အခန်း (၃၃၀) မှော်မျိုးနွယ်စု အညံခံခြင်း၊ ဧကရီဟုတ်ထို
‘ဒီရောင်ဝါ… ဒါက အနည်းဆုံး နဝမအဆင့် အင်မော်တယ်ဧကရာဇ်ရဲ့ ရောင်ဝါပဲ’ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
ဝူတောက်ကျန့်က ရင်ထိတ်စွာ မေးလိုက်ပါတယ် “သခင်… ကျွန်မတို့တွေ ပြေးကြမှာလား”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “အရင်ဆုံး စောင့်ကြည့်ရအောင်”
ဟန်ကျွယ်ဟာ အနီးအနားမှာရှိတဲ့ ကျင့်ကြံသူတွေကို စစ်ဆေးလိုက်ပါတယ်။
[စန့်ရှီ: နဝမအဆင့် အင်မော်တယ်ဧကရာဇ်၊ မိုးကြိုးတာအို မဟာမှော်ဆရာ။]
[သွေးစိမ်းသရဲနတ်: အင်မော်တယ်ဧကရာဇ် နဝမအဆင့်။ အောက်ကမ္ဘာ၏ သရဲနတ်ဖြစ်သည်။]
‘သူတို့နှစ်ယောက်က နဝမအဆင့် အင်မော်တယ်ဧကရာဇ်တွေလား’ ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပြီး ချက်ချင်းပဲ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ကာ တိုက်ခိုက်ကြည့်လိုက်ပါတယ်။
တစ်ချက်တည်း သတ်ဖြတ်ခြင်း။
ဟန်ကျွယ်ဟာ နှစ်ယောက်လုံးကို တစ်ချက်တည်းနဲ့ အသေသတ်လိုက်တဲ့အတွက် ဘယ်သူက ပိုစွမ်းတယ်ဆိုတာကို မပြောနိုင်ပါဘူး။ အဲဒါကြောင့် ဘယ်သူနိုင်မလဲဆိုတာ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
စန့်ရှီနဲ့ သွေးစိမ်းသရဲနတ်တို့ရဲ့ တိုက်ပွဲက လောလောဆယ်မှာတော့ တိတ်ဆိတ်ကျွန်းကို သက်ရောက်မှု မရှိပါဘူး။ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့လည်း တိတ်ဆိတ်ကျွန်းရဲ့ တည်ရှိမှုကို အာရုံမခံနိုင်ကြပါဘူး။
ဟန်ကျွယ်ဟာ စန့်ရှီနဲ့ သွေးစိမ်းသရဲနတ်တို့ မြန်မြန်ထွက်သွားဖို့ပဲ မျှော်လင့်နေပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေကလည်း ဒီတိုက်ပွဲကို ဆွေးနွေးနေကြတာပါ။ ဒါပေမဲ့ သူတို့ဟာ အလန့်တကြား မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က တိတ်ဆိတ်ကျွန်းက ထိန်းချုပ်ပြီး ထွက်မပြေးလို့ပါပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် ရန်သူက စွမ်းအားမကြီးဘူးဆိုတာ သိနိုင်ပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… ဒီနှစ်ထဲမှာ ငရဲပြည်က ပိုပိုပြီးတော့ ငြိမ်းချမ်းမှု နည်းလာတယ်၊ ကံကောင်းတာတစ်ခုက ငါတို့တွေ နွေဦးပင်လယ်ထဲမှာ ရှိနေလို့ပဲ”
ငရဲကြက်နက်က မေးလိုက်ပါတယ် “အစ်ကိုကြီး… အပြင်ဘက်ကလူနှစ်ယောက်ကို အစ်ကိုကြီး အနိုင်ယူနိုင်လား”
ငရဲနက်နတ်ဆိုးသခင်ဟာ ခေါင်းခါလိုက်ပါတယ်။
“အစ်ကိုကြီးက အားနည်းလှချည်လား” ငရဲကြက်နက်ဟာ မနေနိုင်ဘဲ ပြက်ရယ်ပြုလိုက်ပါတယ် ‘ငါ့အစ်ကိုကြီးက ငါတို့ကလွဲရင် တခြားသူတွေကို မနိုင်ဘူးလား’
ငရဲနက်နတ်ဆိုးသခင်ဟာ ငရဲကြက်နက်စကားရဲ့ အဓိပ္ပာယ်ကို နားလည်တာကြောင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပါတယ် ‘ငါ့ညီက ငါ့ကို တော်တော် အထင်သေးတာပဲ’
ငရဲကြက်နက်ဟာ ငရဲနက်နတ်ဆိုးသခင် တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လာကတည်းက ပိုပိုပြီး မလေးစားတော့ပါဘူး။
ထူလင်းအာက ရေရွတ်လိုက်ပါတယ် “အပြင်ဘက်မှာရှိတဲ့ ရောင်ဝါက ကျွန်မကို အရင်းရင်းနှီးတယ်လို့ ခံစားရစေတယ်၊ မဟာမှော်ဆရာများလား မသိဘူး”
လီယောင်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “သူ့ကို ကယ်ချင်တယ်လို့တော့ မပြောနဲ့နော်”
ထူလင်းအာဟာ ခေါင်းခါလိုက်ပါတယ် “သူ ဘယ်သူမှန်းတောင် ကျွန်မ မသိဘူး၊ ဘာကြောင့် ကယ်ရမှာလဲ၊ ကျွန်မက တိတ်ဆိတ်ဂိုဏ်းတပည့်ပဲ၊ ဘာမှော်မျိုးနွယ်စုလဲ၊ ကျွန်မ ဂရုမစိုက်ဘူး”
တခြားသူတွေဟာ ထူလင်းအားစကားကို ကြားပြီး ခေါင်းခါကာ ရယ်မောလိုက်ပါတယ်။ ဟန်ကျွယ်နောက်လိုက်တာ ကြာပြီဖြစ်တဲ့အတွက် သူတို့တွေဟာ ပြဿနာတက်မှာကို တော်တော် ကြောက်လာကြပါတယ်။ အထူးသဖြင့် ရွှင်ချန်းအန်းနဲ့ ပဋိပက္ခကောင်းကင်ခွေးရဲ့ ဘေးဒုက္ခ အတွေ့အကြုံတွေကို သိရှိပြီးနောက်မှာ ဟန်ကျွယ်လမ်းအတိုင်း တိတ်တဆိတ် ကျင့်ကြံမှသာ တာအိုကို ရရှိနိုင်လိမ့်မယ်လို့ ပိုပိုပြီးတော့ ယုံကြည်လာကြပါတယ်။
အနည်းဆုံးတော့ ဟန်ကျွယ်က တိတ်ဆိတ်ဂိုဏ်းအတွက် စံပြပုဂ္ဂိုလ်ပါ။ အခုအချိန်ထိ ဟန်ကျွယ် ဒုက္ခရောက်တာကို တိတ်ဆိတ်ဂိုဏ်းတပည့်တွေ မတွေ့ဖူးသေးပါဘူး။ ဟန်ကျွယ်ဟာ ရန်သူတွေကို တစ်ချက်တည်း သတ်နိုင်ရင်သတ် မသတ်နိုင်ရင် လိုက်မမီအောင် ထွက်ပြေးပါတယ်။
သုံးလောကရဲ့ ဒြပ်စင်ငါးပါးမှာ ခြေရာဖျောက် သွားလာနိုင်တာက တာအိုရရှိတဲ့လူပဲ မဟုတ်ပါလား။
စန့်ရှီနဲ့ သွေးစိမ်းသရဲနတ်ရဲ့ တိုက်ပွဲက တစ်နာရီကျော်ကြာမှ အဆုံးသတ်သွားပါတယ်။ ဒီတော့မှ ဟန်ကျွယ်ဟာ သက်ပြင်းချနိုင်ပါတော့တယ်။
ဟန်ကျွယ်ဟာ တိုက်ခိုက်ဖို့ကို စိတ်မဝင်စားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူကို တစ်ချက်တည်းနဲ့ မသတ်နိုင်ရင် တိတ်ဆိတ်ကျွန်းရဲ့ တည်နေရာ ပေါ်သွားမှာကို ကြောက်လို့ပါပဲ။
‘ဟင်း… ဘယ်တော့မှ ငါ ပြိုင်ဘက်ကင်းမှာလဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က စွမ်းအားကြီးပုဂ္ဂိုလ်တွေကို တွေးမိသွားပါတယ်။ သူတို့တွေ ရှိနေမှန်း သိပေမဲ့ ဘယ်သူကမှန်း ရန်မစရဲကြပါဘူး။ နတ်ဆိုးဧကရာဇ်က ဘယ်လောက်ပဲ ရူးသွပ်ပါစေ မဟာအန္တိမခန်းမမှာတော့ လိမ္မာတဲ့ကလေးလေးလိုပါပဲ။
ဟန်ကျွယ်ရဲ့ လက်ရှိ ရည်းမှန်းချက်က ဘိုးဘေးရှီတျန်လို ဖြစ်လာဖို့ပါ။
စန့်ရှီနဲ့ သွေးစိမ်းသရဲနတ် ထွက်သွားတဲ့အခါမှာတော့ တိတ်ဆိတ်ကျွန်းဟာ ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဟန်ကျွယ်ကလည်း သူ့ရဲပျင်းစရာကောင်းတဲ့ ကျင့်ကြံမှုကို ဆက်လုပ်ပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေကလည်း အတူတူပါပဲ။
ပြောစရာရှိတာဆိုလို့ ငရဲနက်နတ်ဆိုးသခင်က အကြောင်းအရင်းတစ်ခုခုကြောင့် ကြိုးကြိုးစားစား ကျင့်ကြံအားထုတ် လာပါတယ်။ မကြာခဏဆိုသလိုလည်း အသွင်တူလက်ရည်စမ်းပွဲထဲမှာ ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲက တခြားသူတွေရဲ့ အခြေအနေကို အာရုံခံစားနိုင်တာကြောင့် ငရဲနက်နတ်ဆိုးသခင်ရဲ့ အခြေအနေကို ရိပ်စားမိပါတယ်။ အရင်တုန်းက အင်မော်တယ်ဧကရာဇ် ပဥ္စအဆင့်ဟာ စွမ်းအားကြီးမားပေမဲ့ အခုအချိန် ဟန်ကျွယ် မျက်စိထဲမှာတော့ ဘာမှ မဟုတ်တော့ပါဘူးး။
ပျင်းရိစရာကောင်းတဲ့ ကျင့်ကြံမှုအတွင်းမှာ ဟန်ကျွယ်ဟာ တစ်ခါတစ်လေ ရောက်တက်ရာရာ တွေးတောလေ့ရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘယ်နည်းနဲ့မှ သူ့တာအိုနှလုံးသားကိုတော့ အထိခိုက် မခံပါဘူး။
ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်နဲ့ ရင်ဆိုင်တွေ့မိခဲ့ရင် အရင်ဆုံး အသွင်တူလက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်မှာပါ။ အသွင်တူလက်ရည်စမ်းပွဲထဲမှာ တစ်ချက်တည်းနဲ့ သတ်နိုင်မှာ အပြင်မှာ တိုက်ခိုက်မှာပါ။ မဟုတ်လို့ကတော့ ဝေးဝေးက ရှောင်မှာပါ။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ်ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။
ငရဲပြည်ရဲ့ တိုက်ပွဲကလည်း ပိုပြီးတော့ ပြင်းထန်လာပါတယ်။ လေးငါးလကြာတိုင်း တိတ်ဆိတ်ကျွန်းထက်က ကောင်းကင်ပြင်ကို ဖြတ်ပျံတဲ့လူတွေ ပိုပိုများလာပါတယ်။ တစ်ချို့ကတော့ စွမ်းအားကြီးပြီး တချို့ကတော့ တော်တော်လေး အားနည်းကြပါတယ်။ စွမ်းအားကြီးတဲ့သူတွေက ဟန်ကျွယ်ကိုတောင် အန္တရာယ်အငွေ့အသက် ခံစားရစေပါတယ်။
ကံကောင်းတာတစ်ခုက နွေဦးပင်လယ်ထဲမှာ တိတ်ဆိတ်ကျွန်းက အလွန်သေးငယ်တဲ့ကျွန်းလေး ဖြစ်နေတာပါ။ ဒါ့အပြင် တာအိုစက်ကွင်းရဲ့ ဖုံးကွယ်ထားမှုကြောင့် တိတ်ဆိတ်ကျွန်းကို ရှာတွေ့ဖို့ဆိုတာက အတော်လေး ခက်လှပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ စန့်ရှီဟာ တိတ်ဆိတ်ကျွန်းရှိရာကို ရောက်လာပါတယ်။ စန့်ရှီဟာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး နွေဦးပင်လယ်ထဲ ပြုတ်ကျတာပါ။ စန့်ရှီ ပြုတ်ကျတဲ့နေရာက တိတ်ဆိတ်ကျွန်းနဲ့ သိပ်မဝေးပါဘူး။
ဟန်ကျွယ်ဟာ ဒီဖြစ်ရပ်ကြောင့် မှင်သက်သွားပါတယ် ‘ဘာဖြစ်တာလဲ၊ သနားစရာကောင်းအောင် သရုပ်ဆောင်နေတာလား’ ဟန်ကျွယ်ဟာ နိုးနိုးကြားကြား ဖြစ်သွားပါတယ်။
စန့်ရှီဟာ နွေဦးပင်လယ်ထဲကို တဖြည်းဖြည်း နှစ်မြုပ်သွားပါတယ်။ ဟန်ကျွယ်ဟာ စန့်ရှီ တိတ်ဆိတ်ကျွန်းဆီ လာတာကို တိုက်ဆိုင်မှုလို့ မထင်တာကြောင့် စန့်ရှီကို တိတ်ဆိတ်ကျွန်းထဲ ခေါ်သွင်းလိုက်ပါတယ်။
စန့်ရှီက သတိလစ်နေတဲ့အတွက် ဟန်ကျွယ်ဟာ စန့်ရှီရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး လောကဦးကမ္ဘာမှာထဲ ထည့်ကာ လောကဦးချီနဲ့ ဖိနှိပ်လိုက်ပါတယ်။
တခြားတပည့်တွေလည်း စန့်ရှီရဲ့ ခန္ဓာကိုယ်ကို တွေ့သွားပါတယ်။
ဟန်ကျွယ်ဟာ စန့်ရှီခန္ဓာကိုယ်ကို စောင့်ကြပ်ဖို့အတွက် ငရဲနက်နတ်ဆိုးသခင်ကို တာဝန်ပေးပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ သူ့သိစိတ်ကို လောကဦးကမ္ဘာထဲ ပို့လိုက်တဲ့အခါ မဟာမှော်ဆရာရဲ့ဝိညာဥ်က တခြားဝိညာဉ်တွေနဲ့ မတူခြားနားနေတာကို တွေ့သွားပါတယ်။ စန့်ရှီရဲ့ ဝိညာဉ်က အင်မော်တယ်ဧကရာဇ် နဝမအဆင့် ဝိညာဉ်ထက် အတော်လေး အားနည်းနေပြီး အင်မော်တယ်ဧကရာဇ် ကနဦးအဆင့် ကျင့်ကြံသူတွေရဲ့ ဝိညာဉ်သာသာပဲ ရှိပါတယ်။
အချိန်အတော်ကြာတဲ့ အခါမှာတော့ စန့်ရှီဟာ ဒေါသတကြီး နိုးလာပြီး မရေမတွက်နိုင်တဲ့ ကြယ်တွေနဲ့ သူ့ပတ်လည်က လောကဦးချီကို ကြည့်ကာ ထိတ်လန့်သွားပါတယ်။ စန့်ရှီဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး ချက်ချင်း အော်မေးလိုက်ပါတယ် “ခင်ဗျားက တာအိုရောင်းရင်း ဟန်ကျွယ်လား”
“မင်းက ငါ့ကို တကူးတက လာရှာတာလား”
စန့်ရှီဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ် “ဟုတ်ပါတယ်၊ မှော်မျိုးနွယ်စုက ငရဲပြည်က အင်အားစုတွေ ဝိုင်းတိုက်တာကို ခံရတယ်၊ မုန့်ပေါ်မသေခင်မှာ တာအိုရောင်းရင်းဆီလာပြီး ခိုလှုံဖို့ ပြောသွားတယ်၊ မုန့်ပေါ်က မဟာဆန်းကြယ်စွမ်းအားကိုသုံးပြီး မှော်မျိုးနွယ်စု မျိုးဆက်က နွေဦးပင်လယ်ရဲ့ ဒီနားတစ်ဝိုက်မှာ ရှိနေတာကို အာရုံခံမိတယ်၊ နေရာအတိအကျမသိတော့ ဒီနားတစ်ဝိုက်ကို လိုက်ရှာရတာပေါ့၊ ဒါပေမဲ့ ဒဏ်ရာပြင်းတော့ အခုလိုမျိုး ရောက်ရောင်ချင်း မခံနိုင်ဘဲ သတိလစ်သွားရတာပဲ”
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို ချက်ချင်း စစ်ဆေးလိုက်တဲ့အခါ မုန့်ပေါ်ရဲ့ပုံရိပ်က ပြောင်းလဲသွားတာကို တွေ့လိုက်ရပါတယ်။ အဓိကပြောင်းလဲသွားတာက ငယ်ရွယ်နုပျိုသွားတာပါ။
[ဧကရီဟုတ်ထို: ကျင့်ကြံမှုမသိ။ ရှန်တျန်ဘိုးဘေးမှော်ဆရာ။ ပြန်လည်မွေးဖွားခြင်း အရှင်သခင်။ ဧကရီဟုတ်ထိုသည် ငရဲပြည်၌ ပုန်းအောင်းပြီး ပြန်လည်မွေးဖွားခြင်းတာဝန်အား ထမ်းဆောင်သူ ဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ မှော်မျိုးနွယ်စု အားကောင်းလာစေရန်တည်း။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
‘ဧကရီဟုတ်ထို’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ကြည့်ရတာ မုန့်ပေါ်က တကယ်သေသွားပုံပဲ၊ ကိုယ်ပွားသေသွားတော့ မျက်နှာသာပေးမှုက အဓိကခန္ဓာကိုယ်ဆီ ပြောင်းသွားပုံပဲ’
“မှော်မျိုးနွယ်စုက ငရဲပြည်မှာရှိတဲ့ အင်အားစုတွေလက်ချက်နဲ့ ပျက်စီးသွားပြီလား”
စန့်ရှီက ဒေါသတကြီး ပြောလိုက်ပါတယ် “ကျုပ်တို့မှော်မျိုးနွယ်စုက မရဏတံခါးမှာ ရုန်းကန်နေရတာ အမှန်ပဲ၊ ကျုပ်တို့က ပြန်လည်မွေးဖွားခြင်းအမိန့်ရဲ့ ကာကွယ်မှုအောက်မှာ ရှင်သန်နေရတာ၊ ဒါကို ငရဲမင်းနဲ့ ရှန်နန်းတော်သခင်ဇုထူက ပူးပေါင်းပြီး ပြန်လည်မွေးဖွားခြင်း ကံတရား အထောက်အပံ့ကို ထိုးဖောက်လိုက်တယ်၊ ဧကရီဟုတ်ထိုက စွမ်းအားကြီးပေမဲ့ စွမ်းအားတစ်ချို့နဲ့ ကန့်သတ်မှုကြောင့် ကျုပ်တို့ကို မကာကွယ်နိုင်ဘူး၊ ကျုပ်တို့မှော်မျိုးနွယ်စုမှာ ကျုပ်တစ်ယောက်တည်း လွတ်မြောက်လာတာ”
ဟန်ကျွယ်ဟာ စန့်ရှီရဲ့စကားကြောင့် ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ်။
‘တော်တော် ပြဿနာများတာပဲ’
ဟန်ကျွယ်ဟာ ရန်သူတွေကို စန့်ရှီနောက်လိုက်ရင်း တိတ်ဆိတ်ကျွန်းကို ရှာတွေ့သွားမှာ စိုးရိမ်သွားပါတယ်။
“မုန့်ပေါ်မသေခင်မှာ တာအိုရောင်းရင်း ဟန်ကျွယ်သာ ကျုပ်နဲ့ ထူလင်းအာကို ကာကွယ်ပေးမယ်ဆိုရင် အနာဂတ်မှာ သူက တာအိုရောင်းရင်းရဲ့ နောက်ခံဖြစ်ပေးမယ်လို့ ပြောသွားတယ်”
ဟန်ကျွယ်ဟာ စန့်ရှီစကားကြောင့် ဆွံအသွားပါတယ် ‘ဧကရီဟုတ်ထိုတောင် သူ့မျိုးနွယ်စုကို မကယ်နိုင်တာ၊ ဘယ်လိုလုပ်ပြီး ငါ့နောက်ခံ ဖြစ်ပေးနိုင်မှာလဲ’
ဒါပေမဲ့ မုန့်ပေါ်က သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံထားတဲ့အတွက် ဟန်ကျွယ်ဟာ မုန့်ပေါ်ရဲ့ နောက်ဆုံးတောင်းဆိုချက်ကို မငြင်းပယ်နိုင်ပါဘူး။
“ကောင်းပြီ၊ အရင်ဆုံး မင်း ဒီမှာနေ၊ နောက်ကျမှ ငါ မင်းကို ထွက်ခွာခွင့်ပေးမယ်”
“ကျေးဇူးပါပဲ”
[စန့်ရှီသည် သင့်အား အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
‘မျက်နှာသာပေးမှုက မြင့်လှချည်လား… လိမ်ပြောတာ မဟုတ်လောက်ဘူး’
ဟန်ကျွယ်ဟာ စန့်ရှီရဲ့ အချက်အလက်ကို စစ်ဆေးလိုက်တဲ့အခါ လိမ်ပြောတာ မဟုတ်မှန်း သိသွားပါတယ်။
‘ဧကရီဟုတ်ထိုက ပြန်လည်မွေးဖွားခြင်း အရှင်သခင်ဆိုတော့ ဘယ်လောက်တောင် စွမ်းအားကြီးနေပြီလဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 330
? Views, Released on December 5, 2024