အခန်း (၃၂၇) ရှန်နန်းတော် သခင်ပြောင်းခြင်း၊ ကျယ်ကျောင်းတော် ဂိုဏ်းချုပ်
ရှန်နန်းတော်သခင်ကို ကျိန်စာတိုက်ပြီး နှစ်ဝက်အကြာမှာ ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို ဆက်သွယ်လာပါတယ်။ တာအိုအရှင်သခင်က ကောင်းကင်ရုံးတော်ထဲ ဝင်လိုက်ပြီ ကြားလိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။
“အရှင်မင်းကြီး… ဒီသတင်းက မဆိုးဘူးမလား၊ ကျွန်တော်က ကောင်းကင်ရုံးတော်အတွက် အကျိုးမဆောင်ဘူးလို့ မပြောနဲ့နော်” ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။
ဒီကိစ္စမှာ အဓိက အကျိုးဆောင်တဲ့သူကိုတော့ ဟန်ကျွယ် ထုတ်မပြောရဲပါဘူး။ ကျိန်စာတိုက်တဲ့ကိစ္စက အမှောင်သခင်ကြီးနဲ့ ပတ်သက်နေတယ် မဟုတ်ပါလား။
ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ တာအိုအရှင်သခင်ရဲ့ အရည်အချင်းက အကန့်အသတ်မရှိဘူး၊ နောက်ပြီး ဥပမာတစ်ခုလည်း ဖြစ်တယ်၊ ရှန်နန်းတော်က သူတို့ရဲ့ ပါရမီရှင်တွေကို ကာကွယ်တာနဲ့ ပတ်သက်ပြီး အမြဲတမ်း နာမည်ကြီးခဲ့တာ၊ အခုလို တာအိုအရှင်သခင် ထွက်ပြေးမှန်းသာသိရင် ရှန်နန်းတော်တစ်ခုလုံး စိတ်ဓာတ်ကျသွားမှာ ကျိန်းသေပဲ”
ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်ရုံးတော်ရဲ့ တောက်ပတဲ့ အနာဂတ်ကို မတွေးဘဲ မနေနိုင်ပါဘူး။ တာအိုအရှင်သခင် ရောက်လာတဲ့တာက ကောင်းကင်ရုံးတော်အတွက် ကြီးမားတဲ့အရွေ့တစ်ခုပါ။
ကောင်းကင်ဧကရာဇ်က အပြုံးနဲ့ ဆက်ပြောပါတယ် “တာအိုအရှင်သခင်က မင်းကို တော်တော်လေး တွေ့ချင်နေတယ်၊ မင်း သူနဲ့တွေ့ဖို့ ကောင်းကင်ရုံးတော်ကို လာပါလား”
“ထားလိုက်ပါတော့ အရှင်မင်းကြီးရယ်၊ ကျွန်တော်မှာ ကျင့်ကြံတာနဲ့ မအားပါဘူး”
“မင်း ဒီလိုပြောမယ်ဆိုတာ ငါ သိသားပဲ”
ကောင်းကင်ဧကရာဇ်ဟာ ဘာမှထပ်မပြောတော့ဘဲ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်ကတော့ စိတ်ကောင်းဝင်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ တာအိုအရှင်သခင်ရဲ့ကိစ္စ ပြီးဆုံးသွားတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်အေးလက်အေး ကျင့်ကြံအားထုတ်နိုင်ပါပြီ။ စိုးရိမ်သောက မရှိတဲ့အတွက် ကျင့်ကြံရတာလည်း ပိုမြန်ဆန်လာပါတယ်။
မဟာအန္တိမခန်းမမှာ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဆဋ္ဌမအဆင့်ကိုပဲ တက်နိုင်ခဲ့တာ မဟုတ်ပါဘူး။ သူ့ကျင့်ကြံမှုကိုလည်း ဆက်တိုက် တိုးတက်စေခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် သတ္တမအဆင့်နဲ့ သိပ်ပြီး အလှမ်းမဝေးတော့ပါဘူး။
ဒီအဆင့်ကိုသာ ထပ်ပြီးတက်နိုင်မယ်ဆိုရင် ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် နဝမအဆင့်နဲ့ တော်တော်လေးကို နီးလာပြီလို့ ပြောလို့ရပါတယ်။ အင်မော်တယ်ဧကရာဇ် နဝမအဆင့်ကို ရောက်သွားရင် နတ်မင်းအဆင့်နဲ့ မဝေးတော့ပါဘူး။ နတ်မင်းအဆင့်ကို ရောက်ရင်လည်း ကောင်းကင်ဘဝဂ်အဆင့်နဲ့ သိပ်ဝေးတော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ တွေးလေလေ စိတ်လှုပ်ရှားလေလေပါပဲ။
ခန်းမတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားတာကြောင့် အလှဆင်ပစ္စည်းတွေလည်း ယိမ်းထိုးကုန်ပါတယ်။
“သေစမ်း… သေစမ်း… အား…”
ရှန်နန်းတော်သခင်ဟာ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ရှန်နန်းတော်သခင်ရဲ့ ဆံပင်တွေဟာ ဖွာလန်ကြဲနေပြီး မျက်လုံးတွေကလည်း သွေးလိုနီနေပါတယ် “ကောင်းကင်ဧကရာဇ်၊ အမှောင်သခင်ကြီး… မင်းတို့ကို မသတ်ရရင် ငါ့ကျင့်ကြံမှုတွေက အလကားပဲ”
ရှန်နန်းတော်သခင်ဟာ အမျက်ချောင်းချောင်း ထွက်နေပါတယ်။
အချိန်တစ်ခုအထိ အော်ဟစ်ပြီးနောက်မှာတော့ ရှန်နန်းတော်သခင်ဟာ ရွေးချယ်စရာမရှိဘဲ ဝိညာဉ်စွမ်းအားကို လှည့်ပတ်ပြီး ဒဏ်ရာတွေကို ကုသရပါတယ်။ အမှောင်သခင်ကြီးရဲ့ ကျိန်စာစွမ်းအားက အားကောင်းလွန်းတဲ့အတွက် ရှန်နန်းတော်သခင်ကို အတွင်းနတ်ဆိုး ဖြစ်ပေါ်စေလုနီးနီးပါပဲ။ ဒါ့အပြင် တာအိုအရှင်သခင် ဘက်ပြောင်းသွားတဲ့သတင်းကို ကြားပြီး ဒေါသကို နှလုံးကို တိုက်ခိုက်တာကြောင့် ရှန်နန်းတော်သခင်ဟာ ပိုပြီးတော့ ဒဏ်ရာရသွားပါတယ်။
ဒီအချိန်မှာပဲ ခန်းမထဲမှာ လေပြင်းတစ်ချက် တိုက်ခိုက်သွားပြီး ဝတ်ရုံဖြူ အမျိုးသားတစ်ဦး ထွက်ပေါ်လာပါတယ်။
ဝတ်ရုံဖြူအမျိုးသားဟာ ရှန်နန်းတော်သခင်ကို စိုက်ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ် “ဆရာတူညီလေး… မင်းက တာအိုအရှင်သခင်ကို တခြားရောက်အောင် ဖိအားပေးလိုက်တာလား”
ရှန်နန်းတော်သခင်ဟာ ဝတ်ရုံဖြူအမျိုးသားကို တွေ့လိုက်ရတဲ့အခါမှာ မျက်နှာပျက်သွားပြီး အံကြိတ်ကာ ပြောလိုက်ပါတယ် “ကျွန်တော် သူ့ကို တွန်းအားမပေးပါဘူး”
“သူ့ကို နတ်ဆိုးဧကရာဇ် ဖမ်းသွားတုန်းက ဘာလို့ မကယ်တာလဲ၊ မင်း ဒီအကြောင်းကို ကောင်းကင်ရုံးတော် သိပြီးမှ သိရတယ်လို့တော့ မပြောနဲ့နော်”
“ကျွန်တော်… ကျွန်တော်က…”
ရှန်နန်းတော်သခင်ဟာ နတ်ဆိုးဧကရာဇ်နဲ့ သူ့ကြားက သဘောတူညီချက်ကို ပြောပြလိုက်ပါတယ်။
ဝတ်ရုံဖြူအမျိုးသားက စိတ်ဆိုးမာန်ဆိုး ဆူပါတော့တယ် “အဓိပ္ပာယ်မရှိတာ၊ ဒေသသုံးခုက ပဋိပက္ခရုပ်ခန္ဓာနဲ့ နှိုင်းယှဉ်လို့ရမှာလား၊ ကပ်ဘေးပြီးရင် ဒေသဘယ်နှခုပဲဖြစ်ဖြစ် အကုန်လုံး အရိုးနဲ့ပြည့်နေမှာ”
“ပဋိပက္ခရုပ်ခန္ဓာက ဘာကို ရည်ညွှန်းလဲသိလား၊ အဲဒါ ကောင်းကင်ဘဝဂ်အဆင့်ကွ”
“ရှန်နန်းတော်က အင်အားကြီးတယ်ဆိုပေမဲ့ ကောင်းကင်ဘဝဂ်ကျင့်ကြံသူ ဘယ်နှယောက် ရှိလို့လဲ”
ဝတ်ရုံဖြူအမျိုးသားရဲ့ စကားကြောင့် ရှန်နန်းတော်သခင်ဟာ အတော်လေး စိတ်ဓာတ်ကျသွားပါတယ်။ တစ်ခဏအကြာမှာတော့ ရှန်နန်းတော်သခင်ဟာ မနေနိုင်ဘဲ ပြောလိုက်ပါတယ် “ရှန်နန်းတော်မှာ ပါရမီရှင်တွေအများကြီးပါ၊ ကျွန်တော်ကို သူ့ကို နှစ်တစ်ထောင်တည်း သည်းခံဖို့ ပြောတာပါ၊ ဒါပေမဲ့ သူက ရှန်နန်းတော်က သစ္စာဖောက်သွားတယ်၊ သူက အရင်ကတည်းက ရှန်နန်းတော်ကို သစ္စာမရှိပုံပဲ”
“ရှန်နန်းတော်က သူ့အတွက် ဘယ်လောက်တောင် ရင်းနှီးခဲ့ရလဲ၊ ဒါတောင် သူက ရှန်နန်းတော်အတွက် နှစ်တစ်ထောင်လေးတောင် သည်းမခံနိုင်ဘူး”
“ဒုန်း…”
ဝတ်ရုံဖြူအမျိုးသားက ရုတ်တရက် ခြေထောက် ကောက်ဆောင့်လိုက်တဲ့အတွက် ကြောက်မက်ဖွယ်ဖိအားဟာ ရှန်နန်းတော်သခင်အပေါ် သက်ရောက်သွားပါတယ်။ ကြီးမားတဲ့ဖိအားကြောင့် ရှန်နန်းတော်သခင်ဟာ မျက်နှာပျက်သွားပါတယ်။
ဝတ်ရုံဖြူအမျိုးသားက အေးစက်စွာ ပြောလိုက်ပါတယ် “ကြည့်ရတာ မင်းက ရှန်နန်းတော်သခင် ရာထူးနဲ့ မထိုက်တန်တော့ဘူးပဲ၊ အခုအချိန်ကစပြီး ရှန်နန်းတော်က ငါ အုပ်ချုပ်မယ်”
ရှန်နန်းတော်သခင်ဟာ မကျေနပ်ပုံပေါ်ပေမဲ့ မငြင်းဆန်ရဲပါဘူး။
ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်း နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ဒီကြားထဲမှာ တိတ်ဆိတ်ဂိုဏ်းရဲ့ ပြိုင်ပွဲလည်း ပြီးစီးသွားပါတယ်။ ဒီတစ်ခါပြိုင်ပွဲမှာတော့ လီယောင်က အားလုံးကိုကျော်တက်ပြီး ပထမနေရာကို ဆွတ်ခူးသွားပါတယ်။
ဟန်ကျွယ်ဟာ ဒီသတင်းကို ကြားတဲ့အခါမှာ လီယောင်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်လိုက်ပါတယ်။ ဝူတောက်ကျန့်ကိုတော့ အပြင်ဘက်မှာပဲ နေစေပါတယ်။
လီယောင်ဟာ ဟန်ကျွယ်ရှေ့မှာ ထိုင်လိုက်ပြီး နည်းနည်း ရင်ထိတ်သွားပါတယ်။ လီယောင်ဟာ ဟန်ကျွယ်ရဲ့ မျက်နှာကို ထပ်တွေ့လိုက်ရတဲ့အခါမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားပါတယ်။ လီယောင်ဟာ ဖိတ်ခေါ်ပညာရပ်နဲ့ ဟန်ကျွယ်ကို ဆင့်ခေါ်ခဲ့တဲ့ကိစ္စကို တစ်သက်လုံး မေ့နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်က သူ့အသက်ကို ကယ်ခဲ့တင်အပြင် တခြားကျေးဇူးတွေလည်း ရှိနေပါသေးတယ်။ ဒါ့အပြင် ဟန်ကျွယ် မျက်နှာကလည်း ချောမောတာကြောင့် လီယောင်ဟာ ဟန်ကျွယ်အပေါ်မှာ ခံစားချက် ရှိနေပါပြီ။ ဒါပေမဲ့ ဒီခံစားချက်က တာအိုနှလုံးသားကို မယှဉ်နိုင်တာကြောင့် လီယောင်ဟာ ဒီခံစားချက်ကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ သိမ်းဆည်းပြီး ကျင့်ကြံတာကိုပဲ အာရုံစိုက်ခဲ့တာပါ။
“ငါ မင်းကို ကောင်းကင်ဓားတာအို သင်ပေးမယ်လို့ စဉ်းစားထားတယ်၊ မင်း သင်ယူချင်လား” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီယောင်ကို ကြည့်လေလေ ပိုသဘောကျလေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ လီယောင်ကိုကြည့်တိုင်း ကိုယ့်ကိုကိုယ် ပြန်ကြည့်နေရသလိုမျိုး ခံစားရလို့ပါပဲ။
လီယောင်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် “သင်ပါ့မယ်”
ဟန်ကျွယ်ဟာ လီယောင်ရဲ့စကားကို ကြားတာနဲ့ ကောင်းကင်ဓားတာအိုကို ချက်ချင်း သင်ကြားပေးပါတယ်။
နှစ်ဝက်ကြာတဲ့အခါမှာတော့ လီယောင်ဟာ ကောင်းကင်ဓားတာအိုနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ရရှိသွားပါတယ်။ လေ့ကျင့်ဖို့အတွက်ကတော့ အချိန်ယူရအုန်းမှာပါ။
“တိတ်ဆိတ်ဂိုဏ်းကို မင်း ဘယ်လိုထင်လဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
လီယောင်ဟာ မှင်သက်သွားပြီး ပြန်ဖြေလိုက်ပါတယ် “မဆိုးပါဘူး၊ ကျွန်မ တွေ့ဖူးတဲ့ ဂိုဏ်းတွေထက် အများကြီး ပိုကောင်းတယ်၊ ဒါကမှ တကယ့် ကျင့်ကြံခြင်းဂိုဏ်း၊ ကျွန်မတို့တွေက ပြဿနာတွေနဲ့ ဝေးဝေးမှာနေပြီး တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးနိုင်တော့ ကျင့်ကြံရတာ ပိုတိုးတက်တယ်”
လီယောင်ရဲ့စကားက နှလုံးသားထဲက လာတာပါ။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ အချင်းချင်း ရန်ဖြစ်ကြပေမဲ့ သူတို့ရဲ့ သဟဇာတဖြစ်မှုကိုတော့ ဘယ်တော့မှ မထိခိုက်စေပါဘူး။ သူတို့ဟာ အမြဲတမ်း ကြိုးကြိုးစားစား ကျင့်ကြံကြပြီး မဟုတ်တဲ့အတွေးတွေ မရှိကြပါဘူး။
သွမ့်ဟုန်ချန်ကလွဲရင်ပေါ့။ သွမ့်ဟုန်ချန်က ရွေးချယ်စရာ မရှိတာကြောင့် တိတ်ဆိတ်ကျွန်းမှာ နေနေရတာပါ။
“အခုထိ မင်းက သင့်လျော်တဲ့ အဆင့်အတန်း မရှိသေးဘူး၊ တိတ်ဆိတ်ဂိုဏ်းရဲ့ ဘယ်လိုရာထူးမျိုးကို မင်းလိုချင်လဲ” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။
နှစ်တွေကြာပြီးတဲ့နောက် ဟန်ကျွယ်အပေါ်ထားရှိတဲ့ လီယောင်ရဲ့ မျက်နှာသာပေးမှုဟာ ကြယ်ငါးပွင့်ခွဲထိ ဖြစ်လာပါပြီ။ ဒီမျက်နှာသာပေးမှုက တပည့်အဖြစ် လက်ခံတာလောက် မရိုးရှင်းတော့ပါဘူး။ လက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆိုရင်တော့ လီယောင်က ဟန်ကျွယ်ကို ငြင်းမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်က အချစ်ကို ဂရုမစိုက်ပါဘူး။ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဖြစ်နေပြီဖြစ်တဲ့အတွက် သူ့ညီလေးရဲ့ ထိန်းချုပ်မှုကို မခံရတော့ပါဘူး။
လီယောင်ဟာ ဟန်ကျွယ်ရဲ့ စကားကို နားလည်ပါတယ် “ကြိုက်သလိုသာ စီစဉ်ပါ”
လီယောင်အဖြေကြောင့် ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။
‘ဝိုး… တစ်ခုခုတော့ တစ်ခုခုပေါ့’
“ဒါဆိုရင် ဧကရာဇ်အဆင့်ရောက်အောင် ကြိုးစားအားထုတ်ချည်”
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီယောင်ကိုကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို နှစ်သက်သလိုမျိုး လီယောင်ကိုလည်း ကြိုက်နှစ်သက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် လိုချင်တာက သူ့ကျင့်ကြံမှုလမ်းစဉ်မှာ အဖော်ပြုပေးနိုင်မဲ့ တာအိုလက်တွဲဖော်ပါ။
အခုကြည့်ရသလောက် ရှင်းဟုန်ရွှမ်ရော နတ်မိမယ်ရှီရွှမ်ရော ချန်ယွီအာရော ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို လိုက်မမီပါဘူး။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို အတက်နိုင်ဆုံး ကူညီမှာပါ။ အတတ်နိုင်ဆုံး ကူညီတိုင်းလည်း အလုပ်ဖြစ်တာ မဟုတ်ပါဘူး။ ကူညီတိုင်းသာ အလုပ်ဖြစ်မယ်ဆိုရင် အင်မော်တယ်ဧကရာဇ်တွေ တောင်လိုပုံနေလောက်ပါပြီ။
မဟာညီညွတ်မှု ရွှေအင်မော်တယ်ထိက ကူညီလို့ရပါသေးတယ်။ ဒါပေမဲ့ အင်မော်တယ်ဧကရာဇ်အဆင့်က တကယ်ကို အခက်အခက်ကြီးတစ်ခုပါ။ ကိုယ်တိုင်ကျော်လွှားရုံကလွဲပြီး တခြားနည်းလမ်း မရှိပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
‘ငါ အင်မော်တယ်ဧကရာဇ် သတ္တမအဆင့်ကိုရောက်ရင် ငါ့သက်တမ်းက ဘယ်လောက်ထိ ထပ်တိုးအုန်းမှာလဲ’
အင်မော်တယ်ကမ္ဘာ ပင်လယ်တစ်စင်း။
ကျင်းတျန်ကုန်းဟာ ဓားပျံစီးပြီး ပျံသန်းနေပါတယ်။ သူ့ရှေ့က လေပေါ်ကျွန်းမှာတော့ အင်မော်တယ်မြူခိုးတွေဟာ ကောင်းကင်ပြင်ကို ဖုံးအုပ်နေပြီး မရေမတွက်နိုင်တဲ့ အင်မော်တယ်ငှက်တွေနဲ့ မရေမတွက်နိုင်တဲ့ တပည့်တွေဟာ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေကြပါတယ်။
ဒီကျွန်းက ကျယ်ကျောင်းတော်နဲ့ နယ်မြေဖြစ်ပါတယ်။
ကျင်းတျန်ကုန်းဟာ တောအုပ်တစ်အုပ်ဆီ ပျံသန်းသွားပြီး ကျောက်တံခါးတစ်ခုရှေ့မှာ ဒူးထောက်လိုက်ပါတယ်။ ဒီကျောက်တံခါးနောက်မှာ ဘာတောင်မှ မရှိပါဘူး။ သစ်ပင်ကြားမှာ အထီးတည်းရပ်နေတဲ့ ကျောက်တံခါးတစ်ခုပါ။
ကျင်းတျန်ကုန်းဟာ ရှိခိုးပြီး ဦးညွှတ်လိုက်ပါတယ် “ဂိုဏ်းချုပ်”
ကျင်းတျန်ကုန်းဟာ စိတ်ရှည်လက်ရှည် စောင့်ပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ကျောက်တံခါးနောက်ကနေ အသံဩဩကြီး ထွက်ပေါ်လာပါတယ် “ဘာကိစ္စလဲ”
“ဒီအတောအတွင်း အင်မော်တယ်ကမ္ဘာမှာ အမှောင်သခင်ကြီးလို့ခေါ်တဲ့ လူတစ်ယောက်ပေါ်လာပြီး အနန္တကပ်ဘေးကို ထိန်းချုပ်နေတယ်၊ ကျွန်တော် သူ့နောက်ခံကို မသိလို့ ဂိုဏ်းချုပ် တွက်ချက်ပေးဖို့ မျှော်လင့်ပါတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 327
? Views, Released on December 4, 2024