Chapter – 22
“ရယ်ရလွန်းရင် ငိုရတတ်တယ်”
ဝမ်ရှောင်နမ်အိမ်သို့ ပြန်ရောက်သောအခါ အလွန်အမင်းပင်ဝမ်းသာပျော်ရွှင်မိနေလေသည်။ ယခုအချိန်လောက်ဆိုလျှင်ရဲရှောင်သေနေလိမ့်မည်ဟုပင်သူ တထစ်ချ ယုံကြည်နေမိသည်။
“အဟက်. . . ရဲရှောင်. . . ရဲရှောင်. . . မင်းက ငါ့ကို လာပြီးခြိမ်းခြောက်ရဲတာကို။ ငါနည်းနည်းလေး အကွက်ရွှေ့လိုက်တာ အခုတော့ မင်းသေရပြီမှတ်လား”
ဝမ်ရှောင်နမ်သည်သူ့အတွေးနှင့်သူ ကြိတ်၍ပျော်နေမိသည်။ ဝမ်ဒါနမ်သည်သူ၏သား ဝမ်ရှောင်နမ်တစ်ယောက်အရင်နေ့များနှင့်မတူဘဲ အူမြူးပျော်ရွှင်နေသည့်ပုံအား သတိထားနေမိလေသည်။ ရဲရှောင်အားသွေးဂျင်ဆင်းပေးလိုက်သည့်ကိစ္စနှင့်ပက်သက်၍ သူ၏ သားသည်အလွန်တရာမှပင်စိတ်ထိခိုက်သွားပြီး သူ့အား ယခုအချိန်ထိ စကားပြန်မပြောသေးပေ။
ဝမ်ရှောင်နမ်သည်ဖြစ်လာနိုင်သည့်အကြောင်းအရာများအား ကြိုတွေးကြည့်မိလိုက်သည်။ အကယ်၍ ရဲရှောင်သေဆုံးခဲ့ပါက စစ်သူကြီးသည်သူ့သားကို သတ်သည့်တရားခံအားသေချာပေါက်ပင်မြေလှန်ရှာ၍ ပြန်လက်စားချေပေလိမ့်မည်။
သူ့အနေဖြင့်ရဲရှောင်ကိစ္စနှင့်ပက်သက်၍ ယခုအချိန်၌ တိတ်တိတ်ဆိတ်ဆိတ်နေရန်မှာ အကောင်းဆုံးပင်ဖြစ်ကြောင်း သိလေသည်။
ဝမ်ရှောင်နမ်သည်သူ့အိမ်၌ နှစ်ရက်တိတိပင်ကောင်းကောင်း အနားယူနေရင်း သူမျှော်လင့်နေသည့်သတင်းကောင်းရောက်လာရန်စောင့်မျှော်လျက်ရှိသည်။ ဝမ်ရှောင်နမ်သည်ရဲရှောင်နှင့်ပက်သက်သည့်အကြောင်းအရာများအား မရေမတွက်နိုင်အောင်ပင်စဉ်းစားနေမိလေသည်။
[ရဲရှောင်သေတော့ ဘယ်လိုပုံစံမျိုးနဲ့သေတာပါလိမ့်။ ဆိုးဆိုးရွားရွားကြီးကို အသတ်ခံရတာလား။ သူသေရတာ ငါ့ကြောင့်ဆိုတာကိုရော သူသိသွားရဲ့လား]
နောက်တစ်ရက်ကုန်ဆုံးသွားခဲ့ချေပြီ။ ဝမ်ရှောင်နမ်သည်ရဲရှောင်သေဆုံးသွားပြီဆိုသည့်သတင်းအားစောင့်မျှော်နေဆဲပင်။
နောက်ဆုံးတွင်သူ့ထံသို့ သတင်းတစ်ခုသည်ရောက်ရှိလာခဲ့သည်။
အိမ်ရှေ့မင်းသားထံမှရောက်ရှိလာသည့်သတင်းတစ်ခုပင်ဖြစ်လေသည်။
“ကိုယ်ရံတော်ခေါင်းဆောင်ဝမ်ဒါနမ်. . . အိမ်ရှေ့မင်းသားက ခင်ဗျားသားကိုလာဖို့ဆင့်ခေါ်ခိုင်းလိုက်တယ်။ သူခင်ဗျားသားကိုမေးစရာလေးတွေ ရှိလို့တဲ့”
ဝမ်ဒါနမ်သည်အိမ်ရှေ့မင်းသားမှ သူ့သားအား ဆင့်ခေါ်လိုက်သည်ဆို၍ အလွန်အမင်းပင်ဝမ်းသာသွားသည့်အတွက်ဖြစ်နိုင်ခြေရှိသည့်အကြောင်းအရာများအားတွေးကြည့်မိလိုက်သည်။
“ဒါ . . . ဒါ . . . ငါ့သားအတွက်ကံကောင်းခြင်းတွေ စတင်တော့မယ့်သဘောလား။ အိမ်ရှေ့မင်းသားက ဆင့်ခေါ်ခိုင်းလိုက်တယ်ဆိုတော့တော်ရုံကိစ္စတော့ မဟုတ်လောက်ဘူး”
“သွား . . . အိမ်ရှေ့မင်းသား သိချင်တာမှန်သမျှ အကောင်းဆုံး ကြိုးစားပြီးဖြေခဲ့. . . ပြောခဲ့။ ဒါမင်းအတွက်အခွင့်အရေးကောင်းပဲ။ လုံးဝလက်လွတ်မခံခဲ့နဲ့”
ဝမ်ဒါနမ်သည်သူ့သားအား ဝမ်းသာအားရဖြင့်တိုက်တွန်းလိုက်လေသည်။
ဝမ်ရှောင်နမ်သည်စိတ်ရှုပ်ထွေးစွာဖြင့်တွေးလိုက်မိ၏။
[ဘာဖြစ်လို့ အိမ်ရှေ့မင်းသားက ငါ့ကို လာဖို့ခေါ်တာလဲ။ မူရှန်ဘိုင်ကခေါ်ရမှာမဟုတ်ဘူးလား။ ဘာတွေလဲ။ တစ်ခုခုတော့ လွဲနေသလိုပဲ . . .]
…………………….
မြို့လေး၏ တခြားဘက်ခြမ်းတွင်တော့ မူရှန်ဘိုင်နှင့်ကိုယ်ရံတော်နှစ်ဦးအား သတ်ပစ်ခဲ့သည့်ရဲရှောင်သည် သူ၏အိမ်တွင်သုံးရက်ကြာမျှအေးအေးလူလူဖြင့်ပင်နေနေလေသည်။
သူ့အနေဖြင့်လူသတ်မှုအား ဖုံးကွယ်ထားရန်မကြိုးစားခဲ့သလို ထိုလူသတ်မှုအား လူများ သိရှိသွားမည်ကိုလည်းကြောက်ရွံ့မနေပေ။ အဆိုပါ ကိစ္စရပ်နှင့်ပက်သက်၍ သူ့ခေါင်းထဲတွင်ဘာဆိုဘာမှပင်မရှိချေ။
လူသတ်မှုကျုးလွန်ခဲ့သည့်နေ့က အိမ်သို့ ပြန်ရောက်လျှင်ရောက်ခြင်းပင်အလုံးလေးအတွင်းသို့ သူဝင်ရောက်လိုက်သည်။ ရဲရှောင်သည်ဟင်းလင်းပြင်ကြီးအတွက်ပိုက်ဆံများ အကုန်အကျခံ၍သုံးနေသည်မှာ စုစုပေါင်းငွေစ ၃၅၀,၀၀၀ ပင်ရှိနေပြီဖြစ်သည်။ ထို့ကြောင့်သူ့အနေဖြင့်ဟင်းလင်းပြင်ကြီးအတွင်းရှိ ဝိညာဉ်တော်ချီဓာတ်များ၏ ပမာဏ မည်သို့မည်ပုံပြောင်းလဲနေသည်ကို ကြည့်ရန်အနည်းငယ်မျှပင်စောင့်ဆိုင်းမနေချင်တော့ပေ။
သိချင်နေသည့်စိတ်များသည်ထိန်းချုပ်၍ မရအောင်ပင်ဖြစ်နေလေသည်။
သို့သော်အလုံးလေးအတွင်းသို့ ဝင်ရောက်သွားသောအခါ သူမြင်တွေ့လိုက်ရသည့်အရာကြောင့်သတိလက်လွတ်ဖြစ်သွားမတတ်ပင်အံ့ဩသွားခဲ့ရသည်။
ဟင်းလင်းပြင်ကြီးအတွင်းရှိ ဝိညာဉ်တော်ချီဓာတ်များ၏ သိပ်သည်းဆ နှင့် အရောင်များသည်ယခင်က အတိုင်းပင်မပြောင်းလဲဘဲ ရှိနေလေသည်။
ထူးခြားမှုဆို၍ ယခင်က မရှိခဲ့သည့်မြူခိုးမြူငွေ့ကဲ့သို့ အဆင်းရှိသည့်ချီဓာတ် မဖြစ်စလောက်ပမာဏလေးကိုသာတွေ့ရပေသည်။ပြောင်းလဲမှုက ထိုမျှသာပင်။
ဟင်းလင်းပြင်ကြီးအတွင်းရှိ ချီဓာတ်များသည်ယခင်ကအတိုင်းပင်ပြောင်းလဲခြင်းမရှိ၍ ရဲရှောင်အနေဖြင့်ပြောစရာစကား မရှိတော့လောက်အောင်ပင်စိတ်ပျက်သွားခဲ့သည်။
“ဒါမဖြစ်သင့်ဘူး။သွေးဂျင်ဆင်းတစ်ခုတည်း စုပ်ယူခဲ့တုန်းကတောင်ဟင်းလင်းပြင်ကြီးက လုံးဝပြောင်းလဲသွားခဲ့သေးတာ။ ဟိုနေ့ကလည်းဆေးဖက်ဝင်အပင်တွေ နဲ့ဆေးတွေဆီကနေ ချီဓာတ်တော်တော်များကိုလည်း ထပ်စုပ်ယူပြီးပြီ။ အဲဒီဆေးပင်တွေဆေးတွေကနေ အများကြီး ပြန်ရဖို့ မမျှော်လင့် ထားဘူးဆိုပေမယ့်အနည်းဆုံးတော့ အရင်ကထက်တော့ပြောင်းလဲလာသင့်တယ်မဟုတ်ဘူးလား။ ဘာဖြစ်လို့ နည်းနည်းလေးတောင်ပြောင်းလဲမလာရတာလဲ”
ရဲရှောင်သူမြင်တွေ့လိုက်ရသည့်အရာများကြောင့်စဉ်းစားမရအောင်ပင်တွေဝေသွားသည်။
ထိုကဲ့သို့ မဖြစ်သင့်သည်မှာလည်း အမှန်ပင်ဖြစ်နေလေသည်။ ဘယ်အရာက လွဲမှားနေပါသနည်း။
ရုတ်တရက်ရဲရှောင်တစ်စုံတစ်ခုအား စဉ်းစားမိလိုက်သည်။ ထို့နောက်ဥ ရှိရာနေရာသို့ အပြေးအလွှားပင်သွားလိုက်၏။ ဥ အား မြင်တွေ့လိုက်ရသောအခါဒေါသအမျက်ချောင်းချောင်းပင်သူထွက်သွားခဲ့သည်။
သူ့အား စိတ်ရှုပ်နေစေသည့်တရားခံအား တွေ့ရှိသွားခဲ့လေပြီ။
အဆုံးအစ မရှိအောင်ပင်သိပ်သည်းထူထပ်နေသော အဖြူရောင်ချီဓာတ်များသည်တသွင်သွင်ဖြင့်စီးဆင်းနေသည့်မြစ်တစ်ခုကဲ့သို့ပင်ဥ အတွင်းသို့ ဝင်ရောက်နေကြသည်။ ထို့ပြင်ဥ သည်ယခင်ကထက်ပင်ပို၍ ကြီးလာလေသည်။
ရဲရှောင်ဒေါသအလွန်အမင်း ထွက်သွားရုံသာမက အံ့ဩမှုကြောင့်တုန်လှုပ်သွားခဲ့သည်။
ဥ သည်မိုးပျံပူဖောင်းတစ်လုံးကဲ့သို့ပင်အပေါ်သို့မြောက်တက်လျက်ရှိသည်။ ဥ ၏ အရွယ်အစားသည်ငန်းဥ အရွယ်မှ ဖရဲသီးအသေးစား အရွယ်သို့ပင်ကြီးထွားလာခဲ့သည်။နောက်ဆုံးတွင်မူ ဥ ၏ ကြီးထွားမှုသည်ရပ်တန့်သွားသော်လည်း ဟင်းလင်းပြင်ကြီးအတွင်း စီးဆင်းနေသည့်ဝိညာဉ်တော်ချီဓာတ်များကိုမူ ဆက်လက်စုပ်ယူနေဆဲပင်ဖြစ်သည်။
ဥ အတွင်း၌ ချီဓာတ်များ ပြည့်နှက်သွားသည်ဟူ၍ မရှိပေ။ ချီဓာတ်များအား စုပ်ယူနိုင်သမျှ စုပ်ယူနေဦးပေမည်။
ဥ ၏ ကြီးထွားမှုနှုန်းသည်ရပ်တန့်သွားသော်လည်း ၎င်း၏ဖျော့တော့သော မျက်နှာပြင်သည်ပိုပို၍ပင်တောက်ပလာလေသည်။ အဆိုပါ မျက်နှာပြင်ပေါ်တွင်အင်းကွက်များကဲ့သို့ ထူးဆန်းနက်နဲသော အကွက်များသည်မပီပြင်ဝိုးတဝါးပေါ်ပေါက်လျက်ရှိ၏။
“သေလိုက်ပါတော့ကွာ”
ရဲရှောင်အလွန်အမင်းပင်စိတ်ပျက်သွားမိလေသည်။
“ငါ့မှာတော့ငွေစ ၃၅၀,၀၀၀တောင်အကုန်ခံထားရတာ။ ဘာမှလည်း ဖြစ်မလာဘူး။နောက်ပြီး ဒီစောက်ကျိုးနဲ ဥကြောင့်ငါ့မှာ တက်လိုက်ရတဲ့ ပြသာနာတွေ။ ရှိရှိသမျှ အကုန်လုံးကိုလောဘတကြီးနဲ့ စုပ်ယူနေတာ ငါ့အတွက်တောင်ဘာမှမချန်ထားဘူး။နောက်ပြီး ဆက်ပြီးလည်း ကြီးမလာတော့ဘူး ရပ်သွားပြီ။ အရေးမပါတဲ့ ဥ က ငါ့ရဲ့ စွမ်းအားတွေနဲ့ ပိုက်ဆံတွေကို ဖြုန်းတီးပစ်နေတာပဲ”
ရဲရှောင်သည်သူ၏ ကျင့်စဉ်အဆင့်များအား လျင်မြန်မြန်ဆန်သောနှုန်းဖြင့်မြှင့်တင်ရန်မျှော်မှန်းထားသော်လည်း ယခုအချိန်တွင်မူ သူ့အနေဖြင့်စိတ်ကူးနှင့်လက်တွေ့တခြားစီပင်ဖြစ်နေလေသည်။ သူ၏မျှော်လင့်ချက်များသည်လေထဲတွင်အိမ်ဆောက်နေသကဲ့သို့ပင်ဖြစ်နေပြီလော။
“မင်းရဲ့သောက်လေငတ်မပြေဖြစ်နေတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ဘယ်လောက်တောင်ထပ်လိုနေသေးတာလဲ”
ရဲရှောင်သူ၏မေးစေ့အားပွတ်လိုက်ကာ စဉ်းစားလိုက်ပြီး စိတ်ဓာတ်များ ကျသွားသလိုပင်ခံစားလိုက်ရ၏။
သို့သော်ရဲရှောင်အတွက်စိတ်ဖြေစရာ အနည်းငယ်တော့ ရှိပါသေးသည်။ မိုးပြာရောင်ကောင်းကင်ပင်အား ရရှိခဲ့သောကြောင့်သူအလွန်အမင်းပင်ပျော်ရွှင်နေမိလေသည်။
ရဲရှောင်သေတ္တာအား ဖွင့်ကြည့်လိုက်ရင်းတွေးလိုက်မိ၏။
“တကယ်လို့သာ ဒီစောက်ရေးမပါတဲ့ ဥ က ငါ့ရဲ့ မိုးပြာရောင်ကောင်းကင်ပင်ကိုပါ ထပ်စုပ်ယူရဲ စုပ်ယူကြည့်လိုက်စမ်း သူ့ဘာသာ ဒဏ္ဍာရီလာ ဥ မကလို့ ဘာ ဥ ပဲဖြစ်ဖြစ်ငါအားရပါးရကို စားပစ်လိုက်ဦးမယ်။အေး . . . မစားခင်မှာလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင်ကို နုပ်နုပ်စဉ်းပစ်လိုက်မယ်”
သူတွေးမိလိုက်သည့်အတွေးကြောင့်မပြုံးမိဘဲကို မနေနိုင်တော့ဘဲ ပြုံးလိုက်မိရင်း –
” ဥ . . . ဥ . . . မင်းက အတော်ဆိုးတဲ့ ဥ ပဲ”
ရဲရှောင်သေတ္တာအား ဖွင့်ကြည့်လိုက်သောအခါ သူ၏ စိတ်အစဉ်တစ်ခုလုံးသည်ကျေနပ်မှုများဖြင့်ဖုံးလွှမ်းသွားခဲ့လေသည်။ ခဏအကြာတွင်အင်မတန်မှပင်ပြင်းထန်လှသော စွမ်းအင်လှိုင်းတစ်ခုသည်သေတ္တာအား ရိုက်ခတ်သွားခဲ့သည်။
“ဘုန်း”
သေတ္တာသည်တစ်ချက်တည်းဖြင့်အစိတ်စိတ်အမွှာမွှာပင်ကွဲထွက်သွားပြီးသေတ္တာအတွင်းရှိ မိုးပြာရောင်ကောင်းကင်ပင်သည်လည်း လွှင့်စင်ထွက်သွားပြီးလေပေါ်သို့ ပျံဝဲနေလေသည်။
ခဏအကြာတွင် ဟင်းလင်းပြင်ကြီးသည်မိုးပြာရောင်ကောင်းကင်ပင်အား လုံးဝစုပ်ယူလိုက်သည်။
ရဲရှောင်သည်သူမြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့်ပါးစပ်အဟောင်းသား ဖြစ်သွားရင်း မျက်လုံးများပင်ပြူးကျယ်သွားလေသည်။
ရုတ်တရက်ဆိုသလိုပင်ဟင်းလင်းပြင်ကြီးသည်နေရာချဲ့ထွင်သွားပြီး ခရမ်းရောင်ချီဓာတ်များသည် ထိုချဲ့ထွင်သွားသည့်အကျယ်အဝန်းအတိုင်းနေရာလပ်မရှိအောင်ပင်ပြန့်နှံ့သွားခဲ့သည်။ မိုးပြာရောင်ဟင်းလင်းပြင်အသစ်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပေသည်။
မိုးပြာရောင်ဟင်းလင်းပြင်ကြီးသည်မူလဟင်းလင်းပြင်ကြီး၏ ပထမအလွှာဘေးကပ်လျက်သို့ တဖြည်းဖြည်းချင်းရွှေ့လျားသွားခဲ့သည်။
(မှတ်ချက်။။ ဟင်းလင်းပြင်ကြီး၏ ပထအလွှာ ဒုတိယအလွှာအကြောင်းအား Chapter – 9 တွင်အကျယ်တဝင့်ရှင်းလင်းထားပြီး ဖြစ်ပါသည်)
အသစ်ထပ်မံပေါ်ထွက်လာသည့်မိုးပြာရောင်ဟင်းလင်းပြင်ကြီးသည်(၁၂) မီတာ ကျယ်ဝန်းပြီး အဖြူရောင်အခိုးအငွေ့များဖြင့်ရစ်သိုင်းလွှမ်းခြုံထားလျက်ရှိသည်။ ထို့ပြင်အဆိုပါဟင်းလင်းပြင်ကြီး၏ အလယ်တည့်တည့်တွင်မိုးပြာရောင်ကောင်းကင်ပင်သည်ငြိမ်သက်စွာဖြင့်ရှိနေလေသည်။
မိုးပြာရောင်ကောင်းကင်ပင်၏ ပုံစံသည်လက်ရှိသူရှိနေသည့် ဟင်းလင်းပြင်ကြီးထဲတွင်သာ အစဉ်အမြဲနေတော့မည့်ပုံစံမျိုးဖြစ်နေပြီး ယခုနေရာမှလွဲ၍ အခြားမည်သည့်နေရာသို့ ယူဆောင်သွားရန်ခွင့် ပြုမည့်ပုံမပေါက်ချေ။
အရာအားလုံးသည်အံဝင်ခွင်ကျဖြင့်အသားကျလျက်ရှိသည်။
ခဏကြာသောအခါ အဖြူရောင်ချီဓာတ်များသည်မိုးပြာရောင်ဟင်းလင်းပြင်ကြီးထံသို့ မုန်တိုင်းတစ်ခုကဲ့သို့ပင်ဦးတည်၍ရောက်လာကြသည်။ ဟင်းလင်းပြင်ကြီး တစ်ခုလုံးတွင်အဖြူရောင်ချီဓာတ်များသည်နေရာလပ်မရှိအောင်ပင်ပြည့်နှက်သွားသော်လည်း မိုးပြာရောင်ကောင်းကင်အပင်အတွင်းသို့ အဆက်မပြတ်မပင်ထပ်မံစီးဆင်း ဝင်ရောက်လျက်ရှိသည်။
ဟင်းလင်းပြင်ကြီး၏ အလယ်တွင်တည်ငြိမ်စွာဖြင့်ရှိနေသည့်မိုးပြာရောင်ကောင်းကင်ပင်သည်တသိမ့်သိမ့်ဖြင့်ပင်တုန်လှုပ်နေပြီး ၎င်း၏ အကိုင်းအလက်များထံမှ သစ်ရွက်လေးများသည်တစ်ရွက်ပြီးတစ်ရွက်ပင်ပေါ်ထွက်လာနေသည်။
ရုတ်တရက်ဆိုလိုသပင်ရဲရှောင်၏ အမြင်များသည်ဘာဆိုဘာမှ မမြင်ရတော့အောင်ပင်ဝေဝါးသွားပြီး ခဏအကြာတွင်အလုံးလေး၏ အပြင်ဘက်ရှိ သူ၏ အခန်းအတွင်းသို့ ပြန်ရောက်နေကြောင်းတွေ့ရှိလိုက်ရသည်။
ရဲရှောင်သည်အဖြစ်အပျက်များအား အံ့ဩလွန်း၍ အချိန်အတော်ကြာအောင်ပင်နှုတ်ဆိတ်နေမိလေသည်။
ဟင်းလင်းပြင်ကြီးသည်မိုးပြာရောင်ကောင်းကင်အပင်အား ဝါးမြိုသွားသည်နှင့်ပင်တူနေပါတော့သည်။
ထို့ပြင်အဆိုပါ မိုးပြာရောင်ကောင်းကင်ပင်သည်ဟင်းလင်းပြင်ကြီးထဲတွင်ကောင်းမွန်စွာဖြင့်ရှင်သန်လျက်ရှိသည်။
ထို့ကြောင့်ရဲရှောင်အနေဖြင့်ကျင့်ကြံခြင်းသစ်ရွက်အား အမြဲတမ်း စားသုံးနိုင်တော့မည်ဖြစ်ပြီး သူသွားလေရာသို့ပင်သယ်ဆောင်သွားနိုင်တော့မည်ဖြစ်သည်။
ရဲရှောင်အပျော်ကြီးပျော်နေမိပြီး အစောပိုင်းကာလက စိတ်ညစ်မိသည်များပင်တဖြည်းဖြည်းပြေလျော့သွားလေသည်။
ရဲရှောင်သူ၏ခြေထောက်အား တင်ပျဉ်ခွေ ချိတ်ထိုင်လိုက်ရင်း ကျင့်စဉ်စတင်ကျင့်ကြံရန်ပြင်လိုက်သည်။
“မိုးကောင်းကင်ပေါ်မှာနေမင်းကြီးက ထွန်းလင်းတောက်ပနေပြီး ခရမ်းရောင်ချီဓာတ်တွေကလည်း ငါ့အတွက်သိပ်သည်းထူထပ်စွာနဲ့ ပျံ့နှံ့နေကြတယ်”
ရဲရှောင်သည်အခြေခံကျင့်စဉ်ကျင့်ကြံခြင်းအားနေ့စဉ်အကြိမ်ပေါင်း (၉၀၀)တိတိပင်ကျင့်ကြံခဲ့လေသည်။
ရဲရှောင်၏ ကျင့်ကြံခြင်းအဆင့်သည်နိမ့်နေသေးပြီး သူ၏ ခန္ဓာကိုယ်အတွင်းတွင်လည်ပတ်စီးဆင်းနေသော ဝိညာဉ်တော်ချီဓာတ်များသည်ယခုအခြေအနေထက်ပိုမိုသိပ်သည်းထူထပ်ရန်လိုအပ်နေပေသေးသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်အား မြင့်တက်နိုင်စေရန်မှာ အလွန်ပင်ခက်ခဲနေပါသေးသည်။
ရဲရှောင်တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ထိုင်နေပြီး ကျင့်စဉ်အား ဆက်ကျင့်လိုက်၏။
သူ၏ အိမ်၌ ကျင့်စဉ်များတိုးတက်ရန်အေးအေးလူလူဖြင့်ပင်ကျင့်ကြံနေသော်လည်း အိမ်ရှေ့မင်းသား၏ နန်းတော်တွင်မူပွက်လောရိုက်ကမ္ဘာပျက်နေသည်ကိုတော့ သူမသိပေ။
အကယ်၍ သိခဲ့လျှင်တောင်ရဲရှောင်အနေဖြင့်ဘယ်အရာကိုမှ အဖတ်လုပ်၍ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။
………………………………………
အိမ်ရှေ့မင်းသားနန်းတော်သို့ ဝမ်ရှောင်နမ်ရောက်ရှိလာခဲ့လေပြီ။ တစ်စုံတစ်ရာသည်လွဲမှားနေကြောင်း ခံစားနေရပြီးကြောက်ရွံ့စိတ်ကြောင့်သူ၏ ဒူးများပင်တုန်နေလေသည်။
ပင်မဆောင်ကြီးအတွင်းသို့ရောက်သွားသောအခါ သူ၏ နှလုံးခုန်သံများပင်ရပ်တန့်သွားမတတ်ခံစားလိုက်ရ၏။
သူအလွန်အမင်းပင်ထိတ်လန့်နေလေပြီ။
ပင်မဆောင်ကြီး၏ အပြင်ဘက်တွင်အဖြူရောင်ပုဝါစ များဖြင့်ဖုံးအုပ်ထားသည့်လူသေအလောင်းသုံးလောင်း ချထားလေသည်။
အဆိုပါ အလောင်းသုံးလောင်းအနက်မှ လူသေကောင်တစ်ယောက်၏ ရင်ဘတ်တွင်ဓားဖြင့်အထိုးခံထားရသည့်ဒဏ်ရာဟောင်းလောင်းပေါက်ကြီးပင်ရှိနေသည်။ ဓားဒဏ်ရာသည်နောက်ကျောဘက်မှတစ်ဆင့်ရင်ဘတ်ပေါ်သို့ ထုတ်ချင်းပေါက်သွားသည့်ပုံစံပင်။ အလောင်းကောင်၏ ခန္ဓာကိုယ်အား ပုဝါစဖြင့် ဖုံးအုပ်ထားသော်လည်း လက်များမှာမူဘေးသို့ တွဲလောင်းကျလျက်ရှိသည်။ အဆိုပါ အလောင်းကောင်၏ အကျီလက်များတွင်ရွှေရောင်ပန်းပွင့်လေးများအား အလှဆင်ထိုးယက်ထားလေသည်။
ဝမ်ရှောင်နမ်သည်ရွှေရောင်ပန်းပွင့်လေးများအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်မိသည်။
ရွှေရောင်ပန်းပွင့်များသည်သာမန်ပန်းများမဟုတ်ချေ။ ထိုပန်းပွင့်များသည်မူရှန်ဘိုင်၏ သင်္ကေတပင်ဖြစ်သည်။
မူရှန်ဘိုင်နှင့်သူ အပြင်သို့ အတူတူထွက်သည့်နေ့တုန်းက မူရှန်ဘိုင်တစ်ယောက်ထိုရွှေရောင်ပန်းပွင့်လေးများအား ထိုးယက်ထားသည့်ဝတ်ရုံအား ဝတ်ဆင်ခဲ့သည်။ သူ့အနေဖြင့်ရွှေရောင်ပန်းပွင့်များအား တစ်ကြိမ်တစ်ခါတွေ့ဖူးရုံနှင့်ပင်စိတ်ထဲစွဲ၍ မှတ်မိနေလေသည်။
[မူရှန်ဘိုင်သေသွားပြီလား]
ဝမ်ရှောင်နမ်တုန်လှုပ်ခြောက်ခြားသွားသည်။
မူရှန်ဘိုင်လိုလူမျိုးအား မည်သူတစ်ဦးတစ်ယောက်ကမှ အတင့်ရဲ၍ သတ်ရဲမည်မဟုတ်ကြောင်း ယခင်ကသူထင်ခဲ့လေသည်။
အဝါရောင်ဝတ်ရုံရှည်ကြီးအား ဝတ်ဆင်ထားသည့်အိမ်ရှေ့မင်းသားသည်တည်ငြိမ်ခန့်ညားစွာဖြင့်ထိုင်နေလေသည်။ အိမ်ရှေ့မင်းသားသည်ဝမ်ရှောင်နမ်အား စူးစူးရဲရဲပင်စိုက်ကြည့်လျက်ရှိသည်။
“ဝမ်ရှောင်နမ်”
“ဟုတ်. . . ဟုတ်ကဲ့ပါ . . . အိမ်ရှေ့မင်းသား”
“တစ်နေ့က မူရှန်ဘိုင်နဲ့ မင်းအတူရှိနေတာ မှတ်လား”
အိမ်ရှေ့မင်းသားသည်တည်ကြည်ပြတ်သားသော အသံဖြင့်ဝမ်ရှောင်နမ်အားမေးလိုက်သည်။
အိမ်ရှေ့မင်းသား၏ဘေးတွင်တော်ဝင်အဝတ်အစားများ ဝတ်ဆင်ထားသည့်မိန်းကလေးတစ်ဦး ရှိနေလေသည်။ သူမသည်ဝမ်ရှောင်နမ်အား စိုက်ကြည့်လျက်ရှိသည်။ သူမ၏ မျက်နှာသည်အလွန်တရာမှပင်လှပပြီး ဖြူဖွေးသော အသားအရည်ရှိသူ တစ်ယောက်ဖြစ်သည်။ ထို့ပြင်သေးသွယ်လှပသော ခန္ဓာကိုယ်ကိုလည်းပိုင်ဆိုင်ထားသည်။ သို့သော်သူမ၏ မျက်လုံးများသည်နီရဲမို့အစ်လျက်ရှိသည်။ အလွန်အမင်း ငိုကြွေးထားသည့်ပုံစံပင်။
“ဟုတ်. . . ဟုတ်ပါတယ်”
ဝမ်ရှောင်နမ်ပျာပျာသလဲလဲဖြင့်ပင်ပြန်ဖြေလိုက်၏။
“သူသေသွားပြီ”
အိမ်ရှေ့မင်းသားသည်တည်တည်ငြိမ်ငြိမ်ဖြင့်ပင်ပြောလိုက်သော်လည်း ဝမ်ရှောင်နမ်မှာမူ ထိုစကားလုံးအား ကြားလိုက်ရသောအခါ သူ့ခေါင်းအား မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်ခံစားလိုက်ရသည်။ သူ့အနေဖြင့်မယုံကြည်နိုင်ပေ။
ဝမ်ရှောင်နမ်၏ မျက်လုံးများသည်ပြူးကျယ်သွားပြီးကြောက်ရွံ့မှုကြောင့်နှလုံးခုန်သံ ရပ်တန့်သွားမတတ်ပင်ဖြစ်သွားခဲ့သည်။
အိမ်ရှေ့မင်းသားသည်ဝမ်ရှောင်နမ်အား ကြည့်ရင်း တည်ငြိမ်သောလေသံဖြင့်မေးလိုက်သည်။
“ငါ့ကို အဲ့ဒီနေ့က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ကြောင်းကုန်စင်မှန်သမျှကို တစ်ခုမကျန်ပြောပြစမ်း”
“ဟုတ်. . . ဟုတ်. . . ဟုတ်ကဲ့ပါ အိမ်ရှေ့မင်းသား”
ဝမ်ရှောင်နမ်သည်အလွန်အမင်းပင်ထိတ်လန့်နေသောကြောင့်စကားသံများပင်ထစ်ကုန်လေသည်။ ထို့ကြောင့်သူ၏ စိတ်အား တည်ငြိမ်အောင်လုပ်လိုက်ရင်း အိမ်ရှေ့မင်းသားအားပြန်ပြောလိုက်သည်။
” အဲဒီနေ့က ကျွန်တော်နဲ့ သခင်လေးမူ နဲ့ နှစ်ယောက်အတူတူ အပြင်သွားကြတာပါ။ သခင်လေးမူကသူဆေးပင်နည်းနည်းလောက်ဝယ်ချင်တယ်ပြောလို့ ကျွန်တော်တို့ ဟူရှန်လမ်းကို သွားခဲ့ပါတယ်။ ကျွန်တော်တို့ရောက်သွားတဲ့အခါမှာ ရဲရှောင်လို့ခေါ်တဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်”
“ရဲရှောင်”
အိမ်ရှေ့မင်းသား၏ဘေးတွင်ထိုင်နေသည့်မိန်းကလေးသည်ရဲရှောင်ဆိုသည့်အသံကြားလိုက်၍ ဝမ်ရှောင်နမ်အား စူးစူးရဲရဲဖြင့်ပင်စိုက်ကြည့်လိုက်ရင်းမေးလိုက်သည်။
“မြောက်ပိုင်းစစ်သူကြီး ရဲနမ်ရှန်ရဲ့သားကိုပြောတာလား။ သူ့ကို သခင်လေးသုံးပါးထဲက တစ်ပါးလို့ခေါ်ကြတယ်ေလ”
“ဟုတ်ပါတယ်. . . သူ့ကိုပြောတာပါ”
ဝမ်ရှောင်နမ်သည်အလွန်နှိမ့်ချသည့်လေသံမျိုးဖြင့်ပြောလိုက်၏။
အိမ်ရှေ့မင်းသား၏ဘေးတွင်ရှိသည့်မိန်းကလေး၏ စူးရဲသောအကြည့်များအား ရင်မဆိုင်ရဲ၍ ဝမ်ရှောင်နမ်သည်သူ၏ခေါင်းအားကြမ်းပြင်နှင့်ထိကပ်ထားလေသည်။
“အင်း . . . ဟုတ်ပြီ . . . ဆက်ပြော”
မိန်းကလေးသည်ဖြစ်ပျက်ခဲ့သမျှကို သိချင်၍ ဝမ်ရှောင်နမ်အား ဆက်ပြောရန်အမိန့်ပေးလိုက်သည်။
အဆိုပါ မိန်းကလေးသည်မူရှန်ဘိုင်၏ ညီမ၊ အိမ်ရှေ့မင်းသား၏ ကြင်ယာတော်ဖြစ်ကြောင်း ဝမ်ရှောင်နမ် နားလည်သဘောပေါက်လိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ရဲရှောင်ကလည်းဆေးတွေ ဝယ်ဖို့ အဲဒီနေရာကိုရောက်လာပါတယ်။ သူ . . . သူ ဝယ်မယ့်ပစ္စည်းက သခင်လေးမူ လိုချင်တဲ့ ပစ္စည်းဖြစ်နေပါတယ်။ အဲ . . . အဲ ဒါနဲ့ပဲ သူတို့ ပစ္စည်း လုရင်း ရန်ဖြစ်ကြတယ်”
ဝမ်ရှောင်နမ်၏ စကားသံများပင်ထစ်အကုန်လေသည်။
“နေစမ်းပါဦး။ မူရှန်ဘိုင်မှ ရဲရှောင်ကို မသိတာ။ ရဲရှောင်ဆိုတဲ့ နာမည်ကိုတောင်သူကြားဖူးတာ မဟုတ်ဘူး။ သူတို့နှစ်ယောက်ကြား ဘာရန်ညိုးရန်စမှလည်း မရှိသလို တစ်ယောက်နဲ့တစ်ယောက်တွေ့ဖူးကြမှာ မဟုတ်ဘူး။ သူဘယ်လိုလုပ်ရဲရှောင်ကို သိသွားတာလဲ”
အိမ်ရှေ့မင်းသားသည်ဝမ်ရှောင်နမ်ပြောနေသည့်စကားများအား ဖြတ်၍ပြောလိုက်သည်။
ဝမ်ရှောင်နမ်ဘာပြန်ပြောရတော့မှန်း မသိဘဲ ကြက်သေသေနေလေသည်။
“မူရှန်ဘိုင်က ရဲရှောင်က ဘယ်လိုသိသွားတာလဲတဲ့”
ဝမ်ရှောင်နမ်သည်အိမ်ရှေ့မင်းသားအား မည်ကဲ့သို့ ပြန်ဖြေရမည်ကိုတွေးမတတ်အောင်ပင်ရှိနေပြီး ယခုကဲ့သို့ ကျဉ်းထဲကြပ်ထဲရောက်နေသည့်အခြေအနေမှ သူ လွတ်မြောက်ရန်မှာ မဖြစ်နိုင်ကြောင်း ခံစားလိုက်ရပါတော့သည်. . . . . . . .