အခန်း (၃၃၂) ကံကြမ္မာအား ပြောင်းလဲခြင်း၊ ကျို့ယိုငရဲအား ဖွင့်လှစ်ခြင်း
‘ဘာလဲဟ… အမှောင်ဂိုဏ်း… အသူရာမျိုးနွယ်စု…’
ဟန်ကျွယ်ဟာ သေလောက်အောင် ဒေါသထွက်သွားပါတယ်။ အပေါ်ယံကြည့်ရင် အသူရာမျိုးနွယ်စုက အမှောင်သခင်ကြီးကို ကြည်ညိုလေးစားပုံပေါ်ပေမဲ့ သေချာစဉ်းစားကြည့်ရင် အသူရာမျိုးနွယ်စုက အမှောင်သခင်ကြီး နာမည်ကို အသုံးချပြီး ပြဿနာရှာနေတာပါ။
‘မဖြစ်သေးဘူး… ဒီကောင်တွေ ငါ့နာမည်ကို အလွဲသုံးစား လုပ်နေတာပဲ’
ဟန်ကျွယ်က ကောင်းကင်ဧကရာဇ်ကို မေးလိုက်ပါတယ် “သူတို့ခေါင်းဆောင်က ဘယ်သူလဲ၊ နာမည်ဘယ်လိုခေါ်လဲ”
“သူတို့တွေ ခေါင်းဆောင်ပြောင်းထားတာ မကြာသေးဘူး၊ အခုခေါင်းဆောင်နာမည်က ရွှယ်မင်းဟယ်၊ ရွှယ်မင်းဟယ်က ကျို့ယိုငရဲကနေ လွတ်လာတာ မကြာသေးဘူး’
‘ရွှယ်မင်းဟယ်လား’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “အရှင်မင်းကြီး… ရွှယ်မင်းဟန်အကြောင်း ဘာသိထားသေးလဲ”
“ငါ သိထားတာ မရှိဘူး”
ကောင်းကင်ဧကရာဇ်ရဲ့ အဖြေဟာ ဟန်ကျွယ်ကို စိတ်ပျက်သွားစေပါတယ်။
ဒီရှန်းရှလောကက ဟန်ကျွယ်ဘဝဟောင်းတုန်က ကမ္ဘာမြေရဲ့ ဒဏ္ဍာရီတွေ၊ အွန်လိုင်းဝတ္ထုတွေနဲ့ ဆင်တူတာ များပါတယ်။ ဆင်တူများတယ်ဆိုပေမဲ့ မတူညီတာတွေကလည်း အများကြီးပါ။ အတိုချုပ်ရရင် အချိန်မတူတာ ဖြစ်ပါလိမ့်မယ်။
ဘိုးဘေးရှီတျန်က အနန္တကပ်ဘေးကိုးခုကို ဖြတ်ကျော်ခဲ့ပြီးပါပြီ။ အခုလက်ရှိ ကောင်းကင်ဧကရာဇ်ကလည်း ဟောင်တျန်ပြီးမှ အာဏာရလာခဲ့တာပါ။ ဘယ်နှဆက်မြောက် ကောင်းကင်ဧကရာဇ်လဲဆိုတာတော့ နတ်ဘုရားပဲ သိပါလိမ့်မယ်။
ဟန်ကျွယ်ဟာ အတွေးစတွေကို ဖြတ်တောက်လိုက်ပါတယ်။ သူသိတဲ့ ဒဏ္ဍာရီတွေနဲ့ ဆက်နွှယ်သည်ဖြစ်စေ မဆက်နွှယ်သည်ဖြစ်စေ ဒီကိစ္စက ဟန်ကျွယ်အတွက် အရေးမကြီးပါဘူး။
ဘဝဟောင်းက ကမ္ဘာမြေအတွက်တော့ ဟန်ကျွယ်ဟာ သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။ အခွင့်အရေးရရင် ပြန်သွားကြည့်မှာဖြစ်ပြီး အခွင့်အရေးမရလို့ မပြန်ရရင်လည်း ကိစ္စမရှိပါဘူး။ ဟန်ကျွယ်ရဲ့ အခုလက်ရှိ ရည်မှန်းချက်က ထာဝရအသက်ရှင်ဖို့ပါ။
မကြာခင်မှာပဲ ကောင်းကင်ဧကရာဇ်ဟာ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။ ဟန်ကျွယ်လည်း ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရွှယ်မင်းဟယ်ကို ကျိန်စာတိုက်ကာ ပညာပြလိုက်ပါတယ်။ ဟန်ကျွယ်ဟ သင်ခန်းစာပေးရုံသာ ဖြစ်တဲ့အတွက် ငါးရက်ထက်ပိုပြီးတော့ ကျိန်စာမတိုက်ပါဘူး။
[ဟန်မင်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
ဟန်ကျွယ်ဟာ သူ့ရှေ့က အသိပေးချက်ကို မျက်နှာသေနဲ့ ကြည့်လိုက်ပါတယ် ‘ဒီကောင်စုတ်လေးက ငါ့အပေါ် မျက်နှာသာပေးမှု တိုးလာလိုက် လျော့သွားလိုက်နဲ့၊ အရူးကျနေတာပဲ’
ဟန်ကျွယ်ဟာ ဟန်မင်ကို ဂရုမစိုက်ပါဘူး။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မှီခိုပြီး ကြီးပြင်လာတာ မဟုတ်တဲ့အတွက် ရင်းနှီးမှုဆိုတာ ဂျိုနဲ့လားလို့ မေးယူရမှာပါ။
ငရဲပြည်ရဲ့ အောက်ကမ္ဘာ။
ငရဲမင်းဟာ သရဲထိုင်ခုံမှာ မျက်နှာသေနဲ့ ထိုင်နေပြီး ခန်းမထဲက အရိပ်နက်ကို စိုက်ကြည့်နေပါတယ်။
“မင်းက ဘယ်သူလဲ” ငရဲမင်းက ခပ်တိုးတိုး မေးလိုက်ပါတယ်။
အရိပ်နက်က ပြုံးလိုက်ပါတယ် “ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက ငရဲမင်းအတွက် ဘာလုပ်ပေးနိုင်လဲဆိုတာပဲ”
“ငါက မင်းကို ဘာကိစ္စနဲ့ ယုံကြည်ရမှာလဲ”
“ဆယ်နှစ်အတွင်း ငရဲပြည်မှာရှိတဲ့ ဗုဒ္ဓဂိုဏ်းရဲ့ အင်အားစုတွေကို ရှင်းလင်းပေးမယ်၊ ကျုပ်ရဲ့ စိတ်ရင်းအမှန်ကို ပြသတဲ့အနေနဲ့ ကြိုပြီးတော့ သတင်းပေးတာ”
“အို… ဒါဆို မင်းက ဘာလိုချင်တာလဲ”
“နွေဦးပင်လယ်”
ငရဲမင်းဟာ အရိပ်နက်ရဲ့စကားကြောင့် မျက်စိမှေးသွားပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းက ကျို့ယိုငရဲကို လိုချင်တာလား၊ ကြည့်ရတာ မင်းရဲ့သရုပ်မှန်က မရိုးရှင်းဘူးပဲ၊ မင်းက ရွှယ်မင်းဟန်နဲ့တော့ မပတ်သက်ဘူးမလား၊ ဟုတ်တယ်မလား”
အရိပ်နက်ဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ကျုပ်က ကျို့ယိုငရဲနဲ့ ဘာဆက်သွယ်မှုမှ မရှိဘူး၊ အသုံးချချင်ရုံ သက်သက်ပဲ၊ အနာဂတ်မှာ ကျုပ် ငရဲပြည်ကို မထိဘူး၊ ကျုပ်ရဲ့ ပစ်မှတ်က အင်မော်တယ်ကမ္ဘာပဲ”
ငရဲမင်းဟ အတွေးနက်သွားပါတယ်။ ငရဲမင်းဟာ ဒီနှစ်ထဲမှာ တိကျောက်ပိုင်ဦးဆောင်တဲ့ ဗုဒ္ဓဂိုဏ်း အင်အားစုတွေကြောင့် ဒုက္ခများနေတာပါ။ ငရဲပြည်ကိုသာ မစုစည်းနိုင်ဘူးဆိုရင် ငရဲမင်းဟာ ကောင်းကင်ရုံးတော်ကို စိတ်ချလက်ချ တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။
‘အစုတ်ပလုတ် ဗုဒ္ဓဂိုဏ်း… ဘာလို့များ ကောင်းကင်ရုံးတော်နဲ့ ဒီလောက်မိတ်ဖွဲ့ချင်ရတာလဲ”
ငရဲမင်းက ပြောလိုက်ပါတယ် “ကောင်းပြီလေ၊ ငါ သဘောတူတယ်”
“ငရဲမင်း… ခင်ဗျား မကြာခင်မှာပဲ ငရဲပြည်ကို စုစည်းနိုင်လိမ့်မယ်” စကားအဆုံးမှာပဲ အရိပ်နက်ဟာ မီးခိုးလိုမျိုး ပျောက်ကွယ်သွားပါတယ်။
အင်မော်တယ်ကမ္ဘာ၊ ခွန်လွန်။
တောင်တန်းတွေကြားက ကြီးမားတဲ့ရေကန်ထက်မှာ လုံဟောင်တစ်ယောက် တရားထိုင်နေပါတယ်။ အဆုံးမရှိတဲ့ အင်မော်တယ်ချီတွေဟာ ရေကန်မျက်နှာပြင်ကနေ ထွက်ပေါ်လာပြီး လုံဟောင်ရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားပါတယ်။
သက်လတ်ပိုင်း တာအိုဆရာတစ်ဦးဟာ ရေကန်ဘေးမှာရပ်ပြီး လုံဟောင်ကို ကြည့်ရင်း မုတ်ဆိတ်မွေးကို သပ်နေပါတယ်။
“အရမ်းကောင်းတယ်၊ ချန်ကျောင်းတော် ပြန်ထွက်ပေါ်လာဖို့ ဒီကောင်လေးကို အားကိုးရမှာပဲ”
သက်လတ်ပိုင်း တာအိုဆရာဟာ ပြုံးလိုက်ပါတယ်။ မကြာခင်မှာပဲ တာအိုကလေးငယ်တစ်ယောက်ဟာ သက်လတ်ပိုင်း တာအိုဆရာဘေးမှာ ပေါ်လာပါတယ်။ ဒီတာအိုလေးငယ်ဟာ ငါးနှစ်ခြောက်နှစ်အရွယ် ကလေးငယ်ပုံစံရှိပါတယ်။ တာအိုကလေးငယ်ရဲ့ မျက်နှာဟာ ချစ်စရာကောင်းပြီး ကြွေရုပ်လေးလို ချောမောလှပတာကြောင့် ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ခွဲမရပါဘူး။
တာအိုကလေးငယ်က ပြောလိုက်ပါတယ် “ဆရာသခင်… ကောင်းကင်ရုံးတော်က ဆရာသခင်နဲ့တွေ့ဖို့ လူလွှတ်တယ်၊ သူတို့ပြောတာတော့ လုံဟောင်ရဲ့ အစ်ကို လုံကျွင်းတဲ့”
သက်လတ်ပိုင်း တာအိုဆရာဟာ ပြုံးလိုက်ပါတယ် “သူ့ကို စောင့်ခိုင်းလိုက်၊ ဟောင်အာက ချန်ကျောင်းတော်ရဲ့ ဆန်းကြယ်စွမ်းအား လေ့လာသုံးသပ်နေတယ်လို့ ပြောလိုက်”
တာအိုကလေးငယ်ဟာ မှင်သက်သွားပြီး မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဆရာသခင်… သူက ကောင်းကင်ရုံးတော်ကနော်၊ သူ့ကို ဒီလောက်တောင် ယုံကြည်တာလား”
လုံဟောင်ဟာ အသိဉာဏ်ပွင့်လင်းတဲ့ အခြေအနေမှာမို့ အပြင်က အခြေအနေတွေကို လုံးဝ မသိနိုင်ပါဘူး။
သက်လတ်ပိုင်း တာအိုဆရာဟာ ပြုံးလိုက်ပါတယ် “ကောင်းကင်ရုံးတော်က တာအိုဂိုဏ်း ထောက်ပံ့ထားတဲ့ အင်အားစုတစ်ခုပဲ၊ ချန်ကျောင်းတော်နဲ့ ကောင်းကင်ရုံးတော် ပူးပေါင်းတာက ကောင်းတဲ့ကိစ္စပဲ၊ ကောင်းကင်ရုံးတော်က အနန္တကမ္ဘာကို ထိန်းချုပ်တယ်၊ ချန်ကျောင်းက စိတ်ကြိုက် ပညာသင်ကြားနိုင်တယ်၊ ဒါက နှစ်ဖက်လုံး ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား”
တာအိုကလေးငယ်ဟာ တိတ်ဆိတ်သွားပါတယ်။
သက်လတ်ပိုင်း တာအိုဆရာက ဆက်ပြောပါတယ် “ဒါနဲ့ ဟောင်အာရဲ့ဂိုဏ်းကိုလည်း စုံစမ်းထားအုန်း၊ ဟောင်အာရဲ့ ဆရာသခင်က တော်တော်လေး လျှို့ဝှက်တယ်၊ ငါတွက်ချက်လို့ မရဘူး၊ ကြည့်ရတာ အင်အားကြီးမားတဲ့ နောက်ခံရှိတယ်နဲ့ တူတယ်”
တာအိုကလေးငယ်ဟာ ခေါင်းညိတ်ပြီး ပျောက်ကွယ်သွားပါတယ်။
“ခြိမ်း…”
ကောင်းကင်ယံမှာ မိုးကြိုးတိမ်တိုက်တွေ စုစည်းလာပြီး ကောင်းကင်တန်ခိုးဟာ ခွန်လွန်တောင်တစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။
သက်လတ်ပိုင်း တာအိုဆရာဟာ ကောင်းကင်ကို မော့ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ခွန်လွန်က ကောင်းကင်ကောင်းချီးနယ်မြေပဲ၊ ဘယ်လိုလုပ်ပြီး ကောင်းကင်စမ်းသပ်မှု ပေါ်လာရတာလဲ၊ သူက ကြီးမားတဲ့ကံတရားကို ထမ်းဆောင်ထားရလို့လား၊ ဒါဆိုရင်လည်း ငါဘာဖြစ်လို့ အကုသိုလ်ကံကို အာရုံမခံမိတာလား၊ နေအုန်း… ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးမှာ ပုန်းအောင်းနေတာလား”
သက်လတ်ပိုင်း တာအိုဆရာဟာ မျက်နှာနည်းနည်း ပျက်သွားပြီး လက်ညိုးနဲ့ သူ့မျက်လုံးနှစ်လုံးကို သပ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ တာအိုဆရာရဲ့ မျက်လုံးတွေဟာ ဆန်းသစ်စလဝန်းလို့ ခရမ်းရောင် ပြောင်းသွားပါတယ်။
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ ဒီနှစ်တွေမှာ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်မှာပဲ နေပါတယ်။ ဝူတောက်ကျန့်ဟာ လီယောင်နဲ့အတူ ကောင်းကင်ဓားတာအိုကို လေ့လာတဲ့အတွက် နှစ်ယောက်စလုံး တိုးတက်လာပါတယ်။
စန့်ရှီကတော့ တိတ်ဆိတ်ဂိုဏ်းနဲ့ လုံးဝအံဝင်ဂွင်ကျ ဖြစ်သွားပါတယ်။ စန့်ရှီနဲ့ အရင်းနှီးဆုံးကတော့ မျိုးနွယ်စုချင်းတူတဲ့ ထူလင်းအာ မဟုတ်ဘဲ ငရဲကြက်နက် ဖြစ်နေပါတယ်။ ပထမတော့ စန့်ရှီကို ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ ဒါပေမဲ့ ငရဲကြက်နက်ကသာ အမြဲတမ်း သရော်ပါတယ်။ စန့်ရှီဟာ ပထမတော့ ငရဲကြက်နက်ရဲ့ သရော်မှုကို မကြိုက်ပေမဲ့ နောက်ပိုင်းမှာတော့ ငရဲကြက်နက်ရဲ့ လေသံကို တော်တော်လေး သဘောကျသွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ငရဲကြက်နက်က ဟန်ကျွယ်ကလွဲရင် လူတိုင်းကို ကြိမ်းမောင်းရဲပြီး အရှုံးပေးရင်လည်း လျှပ်စီးလို လျင်မြန်ပါတယ်။ ငရဲကြက်နက်ကိုကြည့်ပြီး စန့်ရှီဟာ မရယ်ဘဲ မနေနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်နေရင်းနဲ့ ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေး ရန်ဖြစ်နေတဲ့အသံကို ကြားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ နတ်ဆိုးဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်ကို ဆန့်ကျင်ပြီး ကံကြမ္မာအား ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ကောင်းကင်တာအို၏ ဆန့်ကျင်မှုကို ခံရပြီး ကံတရား အထောက်အပံ့ အားပျော့သွား၏။]
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် သင့်ရန်သူ လီရွှမ်အောက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်သားရဲ မိုးပြာနဂါးအား သတ်ဖြတ်လိုက်သဖြင့် ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျန်းယီသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ ဟန်မင်သည် ခန္ဓာသိမ်းခံရပြီး သူ့ဝိညာဉ်မှာမူ ဝိညာဉ်ရတနာထဲ၌ လှောင်ပိတ်ခံရကာ နှိပ်စက်ခံနေရ၏။]
‘ဒီလီတောက်ခုံးက တကယ်ဇာတ်လိုက်ပဲ… ဆယ်နှစ်တိုင်းမှာ ဘော့စ်တွေနဲ့ တိုက်တာပဲ’
‘ဖန်းလျန်ကရော ဘာဖြစ်လို့ သူ့ကံကြမ္မာကို ပြောင်းလဲလိုက်ရတာလဲ’ ဟန်ကျွယ်ဟာ ဖန်းလျန်အတွက် အနည်းငယ် စိုးရိမ်သွားပါတယ်။ ဟန်ကျွယ်ဟာ မုရုံချီပြီးရင် ဖန်းလျန်ကို အနှစ်သက်ဆုံးဖြစ်တာကြောင့် ဖန်းလျန် တစ်ခုခုဖြစ်မှာကို မမြင်ချင်ပါဘူး။ ဒါပေမဲ့ ဖန်းလျန်ရဲ့ ကံကြမ္မာက ပြဿနာတွေနဲ့ ပြည့်နှက်ပါတယ်။ နောက်ပြီးတော့ ဖန်းလျန်က ကျိုးဖန်လိုမျိုး ရည်ရွယ်ချက်ရှိပါတယ်။
ကျိုးဖန်အကြောင်း ပြောရရင်တော့ ကျိုးဖန်ဟာ ဒီနှစ်ထဲမှာ တော်တော်လေး လှုပ်ရှားလာပါတယ်။ သူ့ကျင့်ကြံမှုကလည်း မဟာညီညွတ်မှု အင်မော်တယ်စစ်အဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ ဒီအဆင့်က အင်မော်တယ်ကမ္ဘာမှာ ဘာမှ မပြောပလောက်ပါဘူး။
ဟန်ကျွယ်ဟာ သူ့ရဲ့မိတ်ဆွေကြီး ကျန်းယီက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာကိုလည်း သတိထားမိလိုက်တာကြောင့် ကရုဏာသက်သွားပါတယ် “ကျွတ်..ကျွတ်… တော်တော်လေး သနားဖို့ကောင်းတာပဲ”
အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်မင် ခန္ဓာသိမ်းခံရတာကို တွေ့လိုက်ရတဲ့အတွက် ထောက်ချောက်တစ်ခုရဲ့ အငွေ့အသက်ကို ခံစားမိုလိုက်ပါတယ် ‘ဒီ ခန္ဓာသိမ်းခံထားရတဲ့ ဟန်မင်က ငါ့ယုံကြည်မှုကို အရယူပြိး ငါ့ကို လုပ်ကြံဖို့ အခွင့်အရေး ရှာချင်တာလား’
ဟန်ကျွယ်ဟာ တွေးလေလေ ဖြစ်နိုင်တယ်လို့ ခံစားရလေလေပါပဲ။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းဘေးနားက နွေဦးပင်လယ် ဘောင်ဘင်ခတ်လာတာကို ခံစားမိုလိုက်ပါတယ်။
သွမ့်ဟုန်ချန်လည်း ကျင့်ကြံခြင်းလိုဏ်ဂူရှေ့ ရောက်လာပြီး ဟန်ကျွယ်ကို လာတွေ့ပါတယ်။ ဟန်ကျွယ်လည်း သွမ့်ဟုန်ချန်ကို ဝင်ခွင့်ပြုလိုက်ပါတယ်။
“ဂိုဏ်းချုပ် ဆိုးရွားတာ တစ်ခုခု ဖြစ်နေပြီ၊ တစ်ယောက်ယောက်က ကျို့ယိုငရဲ အရံအတားကို ဖွင့်နေတယ်” သွမ့်ဟုန်ချန်က စိုးရိမ်တကြီး ပြောလိုက်ပါတယ်။
“ထားလိုက်ပါ… ကျို့ယိုငရဲထဲ ဝင်ရင် သူတို့သေမှာပဲမလား”
“ကျွန်တော့်အထင် သူတို့က ကျို့ယိုငရဲထဲ ဝင်ချင်တာ မဟုတ်ဘူး၊ ကျို့ယိုငရဲထဲက သရဲတွေကို လွှတ်ပေးချင်တာ ဖြစ်လိမ့်မယ်၊ အဲဒီအချိန်ကျရင် နွေဦးပင်လယ်တစ်ခုလုံး ပေါ်တယ်ဖြစ်လာပြီး ကျွန်တော်တို့ကို ကျိန်းသေပေါက် သက်ရောက်လိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 332
? Views, Released on December 5, 2024