Switch Mode

Chapter – 18

အကြောက်တရား

Chapter – 18 အကြောက်တရား

ကြယ်တာရာစီးကြောင်းနှင့် လရောင်မှိန်မှိန်တို့သည် ချူဖုန်း၏ အနီးပတ်ဝန်းကျင်၌ ဖြေးဖြေး ရွေ့လျားနေသည်။ အဝေးကကြည့်လျှင် ချူဖုန်းကို မြူခိုးလွှာတစ်ထပ် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်။

ဤသည်မှာ ချူဖုန်းကို နွေးထွေးသော ခံစားချက်မျိုး ပေးနေသည်။ ထူးဆန်းသည့် အသက်ရှူပုံစံကို လုပ်နေရင်းဖြင့် ကြည်နူးဖွယ်ကောင်းသော ရနံ့တစ်ခု သူ့ပါးစပ်ထဲမှ ထွက်လာပြီး နှာ‌ခေါင်းပေါက်နားတွင် ရစ်ဝဲနေသည်။

အချို့တာအို သူတော်စင်အိုများနှင့် ထင်ရှားသော ဘုန်းတော်ကြီးတို့၏ မသေမျိုးဖြစ်စဥ်ကို ဖော်ပြသည့် သမိုင်းဝင်မှတ်တမ်းများစွာ ရှိခဲ့သည်။ သူတို့ခန္ဓာကိုယ်နှင့် အသွေးအသားတို့သည် လေ၏တိုက်စားမှုကို နှစ်ရှည်များစွာ တောင့်ခံထားနိုင်သည်ပင်။ သူတို့ သေသွားသော်လည်း သူတို့၏ ခန္ဓာကိုယ်သည် သိမ်မွေ့သော မွှေးရနံ့ကို ထုတ်ပေးကာ နှစ်ပေါင်းထောင်ချီ ဆက်လက်တည်ရှိနိုင်သည်။

အချို့လူများကတည်း ဤသည်မှာ ပြဒါးထဲတွင် နှစ်ပေါင်းများစွာ မြုပ်ထားခြင်းကြောင့် သူတို့ ခန္ဓာကိုယ်သည် လေထုထဲရှိ ဆွေးမြေ့စေသော ဘက်တီးရီးယားများကို ခံနိုင်ရည်ရှိသွားခြင်း ဖြစ်သည်ဟု ပြောကြသည်။ ပြဒါးကြောင့်ဆိုလျှင် သူတို့ ခန္ဓာကိုယ်မှ ထွက်လာသသည့်မွှေးရနံများကိုလည်း ရှင်းပြနိုင်ပြီဖြစ်သည်။

အချို့ပညာရှိများကလည်း လူတိုင်းသည် မွှေးရနံ့ဖြင့် မွေးဖွားလာကြသည်။ သို့သော်လည်း ကမ္ဘာကြီးသည် ညစ်ပတ်ပေရေနေသော နေရာဖြစ်သည့်အတွက် လူနည်းစုသာလျှင် မူလလူသားရနံ့အစစ်ကို ထုတ်နိုင်သည်ဟု ပြောကြသည်။

ယခုချိန်တွင် သူ၏ပါးစပ်နှင့်နှာခေါင်းတစ်ဝိုက်တွင် ပါးလွှာသည့် မြူခိုးလွှာတစ်လွှာ ရွေ့လျားနေပြီး လေထုတွင် အမွှေးတိုင်ရနံ့ ခပ်ဖျော့ဖျော့လေး ပျံ့နှံ့နေသည်။ သူ့တံတွေးပင် အနည်းငယ်ချိုနေသလို သူ ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ် ပေါ့ပါးလာသည်ကိုသူ ခံစားနေရသည်။ ကမ္ဘာမြေပေါ်မှ ထွက်ခွာပြီး ကောင်းကင်ထက်သို့ ပျံတက်တော့မည့်အလား ပေါ့ပါးနေသည်ပင်။

ဤအသက်ရှူစည်းချက်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုကို တိုးတက်စေပုံရသည်။ သူ့ခန္ဓာကိုယ်တွင် ပျော်ရွှင်မှုနှင့် တက်ကြွမှုတို့ ပြည့်နှက်နေသည်ကို ခံစားရသည်။
သိပ်မကြာခင်တွင် နွားဝါလေး မျက်လုံးများ ဖွင့်လိုက်သည်။ သူသည် ရှေ့ခြေထောက်တစ်ဖက်ကို ကောင်းကင်သို့ ညွှန်ပြပြီး နောက်ခြေထောက်ကို မြေပြင်ကို ထိုးကာ တစ်ချက် အော်ဟစ်လိုက်ပြီးနောက် အသက်ရှူလေ့ကျင့်ခန်းကို ရပ်လိုက်သည်။
ချူဖုန်းလည်း သူ၏လေ့ကျင့်ခန်းကို ရပ်လိုက်သည်။ လေ့ကျင့်ခန်း လုပ်သည်မှာ သိပ်မကြာသော်လည်း သူ့ခန္ဓာကိုယ်တွင် အားမာန်နှင့် တက်ကြွမှုတို့ အပြည့်ရှိသည်ကို ခံစားနေရသည်။ ဤအပြည့်ရှိသည်ဆိုသည်မှာ နောက်ထပ် ကြိုးစားအားထုတ်ပြီး လေ့ကျင်လျှင်လည်း အကျိုးရှိဖြစ်မဟုတ်ဟု ဆိုလိုခြင်းပင်။
“ခွပ်…”
ရုတ်တရက် သူ့နားတွင် အက်ကွဲသံကို ကြားလိုက်ရ၏။ ဤသည်မှာ ခြံစည်းရိုးနံရံ၏ အက်ကွဲသံပင်ဖြစ်သည်။ ထို့နောက် မြေပြင်လည်း အနည်းငယ် လှုပ်ခတ်သွားသည်။ လှုပ်ခတ်မှုမှာ အားမပြင်းသော်လည်း တုန်ခါသွားသည်ကိုတော့ ခံစားရနိုင်သေးသည်။

“ငလျင်လှုပ်တာလား…”

ထို့နောက် ရွာထဲမှ ထိပ်လန့်တကြားအော်သံများကို သူ ကြားလိုက်ရသည်။

ရုတ်တရက် လမ်းမီးများလည်း တစ်ပြိုင်နက်တည်း ပျက်သွားကာ အိမ်ထဲရှိ မီးများလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်ပြီး တစ်ပြိုင်တည်း မှိတ်သွားသည်။ လျှပ်စစ်မီးအား ဖြတ်တောက်ခံလိုက်ရလေပြီ။

ထိုအချိန်တွင် သူ့ဖုန်းလိုင်းလည်း တစ်ဖြည်းဖြည်းအားနည်းလာပြီး မကြာမီ ပြတ်တောက်သွားသည်ကို တွေ့လိုက်ရသည်။
“မူး…”

အမှောင်ထဲတွင် နွားဝါ၏မျက်လုံး လင်းလက်နေသည်။ သူသည် ခေါင်းမော့ကာ တိုင်ဟန်းတောင်တန်းများရှိရာဘက်သို့ ကြည့်လိုက်သည်။ တောင်ပေါ်တွင် ခရမ်းရောင်အလင်းများနှင့် ငွေရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။

ကျယ်လောင်သည့် အသံတစ်သံကိုလည်း သူ ခပ်ရေးရေး ကြားလိုက်ရသည်။

ဤသည်မှာ နောက်ထပ်ပြောင်းလဲမှုတစ်ခု၏ အစပင်ဖြစ်သည်။ ဖြစ်ပွားရာနေရာမှာ သူနှင့် ဝေးနေသော်လည်း သူ့ခန္ဓာကိုယ်ပတ်လည်တွင် ကြီးမားလှသည့် ဖိအားကြီးကို ရှိနေသည်။

“ဟိုမှာ ကြည့်၊ တောင်တွေ ထပ်ထွက်လာပြီ..”

ချူဖုန်း ထိတ်လန့်သွားရသည်။ အဝေးရှိ တိုင်ဟန်းတောင်တန်းကြားတွင်လည်း တောင်များ ထပ်ထွက်လာသည်ကို သူတွေ့လိုက်ရသည်။ တစ်ချို့သည် အမြင့်ပေ၁သိန်းနီးပါးရှိကာ ယခင်က ပေါ်လာသည့် တောင်တန်းများထက် ပို၍ ခံ့ညားထည်ဝါနေသည်။

ဒါက တိုင်ဟန်းတောင်တန်းရဲ့ ပုံစံအမှန်လား…

ပျက်စီးရှုပ်ထွေးမှုကြောင့် တစ်မြို့လုံး ယောက်ယက်ခတ်နေသည်။ လူများ၏ ကြောက်လန့်တကြားအော်ဟစ်နေသံများလည်း တစ်ရွာလုံး၌ ဆူညံနေသည်။

မြေပြင်လည်း ဘက်ပေါင်းစုံဆီ အက်ကွဲနေသည်။ လမ်းအချို့မှာ ပြတ်တောက်သွားသည်။ အိမ်အချို့တွင် အိမ်နံရံတစ်လျှောက် ကြောက်မက်ဖွယ်အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

ကံကောင်းစွာဖြင့် ဤအဖြစ်အပျက်များသည် လျှပ်စီးအရှိန်ကဲ့သို့ မြန်မြန်ဖြင့် ဖြစ်ပျက်နေခြင်းမဟုတ်။

ဤသည်မှာ အိပ်မရနိုင်သော နောက်ထပ်ညတစ်ညပင်။

ဘုန်း…

တိုက်တစ်ခု ပြိုလဲသွားသည်။

“အမေ သမီး ကြောက်တယ်”

“အား… အဖွား ဘာတွေဖြစ်နေတာလဲ… သား ကြောက်တယ်…”

ကလေးများမှာ ကြောက်ရွံ့ကာ အော်ငိုနေကြသည်။

ချင်းရန်မြို့သည် တစ်ညနေခင်းအတွင်း ဗြောင်းဆန်သွားလေပြီ။ ဤသည်မှာ ပိုကြောက်ဖို့ကောင်းမည့်၊ ပိုဗြောင်းဆန်လာမည်ကို နမိတ်ကိုပြသနေသလို၊ မည်သူမှ တားဆီးနိုင်မည်မဟုတ်သည့် အဖြစ်အပျက်များစွာဖြစ်လာဦးမည်ကို ပြသနေသလိုပင်။

ချူဖုန်းသည် ရွာထဲသို့ ပြေးဝင်သွားလိုက်သည်။ ပြိုလဲနေသည့် အိမ်များအောက်၌ ပိနေသည့်သူများကို သူ ကူညီချင်သည်။ ကံကောင်းစွာဖြင့်အသေအပျောက် သိပ်မများ။ အများစုမှာ အိမ်မပြိုကျခင် အိမ်ကို စွန့်ခွာ ထွက်သွားနိုင်ခဲ့ကြသည်။

မြို့ထဲရှိ အိမ် ၄ပုံ၁ပုံမှာ ပြိုလဲသွားလေပြီ။ အများစုသည် ရွာမြောက်ဘက်ရှိ အိမ်များပင် ဖြစ်သည်။ ပြိုလဲပျက်စီးသွားသော အဆောက်အဦးအားလုံးမှာ လျို့ဝှက်ဆန်းကြယ်သော အားတစ်ခုမှ ဆွဲစုတ်လိုက်သကဲ့သို့ အိမ်များကြားတွင် နေရာလွတ်လေးများ ရှိနေသည်။

အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်ပိုင်းရှိ အိမ်များမှာ အကောင်းတိုင်း ရှိနေသေးသည်။ အိမ်အချို့မှာ နံရံပေါ်တွင် အက်ကွဲရာအသေးစားများသာ ဖြစ်သွားပြီး ပြိုလဲလောက်သော အခြေအနေမဟုတ်။

ငလျင်နှင့် မြေကြီးအက်ကွဲမှုကြောင့် ရေနှင့်လျှပ်စစ်ဓာတ်အားတို့ ပြတ်တောက်သွားသည်။

အသက်ရှင်လျက် မထွက်နိုင်လိုက်သည့် ကံမကောင်းသော ဝိညာဥ် ၃ခု ရှိပြီး အခြား ၁၀ ယောက်လောက်သာ ဒဏ်ရာ ရသွားသည်။ ကံကောင်းစွာဖြင့် အရာအားလုံးသည် တဖြည်းဖြည်း ဖြစ်ပျက်သွားခြင်းဖြစ်သောကြောင့် လူများမှာ အထိအခိုက်နည်းအောင် ရှောင်လိုက်နိုင်ချိန် ရှိသည်။

အိမ်ထဲတွင် အိပ်မောကျနေသူများလောက်သာ အိမ်ထဲမှ မထွက်နိုင်ပဲ အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသည်။

သို့သော် ဤသည်မှာ ရွာထဲရှိ ရွာသူရွာသားများကို အတော်လေး ထိတ်လန့်သွားစေခဲ့သည်။ ယခင်က တစ်ခါမှ ဤကဲ့သို့ မဖြစ်ဖူး။ အထူးသဖြင့် လူတို့သည် သူတို့အနာဂတ်ကို မသေချာ မ‌ရေရာဖြစ်လာကြပြီး ကိုယ့်အသက်ကို ကိုယ်မပိုင်တော့သလို ခံစားရကာ ကြောက်စိတ်နှင့် တုန်လှုပ်မှုတို့ ဖြစ်ပေါ်လာကြသည်။

နောင်တစ်ခေတ်တစ်ကမ္ဘာကြီးမှာ မည်ကဲ့သို့ဖြစ်လာမည်ကို မည်သူမှ မသိနိုင်။ ဖရိုဖရဲကိစ္စများသာ ဆက်လက် ဖြစ်နေမလား သို့မဟုတ် ပိုမို ဖွံ့ဖြိုးအဆင့်မြင့်သော လူနေမှုအဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားမလား.. မည်သူမှမသိ။ ယနေ့ သူတို့ တွေ့ရှိရသော ကမ္ဘာလိုမျိုး ဖြစ်တော့မှာမဟုတ်သည်မှာ သေချာသည်။

မျက်ရည်များနှင့် ငိုကြွေးခြင်းတို့မှာ သူတို့၏ကြောက်စိတ်ကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော အရာ မဟုတ်တော့ချေ။ စိတ်ဓာတ်ကျလာသော စိတ်ဝိညာဥ်နှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့သည် သူတို့ကို ပုံမှန်စိတ်မရှိစေတော့ပဲ ရူးသွပ်လာစေသည်။

ရေ၊ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်‌ရေးတို့ အကုန် ပြတ်တောက်သွားပြီ ဖြစ်သောကြောင့် အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေပြီဖြစ်သည်။ ထို့ကြောင့်မည်သည့်ကယ်ဆယ်ရေးအဖွဲ့မှ သူတို့ကို ချက်ချင်း လာကူညီနိုင်မည်မဟုတ်တော့။

အပြင်လောက၏ အခြေအနေကို မည်သူမျှ မသိရသေး။ ဤကဲ့သို့ ဖြစ်နေမလား… သို့မဟုတ် ဤထက်ဆိုးရွားသည့် အခြေအနေ ဖြစ်နေမလား…

“မကြောက်နဲ့… အိမ်နည်းနည်းလောက်ပဲ ပြိုသွားတာ… မပြိုသေးတဲ့ အိမ်တွေက ငါတို့ကို ပေးနေလိမ့်မယ်.. လျှပ်စစ်ဓာတ်အားပြတ်တောက်တာကလည်း ပြဿနာ မဟုတ်ဘူး.. ငါတို့မြို့မှာ လျှပ်စစ်ဓာတ်အားပေးစက် ရှိတယ်… ရေပြတ်လတ်မှုအတွက်က ငါတို့ အရင်ရေတွင်းတွေကို သုံးလို့ရတယ်.. အဲဒီရေတွင်းတွေက လအကြာကြီး သုံးဖို့ လုံလောက်တယ်”

ချူဖုန်းသည် အဖိုးအိုကျောင်းကို ခေါ်ကာ ရွာထဲရှိ ပြဿနာများမှာ အဆင်ပြေသွားလိမ့်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားစေလိုက်သည်။

အဖိုးအိုကျောင်းသည် ဂုဏ်သိက္ခာကြီးပြီး ရွာထဲရှိ အများပြည်သူ၏ လေးစားခြင်းကို ခံရသူဖြစ်သည်။ သူ၏ တုနှိုင်းမဲ့လက်မှုပညာ၊ လက်နက်အလုပ်ရုံ ပိုင်ဆိုင်မှု နှင့် ရက်ရောပြီး စိတ်ဆုံးဖြတ်ချက်ခိုင်မာသော စိတ်သဘောထားကြောင့် သူနှင့်ထိုက်တန်သည့် လေးစားမှုတို့ကို ရရှိထားသည်ပင်။

ချူဖုန်း သူ့အိမ်ကို ပြန်သွားလိုက်သည်။ သူ့အိမ်သည် ချင်းရန်မြို့၏ အရှေ့ဘက်တွင် ရှိနေသောကြောင့် ငလျင်ဒဏ်ကို သိပ်မခံလိုက်ရ။ နံရံပေါ်၌ အက်ကွဲကြောင်းအချို့ကိုသာ ပေါ်လာပြီး အိမ်ကို ထိခိုက်မှု သိပ်မရှိ။

နွားဝါသည် သူ့နေရာမှ အရှေ့ဘက် ကျယ်ပြောရှင်းလင်းနေသည့် ကောင်းကင်ကို ငေးကြည့်နေပြီး သူ့မျက်လုံးထဲ၌ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပနေသည်ကို တွေ့လိုက်ရသည်။ သူသည် တစ်ခုခုကို မျှော်လင့်နေသလို စိတ်လှုပ်ရှားနေလေသည်။

“မင်းဘာတွေ မျှော်လင့်နေတာလဲ” ချူဖုန်း မေးလိုက်သည်။

နွားဝါ ပြန်မဖြေ။ ပါးစပ်ပိတ်နေကာ ငြိမ်နေလေသည်။

လာသည့်ရက်များတွင် မြို့သည် အပြင်လောကနှင့် လုံးဝသီးခြားဖြစ်နေသည်။

အလုံခြုံဆုံးနေရာဟူ၍မရှိတော့။ မြို့၏ လုံခြုံရေးကို သေချာစေရန်အတွက် လုံခြုံရေးအတိုင်းအတာများကို လုပ်ထားပြီးဖြစ်ပြီး အကယ်၍ အရေးပေါ်ဖြစ်လာလျှင် ချက်ချင်းတုံ့ပြန်နိုင်အောင် အစီအစဥ်များ ပြုလုပ်ထားပြီးဖြစ်သည်။

ဤမြို့သည် မင်းဆက်၆ဆက်စာ မြို့တော်ဖြစ်ခဲ့သောကြောင့် ဤကဲ့သို့ ဖြစ်ရသည့် အကြောင်းအရင်း ရှိသည်ပင်။ ဘေးဘေးများကြောင့် လောကတစ်ခုလုံး ဇောတ်ထိုးပြောင်းပြန်ဖြစ်နေစဥ် ရွှန်ဖုန်းမှာ မပျက်စီးပဲ ရှိနေသေးသည်။ မြို့သည် အပြင်ဘက်စွန်းတွင် ရှိနေသည့်အတွက် ထိခိုက်မှု အနည်းငယ်သာရှိသည်။

ဤအချက်များကို သိလိုက်ရသည်နှင့် ချူဖုန်းစိတ်အေးသွားရသည်။

“မင်းအဆင်ပြေရဲ့လား ချူဖုန်း… အောင်မလေး ငါတို့ရွာကြီး ၂ ပိုင်းကွဲသွားပြီ… ရှေးဆန်တဲ့ တောင်တန်းကြီးနှစ်လုံးလည်း အိမ်ဘေးမှာ ပေါ်လာတယ်၊ တောင်တွေက မြင့်လွန်းတော့ တောင်ထိပ်ကိုတောင် မမြင်ရတော့ဘူး…” ထိုနေ့နှောင်းပိုင်းတွင် ကျိုးချွမ် ချူဖုန်းကို ဖုန်းခေါ်လာသည်။ သူသည် စိုးရိမ်တကြီးအော်ဟစ်နေပြီး အသံလည်း တုန်နေသည်။ “ငါဘာမြင်ခဲ့လဲ သိလား.. ဧရာမဖားပြုတ်ကြီး.. ဘုရားရေ.. အဲ့ကောင်ကြီးက ကျောက်ကြိတ်စက်ပေါ်က ဆုံလည်ကျောက်လောက်ကို ကြီးတယ်.. ပြီးတော့…သူက ဆင်ကို မျိုချနေတာ”

ကျိုးချွမ်၏ စကားလုံးမှာ လုံးထွေးနေသည်။ သူသည် အော်ရင်း ငိုရင်းနှင့် မပီကလာ ပီကလာ ပြောပြနေသည်။

နောက်ဆုံးတွင် ချူဖုန်း ကျိုးကွမ်၏ လုံးထွေးနေသော စကားလုံးကို နားလည်လိုက်သည်။ ထိုညတွင် ပေါ်လာသည့်တောင်များ၌ စကားဖြင့် မဖော်ပြနိုင်သော သတ္တဝါမျိုးစုံ ပေါ်လာသည်ပင်။ ချူဖုန်းသည် သူ၏မှန်ပြောင်းဖြင့် ထိုသတ္တဝါမျိုးစုံ၏ ပုံစံကို လိုက်ကြည့်ပြီးသွားပြီဖြစ်သည်။

ကျိုးချွမ်သည် ဆုံလည်ကျောက်အရွယ် ဖားပြုတ်ကို တွေ့လိုက်သည်။ ထိုဖားပြုတ်သည် အခြားကြမ်းကြုတ်သော သတ္တဝါမျိုးစုံကို လိုက်လံဖမ်းဆီးနေသည်ပင်။ ဆင်ကို ဖမ်းမိသွားသည့်အချိန်တွင်တော့ ထိုဆင်၏အရိုးများ၊ အသားများကို ဝါးမြိုပစ်လိုက်သည်။

ကျိုးချွမ်နှင့် ဖုန်းပြောပြီးသွားသည့်အချိန်တွင် ချူဖုန်းသည် ရွာထဲသွားကာ အခြားသူများနှင့် စကားပြောလိုက်သည်။ “ဒီရက်စက်ကြမ်းကြုတ်တဲ့ တောရိုင်းကောင်တွေသာ လွှတ်လာရင် ကမ္ဘာကြီးက ထိန်းချုပ်လို့မရနိုင်လောက်အောင်ဖြစ်သွားလိမ့်မယ်.. သူတို့ရဲ့ မူလနေရာမှာပဲ အမြဲတမ်းပိတ်မိနေဖို့ မျှော်လင့်ရတာပဲ” ချူဖုန်း တွေးလိုက်သည်။

ထို့နောက် အင်တာနက် ထပ်မပျက်သွားခင် သူ လိုင်းပေါ်အမြန်တက်လိုက်သည်။

ကမ္ဘာတစ်ခုလုံး၌ တုန်လှုပ်စရာကောင်းသည့် အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ပင်။

လူတော်တော်များများ ကြောက်ရွံ့နေကြပြီး အချို့မှာ ငိုနေကြလေပြီ။ ဤကမ္ဘာကြီးမှာ သူတို့ သိသည့် ကမ္ဘာကြီးမဟုတ်တော့။ တည်ငြိမ်အေးချမ်းမှု မရှိတော့ချေ။ လူတို့သည် မုန်တိုင်းအငွေ့အသက်ကို ခံစားနေကြရပြီဖြစ်သည်။

အိမ်နှင့် အဆောက်အဦးများစွာ ပြိုလဲသွားပြီး လူအချို့ အသက်ဆုံးရှုံးသွားကြသည်။

မြို့တစ်ခုချင်းစီနှင့် ပြည်နယ်တစ်ခုချင်းဆီကြားတွင် အတော်ကွာဝေးသွားသည်ကို အားလုံး သတိထားမိသွားကြသည်။ အကွာအဝေးမှာ ပျမ်းမျှ ၁၀ဆလောက်စီ ပို၍ကွာဝေးသွားကြပြီး ကမ္ဘာတစ်ခုလုံး၏ ဧရိယာမှာ အနည်းဆုံးအဆ ၁၀၀ တိုးလာသည်။

လူအချို့သည် အော်ဟစ်ငိုယိုနေကြပြီး ကမ္ဘာကြီးသည် အခြားကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာကြီးနှင့် ချိတ်ဆက်သွားပြီဟု သူတို့ ယုံကြည်နေကြသည်။

အချို့လူမှာသည်လည်း ဤသည်မှာ ကမ္ဘာကြီး၏ တကယ့်သရုပ်မှန်အစစ်ဖြစ်သည်ဟု ဆိုကြသည်။ ယခင်က မြေအောက်တွင် နက်ရှိုင်းစွာ မြုပ်နေသည့် ရှေးခေတ်မြေကျယ်ကြီးများက ယနေ့မှ ပေါ်လာခြင်းဖြစ်သည်ဟုဆိုကြသည်။

တစ်ခဏတာအတွင်း ပညာရှင်များကြားတွင် အပြိုင်ကြဝဠာသီအိုရီအကြောင်း ဆွေးနွေးမှုများ ဆက်တိုက်ထွက်ပေါ်လာသည်။

တစ်တိုင်းပြည်လုံး ဗရုတ်သုတ်ခ ဖြစ်နေပြီး ထူးဆန်းသည့် အဖြစ်အပျက်များ၏ ဓာတ်ပုံများလည်း အင်တာနက်ပေါ်တွင် ထပ်ခါထပ်ခါ တင်လာကြသည်။

အထင်ကရတောင်တန်းနှင့် ရေကန်တို့တွင် ကျက်သရေရှိလှသည့် မြင်ကွင်းနှင့် ရှုခင်းများ ပေါ်လာကြသည်။ နတ်သစ်ပင်များတွင် ပန်းများ ပွင့်နေကြပြီး တစ်ချိန်က ခန်းခြောက်သွားသော မြစ်များ၌ မြင့်မြတ်သည့် နွေဦးရေများ ပြန်လည်စီးဆင်းစေသည်။ အချို့လူများသည် တိုင်ပင်ထားကြသကဲ့သို့ ထိုပန်းနှင့် ရေတို့ကို သွားယူရန် ထိုနေရာများသို့ တစ်ပြိုင်နက်တည်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း နွားဝါလေးမှာ အတော်လေးတိတ်ဆိတ်နေသည်ပင်။ သူသည် မကြာခဏ ခြံဝင်းအလယ်တွင် မတ်တပ်ရပ်ကာ ဘာမှမရှိသည့် လေထုထဲကို စိုက်ကြည့်နေတတ်သည်။

သူ့မျက်လုံးထဲမူ စိတ်လှုပ်ရှားမှုနှင့် တက်ကြွမှုတို့ကို ရောထွေးနေတတ်သည်။ သူသည် သူ့ခန္ဓာကိုယ်တွင်းမှ အဓိကဝိညာဥ် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ထွက်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။

အပိုင်း ၁၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset