်နှာချင်းဆိုင်မှာတော့ ကျယ်ကျောင်းတော်က ကျင်းတျန်ကုန်း ထိုင်နေပါတယ်။
“အမှောင်သခင်ကြီး… ငါ မသိဘူး၊ ငါလည်း သူ့ကို ပြဿနာရှာချင်နေတာ” ကောင်းကင်ဧကရာဇ်က သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။
ကျင်းတျန်ကုန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ် “မဖြစ်နိုင်တာ… ကောင်းကင်တာအိုဗုဒ္ဓကလည်း ရူးသွားပြီ၊ နတ်ဆိုးဧကရာဇ်ရဲ့ စရိုက်ကလည်း အကြီးအကျယ် ပြောင်းလဲသွားတယ်၊ ရှန်နန်းတော်ကလည်း နန်းတော်သခင် ပြောင်းသွားတယ်၊ အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီး အင်အားစုလေးစုမှာ အရှင်မင်းကြီးမှာ ပိုပိုပြီး တက်ကြွလာတာ၊ အမှောင်သခင်ကြီးက အရှင်မင်းကြီးနဲ့ ဆက်နွှယ်နေတာ ကျိန်းသေတယ်၊ အရှင်မင်းကြီး စိုးရိမ်စရာမလိုပါဘူး၊ ကျွန်တော် သူ့ကို ရှာတာက သူ့ဆီမှာ ခိုလှုံချင်လို့ပါ”
“အရှင်မင်းကြီး အမှောင်သခင်ကြီးကို ဆက်သွယ်နိုင်ရင် ကျွန်တော့်ကို မိတ်ဆက်ပေးပါလား၊ ကျွန်တော် သူ့အတွက်ဆို ဘာမဆို လုပ်ပေးနိုင်ပါတယ်”
ကောင်းကင်ဧကရာဇ်ဟာ ကျင်းတျန်ကုန်းရဲ့ စကားကြောင့် မျက်နှာပျက်ခြင်း မရှိဘဲ အလေးအနက် စဉ်းစားလိုက်ပါတယ် ‘သူပြောတာလည်း ဟုတ်တာပဲ၊ အမှောင်သခင်ကြီးက ငါ့ကို ကျိန်စာတိုက်ပေမဲ့ ဘာဒဏ်ရာမှ မဖြစ်စေဘူး၊ တကယ်ပဲ အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ကလား၊ ဒါမှမဟုတ် အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ကို ချောက်ချချင်တာလား’
ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “ငါ တကယ်မသိတာ”
ကျင်းတုန်ကုန်းဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီးသာ ကျွန်တော်ကို အမှောင်သခင်ကြီးနဲ့ မိတ်ဆက်ပေးမယ်ဆိုရင် ဒီကပ်ဘေးအတွင်းမှာ ကျယ်ကျောင်းတော်က ကောင်းကင်ရုံးတော်ကို ကူညီပေးမယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 342
? Views, Released on December 5, 2024