Switch Mode

Chapter – 329

အခန်း (၃၂၉) အနန္တကပ်ဘေးအတွင် အစွမ်းအထက်ဆုံးပုဂ္ဂိုလ်၊ ကပ်ဘေးသခင် နောက်တစ်ဦး
ကောင်းကင်ဧကရာဇ်နဲ့ ထွေရာလေးပါး ပြောဆိုပြီးတဲ့နောက် ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျို့ယိုငရဲကို စိတ်ဝင်စားတဲ့အတွက် အဆင့်တက်ပြီးရင် ကောင်းကင်ရုပ်သေးရုပ် ဖန်တီးပြီး ကျို့ယိုငရဲကို စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျို့ယိုငရဲမှာသာ ပုန်းနိုင်မယ်ဆိုရင် အနန္တကပ်ဘေးကို ရှောင်တိမ်းဖို့အတွက် လွယ်ကူသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျို့ယိုငရဲက အနန္တကပ်ဘေး အဆုံးသတ်မှာ ဖြစ်ပေါ်လာတာ မဟုတ်ပါလား။
အင်မော်တယ်ဧကရာဇ် ကိုးဆင့်ကို တက်ရတာက ဘာမှသိပ်မကွာပါဘူး။ ဝိညာဉ်အသွင် ပြောင်းလဲတာချည်းပါပဲ။ အတွေ့အကြုံများနေပြီဖြစ်တဲ့ ဟန်ကျွယ်ဟာ လွယ်လွယ်ကူကူပဲ အဆင့်တက်တဲ့ အခြေအနေကို ဝင်ရောက်သွားပါတယ်။
သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် သတ္တမအဆင့်ကို အားသုံးပြီး တက်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားဟာ ထိုးတက်သွားပြီး ဝိညာဉ်လည်း အသွင်ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၄,၁၁၁/၁,၃၀၀,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: အင်မော်တယ် (လောကဦး ကြယ်တာရာ ခန္ဓာကိုယ်)]
[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း အင်မော်တယ်ဧကရာဇ် သတ္တမအဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
ဟန်ကျွယ်ဟာ ၁.၃ ကွာဒလီယံ ရှိတဲ့ သက်တမ်းကိုကြည့်ပြီး အထီးကျန်သလို ခံစားလိုက်ရပါတယ်။
‘ဒီနှုန်းနဲ့သာ ဆက်တိုးနေရင် ငါ့သက်တမ်းက ဘယ်လောက်ထိတောင် ဖြစ်လာမှာလဲ’
အဆုံးမဲ့တိုးတက်မှုဟာ ထာဝရအသက်ပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကျင့်ကြံမှု ခိုင်ခံ့ဖို့အတွက် အချိန်တစ်နှစ် ယူလိုက်ရပါတယ်။ အရင်နဲ့စာရင် ဟန်ကျွယ်ဟာ ကျင့်ကြံမှုခိုင်မြဲဖို့အတွက် အချိန် သိပ်မပေးရတော့ပါဘူး။ ဒီလိုဖြစ်ရတာက ဟန်ကျွယ်ဟာ ဧကရာဇ်အဆင့်နဲ့ လုံးဝရင်းနှီးကျွမ်းဝင်သွားလို့ပါပဲ။
‘ငါ အဆင့်တက်တာဆိုတော့ အောင်ပွဲခံသင့်တယ်’
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာမတိုက်ချင်ပါဘူး။ အခုလက်ရှိ အခြေအနေအရ သက်တမ်းအများကြီး အကုန်ခံပြီး ကျိန်စာတိုက်စရာလည်း မလိုပါဘူး။ ကောင်းကင်တာအိုဗုဒ္ဓနဲ့ နတ်ဆိုးဧကရာဇ်ထဲက တစ်ယောက်ယောက်သာ ကျိန်စာကြောင့် သေသွားရင် အနန္တကပ်ဘေးကို ဒီထက်ပိုကြမ်းသွားစေမှာပါ။ အဲဒီအချိန်ကျရင် အနန္တကပ်ဘေးက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို သက်ရောက်‌ကောင်း သက်ရောက်နိုင်ပါတယ်။
ဟန်ကျွယ်ရဲ့ နောက်ဆုံးစည်းက ကောင်းကင်ဧကရာဇ် မသေဖို့ပါ။
ဟန်ကျွယ်ဟာ အဆင့်တက်တာကို အောင်ပွဲခံတဲ့အနေနဲ့ ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အနန္တကပ်ဘေးမှာ အနိုင်ရတဲ့သူကို မမေးတော့ဘဲ မေးခွန်းပြောင်းလိုက်ပါတယ်။
“အနန္တကပ်ဘေးမှာ စွမ်းအားအကြီးဆုံးလူကို ငါ သိချင်တယ်”
[သက်တမ်း တစ်ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ရဲ့စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်က ဟန်ကျွယ် တစ်ခါမှ မမြင်ဖူးတဲ့ အဖြူရောင်ဝတ်ရုံနဲ့ အမျိုးသားတစ်ဦးပါ။
‘ဒီလူက ဘယ်သူလဲ’ ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ သူ့စနစ်က သက်တမ်း လိမ်ယူတယ်လို့ ခံစားလိုက်ရပါတယ်။ သက်တမ်းတစ်ဘီလီယံ ကုန်ပြီး ပုံတစ်ပုံပဲ သိရတာက လုံးဝမတန်ပါဘူး။
ဟန်ကျွယ် စနစ်ကို မကျေမနပ် ဖြစ်နေတုန်းမှာပဲ သူ့မြင်ကွင်းမှာ စာကြောင်းတွေ ပေါ်လာပါတယ်။
[ဇုထူ: ကျင့်ကြံမှုမသိ။ အနန္တဧကရာဇ်။ ရှန်တျန်စိတ်ဝိညာဉ်။ ကျယ်ကျောင်းတော်၏ ဒုဂိုဏ်းချုပ် ဖြစ်ခဲ့ဖူးပြီး အနန္တကပ်ဘေးနှစ်ခုအား ကြုံတွေ့ခဲ့ဖူးသည်။ ဇုထူသည် ကောင်းကင်လျှို့ဝှက်ချက်အား ပြောင်းလဲ၍ ရှန်နန်းတော်အား တည်ထောင်ပြီး အနန္တကပ်ဘေးကို ထိန်းချုပ်ချင်သူ ဖြစ်သည်။]
‘ဟင်… ရှန်နန်းတော် တည်ထောင်သူလား’
‘သူက ကျယ်ကျောင်းရဲ့ ဒုဂိုဏ်းချုပ် ဖြစ်ဖူးတယ်ဆိုပါလား’
‘နောက်ထပ် သစ္စာဖောက်တစ်ယောက်ပဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ရှန်နန်းတော်က ကောင်းကင်ဧကရာဇ်၊ ကောင်းကင်တာအိုဗုဒ္ဓနဲ့ နတ်ဆိုးဧကရာဇ်တို့ထက် စွမ်းအားပိုကြီးတဲ့လူ ရှိနေလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ပါဘူး။
‘ကြည့်ရတာ ငါ ရှန်နန်းတော်ကို လျှော့တွက်မိပုံပဲ’
ဟန်ကျွယ်ဟာ ဇုထူကို ကျိန်စာတိုက်ဖို့ မစဉ်းစားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇုထူက သူ့ကို ရန်မစလို့ပါပဲ။ ရှန်နန်းတော်က အနန္တကပ်ဘေးမှာ အနိုင်ရတဲ့သူ ဖြစ်သွားလည်း ကိစ္စမရှိပါဘူး။ သူတို့တွေ ကောင်းကင်ရုံးတော်ကို မဖျက်ဆီးသမျှ ကာလပတ်လုံး အရာအားလုံး အဆင်ပြေပါတယ်။
ကောင်းကင်ရုံးတော်က အနန္တကပ်ဘေးတွေကို ရင်ဆိုင်ခဲ့ဖူးပေမဲ့ တစ်ခါမှ အနိုင်မရခဲ့ပါဘူး။ ဒါကြောင့် ဒီအနန္တကပ်ဘေးမှာလည်း ကောင်းကင်ဧကရာဇ်က ကောင်းကင်ရုံးတော် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။
ကောင်းကင်ရုံးတော်က ကောင်းကင်တာအို အင်အားစုဖြစ်တဲ့အတွက် အနန္တကပ်ဘေးကို ပုန်းအောင်းပြီး ဖြတ်ကျော်လို့မရပါဘူး။ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပြီး အနိုင်ရတဲ့သူ မဖျက်ဆီးရဲအောင် လုပ်ရပါတယ်။ ဒီနည်းနဲ့ပဲ ကောင်းကင်ရုံးတော်ဟာ အနန္တကပ်ဘေးကို ဖြတ်ကျောက်နိုင်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာစတိုက်ပါတယ်။ တစ်ယောက်ကို ငါးရက်ပဲ ကျိန်စာတိုက်တဲ့အတွက် များတယ်လို့ ပြောလို့မရပါဘူး။ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် စုချီသည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ကျန်းယီသည် အင်မော်တယ်ဧကရာဇ်တစ်ပါး တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ကောင်းကင်ရုံးတော်သို့ ပြန်ရောက်သွားသည်။]
[သင့်မြေးတပည့်ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၁၀၂၂၁
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓသည် အတွင်းနတ်ဆိုး ပိုအားကောင်းလားပြီး ကပ်ဘေးသခင် ဖြစ်သွား၏။]
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် ကောင်းကင်ရုံးတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ နတ်ဆိုးဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
‘အား… ကျန်းယီက အခွင့်အရေး သွားရှာတာမလား၊ ဘယ်လိုဖြစ်ပြီး ထပ်အစော်ခံရတာလဲ၊ အင်မော်တယ်ဧကရာဇ်ကိုတောင် မနိုင်ရှာတော့ဘူးလား’
ဟန်ကျွယ်ဟာ ကျန်းယီကို အထင်သေးသွားပြီး ကျန်းယီနောက် လိုက်မသွားတာ ကံကောင်းတယ်လို့ တွေးလိုက်ပါတယ်။
‘ကြည့်ရတာ နတ်ဘုံရဲ့ အဆုံးသတ်အပျက်အစီးက တော်တော်အန္တရာယ်များပုံပဲ၊ သူငယ်ချင်းရေ… မင်း အသက်ရှင်ဖို့ ငါ မျှော်လင့်ပါတယ်’
ဟန်ကျွယ်ဟာ ကျန်းယီအပေါ်မှာ အကောင်းမြင်စိတ် ရှိပါတယ်။ ကျန်းယီက မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့တာ မဟုတ်ပါလား။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီလိုမျိုးမိတ်ဆွေတစ်ယောက် သေဆုံးမှာကို မမြင်ချင်ပါဘူး။
ဒါ့အပြင် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓက ကပ်ဘေးသခင် ဖြစ်သွားတာကိုလည်း သတိထားမိသွားပါတယ်။ ဟန်ကျွယ်ဟာ ကပ်ဘေးသခင်တွေ ဘာလို့ ဒီလောက်များနေရလဲဆိုတာ နားမလည်နိုင်ပါဘူး။
ကောင်းကင်တာအိုဗုဒ္ဓအပြင် ဂျိရှင်းရှန်နဲ့ နတ်ဆိုးဧကရာဇ်ကလည်း ကပ်ဘေးသခင်ပါ။ သွမ့်ဟုန်ချန်ကလည်း အနန္တကပ်ဘေးထဲ ဝင်တာနဲ့ ကပ်ဘေးသခင် ဖြစ်သွားမှာ ကျိန်းသေပေါက်ပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်၊ ရှန်စစ်သူကြီးနဲ့ တခြားသူတွေက ဘာလို့ ကပ်ဘေးသခင် မဖြစ်လဲဆိုတာ စဉ်းစားလို့မရပါဘူး။
ရန်သူနှစ်ယောက် ကပ်ဘေးသခင်ဖြစ်သွားတာက ဆိုးတော့ မဆိုးပါဘူး။ အနည်းဆုံးတော့ အနန္တကပ်ဘေးထဲမှာ သေဖို့ရာခိုင်နှုန်း ပိုများသွားတာပေါ့။
လီတောက်ခုံးက နတ်ဆိုးဧကရာဇ် တိုက်ခိုက်တာ ခံရပေမဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာမရတာကို ဟန်ကျွယ် သတိထားမိလိုက်ပါတယ်။
‘ဒီလီတောက်ခုံးက လျှော့တွက်လို့ မရဘူးပဲ၊ ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်သေးဘဲနဲ့ နတ်ဆိုးဧကရာဇ်လိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်ကို ယှဉ်တိုက်နိုင်တယ်၊ ကောင်းကင်ဧကရာဇ်က သူ့ကို အမြင့်ကြီးတွေးထားတာ အံဩစရာ မရှိတော့ပါဘူး၊ သူက ငါလို့လူစားပဲ’
အဲဒီနောက်ပိုင်းနှစ်မှာတော့ ဟန်ကျွယ်ဟာ ဓားတာအိုကို ကန့်သတ်စည်းထိရောက်အောင် မြှင့်တင်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲက ကမ္ဘာဖျက်ကြာနက်ကို စတင်လေ့လာပါတယ်။
ဟန်ကျွယ် ကျို့ယိုငရဲကိုသွားမယ်ဆိုရင် ဘက်ပေါင်းစုံကနေ အကုသိုလ်ကံ ဝန်းရံတာကို ခံရမှာပါ။ မဟုတ်ရင်လည်း ကျို့ယိုငရဲမှာရှိတဲ့ သရဲတွေလက်ချက်မိပြီး တစ်စစီ ဖြစ်သွားမှာပါ။ ကျို့ယိုငရဲက အန္တရာယ်များတယ်ဆိုပေမဲ့လည်း ကျိန်းသေပေါက် ငြိမ်းချမ်းမယ်လို့ ဟန်ကျွယ် တွက်ထားပါတယ်။ မဟုတ်ရင် သွမ့်ဟုန်ချန် ပြန်ရှင်လာနိုင်စရာအကြောင်း လုံးဝ မရှိပါဘူး။
ဟန်ကျွယ်ဟာ အကုသိုလ်ကံကို မထိန်းချုပ်နိုင်တာကြောင့် စုပ်ယူဖို့ ပြင်ဆင်နေတာပါ။ ဟန်ကျွယ်ဟာ အခုဆိုရင် အင်မော်တယ်ဧကရာဇ် သတ္တမအဆင့်ကို ရောက်နေပြီဖြစ်တဲ့အတွက် ကမ္ဘာဖျက်ကြာနက်ကို ထိန်းချုပ်နိုင်မလား စမ်းသပ်ချင်လာပါတယ်။
နှစ်ပေါင်းများစွာ အကုသိုလ်ကံကို စုပ်ယူခဲ့တဲ့အတွက် အခုဆိုရင် ကမ္ဘာဖျက်ကြာနက်က ဟန်ကျွယ်ရဲ့ ရောင်ဝါနဲ့ ရင်းနှီးကျွမ်းဝင်နေပါပြီု။ အနည်းဆုံးတော့ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ဆီကနေ အန္တရာယ်အငွေ့အသက်ကို မခံစားရတော့ပါဘူး။
ဟန်ကျွယ်ဝိညာဉ်ထဲက လောကဦးကမ္ဘာဟာ လောကဦးချီနဲ့ ပြည့်နှက်နေပြီး မကုန်ဆုံးနိုင်တဲ့ ခရမ်းရောင်မြူခိုးတွေကလည်း ကြယ်တွေမှာ တည်ရှိနေပါတယ်။ ထုန်ကျန့်ကမ္ဘာတောင် လောကဦးချီဝန်းရံတာ ခံထားရပါတယ်။
ကျင့်ကြံသူတစ်ချို့ဟာ ထုန့်ကျန်ကမ္ဘာကနေ ထွက်သွားချင်တဲ့အတွက် ပျံထွက်တဲ့အခါ လောကဦးချီကို တွေ့ပြီး ကြောက်ဖျား ဖျားသွားကြပါတယ်။ ဟန်ကျွယ်သာ အချိန်မီ မတားဆီးဘူးဆိုရင် ဒီကျင့်ကြံသူတွေကို လောကဦးချီက အမှုန့်တစ်စမကျန်အောင် ဝါးမြိုသွားမှာပါ။
လောကဦးချီက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ ဆက်နွှယ်နေပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားလို့ ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အင်မော်တယ်ဧကရာဇ်ရဲ့ ဝိညာဉ်စွမ်းအားက သာမန်သက်ရှိတွေ ကိုင်တွယ်နိုင်တဲ့အရာ မဟုတ်ပါဘူး။
တစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နည်းလမ်းတစ်ခုကို ရှာတွေ့သွားပါတယ်။ အရင်တုန်းက ကမ္ဘာဖျက်ကြာနက်ဟာ ကြယ်တွေရဲ့ ဖိနှိပ်မှုကြောင့် လောကဦးချီနဲ့ ထိတွေ့မှုမရှိပါဘူး။ ဒါပေမဲ့ အခုအခါမှာတော့ လောကဦးချီက လောကဦးကမ္ဘာတစ်ခုလုံး ပြည့်နှက်လာတဲ့အတွက် ကမ္ဘာဖျက်ကြာနက်နဲ့ ထိတွေ့မိပါတယ်။ ဒီအခါမှာ ကမ္ဘာဖျက်ကြာနက်ရဲ့ အရောင်က တဖြည်းဖြည်း မှိန်ကျသွားပါတယ်။ ဒီလိုအရောင်မှိန်တာက အရမ်းနှေးကွေးတယ်ဆိုပေမဲ့ အချိန်တစ်ခုကိုရောက်ရင် လုံးဝပျောက်ကွယ်သွားမှာ ကျိန်းသေပါတယ်။
ဟန်ကျွယ်ရဲ့ နတ်အာရုံဟာ အရောင်ပျောက်သွားတဲ့ ကမ္ဘာဖျက်ကြာနက်ရဲ့ အပိုင်းအစထဲကို ဝင်ရောက်နိုင်ပါတယ်။ မုန့်ညင်းစေ့လောက်တောင် မရှိတဲ့ ဒီအပိုင်းအစလေးထဲမှာ ပါဝင်နေတဲ့ အကုသိုလ်ကံက ပြောပြလို့မရအောင်ပါပဲ။ ဟန်ကျွယ်ဟာ ဒီအပိုင်းအစထဲက အကုသိုလ်ကံကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လို့ရပါတယ်။ ဒါပေမဲ့ ရန်သူကိုတောင် တိုက်ခိုက်လို့မရပါဘူး။
ဟန်ကျွယ်ဟာ လောကဦးချီနဲ့ ကမ္ဘာဖျက်ကြာနက်ကို ဆက်ပြီးတော့ သန့်ရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကမ္ဘာဖျက်ကြာနက်ကို ခန္ဓာကိုယ်ထဲက ဖယ်ထုတ်လို့မရမှတော့ သန့်စင်ပစ်ပြီး ကိုယ်ကျိုးအတွက် အသုံးချရမှာပေါ့။
ဒီနည်းနဲ့ဆိုရင် ကမ္ဘာဖျက်ကြာနက်က အနည်းဆုံးတော့ ဘာအန္တရာယ်မှ ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက် သန့်ရှင်းတဲ့ဖြစ်စဉ်ကို စောင့်ကြည့်ဖို့မလိုတဲ့အတွက် စိတ်အေးလက်အေး ကျင့်ကြံပါတယ်။ ဟန်ကျွယ် ကမ္ဘာဖျက်ကြာနက်ကို လုံးဝထိန်းချုပ်နိုင်ဖို့က တော်တော်လေး အချိန်ယူရအုန်းမှာပါ။
“ဝုန်း…”
အသံကျယ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး တိတ်ဆိတ်ကျွန်းပတ်လည်က နွေဦးပင်လယ်ဟာ လှုပ်ခတ်လာပါတယ်။ ကြောက်မက်ဖွယ် ဖိအားတစ်ခုဟာလည်း မိုင်ထောင်သောင်းချီကို လွှမ်းမိုးသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset