Chapter – 17
“နောက်တစ်ဆင့်သို့ တက်ခြင်း”
“မင်းကရော ဘယ်လိုလဲ။ မင်းရဲ့ အိမ်မက်ကဘာလဲ”
လန်လန့်လန့်နှင့်ဇူဝူကျီတို့သည်ရဲရှောင်အား ပြိုင်တူမေးလိုက်ကြသည်။
ရဲရှောင်ခဏတာ အသံတိတ်သွားရင်း ပြန်ဖြေရန်အတွက်ဦးနှောက်ခြောက်သွားလေသည်။ ရဲရှောင်၏ အိမ်မက်သည်သူတို့နှစ်ဦးနှင့်လုံးဝမတူ ကွဲပြားနေသည်။
“ငါ . . . အဆင့်မြင့်ပညာရှင်တစ်ယောက်ဖြစ်ချင်တယ်”
ရဲရှောင်သည်တည်ငြိမ်လေးနက်စွာဖြင့်ပင် ဆက်၍ ပြောလိုက်သည်။
“ပြိုင်ဘက်ကင်းတဲ့ ပညာရှင်တစ်ယောက်ကို ဖြစ်ချင်တာ”
“ဟားဟားဟားဟား . . . အဆင့်မြင့်ပညာရှင်. . . ဟုတ်လား။ ပြိုင်ဘက်ကိုကင်းချင်သေးတာ”
ရဲရှောင်၏ အပြောကြောင့်ဇူဝူကျီ နှင့်လန်လန့်လန့်တို့သည်ဝါးလုံးကွဲအောင်ပင်ရယ်လိုက်ကြလေသည်။ ရယ်ရလွန်း၍ အူများပင်နာလာသောကြောင့်သူတို့၏ ဗိုက်များအား လက်ဖြင့်နှိပ်ရင်း မျက်ရည်များပင်ထွက်ကုန်ကြသည်။
ပျင်းရိပြီး ဘယ်အရာကိုမှ လက်ကြောမတင်းတတ်သည့်လူပေါ်ကျော့ သခင်လေးရဲသည်ပြိုင်ဘက်ကင်းသည့်အဆင့်မြင့်ပညာရှင်တစ်ဦး ဖြစ်ချင်သည်ဟုပြောဆိုနေခြင်းသည်သူတို့နှစ်ဦးအတွက်ကြားဖူးသမျှ ဟာသထဲတွင်အရယ်ရဆုံးဟာသတစ်ခုကဲ့သို့ပင်ဖြစ်နေပေသည်။
ရဲရှောင်မျက်မှောင်ကြုပ်လိုက်ရင်း –
“ငါတကယ်ပြောနေတာ။ ငါ့ရည်ရွယ်ချက်အိမ်မက်က မဖြစ်နိုင်လို့လား”
ဇူဝူကျီ နှင့်လန်လန့်လန့်တို့သည်ပါးစပ်ပင်မစေ့နိုင်တော့ဘဲ ခွက်ထိုးခွက်လန်ရယ်လိုက်ကြသည်မှာ စစ်သူကြီးရဲ၏ အိမ်တစ်အိမ်လုံးပင်ရယ်သံများဖြင့်သောသောညံသွားလေသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင်လူတကာရဲ့အမြင်မှာ ငါတို့ သုံးယောက်စလုံးက သုံးစားမရတဲ့လူတွေလို့ သတ်မှတ်ထားကြတာလေ။ ဘယ်လိုအိမ်မက်တွေပဲရှိရှိ အနာဂတ်အတွက်ဘယ်လိုအစီစဉ်တွေပဲရှိရှိ ဘယ်သူမှ အထင်ကြီးကြမှာ မဟုတ်ဘူး”
လန်လန့်လန့်တစ်ချက်ပြုံးလိုက်ရင်း –
“ငါတို့ရဲ့ ရည်ရွယ်ချက်အိမ်မက်တွေကို ဒီနေရာမှာပဲ ရင်ဖွင့်ပြောကြတာ အကောင်းဆုံးပဲ။ တခြားသူတွေရှေ့သာပြောမိလို့ကတော့ ငါတို့ဖြစ်ချင်တဲ့ အိမ်မက်တွေကိုကြားပြီး ခွက်ထိုးခွက်လန်ကို ရယ်ကြလိမ့်မယ်”
တကယ့်လက်တွေ့တွင်ရဲရှောင်မှလွဲ၍ ကျန်သည့်နှစ်ယောက်၏ စိတ်ကူးအိမ်မက်သည်သူတို့၏ လက်ရှိအခြေအနေနှင့်အတော်ပင်အလှမ်းကွာနေသည့်အနေအထားပင်။
ဇူဝူကျီသည်နိုင်ငံရေးနှင့်ပက်သက်လျှင်ကျွမ်းကျင်နှံ့စပ်မှုရှိ၍ တစ်နိုင်ငံလုံးကိုပင်လွှမ်းမိုးခြယ်လှယ်နိုင်သည့်အတော်ဆုံး ဘုရင့်အမှုထမ်းတစ်ဦးဖြစ်ချင်ပြီး လန်လန့်လန့်သည်အချမ်းသာဆုံး အကြွယ်ဝဆုံး နှင့်သူ၏ ဘဝကို ချုပ်ခြယ်မှုများမရှိဘဲ လွတ်လွတ်လပ်လပ်ဖြင့်ဖြတ်သန်းချင်သူ တစ်ယောက်ဖြစ်ချင်နေလေသည်။ ရဲရှောင်မှာမူ အဆုံးအစမရှိသော ခွန်အားများဖြင့်ပြိုင်ဘက်ကင်းသော ပညာရှင်ကြီးတစ်ဦး ဖြစ်လာရန်မျှော်လင့်လျက်ရှိသည်။
သို့သော်လန်လန့်လန့်၏နောက်ဆုံးဆန္ဒ ဖြစ်သော သူတို့သုံးဦးနောက်ဆုံးညစာအတူတူစားကြပြီး အတူတူသေရမည့်ကိစ္စမှာတော့ ဘယ်သောအခါမှ ဖြစ်လာနိုင်လိမ့်မည်မဟုတ်ပေ။
ရဲရှောင်လေ့လာကြည့်မိသလောက်ဇူဝူကျီ နှင့်လန်လန့်လန့်တို့သည်စည်းလွတ်ဝါးလွတ်ဆိုးသွမ်းနေသည့်လူများတော့ မဟုတ်ချေ။ လူကောင်းများအပေါ်တွင်အနိုင်ကျင့်ဗိုလ်ကျသည့်အောက်တန်းကျသည့်လုပ်ရပ်မျိုး ဘယ်သောအခါမှ မလုပ်ကြပေ။ သူ့အတွက်အကြီးမားဆုံးသော ပြသာနာသည်သူတို့ပိုင်ဆိုင်ထားသည့်လက်ရှိဘဝပေးအခြေအနေအား မကျေနပ်စိတ်ပျက်နေကြခြင်းပင်ဖြစ်နိုင်လေသည်။
သို့သော်ထိုအချက်တစ်ချက်တည်းဖြင့်လူတွေမှ သူတို့နှစ်ဦးအား သုံးစားမရသည့်လူရှုပ်လူပွေများဟု သတ်မှတ်နေခြင်းသည်အမှန်တကယ်တွင်တော့ မဖြစ်သင့်ချေ။
“စိတ်ပျက်ဖို့ကောင်းလိုက်တာ”
ဇူဝူကျီ မထီမဲ့မြင်ပုံစံဖြင့်ပြုံးလိုက်ရင်း –
“တခြားလူတွေကြ မိဘတွေ စကားနားထောင်ပြီး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတယ်။ သိုင်းပညာသင်ပေးတဲ့ကျောင်းတက်တယ်ပြီးရင်သူတို့အတွက်အကောင်းဆုံး ဆရာတွေကိုရှာပြီး သိုင်းပညာရပ်တွေကိုလေ့ကျင့်ကြတယ်။ သူတို့ကိုယ်တိုင်နဲ့ သူတို့မိသားစုတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် အမြဲလုပ်တယ်။ နောက်ပြီးရင်ဘုရင့်အမှုထမ်းဖြစ်အောင်အစွမ်းကုန်ကြိုးစားကြပြီး မိသားစုရဲ့ အမွေကို ဆက်ခံနိုင်တဲ့သူတွေဖြစ်အောင်ကြိုးစားကြတယ်”
“ငါတို့လို လူတွေကိုကြ ရည်မှန်းချက်မရှိပေါ့ပေါ့တန်တန်နေတဲ့ အရှုံးသမားတွေလို သတ်မှတ်ကြတယ်။ ငါတို့က ဘာမှသုံးစားမရတဲ့ မိသားစုကိုမျက်နှာငယ်စေတဲ့ကောင်တွေပဲ”
ဇူဝူကျီ နာကျင်စွာဖြင့်ပြုံးလိုက်ရင်း –
“အရမ်းချမ်းသာတဲ့ မိသားစုတွေထဲကကောင်တွေ ပြည့်တန်ဆာအိမ်ကို ခဏခဏသွားကြတယ်။ နောက်ပြီးရင်အပြစ်မရှိတဲ့လူတွေကို အနိုင်ကျင့်ကြတယ်ဖိနှိပ်ကြတယ်။ အဲဒီလိုလူမျိုးတွေကိုမှ လူရှုပ်လူပွေ လူရမ်းကားတွေလို့ခေါ်ကြတာ သတ်မှတ်ကြတာ။ ဒါပေမယ့်ငါတို့က အပြစ်မဲ့တဲ့လူတွေကို တစ်ခါမှ အနိုင်မကျင့်ဖူးဘူးလေ . . .”
“ရည်ရွယ်ချက်ရည်မှန်းချက်မရှိတာနဲ့ပဲ သုံးစားမရတဲ့ လူရမ်းကားတွေလို့ သတ်မှတ်ခံရတယ်။ တကယ်တော့ ရည်မှန်းချက်ဆိုတာ အရာအားလုံးပါပဲလား”
လန်လန့်လန့်ဝမ်းနည်းကြေကွဲစွာဖြင့်ပြောလိုက်သည်။
“အာ”
ရဲရှောင်မျက်မှောင်ကြုပ်လိုက်ရင်း –
“ငါ အမုန်းဆုံးအရာကလည်း လူကောင်းတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ကောင်တွေကိုပဲ။ အဲဒီကောင်တွေကို သတ်ပြီး သူတို့မိန်းမတွေကို သွားကိုယူပစ်ဦးမယ်”
“ဟားဟားဟား . . . သူတို့ကိုသတ်ပြီး သူတို့မိန်းမတွေကို မင်းဘယ်လိုယူမှာလဲ။ လူအင်အားအများကြီးနဲ့ ဝင်တိုက်မှပဲ ရမယ်”
လန်လန့်လန့်နှင့်ဇူဝူကျီတို့သည်ရဲရှောင်၏ အပြောကြောင့်ပြိုင်တူရယ်လိုက်ကြသည်။
စားပြီးသောက်ပြီးနောက်ဇူဝူကျီနှင့်လန်လန့်လန့်တို့သည်အိမ်ပြန်ရန်ပြင်လိုက်ကြသည်။ လန်လန့်လန့်သည်အတော်ပင်ရေချိန်ကိုက်နေလေပြီ။ သူသည်ဇူဝူကျီအား စကားပင်ပီပီသသမပြောနိုင်တော့ဘဲ ပလုံးပထွေးဖြင့်-
“ဟိတ်ကောင်ကြီး . . . ဒါဆို ဒီနှစ်တွေမှာ မင်းရင်ထဲက ခံစားချက်တွေကို မြိုသိပ်ထားပြီး လူတွေကို ဟန်ဆောင်ဆက်ဆံနေရတာပေါ့”
ဇူဝူကျီ နာကျင်စွာဖြင့်ပြုံးလိုက်ရင်း –
“ငါဟန်ဆောင်နေရတာ ကြာပါပြီကွာ။ ဟန်ဆောင်ရလွန်းလို့ အကျင့်လိုဖြစ်နေပါပြီ။ အဲ ဒါက မှန်သလား မှားသလားတောင်မသိတော့ပါဘူးကွာ”
လန်လန့်လန့်နှင့်ဇူဝူကျီတို့သည်ပြိုင်တူရယ်မောလိုက်ကြပြီး သူတို့၏ အိမ်များသို့ အသီးသီးပြန်သွားကြလေသည်။
သူတို့နှစ်ဦး အိမ်ပြန်သွားပြီးနောက်ရဲရှောင်သည်တံခါးပေါက်နားတွင်ရပ်ရင်း အတွေးနယ်ချဲ့လိုက်မိ၏။
စားရင်းသောက်ရင်းဖြင့်သူတို့သုံးဦးပြောဆိုခဲ့ကြသည့်စကားများအား ပြန်စဉ်းစားလိုက်သည်။ ဇူဝူကျီ နှင့်လန်လန့်လန့်တို့ နှစ်ဦးကဲ့သို့ အတွင်းခံစားချက်အား မြိုသိပ်ဟန်ဆောင်တတ်သူ ဘယ်နှစ်ယောက်များ ရှိနိုင်ပါသနည်း။ သို့မဟုတ်လူအားလုံးသည်သူတို့၏ ခံစားချက်အစစ်အမှန်များအတိုင်း ဆက်ရော ဆက်ဆံတတ်ကြပါသလား။
လန်နှင့်ဇူဝူကျီတို့မှာမူ ဟန်ဆောင်မြိုသိပ်နိုင်စွမ်း ရှိသည့် သူများဖြစ်ကြပေသည်။ မည်သူကများ အရှိကိုအရှိတိုင်း ထုတ်ဖော်ပြတတ်ပါသနည်း။
ယခင်သေဆုံးသွားသော ရဲရှောင်ပင်ဖြစ်နိုင်ပေသည်။ ခန္ဓာကိုယ်အား ပိုင်ဆိုင်သည့်ယခင်ရဲရှောင်သည်လူများအပေါ်တွင်ဟန်ဆောင်မဆက်ဆံတတ်ဘဲ အရှိကိုအရှိတိုင်း ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်သူတစ်ဦးပင်ဖြစ်နိုင်သည်။ ထိုအချက်ကြောင့်ပင်သူ၏ အသက်အားပေးဆပ်ခဲ့ရပါသလား။
ယခုကဲ့သို့ လူပြန်ဝင်စားခြင်းသည်သူ့ဘဝအတွက်အကြီးကျယ်ဆုံးသောပြောင်းလဲမှုကြီးတစ်ခုဖြစ်သော်လည်း ကမ္ဘာကြီးအား ကိုယ်ပိုင်မျက်လုံးဖြင့်မဟုတ်ဘဲ အဌားမျက်စိဖြင့်ကြည့်နေရသည့်အတိုင်းပင် ဖြစ်နေလေသည်။ သို့သော်ဘယ်လိုပုံစံမျိုးဖြင့်ကြည့်ကြည့်လူတွေနှင့်ပက်သက်သည့်အကြောင်းအရာများသည်ဘယ်နေရာ ဘယ်ရှုထောင့်မှ ကြည့်ကြည့်အတူတူပင်ဖြစ်ပေသည်။
ရဲရှောင်ပြုံးလိုက်ရင်း –
“ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ငါနေနေ ဒီအချက်ကတော့ပြောင်းလဲမှာမဟုတ်ဘူး။ ငါဘယ်နေရာမှာပဲ မတ်တပ်ရပ်နေရပ်နေ ဘယ်လိုနေရာမှာ ငိုငို၊ ရယ်ရယ်ဘာမှမပြောင်းလဲဘူး။ ငါ့အရင်ဘဝမှာပဲဖြစ်ဖြစ်အခုဘဝမှာပဲဖြစ်ဖြစ်နေရာသာပြောင်းသွားမယ်လူတွေရဲ့ စိတ်ဓာတ်ကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ်အကုန်အတူတူပဲ”
ရဲရှောင်သူ၏ အတွေးများအား ရုတ်သိမ်းလိုက်သည်။ ထို့နောက်စိတ်ကို ပြန်လည်တည်ငြိမ်အောင်စုစည်းလိုက်ပြီး အလုံးလေးအတွင်းရှိ ဟင်းလင်းပြင်ကြီးထဲသို့ ဝင်လိုက်၏။
အတွင်းသို့ရောက်သွားသောအခါ သူ၏မျက်နှာသည်လျင်လျင်မြန်မြန်ဖြင့်ပင်တည်ကြည်လေးနက်သွားလေသည်။
ဟင်းလင်းပြင်ကြီးထဲရှိ ဝိညာဉ်တော်ချီဓာတ်များသည်ယခင်ကထက်ပို၍ သိပ်သည်းပြင်းထန်နေပေသည်။
အဖြူရောင်ချီဓာတ်များနှင့်ခရမ်းရောင်ချီဓာတ်များသည်ထွေးယှက်၍ ဖြာထွက်နေကြသည်။ ထို့ပြင်မူလချီဓာတ်နှင့်မတူ သိသိသာသာပင်ကွဲထွက်နေသည့်သွေးရောင်ကဲ့သို့ ချီဓာတ်များကိုလည်း ရဲရှောင်တွေ့လိုက်ရ၏။
အဆိုပါသွေးရောင်ချီဓာတ်များသည်သွေးဂျင်ဆင်း၏ အနှစ်သာရ စွမ်းအင်များမှ ထွက်ပေါ်လာသည့်ချီဓာတ်များပင်ဖြစ်လေသည်။
ထို့ပြင်ထိုချီဓာတ်များမှ သစ်ပင်ပန်းမန်များ၏ ရနံ့ကဲ့သို့ အနံ့များသည်လည်းထွက်ပေါ်လျက်ရှိသည်။ ၎င်း၏ ရနံ့သည်သဘာဝတရားကြီး၏ အသန့်ရှင်းဆုံး အမွှေးပျံ့ဆုံးရနံ့တစ်ခုဟုပင်တင်စား၍ ရနိုင်ပေသည်။
ရဲရှောင်အနေဖြင့်သူ ယူလာသည့်ဂျင်ဆင်းသည်အလုံးလေးမှ ပထမဆုံး စုပ်ယူသည့်အပင်ဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်သည်။ ထိုဂျင်ဆင်းထဲတွင်ချီဓာတ်၏ အသက်ဓာတ်များ ပါဝင်နေပေသည်။
ထို့နောက်ရဲရှောင်ခရမ်းရောင်ဥမင်ထဲသို့ လမ်းလျှောက်သွားလိုက်သောအခါ သူမျှော်လင့်ထားသည့်အတိုင်း သိပ်သည်းထူထပ်နေသော ဝိညာဉ်တော်ချီဓာတ်များအားတွေ့လိုက်ရလေသည်။ သူ အသက်ပြင်းပြင်းရှူလိုက်သောအခါ သူ၏ စိတ်များသည်ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ရဲရှောင်အချိန်အတော်ကြာ လှည့်ပတ်ကြည့်ရှုပြီးနောက်ကျင့်စဉ်များ ပြန်ကျင့်ရန်အတွက်ဟင်းလင်းပြင်ကြီးထဲမှ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။ သို့သော်ထွက်ခါလုနီးနီးတွင်တစ်စုံတစ်ခုသည်မှားယွင်းနေကြောင်း သူရုတ်တရက်ခံစားလိုက်ရ၏။ ထို့ကြောင့်ချက်ချင်းပင်ရဲရှောင်လှည့်ပြန်လိုက်ရင်း အခန်းအား ဂရုတစိုက်ဖြင့်ကြည့်လိုက်သောအခါ သူတွေ့လိုက်ရသည့်အရာမှာ –
“ဥ . . . ပို၍ အရွယ်အစား ကြီးနေသည့်ဥ” ပင်ဖြစ်လေသည်။
အဆိုပါ ဥ သည်ယခင်က ဘဲဥ အရွယ်အစားခန့်ရှိရာမှ ယခုအခါတွင် ငန်းဥ အရွယ်အစားလောက်ပင်ကြီးထွားလာခဲ့ချေပြီ။
“ဟ . . . ဒီဥက တကယ်ကို ကြီးလာတာပဲ”
ရဲရှောင်အံ့ဩမှင်သက်သွားမိရင်း –
“ဒါတကယ့်ကို ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ကောင်ရဲ့ ဥ ပဲ။ အခုလို ကြီးလာတဲ့ ဥမျိုး ငါဖြင့်တစ်ခါမှ မမြင်ဖူးဘူး . . .”
ယခုကဲ့သို့ မြင်ကွင်းမျိုးအား သူ့ဘဝတွင်ပထမဦးဆုံးအကြိမ်မြင်ဖူးခြင်းပင်ဖြစ်ပြီး ယခင်ဘဝတွင်လည်း တစ်ကြိမ်တစ်ခါမှပင်မတွေ့ဖူးခဲ့ချေ။
ရဲရှောင်အနေဖြင့်ထိုဥသည်ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ကောင်၏ ဥ ဖြစ်သည်ဟု တထစ်ချပင်မှတ်ယူနေလေသည်။
အဘယ့်ကြောင့်ဆိုသော်အဆိုပါဥ သည်အံ့ဩဖွယ်ကောင်းပြီး ထူးခြားမှုများဖြင့်ပြည့်နှက်နေသောကြောင့်ပင်ဖြစ်၏။
အလုံးလေးသည်အလွန်တရာမှပင်ထူးခြား၍ အစွမ်းထက်လေသည်။ ထိုအလုံးအတွင်းရှိ အဆုံးအစမရှိသော ချီဓာတ်များ ပါဝင်နေသည့်ဥ သည်လည်း သာမန်တော့ မဟုတ်ချေ။
“ဒါ အရမ်းကို ထူးခြား အဆင့်မြင့်တဲ့ ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုပဲ”
ရဲရှောင်တွေးလိုက်လေသည်။
ရဲရှောင်သည်ဥ အား ထိတွေ့ကိုင်တွယ်နိုင်ရန်ကြိုးစားလိုက်သည်။ ဥ သည်မည်သည့်အချိန်တွင်အကောင်ပေါက်လာနိုင်ပြီး မည်ကဲ့သို့သော သတ္တဝါမျိုးမွေးဖွားလာနိုင်ပါမည်နည်း။ ရဲရှောင်သည်ဥမှပေါက်လာသည့်ထိုစွမ်းအားကြီးသည့်သတ္တဝါကြီးနှင့်အတူ သူ လက်စားပြန်ချေလိုသည့်ချင်းရန်နယ်ပယ်တစ်ခုလုံးအား စိစိညက်ညက်ကျေစေပြီး အုပ်စိုးခြယ်လှယ်သွားရန်စိတ်ကူးယဉ်လျက်ပင်ရှိသည်။
သူသည်ဥ အား ထိတွေ့လိုက်သောအခါအေးမြသည့်ခံစားမှုအား ခံစားလိုက်ရသည်။ သို့သော်ဥ ထဲတွင်သက်ရှိသတ္တဝါတစ်ကောင်ကောင်၏ လှုပ်ရှားမှု အငွေ့အသက်ကို သူမခံစားမိပေ။ သူရေရွတ်လိုက်ရင်း –
“မင်းက တကယ့်ကို စွမ်းအားကြီးတာပဲ။ မင်းမှာ ဘယ်လိုအစွမ်းတွေရှိလဲ”
ရဲရှောင်စိတ်လက်ပေါ့ပါးသွားပြီးပျော်ရွှင်စွာဖြင့်ပင်ဟင်းလင်းပြင်ကြီးထဲမှ ထွက်ခွာလိုက်သည်။ ထို့နောက်သူ၏ စွမ်းအားများ တိုးတက်လာစေရန်အတွက်ကျင့်စဉ်ကျင့်ရန်စတင်လိုက်၏။ ဟင်းလင်းပြင်ကြီးထဲမှ ချီဓာတ်များသည်စမ်းချောင်းလေးတစ်ခု စီးဆင်းသွားသကဲ့သို့ပင်သူ၏ အသွေးထဲအသားထဲသို့ လျင်မြန်စွာဖြင့်ပင်စီးဆင်းသွားလေသည်။
ထို့နောက်ဟင်းလင်းပြင်ကြီးထဲမှ ချီဓာတ်များနှင့်ကမ္ဘာအနှံ့မှ ဖြန့်ကျက်လာသည့်ချီဓာတ်များသည်သူ၏ ကျင့်စဉ်ကျင့်ကြံမှု အဆင့်အား အထောက်အကူပြုစေရန်အတွက်ပေါင်းစပ်သွားကြပြီး သူ့အနားတွင်စုစည်းကုန်ကြလေသည်။ ဟင်းလင်းပြင်ကြီးသည်အသန့်စင်သုံးသော ချီဓာတ်များအား စုပ်ယူလိုက်ပြီး သူ၏ အသွေးထဲ အသားထဲသို့ စီးဆင်းသွားလေသည်။
နောက်ထပ်တစ်ညသည်ကုန်လွန်သွားခဲ့လေပြီ။နေမင်းကြီးသည်လည်း ထွက်ပေါ်လာခဲ့ပြီးနွေးထွေးသောနေရောင်ခြည်နှင့်အတူဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်ခုအား ရဲရှောင် ခံစားလိုက်ရသည်။
ယခုတစ်ကြိမ်သည်ရှေးဦးခရမ်းရောင်ချီဓာတ်ကျင့်စဉ်အား ပြည့်ပြည့်ဝဝပင်ကျင့်ကြံလိုက်ခြင်းဖြစ်ပြီး ခရမ်းရောင်ချီဓာတ်များသည်လျင်မြန်စွာဖြင့်ပင်ပျံ့နှံ့စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။
ခဏအကြာတွင်သူ့ခန္ဓာကိုယ်ရှိ အကြောများသည်ချက်ချင်းဆိုသလိုပင်ပွင့်သွားကြပြီး သူ၏သွေးများသည်ပွက်ပွက်ဆူနေသည့်ရေနွေးပမာ ဖြစ်ကုန်ကြသည်။
ရဲရှောင်၏ ဆံပင်များသည်လည်းမိုးထိအောင်ပင်ထောင်သွားလေသည်။
သူ၏ စွမ်းအင်သိုလှောင်ရာနေရာမှ ပုန်းရှိုးကွယ်ဝှက်နေသော စွမ်းအင်လှိုင်းတစ်ခုသည်ရုတ်တရက်ပွင့်ထွက်သွားပြီး ဦးခေါင်းရှိ အကြောများထံသို့ အပြေးအလွှားဖြင့်ရောက်လာကြသည်။
“ဝုန်းး”
ချိန်ကိုက်ဗုံးတစ်လုံး ထပေါက်သွားသကဲ့သို့ ရဲရှောင်၏ ဦးခေါင်းတစ်ခုလုံးတွင်ဝိညာဉ်တော်ချီဓာတ်စွမ်းအင်လှိုင်းများသည်အလျင်အမြန်ဖြင့်ပင်ပျံ့နှံ့စီးဆင်းသွားကြလေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်းပေါ့ပါးသွက်လက်သွားပြီး စကားလုံးများဖြင့်ပင်ဖော်ပြ၍မရနိုင်သည့်အလွန်ကောင်းမွန်သည့်စိတ်ခံစားချက်တစ်ခုအား ခံစားလိုက်ရ၏။
ထိုခံစားမှုသည်ရေနွေးကန်ထဲတွင်ရေနွေးနွေးလေးဖြင့်ရေချိုးနေရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးသွားသည့်ခံစားချက်အတိုင်းပင်။ ထိုအချိန်အခိုက်အတန့်တွင်ခံစားဖြစ်ပေါ်နေသည့်အခြေအနေများအား သူ၏ အတွေ့အကြုံများအရ သိလိုက်သည်။
ရဲရှောင်၏ စိတ်အစဉ်တစ်ခုလုံးသည်ဘာဆိုဘာမှမရှိ ဗလာနတ္ထိဖြစ်သွားပြီး စကားတစ်လုံးမျှပင်ပြောနိုင်စွမ်း မရှိသေးပေ။
သိပ်သည်းထူထပ်နေသော ဝိညာဉ်တော်ချီဓာတ်များသည်သူ၏ ခန္ဓာကိုယ်ထဲတွင်လျင်မြန်စွာဖြင့်ပျံ့နှံ့စီးသွားကြပြီးနောက်သူ၏ စိတ်နယ်ပယ်ထဲတွင်ထူးဆန်းသော အရာများအားတွေ့မြင်လိုက်ရ၏။ ကြယ်တာရာများသည်ကခုန်နေကြပြီး အလွန်တရာမှပင်လှပသော ပန်းသုံးပွင့်သည်ဖူးပွင့်နေကြသည်။ စမ်းချောင်းငါးခုသည်လည်း တသွင်သွင်ဖြင့်စီးဆင်းနေကြလေသည်။
ရဲရှောင်အံ့ဩမှင်သက်သွားမိလေသည်။
ထိုအခြေအနေသည်ရဲရှောင်အနေဖြင်မြေကြီးအဆင့်၏ ပထမအဆင့်အားကျော်ဖြတ်အောင်မြင်သွားသည့်လက္ခဏာပင်။
မြေကြီးအဆင့်၏ ဒုတိယအဆင့်သို့ သူရောက်ရှိ သွားခြင်းပါသလော။
“ဒါမဖြစ်နိုင်တဲ့ကိစ္စပဲ။ ငါရှေးဦးခရမ်းရောင်ကျင့်စဉ်ကို ရက်နည်းနည်းလောက်ကျင့်ရုံနဲ့ ပထမအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ပြီ။နောက်ပြီးမြေကြီးအဆင့်ကျင့်စဉ်မှာလည်းကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပြီ။ ငါဘယ်လိုတောင်မြန်မြန်ဆန်ဆန်နဲ့ ကျင့်နိုင်သွားတာပါလိမ့်။ ဒါအရမ်းကို ထူးဆန်းတဲ့ကိစ္စပဲ။ နှစ်ခြောက်ရာ သက်တမ်းရှိတဲ့သွေးဂျင်ဆင်းရဲ့ အစွမ်းအာနိသင်တွေကြောင့်များလား။ ဒါလည်းမဖြစ်နိုင်ပါဘူး။သွေးဂျင်ဆင်းက ငါ့မှာရှိတာဖြင့်တစ်ခုတည်းရှိတာ။ ဆယ်ခုသုံးရင်တောင်ငါ့ရဲ့ကျင့်စဉ်အဆင့်ကို မတိုးနိုင်စေတဲ့ဟာ။ အခုလို တစ်ခုတည်းကြောင့်နဲ့တော့ ပိုလို့တောင်မဖြစ်နိုင်သေးတယ်”
ရဲရှောင်တစ်ကိုယ်တည်းတွေးနေမိခြင်းဖြစ်၏။
သူ၏ ယခင်ဘဝတွင်ကျင့်စဉ်များ ကျင့်ကြံခဲ့စဉ်က သူ၏ အသွေးအသားများနှင့်တစ်ကိုယ်လုံးသည်အရည်ပျော်နေသကဲ့သို့ပင်အလွန်အမင်း နာကျင်မှုဝေဒနာအား ခံစားခဲ့ရသည်။ သို့သော်ယခုအခါတွင်မူ ရဲရှောင်အနေဖြင့်အမှန်တကယ်ပင်သက်တောင့်သက်သာဖြင့်နေလို့ကောင်းနေပေသည်။
ရဲရှောင်အတွက်အလွန်ရိုးရှင်း လွယ်ကူနေပြီး အလွန်တရာမှပင်သက်တောင့်သက်သာရှိနေလေသည်။
“မြေကြီးအဆင့်ကျင့်စဉ်နဲ့ ဒီရှေးဦးချီဓာတ်ကျင့်စဉ်နှိုင်းယှဉ်ရင်ကွာခြားမှုက ဘယ်လိုပါလိမ့် . . .”
ရဲရှောင်သည်ယခု မော်တယ်ကမ္ဘာတွင်အဆင့်မြင့်ပညာရှင်တစ်ဦး ဖြစ်နေပြီဟု သတ်မှတ်နိုင်သော်လည်း ရှေးဦးချီဓာတ်ကျင့်စဉ်အား ကျင့်ကြံရာတွင်မူ ပထမအဆင့်သာရောက်ရှိသေးပေသည်။
ရဲရှောင်တစ်ကိုယ်တည်း အတွေးနယ်ချဲ့ရင်း စဉ်းစားနေမိလေသည်။
သူတွေးလိုက်သည့် အတွေးများသည် အလွန်အမင်းပင်စိတ်လှုပ်ရှားစရာကောင်းနေသည့်အတွက် ကြက်သီးမွှေးညှင်းများပင် ထသွားလေသည်။
“တကယ်လို့ ငါသာရှေးဦးခရမ်းရောင်ကျင့်စဉ်ကို ထိပ်ဆုံးအဆင့်ထိရောက်နိုင်ခဲ့ရင်ငါထာဝအသက်ရှင်နိုင်မယ်နောက်ပြီး ဒဏ္ဍာရီလာ သူရဲကောင်းတစ်ယောက်ဖြစ်လာနိုင်မယ် . . .”