အခန်း (၃၂၆) တာအိုအရှင်သခင် ဘက်ပြောင်းခြင်း
“ကျွန်တော် လေ့ကျင့်နိုင်ပါတယ်၊ ကျွန်တော် ဆရာသခင်ကို လာရှာတာကလည်း ကျွန်တော် တိတ်ဆိတ်ကျွန်းကနေ ထွက်ပြီး ကျွန်တော်ရဲ့ ကြမ္မာဆိုးကို ပိုအားကောင်းလာအောင် လေ့ကျင့်ချင်လို့ပါ၊ ကျွန်တော်က ကြမ္မာဆိုးကနေ မွေးဖွားလာတာဆိုတော့ ကြမ္မာဆိုးကို စွန့်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ စွန့်ပစ်ဖို့ မဖြစ်နိုင်မှတော့ ဒီလမ်းကိုပဲ လျှောက်ရတော့မှာပေါ့” စုချီဟာ အလေးအနက် ပြောလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ကို မော့ကြည့်ပြီး ခွင့်ပြုချက် တောင်းခံလိုက်ပါတယ်။
“ကျွန်တော် အန္တရာယ်နဲ့တွေ့ရင် တိတ်ဆိတ်ဂိုဏ်းနဲ့ ဆရာသခင်ကို ပြဿနာလုံးဝ မတက်စေရဘူးလို့ အာမခံပါတယ်၊ ဆရာသခင်က ကျွန်တော်အပေါ် အရမ်းကောင်းတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်အတွက် ဒီမှာဆက်ပြီး ကျင့်ကြံဖို့က မသင့်လျော်ဘူးလို့ ခံစားရတယ်”
ဟန်ကျွယ် တိတ်ဆိတ်နေတာကြောင့် စုချီဟာ နည်းနည်း ကြောက်ရွံ့သွားပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘယ်သွားမှာလဲ”
စုချီဟာ တစ်ခဏတွေးတောပြီး ပြန်ဖြေပါတယ် “ကျွန်တော် အင်မော်တယ်ကမ္ဘာကနေ ထွက်သွားဖို့ ဆုံးဖြတ်ထားတယ်၊ အင်မော်တယ်ကမ္ဘာရဲ့ အပြင်ဘက်မှာရှိတဲ့ နယ်မြေတစ်ခုက ကျွန်တော်ကို ဆင့်ခေါ်နေတယ်လို့ ခံစားရတယ်၊ ကျွန်တော် ရှန်နန်းတော်မှာ နေခဲ့တုန်းက အနန္တကမ္ဘာနဲ့ အင်မော်တယ်ကမ္ဘာအပြင် အမှောင်တားမြစ်နယ်မြေ၊ နတ်ဘုံရဲ့ အဆုံးသတ်အပျက်အစီးစတဲ့ တခြားနယ်မြေတွေ ရှိနေတာကို သိလိုက်ရတယ်၊ ကျွန်တော်ရဲ့ ကြမ္မာဆိုးကို ကျင့်ကြံဖို့အတွက် နေရာတစ်ခုတော့ ရှိမှာပါ”
“အနန္တကပ်ဘေး ပြီးအောင်တောင် မစောင့်နိုင်တော့ဘူးလား”
“အရင်က ကျွန်တော် ခံနိုင်သေးတယ်၊ ဒါပေမဲ့ အနန္တကပ်ဘေး စတင်လာကတည်းက ကျွန်တော်ရဲ့စိတ်တွေ မငြိမ်တော့ဘူး၊ အနန္တကပ်ဘေး အထွတ်အထိပ်ရောက်တဲ့ အချိန်ဆိုရင် ကျွန်တော် တာအိုနှလုံးသား ပြိုလဲသွားနိုင်တယ်၊ အဲဒီအချိန်ကျရင် ဘာဆက်ဖြစ်မလဲဆိုတာကို ကျွန်တော် မတွေးရဲဘူး…”
‘ထိန်းချုပ်မှု လွတ်သွားမှာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
စုချီက ဆက်ပြောပါတယ် “ဆရာသခင်… ကျွန်တော်အတွက် မစိုးရိမ်ပါနဲ့၊ ကျွန်တော် ဆရာရဲ့ သင်ကြားမှုအတိုင်း တစ်သွေမတိမ်း လိုက်နာပြီး လုံးဝ ပြဿနာမရှာပါဘူး”
စုချီက ဒီလိုပြောနေတဲ့အတွက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မတားနိုင်တော့ပါဘူး။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ စုချီ ထွက်သွားဖို့ သဘောတူလိုက်ပြီး တပည့်တွေကို စုစည်းခိုင်းလိုက်ပါတယ်။
စုချီဟာ သူ့ဘဝဟောင်းကို ပြန်ပြောင်း ပြောပြပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ လေးလံတဲ့နှလုံးသားနဲ့ စုချီရဲ့အကြောင်းကို နားထောင်ကြပါတယ်။ သူတို့တွေဟာ မကြာခဏ ဂူအောင်းကျင့်ကြံတဲ့ စုချီက ဒီလိုမျိုး နောက်ခံရှိလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
တစ်ရက်နှစ်ရက် စကားပြောဆိုပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ စုချီကို သက်ရှိနယ်မြေထဲ ပို့ပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ထွက်ခွာသွားတဲ့ စုချီကိုကြည့်ရင်း သက်ပြင်းသာ ချမိပါတော့တယ်။
‘ဟင်း… နောက်တစ်ယောက် သွားရှာပြန်ပြီ၊ ငါ့တပည့်တွေ အကုန်လုံးက ငါလိုဂူအောင်းကျင့်ကြံဖို့ မတက်နိုင်ကြပါလား’
‘လုံဟောင်က ကောင်းကင်ရုံးတော်အတွက် စုချီက ကျန်တဲ့တပည့်တွေအတွက်….’
ဟန်ကျွယ်ဟာ သူ့တပည့်နှစ်ယောက်ကို ကောင်းချီးပေးရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ရှာပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ငရဲပြည်ကို ခုန်ဆင်းပြီး တိတ်ဆိတ်ကျွန်းကို ချက်ချင်း ပြန်ပါတယ်။
စုချီရဲ့ ထွက်ခွာမှုဟာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို စိတ်ဓာတ်ကျသွားစေပါတယ်။ စုချီနဲ့ နှိုင်းယှဉ်ရင် သူတို့က တော်တော်လေး ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဂိုဏ်းကနေ ထွက်သွားဖို့ တစ်ခါမှ ဖိအားပေး မခံခဲ့ရပါဘူး။
တပည့်တွေပဲ စိတ်ဓာတ်ကျတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ကျတဲ့အထဲ ဟန်ကျွယ်လည်း ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာသာ လုံလောက်တဲ့ စွမ်းအားရှိရင် စုချီရဲ့ ကြမ္မာဆိုးကိုသာ ဖိနှိပ်နိုင်မယ်ဆိုရင် အခုလိုမျိုး စုချီ ထွက်သွားစရာ မလိုလို့ပါပဲ။
အင်မော်တယ်ကမ္ဘာ ရွှေငါးကြင်းကျွန်း။
ဟွမ်ဇွမ်တျန်ဟာ မိုးကုပ်စက်ဝိုင်းဆီကနေ ရွှေငါးကြင်းကျွန်းကို ပျံသန်းလာပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ရွှေငါးကြင်းကျွန်းကို အဝေးကနေကြည့်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ် ‘နောက်ဆုံးတော့ ငါ ပြန်ရောက်ပြီပဲ’
အင်မော်တယ်ကမ္ဘာက အရမ်းကို ကြီးမား ကျယ်ပြန့်လွန်းပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကူအညီ မပါဘူးဆိုရင် မဟာညီညွတ်မှု အင်မော်တယ်စစ်တောင် ခရီးသွားဖို့ အချိန်အတော်ကုန်မှာပါ။
ဟုတ်ပါတယ်။
အခုဆိုရင် ဟွမ်ဇွမ်တျန်ဟာ မဟာညီညွတ်မှု အင်မော်တယ်စစ် ဖြစ်နေပါပြီ။
ပါရမီရှင် အင်မော်တယ် တွေ့ဆုံပွဲ ပြီးတဲ့နောက် ဟွမ်ဇွမ်တျန်ဟာ ကျယ်ကျောင်းတော်ရဲ့ တပည့်တွေကို စကားလုံးတွေနဲ့ စည်းရုံးသိမ်းသွင်းပြီး စိတ်ရင်းအမှန်ကို ပြသနိုင်တာကြောင့် ကျယ်ကျောင်းတော် အကြီးအကဲတစ်ဦးရဲ့ အမွေအနှစ်ကို ဆက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့် ဟွမ်ဇွမ်တျန်ရဲ့ ကျင့်ကြံမှုက အခုလိုမျိုး တဟုန်ထိုး တိုးတက်လာတာပါ။
ဟွမ်ဇွမ်တျန်ဟာ ကျင့်ကြံမှုအပြင် တခြားဟာတွေကိုလည်း ရရှိခဲ့ပါသေးတယ်။ မကြာခင်မှာပဲ ဟွမ်ဇွမ်တျန်ဟာ ရွှေငါးကြင်းကျွန်းပေါ်ကို ရောက်သွားပါတယ်။ ကြိုးကြာဖြူဟာ ဟွမ်ဇွမ်တျန်ဆီ ပျံသန်းလာပြီး ဂရုတစိုက် မေးလိုက်ပါတယ် “ပါရမီရှင် အင်မော်တယ် တွေ့ဆုံပွဲမှာ အစွမ်းပြနိုင်ခဲ့ရဲ့လား”
ဟွမ်ဇွမ်တျန်ဟာ တာအိုဘုံကျောင်းရှေ့မှာ ဆင်းသက်လိုက်ပြီး သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ် “အဆင်ပြေပါတယ်၊ အထူးချွန်ကြီးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကျယ်ကျောင်းတော်ကိုတော့ အရှက်မရစေခဲ့ဘူး”
ကြိုးကြာဖြူဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချပြီး ပြုံးလိုက်ပါတယ် “ကောင်းတယ် ကောင်လေး၊ မင်းက ငါ့ကို စိတ်မပျက်စေဘူးပဲ”
ဟွမ်ဇွမ်တျန်ဟာ ဘုံကျောင်းထဲ ဝင်နေရာကနေ ရုတ်တရက်ရပ်ပြီး ကြိုးကြားဖြူကို လှည့်ကြည့်ကာ ပြောလိုက်ပါတယ် “ဒီနေ့ကစပြီး ရွှေငါးကြင်းကျွန်းရဲ့ တပည့်တွေ အပြင်မထွက်ရဘူး၊ အကုန်လုံး ကျွန်းပေါ်မှာပဲ ကျင့်ကြံအားထုတ်ရမယ်၊ ဒီထဲမှာ မင်းလည်း ပါတယ်”
ကြိုးကြာဖြူဟာ ဟွမ်ဇွမ်တျန်စကားကြောင့် မှင်သက်သွားပြီး ပြန်မေးလိုက်ပါတယ် “မင်းက ငါ့ကို အမိန့်ပေးနေတာလား၊ မင်း ဒီနေရာရောက်အောင် ငါက ထောက်ပံ့ပေးထားတယ်ဆိုတာကို မင်း မေ့သွားပြီလား၊ ပါရမီရှင် အင်မော်တယ်တွေ့ဆုံပွဲကို သွားပြီးတာနဲ့….”
ကြိုးကြာဖြူဟာ စကားမဆုံးခင်မှာပဲ ပါးစပ်ပိတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟွမ်ဇွမ်တျန်က တိုကင်တစ်ခုကို ထုတ်ယူလိုက်လို့ပါပဲ။ ဒီတိုကင်ပေါ်မှာ ချီလင်ပုံ ထွင်းထုထားပြီး ချီလင်ရဲ့ ခန္ဓာကိုယ်က စာလုံးတစ်လုံးကို ဖော်ပြနေဟန် ရှိပါတယ်။
ကြိုးကြာဖြူဟာ မျက်လုံးပြူးသွားပါတယ် “မင်းမှာ ဘယ်လိုလုပ်ပြီး အကြီးအကဲတိုကင် ရှိနေရတာလဲ”
ဟွမ်ဇွမ်တျန်က ဘာမဟုတ်တဲ့ကိစ္စလေးလို ပြောလိုက်ပါတယ် “ငါက အကြီးအကဲချီလင်ကို ဆရာသခင်အဖြစ် အသိအမှတ် ပြုပြီးပြီ၊ အခု မင်းဘာလုပ်သင့်လဲ ဆိုတာကို နားလည်ပြီလား”
ကြိုးကြာဖြူဟာ တိတ်ဆိတ်သွားပါတယ်။
ဟွမ်ဇွမ်တျန်ဟာ တိုကင်ကို ပြန်သိမ်းလိုက်ပြီး တာအိုဘုံကျောင်းထဲ လှမ်းဝင်သွားပါတယ်။
ကြိုးကြာဖြူဟာ ဟွမ်ဇွမ်တျန်က ဘယ်ပုံဘယ်နည်းနဲ့ အကြီးအကဲချီလင်ရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားတယ်ဆိုတာ စဉ်းစားမရပါဘူး။ ဟွမ်ဇွမ်တျန်ရဲ့ အရည်အချင်းက တကယ်ကို သာမန်ပဲ ရှိတာပါ။
ဟွမ်ဇွမ်တျန်ဟာ တာအိုဘုံကျောင်းထဲ ရောက်တဲ့အခါမှာ ဖျာပေါ်ထိုင်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် “ဟင်း… အာဏာရဲ့ အရသာက တကယ်ကို ခံတွင်း တွေ့စရာပဲ”
ဟွမ်ဇွမ်တျန်ဟာ ကြိုးကြာဖြူရဲ့ ဖြစ်သွားတဲ့မျက်နှာကို ပြန်တွေးမိပြီး ပြုံးလိုက်ပါတယ် ‘ငါ ပိုပြီးစွမ်းအားကြီးလာမှ ငါစိတ်တိုင်းကျ လုပ်နိုင်မှာ’
ဟွမ်ဇွမ်တျန်ဟာ သူ့ကို တစ်ယောက်မှ လာမနှောင့်ယှက်ဖို့ ဆုတောင်းလိုက်ပါတယ်။ မဟုတ်ရင် ထပ်ပြီးတော့ အပေါ်ကိုတက်ဖို့ နည်းလမ်းရှာနေရအုန်းမှာပါ။ အကြီးအကဲချီလင်ရဲ့ တပည့်ဖြစ်ဖို့အတွက် ဟွမ်ဇွမ်တျန်ဟာ တော်တော်လေး ကြိုးစားအားထုတ်ခဲ့ရပြီး ဂုဏ်သိက္ခာတောင် ဆုံးရှုံးခဲ့ရပါတယ်။
ဒီအကြောင်းကို ပြန်တွေးမိတိုင်း ဟွမ်ဇွမ်တျန်ရဲ့ နှလုံးသားဟာ တဆစ်ဆစ် နာကျင်သွားပါတယ်။
ဒီလိုနဲ့ ဆယ်နှစ်ကုန်ဆုံးသွားပြီး စုချီထွက်သွားတဲ့ သက်ရောက်မှု ပျောက်ဆုံးကာ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားပါတယ်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် သင့်ရန်သူ နတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် နတ်ဆိုးမျိုးနွယ်စုမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် နတ်ဆိုးမျိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၄
[သင့်မိတ်ဆွေ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် နတ်ဆိုးမျိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၇
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ နတ်ဆိုးဧကရာဇ် ကျိန်စာတိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၃၉၈၂၉
[သင့်မိတ်ဆွေ လုံရှန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၇၆၆၁
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် နတ်ဆိုးမျိုးနွယ်စုမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
‘ဝိုး… ကြည့်ရတာ ကောင်းကင်ဧကရာဇ်က ကောင်းကင်ရုံးတော်နဲ့ ဗုဒ္ဓဂိုဏ်းကို စုစည်းပြီး နတ်ဆိုးရုံးတော်ကို သွားတိုက်ပုံပဲ’
‘သူက တာအိုအရှင်သခင်ကို ကယ်ဖို့အတွက်နဲ့ တကယ်ကြီး အကုန်ထိုက်တိုက်တာလား’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ စိတ်ဓာတ်ကို မလေးစားဘဲ မနေနိုင်ပါဘူး။
ဟန်ကျွယ်ဟာ တာအိုအရှင်သခင်က နတ်ဆိုးရုံးတော်ရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာကို နှစ်ကြိမ်တောင် တွေ့လိုက်ရတဲ့အတွက် နတ်ဆိုးဧကရာဇ်က တကယ်ရူးသွားမှန်း ခန့်မှန်းမိလိုက်ပါတယ်။
ဟန်ကျွယ်သာ တာအိုအရှင်သခင် နေရာမှာဆိုရင် ဒီလိုမျိုး ခံစားရပြီးတဲ့နောက်မှာ ရှန်နန်းတော်ကို လုံးဝပြန်မှာ မဟုတ်ပါဘူး။ ရှန်နန်းတော်က လက်စားပြန်ချေပေးရင်တော့ တစ်မျိုးပေါ့။
‘အခုနေ ငါ နတ်ဆိုးဧကရာဇ်ကို ကျိန်စာတိုက်ရင် သူတို့တွေ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်အောင် ကူညီပေးနိုင်လောက်တယ်၊ ရှန်နန်းတော်သခင်ကို ကျိန်စာတိုက်ရင်လည်း ရှန်နန်းတော်က စိတ်ပြောင်းရင်တောင် အချိန်ဆွဲထားနိုင်မှာပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာတိုက်နေတာရပ်ပြီး ရှန်နန်းတော်သခင်ကို ကျိန်စာတိုက်ပါတယ်။ တာအိုအရှင်သခင်က ကောင်းကင်ရုံးတော်ထဲ ဝင်တော့မှာ ဖြစ်နေတဲ့အတွက် ဟန်ကျွယ်ဟာ ရှန်နန်းတော် ဝင်ပါလာမှာကို လုံးဝ ခွင့်ပြုမပေးနိုင်ပါဘူး။ ဒီတိုက်ပွဲမှာ ကောင်းကင်ရုံးတော်က ဆုံးရှုံးထားတဲ့အတွက် ဘယ်နည်းနဲ့ဖြစ်ဖြစ် တာအိုအရှင်သခင်ကို ပိုင်ဆိုင်ရမှ ဖြစ်မှာပါ။
ဟန်ကျွယ်ဟာ ရှန်နန်းတော်သခင်ကို စပြီးတော့ အင်တိုက်အားတိုက် ကျိန်စာတိုက်ပါတယ်။
ဆယ်ရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သက်တမ်း တစ်ဘီလီယံခွဲ ဆုံးရှုံးသွားပါတယ်။ ဒီတော့မှ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချလိုက်ပြီး ကောင်းကင်ဧကရာဇ်အတွက် ဆုတောင်းပေးလိုက်ပါတယ်။
‘အရှင်မင်းကြီး ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပြီးပြီ၊ တာအိုအရှင်သခင်ကို မလွတ်စေနဲ့နော်’
ဟန်ကျွယ်ဟာ ဒဏ်ရာတွေကို စပြီးတော့ ကုသပါတယ်။
ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။
ကောင်းကင်ဧကရာဇ်ဟာ ပလ္လင်ပေါ်မှာ ထိုင်နေပြီး နတ်ဘုရားတွေ အင်မော်တယ်တွေဟာ ခန်းမထဲမှာ စုစည်းနေကြပါတယ်။ ဒီအထဲမှာ တာအိုအရှင်သခင်လည်း ပါပါတယ်။
ဒီအချိန်မှာ တာအိုအရှင်သခင်ရဲ့ ရောင်ဝါဟာ အားနည်းပြီး မျက်နှာကလည်း ဖျော့တော့နေပါတယ်။ တာအိုအရှင်သခင်ဟာ အရင်လိုမျိုး တက်တက်ကြွကြွမရှိဘဲ လေပြင်းတိုက်ရင် ငြိမ်းမဲ့ ဖယောင်းတိုင်လို ဖြစ်နေပါတယ်။
ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ် “ဘယ်လိုနေလဲ၊ ငါ မင်းကို ကုသပေးဖို့ လိုသေးလား”
တာအိုအရှင်သခင်က ခေါင်းခါလိုက်ပါတယ် “အရှင်မင်းကြီး ကျွန်တော်အတွက် လုပ်ပေးထားတာ လုံလောက်နေပါပြီ၊ ဒီဒဏ်ရာကို ကျွန်တော့်ဘာသာ ကုသနိုင်ပါတယ်” အဲဒီနောက် တာအိုအရှင်သခင်ဟာ ကောင်းကင်ဧကရာဇ်ကို ဦးညွှတ်ပြီး မေးလိုက်ပါတယ် “သူ ဘယ်မှာရှိနေလဲ”
ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “သူက ဂူအောင်း ကျင့်ကြံနေတုန်း၊ မင်း သူ့အကြောင်းကို သိပြီးပြီ မဟုတ်လား၊ နောက်ကျရင် ကောင်းကင်ရုံးတော်မှာနေ၊ ငါ မင်းကို အများကြီး မလုပ်ခိုင်းပါဘူး၊ ပုံမှန်ကျင့်ကြံပြီး ကောင်းကင်ရုံးတော်က မင်းကို လိုအပ်မှ လှုပ်ရှားပေးရုံပဲ”
တာအိုအရှင်သခင်ဟာ ကောင်းကင်ဧကရာဇ်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပါတယ်။
ဒီကယ်ဆယ်မှုမှာ တာအိုအရှင်သခင်ဟာ ကောင်းကင်ဧကရာဇ်နဲ့ ဟန်ကျွယ်ကို နှလုံးသားထဲကနေ ကျေးဇူးတင်သွားတာပါ။
‘ကောင်းကင်ရုံးတော်က ငါ့ကို ကယ်တင်ဖို့အတွက် အင်မော်တယ် ဘယ်နှစ်ပါးတောင် စတေးခဲ့ရလဲ၊ ဒါပေမဲ့ ရှန်နန်းတော်ကတော့ ပေါ်တောင် မလားဘူး’
တာအိုအရှင်သခင်ဟာ ရှန်နန်းတော်ကို မကျေနပ်ရာကနေ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတယ်။ တာအိုအရှင်သခင်ဘက်က ကြည့်ရင်လည်း မမှားပါဘူး။ ရှန်နန်းတော် လိုအပ်တဲ့အချိန်တုန်းက တာအိုအရှင်သခင်ဟာ ရှန်နန်းတော်အတွက် အများကြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တာအိုအရှင်သခင် ဒုက္ခရောက်တော့ ရှန်နန်းတော်က မျက်စိတ်မှိတ်နေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 326
? Views, Released on December 4, 2024