Chapter – 16
“သခင်လေးသုံးပါး၏ အိမ်မက်များ”
ရဲရှောင်၏ အိမ်တွင်အောင်ပွဲခံသည့်အနေဖြင့်သူငယ်ချင်းသုံးယောက်သားသောက်ပွဲစားပွဲ ကျင်းပနေကြလေသည်။
စားပေါ်ပွဲတွင်စားကောင်းသောက်ဖွယ်ရာများ၊ အကောင်းစား အရက်များဖြင့်ပြည့်နှက်နေလေသည်။ စစ်သူကြီး၏ အိမ်တွင်စားပွဲသောက်ပွဲ ကျင်းပသည့် အခါတိုင်း ထိုကဲ့သို့ ပြင်ဆင်နေကြပင်ဖြစ်၏။ ရဲရှောင်သည်အတော်လေးပင်အာသွက်လျှာသွက်ဖြစ်နေပြီး စကားများ အဆက်မပြတ်ပြောနေလေသည်။ ရဲရှောင်ရေချိန်ကိုက်နေလေပြီ။အောင်ပွဲခံ၍ ရလာသည့်ဂျင်ဆင်းမှာမူသေတ္တာလေးထဲတွင်ရှိနေမြဲ ရှိနေဆဲပင်။ သို့သော်သေတ္တာထဲတွင်သော့ခတ်သိမ်းဆည်းထားတောင်မှပင်သွေးဂျင်ဆင်းသည်နဂိုမူလအတိုင်း မဟုတ်တော့ဘဲ ရှုံ့တွသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်ဂျင်ဆင်း၏ အနှစ်သာရ စွမ်းအင်များအား အလုံးလေးအတွင်းရှိ ဟင်းလင်းပြင်ကြီးမှ စုပ်ယူသွားသောကြောင့်ပင်ဖြစ်၏။ စုပ်ယူခံလိုက်ရသည့်အနှစ်သာရစွမ်းအင်များသည်ဟင်းလင်းပြင်ကြီးအတွင်း၌ လည်ပတ်စီးဆင်းသွားလေသည်။
အိမ်တော်ထိန်းသည်အခန်းတွင်းသို့ခြေသံမကြားရအောင်ပင်တိတ်ဆိတ်စွာဖြင့်ဝင်လာခဲ့ပြီး ရဲရှောင်၏ဘေးသို့ရောက်လာခဲ့သည်။
“ဘာကိစ္စရှိလို့လဲ”
ရဲရှောင်အိမ်တော်ထိန်းအားမေးလိုက်၏။
“သခင်လေးကိုပြောစရာတစ်ခုရှိလို့ပါ။ သခင်လေး . . . ဝမ်မိသားစုရဲ့ အိမ်တော်ကနေ ထွက်လာတုန်းက ဝမ်ဒါနမ်လည်း သူ့အိမ်ကနေ ချက်ချင်းကို ထွက်သွားပြီး အိမ်ရှေ့မင်းသားရဲ့ နန်းတော်ကို သွားခဲ့ပါတယ်”
“ဟမ်”
ရဲရှောင်မျက်မှောင်ကြုပ်လိုက်ပြီး အိမ်တော်ထိန်းအား ကြည့်လိုက်သည်။
ဝမ်ဒါနမ်အနေဖြင့်လုပ်စရာကိစ္စတစ်ခုခုရှိ၍သာ အိမ်ရှေ့မင်းသား၏ နန်းတော်သို့ သွားရောက်ခဲ့သည့်အပေါ် ရဲရှောင်မအံ့ဩပေ။ သူအံ့ဩသည့်ကိစ္စမှာ ထိုအကြောင်းအရာများအား သိနေသည့်အိမ်တော်ထိန်းကိုပင်။
အိမ်တော်ထိန်းသည်သူ့ဘာသာစဉ်းစားတွေးတောမိ၍ လာရောက်ပြောဆိုခြင်းပေလော သို့မဟုတ်ရဲရှောင်အား ထိုကိစ္စနှင့်ပက်သက်၍ ကြိုတင်ပြင်ဆင်စေခြင်သည့်သဘောဖြင့်လာရောက်သတိပေးပြောဆိုခြင်းပေလော။ အိမ်တော်ထိန်းသာ အသိဆုံးဖြစ်ပေလိမ့်မည်။
“အိမ်တော်ထိန်းက သာမန်တော့မဟုတ်ဘူး”
ရဲရှောင်သူ့ရှေ့တွင်ရှိသည့်အိမ်တော်ထိန်းအား စိုက်၍ ကြည့်လိုက်သည်။
အိမ်တော်ထိန်းသည်ရဲရှောင် သူ့အား စူးစိုက်ကြည့်နေသည်ကို မတုန်လှုပ်ဘဲ တည်ငြိမ်စွာဖြင့်-
“ကျွန်တော်မျိုးကို ခွင့်ပြုပါဦး သခင်လေး”
အိမ်တော်ထိန်းသည်ရဲရှောင်အား နှိမ့်ချစွာဖြင့်ပြောဆိုလိုက်ပြီး ပြန်လည်ထွက်ခွာသွားလေသည်။
ရဲရှောင်အိမ်တော်ထိန်းအား အကဲခတ်နေမိသည်။
စစ်သူကြီး ရဲနမ်ရှန်သည်စစ်မြေပြင်သို့ အမြဲသွားနေရသည့်စစ်သူကြီးတစ်ဦး ဖြစ်၏၊ သူမရှိသည့် အချိန်တွင်အိမ်တစ်အိမ်လုံးအားကြည့်ရှုစောင့်ရှောက်ရန်အတွက်သူယုံကြည်ရသည့်လူမျိုး၏ လက်ထဲတွင်သာ ပုံအပ်ခဲ့ပေလိမ့်မည်။တော်ရုံတန်ရုံ သာမန်လူတစ်ယောက်ကိုတော့ တာဝန်ပေးအပ်လိမ့်မည်မဟုတ်ချေ။
စားရင်းသောက်ရင်းဖြင့်အချိန်အတော်ကြာသွားသည့်နောက်ရဲရှောင်မှ –
“ဒါနဲ့စကားမစပ်မင်းတို့သိတဲ့အတိုင်းပဲ ငါတို့အခုတလောနေ့တိုင်းနီးပါးကိုအလေလိုက်ပျော်ပါးနေကြရင်းနဲ့ပဲ အချိန်ကုန်နေကြတာ။ မင်းတို့နှစ်ယောက်အနာဂတ်မှာ ဘာတွေကို ဘယ်လိုဆက်လုပ်ဖို့ အစီစဉ်ရှိတယ်ဆိုတာ ငါ့ကိုပြောပြလို့ရမလား”
“အနာဂတ်. . . အစီအစဉ်. . . ဟုတ်လား”
ဇူဝူကျီ ပြုံးလိုက်ရင်း –
“ငါ့ဘဝမှာ အနာဂတ်ဆိုတာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ ရည်မှန်းချက်တွေ အစီအစဉ်တွေဆိုတာလည်း ငါ့မှာ ဘယ်လိုရှိနိုင်မှာလဲ။ ငါ့မှာကောင်းကင်ဘုံကြီးကပေးထားတဲ့စောက်ရေးမပါတဲ့ လက်ဆောင်ရှိနေတာကိုး။ယောက်ျားတစ်ယောက်အတွက်ဒီလိုရောဂါမျိုးကို ဘယ်တော့မှ ထုတ်ဖော်ပြောပြချင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ပြောလိုက်လို့ရှိရင်အဲဒီကောင်ကို ဝိုင်းလှောင်ဟားတိုက်မယ့်လူတွေချည်းပဲလေ။ မသိတဲ့လူတစ်ယောက်ယောက်ကတော့ ငါ့ကို ကမ္ဘာကြီးတစ်ခုလုံးကိုတောင်ထင်သလိုလုပ်ခွင့်ရှိတဲ့ကောင်အားကျလိုက်တာလို့ပြောလိမ့်မယ်။ ဒါပေမယ့်တစ်မြို့လုံးကတော့ အမတ်ကြီးဇူရဲ့ ဒုတိယမြောက်သားကမွေးရာပါ မသန်စွမ်းဖြစ်နေတဲ့ကောင်ပါကွာလို့ ကဲ့ရဲ့ကြလိမ့်မယ်။ အပြင်ထွက်တိုင်းခေါင်းမော့ရင်ကော့ပုံစံမျိုးနဲ့ ထွက်ဖို့ အင်အားကို မရှိဘူး။ ငါလို အရှုံးသမားတစ်ယောက်အတွက်အနာဂတ်တွေ အစီအစဉ်တွေဆိုတာရှိလာဖို့ ဘယ်လိုမျှော်လင့်နိုင်မှာလဲ။မျှော်လင့်ချက်တွေ ထားနေရတာ ငါ့စိတ်တွေကို ပိုပင်ပန်းစေတယ်”
ဇူဝူကျီသည်သူ့ခံစားချက်များအားပြောရင်း အရက်သုံးခွက်အား ဆင့်ကာဆင့်ကာဖြင့်ပင်မော့၍သောက်ချလိုက်၏။
ဝမ်းနည်းကြေကွဲနေသည့်ပုံရိပ်များသည်သူ၏ မျက်နှာပေါ်တွင်အတိုင်းသား ထင်ဟပ်လျက်ရှိပြီး စိတ်ထိခိုက်ဟန်ဖြင့်-
“မင်းတို့ကောင်တွေ သိကြလား။ ပြည့်တန်ဆာအိမ်ကကောင်မလေးတွေကတောင်ငါ့လိုကောင်မျိုးကို ဘယ်သူမှ လိုလိုလားလားနဲ့ မပြုစုချင်ကြဘူး။ ဘာလို့လဲဆိုတော့ ငါ့အရှေ့မှာ အဝတ်အစားတွေ အကုန်ချွတ်ပြပြီး ကိုယ်လုံးတီးနဲ့ မြူဆွယ်ပြနေရင်တောင်ငါလိုကောင်မျိုးက ဘာမှမလုပ်နိုင်ဘူးဆိုတာ သူတို့သိနေကြလို့လေ။ ရဲရှောင်. . . ငါ့လိုကောင်မျိုးအတွက်အနာဂတ်တွေ ရည်မှန်းချက်ဆိုတာရှိလာနိုင်မယ်လို့ မင်းရောထင်လား”
ရဲရှောင်ဇူဝူကျီအတွက်စိတ်မကောင်းဖြစ်မိသွား၍ သက်ပြင်းချလိုက်မိသည်။ ယခုကဲ့သို့ ချို့ယွင်းချက်မျိုးသည်မည်သည့်ယောက်ျားတိုင်းအတွက်မဆို စိတ်ထိခိုက်သင့်သည့်ကိစ္စတစ်ခုပင်မဟုတ်ပါလော။
ရဲရှောင်ရုတ်တရက်ဆိုသလိုပင်ချင်းရန်နယ်ပယ်တွင်ရှိသည့်ယောက်ျားအားတိုးဆေးအား သတိရမိလိုက်သည်။ ထိုဆေးသည်အဖိုးထိုက်တန်သောဆေးအမျိုးအစားထဲတွင်မပါဝင်ချေ။ အဆင့်၅အဆင့်ရှိဆေးများလောက်သာ အရည်အသွေးရှိလေသည်။ အဆင့်၅ဆေးများသည်ကျင့်စဉ်ကျင့်ကြံရာတွင် အသုံးမဝင်သကဲ့သို့ လူတို့၏ အသက်ကယ်တင်သည့်နေရာတွင်လည်း အသုံးဝင်မှုမရှိပေ။ သို့သော်အားအင်များ ပြည်လည်ပြည့်ဖြိုးစေသည့်နေရာတွင်တော့ အသုံးဝင်လှပေသည်။ တနည်းအားဖြင့်ထိုဆေးများသည်အားအင်များ ပြန်လည်နုပျိုလန်းဆန်းစေသည့်နေရာတွင်ပြိုင်ဘက်ကင်းသောဆေးများပင်ဖြစ်၏။
ရှောင်ဧကရာဇ်လို လူတစ်ယောက်အတွက်တော့ ထိုကဲ့သို့သောဆေးများအား အရေးစိုက်ရန်ပင်မလိုအပ်ချေ။ သို့သော်ချို့ယွင်းချက်ရှိသည့်သာမန်လူများအတွက်မူ ထိုဆေးများသည်အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်ဖြစ်သည်။
ဇူဝူကျီကဲ့သို့မွေးရာပါ ချို့ယွင်းချက်ဖြစ်နေသည့်လူတစ်ယောက်အတွက်ပြန်လည်ကောင်းမွန်စေရန်အတွက်ဆေးတစ်လုံးတည်းဖြင့်ပင်လုံလောက်ပေသည်။
ထို့ပြင်ဇူဝူကျီ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည်လည်း အားနည်းသည့်အတွက်အကယ်၍ သူ့အနေဖြင့်အဆိုပါယောက်ျားအားတိုးဆေးအား တစ်လုံးလောက်သောက်ရုံမျှဖြင့်သူ၏မွေးရာပါရောဂါအား ကုသနိုင်ရုံသာမက ခန္ဓာကိုယ်ကိုပါ ကြံ့ခိုင်သန်မာ လာစေနိုင်ပေသည်။
ချင်းရန်နယ်ပယ်မှ ထိုအဆင့်၅ အဆင့်ရှိဆေးများအားမော်တယ်ကမ္ဘာတွင်မူ ဒဏ္ဍာရီလာအဆင့်ရှိဆေးများအဖြစ်ပင်သတ်မှတ်၍ရနိုင်ပေသည်။
ရဲရှောင် အတော်ကြာကြာ စဉ်းစားလိုက်ပြီးနောက်သူ၏ မျက်လုံးများသည်တလက်လက်ဖြင့်-
“စိတ်ဓာတ်ကျမနေစမ်းပါနဲ့ကွာ။ မင်းရဲ့ ကုလို့မရတဲ့ရောဂါကိုပျောက်အောင်ကုလို့ရနိုင်တယ်လို့ပဲ ဆိုကြပါစို့ကွာ။ အဲဒီလိုသာဆိုရင်မင်းဘာဆက်လုပ်မှာလဲ”
ဇူဝူကျီ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဝမ်းနည်းကြေကွဲစွာဖြင့်-
“ငါ့ကို မင်းနှစ်သိမ့်ပေးနေတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့်ဒီရောဂါက ငါ့အတွက်တော့မွေးရာပါ ကုလို့မရနိုင်တဲ့ရောဂါကြီးပါကွာ။ အဓိပ္ပါယ်မရှိတဲ့မျှော်လင့်ချက်မျိုးဆိုပေမယ့်တကယ်လို့ ကုလို့သာ ရနိုင်ခဲ့မယ်ဆိုရင်ငါဖြစ်ချင်တဲ့ ငါ့မျှော်လင့်ချက်က . . .”
သူ၏ မျက်လုံးများသည်ရုတ်တရက်လက်ခနဲတောက်ပသွားပြီး –
“ငါက ထင်ပေါ်ကျော်ကြား လူသိများတဲ့ မင်းမှုထမ်းတစ်ယောက်ဖြစ်ချင်တယ်။ ဘုရင့်အနားမှာ အမြဲခစားပြီးတော့ တစ်တိုင်းပြည်လုံးအပေါ်မှာ ငါ့ရဲ့ အာဏာက သက်ရောက်မှုရှိရမယ်။ ဘုရင့်ရဲ့အပါးတော်ဘေးမှာ အမြဲခစားခွင့်ရှိတာ ငါတစ်ယောက်ပဲ ဖြစ်ရမယ်။ ငါ့ရဲ့အကြောင်းကို သမိုင်းမှာတောင်ထင်ကျန်ရစ်စေမယ်နောက်ပြီးနောင်လာမယ့်မျိုးဆက်တွေကလည်း ငါ့အကြောင်းကို တခမ်းတနားနဲ့ ချီးမွှမ်း ဖွဲ့ဆိုကြလိမ့်မယ်။ အသုံးမဝင်၊ အသက်မဝင်တော့တဲ့ ဥပဒေတွေကို ငါအသစ်ပြန်ရေးဆွဲမယ်ပြီးရင်အဂတိလိုက်စားမှုတွေ ခြစားမှုတွေကို ငါအစွမ်းကုန်တိုက်ဖျက်မယ်”
“ငါနေ့တိုင်း ညတိုင်း နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကိုလေ့လာမယ်။ ကုန်ကုန်ပြောမယ်ကွာ ငါမြင်သမျှတွေ့သမျှ အရာမှန်သမျှကိုိ ငါလေ့လာမယ်။ အမှုထမ်းဆောင်နေတဲ့ကာလတွေမှာလည်းအတွေ့အကြုံအသစ်တွေကို ရှာဖွေမယ်အဆက်မပြတ်လေ့လာမယ်။ ပြီးရင်ငါရလာတဲ့အတွေ့အကြုံတွေကို ဘယ်လိုအသုံးချရမလဲ၊ တိုင်းပြည်နဲ့ လူမျိုးအတွက်ဘယ်လိုအကျိုးရှိအောင်သုံးရမလဲဆိုတာကို ငါအမြဲ စဉ်းစားသုံးသပ်နေမယ်။
ဇူဝူကျီ ဝမ်းနည်းကြေကွဲစွာဖြင့်ပြုံးလိုက်ရင်း –
“မင်းတို့နှစ်ကောင်နဲ့ ငါ အလေလိုက်လုပ်ချင်ရာလုပ်နေခဲ့တဲ့အချိန်တွေတုန်းက ငါ့ပုံစံက ရည်ရွယ်ချက်မရှိ လမ်းပျောက်နေတဲ့ ပုံစံ ဖြစ်ချင်ဖြစ်ခဲ့လိမ့်မယ်။ ဒါပေမယ့်မင်းတို့တွေကောင်မလေးတွေနဲ့ နှပ်နေတဲ့အချိန်မှာ ငါကတော့ အိမ်ကိုတိတ်တိတ်လေးပြန်ပြီး ငါ့စိတ်တွေတည်ငြိမ်ဖို့ စာအုပ်တွေချည်းပဲ လှိမ့်ဖတ်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုအခြေအနေမျိုးမှာ စာအုပ်တွေသာ ဖတ်မနေဘူးဆိုရင်ငါ့ကိုယ်ငါ စိတ်ထွက်ပေါက်ပေးစရာလမ်းလည်း မရှိနိုင်ဘူးလေ”
ရဲရှောင်နှင့်လန်လန့်လန့်တို့သည်ပြောစရာစကားမရှိအောင်ပင်ဆွံ့အသွားလေသည်။
မြို့၏ နံပါတ်တစ်လူရှုပ်လူပွေတစ်ဦးအဖြစ်သတ်မှတ်ထားခြင်း ခံရသည့်ဇူဝူကျီလို လူမျိုးသည်ယခုကဲ့သို့ ရည်မှန်းချက်ကြီးကြီးမားမား ရှိနေလိမ့်မည်ဟု သူတို့နှစ်ဦးလုံး မထင်ထားမိခဲ့ပေ။
“ငါသိပါတယ်ကွာ။ ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး။ ငါ့ရဲ့ရောဂါကို ကုသနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်ကလည်းလေထဲမှာ အိမ်ဆောက်နေရသလိုပဲ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူးကွာ။ ဘယ်လောက်ပဲတော်နေတဲ့ အရည်အချင်းတွေရှိရှိ ဘယ်လောက်ပဲယောက်ျားပီသတဲ့ ရုပ်ရည်ပဲရှိရှိ ဘုရင့်ရဲ့မျက်လုံးထဲမှာတော့ ငါက မိန်းမဆိုး တစ်ယောက်သာသာပဲ။နောက်ဆုံးတော့ ငါဆိုတဲ့ကောင်က မိသားစုကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ကောင်လူတကာကလှောင်ပြောင်ဟားတိုက်တာခံရတဲ့လူတစ်ယောက်ထက်ဘာမှ ပိုထူးခြားလာမှာမဟုတ်ဘူး”
ဇူဝူကျီပြောရင်းနောက်ထပ်အရက်သုံးခွက်အား ဆက်တိုက်သောက်လိုက်သည်။ သူသည်လှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး –
“အခုတော့ . . . မင်းတို့ကောင်တွေ သိရဲ့လား။ငါ့ပေါင်ကြားထဲကပစ္စည်းကသေးပေါက်ရုံကလွဲပြီး ဘာမှ အသုံးမဝင်ဘူး”
စိတ်ဓာတ်ကျနေသည့်ဇူဝူကျီအား ကြည့်ရင်း ရဲရှောင်နှင့်လန်လန့်လန့်တို့သည်စိတ်မကောင်းဖြစ်နေမိကြသည်။
“ခုနှစ်ယောက်မြောက်ပြည့်တန်ဆာမလေးလို့ခေါ်ခဲ့မိတာ ငါသိပ်မှားသွားတယ်”
လန်လန့်လန့်ဇူဝူကျီအပေါ် အားနာသွားဟန်ဖြင့်-
“ငါမင်းကိုနောက်ထပ်ခုနှစ်ယောက်မြောက်ပြည့်တန်ဆာမလေးလို့ ဘယ်တော့မှ မခေါ်တော့ပါဘူးကွာ . . .”
“မင်း . . .”
ဇူဝူကျီ လန့်အားဒေါသထွက်သွားသည့်အကြည့်ဖြင့်စိုက်ကြည့်လိုက်ပြီး ချက်ချင်းပင်အကြည့်လွှဲလိုက်ကာ တုန်ယင်အက်ကွဲနေသော အသံဖြင့်-
“တကယ်လို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီရောဂါကြီးကိုသာ ကုလို့ ရနိုင်ခဲ့မယ်ဆိုရင်ငါ မိန်းမငါးယောက်ယူပစ်မယ်။ ပြီးရင်ေကာင်မလေးချောချောလေးတွေ အများကြီးနဲ့လည်းပျော်ပါးပစ်မယ်။နောက်ပြီး အတော်ဆုံးနဲ့ သစ္စာအရှိဆုံး မင်းမှုထမ်းတစ်ယောက်လည်း ဖြစ်လာမယ်။ ဟဲဟဲ . . . ဘယ်လိုလဲ။ ငါ့အိမ်မက်တွေ၊ စိတ်ကူးတွေက ရယ်စရာကောင်းမနေဘူးလား။ ငါ့အိမ်မက်တွေကပဲ လက်တွေ့မကျနေတာ ဖြစ်နိုင်တယ်။ ဘယ်လောက်တောင်ရယ်ဖို့ကောင်းတဲ့ ဆန္ဒတွေလဲကွာ”
ရဲရှောင်သက်ပြင်းချကာ ဇူဝူကျီ၏ ပုခုံးအား လှမ်းဖက်လိုက်ရင်း –
“မင်းတစ်ခါမှ ကျင့်စဉ်တွေကို ကျင့်ဖို့ မစဉ်းစားဖူးဘူးလား။ ကျင့်စဉ်တွေကိုသာ ကျင့်မယ်ဆိုရင်မင်း ထာဝရတောင်အသက်ရှင်နိုင်တယ်။နောက်ပြီး ကမ္ဘာအနှံ့ကိုခြေဆန့်သွားလာနိုင်မယ်။ မင်းရဲ့ ရန်သူတွေအကုန်လုံးကိုလည်းကြောက်နေစရာမလိုတော့ဘူး”
ဇူဝူကျီခေါင်းခါယမ်းလိုက်ရင်း –
“ငါ အဲဒီ ကျင့်စဉ်တွေကို လုံးဝစိတ်မဝင်စားဘူး။ ဘယ်လောက်ပဲ စွမ်းအားရှိတဲ့ ပညာရှင်ပဲ ဖြစ်လာဖြစ်လာ သူလုပ်နိုင်တာက တိုက်မယ်ခိုက်မယ်ရန်သူတွေကို သတ်မယ်ဒါပဲလေ။ ဒါပေမယ့်ဥာဏ်ပညာရှိတဲ့ လူတစ်ယောက်ကြ နည်းဗျုဟာတွေကို ဖန်တီးနိုင်တယ်နောက်ဆုံး မိုင်ထောင်ချီဝေးတဲ့နေရာက တိုက်ပွဲတွေကိုတောင်လှမ်းပြီး ကွပ်ကဲနိုင်တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေကို စကားတစ်ခွန်း၊ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ အမိန့်ပေးလို့ရတယ်ပြောင်းလဲလို့ရတယ်”
” အဲဒီလောက်ဆိုရင်ပဲ ငါ့ဘဝအတွက်က လုံလောက်သွားပြီ”
ဇူဝူကျီ တည်ငြိမ်သော မျက်နှာမျိုးဖြင့်ပြောလိုက်၏။
ရဲရှောင်တုန်လှုပ်သွားလေသည်။ ဇူဝူကျီ၏ စကားများအား နားထောင်ပြီးသည့်နောက်သူ့ထံတွင်ကောင်းမွန်သော စိတ်ထားနှင့်ရည်ရွယ်ချက်ကောင်းများရှိကြောင်း ရဲရှောင်တွေ့မြင်လိုက်ရပေသည်။ အမှန်တကယ်တွင်ဇူဝူကျီအနေဖြင့်ထိုကဲ့သို့သော စိတ်ထားမျိုးအား အမြဲဖော်ပြရန်ကြိုးစားခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ အသိမှတ်မပြု ၊ သိအောင်လည်း မကြိုးစားခဲ့ကြချေ။
ချို့ယွင်းချက်ဖြင့်မွေးဖွားလာသည့်လူတစ်ယောက်သည်လူတွေ၏လှောင်ပြောင်ဟားတိုက်ခြင်းကိုသာ ခံရပေမည်။ ဇူဝူကျီအနေဖြင့်သူဖြစ်ချင်သည့်အိမ်မက်များကို ရင်ဝယ်ပိုက်ရင်း လူတကာ၏လှောင်ပြောင်ဟားတိုက်ကဲ့ရဲ့ခြင်းများကို ကြံ့ကြံ့ခံကျော်လွှားနိုင်ခဲ့သည်။ ရဲရှောင်သည်သာမော်တယ်ကမ္ဘာတွင်မွေးဖွားခဲ့ပြီး ထိုကဲ့သို့သောအခြေအနေမျိုးနှင့်ကြုံတွေ့ခဲ့ရမည်ဆိုလျှင်ဇူဝူကျီလိုမျိုး ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။ လွတ်မြောက်ရာ လွတ်မြောက်လမ်းအတွက်သတ်သေရန်ပင်ကြိုးစားမိပေလိမ့်မည်။
“လောကမှာ မဖြစ်နိုင်တဲ့ အရာဆိုတာ မရှိနိုင်ဘူး။ မဖြစ်သေးတာပဲ ရှိတာ။ မင်းရဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်တွေ စိတ်ကူး အိမ်မက်တွေအတွက်အခွင့်အရေးဆိုတာပေါ်လာဦးမှာပါ”
ရဲရှောင်တည်ကြည်လေးနက်စွာဖြင့်-
“ပြိုင်ဘက်ကင်းပြီး လမ်းသစ်တွေကို စဖောက်ပေးမယ့်သူ၊ ဘုရင့်အနားမှာအမြဲခစားခွင့်ရတဲ့ အတော်ဆုံး မင်းမှုထမ်း၊ သမိုင်းမှာပါ ထင်ကျန်ရစ်စေမယ့်လူ၊ တည်ကြည်ခန့်ညားတယ်သန်မာတယ်ကြံ့ခိုင်တယ်၊ နောက်ပြီး ခြစားမှုတွေကို တိုက်ဖျက်ချင်တဲ့သူ၊ ဂုဏ်သိက္ခာကြီးကျယ်မြင့်မြတ်မှုတွေကို ပိုင်ဆိုင်တဲ့ သခင်လေးဇူ။ ဒါတွေအကုန်လုံး ဖြစ်လာနိုင်တာပဲ”
မဖြစ်လာနိုင်သည့်အရာများအား ဖြစ်နိုင်သည်ဟုပြောနေသည့်ရဲရှောင်အား ဇူဝူကျီဒေါသထွက်သွားမိသော်လည်း ရဲရှောင်၏ အတည်ပေါက်ဖြင့်ပြောနေသည့်မျက်နှာအားတွေ့လိုက်ရသောအခါ သူ့အနေဖြင့်ဒေါသမထွက်ရဲတော့ပေ။ ထို့နောက်ဇူဝူကျီသည်မယုံသင်္ကာလေသံမျိုးဖြင့်-
“အခု မင်းငါ့ကို အတည်ပြောနေတာလား”
“မင်းရောဂါကို ကုသနိုင်တဲ့ နည်းလမ်း ငါ့မှာရှိတယ်”
ရဲရှောင်တည်ငြိမ်အေးဆေးသောလေသံဖြင့်ပြောလိုက်၏။
“ဇွဲရှိပါတယ်ဆိုတဲ့ယောက်ျားတစ်ယောက်တောင်တစ်ခါတစ်ရံ အရှုံးနဲ့ ရင်ဆိုင်ရနိုင်သေးတာပဲ”
ရဲရှောင်ဇူဝူကျီ၏ စိတ်အား အရင်ဆုံး တည်ငြိမ်သွားစေရန်ပြောလိုက်သည်။ အဘယ့်ကြောင့်ဆိုသော်ဇူဝူကျီသည်သူ၏ ကုသ၍ မရနိုင်သောရောဂါအားကုသနိုင်မည့် နည်းလမ်းရှိသည်ဟု ကြားလိုက်ရသည့်အချိန်မှာပင်စိတ်လှုပ်ရှားလွန်းသဖြင့်စိတ်များသည်ဂယောက်ဂယက်ဖြစ်နေသောကြောင့်ပင်။ ဒီအခြေအနေတိုင်းဆိုလျှင်ယောက်ျားအားတိုးဆေး မစားရခင်မှာပင်ဇူဝူကျီစိတ်လွတ်သွား၍ ရူးသွားနိုင်ပေသည်။
“ဘာ . . . မင်း . . .”
ဇူဝူကျီ၏ မျက်လုံးများသည်ဒေါသရိပ်များ ဖုံးလွှမ်းသွားပြီး အသက်ရှုသံများပင်အတိုင်းသားကြားနေရလေသည်။ ထိုအသံသည်ဖိုထိုးသည့်နေရာမှ ထွက်ပေါ်လာသည့်အသံနှင့်ပင်တူနေ၏။
“ငါမင်းရဲ့ရောဂါကို ကုပေးနိုင်တယ်။ တကယ်ပြောတာ”
ရဲရှောင်တည်ကြည်လေးနက်သော မျက်နှာထားမျိုးဖြင့်-
“ငါအခုချက်ချင်းလက်ငင်းတော့ မလုပ်ပေးနိုင်သေးတာကိုတော့ စိတ်မကောင်းဘူး။ မင်းရဲ့ရောဂါက သာမန်ကုသမှုနဲ့တော့ မရဘူး။ မင်းရဲ့ လိင်အင်္ဂါကို ပြန်ကောင်းမွန်ဖို့ဆိုရင်အထူးကုသမှုတွေနဲ့ ကုသပြီး အချိန်တော့ယူရလိမ့်မယ်။ ဇူဝူကျီ . . . မင်းသာငါ့ကို ယုံကြည်ပေးမယ်ဆိုရင်အချိန်တစ်နှစ်ပဲစောင့်။ တစ်နှစ်ထက်မပိုစေရဘူးကွာ။ ငါကတိပေးတယ်။ မင်းယောက်ျားတစ်ယောက်ရဲ့ ဘဝကို ပြည့်ပြည့်၀၀ ပိုင်ဆိုင်စေရမယ်”
ဇူဝူကျီ ရဲရှောင်အား ပြုံး၍ ကြည့်လိုက်ရင်း –
“သဘောတူတယ်ကွာ။ ငါစောင့်မယ်။ ငါစောင့်နေခဲ့တာ ဆယ်ရှစ်နှစ်တောင်ရှိသွားပြီပဲ။နောက်တစ်နှစ်လောက်ထပ်စောင့်ရဖို့ကို ငါဘာလို့ မစောင့်နိုင်ရမှာလဲ”
လန်လန့်လန့်တခွီးခွီးရယ်လိုက်ရင်း –
“ဆယ့်ရှစ်နှစ်တောင်ရှိပြီ . . . ဟုတ်လား။ ဒါဆို မင်းကမွေးကတည်းကကောင်မလေးတွေကို စိတ်ဝင်စားခဲ့တာပေါ့။ အတော်လေးစားစရာကောင်းတဲ့ကောင်ပဲ”
လန်လန့်လန့်၏ စကားကြောင့်သူတို့ သုံးယောက်စလုံး ပြိုင်တူရယ်မောလိုက်လေသည်။
“လန်လေး . . . မင်းကရော ဘယ်လိုလဲ”
ဇူဝူကျီ၏ စိတ်များသည်ပေါ့ပါးသွက်လက်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော်နှစ်ပေါင်းများစွာ မြိုသိပ်သိမ်းဆည်းထားခဲ့ရသည့်သူ၏ ခံစားချက်များအား ဖွင့်ဟပြောဆိုလိုက်ရသောကြောင့်ပင်ဖြစ်၏။ စိတ်များပေါ့ပါးသွားမှုနှင့်အတူ စနောက်ချင်သည့်သဘောဖြင့်လန်လန့်လန့်၏ နာမည်ပြောင်အားခေါ်လိုက်သည်။ လန်လန့်လန့်အတွက်မူ ထိုနာမည်ပြောင်သည်ကမ္ဘာပေါ်တွင်အမုန်းဆုံးသော နာမည်ပင် ဖြစ်လေသည်။
“ဇူဝူကျီ . . .”
လန်လန့်လန့်ဒေါသအလွန်အမင်း ထွက်သွားသည့်လေသံမျိုးဖြင့်-
“မင်းကိုငါနောက်ဆုံးအကြိမ်သတိပေးလိုက်မယ်။ ငါ့ကို လန်လေးလို့ မခေါ်နဲ့။ မင်းငါ့ကို လန်လို့ခေါ်ရင်ခေါ် မခေါ်ချင်ရင်လန့်လို့ခေါ်။အေး ဒါပေမယ့်အနောက်ကနေလေး လို့ မထည့်နဲ့။ လန်လေးလို့ခေါ်ခံရတာ ငါသေအောင်မုန်းတယ်”
“လန့်. . .”
ရဲရှောင်နှင့်ဇူဝူကျီတို့သည်ထိုင်နေသည့်ထိုင်ခုံပေါ်မှ ပြုတ်ကျသွားမတတ်ပင်အားရပါးရဖြင့်အော်ရယ်လိုက်ကြသည်။
“လာပါကွာ ငါ့ကောင်ကြီးလန့်ရာ။ စိတ်လျှော့လိုက်စမ်းပါ။ မင်းကရော ဘာဖြစ်ချင်တာလဲ။ ငါတို့ကိုပြောစမ်းပါဦး”
ဇူဝူကျီသည်လန်လန့်လန့်စိတ်ကျေနပ်စေရန်လန့်ဟုခေါ်လိုက်ရင်းပြေရာပြေကြောင်းပြောလိုက်၏။
လန်လန့်လန့်သူ၏ခေါင်းအား တဗြင်းဗြင်းကုတ်လိုက်လေသည်။ သူ့အနေဖြင့်လန့်တစ်လုံးတည်း အခေါ်ခံရသည်ကိုလည်း မကြိုက်ပြန်ပေ။ သို့သော်ထိုကဲ့သို့ နာမည်တစ်လုံးတည်းခေါ်ရန်အတွက်လည်း သတ်မှတ်ပြောဆိုခဲ့သည်မှာလည်း သူပင်ဖြစ်သည်။ ထို့ကြောင့်လန်လန့်လန့်ခမျှာ ကြိတ်မှိတ်၍သာ အခေါ်ခံနေရလေသည်။
ထို့နောက်သူသည်ခဏ စဉ်းစားလိုက်ရင်း –
“အင်း . . . ငါ့မှာ ဖြစ်ချင်တဲ့ ဆန္ဒ ဆယ်ခုတောင်ရှိတယ်”
“နံပါတ်တစ်က ငါ့ခေါင်းပေါ်ကပွေးတွေကို ကုသဖို့”
လန်သူ့ခေါင်းမှပွေးများအား ကုတ်လိုက်ရင်း သူ၏ ဆန္ဒအားပြောလိုက်သည်။
ရဲရှောင်သူ့ပါးစပ်ထဲမှ အရက်များပင်ဖူးကနဲ ထွက်သွားပြီး ဇူဝူကျီသည်လည်း တဟားဟားဖြင့်ရယ်မောလိုက်လေသည်။
“နံပါတ်နှစ်က ငါ့မိသားစုက ငါ့ကို ချုပ်ခြယ်ကန့်သတ်နေတာတွေကို မလိုချင်ဘူး။ အဲ ဒါမှ ငါလွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်တာလုပ်လို့ရမှာ”
လန်သည်ရဲရှောင်တို့ နှစ်ဦး၏ ရယ်သံများကို လျစ်လျူရှုရင်း သူ့ဆန္ဒများအား ဆက်တိုက်ဆိုသလိုပြောနေခဲ့သည်။
“နံပါတ်သုံးအချက်က ငါအရမ်းချမ်းသာချင်တယ်။ ဘယ်လောက်တောင်ချမ်းသာချင်သလဲဆိုရင်ဘဏ္ဍာတိုက်ထဲမှာ ပိုက်ဆံတွေ မဆန့်တော့လောက်အောင်ထိ ငါချမ်းသာချင်တာ။ နံပါတ်လေး . . . ငါဘုရင့်အမှုထမ်းလည်း မဖြစ်ချင်ဘူး။နောက်ပြီး သိုင်းပညာတွေ စာပေတွေ ဘာဆိုဘာမှကို မသင်ယူချင်တော့ဘူး မလေ့လာချင်တော့ဘူး။ နံပါတ်ငါးက ငါအရမ်းလှတဲ့ မိန်းမတစ်ယောက်နဲ့ လက်ထပ်ချင်တယ်။ ငါ့အတွက်က မိန်းမ သုံးလေးယောက်ရှိဖို့ မလိုအပ်ဘူး။ အရမ်းလှပြီး စဉ်းစားတွေးခေါ်ဥာဏ်ထက်မြက်တဲ့ မိန်းမတစ်ယောက်ရရင်ကို လုံလောက်ပြီ။ အင်း . . . နံပါတ်ခြောက်အချက်က ငါ့မိသားစုကို အနည်းဆုံး အသက်တစ်ရာအထိ အသက်ရှည်ရှည်နေရပြီးဘာအနာရောဂါဝေဒနာမှမရှိဘဲအေးအေးချမ်းချမ်းနဲ့ပဲသေစေချင်တယ်။ နံပါတ်ခုနှစ်ကတော့ . . .”
လန်လန့်လန့်သည်သူဖြစ်ချင်သည့်ဆန္ဒများအား အသက်ပင်မရှူဘဲ မရပ်မနားဖြင့်ပင်ဆက်တိုက်ပြောနေလေသည်။ ထိုဆယ်ချက်စလုံးသည်သူအမှန်တကယ်ဖြစ်ချင်နေသည့်ဆန္ဒများပင်ဖြစ်သည်။ အင်း . . .နောက်ဆုံး ဆန္ဒကတော့ . . .”
“နံပါတ်၁၀က ငါတို့တွေ ခုအတိုင်းလေးပဲ ထာဝရ သူငယ်ချင်းကောင်းတွေ ဖြစ်သွားချင်တယ်။ ငါတို့သုံးယောက်အသက်ရှစ်ဆယ်ရောက်သွားတဲ့အထိ တခြားလူတွေကို စရင်းနောက်ရင်းနဲ့ပဲပျော်ပျော်ပါးပါးနေချင်သေးတယ်။နောက်ဆုံး အသက်တစ်ရာရောက်သွားတဲ့အချိန်ကြရင်စားပွဲတစ်ဝိုင်းတည်းမှာ ညစာအတူတူစားရင်း ငါတို့ရဲ့နောက်ဆုံးဘဝထွက်သက်လေးကို အတူတူဖြတ်သန်းချင်တယ်. . .”
လန်လန့်လန့်သည်သူ၏ ဆန္ဒများအား စိတ်ပါလက်ပါဖြင့်ပင်ပြောဆိုနေလေသည်။
“အနာဂတ်အတွက်ငါ့ရဲ့ ဆန္ဒတွေကိုတွေးလိုက်ရုံနဲ့တင်အတော်ပျော်ဖို့ကောင်းနေပြီ . . .”
ရဲရှောင်နှင့်ဇူဝူကျီတို့သည်လန်လန့်လန့်အား ကြည့်ရင်း ဆွံ့အသွားလေသည်။
လန်လန့်လန့်သည်သူတို့၏ ညီအစ်ကိုကဲ့သို့ ခင်မင်မှုအား အမြတ်တနိုးထားသည်ကို သူတို့အနေဖြင့်သိသော်လည်း လန်၏ ပါးစပ်မှ ထွက်ကျလာသည့်စကားများကိုမူ သူတို့ လိုက်မမီတော့ချေ။ ရဲရှောင်နှင့်ဇူဝူကျီတို့နှစ်ဦးသည်ပြိုင်တူ စဉ်းစားလိုက်မိလေသည်။
“ဘာလဲဟ။ ဒီကောင်ဘာကိုဆိုလိုတာလဲ။နောက်ဆုံးထွက်သက်အချိန်လေးကို အတူတူ ဖြတ်သန်းချင်တယ်ဆိုပဲ။ သူသေတာနဲ့ပဲ ငါတို့က လိုက်သေပေးရမှာလား။ ဒီကောင်ရူးနေပြီလားမသိ”