Chapter – 19
“မင်းပုံမလာရင် ငါ့အဆိုးမဆိုနဲ့”
ရဲရှောင်ဆေးဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်သို့ သွားပြီးနောက်နောက်ဆုံးကျန်ရှိနေသည့်ဆိုင်သို့ သွားလိုက်၏။ ဆိုင်ထဲသို့ဝင်သွားလိုက်သည်နှင့်ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်တော်ချီဓာတ်များသည်ပြင်းထန်စွာ လှုပ်ရှားသွားကြပြီး သူ၏ စိတ်အစဉ်အား လှုံ့ဆော်နှိုးဆွလိုက်ကြသည်။
ဝိညာဉ်တော်ချီဓာတ်များ၏ လှုံ့ဆော်မှုကြောင့်ဆိုင်အတွင်းအား လှည့်ပတ်ကြည့်လိုက်သောအခါ ဆိုင်၏ထောင့်အကျဆုံးနေရာတွင်ဖုန်များတက်နေသောသေတ္တာလေးတစ်လုံးအားတွေ့လိုက်ရ၏။
” အဲ ဒါ ဘာလဲ”
ရဲရှောင်သေတ္တာလေးအား ကြည့်ရင်းမေးလိုက်သည်။
“အင်းး . . . ကျွန်တော်လည်းသေချာမသိဘူးဗျ။ အမှန်အတိုင်း ဝန်ခံရရင်အဲဒီပစ္စည်းက ဘာလဲဆိုတာ ကျွန်တော်တို့ ဆိုင်တာဝန်ခံတောင်မသိဘူး။ ကြည့်ရတာတော့ ဘာတန်ဖိုးမှမရှိတဲ့ မြက်ပင်တစ်ပင်လိုပဲ။ဒါပေမယ့်သေတ္တာထဲမှာ ရှိနေတာ နှစ်အတော်ကြာနေပြီဆိုပေမယ့်အဲဒီအပင်ရဲ့အရောင်က အမြဲတမ်း စိမ်းနေတုန်းပဲ။ တန်ဖိုးမရှိပေမယ့်တစ်နေရာရာမှာတော့ အသုံးဝင်မှာပေါ့လေ။ ဒါပေမယ့်ဒီဆိုင်မှာရှိတဲ့ လူတွေအကုန်လုံး အဲဒီအပင်အကြောင်းကိုမသိတာတော့ အမှန်ပါ . . .”
အရောင်းဝန်ထမ်းလေးသည်ရဲရှောင်အား သူမသိသည့်အကြောင်းအား ရိုးသားစွာဖြင့်ဝန်ခံပြောဆိုလိုက်လေသည်။
သာမန်အခြေအနေဆိုလျှင်ဝယ်သူဘက်မှ ဆိုင်မှာရှိသည့်ပစ္စည်းများနှင့်ပက်သက်၍မေးမြန်းလျှင်အရောင်းဝန်ထမ်းသည်သူတို့ဆိုင်မှ ပစ္စည်းများ အရောင်းထွက်ရန်အတွက်မဝယ်ဝယ်အောင်ကိုပင်အားတက်သရောဖြင့်ပစ္စည်းအကြောင်း အသေးစိတ်ပင်ရှင်းပြကြပေလိမ့်မည်။
သို့သော်အဆိုပါအရောင်းဝန်ထမ်းသည်လူကဲခပ်နပ်သူတစ်ဦးပီပီ ရဲရှောင်၏ ဝတ်ပုံစားပုံ နှင့်အပြုအမူတို့အားကြည့်၍ ရဲရှောင်သည်သာမန်မိသားစုမျိုးရိုးထဲမှ လူမဟုတ်ကြောင်း အကဲခတ်လိုက်မိသည်။ ထို့ကြောင့်ရဲရှောင်မှ သူ့အားမေးလာသည့်မေးခွန်းနှင့်ပက်သက်၍ ရှည်ရှည်ဝေးဝေးပင်ပြောမနေတော့ဘဲ သူသိသည့်အတိုင်း အမှန်တိုင်းပင်ပြောလိုက်ခြင်း ဖြစ်သည်။ မရောင်းရသည်ထက်စာလျှင်ပြသာနာမတက်အောင်နေသည်က အကောင်းဆုံးပင်ဖြစ်ကြောင်း သူကောင်းကောင်းကြီး သိလေသည်။
သူ့အနေဖြင့်လည်း ရဲရှောင်လိုလူမျိုးသည်အချဉ်ဖမ်း၍ ရနိုင်သည့်လူမျိုးမဟုတ်ကြောင်း အကဲခတ်မိသည်။
“ဟမ်. . . တန်ဖိုးမရှိဘူးလည်းပြောသေးတယ်။ ဒါဆိုဘာလို့ သိမ်းထားနေသေးတာလဲ”
ရဲရှောင်သေတ္တာအား ကိုင်ကြည့်ရင်းမေးလိုက်သည်။
“ကျွန်တော်တို့ဆိုင်မှာ အဲဒီပစ္စည်းရှိနေတာ နှစ်တော်တော်ကြာနေပြီ။ အဲဒီတော့ ကျွန်တော်လည်း သိပ်မသိတော့ဘူးမေ့တေ့တေ့ဖြစ်နေပြီ။နောက်ပြီးရောင်းလည်းမရောင်းရဘူးလေ။ မရောင်း ရတဲ့အတူတူ ဒီအတိုင်းပဲ ထားထားလိုက်တာ”
အရောင်းဝန်ထမ်းလေးသည်သူမသိသည့်အကြောင်းအရာအား ရဲရှောင်မှ ဆက်တိုက်မေးနေ၍ စိတ်ရှုပ်လာဟန်ဖြင့်သူ၏ခေါင်းအား တဗြင်းဗြင်းကုတ်လိုက်ရင်း ပြန်ဖြေလိုက်လေသည်။
ရဲရှောင်သည်ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်းတည်ငြိမ်သည့်လေသံမျိုးဖြင့်ပြောလိုက်သည်။
“ငါဒါကိုယူမယ်။ ဘယ်လောက်ကျလဲပြော”
ရဲရှောင်သေတ္တာလေးအား ကြည့်လိုက်ရင်း အူလှိုက်သည်းလှိုက်ပင်ပျော်သွားမိလေသည်။ ထို့နောက်သူတစ်ယောက်တည်း ကြိတ်တွေးလိုက်သည်မှာ –
“ဒီကောင်ဘယ်အချက်ကို ကြည့်ပြီး တန်ဖိုးမရှိတဲ့ မြက်ပင်လို့ သတ်မှတ်လိုက်တာလဲ မသိဘူး။ တန်ဖိုးမရှိဘူးလို့ပြောလို့ပြော အမြဲတမ်း အစိမ်းရောင်ဖြစ်နေတယ်ပြောလို့ပြောနဲ့ ဒီကောင်အရူးပဲ။ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့ ဟာသလဲ။ ဒါက မိုးပြာရောင်ကောင်းကင်ပင်ကွ”
မိုးပြာရောင်ကောင်းကင်ပင်၏ သက်တမ်းသည်နှစ်ပေါင်း တစ်သောင်းကြာမြင့်ပြီး ထိုအပင်၏ အရွက်အားရေနွေးထဲတွင်လက်ဖက်ခြောက်ကဲ့သို့ ခပ်သောက်လျှင်ကောင်းကင်ဘုံသို့ရောက်သွားသည့်အတိုင်း ခံစားရပေလိမ့်မည်။
အပင်တစ်ပင်ဖြစ်လာရန်အတွက်လည်း မလွယ်ကူလှချေ။ အစေ့လေးတစ်စေ့ တစ်လက်မကြီးထွားလာရန်ပင်နှစ်ပေါင်းငါးရာ ကြာမြင့်ေလသည်။နောင်နှစ်ပေါင်း တစ်သောင်းအကြာတွင်၎င်း၏အမြစ်များသည်မြေကြီးထဲတွင်ခိုင်ခန့်စွာခြေကုပ်ယူနိုင်ပြီး အပင်အဖြစ်ရှင်သန်ကြီးထွားလာမည်ဖြစ်သည်။ နှစ်တစ်သောင်း၏နောက်ဆုံးနေ့တွင်မူ အပင်လေးသည်နှစ်ဆယ်လက်မခန့်လျင်မြန်စွာ ကြီးထွားလာမည်ဖြစ်ပြီးနောက်နှစ်ပေါင်း ငါးရာကြာတိုင်း တစ်လက်မ ကြီးထွားလာမည်ဖြစ်သည်။
မိုးပြာရောင်ကောင်းကင်အပင်အတွက်သက်တမ်း နှစ်ပေါင်းတစ်သောင်းဆိုလျှင်လုံလောက်မှု ရှိပေသည်။
အဆိုပါ မိုးပြာရောင်ကောင်းကင်အပင်ရှင်သန်ကြီးထွားရန်အတွက်နေရောင်နှင့်ရေများ မလိုအပ်သကဲ့သို့အောက်ဆီဂျင်ရရှိရန်အတွက်လေလည်း မလိုအပ်ပေ။ ၎င်း၏ ရှင်သန်မှုအတွက်လေထုထဲတွင်ရှိနေသည့်ဝိညာဉ်တော်ချီဓာတ်များအား စုပ်ယူနိုင်ရန်ပင်လိုအပ်ပေသည်။
ထိုအပင်အကြောင်းအားတော်ရုံတန်ရုံလူများ သိနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ရဲရှောင်မှာမူ အပင်အကြောင်းအား သိရုံသာမက ထိုအပင်အရွက်စတင်ထွက်လာသည့်အချိန်၌ခေါ်ဆိုသည့်နာမည်ကိုပင်သိနေလေသည်။
“ကျင့်ကြံခြင်း သစ်ရွက်” ဟုခေါ်ဆိုကြသည်။
ကျင့်စဉ်ကျင့်ကြံနေသည့်လူတစ်ယောက်သည်မည်သည့်အဆင့်သို့ရောက်နေစေကာမူ ကျင့်ကြံခြင်းသစ်ရွက်အား မရှိမဖြစ်လိုအပ်ပေသည်။ ယခင်ဘဝ၌ ချင်းရန်နယ်ပယ်တွင်ထိပ်ဆုံးအဆင့်ဖြစ်သည့်မူလတာအိုအဆင့်သို့ရောက်ရှိခဲ့သည့်ရဲရှောင်လိုလူမျိုးသည်ပင်သူ၏ ကျင့်စဉ်အဆင့်များအား လျင်မြန်တိုးတက်စေနိုင်ရန်အတွက်အဆိုပါ ကျင့်ကြံခြင်း သစ်ရွက်အား အသုံးပြုခဲ့ရလေသည်။
သေတ္တာအတွင်းရှိ မိုးပြာရောင်ကောင်းကင်ပင်သည်နှစ်ပေါင်း ကိုးထောင်သက်တမ်းရှိနေပြီဖြစ်ကြောင်း ရဲရှောင်ကောင်းကောင်းကြီး သိလိုက်သည်။ ကျင့်ကြံခြင်းသစ်ရွက်အဆင့်သို့ရောက်ရန်အချိန်အနည်းငယ်မျှသာ လိုပေတော့သည်။
ရဲရှောင်အနေဖြင့်ထိုကဲ့သို့တန်ဖိုးရှိလှသည့်ရတနာတစ်ပါးအားတွေ့မြင်လိုက်ရသည့်အတွက်အလွန်အမင်းပင်အံ့ဩမိလေသည်။
၎င်းသည်အလွန်တရာမှပင်ရှားပါးသော ပစ္စည်းမျိုးဖြစ်ပြီးနေရာတိုင်းတွင်တွေ့ရရန်မလွယ်ကူချေ။ ချင်းရန်နယ်ပယ်ကဲ့သို့နေရာမျိုးမှာပင်အဆိုပါ ကျင့်စဉ်သစ်ရွက်တစ်အိုးစာသည်အနည်းဆုံးရွှေစ တစ်သိန်းနှင့်တန်ဖိုးညီမျှလေသည်။ မယုံနိုင်ဖွယ်ကောင်းလောက်အောင်ပင်တန်ဖိုးကြီးမားသည့်ပစ္စည်းပင်ဖြစ်၏။
မိုးပြာရောင်ကောင်းကင်ပင်၏ အရွက်များသည်ထူးခြားမှုမရှိဘဲ အခြားအပင်များ၏ အရွက်များနှင့်သိပ်တော့မကွာလှပေ။ အကယ်၍ တစ်စုံတစ်ဦးမှ အဆိုပါ အပင်အားတွေ့မြင်ခဲ့လျှင်တန်ဖိုးကြီးသည့်အပင်မှန်း သိကြလိမ့်မဟုတ်ချေ။
အပင်မှ အရွက်များကောင်းမွန်စွာ ထွက်လာပြီး မိုးပြာရောင်အပင်ဟုကောင်းကောင်းကြီးခေါ်ဆိုနိုင်ရန်အတွက်နှစ်ပေါင်းတစ်သောင်း ကြာမြင့်ပေသည်။
ထိုအပင်အကြောင်းအား သာမန်လူတို့ မသိသည်မှာ အပြစ်တော့ ဆိုဖွယ်ရာမရှိနိုင်ပေ။ မည်သည့်လူသားက နှစ်ပေါင်းတစ်သောင်းအထိ အသက်ရှည်နိုင်ပါမည်နည်း။
ထို့ကြောင့်အဆိုပါ ကျင့်ကြံခြင်းသစ်ရွက်သည်အင်မတန်မှပင်ရှားပါးသော ပစ္စည်းဟု သတ်မှတ်၍ ရနိုင်သည်။ ချင်းရန်နယ်ပယ်လိုနေရာမျိုးမှာပင်တွေ့ရရန်ခက်ခဲလှပေသည်။
ရဲရှောင်အနေဖြင့်ယခုကဲ့သို့ နှစ်ပေါင်း ကိုးထောင်သက်တမ်းရှိ မိုးပြာရောင်ကောင်းကင်ပင်အားတွေ့ရှိခြင်းသည်ဘုရားသိကြားမသကဲ့သို့ပင်အလွန်အမင်းကံကောင်းသည်ဆိုဟု ဆိုနိုင်ပေသည်။
သေတ္တာထဲရှိ မိုးပြာရောင်ကောင်းကင်ပင်သည်ဝိညာဉ်တော်ချီဓာတ်များအား အားရပါးရ စုပ်ယူထားသည်မှာ ပျားရည်များဖြင့်အိုင်ထွန်းစိုရွှဲနေသည့်ပျားသလက်တစ်ခုကဲ့သို့ပင်ဖြစ်နေလေသည်။
ရဲရှောင်သည်ယခုလိုမော်တယ်ကမ္ဘာတွင်ထိုကဲ့သို့သော တန်ဖိုးကြီးသည့်ပစ္စည်းမျိုးအားတွေ့ရလိမ့်မည်ဟု စိတ်ကူးပင်မယဉ်မိချေ။ ဆာလောင်ငတ်မွတ်နေသည့်အချိန်တွင်ကောင်းကင်မှ မုန့်တစ်ခုကျလာသည်နှင့်ပင်တူနေလေသည်။
“မင်း . . . မင်း . . . ဒါကိုယူမယ်ဟုတ်လား”
အရောင်းဝန်ထမ်းသည်အလွန်အမင်းပင်ဝမ်းသာသွားသောကြောင့်သူ၏ မျက်လုံးများပင်တလက်လက်တောက်ပသွားသည်။ တန်ဖိုးမရှိသည့်မြက်ပင်သာသာ အပင်တစ်ပင်အား ဝယ်မည်ဟုပြောသောရဲရှောင်အား နားလည်ရန်ပင်ခက်ခဲနေလေသည်။ ထို့ကြောင့်အရောင်းဝန်ထမ်းလေးသည်မဝံ့မရဲဖြင့်ပင်ရဲရှောင်အားမေးလိုက်သည်။
“ဈေးနှုန်းကတော့ မသတ်မှတ်ရသေးပါဘူး။ ဒီဟာကို တကယ်ဝယ်မှာရောဟုတ်ရဲ့လား”
ရဲရှောင်အားမေးလိုက်ရင်းနှင့်ပင်သူ၏ စိတ်ထဲတွင်တွေးလိုက်သည်။
“ဒီပစ္စည်းက ဘယ်လောက်တန်လို့ ဘယ်လိုဈေးဖြတ်ရမှန်းတောင်မသိတော့ဘူး”
ရဲရှောင်အရောင်းဝန်ထမ်း၏တွေဝေနေပုံအား ရိပ်မိ၍ငွေစ ၅ စ အား ထုတ်ပေးလိုက်ရင်း –
“ဒီလောက်ဆိုရင်ရော ဘယ်လိုလဲ။ အဲလောက်ဆို မင်းကျေနပ်လား”
“အာ . . . ဟုတ်ကဲ့ . . . ဟုတ်ကဲ့ . . .ကျေနပ်ပါတယ်”
အရောင်းဝန်ထမ်းသည်ဝမ်းသာရအားဖြင့်ပင်သဘောတူလိုက်သည်။ ယခုကဲ့သို့ ဘာတန်ဖိုးမှ မရှိသည့်မြက်ပင်သာသာ အပင်အားငွေစ ၅ ဖြင့်ဝယ်ယူနေခြင်းသည်ပင်သူ့အတွက်ကံကောင်း ခြင်းဟုပင်ဆိုရပေမည်။
ထိုအချိန်တွင်တည်ငြိမ်ပြီး ဩဇာအာဏာပြည့်ဝသည့်အသံသည်ရုတ်တရက်ဆိုသလိုပင်ထွက်ပေါ်လာခဲ့သည်။
“ငါငွေစ ၅၀ပေးမယ်။ ငါ့ကိုရောင်း”
အဆိုပါ အသံပိုင်ရှင်သည်ပိုးဝတ်ရုံအရှည်ဝတ်ထားသည့်မူရှန်ဘိုင်ပင်ဖြစ်ပြီး သူ၏ လက်နှစ်ဖက်လုံးအားနောက်သို့ပစ်၍အေးဆေးတည်ငြိမ်စွာဖြင့်ပင်ဆိုင်ထဲသို့ ဝင်လာလေသည်။
အရောင်းဝန်ထမ်းသည်ငွေစ ၅၀ပေးမည်ဆိုသည့်အသံအား ကြားလိုက်ရသောအခါ မူးမေ့လဲမတတ်ပင်ဖြစ်သွားခဲ့သည်။ မြက်တစ်ပင်ကဲ့သို့ တန်ဖိုးမရှိသည့်အဆိုပါ အပင်သည်ဆိုင်ထဲတွင်ရှိနေသည်မှာ သုံးနှစ်သုံးမိုးပင်ရှိပြီဖြစ်သော်လည်း ဘယ်ဝယ်သူကမှ အရေးမလုပ်ခဲ့ကြပေ။ အခုတော့ ရုတ်တရက်ဆိုသလိုပင်ဝယ်သူနှစ်ဦးသည်တစ်ပြိုင်တည်းပင်ပေါ်လာခဲ့ပြီးဈေးအပြိုင်အဆိုင်ပေး၍ လုဝယ်နေကြလေပြီ။
“ဒီပစ္စည်းကို ငါအရင်မြင်တာ”
ရဲရှောင်သူအရင်မြင်ကြောင်း ပြောလိုက်ပြီး မျက်မှောင်ကြုပ်လိုက်ရင်း စဉ်းစားလိုက်မိသည်။
“ဆိုင်ထဲဝင်လာကတည်းက ဒီကောင့်ပုံစံကထောင့်မကျိုးဘူး။ ရန်လိုနေတဲ့ ပုံစံနဲ့။ ငါဖြင့်သူ့ကို ဘယ်သူမှန်းတောင်မသိဘူး။ ဒီကောင်ဘယ်သူလဲ”
“မင်းက မင်းဘာသာဈေးသတ်မှတ်ပြီးမင်းဘက်က တစ်ဖက်သတ်အရောင်းအဝယ်လုပ်နေတာလေ။ အခုချိန်ထိမှ အရောင်းအဝယ်က အတည်မဖြစ်သေးတာ။ဈေးပိုပေးနိုင်တဲ့သူက ရမှာပဲ”
မူရှန်ဘိုင်အေးအေးလူလူဖြင့်ပင်ပြောလိုက်သည်။
အမှန်တကယ်တွင်မူ မူရှန်ဘိုင်အနေဖြင့်သေတ္တာထဲတွင်အဘယ်ကဲ့သို့သော ပစ္စည်းရှိသည်ကိုပင်သေချာမသိပေ။သေတ္တာထဲတွင်ရှိသော ပစ္စည်းသည်မည်သည့်ပစ္စည်းဖြစ်နေစေကာမူ သူ့အတွက်အရေးမကြီးချေ။ စိတ်လည်းမဝင်စားပေ။ သူ့ထံတွင်ရဲရှောင်အား လက်စားပြန်ချေလိုသည့်စိတ်တစ်ခုသာ ရှိသည်။
“ဈေးပိုပေးနိုင်တဲ့သူလို့ ခင်ဗျားပြောလိုက်သလားလို့။ကျုပ်ငွေစ ၅၀၀ပေးမယ်။ ဘယ်လိုလဲ”
ရဲရှောင်၏ မျက်လုံးများထဲတွင်အေးစက်မှုများဖြင့်ပြည့်နှက်သွားပြီး သူ၏ နှုတ်ခမ်းများကွေးသွားမတတ်ပင်ပြုံး၍ပြောလိုက်လေသည်။
“ငွေစ ၅၀၀၀”
မူရှန်ဘိုင်သည်ရဲရှောင်အား ဂရုမစိုက်ဟန်ဖြင့်ဈေးထပ်တိုးပေးလိုက်၏။
“ငွေစ ၅၀၀၀၀”
ရဲရှောင်သူ၏ မျက်လုံးများအားမှေးသွားမတတ်ပင်ကြည့်ရင်းပြောလိုက်သည်။
ရဲရှောင်၏ အကြောင်းအားကောင်းကောင်းသိသော လူတစ်ယောက်ဆိုလျှင်ယခုလက်ရှိအခြေအနေအားကြည့်၍ ရဲရှောင်အမှန်တကယ်ပင်ဒေါသထွက်နေကြောင်း ရိပ်မိပေလိမ့်မည်။
“ငွေစ ၅၀၀,၀၀၀”
မူရှန်ဘိုင်သည်ရဲရှောင်အား ခနဲ့တဲ့တဲ့ပုံစံဖြင့်ပြုံးရင်း ကြည့်လိုက်လေသည်။
သူ့အနေဖြင့်ရဲရှောင်အား ရန်စလိုသည့်စိတ်တစ်ခုသာရှိ၍ ရဲရှောင်ဒေါသထွက်စေမည့်မည်သည့်ကိစ္စမဆို လုပ်ရန်အတွက်သူဝန်မလေးပေ။ ထို့ပြင်ရဲရှောင်ဘက်မှဈေးဘယ်လောက်ခေါ်ခေါ် ဂရုမစိုက်ဘဲ ဆယ်ဆ လိုက်ရန်ဆုံးဖြတ်ထားလေသည်။
အိမ်ရှေ့မင်းသား၏ယောက်ဖတစ်ဦးဖြစ်သည့်အတွက်လက်ညိုးညွှန်ရာရေဖြစ်နိုင်ပြီး မြို့ထဲရှိ ပစ္စည်းမှန်သမျှအား သူအလိုရှိလျှင်စိတ်တိုင်းကျ သိမ်းယူနိုင်လေသည်။ သူလိုလူမျိုးအား မည်သူကမှ ပိုက်ဆံအကြောင်းပြောရန်ဝင့်ရဲမည်မဟုတ်ပေ။ သူ့အနေဖြင့်ဈေးဘယ်လောက်လိုက်ရလိုက်ရ ကိစ္စမရှိချေ။ အဘယ့်ကြောင့်ဆိုသော်အရောင်းဝန်ထမ်းသည်အဆိုပါပိုက်ဆံများအား လက်တွေ့တွင်အမှန်တကယ်ရမည်မဟုတ်သောကြောင့်ဖြစ်သည်။
ငွေစ ၅၀၀,၀၀၀ ဟုပြောလိုက်ပြီးနောက်တွင်ရုတ်တရက်ဆိုသလိုပင်မူရှန်ဘိုင်၏ ဝမ်းဗိုက်တစ်ခုလုံးသည်ချိုင့်ဝင်သွားပြီး နာကျင်မှုဝေဒနာအားသေကောင်းပေါင်းလဲပင်ခံစားလိုက်ရသည်။
“ဘုန်းး”
သူသည်အတော်ဝေးဝေးသို့ လွင့်ထွက်သွားခြင်း ဖြစ်ပြီး လွင့်ထွက်သွားသည့်အချိန်မှာပင်ရဲရှောင်၏ အသံအား ကြားလိုက်ရလေသည်။
“ခွေးမသား . . .သေချင်လို့ ငါးရာတွေ ငါးထောင်တွေ လာပြောနေတာလား”
ရဲရှောင်၏ဒေါသများ တားမရဆီးမရပင်ထွက်နေခြင်း ဖြစ်သည်။ ရဲရှောင်တစ်ေယာက်ပွဲကြမ်းနေလေပြီ။ မူရှန်ဘိုင်အားဒေါသတကြီးဖြင့်ကြည့်လိုက်ရင်း တွေးလိုက်သည်။
“ခွေးမသား . . . ငါလိုရှောင်ဧကရာဇ်ကိုတောင်အာရုံလာနောက်ရဲတယ်ပေါ့”
ရဲရှောင်သည်သူ့အား အာရုံလာနောက်နေသည့်မူရှန်ဘိုင်အားတွေဝေတုန့်ဆိုင်းခြင်းမရှိဘဲကြောက်မက်ဖွယ်ကောင်းလောက်သည့်ကန်ချက်မျိုးဖြင့်မူရှန်ဘိုင်၏ ဗိုက်အား ကန်လိုက်သည်။ ရဲရှောင်၏ ကန်ချက်ကြောင့်မူရှန်ဘိုင်တစ်ယောက်ဆိုင်အပြင်ဘက်သို့ပင်လွင့်စင်ထွက်သွားပြီး လမ်းမ၏ အတော်ဝေးဝေးသို့ပင်ရောက်သွားလေသည်။
ဘယ်လောက်တောင်ကြောက်ဖို့ကောင်းသည့်ကန်ချက်မျိုးပါလိမ့်။
အပြိုင်အဆိုင်ဈေးခေါ်နေသည့်အချိန်တွင်မူရှန်ဘိုင်အနေဖြင့်ရဲရှောင်အား မထီမဲ့မြင်ပုံစံဖြင့်ဆက်ဆံခဲ့သော်လည်း ယခုအချိန်တွင်မူ သူ၏ ဗိုက်အား လက်ဖြင့်နှိပ်ရင်း အရှုံးသမားတစ်ယောက်ကဲ့သို့ပင်ဖြစ်နေလေပြီ။
ရဲရှောင်၏ အားရပါးရ ကန်လိုက်သည့်ကန်ချက်ကြောင့်မူရှန်ဘိုင်တစ်ယောက်လမ်းမပေါ်ရှိ တည်သီးများထည့်ထားသည့်ခြင်းကြီးပေါ်သို့ လွင့်စင်ကျသွားလေသည်။ ကန်လိုက်သည့်အရှိန်သည်အလွန်တရာမှပင်ပြင်းထန်သည့်အတွက်ခြင်းထဲမှ တည်သီးများပင်အသီးတခြား အညှာတခြား ဖြစ်သွားသည်။ မူရှန်ဘိုင်၏ တစ်ကိုယ်လုံးတွင်တည်သီးများမှ ထွက်လာသည့်အဝါရောင်အရည်များပေကျံသွားပြီးပါးစပ်ထောင့်များတွင်ပင်ပေပွကုန်လေသည်။ အကြောင်းမသိသည့်လူများသည်မူရှန်ဘိုင်တစ်ယောက်လမ်းမကြီးပေါ်တွင်တည်သီးများ အားရပါးရ ထိုင်စားနေသည်ဟုပင်ထင်ကြပေလိမ့်မည်။
မူရှန်ဘိုင်သည်သူ့ကိုယ်သူ ပညာရှင်အဆင့်ရှိသူ တစ်ယောက်ဟု ခံယူထားသူတစ်ယောက်ဖြစ်သည်။ ရဲရှောင်ကဲ့သို့ ဖြူဖြူဖွေးဖွေး မိန်းကလေးတစ်ယောက်နီးပါးချောမောလှပသည့်ရုပ်ရည်ရှိသည့်ကောင်လေးတစ်ယောက်သည်သူ့အား ယခုကဲ့သို့ ပြင်းထန်လှသော ကန်ချက်မျိုးဖြင့်ကန်လိုက်သည်ကို မယုံကြည်နိုင်ဖွယ်ပင်ဖြစ်နေလေသည်။ ပြင်ဆင်ချိန်မရအောင်ပင်ရဲရှောင်၏ ကန်ချက်များသည်မြန်ဆန်လွန်းလှပေသည်။ သူလိုလူတစ်ယောက်အတွက်အမှန်တကယ်ပင်အရှက်ရစေခဲ့သည့်ကိစ္စပင်ဖြစ်၏။
အဖြစ်အပျက်များသည်မြန်ဆန်လွန်းလှသည့်အတွက်မူရှန်ဘိုင်၏ ကိုယ်ရံတော်များသည်ဘာဆိုဘာမှပင်လုပ်နိုင်ချိန်မရှိလိုက်ပေ။ကောင်းကင်ပေါ်သို့ မီးရှူးမီးပန်းတစ်ခု ပစ်လွှတ်လိုက်သကဲ့သို့ သူတို့၏ သခင်ကြီးလေပေါ်သို့ လွင့်စင်ထွက်သွားအောင်ပင်အကန်ခံလိုက်ရသည်အား ကြည့်ရင်း စကားတစ်လုံးမှပင်မပြောနိုင်ကြတော့ဘဲ မျက်လုံးပြူးကြီးများဖြင့်ကြောင်၍ပင်ရပ်ကြည့်နေမိကြလေသည်။
ကိုယ်ရံတော်များသည်ဒေါသထွက်သွားပြီး ရဲရှောင်အား ရိုက်နှက်ရန်ကြိုးစားသော်လည်း ရဲရှောင်သည်လျင်မြန်စွာဖြင့်ပင်တဟုန်ထိုးဖြင့်မူရှန်ဘိုင်ရှိရာ ဆိုင်အပြင်ဘက်သို့ပြေးထွက်သွား၏။ ထို့နောက်ဒေါသတကြီးဖြင့်မူရှန်ဘိုင်အား –
“ခွေးမသား . . . ခင်ဗျားက ကျုပ်က ရန်အရင်လာစတာ။ ကျုပ်က ငြိမ်ခံနေမယ်လား ထင်နေတာလား။ခင်ဗျား ကျုပ်ဆီက ပစ္စည်းကို လိုချင်နေတာပေါ့ ဟမ်. . . ခင်ဗျားက တကယ့်ချီးထုပ်ပဲ . . .”
ထိုကဲ့သို့ဒေါသတကြီးဖြင့်ပြောဆိုနေသည့်အချိန်မှာပင်ရဲရှောင်သည်စင်းနှီတုန်းပေါ်တွင်အသားအား နုတ်နုတ်စဉ်းနေသကဲ့သို့ပင်မူရှန်ဘိုင်အား အလွတ်မပေးဘဲ သူ၏ လက်ဝါးများဖြင့်ရိုက်လိုက်လေသည်။
ရိုက်နေစဉ်မှာပင်ရဲရှောင်တွေးလိုက်မိ၏။
“ဒီခွေးမသားက ငါ့ဆီကို တမင်လာပြီးတော့ကို ပြသာနာရှာနေတာ။ ကြည့်ရတာ ဒီကောင်က ဝမ်ဒါနမ်လွှတ်လိုက်တဲ့ လူဟုတ်ရင်ဟုတ်မဟုတ်ရင်အိမ်ရှေ့မင်းသားရဲ့ နန်းတော်က လူပဲဖြစ်ရမယ်။ ဒါမှမဟုတ်ရင်ဒီကောင်ငါ့ကို အသားလွတ်ပြသာနာလာရှာနေတာကြောင်နေလို့ပဲ ဖြစ်ရမယ်။ သူ့ဘာသာ ဘာကောင်ကြီးပဲ ဖြစ်ဖြစ်ဒီကောင့်ကို ငါ ဒီနေ့တော့သေအောင်ရိုက်ပစ်မယ်”
ရိုက်ရုံသာမက ရဲရှောင်သည်မူရှန်ဘိုင်အား ထပ်၍ပင်ကန်လိုက်သည်။ ထို့နောက်ဆေးဆိုင်၏ကောင်တာပေါ်တွင်ကျသည့်ငွေငွေ၅စ အား တင်ပေးလိုက်ရင်း မိုးပြာရောင်ကောင်းကင်အပင်ထည့်ထားသည့်သေတ္တာအား ယူလိုက်၏။ ထို့နောက်ရဲရှောင်သည်မူရှန်ဘိုင်၏ ဗိုက်ပေါ်သို့ခြေထောက်ဖြင့်တက်နင်းလိုက်ပြီး သူ၏ မျက်နှာပေါ်သို့ အားပြင်းသော လက်သီးများဖြင့်ထိုးလိုက်လေသည်။ လက်သီးချက်များသည်မုန်တိုင်းကြားထဲကျနေသော မိုးသီးမိုးပေါက်ကြီးများကဲ့သို့ပင်ပြင်းထန်လှပေသည်။
ပထမဆုံးထိုးချက်သည်မူရှန်ဘိုင်၏ ဘယ်ဘက်မျက်လုံးပေါ်သို့လည်းကောင်း ဒုတိယထိုးချက်သည်ညာဘက်မျက်လုံးပေါ်သို့လည်းကောင်း ထိသွားပေသည်။ မူရှန်ဘိုင်၏ မျက်လုံးများသည်ညိုမဲစွဲသွားပြီး ပန်ဒါဝက်ဝံတစ်ကောင်နှင့်ပင်တူနေလေသည်။ ပြင်းထန်လှသည့်လက်သီးချက်များနှင့်အထိုးခံလိုက်ရ၍ မျက်လုံးများပါ ညိုမဲစွဲသွားရုံမက သူ၏ နှာခေါင်းများသည်နီရဲလာပြီး ပါးစပ်သည်လည်းယောင်ကိုင်းညိုမဲကုန်လေသည်။
နာမည်အကျော်ကြားဆုံး မျိုးနွယ်ကြီးရှစ်ခုထဲမှ တစ်ခုဖြစ်သည့်မူမျိုးနွယ်စု၏ မျိုးဆက်ဖြစ်သော မူရှန်ဘိုင်သည်မော်တယ်အဆင့်သာရှိသေးသည့်ပညာရှင်တစ်ဦးဖြစ်၏။ သူသည်စာပေလေ့လာလိုက်စားမှုဘက်တွင်ပို၍အားသန်သော်လည်း သိုင်းပညာကျင့်ကြံမှုဘက်တွင်မူ အားနည်းပေသည်။ ရဲရှောင်သူ့အား ကန်လိုက်သည့်အချိန်တွင်သူ၏ စွမ်းအင်သိုလှောင်ရာနေရာရှိ ဝိညာဉ်တော်ချီဓာတ်များသည်စုစည်းမှုမရှိဘဲ ပျံ့လွင့်နေသည့်အတွက်သူ့အနေဖြင့် မည်သည့်တုန့်ပြန်မှုမှ ပြန်လည်၍ တုန့်ပြန်နိုင်စွမ်း မရှိခဲ့ပေ။
ထို့ပြင်ရဲရှောင်သည်မြင်းစီးနေသကဲ့သို့ပင်သူ၏ ဗိုက်ပေါ်သို့ တက်ခွ၍ သူ့အား လက်သီးဖြင့်အားရပါးပင်နှစ်ချက်ထိုးခဲ့သည်။ အဆိုပါ လက်သီးချက်နှစ်ချက်သည်ပြင်းထန်အားပါလွန်းလှ၍ တူကြီးများဖြင့်အထုခံလိုက်ရသလိုပင်ခံစားရလိုက်စေသည်။
“မင်း . . .”
မူရှန်ဘိုင်သည်အထိုးမခံရမီအချိန်တွင်”မင်း” ဆိုသည့်စကားလုံးတစ်လုံးပင်ပြောနိုင်ခဲ့သည်။ ထပ်ပြောရန်ပြင်လိုက်သည့်အချိန်မှာပင်နောက်ထပ်အထိုးခံလိုက်ရခြင်းပင်ဖြစ်၏။
“မင်း . . . ဘာ မင်း . . . လဲ။ ငါ့ကို ဘာထပ်ပြောမလို့လဲ။ခွေးမသား”
ရဲရှောင်သည်ထိုအချိန်၌ သွေးများဆူပွက်၍ အမှန်အကန်ဒေါသထွက်နေခြင်းပင်ဖြစ်သည်။ လူသူထူထပ်သည့်လမ်းမပေါ်တွင်ယခုကဲ့သို့ ဖြစ်ပျက်နေခြင်းသည်သခင်လေးသုံးပါး၏ ဗီဇအား ချပြလိုက်သကဲ့သို့ပင်ဖြစ်နေလေသည်။
ရဲရှောင်သည်သူ၏ လမ်းတွင်လာရှုပ်နေသည့် မူရှန်ဘိုင်အား စကားများဖြင့်လေကုန်ခံပြောမနေတော့ဘဲ အလုပ်နှင့်ပင်သက်သေပြလိုက်ပါတော့သည်. . .