အခန်း (၃၃၅) အနန္တကပ်ဘေး ပြင်ဆင်အဆင့်
ဘာပဲဖြစ်ဖြစ် နတ်ဆိုးဧကရာဇ်က ကောင်းကင်ဘဝဂ်ကျင့်ကြံသူဖြစ်ပြီး ထိပ်သီးအင်အားစုတစ်စုရဲ့ ခေါင်းဆောင်ပါ။ သူကို သေအောင် ကျိန်စာတိုက်ဖို့ဆိုတာက တော်တော်လေးကို မဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ တခြားနည်းလမ်း စဉ်းစားဖို့ လိုပါတယ်။
‘တခြားအင်အားစုတွေသာ နတ်ဆိုးရုံးတော်ကို ဝိုင်းတိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲ’
ဟန်ကျွယ်ဟာ တခြားအင်အားစုတွေ နတ်ဆိုးရုံးတော်ကို ဝိုင်းတိုက်လို့ နတ်ဆိုးရုံးတော်အောက်က သက်ရှိတွေ ဒုက္ခရောက်မှာကို စိတ်မဝင်စားပါဘူး။ ဂရုလည်း မစိုက်ပါဘူး။ ဟန်ကျွယ်အတွက် အရေးကြီးဆုံးက အေးအေးချမ်းချမ်း ကျင့်ကြံဖို့ပါ။ ဒီလိုကျင့်ကြံရဖို့အတွက်လည်း ဟန်ကျွယ်က ဘာမဆိုလုပ်မှာပါ။
ကောင်းကင်တာအိုအောက်မှာ သေမျိုးတွေကလွဲရင် ဘယ်လက်ကများ မသတ်ဖြတ်ဘူးလို့လဲ။
ဟန်ကျွယ်ဟာ အတွေးစကို ဖြတ်လိုက်ပြီး ဒဏ်ရာကို ဆက်ကုသပါတယ်။ ဘာပဲဖြစ်ဖြစ် နတ်ဆိုးဧကရာဇ်က အမှောင်သခင်ကြီး ဘယ်သူဆိုတာ မသိသေးတဲ့အတွက် လက်တလောမှာတော့ ဟန်ကျွယ်အတွက် ငြိမ်းချမ်းနေအုန်းမှာပါ။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ်ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လီတောက်ခုံးသည် နတ်ဆိုးဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် သင့်ရန်သူ နတ်ဆိုးဧကရာဇ် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသည်။]
[သင့်တပည့် လုံဟောင်သည် ချန်ကျောင်းတော် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၈၇၁
[သင့်မြေးတပည့် ဖန်းလျန်၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။ ထို့နောက် နှစ်ဆယ်သန်းတွင် တွေ့ရခဲလှသော နိဗ္ဗာန်ကပ်ဘေးအား ရင်ဆိုင်လိုက်ရ၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ရွှေကျီးကန်း မိသားစု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၀၀၉
[သင့်မိတ်ဆွေ ကျိုးဖန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၃၂၂၂၉၁
[သင့်မိတ်ဆွေ ကျိုးဖန်သည် အကုသိုလ်ကံ များပြားလွန်းသောကြောင့် တာအိုသတ်ဖြတ်ခြင်းသို့ ဝင်ရောက်သွားပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၀၈၇၁၂
‘နတ်ဆိုးဧကရာဇ်က ထပ်ပြီးတော့ စိတ်ရိုင်းဝင်ပြန်ပြီလား’ ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်ရဲ့ သူတို့လို တည်ရှိမှုတွေက ဝင်တိုက်ခိုက်လို့မရဘူးဆိုတဲ့ စကားကို ပြန်အမှတ်ရသွားလို့ပါပဲ။ အခု ကြည့်ရတာတော့ သူတို့အချင်းချင်း တိုက်ခိုက်လို့မရပုံပဲ ရှိပါတယ်။
ပြောစရာရှိတာဆိုလို့ နတ်ဆိုးဧကရာဇ် တိုက်ခိုက်တာကို ခံရတာတောင် မသေတာပါ။ ဒီအချက်ကို ထောက်ဆခြင်းအားဖြင့် နတ်ဆိုးဧကရာဇ်က စွမ်းအားလျော့နည်းလာတာ သိသာပါတယ်။
နတ်ဆိုးဧကရာဇ် စိတ်ရိုင်းဝင်တာက ဟန်ကျွယ်အတွက် မကောင်းတာတော့ မဟုတ်ပါဘူး။ စိတ်ရိုင်းဝင်လေလေ တိုက်ခိုက်လေလေ သေဖို့နီးကပ်လေလေပဲ မဟုတ်ပါလား။
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်ကာ ကောင်းကင်ရုံးတော်အကြောင်း မေးမြန်းလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်က မတက်နိုင်တဲ့လေသံနဲ့ ပြန်ဖြေပါတယ် “မင်းက ကောင်းကင်ရုံးတော်ကို ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ၊ အဲဒီလောက်တောင် ဂရုစိုက်နေရင် ကောင်းကင်ရုံးတော်ကို ဘာလို့ မလာတာလဲ၊ ဒါမှမဟုတ် မင်းက ကောင်းကင်ရုံးတော် ပြိုလဲမှာကို ကြောက်နေတာလား”
“ကြောက်တာပေါ့”
“ဟမ်… ကောင်းကင်ရုံးတော် ပြိုလဲဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ကောင်းကင်ရုံးတော်က အနန္တကပ်ဘေး ဘယ်နှခုကို ဖြတ်သန်းပြီးပြီလဲ၊ ဘယ်တုန်းကများ ပြိုလဲဖူးလို့လဲ၊ ဒီအနန္တကပ်ဘေးမှာ ကောင်းကင်ရုံးတော် အင်အားနည်းသွားရင်တောင် နောက်အနန္တကပ်ဘေးမှာ ကောင်းကင်ရုံးတော် အင်အားကြီးလာဖို့အတွက် ကျိန်းသေပေါက် အခွင့်အရေးရှိတယ်”
“ဘာဖြစ်လို့လဲ”
“ဘာလို့လဲဆိုတော့ ကောင်းကင်ရုံးတော်ကို တာအိုဘိုးဘေး တည်ထောင်ထားတာမို့လို့ပဲ”
“တာအိုဘိုးဘေးက ကောင်းကင်ရုံးတော်ကို ကာကွယ်နေတုန်းလား”
“အဲဒါကတော့… အဟွတ်..အဟွတ်… ငါတို့က တာအိုဘိုးဘေးကို အမြဲတမ်း ပြဿနာပေးလို့ ဘယ်ဖြစ်မလဲ”
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် လေသံကနေ ကောင်းကင်ရုံးတော်နဲ့ တာအိုဘိုးဘေးက တဖြည်းဖြည်း ဝေးကွာလာတာကို သတိထားမိလိုက်ပါတယ်။ မဟုတ်ရင် တခြားအင်အားစုတွေ အများကြီးက ကောင်းကင်ရုံးတော်ကို ဝိုင်းတိုက်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီးအင်အားစုလေးစုက ကျန်တဲ့အင်အားစုသုံးစု တိုက်ခိုက်တာကို အလှည့်ကျ ခံနေတယ်လို့ ခံစားလိုက်ရပါတယ်။
“မင်းနဲ့ ဂျိရှင်းရှန်ရဲ့ ဆက်ဆံရေးက ဘယ်လိုရှိလဲ” ကောင်းကင်ဧကရာဇ်က ရုတ်တရက် မေးလိုက်ပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ကျွန်တော် သူ့အသက်ကို ကယ်ဖူးတာဆိုတော့ ဆက်ဆံရေး ကောင်းတယ်လို့ ပြောလို့ရတယ်၊ ဘာဖြစ်လို့လဲ”
“ဒီကောင်လေးက တစ်ခုခုတော့ မဟုတ်သေးဘူး၊ သူက သေမျိုးဖြစ်နေရဲ့သားနဲ့ သူ့ကံတရား အထောက်အပံ့က ပိုပိုပြီး အားကောင်းလာတယ်၊ ဒီအတိုင်းသာ ဆက်သွားရင် မကြာခင်မှာ သူမတူတဲ့ ပါရမီရှင် ဖြစ်လာလိမ့်မယ်၊ နောက်ပြီး ကပ်ဘေးသခင် ဖြစ်လာဖို့လည်း အခွင့်အရေး အရမ်းများတယ်၊ သူသာ ဒီအနန္တကပ်ဘေးမှာ ရှင်သန်နိုင်မယ်ဆိုရင် သူ့အနာဂတ်လမ်းက ဖြောင့်ဖြူးသွားပြီ၊ ဒါပေမဲ့ ကပ်ဘေးသခင် အများစုက အနန္တကပ်ဘေးမှာ သေဆုံးကြတာ များတယ်၊ လက်တစ်ဆုပ်စာလောက်ပဲ ရှင်သန်ပြီး ကောင်းကင်တာအိုရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်လာကြတယ်”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒါဆိုရင် ဂျိရှင်းရှန်က ဒီအနန္တကပ်ဘေးကို ဖြတ်ကျောက်နိုင်တာနဲ့ ကောင်းကင်ဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓလိုမျိုး စွမ်းအားကြီး တည်ရှိမှုတစ်ခု ဖြစ်လာမယ်ပေါ့’
ဒါက တော်တော်လေး ဖြစ်နိုင်ပါတယ်။ အနန္တကပ်ဘေးမှာ ဒီလောက် ထင်ရာစိုင်းတာတောင် မသေရင် အနန္တကပ်ဘေးပြီးသွားရင် ဘယ်လိုနည်းနဲ့မှ သေနိုင်ချေရှိမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ရုတ်တရက် ခေါင်းကိုက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျိရှင်းရှန်သာ စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်သွားရင် ဟန်ကျွယ်ဆီ မကြာခဏလာပြီး ကျိန်းသေပေါက် လက်ရည်စမ်းမှာပါ။ အဲဒီအချိန်ကျရင် ဟန်ကျွယ်က ဂျိရှင်းရှန်ကို မသတ်နိုင်တဲ့အတွက် တော်တော်လေးကို စိတ်ဒုက္ခရောက်ရမှာပါ။
‘အဟွတ်..အဟွတ်… ငါ့အတွေးက တော်တော်လေးကို ရှေ့ရောက်နေပြီ’
ဟန်ကျွယ်က သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ် “အရှင်မင်းကြီး… အရှင်မင်းကြီးရဲ့ ကျင့်ကြံမှုနဲ့ ဒီအနန္တကပ်ဘေးက ဘယ်လောက်ထိ ကြာမယ်လို့ ထင်လဲ”
ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “ကပ်ဘေးထိပ်ဆုံးကို ရောက်ရင် အနန္တကမ္ဘာကို အကုသိုလ်ကံတွေကို လွှမ်းမိုးသွားလိမ့်မယ်၊ အဲဒီတော့မှ အနန္တကပ်ဘေးက တကယ်စမှာ၊ အခုက ပြင်ဆင်တဲ့အဆင့်ပဲ ရှိသေးတယ်”
ဟန်ကျွယ်ဟာ ပြောစရာစကား မရှိတော့ပါဘူး ‘ပြင်ဆင်တဲ့အဆင့်… ငရဲပြည်က ပျက်စီးလုနီး ဖြစ်တော့မယ်’
ဟန်ကျွယ်ဟာ ကျို့ယိုငရဲ ပွင့်သွားကတည်းက ငရဲပြည်မှာ တစ်ခုခုမှားနေတယ်လို့ သိသိသာသာကြီး ခံစားခဲ့ရပါတယ်။ ရန်ငြိုးရန်စတွေက ပိုမိုများပြားလာပြီး အကုသိုလ်ကံအဖြစ် ပြောင်းလဲကုန်တာကြောင့် မကြာခင်မှာ ငရဲပြည်တစ်ခုလုံး အကုသိုလ်ကံတွေနဲ့ ပြည့်နှက်ကုန်မှာပါ။ အဲဒီအချိန်ကျရင် ဟန်ကျွယ် အပြင်ဘက်ကို ခြေတစ်လှမ်းထွက်တာနဲ့ အနန္တကပ်ဘေးထဲ ဝင်သွားဖို့ အရမ်းများပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်နဲ့ စကားနည်းနည်း ထပ်ပြောပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအကြောင်း မေးမြန်းကာ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်လည်း ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
အခုအချိန်မှာ ဟန်ကျွယ်ဟာ ဧကရာဇ်အဆင့်က အရမ်းအားနည်းတယ်လို့ ခံစားနေရတာကြောင့် နတ်မင်းအဆင့်ကို အမြန်ဆုံး ရောက်ရှိဖို့အတွက် ကျားကုတ်ကျားခဲ ကျင့်ကြံအားထုတ်ပါတယ်။ နတ်မင်းအဆင့်ကို ရောက်သွားရင် ဟန်ကျွယ် သေဖို့က အတော်လေး ခက်သွားပါပြီ။ ဥပမာပေးရရင် လီရွှမ်အောက်က မိုးလောက်ဘဝမြင့်ပြီး ကောင်းကင်တာအိုလို မောက်မာနေပေမဲ့ ဘယ်သူမှ သူ့ကို မသတ်နိုင်သလိုပေါ့။
ကောင်းကင်ရုံးတော်၊ ကောင်းကင်မြစ်။
ဂျိရှင်းရှန်ဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ဂျိရှင်းရှန်ဘေးမှာတော့ ရက်စက် ကြောက်မက်ဖွယ်ကောင်းတဲ့ လှံတစ်စင်းဟာ ထောင်လျက် ရှိနေပါတယ်။ လှံသွားက လှံတစ်ချောင်းလုံးရဲ့ သုံးပုံတစ်ပုံကို နေရာယူထားပြီး မြွေလိုကောက်ကွေးကာ စူးရှအေးစက်လှပါတယ်။
ဂျိရှင်းရှန်ဆီကို လူတစ်ယောက် ပျံသန်းလာပါတယ်။ ဒီလူကတော့ ဖန်းလျန်ပါ။ ဖန်းလျန်ဟာ အပြုံးနဲ့ နှုတ်ဆက်လိုက်ပါတယ် “မတွေ့ရတာ ကြာပြီနော်”
ဂျိရှင်းရှန်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဖန်းလျန်ကို စိုက်ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မတ်တတ်ရပ်ပြီး ပြုံးလိုက်ပါတယ် “မင်းက အသက်ရှင်နေသေးတာပဲ”
ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ ကမ္ဘာတစ်ခုကို အတူတူခရီးသွားဖူးတာကြောင့် ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု ရှိပါတယ်။ ဂျိရှင်းရှန်ဟာ ဖန်းလျန်က ပြောင်းလဲဿွားပြီး ပိုပြီးအသက်ကြီးသွားတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါ့အပြင် ဂျိရှင်းရှန်ဟာ ဖန်းလျန်ကို ထိုးဖောက် မမြင်နိုင်တော့ပါဘူး။
အခုလက်ရှိ ဖန်းလျန်ဟာ အရင်တုန်းက ငယ်ရွယ်ချောမောတဲ့ လူငယ်လေးတစ်ယောက် မဟုတ်တော့ပါဘူး။ ဆံပင်တွေက နည်နည်းရှုပ်ပွနေပြီး မျက်လုံးထဲမှာလည်း ဝမ်းနည်းမှု အရိပ်အယောင်တွေ လွှမ်းမိုးနေပါတယ်။
“ငါ သုံးလေးခါလောက် သေသွားတယ်၊ ကံကောင်းလို့သာ အသက်ပြန်ရှင်နိုင်တာ၊ မင်းရော ဘယ်လိုနေလဲ” ဖန်းလျန်က မပြုံးတပြုံးနဲ့ မေးလိုက်ပါတယ်။
ဂျိရှင်းရှန်လည်း ပြုံးလိုက်ပါတယ် “ငါလည်း သုံးလေးခါလောက် သေတာပဲ၊ ဒါပေမဲ့ အခုထိ အသက်ရှင်နေတုန်း”
ဖန်းလျန်နဲ့ ဂျိရှင်းရှန်ရဲ့ မျက်လုံးတွေဟာ ထိပ်တိုက်တွေ့သွားကြပြီး တစ်ဖက်လူက ဘာတွေကြုံတွေ့ခဲ့ရလဲ ဆိုတာကို အချင်းချင်း နားလည်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မသနားဘဲ မနေနိုင်ကြပါဘူး။
ဂျိရှင်းရှန်ဟာ ဖန်းလျန်ကို ထိုင်ဖို့နေရာပေးလိုက်ပါတယ်။ အဲဒီနောက် ဖန်းလျန်နဲ့ ဂျိရှင်းရှန်ဟာ သူတို့ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောင်း ပြောပြကြပါတယ်။ ဒါပေမဲ့ သူတို့အခွင့်အရေးတွေကိုတော့ ထုတ်မပြောဘဲ ဖုံးကွယ်ထားကြပါတယ်။
လေးငါးခြောက်နာရီ အကြာမှာတော့ ဂျိရှင်းရှန်က ပြောလိုက်ပါတယ် “ဖန်းလျန်… အနန္တကပ်ဘေးက စတင်ခဲ့ပြီးပြီ၊ ဒီဟာက ငါတို့အတွက် အခွင့်အရေးပဲ၊ ငါတို့တွေ ပူးပေါင်းပြီး ဘာလို့ ကံတရား အထောက်အပံ့အတွက် မတိုက်ခိုက်ရမှာလဲ၊ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးလို့ ရတာပေါ့”
ဖန်းလျန်က ထောက်ခံလိုက်ပါတယ် “ကောင်းပြီ၊ ငါလည်း ဒီတစ်ခါ ထွက်ပြေးဖို့ မစဉ်းစားထားဘူး၊ အတူတူ တိုက်ခိုက်ကြရအောင်”
အဲဒီနောက် ဖန်းလျန်နဲ့ ဂျိရှင်းရှန်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်ကြပါတယ်။ ဘဝမှာ စိတ်တူကိုယ်တူလူကို ရှာတွေ့ဖို့က ခက်ခဲလှတယ် မဟုတ်ပါလား။
ဒီလိုနဲ့ နှစ်ငါးဆယ်ဟာ လျင်မြန်စွာပဲ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ရန်သူတိုက်ခိုက်တာ မခံရတော့ပေမဲ့ သတိကိုတော့ မချပါဘူး။ တစ်ခါ တိုက်ခိုက်ခံရတဲ့အတွက် ဒုတိယအကြိမ် တိုက်ခိုက်ခံရမှာကို မလွဲဧကန်ပါပဲ။ အချိန် အနည်းနဲ့ အများပဲ ကွာခြားပါတယ်။ အနာဂတ်မှာရှိတဲ့ ရန်သူတွေကလည်း အချိန်ကိုဖြတ်သန်းပြီး ဟန်ကျွယ်ဆီ ရောက်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သတိကြီးကြီးထားပြီး တာအိုစက်ကွင်းထဲမှာပဲ နေထိုင်ပါတယ်။
တစ်နေ့မှာတော့ ဟန်ကျွယ်ဟာ သူ့တပည့်တွေ အကုန်လုံးကို ဖူစန်းသစ်ပင်အောက်မှာ စုစည်းပြီး တာအိုဟောကြားပါတယ်။
လွီဟွာရွှီဟာ ဟန်ကျွယ် တာအိုဟောကြားတာကို ပထမဆုံးအကြိမ် နားထောင်ဖူးတာမို့ စိတ်ဝင်တစား ရှိလှပါတယ်။ လွီဟွာရွှီ တိတ်ဆိတ်ကျွန်းကို မလာခင်မှာ ဝတ်ရုံဖြူဗုဒ္ဓက ဟန်ကျွယ်အကြောင်းကို လေပေါ်မြှောက်ပြီး ပြောထားပြီးသားပါ။ လွီဟွာရွှီ တိတ်ဆိတ်ကျွန်းကို ရောက်တဲ့အခါမှာတော့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေရဲ့ မြှောက်လုံးတွေကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို ပိုပြီးတော့ စိတ်ဝင်စားသွားပါတယ်။
စန့်ရှီကလည်း ဟန်ကျွယ် တာအိုဟောကြားတာကို တော်တော်လေး မျှော်လင့်ထားပါတယ်။ စန့်ရှီဟာ နတ်မင်းအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့တာဖြစ်တဲ့အတွက် ဟန်ကျွယ် တာအိုဟောကြားတာကနေ အခွင့်အရေးတစ်ခုရဖို့ မျှော်လင့်နေတာပါ။
ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုဟာ ငါးနှစ် ကြာမြင့်ပါတယ်။ တပည့်အကုန်လုံးကလည်း ရသင့်သလောက် ရသွားကြပါတယ်။ တပည့်တချို့ကတော့ တစ်ခါတည်း အဆင့်ထိုးဖောက်သွားကြပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့တပည့်တွေကို တစ်ယောက်ချင်း မေးခွန်း မေးခိုင်းပါတယ်။
တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်ကျွန်းကောင်းကင်ယံ နွေဦးပင်လယ်အထက် မိုင်သန်းနှစ်ဆယ် အကွာလောက်မှာ ရပ်တည်နေတဲ့ လူတစ်ယောက်က အောက်ငုံ့ကြည့်လိုက်ပါတယ်။ သူ့တစ်ကိုယ်လုံးက အရိပ်တစ်ခုလိုပဲ မည်းနက်နေပါတယ်။
“ထူးဆန်းလိုက်တာ၊ ကောင်းကင်လျှို့ဝှက်ချက်အရ အဲဒါက နွေဦးပင်လယ်ထဲမှာပဲ၊ ဒါပေမဲ့ ဒီနေရာမှာ ဘာမှလည်း မရှိဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 335
? Views, Released on December 5, 2024