Chapter – 20
“မင်းကငါ့ကို သတ်ချင်နေတာထက် ငါက မင်းကို ပိုသတ်ချင်တယ်”
လမ်းမပေါ်ရှိ လူများသည်တီးတိုးပြောနေကြီး ရဲရှောင်တို့အား စပ်စုနေကြလေသည်။ ရဲရှောင်တို့၏အနားသို့ လူများသည်တဖြည်းဖြည်းရောက်လာကြပြီး ရန်ပွဲအကြောင်းပြောဆိုနေကြ၏။ လူအုပ်ကြီးထဲမှ လူအချို့သည်ရဲရှောင်၏ ပုံစံအား ကြည့်၍ ရမ်းကားသောင်းကျန်းနေသည့်သခင်လေးတစ်ယောက်အဖြစ်သတ်မှတ်နေကြသည်။ ရဲရှောင်၏ အကြောင်းအား သိနေကြသော လူများသည်အချင်းချင်းတီးတိုးပြောဆိုလိုက်ကြသည်။
“ဒီလူကို ငါသိပါတယ်တွေးနေတာ။ စစ်သူကြီးရဲ ရဲ့သား သခင်လေးရဲပဲ”
“ဒီလို ရက်ရက်စက်စက်ရမ်းကားနေတာ အံ့ဩစရာတော့ မရှိပါဘူး။ ကြည့်ပါဦး . . . ဟိုလူ့ကိုများ ထိုးနေလိုက်တာ မရပ်မနားပဲ”
“သူက ရဲရှောင်လေ။ သခင်လေး ရဲကို မင်းသိတယ်မှတ်လား။ သူ့အတွက်က ဒီလိုရန်ဖြစ်တာ မထူးဆန်းတော့ဘူး . . .”
“ဟုတ်တယ်။ ရန်ဖြစ်ပြီးတခြားလူကိုမရိုက်ရင်သာ ထူးဆန်းတယ်လို့ပြောလို့ရဦးမယ်။ ခုအခြေအနေက သူ့အတွက်ရိုးနေပြီ။ ဒါနဲ့နေပါဦး သဲအိတ်တစ်အိတ်လို အထိုးခံနေရတာက ဘယ်သူလဲ”
“ငါတို့လည်း မသိဘူးလေ။ ဘာပဲဖြစ်ဖြစ်အထိုးခံနေရတဲ့ကောင်ကတော့ ဒီနေ့အတွက်ကံဆိုးတာပဲ . . .”
နောက်ဆုံးတွင်မူရှန်ဘိုင်၏ ကိုယ်ရံတော်နှစ်ယောက်သည်လူအုပ်ကြီးထဲမှ အတင်းတိုးဝှေ့ဝင်ရောက်လာပြီး သူတို့၏ သခင်ကြီးအား အပေါ်စီးမှ အားရပါးရလက်သီးဖြင့်ထိုးနေသည့်ရဲရှောင်အား အနောက်မှဖမ်းချုပ်၍လက်သီးများဖြင့်ထိုးလိုက်ကြ၏။ လက်သီးချက်များသည်ရဲရှောင်၏ ပုခုံးပေါ်သို့ ထိသွားလေသည်။ ရဲရှောင်မတုန်မလှုပ်ပုံစံဖြင့်ပင်သူ၏ ပုခုံးအား တစ်ချက်စောင်းငဲ့ကြည့်လိုက်ရင်း တည်ငြိမ်စွာဖြင့်ပင်မတ်တပ်ထရပ်လိုက်သည်။ ထို့နောက်ရဲရှောင်သည်ခြေတစ်ချက်စောင့်ကာလေပေါ်သို့တစ်ပတ်လည်ကာ ခုန်တက်လိုက်ပြီး ကိုယ်ရံတော်နှစ်ယောက်ထဲမှ တစ်ယောက်အား သူ၏ ညာခြေထောက်ဖြင့်ကန်လိုက်လေသည်။ ကန်ချက်သည်ပြင်းထန်လှ၍ အရိုးကျိုးသံများပင်ထွက်ပေါ်သွားသည်။
“အားး”
ကြောက်မက်ဖွယ်ကောင်းလောက်သည့်ကန်ချက်မျိုးဖြင့်အကန်ခံလိုက်ရသည့်အတွက်မူရှန်ဘိုင်၏ ကိုယ်ရံတော်သည်သေလုမြောပါး အသံဖြင့်ပင်အော်ဟစ်လိုက်၏။
ရဲရှောင်မြေပြင်ပေါ်သို့ ပြန်ကျလာချိန်တွင်မူရှန်ဘိုင်၏ပေါင်ခွကြားသို့ ကန်လိုက်လေသည်။
အလွန်အမင်း နာကျင်သွားသောကြောင့်မူရှန်ဘိုင်သည်သနားစဖွယ်ကောင်းသည့်အသံမျိုးဖြင့်ပင်အော်ငိုလိုက်၏။ ထိုအသံအား တစ်မြို့လုံးကပင်ကြားရနိုင်ပေသည်။
မူရှန်ဘိုင်သည်နာကျင်မှုကြောင့်သူ၏ ခန္ဓာကိုယ်အား ပုစွန်တစ်ကောင်ကဲ့သို့ပင်ကွေးလိုက်ရင်းပေါင်ခွကြားအား လက်ဖြင့်ကိုင်ထားကာအော်ဟစ်နေလေသည်။ အကန်ခံလိုက်ရသည့်အရှိန်ကြောင့်သူ၏ မျက်နှာတစ်ခုလုံးသည်ရှုံ့တွသွားသည်။ ထို့ပြင် မျက်လုံးများမှ မျက်ရည်များ ထွက်ကြလာပြီး နှာခေါင်းမှလည်း နှာရည်များပင်ကျလာလေသည်။
တခြားတစ်ဖက်တွင်ရဲရှောင်နှင့်ကိုယ်ရံတော်နှစ်ယောက်သည်အပြန်အလှန်တိုက်ခိုက်နေကြသည်။
နာမည်ကျော်ကြားသည့်မျိုးနွယ်စုကြီး ရှစ်ခုထဲမှ တစ်ခုအပါအဝင်ဖြစ်သည့်မူမျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုကြီးတွင်ကျွမ်းကျင်ပညာရှင်များစွာရှိလေသည်။ သို့သော်မူရှန်ဘိုင်သည်သူ၏ ပြသာနာများအား ကိုင်တွယ်ဖြေရှင်းရာတွင်သိုင်းပညာကို အသုံးပြု ဖြေရှင်းခြင်းထက်မိသားစု မျိုးရိုးဂုဏ်သိက္ခာအရှိန်အဝါကို သုံး၍သာ မြို့ထဲတွင်ထင်တိုင်းကြဲတတ်သူတစ်ဦး ဖြစ်သည်။
သူလို လူမျိုးကိုလည်း မည်သူကမှ ပမာမခန့် ဆက်ဆံရဲမည် မဟုတ်ပေ။ ထို့ကြောင့်ဟူရှန်လမ်းသို့ လာသည့်အချိန်တွင်လည်း သူ့ထံတွင်မော်တယ်အဆင့်သာ ရှိသေးသည့်ကိုယ်ရံတော်နှစ်ဦးသာ ပါလာခဲ့လေသည်။ သူတို့နှစ်ဦးသည်မော်တယ်အဆင့်ကျင့်စဉ်တွင်မူရှန်ဘိုင်ထက်ပင်အဆင့်နိမ့်နေပါသေးသည်။ အိမ်ရှေ့မင်းသား၏ ယောက်ဖ ဖြစ်ရုံသာမက သူတို့သုံးဦးစလုံးသည်မော်တယ်အဆင့်ရှိသည့်သူများဖြစ်နေသည့်အတွက်ကြောင့်မည်သည့်အရာကိုမှ ဂရုစိုက်နေစရာမလိုပေ။
သို့သော်လူ့ပေါ်ကျော့ သုံးစားမရသည့်ရဲရှောင်ထံတွင်ယခုကဲ့သို့ကြောက်မက်ဖွယ်ကောင်းသည့်ခွန်အားမျိုး ရှိနေလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ မူရှန်ဘိုင်သည်ရဲရှောင်အားလျှော့တွက်လိုက်မိလေသည်။
ထိုကဲ့သို့လျှော့တွက်မိလိုက်သည့်အတွက်ကြောင့်ပင်မူရှန်ဘိုင်သည်ယခုအချိန်တွင်သေကောင်ပေါင်းလဲပင်ရိုက်နှက်ခံနေရခြင်း ဖြစ်သည်။
မူရှန်ဘိုင်၏ ကိုယ်ရံတော်နှစ်ယောက်သည်မျှော်မှန်းထားသလောက်အစွမ်းအစမရှိ၍ ရဲရှောင်အံ့ဩနေမိလေသည်။ သူတို့၏ တည်ငြိမ်သောခြေလှမ်းများ၊စူးရှတောက်ပသော မျက်လုံးများနှင့်ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်များအား ကြည့်ခြင်းအားဖြင့်သူတို့သည်ကျွမ်းကျင်ပညာရှင်များဟုပင်ထင်မှတ်စရာပင်။
“ဘာတွေဖြစ်နေတာလဲ။ သူတို့တွေ ဘာလို့ အားအရမ်းနည်းနေကြတာလဲ”
ရဲရှောင်တွေးနေသည့်အချိန်မှာပင်သူ၏ အနောက်ဘက်မှအော်သံတစ်ခုအား ကြားလိုက်ရသည်။
“သူ့ကို ဖမ်းကြ။ အဲဒီကောင်ကို ရိုက်ပစ်ကြစမ်း။သေသွားလည်း ငါတာဝန်ယူတယ်”
ထိုအသံသည်နာကျည်းမှုများဖြင့်ပြည့်နှက်နေပြီးသွေးပျက်မတတ်ပင်အော်လိုက်သည့်အသံမျိုးပင်ဖြစ်၏။
မူမျိုးနွယ်စု၏ မျိုးဆက်သစ်ဖြစ်သည့်မူရှန်ဘိုင်အနေဖြင့်ယခုကဲ့သို့ ခက်ခဲသည့်အခြေအနေအား တစ်ခါမှ မတွေ့ကြုံခဲ့ရဖူးပေ။ အိမ်ရှေ့မင်းသား၏ယောက်ဖတစ်ဦးအနေဖြင့်သူအလိုရှိသမျှ အရာအားလုံးအား လွယ်လွယ်ကူကူဖြင့်ပင်ရခဲ့သည် မဟုတ်ပါလား။ သူ့အား မည်သူကမျှ မလွန်ဆန်ရဲပေ။
သူလိုလူမျိုးတစ်ယောက်သည်ယခုကဲ့သို့ အစော်ကားခံလိုက်ရသည့်အတွက်တနုံ့နုံ့နှင့်ပင်ခံစားနေရလေသည်။
သူ့အား ရဲရှောင်က အဖေဖြစ်သူမှ သားအား ရိုက်နှက်ဆုံးမနေသကဲ့သို့ပင်ရိုက်နှက်ခဲ့လေသည်။ မူရှန်ဘိုင်သည်ဒေါသထိန်းချုပ်နိုင်စွမ်းရှိသူတစ်ဦး ဖြစ်သော်လည်း ယခုအချိန်တွင်မူဒေါသစိတ်များသည်တားဆီးမရတော့ဘဲ သူ၏ ဆင်ခြင်တုံတရားကိုပင်ဖုံးလွှမ်းသွားလေပြီ။
ရဲရှောင်ကဲ့သို့ သုံးစားမရသည့်လူတစ်ယောက်၏စော်ကားခြင်းကို ခံလိုက်ရသည့်အတွက်ပို၍ပင်ခံပြင်းနေမိလေသည်။ မူရှန်ဘိုင်အတွက်ထိုအကြောင်းအား စဉ်းစားမိလေလေဒေါသထွက်လာလေလေပင်ဖြစ်နေမိသည်။
“နာမည်ကြီးလှပါတယ်ဆိုတဲ့ မူမိသားစုထဲက မူရှန်ဘိုင်ဆိုတဲ့ ငါ့ကို ဘာမှသုံးစားမရတဲ့ ဟိုကောင်ရဲရှောင်က ရိုက်နှက်လိုက်တယ်ဆိုတဲ့ သတင်းသာ တစ်မြို့လုံးကို ပြန့်သွားရင်ငါဖြင့်ရှက်လွန်းလို့သေရမှာပဲ။ ငါဘယ်လို အသက်ရှင်ရတော့မှာလဲ”
အမိန့်ပေးသံအား ကြားလိုက်ရသောအခါ ကိုယ်ရံတော်များသည်ပို၍ပင်ရက်စက်ကြမ်းကြုပ်သွားသည့်ပုံစံပေါက်သွားကြသည်။
ထိုကိုယ်ရံတော်များသည်ဖြစ်ပျက်နေသည့်အခြေအနေများအား နားမလည်နိုင်အောင်ပင်ဖြစ်နေကြရင်း အံ့ဩနေကြလေသည်။သူတို့၏ မျက်လုံးထဲတွင်ရဲရှောင်၏ ပုံစံအားကြည့်၍ သတ္တိမရှိ လက်သီးပင်မထိုးတတ်သည့်သုံးစားမရသည့်အရူးတစ်ယောက်ဟုပင်မြင်နေကြသည်။ သို့သော်တကယ့်လက်တွေ့တွင်မူ သူတို့၏ တိုက်ခိုက်မှုများသည်ရဲရှောင်အတွက်အိပ်နေသလောက်ပင်ရှိသည့်အနေအထားဖြစ်ခဲ့ရပြီး သူတို့အတွက်ပင်ပြန်၍ အကြပ်ရိုက်စေခဲ့လေသည်။
ရဲရှောင်နှင့်ရင်ဆိုင်နေရသည့်အဖြစ်သည်သူတို့အတွက်သေမင်းနှင့်စစ်ခင်းနေရသကဲ့သို့ပင်ဖြစ်နေပြီးသေချင်စော်များပင်နံနေကြလေသည်။
သို့သော်သူတို့သခင်ကြီး၏ အမိန့်ပေးသံအား ကြားလိုက်ရသောအခါတွေဝေတွန့်ဆုတ်မနေရဲတော့ဘဲ ရဲရှောင်အား တိုက်ခိုက်ရန်သာ ဦးတည်လိုက်ကြ၏။
“ချွမ်”
ကိုယ်ရံတော်များသည်သူတို့၏ ဓားများအား လျင်မြန်စွာဖြင့်ပင်ဆွဲထုတ်လိုက်ကြသည်။တောက်ပသောနေရောင်ခြည်အောက်တွင်သူတို့၏ ဓားများသည်မျက်စိကျိန်းစပ်လောက်အောင်ပင်တလက်လက်ဖြင့်တောက်ပနေကြ၏။ ထို့နောက်ကိုယ်ရံတော်များသည်ဓားများအားကိုင်ရင်း ရဲရှောင်ထံသို့ တဟုန်ထိုးဖြင့်ပင်ပြေးရင်း ခုတ်လွှဲလိုက်ကြသည်။
ပထမလူသည်ဓားရေးနှစ်ချက်သုံးချက်ပြလိုက်ပြီး ရဲရှောင်၏ လည်ပင်းအား ခုတ်ပိုင်းချလိုက်သည်။ဒုတိယလူသည်ကား ရဲရှောင်အားရှောင်တိမ်းရ ခက်စေရန်ခါးအား ဦးတည်၍ တိုက်ခိုက်လိုက်သည်။
ဓားချက်များသည်ရဲရှောင်ထံသို့ တပြိုင်နက်တည်းပင်ရောက်လာကြလေသည်။ ရဲရှောင်သည်စစ်သူကြီး၏ သားဖြစ်နေစေကာမူ သူတို့ ဂရုမစိုက်တော့ပေ။ ကိုယ်ရံတော်များသည်ရဲရှောင်အား တစစီပင်စုတ်ဖြဲပစ်ချင်နေကြလေသည်။
ကိုယ်ရံတော်များ၏ အမြင်တွင်မူ စစ်သူကြီး၏ သားဆိုသည့်အချက်သည်အရေးစိုက်စရာ အနေအထားပင်မဟုတ်ချေ။ မူမျိုးနွယ်စုကြီး၏ မျိုးဆက်သစ်ဖြစ်သူ မူရှန်ဘိုင်၏ ကိုယ်ရံတော်များအနေဖြင့်ထိုအဆင့်လောက်အားခေါင်းထဲပင်မထည့်ပေ။ ရဲရှောင်အား ကြက်ကလေး ဌက်ကလေးသတ်ပစ်သကဲ့သို့ပင်အလွယ်တကူဖြင့်သတ်ပစ်၍ ရနိုင်ပေသည်။
ကိုယ်ရံတော်များအနေဖြင့်သူတို့၏ သခင်ကြီးမှ ရဲရှောင်အား သတ်ရန်အမိန့်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ရဲရှောင်အား သတ်ပစ်ရန်အတွေးသည်ပြောင်းလဲမည်မဟုတ်ချေ။ လူတစ်ယောက်ကို သတ်ရခြင်းသည်အဆိုပါကိုယ်ရံတော်များ အတွက်ထမင်းစားရေသောက်ကိစ္စတစ်ခုသာသာပင်။ သူတို့၏နောက်တွင်တော်ဝင်မိသားစုရှိနေသရွေ့ သူတို့လုပ်သမျှအရာအားလုံးသည်အမှန်ပင်ဖြစ်နေလိမ့်မည်။
ထိုအချိန်တွင်ဝမ်ရှောင်နမ်သည်လမ်းမကြီး၏ထောင့်နားတွင်ပုန်းရင်း အခြေအနေအားစောင့်ကြည့်လျက်ရှိ၏။သူ၏ မျက်နှာတစ်ခုလုံးသည်ကြောက်ရွံမှုများဖြင့်ဖုံးလွှမ်းနေပြီး နဖူးမှပင်ချွေးသီးချွေးပေါက်များသည်ကျလျက်ရှိသည်။ ဝမ်ရှောင်နမ်သည်ရဲရှောင်တို့အားကြည့်ရင်း တစ်ယောက်တည်းတွေးလိုက်မိ၏။
“ငါလခွမ်းပဲ ရဲရှောင်လိုကောင်မျိုးကိုတောင်မသတ်နိုင်ဘူးလား။ ဒါလေးတောင်မလုပ်နိုင်ကြဘူးလား။ ဒီအခြေအနေတိုင်းဆိုရင်အိမ်ရှေ့မင်းသားက ငါ့ကို အပြစ်တင်တော့မှာပဲ။ ငါတော့ အပြစ်ပေးမခံနိုင်ဘူး”
………………….
ရဲရှောင်၏ မျက်လုံးထဲတွင်အေးစက်မာကြောမှုများဖြင့်ပြည့်နှက်သွားသည်။ လက်ရှိဖြစ်ပျက်နေသည့်အခြေအနေများအား ခြုံငုံသုံးသပ်၍ စဉ်းစားမိလိုက်၏။
“ဒီနေရာက နဂိုတည်းကမှ လူအရမ်းစည်တဲ့နေရာ။ အခုလည်းဘေးမှာ ငါတို့ကို ကြည့်နေတဲ့လူတွေက တဖြည်းဖြည်းနဲ့တောင်ပိုများလာနေတယ်။ တစ်ချို့လူတွေဆိုရင်သူတို့ကို ငါတို့ကဖျော်ဖြေနေတဲ့အတိုင်းပဲ ကြည့်နေလိုက်ကြတာ။ ဒီအခြေအနေကို ဟိုကောင်သုံးကောင်ကတော့ ဂရုမစိုက်ဘဲ လျစ်လျုရှုနိုင်မှာပေါ့။ သူတို့ကနောက်ခံအင်အားတောင့်တင်းကြတာကို။ ငါ့အနေနဲ့ကတော့ ဂရုမစိုက်လို့ကိုမရဘူး။ ဒါပေမယ့်ဂရုမစိုက်ဘူးဆိုပေမယ့်လည်း ငါ ဒီကောင်တွေကို သတ်ပစ်ချင်နေတာ လက်ကိုယားနေတာပဲ။ ငါဘယ်လိုလုပ်ရင်ကောင်းမလဲ”
ရဲရှောင်သည်အခြေအနေအရပ်ရပ်အား စဉ်းစားချင့်ချိန်လိုက်ပြီးနောက်ရုတ်တရက်ဆိုသလိုပင်လှုပ်ရှားမှုတစ်ခုအား ပြုလုပ်လိုက်သည်။သမုဒ္ဒရာထဲတွင်ကူးခတ်သွားသည့်ငါးတစ်ကောင်ကဲ့သို့ပင်ရဲရှောင်သည်နောက်သို့ လှည့်၍ လျင်မြန်စွာဖြင့်ပင်ပြေးသွားလိုက်လေသည်။ပြေးနေသည့်အချိန်မှာပင်သူ၏ ပါးစပ်မှ ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်၏။
“လူသတ်သမားတွေပါဗျို့ . . . ကျွန်တော့်ကို သတ်နေကြလို့ . . . ကယ်ကြပါဦး”
ရဲရှောင်သည်အလွန်တရာမှပင်ကြောက်ရွံ့နေသည့်ပုံဟန်ဆောင်၍နောက်သို့ပင်လှည့်မကြည့်ဘဲပြေးသွားလိုက်သည်။ ရဲရှောင်သည်ဘေးနားမှ ရပ်ကြည့်နေသော လူများနှင့်ဝေးရာသို့ပြေးသွားလိုက်ပြီး ပထမဆုံးတွေ့သည့်လမ်းကြားထဲသို့ပြေးဝင်လိုက်လေသည်။
ရဲရှောင်သည်အကြောက်လွန်အားကြီး၍ အရှေ့ အနောက်၊တောင်မြောက်ပင်မခွဲခြားနိုင်တော့ဘဲတွေ့ကရာလမ်းထဲသို့ပင်ထွက်ပြေးသွားရသည့်ပုံစံမျိုးဖမ်းလိုက်သည်။ အကြောင်း မသိသည့်လူများသည်စစ်သူကြီး၏ အိမ်သည်အရှေ့ဘက်တွင်ရှိသော်လည်း သခင်လေးရဲမှာမူ အဘယ့်အတွက်ကြောင့်အနောက်ဘက်သို့ ထွက်ပြေးသွားရသလဲဟုပင်တွေးနေကြပေလိမ့်မည်။
ရဲရှောင်သည်သူ၏အိမ်နှင့်ဆန့်ကျင်ဘက်အရပ်သို့ တမင်ပင်ေရွးချယ်လိုက်ခြင်း ဖြစ်သည်။ သူ၏အိမ်နှင့်ပိုပိုဝေးသထက်ဝေးအောင်ပင်ပြေးသွားလိုက်လေသည်။
“မင်းတို့နှစ်ကောင်အသုံးကို မကျဘူး။ အဲဒီကောင်ကို သွားဖမ်းကြ”
မူရှန်ဘိုင်သည်အလွန်အမင်းပင်ဒေါသထွက်နေပြီး သူ၏ ကိုယ်ရံတော်များအား ထပ်မံ၍ အမိန့်ပေးလိုက်၏။
မူရှန်ဘိုင်သည်နောက်ဆုံးတွင်မတ်တပ်ရပ်နိုင်ပြီဖြစ်သော်လည်း နာကျင်မှုသည်ကျန်ရှိနေသေးသောကြောင့်သူ၏ပေါင်ခွကြားအား လက်ဖြင့်အုပ်ထားနေရပါသေးသည်။ နာကျင်မှုဝေဒနာကြောင့်အသက်တစ်ခါရှုလိုက်တိုင်း သူ၏ မျက်နှာကြီးသည်ရှုံ့တွသွားလေသည်။
မူရှန်ဘိုင်သည်ရဲရှောင်ထွက်ပြေးသွားသည့်အတွက်အရာအားလုံးဆုံးရှုံးသွားသကဲ့သို့ပင်ခံစားနေရလေသည်။ ရဲရှောင်အား အသေရရ အရှင်ရရ ဖမ်းရန်သူဆုံးဖြတ်လိုက်၏။
လူမြင်ကွင်းထဲတွင်ယခုကဲ့သို့ အစော်ကားခံလိုက်ရသည့်ဖြစ်ရပ်မျိုး သူ့ဘဝတွင်တစ်ကြိမ်တစ်ခါမှပင်မရှိခဲ့ဖူးချေ။
မူရှန်ဘိုင်၏ အမိန့်ပေးသံနှင့်အတူကိုယ်ရံတော်များသည်ရဲရှောင်နောက်သို့ပြေး၍ လိုက်သွားကြသည်။
မူရှန်ဘိုင်သည်လည်း သူ၏ပေါင်ခွကြားအား လက်ဖြင့်အုပ်ရင်း ကိုယ်ရံတော်နှစ်ယောက်နောက်မှ လိုက်သွားလေသည်။
ဟူရှန်လမ်းမကြီးပေါ်တွင်ဖြစ်ပျက်နေသည့်အရာအားလုံးသည်စက္ကန့်ပိုင်းလေးအတွင်း ပြန်လည်တည်ငြိမ်သွားသည်။ ရန်ပြု ခံရသူနှင့် ရန်ရှာသူနှစ်ဦးစလုံး မရှိကြတော့ပေ။ အဖြစ်အပျက်များသည်မြန်ဆန်လွန်းလှ၍ ရန်ပွဲအားဘေးမှရပ်ကြည့်နေကြသည့်လူများသည်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြရင်း တီးတိုးပြောဆိုလိုက်ကြသည်။
“လူရမ်းကား လူ့ပေါ်ကျော့ သခင်လေးသုံးပါးလို့ နာမည်ကြီးတာလည်း မပြောနဲ့လေ။ နာမည်နဲ့လိုက်အောင်ကို ရမ်းကားနေတာ။ ဒီလောက်စည်းကားနေတဲ့ လမ်းမကြီးပေါ်မှာတောင်ရန်ဖြစ်ရဲတယ်. . .”
“ကြည့်ရသလောက်တော့ သခင်လေးရဲ ရိုက်တာခံနေရတဲ့လူကလည်း လူကောင်းတော့ မဖြစ်နိုင်ဘူး။ ဒီလောက်လူသွားလူလာများနေတဲ့ လမ်းလယ်ခေါင်ကြီးမှာကွာ . . .နောက်ပြီးနေ့ခင်းကြောင်တောင်ကြီးမှာတောင်လူသတ်ဖို့ ကြိုးစားနေတယ်”
“သူ့ပုံစံက အဲဒီလိုတွေလည်းတွေးနေမယ့်ပုံမပေါက်ဘူး။ သခင်လေးရဲကိုပဲ မရမက သတ်ချင်နေတဲ့ပုံ။ သခင်လေးရဲ အပြေးမြန်လို့သာပေါ့ မဟုတ်လို့ကတော့ တစစီတောင်ဆွဲဖြဲခံနေရလောက်ပြီ . . .”
“ဘယ်ကနေ ဘယ်လိုစဖြစ်ကြမှန်းကို မသိတော့ပါဘူး။ ငါတို့ဖြင့်နားကိုမလည်တော့ဘူး . . .”
…………………..
ဝမ်ရှောင်နမ်သည်လူအုပ်ကြားထဲသို့ တိုးဝှေ့ဝင်ရောက်လိုက်ပြီးကောက်ကျစ်စဉ်းလဲသော အပြုံးမျိုးဖြင့်ပြုံးရင်းတွေးလိုက်၏။
“ဟက်. . . ဟက် . . .ရဲရှောင်. . . ရဲရှောင်. . . မင်းရှာလိုက်တဲ့ပြသာနာက ဘယ်လောက်ထိကြီးလဲ မင်းမသိသလို မင်းနဲ့ပြသာနာဖြစ်တဲ့ လူအကြောင်းလည်း မင်းသေချာမသိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်မင်းတော့သေပြီပဲ။ မင်းအဖေ အိမ်ပြန်ရောက်လာရင်တောင်မင်းရဲ့အဖြစ်ဆိုးကို ကယ်ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့လိုလူတွေအတွက်မင်းလိုကောင်မျိုးကို သတ်ရတာ အိပ်နေသလောက်ပဲရှိတယ်”
ဝမ်ရှောင်နမ်သည်သူ့အတွေးနှင့်သူကျေနပ်သွားပြီးနောက်လူအုပ်ကြားထဲမှ ပြန်လည်၍ ထွက်ခွာသွားလိုက်သည်။
သူ့အနေဖြင့်ရဲရှောင်တို့၏နောက်သို့ လိုက်ကြည့်ရန်အစီအစဉ်မရှိပေ။ အဘယ့်ကြောင့်ဆိုသော်ရဲရှောင်တို့၏ ပြသာနာများကြားထဲတွင်သူဝင်မပါလိုသောကြောင့်ဖြစ်သည်။
စစ်သူကြီးရဲသည်အိမ်ရှေ့မင်းသား၏ယောက်ဖဖြစ်သူ မူရှန်ဘိုင်အား ယှဉ်ပြိုင်၍ ရင်ဆိုင်ဝံ့မည်မဟုတ်သော်လည်း ဝမ်ရှောင်နမ်လိုလူမျိုးကိုမူ ဂရုပင်စိုက်လိမ့်မည်မဟုတ်ချေ။
ထို့်ကြောင့်ဝမ်ရှောင်နမ်သည်ယခုကဲ့သို့ ရဲရှောင်နှင့်မူရှန်ဘိုင်တို့ ပဋိပက္ခဖြစ်ကြသည်ကို စိတ်ထဲမှ ကြိတ်ပျော်လျက်ရှိ၏။
သို့သော်ယခုကိစ္စတွင်သူပါဝင်ပက်သက်နေသည့်အကြောင်းအားတစ်စုံတစ်ဦး သိသွားမည်ကို စိုးရိမ်လျက်ရှိသည်။
…………………
ရဲရှောင်သည်လမ်းမကြီးများအပြင်လမ်းကြိုလမ်းကြားများပင်မချန်တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့်ပြေးသွားခဲ့သည်။ပြေးရင်းပြေးရင်းဖြင့်မြို့နှင့်တဖြည်းဖြည်းအလှမ်းဝေးလာခဲ့လေသည်။ သူ၏ရှေ့တွင်နေထိုင်သည့်လူတစ်ဦးမှ မရှိတော့သည့်ပျက်စီးယိုယွင်းနေသော ဆင်ခြေဖုံးရပ်ကွက်တစ်ခုအားတွေ့လိုက်သည်။
ထိုဆင်ခြေဖုံးရပ်ကွက်၏ အလွန်တွင်တောင်ကုန်းလေး တစ်ခုရှိလေသည်။တောင်ကုန်း၏ အကျော်တွင်တောအုပ်တစ်ခုရှိပြီး အဆိုပါတောအုပ်နှင့်ခပ်လှမ်းလှမ်း အခြားတစ်ဖက်တွင်ရေကန်တစ်ခုရှိ၏။
ချန်ရှင်းမြို့တော်သာယာလှပစေရန်အတွက်လူများမှ ထိုတောင်ကုန်း၊တောအုပ်နှင့်ရေကန်တို့အား ဖန်တီးပြုလုပ်ထားခြင်း ဖြစ်သည်။
ရဲရှောင်၏နောက်သို့ မူရှန်ဘိုင်တို့ သုံးဦးသည်ထပ်ကြပ်မခွာပင်လိုက်လာကြလေသည်။
သူတို့သည်ရဲရှောင်ကောင်းကင်ဘုံအထိတက်၍ပြေးပြေး သို့မဟုတ်ငရဲပြည်အထိပင်ဆင်း၍ပြေးပြေး မရမက လိုက်မည့်ပုံစံပင်။ ရဲရှောင်ဘယ်ပြေးပြေး သူတို့အနေဖြင့်လက်လွတ်ခံလိမ့်မည်မဟုတ်ချေ။
သို့သော်ရဲရှောင်နှင့်သူတို့ပိုနီးလာလေလေ သူတို့၏သေခြင်းတရားနှင့်နီးကပ်လာလေလေ ဖြစ်သည်ကိုတော့ သူတို့ မသိကြပေ။
…………………
ရဲရှောင်သည်သူနှင့်ပြသာနာဖြစ်ခဲ့သည့်လူသည်သာမန်အဆင့်အတန်းထဲက မဟုတ်ကြောင်း ရိပ်မိခဲ့သည်။ ရဲရှောင်အနေဖြင့်တော်ရုံတန်ရုံ ပြသာနာမတက်ချင်၍ မူရှန်ဘိုင်အား ထိုးရုံကြိတ်ရုံလောက်သာ ပြုလုပ်ခဲ့ပေသည်။ ရဲရှောင်သည်မူရှန်ဘိုင်အား သတ်ပစ်ရန်အထိ မရည်ရွယ်ခဲ့ချေ။
သို့သော်မူရှန်ဘိုင်မှာမူ ရဲရှောင်အား အမှန်တကယ်ပင်သတ်ပစ်ချင်နေခဲ့သည်။
သူ၏ ကိုယ်ရံတော်များသည်လည်း ရဲရှောင်အား သတ်ပစ်ရန်အထိပင်ကြိုးစားခဲ့ကြလေသည်။
ရဲရှောင်သည်သူ၏ ရန်သူများနှင့်ပက်သက်လျှင်သနားညှာတာမှုမရှိဘဲ အမြစ်ပြတ်သုတ်သင်ပစ်တတ်သည့်အကျင့်စရိုက်ရှိသူ တစ်ဦးဖြစ်၏။ အထူးသဖြင့်သူ့အား သတ်ရန်ကြိုးစားနေသည့်မူရှန်ဘိုင်တို့သုံးဦးဆိုလျှင်ဆိုဖွယ်ရာပင်မရှိတော့ချေ။
ထို့ကြောင့်ပင်ရဲရှောင်သည်သူတို့သုံးဦးအား လူသူမရှိသည့်ယခုနေရာသို့ မြှား၍ခေါ်လာခြင်းပင်ဖြစ်၏။
ရဲရှောင်သည်တောင်ထိပ်သို့ရောက်သွားသောအခါ အလွန်အမင်းပင်ခြေကုန်လက်ပမ်းကျသည့်ပုံစံမျိုးဟန်ဆောင်လိုက်သည်။ မူရှန်ဘိုင်တို့ သုံးဦးအနေဖြင့်ရဲရှောင်အား သတ်ပစ်ချင်နေသည့်စိတ်မှာ တားမရဆီးမရပင်ဖြစ်နေလေသည်။
“ခွေးမသား . . . အခုတော့ မင်းဘယ်ပြေးမလဲ။ မင်းလိုကောင်မျိုးကို လမ်းလယ်ခေါင်မှာကတည်းက သတ်ပစ်လိုက်လို့ရတယ်။ အခုမင်းက ငါတို့ကို ဒီလို လူသူမရှိတဲ့နေရာကိုခေါ်လာတယ်ပေါ့။ ဒီနေရာမှာ မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား။ခွေးမသား မင်းအမှားကြီးလုပ်လိုက်မိပြီ။ ဒီနေရာက မင်းရဲ့သေတွင်းပဲ”
ရဲရှောင်တောင်ထိပ်ပတ်ပတ်လည်အားပြေး၍ ကြည့်လိုက်သည်။ လူအရိပ်အယောင်တစ်ခုမျှပင်မတွေ့ရ၍ သူအပျော်ကြီးပျော်သွားရင်း တစ်ယောက်တည်းတွေးမိလိုက်လေသည်။
“သူတို့ကို သတ်ဖို့ ဒီနေရာကနေရာကောင်းပဲ။ ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး . . .”
ရဲရှောင်တို့တောင်ထိပ်ပေါ်သို့ရောက်သည့်အချိန်တွင်မှောင်ရီပျိုးစပင်ဖြစ်နေလေပြီ။
နောက်ဆုံးတွင်ရဲရှောင်သည်သူ၏ခြေလှမ်းများအား ရပ်တန့်လိုက်ပြီး ရုတ်တရက်ဆိုသလိုပင်သူ၏ အရှိန်အား မြှင့်တင်လိုက်သည်။ သူ၏ ပုံစံသည်လေထဲသို့ မြှားတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ပင်။ အလွန်တရာမှပင်မြန်ဆန်လွန်းလှသည့်အရှိန်အဟုန်ဖြင့်သစ်တောထဲသို့ပြေးဝင်သွားသောကြောင့်သစ်ပင်များမှ သစ်ရွက်များပင်တဖျတ်ဖျတ်ဖြင့်လှုပ်ခါသွားကြသည်။
ကိုယ်ရံတော်နှစ်ယောက်သည်ရဲရှောင်၏နောက်သို့ အလျင်အမြန်ဖြင့်ပင်ပြေးလိုက်သွားကြ၏။ သို့သော်တောနက်ထဲသို့ရောက်သွားသောအခါ သူတို့၏ စိတ်ထဲတွင်မသိုးမသန့်ဖြစ်လာပြီး တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိလိုက်ကြသည်။ ထို့နောက်ရဲရှောင်ပြေးသွားသည့်ဘက်သို့ကြည့်မိလိုက်သောအခါ အံ့ဩလွန်း၍ ကြက်သေပင်သေသွားကြလေသည်။
ရဲရှောင်သည်သူတို့၏ရှေ့တွင်တည်ငြိမ်အေးဆေးစွာဖြင့်ပင်မတ်တပ်ရပ်နေလေသည်။ သူ၏ လက်နှစ်ဖက်အားနောက်သို့ပစ်ထားရင်း ကိုယ်ရံတော်များအား မထီမဲ့မြင်မျက်နှာထားမျိုးဖြင့်ကြည့်လိုက်သည်။ ရဲရှောင်သည်ခေါင်းတစ်ချက်ညိတ်လိုက်ပြီးသူတို့အားလှောင်သလိုပြုံး၍ ကြည့်လိုက်ရင်းပြောလိုက်လေသည်။
“တော်ပါပေတယ်။ သိပ်တော်ပါပေတယ်။ မင်းတို့ကောင်တွေ တာဝန်ကျေပါတယ်။ မင်းတို့သခင်ရဲ့ အမိန့်ကိုနာခံပြီး ဒီနေရာအထိ လိုက်လာကြတယ်။ ဒါပေမယ့်လူ့ဘဝခရီးလမ်းဆိုတာ အင်မတန်ကို ရှည်လျားပြီး ပျင်းဖို့လည်းကောင်းတယ်။ မင်းတို့ရဲ့ ဘဝတွေကို နိမ့်တစ်လှည့်မြင့်တစ်လှည့်နဲ့ ဖြတ်သန်းခဲ့ရမှာပဲ။ ဆူးပင်ကြားထဲရောက်နေတဲ့လေပူဖောင်းတစ်လုံးလိုပဲ မင်းတို့ခက်ခက်ခဲခဲနဲ့ကို ဖြတ်သန်းခဲ့ကောင်း ဖြတ်သန်းခဲ့ရလိမ့်မယ်။ မင်းတို့ အသက်ရှင်နေရတာ တကယ်ကို ပင်ပန်းတာပဲ။ ဘာဖြစ်လို့ မင်းတို့ရဲ့ နာကျင်မှုတွေကို ငါ့ကို အဆုံးသတ်ခွင့်မပေးရတာလဲ။ ငါမင်းတို့ရဲ့ ဘဝတွေကို အဆုံးသတ်ပြီး လွတ်မြောက်အောင်လုပ်ပေးမယ်. . .”