Chapter – 23
“သံသယများ၏ နောက်ကွယ်”
“ဘယ်လိုသိသွားတာလဲဆိုတော့ . . . ကျွန်တော့်ကြောင့်သိသွားတာပါ။ ရဲရှောင်အကြောင်း သခင်လေးမူကိုကျွန်တော်ပြောပြလိုက်တာပါ . . .”
ဝမ်ရှောင်နမ်သည်သူ၏ခေါင်းအား ကြမ်းပြင်ဖြင့်ထိကပ်ထားပြီး အိမ်ရှေ့မင်းသားအားပြောလိုက်လေသည်။နောက်ဆုံးတွင်မတတ်သာသည့်အဆုံး သူဝန်ခံလိုက်ရသည်။
“အင်း . . . ငါထင်သားပဲ။ မူရှန်ဘိုင်က ရဲရှောင်ကို မသိပါဘူး။ ရဲရှောင်က မင်းကို ပြသာနာရှာသွားလို့ မင်းက ရဲရှောင်ကို မုန်းနေတာလေ။ အဲ ဒါကြောင့်မင်း ရဲရှောင်ကို မြင်တော့ မူရှန်ဘိုင်နဲ့ ရဲရှောင်ပြသာနာမတက်တက်အောင်ကိုမြှောက်ပေးခဲ့တာနေမှာ။ ဟုတ်တယ်မှတ်လား”
အိမ်ရှေ့မင်းသားသည်တည်ငြိမ်အေးဆေးသောလေသံမျိုးဖြင့်ဝမ်ရှောင်နမ်အားပြောလိုက်သည်။
သို့သော်ထိုအသံကပင်ဝမ်ရှောင်နမ်အားဆောက်တည်ရာမရ ဖြစ်အောင်ပင်ကြောက်ရွံ့ထိတ်လန့်စေသည်။
“ဟုတ်. . . ဟုတ်ပါတယ်. . . အိမ်ရှေ့မင်းသား . . .”
ဝမ်ရှောင်နမ်သည်ခက်ခက်ခဲခဲဖြင့်ပင်ကြိုးစား၍ဖြေနေရလေသည်။ အိမ်ရှေ့မင်းသား၏ ကြင်ယာတော်ဖြစ်သူ မင်းသမီး၏ အကြည့်များသည်ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင်အေးစက်နေသောကြောင့်ဝမ်ရှောင်နမ်တစ်ယောက်တုပ်တုပ်မျှပင်မလှုပ်ရဲချေ။
“ပြီးတော့ရော . . . ဘာဆက်ဖြစ်လဲ”
“နောက်တော့ သူတို့နှစ်ယောက်တစ်ယောက်တစ်ခွန်းနဲ့ ငြင်းခုန်ကြတယ်။ ရဲရှောင်က သခင်လေးမူကို ဘာမပြောညာမပြောနဲ့ ရိုက်လိုက်ပြီးမြေကြီးပေါ် လွှင့်စင်သွားအောင်ကို ကန်ပစ်လိုက်တယ်။ သခင်လေးမူကလည်း သူ့ကိုယ်ရံတော်တွေကို ပြန်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တယ်။ရဲရှောင်က ထွက်ပြေးသွားတော့ သခင်လေးမူ နဲ့ သူ့ကိုယ်ရံတော်တွေလည်း အနောက်ကနေ လိုက်သွားတယ်. . .”
ဝမ်ရှောင်နမ်သည်ဖြစ်ခဲ့သည့်အကြောင်းအရာများအား ပြန်ပြောပြနေသည့်အချိန်တွင်ကြောက်ရွံ့စိတ်ကြောင့်စကားများပင်ထစ်အကုန်သည်။ ထို့ပြင်သူ၏ မျက်နှာတစ်ခုလုံးသည်ချွေးသီးချွေးပေါက်များ ကျနေပြီးသွေးမရှိတော့သကဲ့သို့ပင်ဖြူဖတ်ဖြူလျော်ဖြစ်နေလေသည်။
“ရဲရှောင်က သခင်လေးမူကို ရိုက်နှက်ပြီးမြေကြီးပေါ် လွင့်စင်ကျသွားအောင်ကို ကန်လိုက်တယ်ဆိုပဲ . . .”
အိမ်ရှေ့မင်းသားသည်မျက်မှောင်ကြုပ်လိုက်ရင်း –
“ငါ သိသလောက်ကတော့ ရဲရှောင်က သုံးစားမရတဲ့ ဟိုသခင်လေးသုံးပါးထဲက တစ်ယောက်ပါ။ သူ့ဘဝက ဘာအဓိပ္ပါယ်မှ မရှိဘူး အရူးတစ်ယောက်လိုပဲပေတေလေလွင့်နေတာ။ သခင်လေးမူဆိုတာကမော်တယ်အဆင့်ထိပ်ဆုံးတောင်ရောက်နေတဲ့သူနောက်ပြီး သူနဲ့အတူ ကိုယ်ရံတော်နှစ်ယောက်တောင်ပါသွားသေးတယ်”
အိမ်ရှေ့မင်းသားသည်ဝမ်ရှောင်နမ်အား မယုံသင်္ကာပုံစံဖြင့်ကြည့်လိုက်ရင်း –
“ရဲရှောင်က တကယ်ပဲ သခင်လေးမူ ကို ရိုက်လိုက်ပြီးမြေကြီးပေါ် လွင့်စင်သွားအောင်ကို ကန်ပစ်လိုက်တာလား”
“ဟုတ်. . . ဟုတ်ပါတယ်အိမ်ရှေ့မင်းသား။ အဲ ဒါ အမှန်ပါ . . .”
ဝမ်ရှောင်နမ်ထစ်ထစ်အအဖြင့်ပင်ပြန်ဖြေလိုက်လေသည်။ကြောက်ရွံ့စိတ်ကြောင့်မျက်ရည်များပင်ကျလုလုဖြစ်နေခဲ့ပြီး သူ့အနေဖြင့်ယခုကဲ့သို့ ကံဆိုးမိုးမှောင်ကျနေသည်ကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ဝမ်ရှောင်နမ်သာ ရဲရှောင်ကို လက်စားပြန်ချေရန်မကြိုးစားခဲ့လျှင်သခင်လေးမူသည်လည်း ယခုကိစ္စတွင်ပါဝင်ခဲ့ပါမည်လော။
အမှိုက်တစကဲ့သို့ တန်ဖိုးမရှိသည့်ရဲရှောင်သည်အမှန်တကယ်ပင်သေသင့်ပေသည်။ သို့သော်ရဲရှောင်သည်ယခုအချိန်ထိ အသက်ရှင်နေသေးပြီး သခင်လေးမူ မှာ မသေသင့်ဘဲသေခဲ့ရလေသည်။
ကံတရားသည်သူ့အား မျက်နှာသာ မပေးဘဲ ကျီစယ်နေသကဲ့သို့ပင်ခံစားနေရသည်။
အဓိပ္ပါယ်လုံးဝ မရှိသည့်ကိစ္စရပ်ပင်။
“အင်း . . .ဟုတ်ပြီ”
အိမ်ရှေ့မင်းသားသည်ခေါင်းတစ်ချက်ညိတ်လိုက်ရင်း –
“ဘာဆက်ဖြစ်လဲ။ ဆက်ပြော”
“ရဲရှောင်က အဝေးကို ထွက်ပြေးသွားတော့ သခင်လေးမူကလည်း သူ့ကိုယ်ရံတော်တွေနဲ့ အနောက်က လိုက်သွားတယ်။နောက်. . .နောက်ပြီး ကျွန်. . . ကျွန်တော်. . . အိမ်ကို ပြန်. . . ပြန်လာခဲ့တယ်. . .”
ဝမ်ရှောင်နမ်သည်ထိန်းချုပ်မရအောင်ပင်ကြောက်ရွံ့နေ၍နောက်ဆုံးတွင်အော်ငိုလိုက်လေသည်။
“ကျေးဇူးပြုပြီး . . . မင်းသမီး . . . ကျွန်တော်ပြောတာ ယုံကြည်ပေးပါ။နောက်ပိုင်း ဘာတွေဆက်ဖြစ်တယ်ဆိုတာ ကျွန်တော်တကယ်ကို မသိပါဘူး . . .”
“ပြသာနာရဲ့ အရင်းအမြစ်က မင်းပဲ . . . မင်းက ငါ့အစ်ကိုကို ပြသာနာတွေကြားထဲ မရောက်ရောက်အောင်တွန်းပို့ခဲ့တာ။နောက်ပြီး ရဲရှောင်နဲ့ ငါ့အစ်ကို ပြသာနာတက်နေတဲ့အချိန်မှာ မင်းက အိမ်ပြန်သွားခဲ့တယ်။ အခုတော့ ငါ့အစ်ကို အသတ်ခံရပြီ။ ဒါတောင်မင်းက ဘာမှ မသိပါဘူးလို့ ငါ့ကိုပြောရဲသေးတယ်”
မင်းသမီးသည်ဝမ်ရှောင်နမ်အားဒေါသတကြီးဖြင့်ပင်ကြည့်ရင်းပြောလိုက်သည်။ သူမ၏ အသံနားထောင်ကြည့်ရုံဖြင့်ဝမ်ရှောင်နမ်အား အစိတ်အစိတ်အမွှာမွှာပင်ဖြစ်အောင်လုပ်ချင်နေကြောင်းပေါ်လွင်လျက်ရှိ၏။
“သခင်လေး မူက ရဲရှောင်ကို သတ်ချင်နေတယ်။နောက်ပြီး သခင်လေး မူက ကျွန်. . . ကျွန်တော့်ကို တခြားသူတွေမမြင်အောင်ပုန်းခိုင်းထားလို့ပါ။ ကျွန်တော်လုပ်ပေးနိုင်တာလည်း ဘာမှ မရှိလို့ ကျွန်တော်ပုန်းနေမိတာပါ မင်းသမီး . . .”
ဝမ်ရှောင်နမ်သည်ကလေးတစ်ယောက်ကဲ့သို့ပင်ငိုကြွေးရင်းပြောလိုက်လေသည်။ အကြောက်လွန်အားကြီး၍ သူ့အသက်နှင့်ခန္ဓာကိုယ်အိုးစားကွဲသွားတော့မလိုပင် ခံစားနေရသည်။
“အစောင့်တွေ . . . လာစမ်း . . . ဒီအသုံးမကျတဲ့ကောင်ကို အပြင်ဆွဲထုတ်သွားပြီးခေါင်းဖြတ်သတ်ပစ်လိုက်စမ်း”
မင်းသမီးသည်ဒေါသအလွန်အမင်း ထွက်နေသောကြောင့်ဝမ်ရှောင်နမ်အား သတ်ပစ်ရန်အစောင့်များအား အမိန့်ပေးလိုက်သည်။ ဝမ်ရှောင်နမ်သည်ထိုအမိန့်အား ကြားလိုက်ရသောအခါကြောက်လန့်တုန်လှုပ်သွားပြီး သတိပင်လစ်သွားလေသည်။
အိမ်ရှေ့မင်းသားသည်အစောင့်များအား လက်ကာပြလိုက်ရင်းပြောလိုက်သည်။
“ဝမ်ရှောင်နမ်က ပြသာနာဖြစ်အောင်စတင်ဖန်တီးတဲ့ သူဆိုပေမယ့်သတ်ဖို့လောက်အထိတော့ မလိုအပ်ဘူး။ တကယ်လို့ သူ့ကို သတ်လိုက်မယ်ဆိုရင်သူ့အဖေ ဝမ်ဒါနမ်က ငါတို့အပေါ် အညိုးထားပြီး ပုန်ကန်တာတွေ၊ သစ္စာဖောက်တာတွေ လုပ်လာနိုင်တယ်။နောက်ပြီး ဝမ်ဒါနမ်ကတော်ဝင်ကိုယ်ရံတော်တွေရဲ့ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်နေတယ်။ အဲ ဒါတင်မကဘူး မူရှန်ဘိုင်ဘာကြောင့်သေရတယ်ဆိုတာ ငါတို့တိတိကျကျ မသိရသေးဘူး။ ဘယ်သူ့ကြောင့်သေရတယ် ဘာကြောင့်သေရတယ်ဆိုတာမသေချာသေးဘူးလေ။ ခုကိစ္စရဲ့နောက်ကွယ်မှာ ငါတို့ မသိသေးတဲ့ အကြောင်းတွေ အများကြီးရှိနေလိမ့် မယ်လို့ ငါထင်တယ်”
“မသေချာသေးဘူး . . . ဟုတ်လား”
မင်းသမီးသည်အိမ်ရှေ့မင်းသားအားဒေါသတကြီးဖြင့်အော်ပြောလိုက်ရင်း –
“ဘာတွေကို ခုထိ မသေချာသေးတာလဲ”
“ရဲရှောင်ဆိုတဲ့ကောင်က ဘာမှသုံးစားမရတဲ့ကောင်။ မူရှန်ဘိုင်ကို သတ်နိုင်လောက်တဲ့အထိ သူ အစွမ်းအစ မရှိဘူး”
အိမ်ရှေ့မင်းသားသည်သူ၏ လက်များအားနောက်သို့ပစ်ထားရင်း တစ်စုံတစ်ခုအား နက်နက်နဲနဲပင်တွေးနေသည့်ပုံစံဖြင့်ပြောလိုက်၏။
“ခုကိစ္စမှာ တတိယလူ ရှိနိုင်သေးတယ်။ ငါတို့ အသေးစိတ်စစ်ဆေးစုံစမ်းတာတွေ လုပ်ရမယ်”
မင်းသမီး၏ လက်စားပြန်ချေလိုစိတ်များသည်ကြိတ်မနိုင်ခဲမရပင်ဖြစ်နေပြီးဒေါသသံမာန်အပြည့်ဖြင့်ပြောလိုက်သည်။
“ဘာပဲပြောပြော ခုကိစ္စမှာ ရဲရှောင်ကသေချာပေါက်ကို ပါနေတာပဲ။ ငါ့အစ်ကိုသေရတာ အချည်းနှီးတော့ အဖြစ်မခံနိုင်ဘူး။ ရဲရှောင်ကိုလည်း ငါ့အစ်ကိုနဲ့အတူမြေမြှပ်သဂြိုလ်ပစ်ရမယ်”
အိမ်ရှေ့မင်းသားသည်မင်းသမီး၏ အပြောကြောင့်ပြုံးလိုက်ရင်း –
” အင်း . . . ဟုတ်ပါပြီ။ ရဲရှောင်ကိစ္စကို ငါတို့ ဒီထက်ပိုပြီးဆွေးနွေးဖို့ လိုတယ်။ ရဲရှောင်ဆိုတဲ့ကောင်က ဘာမှမဟုတ်ဘူး။ခေါင်းထဲထည့်စရာကို မလိုတာ။ ဒါပေမယ့်သူ့အဖေ ရဲနမ်ရှန်ဆိုတာကမြောက်ပိုင်းကိုစောင့်ကြပ်ကာကွယ်ပေးနေတဲ့ စစ်သူကြီး။ စစ်တပ်ကြီးတစ်ခုလုံးကိုတောင်အုပ်ချုပ်နေတဲ့သူ။ သူက ငါတို့တိုင်းပြည်ရဲ့ကျောရိုးမကြီးလိုပဲ။မြောက်ပိုင်းမှာဆိုရင်သူက ဘုရင်တစ်ဆူလိုကို ဖြစ်နေပြီ။နောက်ပြီး တစ်ကမ္ဘာလုံးမှာ စစ်ပွဲတွေကြောင့်တည်ငြိမ်အေးချမ်းမှုဆိုတာ မရှိသလောက်ဖြစ်နေပြီ။ ငါတို့တိုင်းပြည်မှာလည်း စစ်ပွဲတွေ ခဏခဏဖြစ်နေလို့ တည်ငြိမ်အောင် ကာကွယ်ဖို့ ကြိုးစားနေရတဲ့အချိန်။ ဒီလိုအခြေအနေမျိုးမှာ စစ်သူကြီးရဲ့သားကို သတ်လိုက်တယ်ဆိုတာ မဖြစ်သင့်သေးဘူး”
မင်းသမီးသည်စိတ်ရှုပ်ထွေးသွားသည့်ပုံစံဖြင့်မျက်မှောင်ကြုပ်လိုက်ရင်းပြောလိုက်သည်။
“ဟိုဟာလည်း မဖြစ်သင့်ဘူး ဒီဟာလည်း မဖြစ်သင့်ဘူးနဲ့။ ဒါဆို ငါ့အစ်ကိုသေသွားတဲ့ကိစ္စကို ဘာမှမလုပ်ဘဲ ငါက ဒီအတိုင်း ထိုင်ကြည့်နေရမယ်လို့ ဆိုလိုချင်နေတာလား”
အိမ်ရှေ့မင်းသားသည်သက်ပြင်းချလိုက်ရင်း –
“ဖြစ်ချင်တာထက်ဖြစ်သင့်တာကို အရင်ဦးစားပေးရမှာပဲ။ အပေါ်ယံလောက်လေး ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး။ ကိစ္စကြီးတစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီးမှ တကယ့်တရားခံအစစ်ကို ရှာရမယ်။ တကယ့် တရားခံအစစ်က တစ်ယောက်ငါတို့ သတ်လိုက်တာက တစ်ယောက်ဖြစ်နေမယ်။ တကယ်လို့ ရဲရှောင်ကို ဘာမပြောညာမပြောနဲ့ ငါတို့က သတ်လိုက်ရင်တရားခံအစစ်ကို ထွက်ပြေးဖို့ အခွင့်အရေးပိုပေးမိသလို ဖြစ်သွားပြီး အကုန်လုံး ခုတ်ရာတစ်ခြား ရှရာတစ်ခြား ဖြစ်ကုန်မယ်။ အဲဒီအခါကြမှ မင်းအစ်ကိုသေရတာ ပိုပြီး အချည်းနှီးဖြစ်မှာ”
“ကောင်းပြီလေ . . . ဒါဆိုလည်း ကိုယ့်ဘာသာ အကောင်းဆုံး စီစဉ်လိုက်တော့။ သတင်းကောင်းကိုစောင့်နေမယ်”
မင်းသမီးသည်အိမ်ရှေ့မင်းသားနှင့်စကားဖြတ်လိုက်ပြီး ပြန်လည်ထွက်ခွာရန်ပြင်လိုက်သည်။ သို့သော်တံခါးပေါက်ဝသို့ရောက်သောအခါ သူမသည်နောက်သို့ လည်ပြန်ကြည့်လိုက်ရင်းဒေါသတကြီးဖြင့်အော်ပြောလိုက်၏။
“ဝမ်ရှောင်နမ်ဆိုတဲ့ကောင်ကိုတော့ သနားညှာတာထောက်ထားနေစရာ အကြောင်းမရှိဘူး”
“ကောင်းပြီ . . . ကြိမ်ဒဏ်အချက်၈၀ပေးလိုက်မယ်”
အိမ်ရှေ့မင်းသားသည်မျက်မှောင်ကြုပ်လိုက်ရင်း –
“သူသေသင့်လား အသက်ရှင်သင့်လားဆိုတာကို ဘုရားကပဲ ဆုံးဖြတ်ပါစေတော့”
ကြိမ်ဒဏ်အချက်၈၀သည်မှာတော်ရုံတန်ရုံလူတစ်ယောက်ကိုပင်သေစေနိုင်သည့်ပြစ်ဒဏ်မျိုး ဖြစ်သည်။ အထူးသဖြင့်ဝမ်ရှောင်နမ်ကဲ့သို့ပျော်ပါးသောက်စားဖို့သာသိပြီး ကြံ့ခိုင်မှုနည်းပါးသည့်လူတစ်ယောက်အတွက်အဆိုပါ ကြိမ်ဒဏ်၈၀ ကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။
အကယ်၍သာ ဝမ်ရှောင်နမ်တစ်ယောက်ကြိ်မ်ဒဏ်အချက်၈၀သာ အရိုက်ခံရမယ်ဆိုလျှင်သေလုမြောပါးပင်ဖြစ်သွားပေလိမ့်မည်။
အိမ်ရှေ့မင်းသားသည်အတော်ကြာ စဉ်းစားလိုက်ပြီးနောက်ပြောလိုက်သည်။
“အပြစ်ပေးဖို့ ကိစ္စ ဝမ်ဒါနမ်ကိုပဲ တာဝန်ပေးလိုက်မယ်။ သူ့အဖေကိုယ်တိုင်သူ့သားကို အပြစ်ပေးပါလေ့စေ”
မင်းသမီးသည်အိမ်ရှေ့မင်းသား၏ အပြောကြောင့်စိတ်ကျေနပ်သွား၍ ထွက်ခွာသွားလေသည်။
မင်းသမီးထွက်သွားသောအခါ အိမ်ရှေ့မင်းသားသည်လက်ခုပ်တီး၍ သူ၏ လူယုံအားခေါ်လိုက်ကာမေးလိုက်သည်။
“မင်းစုံစမ်းလာတဲ့ အခြေအနေ ဘယ်လိုရှိလဲ”
အသားမဲမဲနှင့်လူသည်နှိမ့်ချရိုကျိုးစွာဖြင့်ပင်အိမ်ရှေ့မင်းသားအား ပြန်ဖြေလိုက်သည်။
“စုံစမ်းခဲ့ရသလောက်တော့ ဝမ်ရှောင်နမ်ပြောတာတွေနဲ့ အကုန်အတူတူပါပဲ။ ဒါပေမယ့်တစ်ချို့ ကိစ္စတွေက နည်းနည်းတော့ ထူးဆန်းနေတယ်”
အိမ်ရှေ့မင်းသားသည်မည်သည့်စကားမှ ဖြတ်မပြောဘဲ အသားမဲမဲနှင့်လူပြောသည့်စကားများကိုသာမျက်မှောင်ကြုပ်ရင်း နားထောင်လျက်ရှိသည်။
အသားမဲမဲနှင့်လူသည်အိမ်ရှေ့မင်းသား၏ မျက်နှာရိပ်မျက်နှာကဲအားကြည့်၍ ဆက်ပြောလိုက်သည်။
“မျက်မြင်သက်သေတွေပြောတာတော့ ရဲရှောင်ကမူရှန်ဘိုင်ကိုမြေကြီးပေါ် လွင့်စင်သွားအောင်ကို ကန်ပစ်လိုက်တယ်လို့ပြောတယ်။ အဲဒီအချက်ကိုကတော်တော်ထူးဆန်းနေတာ ဘာဖြစ်လို့လဲဆိုတော့ ရဲရှောင်မှာ အဲဒီလောက်ထိ လုပ်နိုင်တဲ့ အစွမ်းအစမှ မရှိတာ”
“နောက်ပြီး မူရှန်ဘိုင်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်တော့ သူ့ရဲ့ စွမ်းအင်သိုလှောင်ရာနေရာက ပျက်စီးပြီး ဒဏ်ရာရနေတယ်။ ကျွန်တော်တို့အကုန်လုံး သိထားတာက သူ့နောက်ကျောက ဒဏ်ရာကြောင့်သေရတယ်လို့ပဲ သိထားကြတာ”
“သူ့ရဲ့ စွမ်းအင်သိုလှောင်ရာနေရာက ဘာကြောင့်ဒဏ်ရာရသွားလဲဆိုတာ စဉ်းစားစရာပဲ။ တစ်ယောက်ယောက်က သူ့ရဲ့ စွမ်းအင်သိုလှောင်တဲ့နေရာကို ပိတ်ဆို့လိုက်လို့သာ ရဲရှောင်က သူ့ကိုမြေပြင်ပေါ် လွင့်စင်သွားအောင်ကို ကန်ပစ်နိုင်ခဲ့တာ။ ဘယ်သူပဲ ဖြစ်ဖြစ်အဲဒီလို ပိတ်ဆို့နိုင်ခဲ့တဲ့သူကသေချာပေါက်ကို အဆင့်မြင့်ပညာရှင်တစ်ယောက်ပဲ ဖြစ်ရမယ်”
“အဆင့်မြင့်ပညာရှင်တစ်ယောက်. . . ဟုတ်လား . . .”
အိမ်ရှေ့မင်းသားသည်တီးတိုးရေရွတ်လိုက်ရင်း –
“နောက်တော့ ဘာဆက်ဖြစ်လဲ”
“မူရှန်ဘိုင်က ရဲရှောင်နောက်လိုက်သွားတော့ ရဲရှောင်ကတော်တော်ဝေးဝေးကိုပြေးမသွားဘဲ လမ်းထောင့်တစ်နေရာမှာ ပုန်းနေပြီး အခြေအနေကိုစောင့်ကြည့်နေတဲ့ပုံစံ။ မူရှန်ဘိုင်နဲ့ သူ့ကိုယ်ရံတော်နှစ်ယောက်အရှေ့ကို ဆက်ပြေးသွားတာသေချာမှ သူ့အိမ်ကို ပြန်လှည့်ပြန်သွားတယ်။မျက်မြင်သက်သေတွေတော်တော်များများလည်း မြင်လိုက်ကြတယ်ပြောတယ် . . .”
အိမ်ရှေ့မင်းသားသည်ခက်ခဲနက်လာသည့်အဆိုပါ ကိစ္စအား မျက်မှောင်ကြုပ်ကာ စဉ်းစားတွေးတောနေမိလေသည်။
အသားမဲမဲနှင့်လူသည်အိမ်ရှေ့မင်းသားအား ဆက်ပြောလိုက်၏။
“ဒါပေမယ့်သခင်လေးမူက ရဲရှောင်ပုန်းပြီး ပြန်လှည့်ပြန်သွားတာကို သတိမထားမိတော့တောထဲ ထိရောက်အောင်ဆက်ပြေးသွားတယ်။တောထဲရောက်တော့ သူရော သူ့ကိုယ်ရံတော်နှစ်ယောက်ရော အသတ်ခံလိုက်ရတာပဲ။ ထူးဆန်းတဲ့ အချက်တွေတော့တော်တော်များများ ရှိနေသေးတယ်။ အဲဒီအချက်တွေကိုတော့ ကျွန်တော်သေသေချာချာ မဖော်ထုတ်နိုင်သေးဘူး ဖြစ်နေတယ်”
အိမ်ရှေ့မင်းသားသည်ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်း –
“ဘာကိုလဲ . . . ဘယ်အချက်ကိုပြောတာလဲ”
မူရှန်ဘိုင်တို့ သုံးယောက်စလုံးရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဒဏ်ရာတွေက ရိုးရိုးရှင်းရှင်းလေးတွေချည်းပဲ။ ကိုယ်ရံတော်နှစ်ယောက်က တစ်ပြိုင်တည်း အသတ်ခံထားရတဲ့ပုံစံ။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ရဲ့ ခါးဆိုရင်ကျိုးလုနီးနီးကို ဖြစ်နေပြီ။ ကျွန်တော်ခန့်မှန်းကြည့်ရသလောက်တော့ လူသတ်သမားက ကိုယ်ရံတော်တစ်ယောက်ဆီက ဓားကို လုယူပြီး နှစ်ယောက်စလုံးကို တစ်ပြိုင်တည်း သတ်ပစ်လိုက်တဲ့ပုံပဲ။ အဲဒီလို လှုပ်ရှားမှုမျိုးကို သာမန်ပညာရှင်တစ်ယောက်ကတော့ လုပ်နိုင်မှာ မဟုတ်ဘူး။မြေကြီးအဆင့်ထိပ်ဆုံးရောက်နေတဲ့သူတောင်အဲဒီလို မလုပ်နိုင်ဘူး။ ဖြစ်နိုင်တာက လူသတ်သမားက . . .”
အသားမဲမဲနှင့်လူသည်ခဏအကြာမျှတွေဝေပြီးနောက်ပြောလိုက်သည်။
“လူသတ်သမားက ဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ပဲ ဖြစ်ရမယ်။ သူကကောင်းကင်အဆင့်ရှိတဲ့ ဓားသမားတစ်ယောက်ဖြစ်နိုင်တယ်”
အသားမဲမဲနှင့်လူသည်ဖြစ်ကြောင်းကုန်စင်အားပြောပြပြီးသွားသောအခါ သူ၏နောက်ကျောမှချွေးစေးများပင်ထွက်လျက်ရှိသည်။
အိမ်ရှေ့မင်းသားသည်သူ၏ မျက်ခုံးများအား ပင့်ကာ အသားမဲမဲနှင့်လူအား ကြည့်ရင်းပြောလိုက်သည်။
“ကောင်းကင်အဆင့်ရှိတဲ့ ဓားသမားဆိုတာသေချာရဲ့လား”
“ဟုတ်ပါတယ်. . . အိမ်ရှေ့မင်းသား”
အသားမဲမဲနှင့်လူသည်သူ၏ခေါင်းအား ငုံ့လိုက်ရင်းပြောလိုက်သည်။
အိမ်ရှေ့မင်းသားသည်အချိန်အတော်ကြာ ဘာစကားမှမပြောဘဲ တိတ်ဆိတ်သွားပြီးနောက်သူ၏ လူယုံအားပြောလိုက်၏။
“ဒါဆို . . . ဒီကိစ္စတွေ အားလုံးက ရဲရှောင်နဲ့ ဘာမှ မဆိုင်ဘူးပေါ့”
အသားမဲမဲနှင့်လူသည်အလွန်တရာမှပင်ရိုကျိုးသည့်လေသံမျိုးဖြင့်ပြန်ဖြေလိုက်သည်။
” အဲ ဒါတော့သေသေချာချာ မသိသေးပါဘူး”
“မူရှန်ဘိုင်ရဲ့သေဆုံးမှုမှာ တတိယလူများ ပါနေမလား။ ဘာကြောင့်သူ့ကို သတ်လိုက်ရတာလဲ”
အိမ်ရှေ့မင်းသားသည်လေးလေးနက်နက်ဖြင့်တွေးလိုက်ရင်းပြောလိုက်သည်။ သူ၏ အသံသည်အလွန်တရာမှပင်အေးစက်မာကြောနေပြီး ကြားရသူအပေါင်းဖို့ ကြက်သီးထလောက်ဖွယ်ပင်။ အသားမဲမဲနှင့်လူသည်ရိုကျိုးစွာဖြင့်မတ်တပ်ရပ်နေပြီး အိမ်ရှေ့မင်းသားပြောသည့်စကားများအား တိတ်ဆိတ်စွာဖြင့်ပင်နားထောင်လျက်ရှိသည်။
အိမ်ရှေ့မင်းသားသည်သူ့အတွေးနှင့်သူပြောနေခြင်း ဖြစ်သည့်အတွက်အသားမဲမဲနှင့်လူသည်သူ၏ ထင်မြင်ချက်အား အနည်းငယ်မျှပင်ဝင်မပြောရဲချေ။
ဖြစ်စဉ်တစ်ခုလုံးသည်ပဟေဠိတစ်ခုကဲ့သို့ လျိ့ဝှက်နက်နဲစွာဖြင့်ပင်ရှိနေလေသည်။
အိမ်ရှေ့မင်းသားသည်တည်ကြည်ခန့်ညားသောလေသံမျိုးဖြင့်အမိန့်ပေးလိုက်၏။
“မူရှန်ဘိုင်သေတဲ့ ကိစ္စနဲ့ပက်သက်ပြီး ရဲရှောင်ကနေစပြီး စုံစမ်းစစ်ဆေးမှု လုပ်တော့”
“ဟုတ်ကဲ့ပါ . . . အိမ်ရှေ့မင်းသား”
“စုံစမ်းစစ်ဆေးမှုကိုပဲ ဦးစားပေးလုပ်။ မင်းရဲ့ တခြားကိစ္စတွေကို ဆိုင်းငံ့ထားဦး”
အိမ်ရှေ့မင်းသားသည်အမိန့်ပေးပြီးနောက်တည်ငြိမ်စွာဖြင့်ပင်ပြန်လည်ထွက်ခွာသွားလေသည်။
အသားမဲမဲနှင့်လူသည်အိမ်ရှေ့မင်းသား၏ အမူအယာများအား ကြည့်ရင်း တုန်လှုပ်လျက်ရှိသည်။ အိမ်ရှေ့မင်းသား၏ အနားတွင်နှစ်ပေါင်းများစွာနေခဲ့သူပီပီ အခြားလူများထက်အိမ်ရှေ့မင်းသား၏ အကြောင်းအား ပိုသိလေသည်။ ယခုကိစ္စတွင်အိမ်ရှေ့မင်းသားသည်မတုန်မလှုပ်ဖြင့်တည်ငြိမ်နေသော်လည်း သူ၏ စိတ်ထဲတွင်မူဒေါသအလွန်အမင်းထွက်နေသည်ကို သူအသိဆုံးပင်ဖြစ်သည်။
သို့သော်အိမ်ရှေ့မင်းသားသည်သူ၏ အခြားကိစ္စများအား ဘယ်အတွက်ကြောင့် ဆိုင်းငံ့ထားခိုင်းသည်ကို နားမလည်နိုင်အောင်ပင် ဖြစ်နေလေသည်။
အသားမဲမဲနှင့်လူသည်ချွေးစေးများပင်ထွက်နေပြီးတွေးရင်းဖြင့်ပင်ကျောချမ်းနေမိလေသည်။ မကြာတော့မည့်ကာလတွင်သွေးချောင်းစီးတော့မည့်အခြေအနေများ ဖြစ်လာတော့မည်ကို သူကြိုသိနေသည်။
အိမ်ရှေ့မင်းသားအား သူမပြောရဲသည့်စကားတော်တော်များများရှိနေလေသည်။ အကယ်၍ မူရှန်ဘိုင်အား သတ်သည့်လူသည်ရဲရှောင်မဟုတ်ခဲ့ရင်တောင်မှ ယခုစုံစမ်းစစ်ဆေးမှုသည်လွယ်ကူလိမ့်မည်မဟုတ်ပေ။ ထို့ပြင်မူရှန်ဘိုင်သည်ယခုကဲ့သို့စောစောစီးစီးသေသွားသည့်အတွက်အခြားမင်းညီမင်းသားများ သာမက မျိုးနွယ်စုကြီး ရှစ်ခုသည်အလွန်အမင်းပင်ဝမ်းမြောက်နေပေလိမ့်မည်။
သို့သော်သူ့အနေဖြင့်ထိုစကားများအား အိမ်ရှေ့မင်းသားအား ထုတ်မပြောရဲဘဲ သူ၏ ရင်ထဲတွင်သာ သိမ်းထားရပေမည်။
……………………..
ရဲရှောင်မှာမူ သူ၏ အိမ်တွင်ကျင့်စဉ်များအားအေးအေးလူလူဖြင့်ပင်ကျင့်ကြံနေလေသည်။ ကျင့်စဉ်ကျင့်နေချိန်တွင်သူ၏ စွမ်းအင်သိုလှောင်ရာနေရာရှိ ချီဓာတ်များသည်များပြားသိပ်သည်းလာကြောင်း ခံစားလိုက်ရသည်။ ရဲရှောင်အလွန်အမင်းပင်ဝမ်းသာသွားလေသည်။ ကျင့်ကြံသူတိုင်းသည်ထိုကဲ့သို့သော အခြေအနေမျိုးအား အငမ်းမရပင်လိုချင်ကြပေသည်။
ရဲရှောင်သူ၏ လက်ရှိအခြေအနေအားကျေနပ်ပျော်ရွှင်နေသည့်အချိန်တွင်အိမ်တော်ထိန်းသည်အခန်းထဲသို့ ဝင်လာပြီးချောင်းဟန့်သံ တိုးတိုးလေးပေးလိုက်လေသည်။
ရဲရှောင်ချက်ချင်းပင်မျက်လုံးဖွင့်ကြည့်လိုက်ပြီး အိမ်တော်ထိန်းအားမေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
အိမ်တော်ထိန်းသည်ရဲရှောင်အား ကျင့်စဉ်ကျင့်ကြံသည့်ပုံစံမျိုးဖြင့်ထိုင်နေသည်ကိုတွေ့လိုက်ရ၍ အံ့ဩလျက်ပင်ရှိ၏။ ထို့နောက်အိမ်တော်ထိန်းသည်တိုးညှင်းသောလေသံမျိုးဖြင့်ရဲရှောင်အားမေးလိုက်သည်။
“သခင်လေး . . . သခင်လေးဆီကနေ အတည်ပြုစရာ ကိစ္စတစ်ခုရှိတယ်”
“ဘာကိစ္စလဲ”
ရဲရှောင်မျက်မှောင်ကြုပ်ရင်းပြန်မေးလိုက်သည်။
“မူရှန်ဘိုင်ကို သတ်လိုက်တာ သခင်လေးလား”
အိမ်တော်ထိန်းသည်ရဲရှောင်အား တည့်တိုးပင်မေးလိုက်လေသည်။
အိမ်တော်ထိန်းသည်ယခုကဲ့သို့သော ကိစ္စမျိုးအား တုန်လှုပ်ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်ပင်မေးလိုက်ခြင်းကြောင့်ရဲရှောင်အံ့ဩသွားမိသည်။
ရဲရှောင်သည်အိမ်တော်ထိန်းနှင့်တွေ့ဆုံလိုက်သည့်အခါတိုင်း အိမ်တော်ထိန်း၏ ပုံစံသည်ပိုပိုပြီး ထူးဆန်းလာကြောင်း သတိထားမိသည်။ ထိုလူ၏ အပြောအဆို အမူအယာများအား ကြည့်၍ ရဲရှောင် အမှန်တကယ်ပင်စိတ်ဝင်စားနေချေပြီ။ အိမ်တော်ထိန်းသည်သာမန်တော့ မဟုတ်ပေ . . .