Chapter – 17 မျက်ရည်မကျပဲ ငိုခြင်း
“မူး…”
နွားဝါသည် ကျယ်လောင်စွာ အော်ဟစ်နေလေ၏။ သူ၏ လှုပ်ရှားမှုမှာ မထင်မှတ်ပဲ အလွန် ချောမွေ့နေည်။ သူသည် ချူဖုန်းကို အေးဆေးရှောင်လိုက်နိုင်လေသည်။
“နွားနတ်ဆိုး .. မင်းဘာလုပ်နေလဲဆိုတာ မင်းသိရဲ့လား” ချူဖုန်း အံကြိတ်ကာ လူသတ်တော့မည့် အကြည့်ဖြင့် နွားပေါက်လေးကို ထပ်ဖမ်းလာသည်။
သို့သော ယခုတစ်ခေါက် သူ၏ပစ်မှတ်မှာ ဖုန်းပင်ဖြစ်သည်။ နွားဝါ မည်သူ့အား ခေါ်နေသည်ကို သူသိရန်လိုအပ်သည်။ သို့မှသာ သူ ကျိုးကြောင်းဆီလျော်သည့် ဖြေရှင်းချက်တစ်ခု ပေးနိုင်လိမ့်မည်။
မဟုတ်ပါက အခြားသူများ သူ့ကို မည်သို့ ထင်သွားမည်နည်း.. ဖုန်းကိုင်လိုက်သည်နှင့် တဝူးဝူးတဝါးဝါးအသံများ ထွက်လာသည့်မြင်ကွင်းမှာ စဉ်းစားကြည့်သည်နှင့်ပင် ရှက်စရာကောင်းလှသည်။
သူ သူများကို ဖြေရှင်းချက် ပေးမည်ဆိုလျှင်ပင် ဘာပြောရမည်နည်း.. မည်သူကရော သူ့ကို ယုံကြည်မည်နည်း.. ဤသည်မှာ တကယ်ကို ခေါင်းကိုက်စရာကောင်းလှသည့် ပြဿနာပင်။
နွားပေါက်တစ်ကောင် သူ့ဖုန်းသုံးပြီး တစ်ခြားသူတွေကို ဆက်သွယ်တာလို့ ပြောရမှာလား.. ဤသို့သာဆိုလျှင် ပြဿနာကို ဖြေရှင်းနိုင်မည့်အစား ပို၍ပင် ရှုပ်ထွေးသွားလိမ့်မည်။
အားလုံးရှုပ်ထွေးနေသော်လည်း နွားပေါက်လေးမှာ သူနှင့် မပူးပေါင်းသေး။ ချူဖုန်းကို ရှောင်နေသေးသည်။
ထို့အပြင် သူသည် နောက်ခြေထောက်နှစ်ဖက်ဖြင့် မတ်တပ်ရပ်ပြီး ရှေ့ခြေထောက်ဖြင့် ဖုန်းကိုကိုင်ကာ ချူဖုန်းကို ဘယ်ညာရှောင်တိမ်းပြီး လှည့်ပတ်ပြေးနေသည်။
“ငါ့ကိုပေး..” ချူဖုန်း အော်ဟစ်လိုက်သည်။
နွားဝါသည် အလျင်မြန်ဆုံးသော လူသားများထက်ပင် ပို၍ လျင်မြန်သွက်လက်နေသည်။ သူသည် ရွှေမျောက်ဝံတစ်ကောင်ကဲ့သို့ ခုန်လိုက်၊ ပေါက်လိုက်၊ ရှောင်လိုက်၊ အော်လိုက်၊ သီချင်းဆိုလိုက် လုပ်နေသည်။ သူသည် ဉာဏ်ရည်မြင့်သော သတ္တဝါကဲ့သို့ ကျောက်တုံးစားပွဲအနား ပတ်ပြေးလိုက်နေလေ၏။
ထိုနွားသည် ဖုန်းကိုကိုင်ပြီး အော်နေဆဲပင်။
ချူဖုန်း၏မျက်နှာ စိမ်းဖန့်လာလေပြီ။ “ဒီကောင်က တစ်ယောက်ယောက်ကို ခေါ်နေတုန်းလား..”
“နွားနတ်ဆိုးကောင် … ငါမင်းကို သတ်မယ်..” သူ အော်ဟစ်လိုက်သည်။ သူသည် သတိလစ်လဲကျမတတ် ဒေါသထွက်နေပြီဖြစ်သည်။
နွားဝါသည် ချူဖုန်း၏ စကားများကို မထီမဲ့မြင်သာ လုပ်နေသည်။ သူ့မျက်နှာထက်တွင် ‘ငါ ဂရုမစိုက်ဘူး..’ ဟူသော စာလုံးကို ရေးထားသည့်အလားပင်။
“မကောင်းတာ လုပ်ထားပြီး သတ္တိရှိနေသေးတယ် .. မင်း ငါ့ကိုလာနောက်နေတာလား..” ချူဖုန်းသည် နွားပေါက်နောက်ကို လိုက်မမှီနိုင်သောကြောင့် ခြံထဲရှိသမျှပစ္စည်းဖြင့် သူ့ကို ပစ်ပေါက်နေလေ၏။
နွားပေါက်လေး ဖုန်းကိုင်ထားလေလေ သူ အရှက်ရလေလေပင်။
နောက်ဆုံးတွင်တော့ နွားဝါလေးသည် သူ၏လှုပ်ရှားမှုများ ရပ်တန့်လိုက်ကာ ဖုန်းကို ကျောက်စားပွဲပေါ်သို့ တင်ထားလိုက်သည်။
ချူဖုန်း၏မျက်နှာမှာ ဒေါသအပြည့်ပင်။ သူ ငိုချင်သော်လည်း မျက်ရည်ထွက်မလာခဲ့။
နွားဝါသည် ဖုန်းကို စားပွဲပေါ် တင်လိုက်သော်လည်း သူသည် ထိုဖုန်းကို သူ ရှေ့ခြေဖြင့် ထိရန် ကြိုးစားနေဆဲပင်။
ချူဖုန်း သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် ကျောက်စားပွဲဘေး မောပန်းစွာ ထိုင်ချလိုက်သည်။ သူ ဖုန်းကိုကြည့်ပြီး နွားဝါလေးကို ထပ်ကြည့်လိုက်သည်။ သူ ဘယ်လိုဖြေရှင်းချက်ပေးရတော့မှာလဲ .. သူ အလွန်စိတ်ရှုပ်နေရလေပြီ။
သက်ပြင်းချပြီးနောက် ဖုန်းကောက်ကိုင်လိုက်သည်။ အမှန်အတိုင်း ပြောရုံအပြင် အခြားနည်းလမ်းများကို မစဉ်းစားတတ်သောကြောင့် နွားဝါ၏တည်ရှိမှုကို ဖော်ထုတ်ရုံသာ တတ်နိုင်တော့သည်။
“ခဏနေကျရင် ငါ့စကားတွေကို သက်သေပြဖို့အတွက် မင်း နည်းနည်းလောက်အော်ပေး .. ဟုတ်ပြီလား..” ချူဖုန်း ပြောလိုက်သည်။
နွားဝါလေးသည် သူ အပြစ်ရှိသည်ကို သိသွားသောကြောင့် နာနာခံခံ ခေါင်းညိမ့်လာသည်။
သူ့ဖုန်းမှ အဆက်အသွယ်စာရင်းကို ဖွင့်လိုက်သည့်အချိန် သူ အေးခဲသွားရသည်။ အဆက်အသွယ်စာရင်းတွေ ဘယ်ရောက်သွားပြီလဲ.. ဘာလို့မရှိတော့တာလဲ..
“ဘယ်ရောက်သွားတာလဲ…” ချူဖုန်း ဆွံ့အသွားရသည်။
ရုတ်တရက် နွားဝါလေး ဖုန်း နောက်ဆုံးကိုင်သည့်မြင်ကွင်းကို သူ ပြန်စဉ်းစားမိသွားသည်။ သူ အဆက်အသွယ်စာရင်းတစ်ခုလုံးကို ရှင်းပစ်လိုက်တာလား…
“နွားဝါ .. ခွေးကောင် .. မင်း ဘာလုပ်လိုက်လဲ လာကြည့်..”
ချူဖုန်း အော်ဟစ်လိုက်သည်။ လွန်ခဲ့သည့် တစ်မိနှစ်က ဤရှက်စရာကောင်းသည့် မတော်တဆမှုအား ဖြေရှင်းနိုင်မည့်နည်းလမ်းကို သူစဉ်းစားနေခဲ့သော်လည်း တစ်မိနစ်ကြာပြီးသည့်နောက်တွင်တော့ ဘာကိုမှ ပြောင်းလဲ၍မရတော့။
“မင်း ဘယ်သူ့ကို ခေါ်လိုက်တာလဲ..” ချူဖုန်း စစ်မေးလိုက်သည်။ သူ လင်းနွိုင်နာမည်ကို မြင်လိုက်သေးသည်။ သူ အခြား မည်သူ့ကို ထပ်ခေါ်သေးသနည်း..
နွားဝါလေးသည် ရိုးဖြောင့်သည့်အပြုံးတစ်ခုကို ပြုံးပြပြီး သူ့ကို ခေါင်းခါပြလာလေသည်။ ဤသည်မှာ သူမည်သူ့ကိုခေါ်လိုက်ကြောင်း သူလည်းမသိဟု ဆိုလိုခြင်းပင်။
“မင်း ငါ့ အဆက်အသွယ်စာရင်းကို ဘယ်လိုရသွားတာလဲ..” ချူဖုန်း အော်ပြောလိုက်သည်။
ထိုအချိန်တွင် သူ့ဖုန်းသည် အချိန်ကွက်တိပင် မြည်လာသည်။ ကျိုးချွမ် ခေါ်လာခြင်းပင်။
ဖုန်းကိုင်လိုက်သည်နှင့် ကျိုးယွမ်၏ ဆဲဆိုသံများ ထွက်ပေါ်လာသည်။ “နွားနတ်ဆိုး .. မင်းကငါ့ကို ဆက်တိုက် အနှောက်အယှက် ပေးရဲတယ်လား..”
“ငါပါ..” ချူဖုန်း ပြန်ဖြေလိုက်သည်။
“အာ .. တော်သေးတာပေါ့…ဖုန်း မင်းဆီ ပြန်ရောက်လာပြီလား .. ဟိုနွားစုတ်က ငါ့ကို ထပ်ခါတလဲလဲခေါ်ပြီး တမူးမူး အော်နေတာ..”
ချူဖုန်း ကျောက်ရုပ် ဖြစ်သွားလေပြီ။ ဒီရူးနေတဲ့နွားက တစ်ခြား ဘယ်သူတွေကို ဒီလိုမျိုး ဆက်သွယ်ခဲ့သေးတာလဲ.. ဘယ်သူက ကံဆိုးပြီးတော့ ဒီလိုမျိုးအော်ခံလိုက်ရသေးလဲ..
ကျိုးချွမ်ကိုတော့ သူ စိတ်မပူ။ ဤနွားပေါက် မည်မျှစိတ်ရှုပ်စရာကောင်းသည်ကို သူကိုယ်တိုင် ကြုံဖူးသောကြောင့် များများစားစား ရှင်းပြနေစရာမလို။
တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် သူ လင်းနွိုင်ကို ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
လင်းနွိုင်ဖုန်းကိုင်လိုက်သော်လည်း သူတို့ကြားတွင် စကားပြောသံမရှိ။ လင်းနွိုင်ဘက်မှနောက်ခံ သီချင်းသံသာ ရှိနေသည်။ သူ ဤကိစ္စကို ချက်ချင်း တန်းမပြောချင်သေး။
လင်းနွိုင်ဘက်မှ သီချင်းသံ တိတ်သွားသော်လည်း သူမ စကားမပြောသေး။ သူတို့သည် တစ်ဦး၏အသက်ရှူသံကို တစ်ဦးကြားနေရသည်။
တိတ်ဆိတ်မှုမှာ တစ်မိနစ်ကျော် ကြာသွားလေပြီ။
ရုတ်တရက် နွားဝါသည် ခေါင်းမော့ကာ ကျောက်စားပွဲထံသို့ တရှိန်ထိုး ပြေးလာသည်။ ထို့နောက် သူသည် ဖုန်းကိုစိုက်ကြည့်ကာ နားကန်စေလောက်သည့်အသံဖြင့် အော်ဟစ်လာလေသည်။
ဖုန်းတစ်ဖက်ခြမ်းမှ ဖန်စကွဲသွားသည့်အသံကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ လင်းနွိုင်လည်း ဤအော်သံကြောင့် ထိတ်လန့်သွားသည်မှာ သေချာသည်။ ထို့နောက် သူမ ဖုန်းချသွားလေ၏။
ချူဖုန်းသည် အချိန်အတော်ကြာသည်အထိ မယုံကြည်နိုင်မှု၊ ကြောက်ရွံ့မှုများကြောင့် တောင့်တောင့်ကြီး ဖြစ်သွားလေသည်။ “ခွေးကောင် .. ငါမင်းကို တစ်စစီလုပ်ပစ်မယ်…” အချိန်အတော်ကြာမှသာ တောင့်ခဲနေပြီးမှသာ သူ အော်ဟစ်လိုက်နိုင်သည်။
မင်းပဲ ငါ့ကို အော်သံပေးပြီး ပူးပေါင်းပေးဖို့ ပြောထားတာလေ..” နွားဝါလေး အပြစ်ကင်းသည့်မျက်နှာဖြင့် ပြောလာသည်။
ချူဖုန်း သူ့နောက်သို့ နောက်တစ်ကြိမ် ပြေးလိုက်လိုက်သည်။ ခြံဝန်းကျယ်ကြီးမှာ နွားတစ်ကောင်နှင့် လူတစ်ယောက်၏ အော်သံများဖြင့် ပြည့်နေလေ၏။
နောက်ဆုံး ခြေကုန်လက်ပန်းကျသွားမှသာ ချူဖုန်း သူ့အခန်းထဲ ဝင်သွားလိုက်သည်။ သူ့ဖုန်းထဲမှာ နာမည်စာရင်းများကို သူ ဂရုမစိုက်နိုင်တော့။ သူ အနားယူဖို့ လိုအပ်နေလေပြီ။
သူ နိုးလာသည့်အချိန်တွင် နေရောင်ပျောက်ပြီး ညအချိန်ပင် ရောက်နေလေပြီ။
ချူဖုန်း ညစာကို ကောင်းကောင်းပြင်ဆင်လိုက်သည်။ တစ်နေ့တာလုံး စိတ်ရှုပ်သမျှကို ရှင်းပစ်ရန်အတွက် သူ အစားကောင်းကောင်းစားရန် လိုအပ်သည်။
အစပိုင်းတွင် သူ ထိုနွားပေါက်လေးကို ရိုက်ချင်လွန်းလှသောကြောင့် လက်ပင်ယားနေပြီဖြစ်သည်။ သို့သော် ယခုတော့ သူ စိတ်ငြိမ်သွားပြီဖြစ်သောကြောင့် နွားဝါလေးကို ခွင့်လွှတ်ပေးလိုက်ကာ လတ်ဆတ်သည့်မြက်နှင့် သစ်သီးအချို့ကိုပင် ကျွေးလိုက်သေးသည်။
ညဘက်တွင်တော့ ကမ္ဘာတစ်လှမ်းလုံး၌ ဖြစ်ပျက်နေသည့် ပြောင်းလဲမှုတို့ကို ရှာဖွေဖတ်ရှုနေလိုက်သည်။
ရုတ်တရက် သူ့ဖုန်းလှိုင်းနှင့် တီဗီလှိုင်းများ မငြိမ်မသက်ဖြစ်လာသည်။ ဤသည်မှာ အာကာသအပြင်ဘက်ရှိ ဂြိုလ်တုများကို တိုက်ခိုက်နေသည့် အပင်များ၏ ကျေးဇူးကြောင့် ဂြိုလ်တုနောက်တစ်လုံး ပျက်စီးသွားခြင်းဖြစ်ကြောင်း ခန့်မှန်းနေစရာပင်မလို။
နောက်ဆုံးတွင်တော့ အနှောက်အယှက်များ ပျောက်ကင်းသွားပြီး လှိုင်းပြန်ကောင်းလာသည်။
လှိုင်းများ ပြတ်တောက်သွားမှုကြောင့် အင်တာနက်ပေါ်တွင် ဆူညံပွက်လောရိုက်နေပြီဖြစ်သည်။
လေထဲ၌ မျောနေသည့် ကြောက်စရာကောင်းသည့် အပင်အားလုံးကို ရှင်းလင်းပြီးသွားပြီဖြစ်ကြောင်း သတင်းအချိုု့ ထွက်ပေါ်လာသည်။
သို့သော် သူ အနည်းငယ် စိုးရိမ်နေဆဲပင်။ ဤသည်မှာ အဆုံးသတ်မဟုတ်သေးဟု သူ ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် အခြားနယ်မြေများစွာ၌လည်း ပြောင်းလဲမှုများ ဖြစ်နေဆဲပင်။
လူတစ်ယောက်သည် သူ့အိမ်နားတွင် တောင်များ ထောင်ပေါင်းများစွာ ရုတ်တရက်ထွက်ပေါ်လာကြောင်း ဓာတ်ပုံများဖြင့် ရှင်းရှင်းလင်းလင်း ပြသထားသည်။ ဤသည်မှာ တိုင်ဟန်းတောင်တန်းတွင် ပေါ်လာသည့်တောင်များနှင့် အတူတူပင်။ ဤတောင်များသည် တိမ်တိုက်များကိုပင် ထိုးဖောက်သွားသောကြောင့် နတ်သမီးပုံပြင်များထဲ၌ ဖော်ပြထားသည့် မြင်ကွင်းကဲ့သို့ ဖြစ်နေသည်။
အခြားတစ်ယောက်သည်လည်း သူသည် ဆယ်လီလောက်သာသွားရမည့်ခရီးကို လီပေါင်း ရာပေါင်းများစွာ သွားခဲ့ရသည်ဟု ပြောထားလေသည်။
ယခုအချိန်တွင် ထူးဆန်းသည့်အဖြစ်အပျက်များမှာ စုန့်တောင်၊ ဝမ်ဝူတောင်နှင့် တိုင်ဟန်းတောင်တို့၌သာ ဖြစ်နေခြင်းမဟုတ်။ အခြားနေရာများတွင်လည်း ဖြစ်ပျက်နေသည်ပင်။
မြေကြီးများ ပေါက်ကွဲလာခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ အဆက်အသွယ်ပြတ်တောက်ခြင်းနှင့် အဆောက်အဦးများ ပြိုကျခြင်းမှာ ရှားပါးသည့်မြင်ကွင်းမဟုတ်တော့။ ဤအရာများမှာ အချိန်မရွေး၊ နေရာမရွေး ဖြစ်ပျက်နိုင်သည့်အရာများ ဖြစ်သွားပြီဖြစ်ပြီး တစ်လောကလုံးကို ခြိမ်းခြောက်နေသည်ပင်။
ညနက်နေလေပြီ။ ချူဖုန်း သူ့အခန်းထဲ တိတ်ဆိတ်စွာပင် ထိုင်နေသည်။ ဖြစ်ချိန်တန်သည့်အရာမှာ ဖြစ်လာပြီဖြစ်ကြောင်း သူသိသည်။ အပြင်းထန်ဆုံးသော ပြောင်းလဲမှုများ ဖြစ်လာတော့မည်။
“ဘုန်း..”
တစ်ယောက်ယောက် သူ့တံခါးကို လာခေါက်နေသည်။
ချူဖုန်း တံခါးဖွင့်လိုက်သည့်အချိန်တွင် နွားဝါလေးသည် သူနှင့် ခြံထဲသို့ လိုက်လာရန် အချက်ပြနေသည်။
ထို့နောက် နွားဝါလေးသည် မြေကြီးပေါ်ထိုင်ချပြီး တင်ပုလ္လင်ခွေထိုင်လိုက်ကာ ကောင်းကင်ကို မျက်နှာမူနေလေသည်။ ထို့နောက် သူသည် အသက်ရှူလေ့ကျင့်ခန်းစလုပ်နေသလို ချူဖုန်းကိုလည်း လိုက်လုပ်ရန် အချက်ပြနေလေသည်။
နွားဝါလေး သူ့ကို သင်ပေးနေသောကြောင့် ချူဖုန်း အံ့အားသင့်သွားရသသည်။
သူ စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီး ထိုနွားဝါလေးအတိုင်း ထူးဆန်းသည့်အသက်ရှူလေ့ကျင့်ခန်ကို စလုပ်လိုက်သည်။
လရောင်မှာ နူးညံ့ငြင်သာလှသည်။ လရောင်သည် တစ်ညလုံး အရောင်မှိန်နေသော်လည်း လေ့ကျင့်ခန်းစလိုက်သည်နှင့် ချူဖုန်း၏ ဆံပင်ထက်တွင် လရောင်ထူထဲလာသည်။ ဤသည်မှာ မမြင်နိုင်သည့် စွမ်းအားတစ်ခုခုမှ သူ့ဘေးပတ်လည်ရှိ အလင်းများအား စုစည်းနေသကဲ့သို့ပင်။
ထို့အပြင် ကောင်းကင်ထက်မှ ကြယ်များ၏စွမ်းအင်များလည်း မြစ်တစ်စင်းကဲ့သို့ ချူဖုန်ထံသို့ စီးဆင်းလာလေသည်။
အပိုင်း ၁၇ ပြီး၏။