Chapter – 15
“ခြိမ်းခြောက်တောင်းဆိုခြင်း”
“ခင်ဗျားက ကျုပ်ကို ပြန်မေးနေတာလား။ ခင်ဗျားသား ဘယ်လိုအဆိပ်ခတ်လိုက်လဲဆိုတာ ကျုပ်က ဘယ်လိုလုပ်သိမှာလဲ။ ဘာအဆိပ်ခတ်လိုက်တယ်ဆိုတာသိချင်ရင်ခင်ဗျားသားကို ခင်ဗျားဘာသာမေးကြည့်ပါလား။ ကျုပ်သိတာ ကျူပ်က အရက်ဘယ်လောက်ဝင်ဝင်မမူးတဲ့ ကြွက်တွင်းဗျ။အဲဒီညတုန်းက ကျူပ်လိုကောင်မျိူးက သုံးခွက်လောက်နဲ့ မူးသွားတာ”
ရဲရှောင်မှ ဝမ်ဒါနမ်အား စိုက်ကြည့်လိုက်ရင်း –
“နောက်တော့ ငါတစ်ညလုံး အိပ်ပျော်သွားတော့တာပဲ။ ငါသာအဆိပ်မမိခဲ့ဘူးဆိုရင်အဲဒီလို ဖြစ်စရာအကြောင်းကိုမရှိဘူး”
“အာ . . .”
ဝမ်ဒါနမ်ပါးစပ်အဟောင်းသားပင်ဖြစ်သွားရင်း –
“မင်းပြောသလိုသာ တကယ်အဆိပ်မိရိုးမှန်ရင်အဆိပ်ပြေပြီး ပြန်သက်သာဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မှ မဟုတ်တာ။ ဟုတ်တယ်မှတ်လား။ အခုကြ မင်းက ဒီမှာ ကျန်းကျန်းမာမာနဲ့တောင်မတ်တပ်ရပ်ပြီး စကားပြောနေနိုင်သေးတာပဲ။ အဲဒီအဓိပ္ပါယ်အရဆိုရင်မင်းအဆိပ်မမိခဲ့ဘူးဆိုတဲ့ သက်သေပဲလေ။ မဟုတ်ဘူးလား”
ဝမ်ရှောင်နမ်သည်သူ၏ အဖေအားတွေ့လိုက်ရသောအခါ သူ့အတွက်ကယ်တင်ရှင်ကြီးရောက်လာသကဲ့သို့ပင်ခံစားလိုက်ရ၏။ သို့သော်သူ့အဖေ၏ အမူအယာများသည်ယခင်နှင့်မတူဘဲ အရည်မရ အဖတ်မရ စကားများသာပြောနေသည့်အတွက်သူ့အနေဖြင့်စိတ်ပျက်သွားမိလေသည်။
သူ၏ အဖေ အဘယ့်ကြောင့်တုန်လှုပ်နေသည်ကို သူ့အနေဖြင့်မည်ကဲ့သို့ နားလည်နိုင်ပါ မည်နည်း။
ဝမ်ဒါနမ်၏ ပါးစပ်မှ စကားများ အဆက်မပြတ်ပြောနေသော်လည်း သူ၏ စိတ်ထဲတွင်မူ –
“ဒီကောင့်ကိုဆေးကုပေးလိုက်တာ ဘယ်သူလဲ။ ဘယ်သူဖြစ်နိုင်မလဲ။ အဆိပ်က ကုလို့မရတဲ့ အဆိပ်။ အဲဒီလို အဆိပ်မျိူးကို သူဘယ်လို ကုလိုက်နိုင်တာလဲ။ ဒီလို ပြင်းတဲ့အဆိပ်ကို ဘယ်လိုဖြေရမယ်ဆိုတာ အဆိပ်ဖြေတဲ့လူက ဘယ်လိုသိတာလဲ။ အတော်ဆန်းကြယ်တာပဲ . . .”
“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ငါအဆိပ်မိခဲ့တာပဲ။ သုံးခွက်လောက်သောက်ရုံနဲ့ မူးသွားခဲ့တာ။ လန်လန့်လန့်လည်း အနားမှာရှိနေတယ်။ သူက ဒီကိစ္စအတွက်မျက်မြင်သက်သေပဲ။ အဲဒီ အချက်နှစ်ချက်ကိုက အကောင်းဆုံး သက်သေတွေဖြစ်နေပြီ။ ဒါကို ခင်ဗျားက ငြင်းချင်နေသေးတာလား”
ရဲရှောင်သည်၀မ်ဒါနမ်၏ အဓိပ္ပါယ်မရှိသော စကားများအား နားထောင်လိုစိတ်မရှိပေ။
“ငါအဆိပ်မိတယ်အဲဒီကိစ္စအတွက်ဖြေရှင်းချက်ငါလိုချင်တယ်။ ခင်ဗျားမယုံရင်ငါ့ခန္ဓာကိုယ်ကို စစ်ဆေး ကြည့်လို့ရတယ်။ကောင်းပြီလေ . . . ငါ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့တော်ဝင်သမားတော်တစ်ယောက်ခေါ်လိုက်မယ်။ အဲဒီအခါကြ ခင်ဗျားဘယ်လို ဆက်ငြင်းမလဲစောင့်ကြည့်ရသေးတာပေါ့။ ဟမ့် . . .”
“ဒါလုံးဝမလိုအပ်တဲ့ ကိစ္စပဲ”
ဝမ်ဒါနမ်သည်ကြောက်ရွံ့တုန်လှုပ်စွာဖြင့်-
“ကုလို့မရတဲ့ ဒီလောက်ပြင်းတဲ့ အဆိပ်ကိုတောင်ဘယ်ကောင်က ကုပေးလိုက်တာလဲ မသိဘူး။ ဒါပေမယ့်ဒီကောင့်ခန္ဓာကိုယ်ထဲမှာ အဆိပ်လက်ကျန်ရှိနိုင်သေးတယ်။ တကယ်လို့သာ သူ့ခန္ဓာကိုယ်ကို စစ်ကြည့်လိုက်လို့ အဆိပ်ရှိနေသေးတာပေါ်သွားခဲ့မယ်ဆိုရင်ငါတော့သေပြီပဲ။ သူ့သားကိုသာ အဆိပ်ခတ်လိုက်တာသူ့အဖေ စစ်သူကြီး သိသွားရင်အိမ်အထိလိုက်လာပြီး ငါတို့တစ်မျိူးလုံးကို အမျိူးဖြုတ်ပစ်နိုင်တယ်။ ဒီမိမစစ်ဖမစစ်ကောင်က အကျိူးတစ်စုံတစ်ရာမျှော်မှန်းထားလို့သာ ဒီကိုရောက်လာတာနေမှာ။ အင်း . . . ဒင်းကိုပိုက်ဆံနည်းနည်းလောက်ပေးပြီးချော့မော့ပြန်လွှတ်လိုက်ရင်တော့ အဆင်ပြေနိုင်တယ်”
“ဟား . . . ဟား . . . ဟား . . .”
ဝမ်ဒါနမ်သူ့အတွေးနှင့်သူ အဆင်ပြေသွား၍ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း –
“ငါသိပြီ. . . ငါသိပြီ။ သခင်လေးရဲ အဲဒီညတုန်းက အရက်တွေတော်တော်မူးအောင်သောက်နေခဲ့တာပဲ . . .”
“ဘယ်ကာင်ပြောလဲ ငါအများကြီးသောက်တယ်လို့”
ရဲရှောင်ဒေါသအလွန်အမင်းထွက်သွားပြီး –
” ကျုပ်တကယ်အဆိပ်ခတ်ခံခဲ့ရတာလို့ ခင်ဗျားကိုပြောနေတယ်နော်”
“ကောင်းပြီ . . .ကောင်းပြီ။ မင်းအဆိပ်မိခဲ့တယ်လို့ပဲ ထားလိုက်ပါတော့”
ဝမ်ဒါနမ်မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း –
“နောက်ပြီးတော့ရော . . . မင်းက ဘယ်လိုဖြေရှင်းချက်မျိုးကို လိုချင်နေတာလဲ သခင်လေးရဲ”
ရဲရှောင်လန်လန့်လန့်ဘက်သို့ လှည့်ကြည့်လိုက်ရင်း –
“ငါတို့ ဘာလိုချင်တာလဲ”
လန်လန့်လန့်လည်း ရုတ်တရက်ကြောင်တောင်တောင်ဖြစ်သွားသည့်အတွက်မည်သည့်စကားအား စပြောရမည်ကိုပင်စဉ်းစားမရ ဖြစ်နေမိလေသည်။ သူ၏ မျက်လုံးများအားဟိုကြည့်ဒီကြည့်လုပ်လိုက်ပြီး တံတွေးများ မြိုချကာ ဇူဝူကျီ၏ခြေထောက်အား လှမ်းကန်လိုက်သည်။
ဇူဝူကျီသည်လည်း မျက်လုံး ကလယ်ကလယ်ဖြင့်သူ၏ ပါးစပ်မှ တစ်စုံတစ်ခု ထုတ်ပြောရန်ကြိုးစားသော်လည်း အချည်းနှီးပင်ဖြစ်၏။ ရဲရှောင်ရုတ်တရက်မျက်မှောင်ကြုပ်လိုက်ရင်း –
“ဪ . . . ဟုတ်သားပဲ။ ဒီမှာ နှစ်ပေါင်းခြောက်ရာ ဆိုလား ဘာဆိုလား . . . ဟမ်. . .နေစမ်းပါဦး . . . ဘာပါလိမ့်။ ပါးစပ်ဖျားတင်မေ့နေတာ . . .”
“သွေးဂျင်းဆင်း”
ဝမ်ရှောင်နမ်၏ အိမ်သို့ မထွက်လာခင်က သူပြောနေသည့်သွေးဂျင်းဆင်းအကြောင်းအား ဇူဝူကျီ ရုတ်တရက်ပြန်မှတ်မိသွားသည်။ သူစိတ်လှုပ်ရှားစွာဖြင့်အော်ပြောလိုက်ရင်း –
“အဲဒီသွေးဂျင်းဆင်းကို နစ်နာကြေး အနေနဲ့ ရဲရှောင်ကိုပေးလိုက်။ မပေးခဲ့ရင်ကျုပ်တို့ ဒီအိမ်ကနေ ဘယ်ကိုမှ တစ်ဖဝါးမှ မခွာနိုင်ဘူး”
“ဟုတ်တယ်။ ဒီတစ်ခါတော့ ခင်ဗျား ငြင်းဆန်ဖို့ မကြိုးစားနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ သခင်လေးရဲ ခမျှာ အဆိပ်ကြောင့်အားအင်တွေ ကုန်ခမ်းသွားခဲ့ရတယ်။ သူ့ရဲ့ခွန်အားတွေ ပြန်သန်မာဖို့ အာဟာရရှိတာ တစ်ခုခုလိုအပ်တယ်”
လန်လန့်လန့်သည်အားကြိုးမာန်တက်ဖြင့်ပင်ရဲရှောင်ဘက်မှ ကူညီ၍ပြောပေးနေလေသည်။
“ဒါလုံးဝ တရားမျှတမှုမရှိဘူး”
ဝမ်ရှောင်နမ်ဒေါသထွက်လွန်းနေ၍ သူ၏ မျက်နှာတစ်ခုလုံးပင်နီရဲတွတ်နေလေသည်။ သူအသံကုန်အော်ဟစ်လိုက်ရင်း –
“ခွေးမသားတွေ။ မင်းတို့ကောင်တွေ ငါတို့ဆီက ဂျင်ဆင်းကို လိုချင်လို့ လာခြိမ်းခြောက်နေတာပဲ။ မင်းတို့ ရူးသွားကြပြီလား။ မင်းတို့ကောင်တွေ အမှားကြီး လုပ်မိပြီ။ ငါ မင်းတို့ကို . . .”
ဝမ်ရှောင်နမ်စကားမဆုံးသေးခင်မှာပင်သူ့အဖေမှ သူ့ပါးစပ်အား လက်ဖြင့်အလျင်အမြန်ပိတ်လိုက်သည်။
“မင်းက ငါတို့ကို ဘာလုပ်ချင်လို့လဲ”
ရဲရှောင်ခနဲ့တဲ့တဲ့ပုံစံဖြင့်ပြုံးလိုက်ရင်း –
“မင်း ငါ့ကို သတ်ဖို့ကြိုးစားခဲ့တယ်ဒါပေမယ့်မင်း မအောင်မြင်ခဲ့ဘူး။ အခု မင်းမှာ အပြစ်မရှိကြောင်း ငြင်းချင်သေးတာလား။ ဘာလဲ . . . ငါတို့ အားလုံးကို သတ်ပြီး မင်းက သူတော်ကောင်းကြီးတစ်ယောက်လို အပြစ်တွေကို ဖုံးကွယ်ထားချင်နေတာလား။ ဝမ်ရှောင်နမ်. . . မင်းက သတ္တိတော်တော်ရှိနေတယ်ပေါ့။
မင်းကြည့်ရတာ ငါတို့ကို တကယ်သတ်ချင်နေတဲ့ပုံပဲ။
မင်းက ငါတို့ကို အာခံချင်နေတာလား”
လန်လန့်လန့်နှင့်ဇူဝူကျီတို့ နှစ်ဦးကပါဒေါသတကြီးဖြင့်-
“ဝမ်ရှောင်နမ်. . . မင်းက ငါတို့ကို အာခံဖို့ ကြိုးစားနေတာလား။ ငါတို့က မျက်မြင်သက်သေတွေနော်”
ဝမ်ရှောင်နမ်သည်ဒေါသထွက်လွန်း၍ သူ၏ အသက်ရှုသံများပင်အတိုင်းသားကြားနေရ၏။ စကားတစ်လုံးပြောရန်ပင်ပြောမထွက်တော့ဘဲ –
“မင်း . . . မင်း . . .”
“သွေးဂျင်းဆင်းပဲလား ပြီးတော့ရော”
ဝမ်ဒါနမ်ချက်ချင်းပင်သဘောတူလိုက်ရင်း –
“မင်းတို့ သုံးယောက်က လိုချင်နေမှတော့ ငါ့ဘက်က လိုက်လျောပေးပါ့မယ်။ ဒါပေမယ့်မင်းတို့ ငါ့ကို ကတိတစ်ခုတော့ပေးရမယ်. . .”
ဝမ်ဒါနမ်သည်ဒေါသလည်းထွက်စိတ်မကောင်းလည်းဖြစ်မိရင်း တုန်ယင်အက်ကွဲနေသောလေသံဖြင့်-
“ငါက အဆင့်နိမ့်တဲ့ ကိုယ်ရံတော်လေးတစ်ယောက်ပါ။ ငါ့လို အဆင့်မျိုးနဲ့ သခင်လေးသုံးယောက်ကိုလွန်ဆန်ဖို့ မဝံ့ရဲပါဘူး။ လွန်ဆန်ဖို့လည်း စိတ်ကူးနဲ့တောင်မတွေးရဲပါဘူး။ ဒါပေမယ့်အခုကစပြီး အဆိပ်ကိစ္စနဲ့ ပက်သက်ပြီး ငါ့ကို လာထပ်မရှုပ်နဲ့တော့။ ငါ့ကို လာအာရုံနောက်နေတာ မခံချင်တော့လို့ မင်းတို့တောင်းဆိုတာ ငါလိုက်လျောပေးလိုက်မယ်။ ဒါပေမယ့်မင်းသိထားရမှာက လူတိုင်း လူတိုင်းမှာ သည်းခံနိုင်စွမ်းက အကန့်အသတ်နဲ့ပဲ ရှိတယ်။ချောင်ပိတ်ရိုက်ခံရပါများရင်ဘယ်သူမဆို ပြန်တုန့်ပြန်မှာ သဘာဝပဲ . . .”
“အဖေ . . .”
ဝမ်ရှောင်နမ်သည်တုန်လှုပ်ခြောက်ခြားသွားပြီး ပါးစပ်အဟောင်းသားဖြင့်ပင်သူ၏ အဖေအား စိုက်ကြည့်လိုက်၏။
ရဲစွမ်းသတ္တိနှင့်ပြည့်စုံပြီး စိတ်ဓာတ်မာကျောသည့်သူ၏ အဖေသည်ယခုကဲ့သို့ လူပေါ်ကျော့ သခင်လေးသုံးပါး၏တောင်းဆိုမှုအား လိုက်လျောလိမ့်မည်ဟု ဘယ်သောအခါမှ သူမထင်ခဲ့မိပေ။
“တိတ်စမ်း”
ဝမ်ဒါနမ်သူ့သားအားဒေါသတကြီးဖြင့်အော်လိုက်သည်။
“ချောင်ပိတ်ရိုက်ပါများရင်. . .ချောင်ပိတ်ရိုက်ပါများရင်တဲ့ . . .ဟားဟားဟား . . .”
လန်လန့်လန့်သည်သူ၏ခေါင်းတွင်ပေါက်နေသည့်ပွေးများအား လက်ဖြင့်ကုတ်လိုက်ရင်း အားရပါးရပင်ရယ်မောလိုက်လေသည်။ ဝမ်ဒါနမ်နှင့်သူ၏ သားဝမ်ရှောင်နမ်တို့မှာမူဒေါသစိတ်ကြောင့်မျက်နှာများသည်နီရဲတွတ်လျက်ရှိ၏။ သူတို့သည်ရဲရှောင်တို့အား အစိမ်းလိုက်ပင်ဝါးစားချင်နေသကဲ့သို့ ဖြစ်နေကြလေသည်။
“သိပ်မှန်တာပေါ့”
ရဲရှောင်လန်လန့်လန့်အားဘေးသို့ တွန်းထုတ်လိုက်ရင်း –
“ပညာရှိတစ်ယောက်ဆိုတာ သူတစ်ပါးရဲ့ အခက်အခဲကို နားလည်လက်ခံပေးရမယ်။ လိုက်လျောညီထွေနေတတ်ပြီး မိတ်ဆွေအသစ်တွေရအောင်ပဲ ဆက်ဆံတတ်ရမယ်။ အဲဒီတော့ ငါတို့တွေကလည်း ကျင့်ဝတ်မရှိ၊ ကျင့်ဝတ်မသိတဲ့ လူတွေ မဟုတ်ပါဘူး . . .”
ရဲရှောင်၏ စကားကြောင့်အားလုံး အံ့ဩသွားကြလေသည်။ လန်လန့်လန့်နှင့်ဇူဝူကျီ တို့နှစ်ဦးသည်ရဲရှောင်၏ အပြောကြောင့်သူတို့၏ ပါးစပ်မှသွေးများပင်ပျို့အန်ထွက်မတတ်ဖြစ်သွား၏။
ဇူဝူကျီတို့အနေဖြင့်ရဲရှောင်သည်တကယ်အဆိပ်မမိဘဲနှစ်ခြောက်ရာ သက်တမ်းရှိသွေးဂျင်းဆင်းအား လိုချင်၍ တမင်ပြသာနာရှာပြီး ခြိမ်းခြောက်တောင်းဆိုနေသည်ဟုသာ ထင်မိနေသည်။ ထို့ပြင်ကျင့်ဝတ်များအား တစ်ခါမှပင်မလိုက်နာဖူးသော ရဲရှောင်လိုလူမှ ကျင့်ဝတ်များအကြောင်း ကြီးကြီးကျယ်ကျယ်ပင်ထုတ်ပြောနေသည်ကို ကြားလိုက်၍ သူတို့နှစ်ဦးစလုံး အမှန်တကယ်ပင်အံ့ဩသွားရလေသည်။
“စိတ်မပူပါနဲ့။ ခင်ဗျားရဲ့ အချစ်ဆုံးသားလေးကသာ သူ့ရဲ့ ကျင့်စဉ်တွေကို အဆင့်မြင့်ဖို့ဆိုပြီး ခင်ဗျားရဲ့ နှစ်ခြောက်ရာဂျင်းဆင်းအကြောင်း ကြွားလုံးမထုတ်ခဲ့ရင်နောက်ပြီး အရေးကြီးဆုံးက သူသာ ငါ့ကို အဆိပ်မခတ်ခဲ့ရင်ငါလို သဘောထားကြီးပြီး သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်မျိုးနဲ့ လူကြီးလူကောင်းတစ်ယောက်က ခင်ဗျား သားကို ဘာလို့ အသားလွတ်ကြီး ပြသာနာရှာလိမ့်မလဲ။ ခင်ဗျားသားလို လူမျိုးကို လှည့်တောင်ကြည့်မိမှာမဟုတ်ဘူး”
ရဲရှောင်သည်အလွန်ပင်ကြီးကျယ်ခမ်းနားသော စကားများအားပြောလိုက်လေသည်။
“ငါသိပြီ . . . ငါသိပြီ”
ဝမ်ဒါနမ်သည်ရဲရှောင်ပြောလိုက်သည့်စကားများကြောင့်သူ၏ သားဘက်သို့ လှည့်ကြည့်လိုက်ရင်း –
“အတော်မိုက်မဲတဲ့ကောင်။ မင်းက ငါ့ပိုင်ဆိုင်မှုတွေကို လူတကာ လိုက်ကြွားနေတဲ့ကောင်ပဲ။ မင်းက တကယ့်ကို မိသားစုကို အရှက်ရစေတဲ့ကောင်။ ဘယ်အချိန်ကျမှ မင်းက ငါ့ကို စိတ်ချမ်းသာစေမှာလဲ . . .”
ဝမ်ရှောင်နမ်စကားတစ်လုံးမျှပင်မပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသားကြီးဖြင့်ပင်ဖြစ်နေလေသည်။ဒေါသများသည်သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်ဆူပွက်နေပြီး အပြင်သို့ ပွင့်အန်မကျလာစေရန်အတွက်အကြိမ်ကြိမ်ပင်မြိုချနေရသည်။
“သွေးဂျင်းဆင်းကို သွားယူပြီး သခင်လေးရဲကိုပေးလိုက်စမ်း”
ဝမ်ဒါနမ်သက်ပြင်းတစ်ချက်ချမိလိုက်၏။ သူ့အနေဖြင့်ယခုကဲ့သို့ တန်ဖိုးကြီးမားလှသည့်ဂျင်းဆင်းကို ရဲရှောင်အားပေးလိုစိတ်အနည်းငယ်မျှပင်မရှိချေ။ သို့သော်သူ့အတွက်အခြားရွေးချယ်စရာ နည်းလမ်းလည်း မရှိတော့ပြီဖြစ်၍ မျက်စိကို စုံမှိတ်အံကိုကြိတ်၍သာ ဂျင်းဆင်းအား သွားယူခိုင်းလိုက်ရခြင်းပင်ဖြစ်သည်။
“အဖေ . . .”
ဝမ်ရှောင်နမ်သည်သူ၏ အဖေအား ခါးခါးသီးသီးဖြင့်ပင်အော်လိုက်လေသည်။ သို့ရာတွင်သူ့အဖေ၏ မျက်နှာထားအားကြည့်မိလိုက်သောအခါ ဝမ်ရှောင်နမ်အနေဖြင့်အနည်းငယ်မျှပင်အထွန့်မတက်ရဲတော့ပေ။နောက်ဆုံးတွင်သူ၏ အခန်းသို့ စိတ်မပါသည့်ပုံစံဖြင့်သွားလိုက်လေသည်။ ဝမ်ရှောင်နမ်၏ ပုံစံသည်အသက်မရှိတော့သည့်လူတစ်ယောက်လမ်းလျှောက်နေသကဲ့သို့ပင်။
“သခင်လေးရဲ”
ဝမ်ဒါနမ်အသက်ပြင်းပြင်း ရှုလိုက်ရင်း –
“မင်း အနေနဲ့ ဒီကိစ္စကို ဒီနေရာမှာတင်ပြီးပြီလို့ သတ်မှတ်ပေးလို့ရမလား”
ရဲရှောင်ပြုံးလိုက်ရင်း –
“သိပ်သေချာတာပေါ့။ ကျုပ်က ကတိတည်တဲ့ လူတစ်ယောက်ပါ။ ခင်ဗျားရဲ့ အသုံးမကျတဲ့သားကို ကျုပ်နည်းနည်းလေးတောင်အနှောက်အယှက်မပေးတော့ဘူး”
ဝမ်ဒါနမ်သည်စိတ်သက်သာရာ ရသွားဟန်ဖြင့်-
“သခင်လေးရဲ ယုံကြည်ဖို့ မကောင်းတဲ့လူတစ်ယောက်ကို ဘယ်သူကမှ မိတ်ဆွေမဖွဲ့ချင်ဘဲ လူ့အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခြင်းကို အမြဲခံရတတ်တယ်။ အဲဒီအတွက်မင်းရဲ့ကတိကို တည်အောင်ထိန်းနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ တကယ်လို့ မင်းအနေနဲ့ ကတိမတည်ခဲ့ဘူးဆိုရင်ငါ့ဘက်ကလည်း မင်းကို အခုတစ်ကြိမ်လိုမျိုး လိုက်လျောစရာ အကြောင်းမရှိတော့ဘူး”
“ဟဟ . . . ဟုတ်တာပေါ့ ငါ့ကတိငါ တည်ပါတယ်။ ငါက ဘယ်သူလဲ . . . သိပ်ကိုရိုးသားတဲ့ လူတစ်ယောက်လေ ဟုတ်တယ်မလား”
ရဲရှောင်ဝမ်ဒါနမ်အား စက်ဆုပ်ရွံရှာစွာဖြင့်ကြည့်လိုက်ရင်းတွေးမိလိုက်သည်မှာ –
“ကျုပ်ရဲ့ ကတိတွေကို ခင်ဗျားရဲ့ အိမ်မက်ထဲအထိပါ သိမ်းထားလိုက်”
ဝမ်ရှောင်နမ်သည်သူ၏ အခန်းထဲမှ အလွန်တရာမှပင်လေးလံနှေးကွေးသောခြေလှမ်းများဖြင့်လျှောက်လာနေလေသည်။ သူ၏ ပုံစံသည်လက်ရှိအခြေအနေမှနောက်အခြေအနေတစ်ခုသို့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားစေရန်မျှော်လင့်နေသည့်အနေအထားမျိုးပင်။ သူ၏ လက်ထဲတွင်သေတ္တာငယ်လေးတစ်လုံးအား ကိုင်လာပြီး အခန်းထဲမှ ထွက်လာလေသည်။ ရဲရှောင်ဝမ်ရှောင်နမ်အားအော်ပြောလိုက်ရင်း –
“မြန်မြန်လာ။ ငါ့ဂျင်းဆင်းကို မြန်မြန်ယူခဲ့။ အချိန်ဆွဲမနေနဲ့။ မင်းဘယ်လောက်ပဲ အချိန်ဆွဲနေဆွဲနေ ကိစ္စမရှိဘူး အဲဒီ ဂျင်ဆင်းက ငါ့ဟာပဲ”
“အဖေ . . . ကျွန်တော်သူ့ကို တကယ်အဆိပ်မခတ်ခဲ့ဘူး . . .”
ဝမ်ရှောင်နမ်သူ့အဖေများ စိတ်ကူးပြောင်းသွားလေမလားဆိုပြီးမျှော်လင့်ချက်တကြီး ကြည့်လိုက်သည်။ သူ၏ ဂျင်ဆင်းအား မပေးချင်၍ သူတတ်နိုင်သမျှနောက်ဆုံးအနေဖြင့်ကြိုးစားနေမိခြင်းပင်ဖြစ်၏။ ယခုသွေးဂျင်းဆင်းသည်သူ၏ ကျင့်စဉ်ကျင့်ကြံမည့်လမ်းကြောင်းတွင်မရှိမဖြစ်အရေးပါသည့်ပစ္စည်းပင်ဖြစ်ပေသည်။
ဝမ်ရှောင်နမ်သည်သူ့အဖေမှ ယခုကဲ့သို့တန်ဖိုးအလွန်ကြီးမားသော ပစ္စည်းမျိုးအား လူပေါ်ကျော့တစ်ဦးဖြစ်သည့်ရဲရှောင်အား အဘယ့်အတွက်ကြောင့်ပေးလိုက်သည်ဆိုသည်ကို နားမလည်နိုင်အောင်ပင်ရှိနေလေသည်။ သူ၏ အဖေ ဘာအကြောင်းအရာများတွေးနေခဲ့သည်ကို မသိနိုင်ခဲ့ပေ။ လက်ရှိအခြေအနေအားပြောင်းလဲရန်အတွက်သူ့အနေဖြင့်ဘာမှ မတတ်နိုင်တော့ချေ။
ဝမ်ဒါနမ်သက်ပြင်းချလိုက်ရင်း တစ်ကိုယ်တည်း တွေးလိုက်မိသည်မှာ –
“မင်းက ကလေးပဲရှိသေးတယ်။ ငယ်သေးတယ်။ ငါသာ ရဲရှောင်ကို တကယ်အဆိပ်မခတ်ခဲ့ရင် နောက်ပြီး သူသာဒီအထိရောက်လာပြီး ဂျင်ဆင်းကို မတောင်းခဲ့ရင် ငါပေးစရာအကြောင်းကို မရှိဘူး”
“ဂျင်းဆင်းကို သခင်လေးရဲဆီပေးလိုက်သား။ ငါတို့ရဲ့ကံဆိုးမှုလို့ပဲတွေးလိုက်ပါတော့”
ဝမ်ဒါနမ်မျှော်လင့်ချက်ကင်းမဲ့သွားသည့်လေသံမျိုးဖြင့်ပြောလိုက်သည်။
ထို့နောက်သူတွေးလိုက်ရင်း –
“ဒီလို အခြေအနေမှာ ငါခေါင်းမာနေလို့ မဖြစ်ဘူး။ ရဲရှောင်အဆိပ်ကို အမှန်တကယ်ကုနိုင်ခဲ့ရင်တောင်သူ့ခန္ဓာကိုယ်ထဲကနေ အမြစ်ပြတ်ဖယ်ရှားနိုင်ဖို့ဆိုတာ အနည်းဆုံးချိန်တစ်နှစ်ပတ်လောက်တော့ လိုတယ်ဆိုတာ ငါသိတယ်။ သူ လုံးဝ ပြန်ကျန်းမာသွားသလို ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်။ ကြည့်ရတာတော့ အဆိပ်ဖြေတာ အရမ်းကျွမ်းကျင်တဲ့ လူတစ်ယောက်ယောက်က သူ့ကို ကူညီပေးလိုက်တဲ့ပုံပဲ။ ရဲရှောင်ပုံစံကြည့်ရတာ နည်းနည်းတော့ကြောင်တောင်တောင်ဖြစ်နေတဲ့ပုံ။ ဒါပေမယ့်သူ့ကို ကုပေးလိုက်တဲ့ ပညာရှင်ကတော့ သူဘာဖြစ်နေလဲဆိုတာ သိကိုသိရမယ်။ တကယ်လို့ ငါအခုချိန်မှာ ဂျင်းဆင်းကိုသာ မပေးလိုက်ဘူးဆိုရင်ငါ့ကိုယ်ငါ ဒုက္ခပေးသလို ဖြစ်နေမယ်။နောက်ပြီး ငါ့မိသားစုနဲ့ ငါ့ဆွေစဉ်မျိုးဆက်အထိပါ ငါ့ကြောင့်ဒုက္ခရောက်စေလိမ့်မယ်။ ဒီလိုကောင်မျိုးကို တစ်ခါလောက်တော့ မျက်နှာသာပေးလိုက်မယ်။ ငါ့အတွက်တော့ ဂျင်ဆင်းဆုံးရှုံးလိုက်ရတယ်ဆိုပေမယ့်ဒီကောင် အဆိပ်ကြောင့်မသေနိုင်ဘူးဆိုတာတော့ သိလိုက်ရတာပေါ့။
ရဲရှောင်ဝမ်ရှောင်နမ်ထံသို့ပြေးသွားရင်း သူ၏ လက်ထဲမှ ဂျင်ဆင်းအား ယူလိုက်သည်။ ရဲရှောင်လန်လန့်လန့်နှင့်ဇူဝူကျီတို့ဘက်သို့ လှည့်၍ ဟားတိုက်ရယ်မောလိုက်ရင်း –
“သွားကြစို့”
သခင်လေးသုံးပါးသည်တစ်ယောက်ပုခုံးတစ်ယောက်ဖက်လိုက်ကြရင်းပေါ့ပါးပြုံးရွှင်စွာဖြင့်ထွက်ခွာသွားကြလေသည်။
“ရဲရှောင်. . . ငါမင်းကို ဘယ်တော့မှ အလွတ်မပေးဘူး”
ဝမ်ရှောင်နမ်အသံကုန်ခြစ်၍အော်ပြောလိုက်သည်။
“ဟားဟားဟား . . . အချိန်တွေအများကြီးရှိပါသေးတယ်ကွာ”
ရဲရှောင်၏ အသံသည်ခပ်လှမ်းလှမ်းမှပင်ထွက်ပေါ်လာလေသည်။ သူတို့သုံးဦးသည်ဝမ်ရှောင်နမ်၏ အိမ်နှင့်အတော်ဝေးဝေးပင်ရောက်နေကြပြီ ဖြစ်သည်။
“အဖေ . . . ရဲရှောင်က တကယ်အဆိပ်မိတာမှ မဟုတ်တာ။ သူတို့သုံးယောက်ဒီကိုလာတာ ကျွန်တော်တို့ကို ခြိမ်းခြောက်ညစ်ပတ်ဖို့။သွေးဂျင်ဆင်းကို လိုချင်လို့ တမင်လာတာ”
ဝမ်ရှောင်နမ်သည်သူ့အား ကံကြမ္မာမှ လှည့်စားနေသကဲ့သို့ပင်ခံစားနေရပေသည်။ သူသည်ဝမ်းနည်းကြေကွဲစွာဖြင့်-
“အဖေ . . . ဘာကြောင့်. . .”
“ပါးစပ်ပိတ်ထားစမ်း”
ဝမ်ဒါနမ်၏ မျက်နှာတစ်ခုလုံးသည်ခက်ထန်မာကြောနေပြီး သူ၏ မျက်လုံးများသည်ဒေါသရိပ်များ သန်းလျက်ရှိ၏။ သူ၏ အသက်ရှုသံအား အတိုင်းသားပင်ကြားနေရပြီး သူ၏ သားအား တစ်စုံတစ်ခုပြောရန်ပြင်ပြီးမှ ဆက်မပြောတော့ဘဲ ရပ်တန့်လိုက်လေသည်။ ထို့နောက်ဝမ်ဒါနမ်မှ –
“အိမ်မှာပဲနေ။ အိမ်အပြင်မထွက်နဲ့။ ငါအပြင်ခဏသွားဦးမယ်”
ဝမ်ဒါနမ်သည်ချက်ချင်းပင်အိမ်ထဲမှ ထွက်သွားပြီး အပြင်သို့ ခပ်သုတ်သုတ်သွားလိုက်သည်။
ထိုအချိန်တွင်ရဲရှောင်၏ လက်ထဲ၌သွေးဂျင်းဆင်းအား ကိုင်ထားရင်း ပြုံးရွှင်စွာဖြင့်-
“ငါတို့ အိမ်သွားကြမယ်။ ဒီအောင်မြင်မှုအတွက်ငါမင်းတို့ကို အရက်တိုက်မယ်။ ငါဒကာခံမယ်ကွာ”
လန်လန့်လန့်နှင့်ဇူဝူကျီ တို့သည်သွားများပင်ပေါ်အောင်ပြုံးလိုက်ကြပြီး –
“သခင်လေးရဲ။ မင်းက ဂျင်းဆင်းကိုတောင်ရအောင်ယူနိုင်ခဲ့တယ်။ ငါတို့ဖြင့်ဝမ်ဒါနမ်က ဒီလိုလွယ်လွယ်ေပးလိုက်လိမ့်မယ်လို့ ထင်ကိုမထင်ထားဘူး . . .”
ရဲရှောင်သည်ထိုစကားများအား ကြားလိုက်ရသောအခါ ပါးစပ်နားရွက်တက်ချိတ်သွားမတတ်ပင်ပြုံးလိုက်ရင်း တစ်ယောက်တည်းတွေးလိုက်မိသည်မှာ –
“ဒီဂျင်ဆင်းကဝမ်ဒါနမ်ကြောင့်ရလာတာမှ မဟုတ်တာ။သေဆုံးသွားတဲ့ အရင်ရဲရှောင်ကြောင့်ရလာတာ။ သူသာ အဆိပ်မမိခဲ့ဘူးဆိုရင်ငါလည်း ဒီလိုရမှာမဟုတ်ဘူး။ သူက ငါ့အတွက်အနစ်နာခံ စွန့်လွှတ်ပေးသွားတာ။ သူ့နာမည်လေး သုံးလိုက်ရုံနဲ့ ငါကအေးဆေးရသွားတာ . . .