Chapter – 21
“ဧကရာဇ်၏ ဓားသွား”
ကိုယ်ရံတော်နှစ်ယောက်သည်ရဲရှောင်၏ စူးရှသော အကြည့်များအောက်တွင်ဇောချွေးပျံလျက်ရှိသည်။ သူတို့သည်ရဲရှောင်အားအော်ဟစ်ဆဲဆိုလိုက်ချင်သော်လည်း စကားသံများသည်လည်ပင်းဝသို့ရောက်ရှိချိန်မှာပင်ပျောက်ကွယ်သွားလေသည်။
ရဲရှောင်၏ ပုံစံသည်ကောင်းကင်ပေါ်မှ နတ်ဘုရားတစ်ပါး၏ ပုံစံနှင့်ပင်တူနေပါသည်။ ရဲရှောင်၏ တည်ကြည်ခန့်ညားသော အသွင်အပြင် အရှိန်အဝါအား ကြည့်ရင်း ကိုယ်ရံတော်နှစ်ယောက်သည်တုန်လှုပ်နေကြ၏။
အချိန်အတော်ကြာ ငြိမ်သက်နေကြပြီးနောက်နောက်ဆုံးတွင်ကိုယ်ရံတော်နှစ်ယောက်သည်ရဲရှောင်အားမဝံ့မရဲဖြင့်ပင်ပြောလိုက်ကြသည်။
“ရဲရှောင်မင်းရူးနေလား။သေမင်းတံခါးဝနားရောက်နေတာတောင်ဒီလို မာန်တက်နေတဲ့လေသံမျိုးနဲ့ပြောရဲသေးတယ်”
ရဲရှောင်ခေါင်းညိတ်လိုက်ပြီး တည်ကြည်လေးနက်စွာဖြင့်ပြုံးလိုက်ရင်း ပြန်ပြောလိုက်လေသည်။
“ကောင်းပါပြီ။ကောင်းပါပြီ။ ဒါဆို ငါ့ကိုသေမင်းဆီ မြန်မြန်ပို့ပေးလို့ရမလား”
ထိုအချိန်တွင်ရဲရှောင်တို့နောက်သို့ လိုက်လာသည့်မူရှန်ဘိုင်သည်သူတို့သုံးဦးရှိရာသို့ရောက်ရှိလာလေသည်။ ရဲရှောင်အား မြင်လိုက်ရသောအခါ မူရှန်ဘိုင်သည်ဒေါသအလွန်အမင်းထွက်သွားပြီး မျက်ထောင့်နီကြီးဖြင့်ကြည့်ရင်း သူ၏ ကိုယ်ရံတော်များအား အမိန့်ပေးလိုက်၏။
“မင်းတို့ကောင်တွေ ဘာကိုစောင့်နေကြတာလဲ။ အဲဒီကောင်ကို သတ်လိုက်ကြတော့”
သူတို့ သခင်၏ အမိန့်ပေးသံကြားလိုက်ရသောအခါ ကိုယ်ရံတော်များသည်တွေဝေတုန့်ဆိုင်းမနေရဲတော့ဘဲ ရဲရှောင်အား တိုက်ခိုက်ရန်ပြင်လိုက်ကြသည်။ အကယ်၍ သူတို့အနေဖြင့်ဆက်ပြီး တုန့်ဆိုင်းနေမည်ဆိုလျှင်သူတို့သခင်၏ အပြစ်ပေးခြင်းကို ခံရပေဦးမည်။ ထို့ကြောင့်ချက်ချင်းဆိုသလိုပင်သူတို့၏ဓားများအား ပြိုင်တူ ထုတ်လိုက်ကြပေသည်။
ရဲရှောင်ကိုယ်ရံတော်များ၏ ဓားများအား ကြည့်ရင်း ဟားတိုက်ရယ်မောကာပြောလိုက်၏။
“ငါလိုလူမျိုးက အပိုစကားတွေ မပြောတတ်ဘူး။နောက်မှ ငါ့ဆီက ခွင့်လွှတ်မှုကို လာမတောင်းဆိုနဲ့ မရတော့ဘူး။ ဒီလို အခြေအနေမျိုးမှာ ငါနဲ့ လာတွေ့တာကိုက မင်းတို့ရဲ့ ကံကြမ္မာပဲ။သေခြင်းတရားဆီကို မြန်မြန်ရောက်အောင်ငါပို့ပေးမယ်။ မင်းတို့ကောင်တွေရဲ့ အသက်ကို ဖက်နဲ့သာထုပ်ထားကြတော့”
ကိုယ်ရံတော်များသည်သူတို့၏ ဝိညာဉ်တော်ချီဓာတ်များအား ဓားအတွင်းသို့ပေါင်းစပ်လိုက်သောအခါ ဓားများသည်အရောင်တလက်လက်ဖြင့်ပင်တောက်ပသွားလေသည်။
ကိုယ်ရံတော်များအနေဖြင့်ရဲရှောင်မှ သူတို့အား သက်ညှာမှုမရှိဘဲ ရက်ရက်စက်စက်ပင်သတ်ပစ်နိုင်သည်ကို သိနေကြသည်။ ရဲရှောင်၏ အကြည့်များနှင့်အပြုံးများက သက်သေပင်။ ထို့ကြောင့်သူတို့ဘက်မှလည်း သူသေကိုယ်သေတိုက်ရန်ဆုံးဖြတ်လိုက်ကြပြီး ရဲရှောင်ထံသို့ ဓားများဖြင့်ပြေးဝင်၍ခုတ်လိုက်ကြသည်။
ရဲရှောင်သည်သူထံသို့ပြေးဝင်လာသည့်ဓားချက်များအား တစ်ပတ်လည်ကာ ခုန်ရှောင်လိုက်ပြီး ကိုယ်ရံတော်တစ်ယောက်၏ လက်ကောက်ဝတ်အား ရိုက်ချလိုက်သည်။
သူ၏ ပြုမှုလှုပ်ရှားမှုသည်အလွန်မှပင်နှေးကွေးသည့်အတွက်သာမန်လူတစ်ယောက်ပင်သူ၏ လှုပ်ရှားမှုအတိုင်း လုပ်နိုင်ပေသည်။
သို့သော်အရိုက်ခံလိုက်ရသည့်ကိုယ်ရံတော်မှာမူ ထိုလှုပ်ရှားမှုအား ကာကွယ်နိုင်ခဲ့ခြင်းမရှိဘဲ သူ၏ လက်တွင်ကိုင်ဆောင်ထားသည့်ဓားပင်လွတ်ကျသွားခဲ့ရသည်။
ဓားသည်ရဲရှောင်၏ လက်အား ခုတ်လုနီးပါးပင်ဖြစ်သွားခဲ့သည်။
ရဲရှောင်သည်ကိုယ်ရံတော်၏ လက်ထဲမှ ဓားအား လွတ်ကျသွားစေရန်အတွက်သူ၏ လက်တစ်ဖက်ဖြင့်ထိုသူ၏ လက်ကောက်ဝတ်အား ရိုက်ချခဲ့ပြီးမြေပြင်ပေါ်သို့ ဓားလွတ်ကျသွားသည့် အချိန်တွင် ဓားအား သူ၏ အခြားလက်တစ်ဖက်ဖြင့်ဖမ်း၍ ဆုပ်ကိုင်လိုက်သည်။
ထို့နောက်သူ၏ လက်ထဲသို့ရောက်ရှိလာသည့်ဓားဖြင့်ကိုယ်ရံတော်များအား ပြန်လည်၍ တိုက်ခိုက်လိုက်လေသည်။ ရဲရှောင်၏ လက်ထဲရှိ ဓားသည်မှောင်မည်းနေသောကောင်းကင်တွင်တောက်ပနေသော ကြယ်များကဲ့သို့ပင်အရောင်တလက်လက်ဖြင့်ပင်တောက်ပနေပေသည်။
ဓားအား ကိုင်ဆောင်ထားသည့်ရဲရှောင်၏ ပုံစံသည်ဟိတ်ဟန်အပြည့်ဖြင့်အလွန်တရာမှပင်ခန့်ညားနေလေသည်။
ဓားသွားရာ လမ်းကြောင်းတစ်လျှောက်တွင်အလင်းရောင်များသည်မျက်စိကျိန်းစပ်လောက်အောင်ပင်ဖြာထွက်လျက်ရှိ၏။ ဓားအား ကျွမ်းကျင်စွာ ကိုင်နိုင်သည့်ရဲရှောင်၏ ပုံစံအားကြည့်၍ ကိုယ်ရံတော်များသည်ကြောက်ရွံ့ထိတ်လန့်နေကြသည်။
ကြောက်ရွံ့မှုနှင့်အတူ ရဲရှောင်၏ ဓားရေးကျွမ်းကျင်မှုအား ကြည့်၍ အားကျနေကြလေသည်။
ရဲရှောင်ကဲ့သို့ ဓားအား ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်နိုင်သည့်အရည်အချင်းမျိုးအား သူတို့ထံတွင်လည်း ရှိလျှင်ကောင်းပေစွဟုပင်စိတ်ထဲမှ ကြိတ်၍တွေးလိုက်ကြ၏။
ရဲရှောင်၏ ပုံစံအားကြည့်၍ သူတို့၏ အခြေအနေအား ရိပ်မိကြလေသည်။ ရဲရှောင်ကိုင်ဆောင်ထားသည့်ဓားအောက်တွင်သူတို့၏ အသက်များကို စတေးပစ်ရတော့မည်လော။
ရဲရှောင်သည် သူ၏ လက်ထဲတွင် တလက်လက် တောက်ပနေသော ဓားဖြင့် ကိုယ်ရံတော်နှစ်ဦးအား ရက်ရက်စက်စက်ပင် ခုတ်ပိုင်းလိုက်သည်။ ကိုယ်ရံတော်နှစ်ဦး၏ ခန္ဓာကိုယ်မှသွေးများသည်ရေပန်းမှရေများ ပန်းထွက်လာသကဲ့သို့ပင်ဖြာထွက်သွားခဲ့သည်။သွေးများသည်ဘေးနားရှိ သစ်ပင်များကိုသာမကမြေပြင်ပေါ်တွင်ပါမြင်မကောင်းအောင်ပင်စွန်းထင်းသွားလေသည်။
ကိုယ်ရံတော်နှစ်ဦးသည်သေခြင်းတရားနှင့်ထိပ်တိုက်ရင်ဆိုင်လိုက်ရသောအခါသေငယ်ဇောဖြင့်သူတို့၏မျက်နှာများသည်ကြောက်ရွံ့ထိတ်လန့်မှုများဖြင့်ပြည့်နှက်သွားပြီး မျက်လုံးကြီးများပင်ပြူးထွက်သွားကြလေသည်။ ထို့နောက်သူတို့နှစ်ဦးစလုံးသည်မြေကြီးပေါ်သို့ တဖြည်းဖြည်း လဲကျသွားပါတော့သည်။
သူတို့၏ ခန္ဓာကိုယ်နှင့်မြေပြင်ရိုက်ခတ်မှုကြောင့်”ဘုန်း” ဆိုသည့်အသံပင်မြည်သွားပြီး ဖုန်များပင်ထသွားခဲ့လေသည်။
…………………..
ရဲရှောင်အသုံးပြုခဲ့သည့်ဓားတိုက်ကွက်သည်သူ၏ ယခင်ဘဝ ချင်းရန်နယ်ပယ်တွင်အသုံးပြုခဲ့သည်ဧကရာဇ်ဓားတိုက်ကွက်ပင်ဖြစ်သည်။
ရဲရှောင်ဧကရာဇ်ဘဝတုန်းက သူ၏ ဓားဖြင့်အသက်ပေါင်းများစွာကို နှုတ်ယူပစ်ခဲ့သည်။ သူ၏ ဓားချက်အောက်တွင်ထောင်ပေါင်းများစွာသော ရန်သူများသေဆုံးခဲ့ရသည်။ မီးပြတိုက်တစ်ခုမှ ထွက်ပေါ်လာသည့်မီးအလင်းရောင်တန်းလေး တစ်ခုသည် မိုင်ပေါင်းများစွာအထိ ထွန်းလင်းနိုင်သကဲ့သို့ပင်ရှောင်ဧကရာဇ်သည်သူ၏ ဓားတစ်ချောင်းတည်းဖြင့်ရန်သူပေါင်းမြောက်များစွာကို သနားညှာတာမှုမရှိဘဲ ရက်ရက်စက်စက်ဖြင့်ပင်သတ်ပစ်နိုင်ခဲ့ပေသည်။
ဧကရာဇ်ဓားတိုက်ကွက်နှင့်ကြုံတွေ့ရသည့်မည်သည့်ရန်သူမဆို အသက်ရှင်လျက်လွတ်မြောက်နိုင်မည်မဟုတ်ချေ။
…………………..
ဓားတစ်ချောင်းတည်းဖြင့်ကိုယ်ရံတော်နှစ်ဦး၏ အသက်အား တပြိုင်တည်းပင်နှုတ်ယူလိုက်လေသည်။
မူရှန်ဘိုင်သည်အလွန်အမင်းပင်တုန်လှုပ်သွားသောကြောင့်သူ၏ မျက်လုံးများသည်ကျွတ်ကျသွားမတတ်ပင်ပြူးထွက်သွားသည်။ သူသည်ရဲရှောင်အား ပါးစပ်အဟောင်းသားဖြင့်ပင်ကြည့်လိုက်ရင်းကြောက်ရွံ့စိတ်ကြောင့်နှလုံးခုန်သံများပင်ရပ်တန့်သွားမတတ်ခံစားလိုက်ရ၏။
မူရှန်ဘိုင်သည်ကြောက်အားလွန်ကြီးသွား၍ ထွက်ပြေးဖို့ပင်မေ့လျော့နေခဲ့သည်။ သူသည်ရဲရှောင်အား ကြည့်ရင်းတွေးလိုက်မိသည်။
“ဝမ်ရှောင်နမ်ငါ့ကိုပြောခဲ့တာ ဒီလိုမဟုတ်ပါဘူး။ သူပြောတာ ရဲရှောင်ဆိုတဲ့ကောင်က ဘာမှသုံးစားမရတဲ့ကောင်၊ မိန်းကလေးတစ်ယောက်လိုပဲ နွဲ့တဲ့တဲ့နဲ့ ဘာကိုမှ လက်ကြောတင်းအောင်မလုပ်နိုင်တဲ့ကောင်တဲ့။ အခုကြ သူ ဒီလို အဆင့်မြင့်တဲ့ သိုင်းပညာကို ဘယ်လိုတတ်နေတာလဲ။ ငါ့ရဲ့မော်တယ်အဆင့်ရှိတဲ့ ကိုယ်ရံတော်နှစ်ယောက်ကို သူ့ရဲ့ ဓားချက်တစ်ချက်တည်းနဲ့ ကြက်ကလေးဌက်ကလေး သတ်သလိုလွယ်လွယ်ကူကူနဲ့ကို သတ်သွားလိုက်တာ။ သူ့လိုကောင်မျိုးက ဘယ်လိုတောင်လုပ်လိုက်တာလဲ။ မင်းငါ့ကိုနောက်လိုက်တာလား ဝမ်ရှောင်နမ်။ မင်းငါ့ကိုသေစေချင်နေလို့ တမင်ချောက်တွန်းလိုက်တာလား”
မူရှန်ဘိုင်၏ခေါင်းထဲတွင်နားမလည်ခြင်းပေါင်းများစွာဖြင့်ရှုပ်ထွေးလျက်ပင်ရှိသည်။
သူတွေးရင်းတွေးရင်းဖြင့်ပင်ဝမ်ရှောင်နမ်အား နုပ်နုပ်စဉ်းပစ်ချင်သည့်စိတ်သည်တဖွားဖွားပေါ်ပေါက်လာလေသည်။
ရဲရှောင်သည်သူ၏ လက်နှစ်ချောင်းတည်းဖြင့်ဓားအားအောက်စိုက်လျက်ကိုင်ထားသောကြောင့်ဓားဖျားမှသွေးများသည်မြေပြင်ပေါ်သို့ တစ်စက်စက်ဖြင့်ကျနေကြသည်။ သူသည်မူရှန်ဘိုင်အား စိုက်ကြည့်ရင်းပြောလိုက်လေသည်။
“ဒီနေ့က မင်းအတွက်အတော်ကို ခက်ခဲကြမ်းတမ်းတဲ့နေ့ပဲ”
မူရှန်ဘိုင်သည်ရဲရှောင်အားကြည့်ရင်းခြေဖျားလက်ဖျားများပင်အေးစက်လာပြီး စကားတစ်လုံးမှ ပြန်မပြောနိုင်တော့ချေ။
ရဲရှောင်ခေါင်းအား ခါယမ်းလိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်ကာပြောလိုက်သည်။
“ဒီဘဝမှာ လူသတ်တာ ဒါ ငါ့အတွက်ပထမဦးဆုံးအကြိမ်ပဲ။ ဒါပေမယ့်မကြာခင်မှာ နောက်တစ်ယောက်ကို ထပ်သတ်ရလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့မိဘူး”
မူရှန်ဘိုင်သည်ရဲရှောင်အား တုန်ရီကွဲအက်သော အသံဖြင့်မေးလိုက်လေသည်။
“မကြာခင်. . . ဟုတ်လား”
ရဲရှောင်သည်ပြုံးလိုက်ရင်း မူရှန်ဘိုင်အား ကြည့်၍ပြောလိုက်သည်။
“ဟုတ်တယ်။ မင်းပြောတာ ဟုတ်တယ်။ ငါ့ဘဝမှာအစောနကလိုမျိုး မကြာခင်အချိန်မှာ လူထပ်သတ်ရမယ်လို့မျှော်ကို မမျှော်လင့်ထားဘူး . . .”
ရဲရှောင်၏ မျက်နှာပေါ်တွင်ပြောရင်ပြောတဲ့အတိုင်း လုပ်မည့်ပုံရိပ်များသည်သံသယဝင်စရာမလိုအောင်ပင်အထင်သားပေါ်နေလေသည်။
မူရှန်ဘိုင်သည်ရဲရှောင်၏ ပုံစံအား ကြည့်ရင်းသွေးပျက်မတတ်ပင်တုန်လှုပ်ခြောက်ခြားနေခဲ့သည်။
ရဲရှောင်မူရှန်ဘိုင်၏သွေးပျက်နေသည့်အမူအယာအားကြည့်ရင်း တစ်ချက်ပြုံးလိုက်ကာပြောလိုက်၏။
“မင်း ငါ့နောက်ကို လိုက်လာရတာ အတော်ကိုခြေကုန်လက်ပမ်းကျပြီး ပင်ပန်းနေမှာပဲ။ ဒါပေမယ့်အသက်ရှင်နေရတာ မင်းဘဝအတွက်ပိုပင်ပန်းစေတယ်”
မူရှန်ဘိုင်သည်ရဲရှောင်ပြောလိုက်သည့်စကားများကြောင့်ပို၍ကြောက်ရွံ့လာပြီး ဒူးများပင်တုန်လာလေသည်။ ထို့နောက်အသက်ပြင်းပြင်းတစ်ချက်ရှူ လိုက်ရင်း ရဲရှောင်အားပြောလိုက်သည်။
“ရဲရှောင်မင်းမှာ ငါ့ကို သတ်ရဲတဲ့ သတ္တိမရှိဘူးဆိုတာ ငါသိတယ်”
ရဲရှောင်သည်မူရှန်ဘိုင်အား သူ၏ မျက်လုံးများမှေးစဉ်းသွားမတတ်ပင်ကြည့်လိုက်ရင်း –
” ဘာအတွက် မသတ်ရဲရမှာလဲ။ မင်းက ဘာကောင်မလို့လဲ။ မင်းရဲ့ မျိုးရိုးကြောင့်လား။ ဒါမှ မဟုတ်မင်းရဲ့နောက်ခံအင်အားတွေကြောင့်လား”
ရဲရှောင်သည်မူရှန်ဘိုင်အားအေးစက်စက်ဖြင့်ပင်ကြည့်ရင်း ထပ်မံ၍ပြောလိုက်သည်။
” အဲ ဒါတွေအကုန်လုံးက ငါ့အပေါ်ဘာအကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး”
ရဲရှောင်သည်သွေးများပေကျံနေသည့်ဓားအား ကြည့်လိုက်ရင်း –
“နောက်ပြီး ဒီဓားအပေါ်မှာရော ဘာအကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး”
မူရှန်ဘိုင်အံတစ်ချက်ကြိတ်လိုက်ရင်း –
“ငါက မူမျိုးနွယ်စုထဲက မူရှန်ဘိုင်ပဲ။ ငါ့နာမည်က မူရှန်ဘိုင်. . .”
ရဲရှောင်သည်မူရှန်ဘိုင်ပြောသည့်စကားအား မကြားရသည့်ပုံစံဖြင့်ရှေ့သို့တိုးသွားလိုက်ရင်း ခနဲ့တဲ့တဲ့လေသံမျိုးဖြင့်ပြောလိုက်၏။
“ဟမ် . . . ဟုတ်လား . . . ငါဖြင့်တစ်ခါမှတောင်မကြားဖူးဘူး”
“ငါက အိမ်ရှေ့မင်းသားရဲ့ယောက်ဖပဲ။ ငါက သူ့ကြင်ယာတော်ရဲ့ အစ်ကိုအကြီးဆုံးပဲ”
မူရှန်ဘိုင်၏ မျက်နှာတစ်ခုလုံးတွင်ချွေးသီးချွေးပေါက်များ ကျလျက်ရှိသည်။ ရဲရှောင်သည်သူ့အနားသို့ တိုးလာသောကြောင့်သူ၏ခြေလှမ်းများအားနောက်သို့ဆုတ်ရင်းပြောလိုက်၏။
“တကယ်လို့ မင်းငါ့ကို သတ်လိုက်ရင်မင်းတို့ရဲ့ မိသားစုတွေအကုန်လုံး မင်းကြောင့်ဒုက္ခရောက်ကုန်လိမ့်မယ်။ ဒါပေမယ့်မင်းဒီနေ့ ငါ့ကို မသတ်ဘဲ လွှတ်ပေးလိုက်ရင်. . . ငါကတိပေးတယ်မင်းကို ချမ်းသာအောင်ပိုက်ဆံတွေအများကြီးပေးမယ်နောက်ပြီး အုပ်ချုပ်ရေးပိုင်းဘက်မှာ ရာထူးကြီးကြီးရအောင်ကို လုပ်ပေးမယ်”
ရဲရှောင်မျက်မှောင်ကြုပ်လိုက်ပြီး အတော်အတန်ကြာ စဉ်းစားလိုက်ပြီးနောက်မူရှန်ဘိုင်အားမေးလိုက်သည်။
“ခင်ဗျားအရင်က ကျုပ်ကို သိလား”
“ဟင့်အင်း . . . ငါ မင်းကို မသိဘူး”
မူရှန်ဘိုင်သူ၏ခေါင်းအား ခါယမ်းပြလိုက်ရင်း ပြန်ဖြေလိုက်၏။
“ငါနဲ့မင်းနဲ့ကြားမှာ ဘာရန်ညှိုးမှလည်း မရှိဘူး။ အဲ ဒါတောင်မင်းကငါ့ကို သတ်ပစ်မလို့လား”
“ဘာမှ မရှိဘူး . . . ဟုတ်လား”
ရဲရှောင်မျက်မှောင်ကုပ်လိုက်ရင်း –
“ဒါဆို ခင်ဗျား ကျုပ်ကို ဘာလို့ ပြသာနာရှာတာလဲ”
ရဲရှောင်ပြသာနာ၏ ဇစ်မြစ်အား စဉ်းစားလေ စိတ်ရှုပ်လေပင်ဖြစ်နေလေသည်။
“ဝမ်ရှောင်နမ်။ ဒါတွေအကုန်လုံးက ဝမ်ရှောင်နမ်ကြောင့်ပဲ”
မူရှန်ဘိုင်သည်ဝမ်ရှောင်နမ်၏ နာမည်အားရေရွတ်ပြောဆိုလိုက်သည့်အတွက်သူ၏ဒေါသများ နောက်တစ်ကြိမ်ပင်ထွက်လာခဲ့သည်။
” အဲဒီခွေးမသား . . . သူ . . . သူ . . . သူက မင်းကို နာကျည်းနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီက ပစ္စည်းတစ်ခုကို မင်းက လုယူသွားလို့တဲ့။ ဒီနေ့ သူက ငါ့ကို အဲဒီအကြောင်းပြောပြနေရင်းလမ်းမှာ မင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့တာပဲ။ အဲ ဒါနဲ့ သူက ငါ့ကိုမြှောက်ပေးတာနဲ့ပဲ ငါ . . . ငါ . . .”
“အိုးး . . . ဟိုး . . . ဟိုး”
ရဲရှောင်ဖြစ်ကြောင်းကုန်စင်အား ဇာတ်ရည်လည်သွားလေသည်။
“ဒါဆို တရားခံက ဝမ်ရှောင်နမ်ပေါ့။ သူ့ကြောင့်ခင်ဗျားက ကျုပ်နောက်ကို လိုက်ခဲ့တာပေါ့လေ။ ခင်ဗျား ကျုပ်ကို အနိုင်ကျင့်ဖို့ လုပ်ခဲ့တယ်။ အဆိုးဆုံးက ခင်ဗျား ကျုပ်ကို သတ်ဖို့တောင်ကြိုးစားခဲ့သေးတာပဲ။ ဟုတ်တယ်မှတ်လား”
မူရှန်ဘိုင်သည်ကြောက်လန့်တကြားဖြင့်ပင်-
“မ . . . မဟုတ်. . . မဟုတ်ပါဘူး . . .”
ရဲရှောင်မူရှန်ဘိုင်ပြန်ဖြေသည့်စကားအား မကြားသလိုပင်လျစ်လျူရှုလိုက်ရင်း ဆက်၍ပြောလိုက်သည်။
“ပြီးခဲ့တဲ့ ရက်တွေတုန်းက ကျုပ်အဆိပ်မိခဲ့သေးတယ်။ အဲဒီကိစ္စ ခင်ဗျားသိလား မသိဘူးလား”
မူရှန်ဘိုင်ရဲရှောင်မေးလိုက်သည့်မေးခွန်းအား နားမလည်၍ စိတ်ရှုပ်သွားဟန်ဖြင့်-
“အဆိပ်. . . ဟုတ်လား။ကျေးဇူးပြုပြီး ငါ့ကိုအထင်မလွဲပါနဲ့။ အဲဒီကိစ္စ ငါမသိဘူး”
ရဲရှောင်မူရှန်ဘိုင်၏ မျက်လုံးများအား တည့်တည့်စိုက်ကြည့်ရင်း မျက်မှောင်ကြုပ်လိုက်ကာမေးလိုက်၏။
“ဒါဆို ခင်ဗျားမဟုတ်ဘူးပေါ့။ ခင်ဗျား ဘာမှ မသိဘူးလား”
မူရှန်ဘိုင်အား စိုက်ကြည့်လိုက်ရင်း ရဲရှောင်တစ်ယောက်တည်း အတွေးနယ်ချဲ့မိလိုက်လေသည်။
“အိမ်ရှေ့မင်းသားရဲ့ ယောက်ဖကတောင်မသိဘူးဆိုတော့ ဒါဆို ဘယ်သူ ငါ့ကို အဆိပ်ခတ်တာလဲ။ အဆိပ်ကိစ္စမှာ ဝမ်ဒါနမ်က သံသယဖြစ်ဖို့ အကောင်းဆုံးလူပဲ။နောက်ပြီး ဝမ်ဒါနမ်နဲ့ အနီးကပ်ဆုံး အမြဲရှိတာက အိမ်ရှေ့မင်းသား။ ဒါပေမယ့်အခုကြ မူရှန်ဘိုင်က အဆိပ်ကိစ္စနဲ့ ပက်သက်ပြီး သူဘာမှ မသိပါဘူးချည်းပဲပြောနေတယ်။ ဒီကိစ္စက အတော်ကို နက်နဲခက်ခဲနေပြီ”
“ငါတကယ်ကိုမသိတာပါ။ကျေးဇူးပြုပြီး ငါပြောတာ ယုံကြည်ပေးပါ။ အဆိပ်ကိစ္စက ငါနဲ့ မပက်သက်ပါဘူး . . .”
မူရှန်ဘိုင်အဆိပ်ကိစ္စနှင့်ပက်သက်၍ သူမဟုတ်ကြောင်း အကြိမ်ကြိမ်အခါခါပင်ငြင်းလိုက်လေသည်။
“အဆိပ်ခတ်တာ ခင်ဗျား မဟုတ်ဘူးဆိုတာနဲ့ပဲနောက်ပြီး ခင်ဗျား ဘာမှမသိဘူးဆိုတာနဲ့ပဲ ကျုပ်က ခင်ဗျားကို ဘာကြောင့်ဘာအတွက်ကြောင့်အသက်ရှင်ခွင့်ပေးရမှာလဲ . . .”
ရဲရှောင်မျက်မှောင်ကုပ်ရင်းပြောလိုက်၏။
“ငါ့ကို သတ်လိုက်လို့ မင်းအတွက်ဘာအကျိုးမှ မရှိပါဘူး။ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ။ သခင်လေးရဲ . . .ကျေးဇူးပြုပြီး ငါပြောတာကို နားထောင်ပေးပါဦး။ ငါ . . . ငါ . . . ငါမင်းဖြစ်ချင်တာ အကုန်ဖြည့်ဆည်းပေးလို့ရတယ်။ ပိုက်ဆံလား . . . ရာထူးအာဏာလား . . . သိုင်းပညာတွေလား . . . အကုန်အကုန်မင်းလိုချင်တာ ဘာမဆို ငါအကုန်လုပ်ပေးပါ့မယ်။ ကတိပေးပါတယ်”
အကယ်၍ အချိန်ကိုသာနောက်ပြန်ဆုတ်လို့ရသည့်ဆေးလုံးများသာ ရှိခဲ့မည်ဆိုလျှင်မူရှန်ဘိုင်အနေဖြင့်သူ့ထံတွင်ရှိရှိသမျှ အရာအားလုံးဖြင့် ထိုဆေးလုံးအား ပုံအော၍ပင်ဝယ်ယူမိပေမည်။ သို့သော်စိတ်ကူးနှင့်လက်တွေ့သည်ကား တခြားစီပင်။
လက်တွေ့တွင်သူ အသက်ရှင်သန်လွတ်မြောက်နိုင်ရန်အတွက်ရဲရှောင်အားတောင်းပန်နေရပြီး ကတိများ အထပ်ထပ်ပင်ပေးနေရလေသည်။
ရဲရှောင်၏ မျက်နှာထားအား ကြည့်ရင်း မူရှန်ဘိုင်တစ်ယောက်အလွန်အမင်းပင်ကြောက်ရွံ့တုန်လှုပ်နေမိ၏။ သူ့ဘဝတွင်လူတစ်ယောက်အား ယခုကဲ့သို့တောင်းပန်နေရသည့်အဖြစ်မျိုး တစ်ကြိမ်တစ်ခါမှပင်မရှိခဲ့ဖူးချေ။ မူရှန်ဘိုင်သည်ရဲရှောင်အား နာကျည်းမိရင်းတွေးမိလိုက်လေသည်။
“တကယ်လို့ ငါဒီကောင့်လက်ထဲကနေ လွတ်မြောက်ခဲ့ရင်သူရော သူ့အဖေ ရဲနမ်ရှန်ကိုရော နှစ်ယောက်စလုံးကို နှိပ်စက်နည်းပေါင်းမျိုးစုံနဲ့ကို နှိပ်စက်ပြီး အသေသတ်ပစ်မယ်”
မူရှန်ဘိုင်သည်ရဲရှောင်သူ့အား သတ်မည့်အစီအစဉ်အား စိတ်ကူးပြောင်းသွားရန်အတွက်မက်မောလောက်စရာ အရာများဖြင့်မြူဆွယ်၍ ကတိပေးနေသော်လည်း တကယ်တမ်းတွင်မူ ရဲရှောင်အား လက်စားပြန်ချေရန်ပင်အစီအစဉ်ဆွဲနေလေသည်။
ရဲရှောင်သူ့အား မသတ်ဘဲ လွှတ်ပေးလိမ့်မည်ဟု သူမျှော်လင့်နေပေသည်။
သို့သော်သူ၏မျှော်လင့်ချက်သည်ဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း သူကိုယ်တိုင်လည်း သိနေသည်။
အကယ်၍ရဲရှောင်သည်ကိုယ်ရံတော်နှစ်ဦးအား မသတ်ခဲ့မိလျှင်မူရှန်ဘိုင်အား အသက်ရှင်ခွင့်ပေးကောင်းပေးနိုင်ပေလိမ့်မည်။ သို့သော်သူသည်ကိုယ်ရံတော်နှစ်ယောက်စလုံးအား သတ်မိလိုက်သောကြောင့်ရန်သူများအပေါ် အမြစ်ပြတ်ချေမှုန်းတတ်သည့်သူ၏စိတ်သည်တားမရဆီးမရပင်ဖြစ်နေခဲ့သည်။
ရဲရှောင်သက်ပြင်းတစ်ချက်ချလိုက်ရင်း –
“ကျုပ်ခင်ဗျားကို ယုံချင်ပေမယ့်ယုံပေးလို့မရဘူး။ တကယ်လို့ ခင်ဗျားကိုသာ ကျုပ်လွှတ်ပေးလိုက်မယ်ဆိုရင်ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်ပြီး မဆုံးနိုင်တော့တဲ့ ပြသာနာတွေပဲ ကျုပ်ရင်ဆိုင်ရနိုင်တယ်။ ခင်ဗျား ကျုပ်ကို အသည်းအသန်တောင်းပန်နေတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့်ခင်ဗျားသာ အသက်ရှင်ရက်လွတ်သွားရင်ကျုပ်ကို လက်စားပြန်ချေတော့မယ့်အကွက်တွေ ကျုပ်ကြိုမြင်နေတယ်။ ခင်ဗျားလို မျိုးရိုးအဆင့်အတန်း မြင့်တဲ့ လူတွေရဲ့ဘဝမှာ အရှက်ခွဲခံရတယ်သိမ်ငယ်ရတယ်ဆိုတာ တစ်ခါမှ ရှိခဲ့ဖူးမှာမဟုတ်ဘူးလေ။ ကျုပ်နဲ့ ပက်သက်ပြီး ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက ခင်ဗျားစိတ်ထဲ စူးတစ်ချောင်းစိုက်ဝင်သွားသလို ဖြစ်နေမှာပဲ။ တကယ်လို့ ကျုပ်ခင်ဗျားကို လွှတ်ပေးလိုက်ရင်ခင်ဗျား ကျုပ်ကိုသေချာပေါက်အိမ်တိုင်ရာရောက်အထိ လက်စားပြန်လာချေမှာပဲ။ ကျုပ်ပြောတာတွေ မဟုတ်ဘူးလား”
မူရှန်ဘိုင်သူ၏ခေါင်းအား တွင်တွင်ခါယမ်းရင်း အကြောက်အကန်ဖြင့်ပင်ပြောလိုက်လေသည်။
“မဟုတ်ဘူး . . . မဟုတ်ဘူး . . . မင်းပြောသလို လုံးဝမဟုတ်ဘူး။ မင်း ငါ့ကို ယုံလို့ရပါတယ်။ကျေးဇူးပြုပြီး ငါ့ကို ယုံကြည်ပေးပါ . . .”
ရဲရှောင်တည်ငြိမ်စွာဖြင့်ပင်ထပ်၍ပြောလိုက်၏။
“နောက်ပြီး ကျုပ်က ဘယ်အရာမဆို ပြတ်ပြတ်သားသား လုပ်ရတာပဲ ကြိုက်တယ်။အပိုစကားတွေပြောပြီး ကျုပ်ဆုံးဖြတ်ချက်တွေကိုတွေဝေအောင်လုပ်ရတာကို မကြိုက်ဘူး . . .”
“အ . . . အ . . .”
ရဲရှောင်ပြောလိုက်သည့်စကားများအား ကြားလိုက်ရပြီးသောအခါ မူရှန်ဘိုင်သည်ပြောမည့် စကားများပင်ထွက်မလာတော့ဘဲ အလွန်အမင်းပင်ထိတ်လန့်ခြောက်ခြားသွားခဲ့သည်။သေရမည်ကိုကြောက်ရွံ့ထိတ်လန့်လာသောကြောင့်သူ၏ မျက်လုံးများသည်ကျယ်သထက်ကျယ်လာပြီး ရဲရှောင်အား တစ္ဆေတစ်ကောင်ကဲ့သို့ပင်ကြောက်ရွံ့လာလေသည်။ သူ၏ကြောက်စိတ်များသည်ထိန်း၍ မရအောင်ပင်ဖြစ်လာခဲ့ပြီး အသိလက်လွတ်ဖြစ်ကာ အရူးတစ်ယောက်ကဲ့သို့ပင်အော်၍ ထွက်ပြေးလိုက်သည်။ အကြောင်းမသိသည့်လူများ ထိုအခြင်းအရာအားတွေ့လျှင်သူ၏နောက်သို့ မကောင်းဆိုးဝါးတစ်ကောင်လိုက်လာသောကြောင့်အကြောက်အကန်ပြေးလာသည်ဟုပင်ထင်ကြပေလိမ့်မည်။
ရဲရှောင်၏ မျက်လုံးများသည်အေးစက်မာကြောမှုများဖြင့်ဖုံးလွှမ်းသွားပြီး အရူးတစ်ယောက်ကဲ့သို့ အသိလက်လွတ်ဖြစ်ကာ ထွက်ပြေးသွားသည့်မူရှန်ဘိုင်အား မတုန်မလှုပ်ပင်ကြည့်လိုက်လေသည်။သွေးများပေကျံနေသည့်သူ၏ လက်ထဲရှိဓားသည်လည်းလူသွေးနောက်တစ်ကြိမ်ထပ်သောက်ရတော့မည်ဖြစ်၍ တက်ကြွနေသယောင်ပင်။ ရဲရှောင်သည်မူရှန်ဘိုင်ပြေးသွားရာဘက်သို့ ဓားအား အရှိန်ဖြင့်ပစ်လွှတ်လိုက်၏။ ဓားသည်မြင်းဇောင်းမှ လွှတ်လိုက်သည့်မြင်းရိုင်းတစ်ကောင်ပမာ အရှိန်အဟုန်အပြည့်ဖြင့်ပျံထွက်သွားခဲ့သည်။
“ရွှိ”
ရဲရှောင်ပစ်လွှတ်လိုက်သည့်ဓားသည်လေဟုန်ကို ခွင်း၍ မူရှန်ဘိုင်၏နောက်ကျောဘက်မှ တစ်ဆင့်သူ၏ နှလုံးသားတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။
မူရှန်ဘိုင်၏ ပါးစပ်မှသွေးများ ပန်းထွက်သွားပြီးမြေပြင်ပေါ်သို့ လဲမကျခင်အချိန်အထိပင်အသက်ရှင်နိုင်ရန်ရှင်လိုငြား သူ၏ခြေလှမ်းများအား တတ်နိုင်သမျှ လှမ်းလိုက်သည်။
မူရှန်ဘိုင်၏ မျက်လုံးများသည်အသက်မဲ့သွားခဲ့လေပြီ။ သူ၏ မျက်လုံးထဲတွင်နာကျင်ခြင်း၊ မုန်းတီးခြင်း၊နောင်တရခြင်း နှင့်ကြောက်ရွံ့ခြင်း ဘာဆိုဘာမှ မရှိတော့လေပြီ။
သူသည်ရဲရှောင်အား အကြီးအကျယ်လျှော့တွက်ခဲ့မိလေသည်။
“အိမ်ရှေ့မင်းသားရဲ့ယောက်ဖ”
ရဲရှောင်မူရှန်ဘိုင်၏ အသက်ကင်းမဲ့နေသည့်ခန္ဓာကိုယ်ရုပ်အလောင်းအား ကြည့်ရင်း သူ၏ခေါင်းအားခါယမ်းလိုက်ကာပြောလိုက်၏။
“သေသွားတဲ့ လူတစ်ယောက်ကို အိမ်ရှေ့မင်းသားရဲ့ယောက်ဖ လို့ ဘယ်ခေါ်လို့ ရတော့မလဲ။သေသွားတဲ့လူတွေကိုခေါ်နိုင်တာ တစ်ခုပဲရှိတယ်။ လူ. . .သေ . . .ကောင်”
“စိတ်မပူပါနဲ့။ ခင်ဗျားအတွက်ကျုပ်ကလဲ့စားချေပေးမယ်”
ရဲရှောင်လူသေကောင်အား စိုက်ကြည့်လိုက်ရင်း –
“ကျုပ်မကြာခင်ဝမ်ရှောင်နမ်ကိုကောင်းကောင်းကြီး ပညာပေးပြမယ်”
ထိုကဲ့သို့ပြောဆိုပြီးနောက်ရဲရှောင်သည်တစ်စက္ကန့်မျှပင်အချိန်မဖြန်းတော့ဘဲ တည်ငြိမ်စွာဖြင့်ပင်ပြန်လည်ထွက်ခွာသွားခဲ့သည်။ သစ်ရွက်ကြွေများဖြင့်ပြည့်နှက်နေသည့်လမ်းမပေါ်တွင်တစ်ကိုယ်တည်း တိတ်ဆိတ်စွာဖြင့်ပင်လျှောက်လှမ်းလိုက်သည်။
အဖြစ်အပျက်များသည်မြန်မြန်ဆန်ဆန်ဖြင့်ပင်ဖြစ်ပျက်ခဲ့လေသည်။ အဆိုပါ အဖြစ်အပျက်များ၏ အစမှ အဆုံးအထိ ရဲရှောင်၏ ခန္ဓာကိုယ်မှသွေးတစ်စက်မျှပင်မြေပြင်သို့ မခခဲ့သည့်အပြင်သူ၏ အဝတ်အစားများပေါ်သို့ ဖုန်မှုန့်တစ်မှုန့်ပင်မတင်ခဲ့ချေ။
လူသေကောင်အလောင်းသုံးလောင်းသည်ကားတောအုပ်ထဲတွင်ကျန်ရစ်ခဲ့လေပြီ။ မကြာမီအချိန်တွင်တောရိုင်းတိရိစ္ဆာန်များ၏ အငမ်းမရ စားသောက်ခြင်းကို ခံရပေတော့မည်. . . . . . .