Chapter – 16 မုန်တိုင်း မလာခင် လေပြေ လာခြင်း
“ဓာတ်မြေသြစာ ထည့်ရင်ကောင်းမလား” ချူဖုန်း စဥ်းစားနေသည်။ ခြံဝင်းထဲမှ မြက်ခင်းပြင်တစ်နေရာကို ရှင်းလိုက်ပြီး အစေ့များကို စိုက်ပျိုးရန်လုပ်နေခြင်းပင်။ သို့သော် ထိုအစေ့များကို မြှုပ်ရန် သူ တွေဝေနေခဲ့သည်။
ဤအစေ့များသည် သူ့အတွက် အရေးကြီးသောကြောင့် စိုက်ပျိုးသည့် အဆင့်တိုင်းကို သူ သေချာလေးနက်စွာ လုပ်ကိုင်နေသည်။ ထို့ကြောင့် ဓာတ်မြေသြစာကို နေ့တိုင်းသုံးခြင်းက အစေ့အတွက် အကျိုးရှိမည်မဟုတ်ဟု သူ ယူဆလိုက်သည်။
သူ နွားဝါကို နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် ထိုနွားက သူ့အား သူ့မူပိုင် လှောင်ပြုံး ပြုံးပြနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုနွားသည် ချူဖုန်း ယခုကဲ့သို့အဓိပ္ပာယ်မရှိသော လုပ်ရပ်မျိုးလုပ်နေခြင်းကြောင့် သူ့ကိုသနားသောပုံစံဖြင့် ကြည့်နေခြင်းပင်။ နွားဝါအတွက်တော့ ဤအစေ့များသည် ရှင်သန်လာနိုင်မည်မဟုတ်။ အပွင့်ပွင့်ဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်။
“နွားဝါ မင်းအကူအညီလိုအပ်တယ်.. အစေ့တွေက မင်းကို လိုအပ်တယ်.. သူတို့ရှင်သန်နိုင်ဖို့က မင်းပေါ် မူတည်တယ်”
သူ၏လေးနက်သောမျက်နှာကို မြင်လိုက်ရသည့်အချိန် နွားဝါ ကြောင်အသွားရသည်။ ချူဖုန်း အဘယ်ကြောင့် ဤကဲ့သို့ ပြောသလဲဟု မေးလိုက်ပုံဖြင့် သူ အော်မြည်လိုက်သည်။
“ကြည့်.. ဒီမြက်ခင်းက မြေကြီးတွေက အပင်တွေ မြက်တွေ စိုက်ဖို့ သုံးကြတာ.. အဲဒီတော့ မြေကြီးမှာ အစာအာဟာရသိပ်မရှိဘူး.. မင်းဆီကနေ ဓာတ်မြေသြစာ နည်းနည်း ထုတ်ယူရင်ရော ဘယ်လိုလဲ သူငယ်ချင်းလေး” ချူဖုန်းက တည်ငြိမ်ပြတ်သားစွာ တောင်းဆိုလိုက်သည်။
စစချင်းတွင် နွားဝါမှာ သဘောမပေါက်သေး။ ခဏကြာ စဉ်းစားပြီးမှ သဘောပေါက်သွားကာ သူ့မျက်လုံးများ ချက်ချင်းပြူးသွားပြီး နှာခေါင်းတွင်းမှ အဖြူရောင်မြူလိပ်များ ထွက်လာကာ ချူဖုန်းအား တည့်တည့်စိုက်ကြည့်နေသည်။
“ဟေး ဟေး ဟေး အကိုနွားရေ ဒါလေးနဲ့တော့ စိတ်မကောက်ပါနဲ့… မင်းအတွက် ဘာမှ ထူးဆန်းတာမှ မဟုတ်တဲ့ဟာ… ဒါက သဘာဝအတိုင်း ဖြစ်ပျက်တဲ့ကိစ္စပဲလေ .. မင်း ငါ့ပန်းခြံထဲမှာ မင်းမစင်ထုတ်ဖို့ ရှက်နေမှန်း ငါသိပါတယ်.. ဒါပေမဲ့လည်း ငါတို့ရဲ့ ချစ်ဖို့ကောင်းတဲ့ အစေ့လေးတွေအတွက် အခုကစပြီး မင်းစွန့်ထုတ်ရမယ့်ဟာကို ငါ့ပန်းခြံထဲမှာ ထုတ်ခွင့်ပြုမယ်”
နွားဝါ၏နားရွက်မှ အခိုးအငွေ့များ ထွက်လာသည်။ သူ့မျက်လုံးထဲတွင် လူသတ်တော့မည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပဲ သူ့ရှေ့ခြေထောက်တစ်ဖက်သည် မြေကြီးကို ယက်နေကာ အချိန်မရွေး ချူဖုန်းကို ကန်တော့မည့်အခြေအနေတွင် ရှိသည်။
“မလုပ်နဲ့ မလုပ်နဲ့ အဲဒီလောက် စိတ်မတိုပါနဲ့… ငါ မင်းကို အပြစ်မတင်ပါဘူး .. မင်းက အနံ့နံမှာ စိုးလို့လား.. ရတယ် ဘာမှ မဖြစ်ဘူး.. ငါ သည်းခံနိုင်တယ်” သူရင်ဆိုင်ရမည့် အန္တရာယ်ကို မသိပဲ ချူဖုန်း ဆက်ပြောနေလေသည်။
ဖုန်း!
နွားဝါ ပြေးလာကာ ချူဖုန်းကို လေထဲလွင့်သွားအောင် ကန်ထည့်လိုက်လေ၏။ ကံကောင်းစွာဖြင့် နွားဝါသည် သူ၏ ရွှေဦးချိုကို မသုံးလိုက်။ ထိုသို့ဆိုသော်လည်း သူ ကန်ထည့်လိုက်သည့်အားမှာ မသေးလှ။ ချူဖုန်း မြက်ခင်းပြင်ပေါ် ခေါင်းနှင့် တိုက်ရိုက် ပြုတ်ကျသွားခဲ့လေသည်။
နောက်ဆုံးတော့ ချူဖုန်း ကျိုးကွမ်၏ ခံစားချက်ကို နားလည်သွားလေပြီ။ အပြောင်းအလဲမြန်သော နွားနှင့် ညှိနှိုင်းရခြင်းမှာ အသက်နှင့်စွန့်ကာ လုပ်ရသော ကိစ္စဖြစ်ကြောင်း သူ သိသွားသည်။
အမှန်တကယ် နွားဝါသည် ချူဖုန်းထက်ပင် ပို၍ဒေါသထွက်နေသည်။ သူ့မျက်လုံးများမှာ မီးတောက်မတတ် ဖြစ်နေလေပြီ။ ဤလူသည် ဟိုဝတုတ်ထက် ပို၍ စဥ်းစားဉာဏ် မရှိကြောင်း သံသယဝင်လာသည်။
ချူဖုန်းသည် သူ၏ရောင်နေသည့် လက်တံတောင်ဆစ်ကို ဖြေးဖြေးလေး ပွတ်သပ်ကာ ထရန် ကြိုးစားလိုက်သည်။ “ဒါတွေက နတ်မျိုးစေ့တွေဆိုတာ မင်း မသိဘူးလား” ချူဖုန်း သက်ပြင်းချလိုက်သည်။ “ရိုးရိုးဓာတ်မြေသြဇာတွေက သူတို့ ရှင်သန်အောင် မလုပ်ပေးနိုင်မှာ စိုးလို့.. မင်းက အရမ်းဆန်းကြယ်တာကို မြင်လိုက်တော့ မင်းရဲ့မစင်သာဆိုရင် ဓာတ်မြေသြဇာအဖြစ် တော်တော်ထိရောက်မှာပဲလို့ တွေးမိလို့ ငါလိုချင်တာ…”
“မူး….”
နားကန်စေနိုင်လောက်သော အော်မြည်သံထွက်ပေါ်လာသည်။ နွားပေါက်သည် အရပ်အမောင်းမှာ သိပ်အမြင့်ကြီး မဟုတ်သော်လည်း သူ့၏ အော်သံမှာ ခြံဝင်းထဲတွင် မိုးချိန်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။ အသံကျယ်လွန်းတာကြောင့် ချူဖုန်း သူ့နားကိုပင် အုပ်ထားလိုက်ရသည်။
“ကောင်းပြီ ကောင်းပြီ ငါအရှုံးပေးတယ်” နွားပေါက်က သူ့ကို နောက်တစ်ကြိမ် ထပ်မတိုက်ခိုက်ခင် ချူဖုန်းပြောလိုက်သည်။
“အခု မင်းနဲ့ငါ နှစ်ယောက်တည်းပဲ ဖြစ်တော့မှာပဲ” သူ တီးတိုးပြောလေသည်။
ထိုအစေ့များ မြေကြီးမြှုပ်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သောကြောင့် သူ၏ကြိုးစားမှုမှာ အရာထင်ပါ့မလားဆိုသည်ကို ချုဖုန်းမသိ။
သို့သော် အကယ်၍ ဤအစေ့သာ နတ်ဘုရားမျိုးစေ့ဖြစ်ခဲ့လျှင် ဤအစေ့ကို မည်သည့်နေရာ၌ စိုက်ပါစေ ရှင်သန်နိုင်လိမ့်မည်။ နောက်ဆုံးတွင် သေရာမှ ပြန်ရှင်သန်လာပြီး ကမ္ဘာကြီးကို စိမ်းစိုအောင်လုပ်ပေးလိမ့်မည်ပင်။
“နွားမစင်မရှိလည်း ပိုကောင်းရင် ကောင်းမှာပါ” ချူဖုန်းသည် လေးနက်သော ပြဿနာတစ်ခုကို သတိထားမိသွား၍ သူ့ကိုယ်သူ ပြောလိုက်သည်။
နွားဝါသည် ချူဖုန်းပြောနေသည်ကို ကြားသော်လည်း ဖော်ရွေသော အကြည့်မျိုး မရှိပဲ အံ့အားသင့်သည့်အကြည့်မျိုးသာ ရှိနေသည်။
“တကယ်လို့ ဒီအစေ့တွေသာ စီဝမ်မူ ဒါမှမဟုတ် ၉ ထပ်မြောက်ကောင်းကင်ရဲ့ နတ်သမီးသာ ဖြစ်လာမယ်ဆိုရင် သူတို့ကို နွားမစင်နဲ့ စိုက်ပျိုးခဲ့တာကို သိရင် ငါသေပြီပဲ” ချူဖုန်း ရှင်းပြလိုက်သည်။
နွားဝါသည် အစက ကြောင်အနေခဲ့သည်။ ထို့နောက် ရှက်ဒေါသထွက်သွားကာ ကျယ်လောင်သော အော်မြည်သံကို နောက်တစ်ကြိမ် ထပ်လွှတ်ရန် အသင့်ပြင်လိုက်သည်။
“ဒီနားမလာနဲ့.. ငါ ပြောတာ ဟုတ်တယ်လေ.. သူတို့ ငါ့လုပ်ရပ်သာ သိသွားရင် အဆိုးရွားဆုံး စော်ကားမှု ဖြစ်မှာ သေချာတယ်.. အေးအေးချမ်းချမ်းနေရဖို့ဆိုရင် ပေါ်ပေါ်တင်တင်နဲ့ ကောင်းကောင်းပြုမူတာ ပိုကောင်းမယ်” ချူဖုန်းပြုံး၍ ပြောလိုက်သည်။
နွားဝါ၏နှာခေါင်းမှ မီးခိုးငွေ့များ ထွက်နေဆဲပင်။ ထို့နောက် ချူဖုန်းကို မကျေနပ်သောအကြည့်ဖြင့် ကြည့်ကာ နာနတ်သီးပုံဘက်သို့ လှည့်ထွက်သွားလေသည်။
“အိုး ပန်းသီးနဲ့ မြက်တွေက မင်းဟာ.. နာနတ်သီးက ငါ့ဟာ” ချူဖုန်း သူ့နောက် ပြေးလိုက်သွားသည်။
နောက်ဆုံးတွင် အစေ့သုံးစေ့ကို မတူညီသည့် နေရာ၃ခုတွင် မြှုပ်နှံလိုက်သည်။ မြေဆီလွှာ အမျိုးအစားမတူသည့်နေရာများတွင် ခွဲ၍ စိုက်ခြင်းဖြစ်သောကြောင့် အနည်းဆုံး တစ်ပင်လောက်တော့ ရှင်သန်နိုင်လိမ့်မည်ဟု သူ ယူဆလိုက်သည်။
“မကြာခင် အစေ့ပေါက်လာဖို့ မျှော်လင့်တယ်” ချူဖုန်း မျှော်လင့်နေသည်။ ဘာအပင်ပေါက်လာမလဲ ဆိုသည်ကို သူ အလွန် သိချင်နေသည်။
“ဒါပေမဲ့ ဒီအစေ့နေ နတ်သမီးဖြစ်လာလည်း သိပ်စိုးရိမ်စရာ မရှိပါဘူး.. ငါက သူတို့ကို ဖန်တီးပေးတဲ့သူပဲဟာ၊ သူတို့ကို စော်ကားတာ ဘာညာ ရှိမှာ မဟုတ်ဘူး.. ကံကောင်းရင် ငါ့ရဲ့ သစ္စာရှိတဲ့ အစေခံတောင်ဖြစ်လာနိုင်တယ်” သူ့မျက်နှာထက်၌ အပြုံတစ်ခုရှိနေလေသည်။
“မူး…”
နွားအော်သံက သူ့ရဲ့ စိတ်ကူးယဥ်မှုကို နှောင့်ယှက်လိုက်သည်။
နွားဝါသည် ချူဖုန်းအား မေးစရာမေးခွန်းများစွာ ရှိနေသည့်ပုံနှင့် ကြည့်နေသည်။ ဤသည်မှာ ချူဖုန်းစိတ်ထဲ၌ တွေးနေသည့် မဖြစ်နိုင်သောအရာကို လှောင်ပြောင်နေခြင်းပင်။
“သွားစမ်းပါ…” ချူဖုန်းသည် နွားခေါင်းကို တွန်းထုတ်လိုက်သည်။ နွားပေါက်၏ အကြိမ်ကြိမ်လှောင်ပြောင်ခြင်းကို ခံရပြီးနောက် သူသည် ပြောစရာစကားမဲ့လာသည်။
ရွှီး..
ရုတ်တရက် တိုးညှင်းလှသည့် အသံတစ်ခုကို သူ ကြားလိုက်ရသည်။ မျက်စိရှေ့ အဝေးတစ်နေရာတွင် ကောင်းကင်သို့တက်သွားသည့် မီးတောက်တစ်ခု တွေ့လိုက်ရသည်။
“ဒုံးကျည်..”
“ဒါက ဟိုလေဟာနယ်ထဲက အပင်တွေကို ရှင်းပစ်တဲ့ မစ်ရှင်လား” ချူဖုန်း တုန်လှုပ်သွားသည်။
နွားဝါလေး၏ အာရုံများမှာ စူးရှလှသည်။ ချူဖုန်း သတိမထားမိခင်ကတည်းက သူ အန္တရာယ်အငွေ့အသက်ကို ခံစားမိနေခြင်းပင်။
သူ၏ရွှေရောင်အမွေးများလည်း လှိုင်းထသွားလေ၏။ ဤသည်မှာ ကြောက်ရွံ့ခြင်း၏ လက္ခဏာင်။
ဤသည်မှာ ပုံမှန်နေ့များ၌ မြင်တွေ့ရသည့် မြင်ကွင်းမျိုးမဟုတ်။
“ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်ရတာကို မယုံနိုင်ဘူး.. ပစ်လိုက်တဲ့နေရာက ဒီနေရာနဲ့ သိပ်မဝေးလောက်ဘူး..” ချူဖုန်း မျက်နှာသ တည်တငြ်းနေသည်။
ပုံမှန်မဟုတ်သည့်အပင်နှင့် သက်ရှိများကို စစ်တပ်သုံးလက်နက်များဖြင့် ပစ်ခတ်နိုင်သည်ဟူသော ကောလဟာလများကို ကြားခဲ့သော်လည်း သူ ကောလဟာလအတိုင်းသာ ထားခဲ့သည်။
သူ အင်တာနက်ပေါ် တက်ကြည့်ရမည်။ ဤကိစ္စနှင့်ပတ်သက်သည့် သတင်း တက်နေလောက်လေပြီ။
ထိုအချိန်တွင် သူ့ဖုန်းသံ မြည်လာသည်။ ကျိုးချွမ် ဆက်လာခြင်းပင်။ ဖုန်းကိုင်လိုက်သည်နှင့် ကျိုးချွမ်၏စိတ်လှုပ်ရှားနေသည့်အသံကြီး ထွက်လာသည်။
“ဟေ့လူ .. တွေ့လိုက်လား.. သောက်ရမ်းမိုက်တယ် .. ဘုရားရေ .. အရမ်းမိုက်တာပဲ .. ဓားတစ်လက် ကောင်းကင်ကိုထိုးဖောက်ပြီး လေဟာနယ်ထဲ ရောက်သွားသလိုပဲ .. ဒီလိုမြင်ကွင်းမျိုး မြင်ခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. ဒါက ဟိုထူးဆန်းတဲ့အပင်တွေကို ရှင်းပစ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်”
“အလုပ်ဖြစ်ဖို့ မျှော်လင့်ရတာပဲ..” သို့သော် သူတို့လည်း တစ်ခုခုဖြစ်လျှင် အချိန်မရွေး ထွက်ပြေးနိုင်ရန် စီစဥ်ထားသင့်ကြောင်း အကြံပေးလိုက်သည်။
ထို့နောက် ဟိုအသီးစားပြီးနောက် ဘယ်လိုခံစားရလဲဟု ကျိုးချွမ်အား မေးလိုက်သည်။
“အများကြီး ပြောင်းလဲသွားတယ်…ဟ ဟ… အဲဒီအကြောင်းမပြောရအောင်.. တစ်ချိန်လုံး အိပ်ချင်နေပြီး အခုလည်း အချိန်မရွေး အိပ်ပျော်တော့မလို ခံစားနေရတယ်” ကျိုးကွမ်၏ စိတ်မပါသောရယ်သံမှာ ရယ်စရာကောင်းမနေပေ။ သူ့အသံမှာ မူမမှန်။
“မင်း ဘာလို့ငါ့မေးခွန်းကို ရှောင်နေတာလဲ .. ခဏ .. မင်းမှာ အမြှီးပေါက်နေတာလို့တော့ မပြောနဲ့နော်..” ချူဖုန်း သံသယဝင်လာသည်။
“မဟုတ်တာ..” ကျိုးချွမ်း အော်ဟစ်လာသည်။ သူသည် ရှက်စရာကောင်းသော မိစ္ဆာအဖြစ် မဖြစ်သွားကြောင်း အတတ်နိုင်ဆုံး ရှင်းပြနေလေ၏။
“အဲဒါဆို မင်းဘာဖြစ်နေတာလဲ.. မင်းစကားက ဘာလို့ မရှင်းမရှင်း ဖြစ်နေတာလဲ..” ချူဖုန်း မေးလိုက်သည်။
“ငါ .. ခေါင်းပေါ်မှာ ချိုပေါက်နေပြီ” ကျိုးကွမ်သည် မျက်ရည်မထွက်ပဲ ငိုလာသည်။ “ငါ သိနေတယ်.. ဒါက ဟိုနွားမိစ္ဆာ လက်ချက်ဆိုတာ ငါသိနေတယ် .. ချိုက လုံးဝကို နွားချိုနဲ့တစ်ပုံစံတည်းပဲ…” ထို့နောက် အားရပါးရ ဆဲဆိုလာလေသည်။
ချူဖုန်း၏ဖုန်းကို နွားပေါက်လေး စိတ်ဝင်စားလာသည်။ ကျိုးချွမ်၏ အော်ဟစ်ဆဲဆိုသံကို ကြားလိုက်ရသည့်အချိန်တွင် သူ ဖုန်းနားရောက်လာလေ၏။ “မူး .. မူး … မူး…” သူသည် မညှာမတာပင် ကျိုုးချွမ်ကို လှောင်ပြောင်လာလေ၏။
“နွားနတ်ဆိုးကြီး .. တစ်နေ့ကျရင် ငါလည်း မင်းအသံလိုမျိုး ထွက်လာမှာလို့ ပြောချင်နေတာလား.. သွားသေလိုက်လေ..” ကျိုးချွမ် ပို၍ ဒေါသထွက်လာသည်။
“ဂွပ်…”
ချူဖုန်း ဖုန်းချလိုက်သော်လည်း နွားဝါလေးမှာ အူမြူနေဆဲပင်။ ကျိုးချွမ် ဒေါသထွက်သည်ကို သူ ပျော်ရွှင်နေသည့်ပုံပင်။
ချူဖုန်း သတင်းများကို ရှာဖွေနေသော်လည်း အစိုးရဘက်မှ တရားဝင်ထုတ်ပြန်သည့်သတင်း တက်မလာသေး။ သို့သော်လည်း အပြင်မှ စာနယ်ဇင်းများနှင့် မီဒီယာများတွင်တော့ သတင်းထူးမျိုးစုံ ထုတ်လွှင့်နေကြပြီဖြစ်သည်။
ဓာတ်ပုံအချို့ပင် ထွက်လာလေပြီ။ ဤသည်မှာ ချူဖုန်း မြင်လိုက်ရသည့်မြင်ကွင်းနှင့် အတူတူပင်။
ဤသည်မှာ ချူဖုန်းနေရာတစ်ခုတည်းမှ မြင်ရသည့်မြင်ကွင်းမဟုတ်။ တစ်ကမ္ဘာလုံးမှ မြင်ရသည့်မြင်ကွင်းပင်။ မတူညီသည့်နေရာများမှ ပစ်ခတ်နေကြသော်လည်း ထိုဒုံးချည်များ၏ ဦးတည်ရာမှာ တစ်နေရာတည်းပင်။ အချို့လူများသည် ကောင်းကင်ထက်မှ အပင်အပိုင်းအစများကျလာသည်ကို မြင်ရသည်ဟု ပြောထားကြသည်အထိပင်။
“မုန်တိုင်းကြီး လာနေပြီ..” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ထိုနေ့ တစ်မနက်ခင်းလုံး ရှီဖုန်း သတင်းများ ဖတ်နေခဲ့သည်။ ထင်ထားသည့်အတိုင်း လူတို့သည် သဘာဝလွန်စွမ်းအား အကြောင်း ဆွေးနွေးရန် အလွန်အားတက်သရော ဖြစ်နေကြသည်။ စစ်တပ်လက်နက်များအကြောင်း ဆွေးနွေးနေကြသည့်သူများ ရှိကြသော်လည်း လူအများစုမှာ သဘာဝလွန်စွမ်းအားများအကြောင်း ပို၍ ဆွေးနွေးနေကြသည်ပင်။
ငွေတောင်ပံ၊ ခုန်းဂင်၊ မီးဝိညာဉ်နှင့် ကျားဖြူတို့မှာ စွမ်းအားရရှိသွားကြသည့် ဒဏ္ဍာရီလာလူလေးဦးကို ပေးထားသည့် နာမည်များပင်။ လူအားလုံးတွင် မတူညီသည့် စွမ်းရည်များ ရှိကြသောကြောင့် တစ်နေ့ကျလျှင် သူတို့သည် လောကအသစ်၏ နတ်ဘုရားများ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြသည်။
သတင်းများ ကြည့်ပြီးသည်နှင့် ချူဖုန်း သူ့ဖုန်းကို ပိတ်လိုက်သည်။ အနာဂတ်၏ မသေချာမှုများကို စိုးရိမ်သော်လည်း ယခု သူ တစ်ခုခုလုပ်ရမည်ကိုတော့ သူသိသည်။
ချူဖုန်း ဖုန်းပိတ်လိုက်သောကြောင့် နွားဝါလေး မကျေမနပ်ဖြစ်သွားရသည်။ သူ့အတွက်တော့ ဖုန်းထဲမှ ထွက်လာသည့်အသံများမှာ အလွန်စိတ်ဝင်စားစရာ ကောင်းနေသည်။
ချူဖုန်း သူ့ဖုန်းကို နွားပေါက်ထံသို့ ပစ်ပေးလိုက်ပြီး အိမ်မှ ထွက်လာလိုက်သည်။
သူ အပြင်ဘက် မိုင်အနည်းငယ်ခန့် လျှောက်သွားပြီးနောက် ခြံကျယ်ကြီးတစ်ခြံရှေ့သို့ ရောက်သွားသည်။ ဤသည်မှာ အဘိုးကျောင်း၏အိမ်ဖြစ်သလို ဓား၊ လှံနှင့် အခြား လက်နက်များ ပြုလုပ်ရာ နေရာလည်းဖြစ်သည်။
ယခုခေတ်တွင် ဤကဲ့သို့သော လက်မှုပညာသည်မှာ ရှားပါးသွားပြီဖြစ်သည်။ ကျောင်းမိသားစုသာ ဤကဲ့သို့သော လက်မှုပညာကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခြင်းပင်။ အဘိုးကျောင်းမှာ ဤတံခွန်တိုင်ကို လက်ဆင့်ကမ်းသယ်ခဲ့သည့်သူတစ်ဦးပင်။
ကျောင်းမိသားစုမှာ ခေတ်နှင့်အညီ လိုက်နိုင်သည်။ သူတို့သည် ယခုခေတ်တွင် တီထွင်ထားသည့်ကုန်ကြမ်းများကို အသုံးပြုထားခြင်းဖြစ်သောကြောင့် သူတို့လက်နက်များမှာ နိုင်ငံတစ်ဝှမ်း ကျော်ကြားလှသည်။
ချူဖုန်း တိဗက်ဒေသသို့ ယူသွားသည့် ခေါက်ဒူးလေးမှာ အဘိုးကျောင်း သူ့ကို လက်ဆောင်ပေးထားခြင်းပင်။
“ဟယ်လို .. မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ..” ချူဖုန်းကို တွေ့သည်နှင့် အဘိုးကျောင်း အံ့အားသင့်သွားရသည်။ သူသည် အသက်ခြောက်ဆယ်ထဲ ရောက်နေပြီဖြစ်သော်လည်း ကျန်းမာဖျတ်လတ်နေိဆဲပင်။ သူ့ဆံပင်များ ငွေရောင်ပြောင်းသွားပြီဖြစ်သော်လည်း ဆံချည်တစ်မျှင်တိုင်းမှာ ထူထဲခိုင်မာနေဆဲပင်။
“ကျွန်တော် မနေ့ည ညသန်းခေါင်ကျော်က ရောက်တာ .. အရမ်းအိပ်ပျော်သွားတာနဲ့ အခုမှ နှိုးလာတာ .. နိုးနိုးချင်း ကျွန်တော်ချစ်ရတဲ့ အဖိုးကို လာတွေ့တာပဲ..” ချူဖုန်း ပြောလိုက်သည်။
“အမလေး လာဖားနေတယ်… ဒီတစ်ခေါက်လည်း မင်း ငါ့ဆီက တစ်ခုခုယူသွားဖို့ စဉ်းစားနေတာမလား…” အဖိုးကျောင်း ပြုံး၍ ပြောလိုက်သည်။
“ဟုတ်တယ် .. အဘိုး ကျွန်တော့်အတွက် လေးနဲ့မြှား နည်းနည်းလောက် လုပ်ပေးလို့ရမလား..” ချူဖုန်း သူ လာရသည့်ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။ အမြဲပြောင်းလဲနေသည့် ကမ္ဘာကြီးတွင် အမြဲပြောင်းလဲဖြစ်နေမည့် အန္တရာယ်နှင့် စွန့်စားမှုလည်း ရှိနေမည်ဖြစ်သည်။ သူ အခြေမကျသေးသဖြင့် သူ့ကိုယ်သူ ကာကွယ်ရန် လက်နက်လိုချင်သည်။
သူ့အတွက် သေနတ်ပိုင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်။ သေနတ်များကို တင်းကြပ်စွာ တားမြစ်ထားသောကြောင့် ဝယ်ယူ၍ မရ။ သို့သော် လက်ရှိကာလတွင်တော့ သက်ဆိုင်ရာခွင့်ပြုချက်ရသည်နှင့် ထိုလက်နက်များကို ဝယ်ယူနိုင်ပြီဖြစ်သည်။
စကားနည်းနည်းပြောပြီးသွားသည်နှင့် အဘိုးကျောင်းကို နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။
ယခုတလော အဖိုးကျောင်းထံ လူများစွာ ရောက်လာပြီး လက်နက်ပေါင်းစုံလုပ်ပေးရန် တောင်းဆိုမှုများ ရှိနေကြောင်း သူသိလိုက်ရသည်။ ယခုအချိန်တွင် လက်နက်များမှာ လိုအပ်သလောက် မရနိုင်တော့။ သို့သော် ချူဖုန်း၏တောင်းဆိုမှုကို အခြားသူများထက်အရင်လုပ်ပေးမှာ သေချာသည်။
အိမ်ပြန်လာသည့်လမ်းတွင် ချူဖုန်း နွားဝါလေး၏ အော်သံကို ဆက်တိုက်ကြားနေရသည်။ သူ့အိမ်ရောက်ရန် လိုသေးသော်လည်း အော်သံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ခဏကြာပြီးနောက် သူ ပြဿနာအရင်းအမြစ်ကို ရှာတွေ့သွားလေပြီ။ ဤသည်မှာ သူ့ဖုန်းပင်။ နွားဝါလေးသည် သူ့ဖုန်းကို ကိုင်ပြီး အလွန်ပျော်ရွှင်နေလေသည်။
ခဏနေဦး .. သူ ဘာတွေ့လိုက်ရတာလဲ .. နွားဝါလေးနား ကပ်လိုက်သည့်အချိန်တွင် တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။ သူသည် ဖုန်းထဲမှ လူအချို့နှင့် ဆက်သွယ်နေခြင်းပင်။
ချူဖုန်း မေ့လဲမတတ် ဖြစ်သွားသည်။
သူ ဆက်သွယ်နေသည့်လူစာရင်းကို ကြည့်လိုက်သည့်အချိန်တွင် သူ သွေးအန်မတတ် ဖြစ်သွားသည်။ ထိုလူများထဲတွင် လင်းနွိုင်လည်း ပါဝင်နေသည်ပင်။
“နွားနတ်ဆိုး… ခွေးမသား .. ငါ မင်းဦးနှောက်တွေ လွင့်ထွက်လာတဲ့အထိ ရိုက်ပစ်မယ်..”
အပိုင်း ၁၆ ပြီး၏။