Switch Mode

Chapter – 338

အခန်း (၃၃၈) တာအိုပညာရှိအတု၊ ဟောင်တျန် နိုးလာခြင်း
ဟန်ကျွယ်ဟာ ကျိုးဖန်က ကပ်ဘေးသခင် ဖြစ်လာတာကို သတိထားမိသွားပါတယ်။
‘ဝိုး… ထုန်ကျန့်ကမ္ဘာက တကယ်ကို ကျားတွေဝပ်ပြီး နဂါးတွေပုန်းနေတဲ့နေရာပဲ၊ ကပ်ဘေးသခင် နှစ်ယောက်တောင် ပေါ်လာတယ်’
ဟန်ကျွယ်ဟာ လက်ကြီးတစ်ခုက အရာအားလုံးကို နောက်ကွယ်ကနေ ထိန်းချုပ်နေတယ်လို့ ခံစားလိုက်ရပါတယ် ‘ငါ အတွေးလွန်တာဖြစ်ဖို့ မျှော်လင့်ရမှာပဲ… ဘာပဲဖြစ်ဖြစ် ငါက တိတ်ဆိတ်ကျွန်းမှာ ပုန်းနေတာပဲ’
ဟန်ကျွယ်ဟာ စာအိတ်တွေကို ဆက်ဖတ်တဲ့အခါမှာ အင်မော်တယ်ကမ္ဘာရဲ့ တိုက်ပွဲတွေက ပိုပိုဆိုးလာတာကို တွေ့လိုက်ရပါတယ်။ အထူးသဖြင့် ကောင်းကင်ရုံးတော်ကို ရှန်နန်းတော်တစ်ခုတည်း မဟုတ်ဘဲ တခြားအင်အားစုတွေကပါ တိုက်ခိုက်လာပါတယ်။
‘ဗုဒ္ဓဂိုဏ်းက ဘေးကနေ ထိုင်ကြည့်နေတာလား’ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓ ဆုံးပါးသွားပေမဲ့ ဗုဒ္ဓဂိုဏ်းက ပြဿနာရှာနေသေးတယ်လို့ ခံစားလိုက်ရပါတယ်။ နောက်ပြီး ဟောင်တျန်ကလည်း လုံဟောင်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်မသွားသေးပါဘူး။
ဟန်ကျွယ်ဟာ ဟောင်တျန်ရဲ့ အခြေအနေကို လုံဟောင်ရဲ့ အချက်အလက်ကနေ သိနိုင်ပါတယ်။ လုံဟောင်ရဲ့ အချက်အလက်မှာသာ ဝိညာဉ်နှစ်ခုရှိတာ မပါတော့ဘူးဆိုရင် ဟောင်တျန်က လုံဟောင်ခန္ဓာကိုယ်ကနေ ထွက်သွားတာ ကျိန်းသေပေါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟန်ကျွယ် ပဟေဠိဖြစ်နေတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ကောင်းကင်ဧကရာဇ်ဟာ ဟောင်တျန်ရဲ့ ဝိညာဉ်က သူ့သားခန္ဓာကိုယ်ထဲမှာ ရှိနေတာ သိရဲ့သားနဲ့ တိတ်ဆိတ်နေတာပါ။ ဟန်ကျွယ်ကလည်း အသေးစိတ် လျှောက်မေးနေရင် သံသယဝင်ခံရမှာစိုးတဲ့အတွက် မမေးပါဘူး။
ဒီလိုနဲ့ ငါးနှစ်ကြာတဲ့အခါမှာတော့ တာအိုစက်ကွင်းဟာ အဆင့်မြှင့်တင်လို့ ပြီးသွားပါတယ်။
[တာအိုစက်ကွင်းအား အဆင့်မြှင့်တင်လို့ ပြီးပါပြီ။ အစီအရင်သည် နတ်မင်းအဆင့်သို့ အဆင့်တိုးမြင့်သွားပြီး အာကာသအစီအရင်ကိုလည်း အဆင့်မြှင့်တင်ပြီးပါပြီ။ တာအိုစက်ကွင်းထဲရှိ အာကာသအား ဆယ်ဆချဲ့နိုင်ပါပြီ။]
[တာအိုစက်ကွင်း၏ အင်မော်တယ်ချီသည် ဆယ်ဆတိုးတက်သွားပြီး ရှန်တျန်ချီသည် နှစ်ဆတိုးသွားပါပြီ။]
[တာအိုစက်ကွင်းသည် တာအိုပညာရှိအတု၏ နတ်အာရုံအား ဟန့်တားနိုင်ပါပြီ။]
‘ငါ့အစီအရင်က နတ်မင်းအဆင့် ဖြစ်သွားပြီဆိုတော့ သာမန်နတ်မင်းအဆင့် ကျင့်ကြံသူတွေက ငါ့တိတ်ဆိတ်ကျွန်းထဲကို ဝင်လာနိုင်မှာ မဟုတ်တော့ဘူး၊ ဒီထက်ပိုပြီး အ‌ရေးကြီးတာက တာအိုပညာရှိအတုရဲ့ နတ်အာရုံကို ဟန့်တားနိုင်တာပဲ’
‘တာအိုပညာရှိအတု… ဒါက ကောင်းကင်ဘဝဂ်နဲ့ တာအိုပညာရှိကြားထဲက အဆင့်လား’ ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားသွားပြီး သူကိုယ်သူ လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။
‘ဘာအခွင့်အရေးလဲ၊ ဘာကံတရား အထောက်အပံ့လဲ… အဲဒါတွေက ငါ့ကျွန်းရဲ့လုံခြုံမှုလောက် သုံးစားမရဘူး’
တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ အင်မော်တယ်ချီ ရုတ်တရက် တိုးလာတာကို ခံစားလိုက်ရပါတယ်။ ဒီနှစ်တွေမှာ အင်မော်တယ်ချီက အနည်းနဲ့အများ တိုးတက်နေတယ်ဆိုပေမဲ့ အခုလိုမျိုး ရုတ်တရက်ဆယ်ဆ ထိုးတက်တာကို မကြုံဖူးတဲ့အတွက် တအံတဩ ဖြစ်ကုန်ကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်မလာတဲ့အတွက် ဒီလိုအင်မော်တယ်ချီ တိုးတက်အောင် ဟန်ကျွယ်လုပ်နေမှန်း သူတို့တွေ သိလိုက်ပါတယ်။
‘သူက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ’ စန့်ရှီဟာ စိတ်ထဲမှာ တော်တော်လေး လန့်သွားပါတယ်။ စန့်ရှီဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက မဟာညီညွတ်မှု အင်မော်တယ်စစ်လို့ မြင်နေရပေမဲ့ အသွင်တူလက်ရည်စမ်းပွဲထဲမှာတော့ ဟန်ကျွယ်ရဲ့ တိုက်ကွက်တစ်ကွက်ကိုတောင် မခုခံနိုင်ရှာပါဘူ။ ဒါကြောင့် စန့်ရှီဟာ ဟန်ကျွယ်က အနည်ဆုံး နတ်မင်းအဆင့်လို့ ကောက်ချက် ချလိုက်ပါတယ်။
စန့်ရှီတင် မဟုတ်ပါဘူး။ တခြားသူတွေကလည်း ဟန်ကျွယ်က အင်မော်တယ်ဧကရာဇ်အဆင့်ထက် ကျော်လွန်တယ်လို့ ခံစားနေရပါတယ်။
တာအိုစက်ကွင်း အဆင့်တက်သွားတဲ့အတွက် လုံခြုံမှု ပိုရှိသွားတဲ့အပြင် တိတ်ဆိတ်ဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ ကျင့်ကြံမှုအလျင်ကိုလည်း တိုးတက်သွားစေပါတယ်။ အခုဆိုရင် ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်နဲ့ တော်‌တော်လေး နီးကပ်နေပါပြီ။
ဆယ်သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဆီ နတ်မိမယ်ရှီရွှမ် လာလည်ပါတယ်။ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ဘက် နှင်ထုတ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ နတ်မိမယ်ရှီရွှမ်နဲ့ နှစ်ယောက်တည်း နေထိုင်ပါတယ်။
နှစ်တွေလည်း ကြာပြီဖြစ်တာကြောင့် နတ်မိမယ်ရှီရွှမ်ရဲ့ ကျင့်ကြံမှုဟာ မဟာညီညွတ်မှု မြေအင်မော်တယ် ဖြစ်နေပါပြီ။ ဒါပေမဲ့ ဒီအဆင့်က တိတ်ဆိတ်ကျွန်းမှာ အောက်ဆုံးအဆင့်ပါ။ ထုန်ကျန့်ကမ္ဘာဆိုရင်တော့ နှစ်လေး‌ထောင်တည်းနဲ့ အင်မော်တယ် ဖြစ်လာတဲ့အတွက် ကျိန်းသေပေါက် ပါရမီရှင်လို့ နာမည်တပ်ခံရမှာပါ။
ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”
နတ်မိမယ်ရှီရွှမ်က ပြောလိုက်ပါတယ် “ကျွန်မ ထုန်ကျန့်ကမ္ဘာကို ပြန်ပြီး လေ့ကျင့်ချင်တယ်၊ နှစ်တစ်ရာအတွင်းမှာ ကျွန်မ ပြန်လာခဲ့မယ်၊ ဒီငရဲပြည်မှာ ကျွန်မ ကောင်းကင်တာအိုရဲ့ သဘာဝကို သုံးသပ်လို့ မရဘူး”
“ရတယ်၊ မင်း ဘယ်တော့ သွားမှာလဲ”
“ဒီရက်ထဲ သွားမယ်၊ ကျွန်မ ရှင်နဲ့ တာအိုအကြောင်း ဆွေးနွေးချင်တယ်”
“ရတယ်၊ ကိစ္စမရှိဘူး”
အဲဒီနောက် ဟန်ကျွယ်နဲ့ နတ်မိမယ်ရှီရွှမ်ဟာ တာအိုအကြောင်း ဆွေးနွေးကြပါတယ်။ ဆွေးနွေးတယ်ဆိုပေမဲ့ ဟန်ကျွယ်ကပဲ ပြောပြီး နတ်မိမယ်ရှီရွှမ်က ထိုင်နားထောင်တာပါ။
နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို ငေးကြည့်ရင် ကျောက်အေးတောင်ထိပ်ကို ပထမဆုံးဝင်လာတဲ့ ဟန်ကျွယ်ကို ပြန်မြင်ယောင်မိလိုက်ပါတယ်။ နှစ်‌လေးထောင် ကျော်ခဲ့ပြီဆိုပေမဲ့ ပြန်တွေးကြည့်ရင် အိပ်မက်တစ်ခုလိုပါပဲ။ နတ်မိမယ်ရှီရွှမ် တစ်ကိုယ်တည်း နေထိုင်ခဲ့တဲ့ နှစ်ရာချီက ဟန်ကျွယ်နဲ့ တွေ့ဆုံမိပြီး နေထိုင်ခဲ့ရတဲ့ နှစ်လေးထောင်ထက် ပိုမိုရှည်ကြာခဲ့သလိုပါပဲ။ ဒီနှစ်လေးထောင်လုံးမှာ ဟန်ကျွယ်ရဲ့ ကာကွယ်မှုကြောင့် နတ်မိမယ်ရှီရွှမ်ဟာ ဘာကိုမှ စိုးရိမ်စရာမလိုဘဲ အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်နိုင်ခဲ့ပါတယ်။
ဒီအေးချမ်းတဲ့ ခံစားချက်က အရမ်းကောင်းပါတယ်။
နတ်မိမယ်ရှီရွှမ်ဟာ အမြန်ဆုံး စွမ်းအား ကြီးချင်နေပါတယ်။ အနည်းဆုံး တိတ်ဆိတ်ဂိုဏ်းရဲ့ အောက်ဆုံးကျင့်ကြံသူ မဖြစ်ရင် တော်ပါပြီ။
လေးငါးခြောက်ရက် အကြာမှာတော့ တာအိုဆွေးနွေးလို့ ပြီးသွားပါတယ်။ ဒီအချိန်မှာ နတ်မိမယ်ရှီရွှမ်က ရုတ်တရက် မေးလိုက်ပါတယ် “ရှင့်မှာ တာအိုလက်တွဲဖော် ဘယ်နှယောက် ရှိနေပြီလဲ”
ဟန်ကျွယ်ဟာ ရုတ်တရက် စကားလမ်းကြောင်း ပြောင်းသွားတဲ့အတွက် ကြောင်သွားပေမဲ့ ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်ပါတယ် “သုံးယောက်”
နတ်မိမယ်ရှီရွှမ်ဟာ မျက်လုံးပင့်တက်သွားပါတယ် ‘ရှင်းဟုန်ရွှမ်အပြင် ‌နောက်ထပ် ဘယ်သူ ရှိသေးတာလဲ၊ လီယောင်နဲ့ ဝူတောက်ကျန့်များလား၊ ဒါဖြစ်နိုင်တယ်’ အဲဒီနောက် နတ်မိမယ်ရှီရွှမ်ဟာ တိတ်တဆိတ် မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ရဲ့ ကျောပြင်ကိုကြည့်ရင်း မေးလိုက်ပါတယ် “မင်းကလည်း ငါ့အတွက် အရမ်းအရေးကြီးတယ်၊ နှစ်တစ်ရာအတွင်း မင်း ပြန်လာမယ်မလား”
နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို လှည့်ကြည့်ပြီး မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ထုန်ကျန့်ကမ္ဘာက ရှင့်လက်ထဲမှာလေ၊ ရှင်သာ ကျွန်မကို ပြန်လာစေချင်ရင် အတွေးတစ်ချက်တည်းနဲ့ ပြန်ခေါ်လို့ ရတာပဲဟာကို၊ ကျွန်မကို ဘာလို့ မေးနေရသေးတာလဲ”
“မင်း မပြန်ချင်ဘူးဆိုရင် ငါက ဘယ်လိုလုပ်ပြီး အတင်းခေါ်နိုင်မှာလဲ”
“ကျွန်မ ပြန်လာချင်လား ပြန်မလာချင်ဘူးလား ဆိုတာကို ရှင်သိနေတာပဲ၊ ကျွန်မရဲ့ ခံစားချက်ကို နားမလည်ချင်ယောင် ဆောင်မနေပါနဲ့၊ ဒီကလေးကွက်တွေနဲ့ ယွီအာကိုပဲ လှည့်စားလို့ရမယ်” နတ်မိမယ်ရှီရွှမ်ဟာ ပြောပြောဆိုဆို ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ မေးစေ့ကို ပွတ်လိုက်ပါတယ် ‘သူ့စကားအရ ငါ့ကပဲ လူရှုပ်လူပွေ ကျနေတာပဲ၊ ငါက ငါနှလုံးသားနောက်ကို လိုက်ရုံပါ၊ အဲဒါ မှားလို့လား’ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ထာဝရ အသက်ရှင်ချင်တယ်ဆိုပေမဲ့ အဆုံးသတ်ကို‌ရောက်ရင် နောင်တတွေ ရင်ဝယ်မပိုက်ချင်ပါဘူး။ ဟန်ကျွယ်ဟာ တော်တော်ကို လောဘကြီးတာပါ။ ထာဝရ အသက်ရှင်ချင်တယ်အပြင် နောင်တလည်း မရှိချင်ပါဘူး။
နောင်တမရှိတာထက် ထာဝရအသက်ရှင်ဖို့ကတော့ ပိုအရေးကြီးတာပေါ့။
နတ်မိမယ်ရှီရွှမ်ဟာ သူ့ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပြီး လိုအပ်တာတွေ ထုပ်ပိုးသိမ်းဆည်းပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး နတ်မိမယ်ရှီရွှမ်ကို ထုန်ကျန့်ကမ္ဘာဆီ ပို့လိုက်ပါတယ်။
‘ငါလည်း နှစ်တစ်ရာအတွင်း အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်ကို ရောက်ရမယ်’ ဟန်ကျွယ်ဟာ သူ့ဘာသာ ပန်းတိုင်လေးတစ်ခု သက်မှတ်လိုက်ပါတယ်။
ဒီလိုနဲ့ နှစ်သုံးဆယ် ကုန်ဆုံးသွားပေမဲ့ ဟန်ကျွယ်ဟာ အဆင့်မတက်သေးပါဘူး။ ဒီနေ့မှာတော့ ဟန်ကျွယ် ကျိန်စာတိုက်ပြီးပြီးချင်ပဲ အသိပေးချက်တစ်ချက် မြင်ကွင်းထဲ ရုတ်တရက် ပေါ်လာပါတယ်။
[ဟောင်တျန်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ဟောင်တျန်…’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။
[ဟောင်တျန်: ကျင့်ကြံမှုမသိ။ အနန္တဧကရာဇ်။ ကောင်းကင်ဧကရာဇ် ဖြစ်ခဲ့ဖူပြီး တာအိုရရှိရန်အတွက် သေချင်ယောင်ဆောင်ကာ ပြန်လည်မွေးဖွားခြင်းစက်ဝန်း၌ ကံတရား အထောက်အပံ့အား သိမ်းထားခဲ့၏။ ထို့နောက် အခွင့်အရေးရှာပြီး ကောင်းကင်ဧကရာဇ်၏ သားတော် ခန္ဓာကိုယ်ထဲ၌ ပုန်းအောင်းနေခဲ့၏။ သူတို့နှစ်ဦးသည် အတူတူမွေးဖွားခဲ့ပြီး ခန္ဓာတစ်ခုတည်းနှင့် ဝိညာဉ်နှစ်ခု ဖြစ်နေ၏။ ဟောင်တျန်သည် မကြာသေးခင်ကမှ သိစိတ် ပြန်ဝင်လာပြီး လုံဟောင်က သင့်အား အလေးစားဆုံး ဖြစ်သည်ကို တွေ့လိုက်ရ၏။ ထို့အပြင် သင်၏ လျှို့ဝှက်ဆန်းကြယ်မှုကြောင့် ဟောင်တျန်သည် သင့်အား သတိထားလာ၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
‘ဒီကောင်က နိုးထသွားပြီလား’ ဟန်ကျွယ်ဟာ အံအားသင့်သွားပြီး လုံဟောင်ရဲ့ အချက်လက်ကို စစ်ဆေးလိုက်တဲ့အခါမှာ လုံဟောင်က ဝိညာဉ်နှစ်ခု ရှိနေသေးတာကို တွေ့လိုက်ရပါတယ် ‘ဒီကောင်က လုံဟောင်ခန္ဓာကိုယ်ထဲ ရှိနေတုန်းပဲလား’
ဟန်ကျွယ်ဟာ ဟောင်တျန်ကို ကျိန်စာတိုက်ရင် လုံဟောင်ကိုပါ ထိခိုက်မှာစိုးရိမ်တဲ့အတွက် ကျိန်စာမတိုက်ဘဲ ဆက်စောင့်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းပတ်လည်က ကျင့်ကြံသူတွေကို စစ်ဆေးလိုက်တဲ့အခါ အစွမ်းအထက်ဆုံးက အင်မော်တယ်ဧကရာဇ် သတ္တမအဆင့်ပဲ ရှိနေတာကို တွေ့လိုက်ရပါတယ်။
ဒီနှစ်ထဲမှာ နွေဦးပင်လယ်တစ်ခုလုံး ကျို့ယိုငရဲက လွတ်လာတဲ့ အငြိုးကြီးတဲ့ စိတ်ဝိညာဉ်တွေနဲ့ ပြည့်နှက်နေပါတယ်။ တိတ်ဆိတ်ကျွန်းက နွေဦးပင်လယ်ရဲ့ အဆုံးမှာ တည်ရှိတာတောင် အငြိုးကြီးတဲ့ စိတ်ဝိညာဉ်တွေ ဝန်းရံထားတာကို ခံရပါတယ်။ ကံကောင်းတာတစ်ခုက ဒီအငြိုးကြီးတဲ့ စိတ်ဝိညာဉ်တွေဟာ သေးငယ်လွန်းတဲ့ တိတ်ဆိတ်ကျွန်းကို သတိမထားမိတာပါ။
နောက်ပြီး သူတို့တွေက စစ်ပွဲအတွက် တစ်စုံတစ်ခုကို စောင့်မျှော်နေသလိုပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset