Switch Mode

Chapter – 18

ကမ္ဘာလေးက ကျဥ်းကျဥ်းလေးပါ

Chapter – 18
“ကမ္ဘာလေးက ကျဉ်းကျဉ်းလေးပါ”

​ရှေးဦးချီဓာတ်​ကျင့်​စဉ်​၏ ထိပ်​ဆုံးအဆင့်​သို့​ရောက်​မည့်​အ​ကြောင်း​တွေးလိုက်​ရုံနှင့်​ပင်​ရဲ​ရှောင်၏​ခန္ဓာကိုယ်​ထဲရှိ​သွေးများသည် ပွက်​ပွက်​ဆူသွားသကဲ့သို့ပင်​ခံစားလိုက်​ရ၏။ အ​ခြေအ​နေများ ပြန်​လည်​တည်​ငြိမ်​သွား​စေရန်​အတွက်​ရဲ​ရှောင်​အသက်​ခပ်​ပြင်းပြင်း ရှူလိုက်​ရင်း စိတ်​လျှော့ချလိုက်​သည်​။ စိတ်​ဖြေလိုက်​သည့်​အတွက်​သူ၏ မျက်​လုံးများသည်​တလက်​လက်​ဖြင့်​တောက်​ပသွားရင်း စိတ်​အစဉ်​သည်​လည်း ငြိမ်​သက်​နေ​သော ကန်​ရေပြင်​ကဲ့သို့ ပြန်​လည်​တည်​ငြိမ်​သွား​လေသည်​။
ရဲ​ရှောင်​သည်​ရှေးဦးချီဓာတ်​ကျင့်​စဉ်​၏ စွမ်းအင်များ​အ​ကြောင်းအား အလုံးစုံ မသိရှိ​သေး​ပေ။ ရဲ​ရှောင်​အ​နေဖြင့်​ထိုကျင့်​စဉ်​၏ ထိပ်​ဆုံးအဆင့်​သို့​ရောက်​ရှိမှသာ ထာဝရအသက်​ရှင်​သန်​နိုင်​ပြီး ပြိုင်​ဘက်​ကင်းသည့်​ဒဏ္ဍာရီလာ သူရဲ​ကောင်းတစ်​ဦး ဖြစ်​လာ​ပေမည်​။
ကျင့်စဉ်ကျင့်ကြံလိုက်သည့်အတွက် သူ၏ ခန္ဓာကိုယ်​မှ အင်​မတန်​မှပင်​ဆိုးရွား​သော အနံ့အသက်​ရှိသည့် အညစ်အကြေးများသည် ထွက်​ပေါ်လာခဲ့သည်​။ အညို​ရောင်​အဆင်းရှိသည့်​အဆိုပါ အညစ်​အ​ကြေးများသည်​သူ၏ အ​ရေပြား​ပေါ်တွင်​အလွှာတစ်​ခုအဖြစ်​ပင် ဖြစ်​တည်​နေ​လေသည်​။ ထို့ပြင် ပုတီး​စေ့အရွယ်​ရှိ​ချွေးသီး​ချွေး​ပေါက်​များသည်​လည်း ကျလာ​သော​ကြောင့်​ရဲ​ရှောင်​၏ ခန္ဓာကိုယ်​တစ်​ခုလုံးသည်​စက်​ဆုပ်​ရွံရှာဖွယ်​အပြည့်​ပင်​ဖြစ်​နေ၏။ လူသားတိုင်းလိုလို ထိုကဲ့သို့သော အညစ်​အ​ကြေးများနှင့်​ကင်းနိုင်​မည်​မဟုတ်​ပေ။ သို့​သော်​ကျင့်​စဉ်​ခရီးလမ်း​ပေါ်တွင်​စတင်​လျှောက်​လှမ်းလိုက်​မည်​ဆိုပါက အဆိုပါ အညစ်​အ​ကြေးများအား တိုက်​ထုတ်​ဖယ်​ရှားနိုင်​ပေလိမ့်​မည်​။
ထိုကဲ့သို့ အရိုးများနှင့်​ကြွက်​သားများအား သန့်​စင်​ပေးနိုင်သည့် အခြေအနေကို ကျင့်ကြံသူတိုင်းက လိုချင်ကြပေသည်။ ရဲ​ရှောင်​အ​နေဖြင့်​မြေကြီးအဆင့်​ကျင့်​စဉ်​၏ ပထမအဆင့်​အား​ကျော်​ဖြတ်​ခဲ့ပြီး​နောက်​ဒုတိယအဆင့်​သို့ပင်​ရောက်​ရှိသွားသည့် လက္ခဏာပင်။
ရဲ​ရှောင်​အတွက်​ဂုဏ်​ယူစရာ အ​နေအထားပင်​။
သူ၏ အရိုးနှင့်​ကြွက်​သားများအား​ဆေး​ကြောသန့်​စင်​ခြင်းသည်​နှစ်​ကြိမ်​တိုင်​တိုင်​ပင်​ရှိခဲ့​ချေပြီ။ ပထမအကြိမ်​ဆေး​ကြောသန့်​စင်​နိုင်​ခဲ့ခြင်းသည်​ပင်​လျှင်​မယုံနိုင်​ဖွယ်​ရာ​ကောင်းသည့်​အောင်​မြင်​မှုမျိုးဟု ဆိုနိုင်​ပေသည်​။ ယခုကဲ့သို့ အချိန်​တိုတိုအတွင်း ဒုတိယအကြိမ်​ဆေး​ကြောသန့်​စင်​နိုင်​ခဲ့ခြင်းသည် ယုံနိုင်​ဖွယ်​ရာမရှိသည့်​အပြင်​မည်သူမျှပင် ကြားပင်​ကြားဖူးကြလိမ့်​မည်​မဟုတ်​ချေ။
ကျင့်​စဉ်​ကျင့်​ပြီးသွား​သော​ကြောင့်​ရဲ​ရှောင်​မတ်​တပ်​ရပ်​လိုက်​၏။ ထိုအချိန်တွင်​သူ့ခန္ဓာကိုယ်​ရှိ အရိုးများ ကွဲအက်​သွားသကဲ့သို့ပင်​ခံစားလိုက်​ရ​လေသည်​။ ကျင့်​စဉ်​ကျင့်​ကြံ​နေသည့်​တစ်​လျှောက်​တွင်​ခါးအား မတ်မတ်ဆန့်​၍ ထိုင်​ထားရ​သော​ကြောင့်​အရိုးများသည်​ဆန့်​ထွက်​ကုန်​ပြီး မူလကထက်​ပင်​အရပ်​ရှည်​လာသ​ယောင်​ပင်​ဖြစ်နေလေသည်။
ရဲ​ရှောင်​သည်​သူ့ခန္ဓာကိုယ်​တွင်​ဖုံးလွှမ်း​နေ​သော စက်​ဆုပ်​ဖွယ်​ကောင်းသည့်​အညစ်​အ​ကြေးများအား ဖယ်​ရှားနိုင်​ရန်​အတွက်​ရေ​နွေးဖြင့်​ရေချိုးသန့်​စင်​လိုက်​သည်​။ ထို့​နောက်​သူ၏ နှစ်​လိုဖွယ်​ကောင်းသည့်​ရုပ်​ရည်​အား မှန်​ထဲတွင်​ကြည့်​လိုက်​ရင်း –
“ငါက​တော်​တော်​ကို ခန့်​ညားတဲ့​ကောင်​ပဲ။ ငါနဲ့ လက်​ထပ်​ရတဲ့​ကောင်​မ​လေးက​တော့ သူတင်​မဟုတ်​ဘူး သူ့​ဆွေစဉ်​မျိုးဆက်​တွေအထိပါ ကံ​ကောင်းခြင်း​တွေကို ပိုင်​ဆိုင်​နိုင်​မှာ​သေချာ​ပေါက်​ပဲ . . .”
ထိုအချိန်​တွင်​တိုက်​တိုက်​ဆိုင်​ဆိုင်​ဖြင့်​ပင်​အိမ်​တော်​ထိန်းသည်​တံခါး​ပေါက်​ဝသို့ လမ်း​လျှောက်​လာသည့်​အတွက်​ရဲ​ရှောင်​ပြောလိုက်​သည့်​စကားအား ကြားမိလိုက်​သည်​။ အိမ်​တော်​ထိန်းတစ်​ယောက်​သူကြားလိုက်​ရသည့်​စကား​ကြောင့်​ခလုတ်​တိုက်​မတတ်​ပင်​ဖြစ်​သွား၍​ခြေလှမ်းများပင်​ပျက်​သွား​လေသည်​။ သူသည်​အ​နေအထိုင်​တည်​ငြိမ်​အေး​ဆေး​သော လူတစ်​ယောက်​ဖြစ်​သော်​လည်း ယခုကဲ့သို့​စကားသံအား ကြားလိုက်​ရ​သောအခါ ဟန်​ပင်​မ​ဆောင်​နိုင်​တော့ဘဲ သူ၏ ပါးစပ်​မှပင်​လွှတ်​ကနဲ​ပြောလိုက်မိသည်​မှာ –
“​ဘုရား​ရေ . . . ငါဖြင့်​ဒီအသက်​ဒီအရွယ်​ထိ​တောင်​ရောက်​နေပြီ ဒီ​လောက်​လေကျယ်​တဲ့လူ မမြင်​ဖူး​သေးဘူး။ ကမ္ဘာ့အံ့ဩဖွယ်​အ​ကောင်းဆုံးပဲ”
အိမ်​တောင်​ထိန်း ဟန်​ပင်​မ​ဆောင်​နိုင်​တော့ဘဲ တည့်​တိုး​ပြောလိုက်​ခြင်းဖြစ်​၏။
“ကမ္ဘာ့အံ့ဩဖွယ်​အ​ကောင်းဆုံး . . . ဟုတ်​လား”
ရဲ​ရှောင်​အိမ်​တော်​ထိန်း​ပြောလိုက်​သည့်​စကားအား ကြားလိုက်​၍ တံခါးဖွင့်​ကြည့်​ရင်း​မေးလိုက်​သည်​။
သူသည်​ယခု​မော်​တယ်​ကမ္ဘာနှင့်​ပက်​သက်​သည့်​အ​ကြောင်းအရာများအား​သေဆုံးသွား​သည့် ရဲ​ရှောင်​ထံမှ ရရှိ​သော မှတ်​ဥာဏ်​များအရ သိထားသင့်​သ​လောက်​သိထား​သော်​လည်း​လေ့လာသင်​ယူစရာ များစွာ ရှိ​နေ​ပေ​သေးသည်​။ သူ့အ​နေဖြင့်​ရရှိလာသည့်​အခွင့်​အ​ရေးအား လက်​လွတ်​မခံ​ဘဲ အိမ်​တော်​ထိန်းအား​မေးလိုက်​ခြင်း ဖြစ်​သည်​။
“ဟို . . . ဟိုဟာ . . . ဟိုဟာ​လေ . . .”
အိမ်​တော်​ထိန်းသည် သူ၏ အမူအယာအား တည်​ငြိမ်​စေရန်​ပြန်​ထိန်းလိုက်​ပြီး စကားများအား​ဖြေး​ဖြေးချင်း​ပြောလိုက်​လေသည်​။
“သခင်​လေး . . . လင်းပါအို​လေလံခန်းမမှာ အရမ်းကို အစွမ်းထက်ပြီး အံ့သြဖို့ကောင်းတဲ့​ဆေး​တွေ​ရောက်​နေပါတယ်​။ အဲဒီ​ဆေး​တွေက တကယ့်​ကို အစွမ်းထက်​ထူးခြားတဲ့​ဆေး​တွေဆိုတာ ကျွန်​တော်​သေချာ​ပေါက်​ကို​ပြောနိုင်​တယ်​”
“အစွမ်းထက်​တဲ့​ဆေး​တွေ . . . ဟုတ်​လား”
ရဲ​ရှောင်​သူ၏နှုတ်​ခမ်းများအား​ကွေးသွား​အောင်​ပင်​ပြုံးလိုက်​ရင်း​တွေးလိုက်​မိ၏။
” အဲဒီ​ဆေး​တွေက ဘာမှ မဟုတ်​တာ။ ငါ ပိုက်​ဆံလိုလို့​ရောင်းလိုက်​တဲ့​ဆေး​တွေအ​ကြောင်း ငါ့ကို လာ​ပြောပြ​နေတာ မင်းအရူးပဲ”
“သခင်​လေး​။ ဒီရက်​ပိုင်း အိမ်​ထဲမှာ​နေတာ အ​ကောင်းဆုံးလို့ပဲ ကျွန်​တော်​ထင်​တယ်​”
အိမ်​တော်​ထိန်းသည်​တည်​ကြည်​လေးနက်​သော မျက်​နှာထားဖြင့်​ရဲ​ရှောင်​အား​ပြောလိုက်​သည်​။
“တိုင်းပြည်​ရဲ့ အ​ခြေအ​နေက မငြိမ်​မသက်​နဲ့ တည်​ငြိမ်​မှု မရှိဘူးဖြစ်​နေတယ်​။ သိုင်းပညာဂိုဏ်း​တွေနဲ့​တော်​ဝင်​မိသားစု​တွေက မြို့ထဲမှာ သူတို့ရဲ့ အားကိုးရတဲ့ အ​တော်​ဆုံးလူ​တွေကို လွှတ်​ထားတယ်​လို့ ကျွန်​တော်​ကြားတယ်​။​နောက်​လနည်းနည်း​လောက်​ဆိုရင်​မြို့ထဲမှာ အန္တရာယ်​တွေနဲ့ပဲ ပြည့်​နှက်​နေ​တော့မှာ . . .”
သူသည်​ရဲ​ရှောင်​အား ကြည့်​လိုက်​ပြီး စကားဖြင့်​ထုတ်​ဖော်​မပြရဲဘဲ သူ၏ စိတ်​ထဲမှာပင်​တွေးလိုက်​၏။
“တကယ်​လို့သာ ရုတ်​ရုတ်​သဲသဲ ဖြစ်​လာခဲ့ရင်​မင်းလို သုံးစားမရတဲ့​ရေ​ပေါ်ဆီ​သခင်​လေးတစ်​ယောက်​က သူတို့ကြားမှာ ပစ်​မှတ်​ဖြစ်​သွားနိုင်​တယ်​။ ဒုက္ခ​တွေကြားထဲမှာ မင်း​သေ​တောင်​သေသွားနိုင်​တယ်​”
ရဲ​ရှောင်​သည်​စစ်​သူကြီး၏ သားဖြစ်​သော​ကြောင့်​အုပ်​ချုပ်​ရေးပိုင်းမှ လူများနှင့်​မြို့​နေပြည်​သူများသည်​သူ့အား ထိခိုက်​စေမည့်​ကိစ္စများအား ပြုလုပ်​ရဲမည်​မဟုတ်​ပေ။ သို့​သော်​သိုင်းပညာဂိုဏ်းကြီးများနှင့်​တော်​ဝင်​မိသားစုများ အ​နေဖြင့်​မူ စစ်​သူကြီး၏ သားဖြစ်​သည်​ဆိုသည့်​အချက်​အား ဂရုမစိုက်​ဘဲ သူ့အား စက္ကူလေးတစ်​ရွက်​စုတ်​ဖြဲပစ်​သကဲ့သို့ပင်​တစစီလုပ်​ပစ်​ပေလိမ့်​မည်​။
“ဒီမှာ ငါဘယ်​လို​နေရမှာလဲ။ အခုပဲ အပြင်​သွားမလို့ . . .”
ရဲ​ရှောင်​မျက်​မှောင်​ကြုပ်​ရင်း​ပြောလိုက်​သည်​။
“မသွားတာ သခင်​လေးအတွက်​ပို​ကောင်းလိမ့်​မယ်​”
အိမ်​တော်​ထိန်း ရဲ​ရှောင်​အား မျက်​မှောင်​ကြုပ်​၍ ကြည့်​လိုက်​ပြီး စိတ်​မရှည်​တော့သည့်​လေသံဖြင့်​ပြောလိုက်​လေသည်​။
မြို့ထဲရှိ မျိုးနွယ်​စုများအားလုံးသည်​အ​ဝေးသို့​ရောက်​နေသည့်​သူတို့၏ လူစွမ်း​ကောင်းများကိုပင်​ပြန်​လည်​၍​ခေါ်ယူထားကြသည်​။ သူတို့၏ သားသမီးများကိုလည်း အပြင်​သို့ မထွက်​ရန်​တားမြစ်​ထားကြ​လေသည်​။ ထို့ပြင်​ရုတ်​ရုတ်​သဲသဲဖြစ်​လာနိုင်​သည့်​အ​ခြေအ​နေများအတွက်​လည်း အသင့်ပြင်​ဆင်​ထားကြ၏။
ထိုကဲ့သို့​သော အ​ခြေအ​နေမျိုးတွင်​ရဲ​ရှောင်​အ​နေဖြင့်​အပြင်​သို့ ထွက်​မိပါက အန္တရာယ်​အား လက်​ယက်​ဖိတ်​ခေါ်​နေသကဲ့သို့ ဖြစ်​နေ​ပေလိမ့်​မည်​။ သူ၏ အဖြစ်​သည်​မှောင်​မဲ​နေ​သော ဥမင်​ကြီးထဲတွင်​လင်းထိန်​နေ​သော မီးအိမ်​တစ်​အိမ်​အား ထွန်းထားသကဲ့သို့ပင်​ထင်​ထင်​ရှားရှားပင်​ရှိ​နေ​ပေမည်။
ရဲ​ရှောင်​အိမ်​တော်​ထိန်းအား ကတိပြုလိုက်​ရင်း –
“စိတ်​မပူပါနဲ့။ ငါ့ကိုယ်​ငါ ထိန်းထိန်းသိမ်းသိမ်းနဲ့​နေမှာပါ . . .”
ထို့​နောက်​တံခါးအား တွန်းဖွင့်​ရင်း အပြင်​သို့ ထွက်​ခွာသွား​လေသည်​။
“ဂရုစိုက်​ပါ သခင်​လေး”
အိမ်​တော်​ထိန်းသည်​ရဲ​ရှောင်​အား စိတ်​ပူစွာဖြင့်​ပြောလိုက်​ရင်း​တွေးလိုက်​မိသည်​။
“အိုးး . . . ငါ့ရဲ့သခင်​လေးတစ်​ယောက်​တော့ ဘာအန္တရာယ်​မှ မ​တွေ့ပါ​စေနဲ့ . . .”
“​ကောင်းပါပြီ။ ဂရုစိုက်​ပါ့မယ်​”
ရဲ​ရှောင်​ခပ်​လှမ်းလှမ်းကပင်​လှမ်း​အော်​၍​ပြန်​ပြောလိုက်​၏။
ရဲ​ရှောင်​သည်​လေညှင်းခံ၍​အေး​အေးလူလူဖြင့်​ပင်​လမ်း​လျှောက်​နေ​လေသည်​။ လက်​ရှိအချိန်​တွင်​သူ့ထံ၌ ပိုက်​ဆံများရှိ​နေ​သော​ကြောင့်​ဆေးဖက်​ဝင်​ဆေးပင်​များ​ရောင်းချသည့်​ဆေးဆိုင်​တန်းသို့ သွားလိုက်​သည်​။​လော​လောဆယ်​ဆယ်​တွင်​၎င်းသည်​သူ့အတွက်​အ​ရေးအကြီးဆုံး ရည်​ရွယ်​ချက်​ပင်​ဖြစ်​၏။
အလုံး​လေးအတွင်းရှိ ဟင်းလင်းပြင်​ကြီးသည်​သွေးဂျင်​ဆင်း၏ အနှစ်​သာရစွမ်းအင်​များအား စုပ်​ယူလိုက်​ပြီး​နောက်​တွင်​ရဲရှောင်သည် ဟင်းလင်းပြင်​ကြီးအတွက်​ဆေးဖက်​ဝင်​ဆေးများအား​နောက်​ထပ်​အသုံးပြုရန်​အားတက်​လျက်​ရှိသည်​။ ထို့​ကြောင့်​ဆေးဆိုင်​တန်းသို့သွားရန်​အတွက်​အနည်းငယ်​မျှပင်​မ​စောင့်ဆိုင်းချင်​တော့​ပေ။
ရဲ​ရှောင်​အ​နေဖြင့်​သူသည်​ချင်းရန်​နယ်​ပယ်​တွင်​ရှိ​နေသည်​ဖြစ်​စေ​မော်​တယ်​ကမ္ဘာတွင်​ရှိ​နေ​သည်​ဖြစ်​စေ ကျင့်​ကြံမှုအဆင့်​တွင်​ထိပ်​ဆုံး​ရောက်​ရမည်​ဟုသာ ခံယူထား​လေသည်​။
ရဲ​ရှောင်သည်​အိမ်​တော်​ထိန်းအား​ပေးခဲ့သည့်​ကတိအား တည်​အောင်​ထိန်းသည့်​အ​နေဖြင့်​ဂရုတစိုက်​သိုသိုသိပ်​သိပ်​ဖြင့်​သွားလာခဲ့ပြီး သူနှင့်​မသက်​ဆိုင်​သည့်​ကိစ္စများအား စိတ်​ဝင်​စားခြင်း အလျဉ်းမရှိခဲ့​ချေ။ ရဲ​ရှောင်​အ​နေဖြင့်​ပြသာနာတက်​မည့်​ကိစ္စမှန်​သမျှကို​ရှောင်​ရှားလိုခြင်းပင်​ဖြစ်​၏။
​ဆေးဆိုင်​များနှင့်​အလွန်​တရာမှပင်​နီးကပ်​လာ​သော​ကြောင့်​ဆေးများ၏ အနံ့များသည်​လည်း မွှန်​ထူစွာ ထွက်​ပေါ်လျက်​ရှိ​လေသည်​။
​ဆေးဆိုင်​များအား​တွေ့လိုက်​ရ​သောအခါ ရဲ​ရှောင်​သည်​ဝမ်းသာအားရဖြစ်​သွားပြီး စိတ်​လှုပ်​ရှားမှုအပြည့်​ဖြင့်​သွားလိုက်​၏။
​ဆေးဆိုင်​တန်းများသည်​လမ်းမ​ပေါ်တွင်​တည်​ရှိပြီး​ခြောက်​မိုင်​မကပင်​ရှည်​လျား​လေသည်​။ ဆိုင်​တန်းများ၏ တစ်​ဝက်​သည်​ဆေးဖက်​ဝင်​သော​ဆေးများအား​ရောင်းချပြီး ကျန်​တစ်​ဝက်​သည်​ဆေးခန်းဖွင့်ထားရုံသာမက​ဆေးနှင့်​ပက်​သက်​သော ပစ္စည်းများအား​ရောင်းချ​ကြသည်။
ထိုလမ်းမကြီးအား ချန်​ရှင်းမြို့​တော်​၏ ဟူရှန်​လမ်းမကြီးအဖြစ်​လူသိများကြ​လေသည်​။
ဟူရှန်​လမ်းမကြီးတွင်​ဆေးဖက်​ဝင်​အပင်​များ၊​ဆေးများနှင့်​ဆေးနှင့်​ပက်​သက်​သော ပစ္စည်းများအား​ရောင်းချ​သော ဆိုင်​ခန်းများဖြင့်​ပြည့်​နှက်​နေ၏။
​ကျန်းမာ​ရေးမ​ကောင်းခဲ့ရင်​သော်​လည်း​ကောင်း၊ ထိခိုက်​နာကျင်​မိလျှင်​သော်​လည်း​ကောင်း၊ အဆိပ်​မိခဲ့လျှင်​သော်​လည်း​ကောင်း ထို​နေရာရှိ​ဆေးများဖြင့်​ဝယ်​ယူကုသနိုင်​ရုံသာမက​ဆေးဆိုင်​များရှိ သမား​တော်​များနှင့်​လည်း ကုသနိုင်​ပေသည်​။
ဟူရှန်​လမ်းမကြီး​ပေါ်တွင်​ရှိ​သော​ဆေးဆိုင်​တန်းများသည်​မော်​တယ်​ကမ္ဘာကြီးအတွက်​အားကိုးအားထား ပြုရာ​နေရာတစ်​ခုပင်ဖြစ်သည်။ အကယ်​၍ အဆိုပါ​ဆေးဆိုင်​တန်းများသာ မရှိခဲ့လျှင်​ကျန်းမာ​ရေးပြသာနာများအား​ဖြေရှင်းရန်​အခက်​တွေ့သွားနိုင်​ပေသည်​။
ထို့အချက်​များ​ကြောင့်​ပင်​အဆိုပါလမ်းမကြီးသည်​ဟူရှန်​လမ်းမကြီးအဖြစ်​နာမည်​တွင်​နေရခြင်းပင်​ဖြစ်​၏။
(မှတ်​ချက်​။။ ဟူရှန်သည်​လူသားတို့၏ ကျန်းမာ​ရေးဆိုင်​ရာ အခက်​အခဲများအား ကယ်​တင်​ခြင်းဆိုသည့်​အဓိပ္ပါယ်​ပင်​ဖြစ်​သည်​)
ရဲ​ရှောင်​ဆေးဆိုင်​တစ်​ဆိုင်​ပြီးတစ်​ဆိုင်​သို့ ဝင်​ထွက်​၍​ဆေးများ ဝယ်​ယူ​နေ​လေသည်​။​ဆေးများအား အ​မြောက်​အများပင်​ဝယ်​ယူ​နေ​သော​ကြောင့်​သူ၏ ပိုက်​ဆံများသည်​လည်း အ​တော်​များများပင်​ကုန်​နေ​ပြီ ဖြစ်​သည်​။ သို့​သော်​ရဲ​ရှောင်​၏ လက်​ထဲတွင်​ငွေစ ၅၀၀,၀၀၀ ရှိ​နေ​သော​ကြောင့်​သူ့အ​နေဖြင့်​ဆေးများဝယ်​ယူရာတွင်​တွန့်​ဆုတ်​နှ​မြောမိခြင်း တစ်​စက်​မှပင်​မဖြစ်​ခဲ့​ပေ။
နှစ်​ချို့ ဂျင်ဆင်းများနှင့်​အခြား အဖိုးတန်​သည့်​နှစ်​ချို့ဆေးဖက်​ဝင်​အပင်​များ ရလာ​သော​ကြောင့်​ရဲ​ရှောင်​အ​ကျေနပ်​ကြီး​ကျေနပ်​နေ​လေသည်​။
အဆိုပါ​ဆေးများဝယ်​ယူလာသည့်​အတွက်​ငွေစ ၁၅၀၀၀၀​ကျော်​ကျော်​ကုန်​ကျခဲ့၏။
ရဲ​ရှောင်​သူဝယ်ယူလာသည့် ဆေးပင်များအား လက်နှင့်ကိုင်ပြီးသည့်နှင့် အိတ်ထဲသို့ ထည့်လိုက်သည်ကို မည်​သူမျှ သတိမထားမိကြ​ပေ။ အဘယ့်​ကြောင့်​ဆို​သော်​အဆိုပါ​ဆေးဖက်​ဝင်​အပင်​များနှင့်​သူ၏ လက်​ထိ​တွေ့မိလိုက်​သည့်​အခါတိုင်း ဟင်းလင်းပြင်​ကြီးမှ​ဆေးပင်​များ၏ အနှစ်​သာရစွမ်းအင်​များအား တစ်​စက်​မကျန်​စုပ်​ယူလိုက်​သော​ကြောင့်​ပင်​ဖြစ်​၏။
အဆိုပါ​ဆေးဖက်​ဝင်​အပင်​များသည်​ထူးကဲသာလွန်​သော အရည်​အ​သွေးရှိသည့်​ပစ္စည်းများ မဟုတ်​သော်​လည်း​ဆေးပင်​များ အ​တော်​များများ စု​ပေါင်းလိုက်​လျှင်​တော့ အာနိသင်​အ​တော်​အသင့်​ရှိနိုင်​ပါသည်​။
ဟင်းလင်းပြင်​ကြီးသည်​ရဲ​ရှောင်​ဝယ်​လာသည့်​ဆေးများ၏ အနှစ်​သာရအရှိ​ဆုံး အစိတ်​အပိုင်းများအား စုပ်​ယူလိုက်​လေသည်​။ အချို့​ဆေးများသည်​၎င်းတို့၏ ပုံပန်းသဏ္ဍာန်​အား ဆက်​လက်​ထိန်းသိမ်းထား​သော်​လည်း အတွင်းတွင်​ရှိ​သော အဆီအနှစ်​များမှာ တစ်​စက်​မကျန်​စုပ်​ယူခံလိုက်​ရ၏။​ဆေးများသည်​အနှစ်​သာရများ မရှိ​တော့သည့်​အတွက်​အသုံးမဝင်​တော့သည့်​အမှိုက်​တစ်​စကဲ့သို့ပင်​ဖြစ်​သွား​လေသည်​။
ရဲ​ရှောင်​၏ လက်​ထဲတွင်​ဆေးပင်​များ နှင့်​ဆေးများထည့်​လာသည့်​အိတ်​ကြီးအိတ်​ငယ်​များနှင့်​မနိုင်​မနင်းပင်​ဖြစ်​နေ​သည်။ သို့​သော်​အဆိုပါအိတ်​အတွင်းရှိ​ဆေးများသည်​မည်​သည့်​အာနိသင်​မျှ မရှိ​တော့​ချေ။
ရဲ​ရှောင်​သည်​အ​ရှေ့မှအ​နောက်​တောင်​မှ​မြောက်​သို့ မညီးမညူ လမ်း​လျှောက်​ရင်း​ဆေးများအား စိတ်​တိုင်းကျ ဝယ်​ယူ​နေ​လေသည်​။​ဆေးဆိုင်​များသည်​လည်း ရဲ​ရှောင်​ကဲ့သို့ အများအပြား ဝယ်​ယူအား​ပေးသည့်​ဝယ်​သူ​ရောက်​လာ၍​ပျော်​ရွှင်​နေကြ၏။
​ဆေးပင်အိတ်များနှင့် မနိုင်မနင်းဖြစ်နေသည့် သူ၏ ပုံစံအား အခြားသူများ သတိထားမိမည်​စိုး၍ သူ့လက်ထဲရှိ အိတ်များအား မသိမသာဖြင့်ပင် တစ်အိတ်ချင်း လွှတ်​ပစ်​လိုက်​လေသည်​။ အကြောင်းမသိသူများသည် ထိုအခြေအနေအား တွေ့မြင်ခဲ့မည်ဆိုပါက သူ၏ ပိုက်​ဆံများအား ဖြန်းတီးနေသည်ဟုပင် ထင်မိပေမည်။
ရဲ​ရှောင်​သည်​ဆေးဆိုင်​များအား စိတ်​တိုင်းကျဝယ်​ယူပြီး​နောက်​နောက်​ဆုံးကျန်​ရှိသည့်​ဆေးဆိုင်​ထံသို့ သွားလိုက်သည်။ ထိုအချိန်တွင် လမ်းလျှောက်လာနေသော လူအချို့သည် ရဲရှောင်အား တွေ့မြင်လိုက်သည်။ သူတို့ထဲမှ တစ်​ယောက်​သည်​ရဲ​ရှောင်​မြင်​မည်​စိုး၍ လမ်းကြားထဲသို့ အလျင်​အမြန်​ဖြင့်​ပင်​ပုန်းလိုက်​သည်​။
ထိုလူသည်​ဝမ်​ရှောင်​နမ်​ပင်​ဖြစ်​၏။
ရဲ​ရှောင်​အား ကြည့်​နေသည့်​သူ၏ မျက်​လုံးများသည်​နာကျည်းမုန်းတီးစိတ်​များဖြင့်​ပြည့်​နှက်​နေ​လေသည်​။
ဝမ်​ရှောင်​နမ်​၏ စိတ်​ထဲတွင်​တစ်​ယောက်​တည်း​တွေး​နေမိသည်​။
“ရဲ​ရှောင်​. . .​ခွေးမသား။ မင်းကို ဘုရားက ဒဏ်​ခတ်​ချင်​လို့ ငါ့ကို ဒီလို အခွင့်​အ​ရေး​ပေးတာ ဖြစ်​လိမ့်​မယ်​။ မင်းပြန်​ပေးဆပ်​ရမယ့်​အချိန်​ရောက်​လာပြီ”
ဝမ်​ရှောင်​နမ်​၏​ဘေးတွင်​ရှိ​သော ပိုးဝတ်​ရုံအရှည်​ဝတ်​ထားသည့်​လူသည်​ဝမ်​ရှောင်​နမ်​၏ အမူအယာများအား ကြည့်​ရင်း နားမလည်​နိုင်​ပင်​ဖြစ်​နေ​လေသည်​။ ထို့​ကြောင့်​သူသည်​မ​အောင့်​အီးနိုင်​တော့ဘဲ ဝမ်​ရှောင်​နမ်​အား​မေးလိုက်သည်​။
“သူကဘယ်​သူလဲ”
” အဲဒီ​ကောင်​က ရဲ​ရှောင်​ပဲ”
ဝမ်​ရှောင်​နမ်​သည်​ရဲ​ရှောင်​အားကြည့်​ရင်း အံတစ်​ချက်​ကြိတ်​၍​ပြောလိုက်​သည်​။
“ဒီ​ကောင်​က ရဲ​ရှောင်​ပေါ့ ဟုတ်​လား”
အဆိုပါ ပိုးဝတ်​ရုံရှည်​ဝတ်​ထားသည့်​လူသည်​အသက်​(၂၇) (၂၈) ဝန်းကျင်​ခန့်​ရှိပြီး သူ့ထံတွင်​ချွန်​ထက်​သော နှာ​ခေါင်း၊ ကိုယ့်​ကိုကိုယ်​ယုံကြည်​မှုရှိ​သော မျက်​လုံးများနှင့်​ကြီးမားတုတ်​ခိုင်​သော ခန္ဓာကိုယ်​ရှိ​လေသည်​။
အဆိုပါလူသည်​ရဲ​ရှောင်​အား မျက်​မှောင်​ကြုပ်​၍ ကြည့်​ရင်း​ပြောလိုက်​၏။
“ဒါဆို မင်းအ​ဖေကို ငါ​လက်​ဆောင်​ပေးခဲ့တဲ့​သွေးဂျင်​ဆင်းကို ဒီ​ကောင်​ခြိမ်း​ခြောက်​ပြီး ယူသွားတာ​ပေါ့​လေ။ဟုတ်​လား”
အသံဩဩကြီးဖြင့်​ပြောဆိုလိုက်​သည့်​သူ၏အသံ​သည်​ကြားမိသူအပေါင်းအဖို့ အမှန်​တကယ်​ပင်​တုန်​လှုပ်​သွား​စေနိုင်​ပါသည်​။
ဝမ်​ရှောင်​နမ်​သည်​အသက်​ပြင်းပြင်းရှူလိုက်​ရင်း –
“ဟုတ်​တယ်​. . . သူပဲ။ ဒီ​ကောင်​က ဘာမှသုံးစားမရတဲ့​ရေ​ပေါ်ဆီ။ သူ့အ​ဖေအရှိန်​အဝါသုံးပြီး ငါနဲ့ငါ့အ​ဖေဆီက ဂျင်​ဆင်းကို ညစ်​ပတ်​ပြီး ယူသွားတာ”
“ဟမ့်​. . . ကမ္ဘာ​လေးက ကျဉ်းကျဉ်း​လေးပါကွာ။ စိတ်​ပူမ​နေနဲ့”
ပိုးဝတ်​ရုံဝတ်​ထားသည့်​လူသည်​ရဲ​ရှောင်​အား မုန်းတီးစိတ်​များဖြင့်​နာကျည်းစွာ ကြည့်​လိုက်​ရင်း –
“မြန်​မြန်​လုပ်​မင်းကို သူမမြင်​အောင်​ပုန်းဖို့ တစ်​နေရာရာရှာ။ ဘယ်​သူမှ မမြင်​အောင်​ကို ပုန်း”
ထို့နောက် ပိုးဝတ်ရုံနှင့်လူသည်​စကားလုံးတစ်​လုံးချင်းစီအား​ဖြေးညှင်းစွာ​ရေရွတ်​ပြောဆိုလိုက်​သည်​။
“ငါ့ဆီက လက်​ဆောင်​ကို ဒီလို လွယ်​လွယ်​ကူကူနဲ့ ခြိမ်း​ခြောက်​ပြီး ယူသွားနိုင်​တယ်​ဆိုတာ အဓိပ္ပါယ်​ကိုမရှိဘူး​။ ဒီ​ကောင်​တော်​တော်​အတင့်​ရဲတဲ့​ကောင်​ပဲ။ အဲဒီအတွက်​တန်​ရာတန်​ကြေး ပြန်​ပေးဆပ်​ရမယ်​”
ဝမ်​ရှောင်​နမ်​ဝမ်းသာအားရဖြင့်​ထောက်​ခံလိုက်​ရင်း –
“ဟုတ်​တယ်​. . . ပြန်​ပေးဆပ်​ရမယ်​”
ဝမ်​ရှောင်​နမ်​အ​နေဖြင့်​သူ့အ​ဖေအား ဂျင်​ဆင်းလက်​ဆောင်​ပေးခဲ့သည့်​အဆိုပါလူသည်​မည်​ကဲ့သို့​သော လူမျိုးဖြစ်​သည်​ကို​ကောင်း​ကောင်းကြီး သိ​ပေသည်​။
ပိုးဝတ်​ရုံဝတ်​ထားသည့်​လူ၏နာမည်​သည်​မူရှန်​ဘိုင်​ဖြစ်​ပြီး အိမ်​ရှေ့မင်းသားနှင့်​ယောက်​ဖ​တော်​စပ်​သူတစ်​ဦး ဖြစ်၏။ ထို့ပြင်​သူသည်​ထင်ရှားကျော်ကြားလှသည့် မျိုးနွယ်စုကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်သည့် မူမျိုးနွယ်စုမှ မွေးဖွားလာသူတစ်ဦး ဖြစ်သည်။
သူထံတွင်​မည်​သည့်​ရာထူးမျှ မရှိ​သော်​လည်း မည်​သူတစ်​ဦးတစ်​ယောက်​ကမှ သူ့အား အာမခံရဲကြ​ပေ။
အဘယ့်​ကြောင့်​ဆို​သော်​သူသည်​မိသားစုမျိုးရိုး ဂုဏ်​အင်​အား​တောင့်​တင်း​သော လူတစ်​ယောက်​ဖြစ်​နေ​သော​ကြောင့်​ပင်​။
အိမ်​ရှေ့မင်းသားဆိုသည့်​ဂုဏ်​ပုဒ်​အား ပို၍ အရှိန်​အဝါကြီး​စေရန်​အတွက်​အဆိုပါ​ကြီးကျယ်​မြင့်မြတ်​သည့်​တော်​ဝင်​မိသားစုများက​ထောက်​ပံ့​ပေး​နေကြ​လေသည်​။
ထို့ပြင်​မူရှန်​ဘိုင်​သည်​နောက်​ဖြစ်​လာမည့်​အိမ်​ရှေ့မင်းသားအား​ရွေးချယ်​ပေးရသည့်​နေရာတွင်​လည်း အဓိအခန်းကဏ္ဍမှ ပါဝင်​နေသည်​။
ထိုကဲ့သို့​သော လူမျိုးသည်​ရဲ​ရှောင်​အား မ​ကျေနပ်​ချက်​ဖြင့်​ပစ်​မှတ်​ထား​နေ​ချေပြီ။ ရဲ​ရှောင်​အ​နေဖြင့်​ဒီတစ်​ကြိမ်​တွင်​မူ လွယ်​လွယ်ကူကူဖြင့်​ဖြေရှင်းနိုင်ပါမည်လော . . .

Comment

Leave a Reply

Options

not work with dark mode
Reset