အခန်း (၃၃၃) မဟာအဂ္ဂဗုဒ္ဓနှင့် ခရမ်းရောင်ကြယ်ဧကရာဇ်
‘ကျို့ယိုငရဲထဲက သရဲတွေကို လွှတ်ပေးမှာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ရဲလွန်းတဲ့အကြံတစ်ခု ရသွားပါတယ် ‘ကျို့ယိုငရဲမှာရှိတဲ့ သရဲတွေ ထွက်ပြေးရင်… ငါ ဒီအခွင့်အရေးကို အသုံးချပြီး ကျို့ယိုငရဲမှာ သွားပုန်းရင် ကောင်းမလား’
‘မဖြစ်သေးဘူး… စွမ်းအားကြီးပုဂ္ဂိုလ်တွေ လှုပ်ရှားပြီး သရဲတွေကို ကျို့ယိုငရဲထဲ ပြန်မောင်းထည့်ရင် ငါ ဒုက္ခလှလှ တွေ့သွားမှာပေါ့’
ဟန်ကျွယ်က သွမ့်ဟုန်ချန်ကို ပြောလိုက်ပါတယ် “ငါတို့ စောင့်ကြည့်ကြတာပေါ့၊ ဒီအတောအတွင်းမှာ နွေဦးပင်လယ်ရဲ့ လှုပ်ရှားမှုကို တစ်ချက်ကလေးတောင် မလွတ်စေနဲ့၊ လုံးဝနည်းလမ်း မရှိဘူးဆိုရင် ငါတို့တွေ ငရဲပြည်ကနေ ခွာကြတာပေါ့၊ ငါ့မှာ ငရဲပြည်ကနေ အပြင်ဘက်ကို တစ်ခါတည်း ခုန်ထွက်နိုင်တဲ့ ဆန်းကြယ်စွမ်းအားရှိတယ်”
သွမ့်ဟုန်ချန်ဟာ ဟန်ကျွယ်စကားကြောင့် သက်သာရာ ရသွားပါတယ်။
ဟန်ကျွယ်ဟာ နွေဦးပင်လယ်ရဲ့ အခြေအနေကို ဂရုမစိုက်ဘဲ ဆက်လက် ကျင့်ကြံပါတယ်။ ကောင်းကင်ဘဝဂ် ကျင့်ကြံသူတောင် တာအိုစက်ကွင်းကို မထိုးဖောက်နိုင်တဲ့အတွက် တခြားသူတွေ တိတ်ဆိတ်ကျွန်းကို ရှာတွေ့ဖို့ဆိုတာ မိုးလောက်ကြီးတဲ့ ကံကောင်းမှုရှိမှပဲ ရပါလိမ့်မယ်။
ဒီလိုနဲ့ ခုနစ်လရှစ်လ ကုန်ဆုံးသွားပြီး ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံး ဖွင့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးပင်လယ်ရဲ့ နက်ရှိုင်းတဲ့တစ်နေရာကနေ အပေါ်ကို ထိုးထွက်လာတဲ့ အားကောင်းလွန်းတဲ့ ရောင်ဝါတစ်ခုကြောင့်ပါ။
‘စွမ်းအားကြီးပုဂ္ဂိုလ် ပေါ်လာပြန်ပြီ’ ဟန်ကျွယ်ဟာ ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းပါတယ်။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းပတ်လည်က ကျင့်ကြံသူတွေကို စစ်ဆေးလိုက်ပေမဲ့ ဘာမှထွက်မလာပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီအားကောင်းတဲ့ရောင်ဝါက တိတ်ဆိတ်ကျွန်းနဲ့ တော်တော်လေး အလှမ်းဝေးတယ်ဆိုတာ သိနိုင်ပါတယ်။
အဲဒီနောက်ပိုင်း ငရဲပြည်တစ်ခုလုံး ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့တွေနဲ့ အချိန်တစ်ခုထိ ပြည့်နှက်သွားပါတယ်။
ခုနစ်ကြာတဲ့အခါမှာတော့ ထုန်ကျန့်ကမ္ဘာမှာရှိတဲ့ ဝတ်ရုံဖြူဗုဒ္ဓက ဟန်ကျွယ်ကို တလိုက်ပါတယ်။ ဟန်ကျွယ်လည်း အသံလွှင့်ပြီး မေးမြန်းတဲ့အခါ ဝတ်ရုံဖြူဗုဒ္ဓက လွီဟွာရွှီကို တပည့်အဖြစ်လက်ခံဖို့ ထောက်ခံချက် ပေးပါတော့တယ်။
“ဒီကလေးရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းပဲ၊ သူ့ကို ကောင်းကောင်းမွန်မွန် ပြုစုပြိုးထောင်မယ်ဆိုရင် ကျိန်းသေပေါက် တိတ်ဆိတ်ဂိုဏ်းရဲ့ စွမ်းအားကျင့်ကြံသူ ဖြစ်လာမှာ၊ သူ့ကို ထုန်ကျန့်ကမ္ဘာမှာ နေခိုင်းတာက အောက်ဆွဲချနေသလိုပဲ” ဝတ်ရုံဖြူဗုဒ္ဓက စိတ်လှုပ်ရှားစွာ ပြောလိုက်ပေမဲ့ ဟန်ကျွယ်ကတော့ တိတ်ဆိတ်သွားပါတယ်။
လွီဟွာရွှီ၊ ခရမ်းရောင်ကြယ်ဧကရာဇ် လူဝင်စား၊ ကောင်းကင်ဘဝဂ်ကျင့်ကြံသူ။
‘ငါ ကောင်းကင်ဘဝဂ်ကျင့်ကြံသူ ပြန်ဝင်စားတဲ့လူကို တိတ်ဆိတ်ကျွန်းထဲ ဆွဲထည့်လိုက်ရင် အန္တရာယ်များ ရှိလာမလား’
ဟန်ကျွယ်ဟာ ဒီအတွေးကို တွေးမိမိချင်းပဲ ငြင်းဆန်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထုန်ကျန့်ကမ္ဘာက သူ့ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ ရှိနေတာ ဖြစ်တဲ့အတွက် လွီဟွာရွှီဟာ တိတ်ဆိတ်ကျွန်းမှာ ရှိနေတာနဲ့ ဘာမှမထူးခြားပါဘူး။
နောက်ပြီး တိတ်ဆိတ်ကျွန်းမှာလည်း နောက်ထပ် ကောင်းကင်ဘဝဂ်ကျင့်ကြံသူ လူဝင်စား ရှိနေပါသေးတယ်။ ဒီလူဝင်စားက မဟာအဂ္ဂဗုဒ္ဓပါ။ ကောင်းကင်တာအိုဗုဒ္ဓက ကောင်းကင်ဘဝဂ်ကျင့်ကြံသူဆိုမှတော့ မဟာအဂ္ဂဗုဒ္ဓကလည်း ဘယ်လိုလုပ်ပြီး ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်ဘဲနေမှာလဲ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကောင်းပြီ၊ ငါ သူ့ကို တစ်ခါတည်း ခေါ်သွားလိမ့်မယ်”
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓရှေ့မှာရှိတဲ့ လွီဟွာရွှီကို နတ်အာရုံနဲ့ ရစ်ပတ်ပြီး ထုန်ကျန့်ကမ္ဘာထဲကနေ ကျင့်ကြံခြင်းလိုဏ်ဂူဆီ ဆွဲထုတ်လိုက်ပါတယ်။
လွီဟွာရွှီဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်းဒူးထောက်ပြီး တုန်ယင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “စီနီယာကို နှုတ်ဆက်ပါတယ်” လွီဟွာရွှီဟာ ဘဝဟောင်းက အရည်အချင်းကို ပြန်ရသွားပေမဲ့ ကောင်းကင်ဘဝဂ်ကျင့်ကြံသူရဲ့ သိစိတ်ကိုတော့ ပြန်မရသေးပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်က ချူရှီရန်ကို အသံလွှင့်နည်းနဲ့ ခေါ်လိုက်ပါတယ်။ မကြာခင်မှာပဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ချူရှီရန် ဝင်လာပါတယ်။
“ဒီနေ့ကစပြီး သူက မင်းတပည့်ပဲ”
ဟန်ကျွယ်ဟာ မျက်နှာသေနဲ့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားနေပါတယ်။
‘မဟာအဂ္ဂဗုဒ္ဓနဲ့ ခရမ်းရောင်ကြယ်ဧကရာဇ်… ဘယ်သူက ဘယ်သူ့ကို ဖိနှိပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့’
ဟန်ကျွယ်ဟာ သူတို့နှစ်ယောက် ပူးပေါင်းမှာကို မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဟာအဂ္ဂဗုဒ္ဓက သက်ရှိတွေ မကျင့်ကြံတာကို လိုလာပြီး ခရမ်းရောင်ကြယ်ဧကရာဇ်ကျတော့ ရည်မှန်းချက်ကြီးတဲ့သူပါ။ သူတို့နှစ်ယောက်က ဘယ်နည်းနဲ့မှ ဆက်ဆံရေးကောင်းနိုင်မှာ မဟုတ်ပါဘူး။
ချူရှီရန်ဟာ ကျေနပ်အံအားသင့်သွားပါတယ်။
“ဟုတ်ကဲ့ပါ ဆရာဘိုးဘိုး”
လွီဟွာရွှီကတော့ ချီတုံချတုံ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ထွက်သွားဖို့ အချက်ပြလိုက်တာကြောင့် ချူရှီရန်ဟာ လွီဟွာရွှီကိုဆွဲပြီး ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ပျော်ပျော်ရွှင်ရွှင် ထွက်သွားပါတယ်။
ဒါပေမဲ့ အဲဒီနေ့ကစပြီး နေ့ရက်တိုင်းဟာ ချူရှီရန်အတွက် အိပ်မက်ဆိုး ဖြစ်လာပါတယ်။
လွီဟွာရွှီရဲ့ အရည်အချင်းက ကျိုးမင်ယွဲ့လို နတ်ဆိုးသူတော်စင် နှိုင်းယှဉ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ဒါ့အပြင် တိတ်ဆိတ်ကျွန်းရဲ့ အင်မော်တယ်ချီက ထုန်ကျန့်ကမ္ဘာထက် အများကြီး သာလွန်တာကြောင့် လွီဟွာရွှီဟာ သမုဒ္ဒရာထဲရောက်သွားတဲ့ အာနန္ဒာငါးလို ကျင့်ကြံမှုတွေ တဟုန်ထိုး တိုးတက်လာပါတယ်။
လွီဟွာရွှီကို ဖိနှိပ်ဖို့အတွက် ချူရှီရန်ဟာ ရွေးချယ်စမရာမရှိဘဲ လေးလေးနက်နက် ကျင့်ကြံရပါတော့တယ်။ အရင်တုန်းက ချူရှီရန် ကျိုးမင်ယွဲ့ကို ဖိနှိပ်တုန်းက အားလပ်ချိန်တွေ အများကြီးရှိပါသေးတယ်။ ဒါပေမဲ့ လွီဟွာရွှီကို ဖိနှိပ်ဖို့အတွက် ချူရှီရန်ဟာ အနားမယူရဲပါဘူး။ တပည့်ရဲ့ ကျင့်ကြံမှုက ဆရာကိုကျော်တက်သွားရင် ရှက်ဖို့ကောင်းတယ် မဟုတ်ပါလား။
လွီဟွာရွှီ ရောက်လာတာက တခြားတပည့်တွေကို ဖိအားယူဆောင်လာပါတယ်။ သူတို့အကုန်လုံးဟာ လွီဟွာရွှီက ဘယ်ကနေ ရောက်လာလဲဆိုတာ သိချင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွီဟွာရွှီရဲ့ အရည်အချင်းက လုံဟောင်လို ထက်မြက်လို့ပါပဲ။
သုံးနှစ်ကြာတဲ့အခါမှာတော့ ဆယ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်မှာ ထူးခြားဖြစ်ရပ်တွေ မရှိပါဘူး။ စာအိတ်တွေထဲကလည်း အရေးကြီးတဲ့ သတင်းအချက်အလက်ကို ဟန်ကျွယ် ရှာမတွေ့ပါဘူး။
ကျိန်စာတိုက်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်ကာ ငရဲပြည်ရဲ့ အခြေအနေကို မေးမြန်းပါတယ်။
ကောင်းကင်ဧကရာဇ်က အားမရတဲ့လေသံနဲ့ ပြောလိုက်ပါတယ် “မင်းက တကယ်ကို သတ္တိမရှိတာပဲ၊ ငရဲပြည်မှာနေပြီး ငရဲပြည်အကြောင်းကို ငါ့လာမေးရလား၊ မင်းက တစ်ချိန်လုံး ပုန်းအောင်းပြီး အပြင်ဘက်ကို တစ်စက်ကလေးတောင် မထွက်ဘူးလား”
“ဟုတ်တယ်… အပြင်ထွက်ရင် သေဖို့လွယ်တယ်လေ”
“မင်းက ဘယ်သူ့ကိုမှလည်း ရန်မစထားဘဲနဲ့၊ ဘာကြောက်နေတာလဲ၊ မင်းကျင့်ကြံမှုအဆင့်နဲ့ ရန်ငြိုးရန်စ မရှိဘူးဆိုရင် ဘယ်သူက မင်းကို လိုက်သတ်မှာ မဟုတ်ဘူး”
ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို အမှန်အတိုင်း ပြောနေတာပါ။ ဧကရာဇ်အဆင့်ကို ရောက်ပြီးနောက်ပိုင်း အင်မော်တယ်ဧကရာဇ်တစ်ပါးကို သတ်မယ်ဆိုရင် ပြဿနာတက်မှာကို ရာခိုင်နှုန်း တော်တော်လေး များပါတယ်။ နောက်ပြီး အင်မော်တယ်ဧကရာဇ်က ဝိညာဉ်အပိုင်းအစကို တခြားနေရာမှာထားခဲ့ရင် သေအောင် သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
“ဒါက ပြောလို့မရဘူးလေ၊ ခေါင်းမာပြီး စိတ်ထင်ရာ လျှောက်လုပ်တဲ့လူတွေက နည်းတာ မဟုတ်ဘူး၊ သူတို့ကျင့်ကြံမှုက အရမ်းမြင့်တာတောင် စိတ်ထင်ရာ လျှောက်လုပ်နေကြတုန်းပဲ” ဟန်ကျွယ်ဟာ ကျိုးဖန်၊ ဂျိရှင်းရှန်၊ ကျန်းယီနဲ့ တခြားသူတွေကို ရည်ညွှန်းပြီး ပြောလိုက်တာ ဖြစ်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်စကားကြောင့် နှာခေါင်းရှုံ့သွားပါတယ် “မဟုတ်တာတွေ လျှောက်ပြောပြန်ပြီ၊ ထားလိုက်ပါတော့၊ လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုတစ်ခုက ကျို့ယိုငရဲကို ဖွင့်လှစ်လိုက်တာ ငါသိတယ်၊ အခု သူက ရှန်နန်းတော်နဲ့ ငရဲပြည်မှာ တိုက်ခိုက်နေတယ်၊ ဒီတိုက်ပွဲက အခုထိ မပြီးသေးဘူး၊ ဆက်တိုက်နေကြတုန်း”
‘လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုတစ်ခု’
‘နောက်ထပ် ပြောင်းလဲနိုင်တဲ့အရာလား’
“ငါ ထပ်ပြောမယ်၊ မင်း ကောင်းကင်ရုံးတော်ကို လာချင်တယ်ဆိုရင် အချိန်မရွေး လာလို့ရတယ်၊ ငါ့မှာ လုပ်စရာရှိသေးတယ်၊ ကောင်းကင်နတ်ဘုရား စစ်သူကြီး တော်တော်ကြမ်းတဲ့ ပြိုင်ဘက်နဲ့ တွေ့နေတယ်၊ ငါ သွားကြည့်လိုက်အုန်းမယ်”
ပြောပြောဆိုဆို ကောင်းကင်ဧကရာဇ်ဟာ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။
“ငါ ကျို့ယိုငရဲ ဖွင့်လှစ်တဲ့လူကို သိချင်တယ်” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
[သက်တမ်း သန်း၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘သန်းတစ်ရာတည်းလား… ငါ့သက်တမ်းက တစ်ကွာဒလီယံတောင် ကျော်တယ်’
ဟန်ကျွယ်ဟာ ဆက်တွက်မည်ကို ရွေးချယ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။
‘အား… ဒါ ရှန်နန်းတော် တည်ထောင်သူ ဇုထူမလား… သူက ဘယ်လိုလုပ် ငရဲပြည်နဲ့ပူးပေါင်းပြီး သူ တည်ထောင်းထားတဲ့ ရှန်နန်းတော်ကို ပြန်တိုက်နေရတာလဲ’
‘ရှန်နန်းတော်က သူ့ကို သစ္စာဖောက်ဖူးလို့လား ဒါမှမဟုတ် ဟန်ဆောင်နေတာလား’
ဟန်ကျွယ်ဟာ ဇုထူက ဟန်ဆောင်နေတယ်လို့ ခံစားမိလိုက်ပါတယ်။ အနန္တကပ်ဘေးမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်က ရှန်နန်းတော်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ မဖြစ်နိုင်တဲ့အရာပါ။
‘ဒီရှန်နန်းတော်က တကယ်ကို အထင်သေးလို့မရတာပဲ’
အနန္တကပ်ဘေးကို တစ်ခါမှ မရင်ဆိုင်ဖူးတဲ့ ထိပ်သီးအင်အားစုတစ်စုက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို စုစည်းနိုင်ပြီး ကံတရား အထောက်အပံ့ကလည်း ထိပ်သီးအင်အားစုဟောင်းတွေနဲ့ ယှဉ်နိုင်ပါတယ်။ ဘယ်လိုပဲကြည့်ကြည့် ရှန်နန်းတော်က အနန္တကပ်ဘေးကို အနိုင်ရဖို့ ရာခိုင်နှုန်း တော်တော်လေး များပါတယ်။
အရင်အတိုင်းဆိုရင် ဟန်ကျွယ်ဟာ ရှန်နန်းတော် အနိုင်ရတာကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ လက်ရှိမှာ ရှန်နန်းတော်က ကောင်းကင်ရုံးတော်နဲ့ ရန်သူ ဖြစ်နေတဲ့အတွက် ဟန်ကျွယ်ဟာ ရှန်နန်းတော် အနိုင်ရမှာကို ခွင့်မပြုနိုင်ပါဘူး။
‘ငါ ဇုထူကို ကျိန်စာတိုက်သင့်လား’
‘မဖြစ်ဘူး… ဒီဇုထူက အနန္တကပ်ဘေးက အစွမ်းအထက်ဆုံးပုဂ္ဂိုလ်၊ သူကို ဒီလိုအလျင်စလို ကျိန်စာတိုက်လို့ မဖြစ်ဘူး၊ ငါ ကြမ္မာဆိုးစာအုပ်ကို အရင်ဆုံး အဆင့်မြှင့်ရမယ်’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို အခွင့်အရေးရှာပြီး သတိပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းခါပြီး ဆက်လက်ကျင့်ကြံဖို့ ပြင်ဆင်လိုက်ပါတယ်။
[လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခုသည် အတိတ်သို့ခရီးနှင်၍ သင့်အား ဒုက္ခပေးရန် ကြံစည်နေ၏။ အတိတ်မှ တာအိုစက်ကွင်း၏ လုပ်ဆောင်ချက်အား တိုးမြှင်လိုပါသလား။]
ဟန်ကျွယ် မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။ ဒီစာကြောင်းကိုကြည့်ပြီး ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ် ‘ဘာလဲဟ…’
ဒါပေမဲ့ ဟန်ကျွယ်ဟာ ချက်ချင်းပဲ တိုးမြှင့်ဖို့ ရွေးချယ်လိုက်ပါတယ်။ အခုလက်ရှိ တာအိုစက်ကွင်းက ကောင်းကင်ဘဝဂ်ကျင့်ကြံသူရဲ့ နတ်အာရုံကို ဟန့်တားနိုင်တဲ့အတွက် အတိတ်ကိုခရီးနှင်ပြီး ဒုက္ခပေးချင်တဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုကို တားဆီးနိုင်လောက်မှာပါ။
ဟန်ကျွယ်ဟာ တစ်ဖက်လူက ကောင်းကင်ဘဝဂ်အဆင့်ထက် သာလွန်နေမှာကို စိုးရိမ်သွားပါတယ်။
‘ဘယ်သူက ငါ့ကို လုပ်ကြံနေချင်တာလဲ’
ဟန်ကျွယ်ရဲ့ ပထမဆုံးအတွေးက လောကဦးကမ္ဘာဆီ ခရီးနှင်တဲ့ ဖန်းလျန်ပါ။ ဒါပေမဲ့ ဖန်းလျန်က တော်တော်လေး အလှမ်းဝေးတဲ့ အတိတ်ကို ပြန်သွားနေတာမို့ ဖြစ်နိုင်ချေက နည်းပါးလှပါတယ်။
‘ငါ ဘာလို့ ခန့်မှန်းနေရမှာလဲ၊ တွက်ကြည့်လိုက်ရင် ပြီးနေတာပဲဟာကို’
ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်လိုက်ပြီး ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို အသုံးပြုလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တစ်ဖက်လူ ဘယ်သူဆိုတာ သိတာနဲ့ တစ်ခါတည်း မှတ်လောက်သားလောက် ဖြစ်သွားအောင် ကျိန်စာတိုက်ပေးမှာပါ။
[သက်တမ်း သန်း၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ရုတ်ခြည်းဆိုသလိုပဲ ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီရုပ်သွင်ကို ကြည့်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
‘ဘယ်လိုဖြစ်ပြီး သူဖြစ်နေတာလဲ’
‘မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီနဲ့တူတယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 333
? Views, Released on December 5, 2024